Friday, August 19, 2011

တွေ့ကုန်ပြီဟဲ့...တွေ့ကုန်ပြီ













ရပ်ကွက်ထဲမှာ မိန်းမကြီးတယောက် ကမန်းကတန်း ထလို့ အော်။ “တွေ့ကုန်
ပြီဟဲ့...တွေ့ကုန်ကြပြီတဲ့”။ ကြားရသူတိုင်း နားမလည်။ “ဘာတွေ့တာလဲဟ”
“ရွှေတွေ့တာလား ၊ မြွေတွေ့တာလား” ။ မိန်းမကြီးက အသံခပ်တိုးတိုးနဲ့ ပြန်
အော်။ “သူတို့တွေ... တွေ့ကုန်ကြပြီဟဲ့”။ သူရှင်းပြမှ ပိုရှုပ်သွား။ “ဘယ်သူတွေ
တွေ့ကုန်ကြတာတုံး” “သူခိုးတွေနဲ့ ရဲတွေ ပက်ပင်းတိုးကုန်ကြလို့လား” မိန်းမ
ကြီးအသံ ပိုတိုးသွား။ “ဟဲ့...ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ တွေ့နေကြပြီတဲ့” “ဟေ”
“အဲဒါ ဘာဖြစ်သတုံးဟဲ့”

အရေးကြီးတာက အဲဒါပါပဲ။ “ တွေ့တော့ ဘာဖြစ်သတုံး” ဆိုတာပါပဲ။ ဆက်ပြီး
နားဆင်ကြည့်ကြရအောင်ပါ။ “ဟဲ့..မတွေ့တာထက် တွေ့တာက ထူးတော့တာ
ပေါ့ဟဲ့” “တွေ့တာထူးတာတော့ ဟုတ်ပါပြီ။ ဘာထူးလို့လဲ” “ အဲဒါတော့ ငါလည်း
ဘယ်သိမလဲဟဲ့ ၊ ရုပ်မြင်သံကြားက တွေ့တယ်လို့ပဲ ပြောတာကိုး” ဇတ်လမ်းက
ဒီမှာတင် တခန်းရပ်ပါတယ်။ တွေ့ကြတာကိုတော့ သိတယ်။ တွေ့ပြီး ဘာဖြစ်
ကြတယ် မသိရ။ အခြေအနေက စိတ်ဝင်စားမယ်ဆိုရင် စိတ်ဝင်စားစရာပါ။

စိတ်ဝင်စားရင် ဆက်ပြီးနားဆင်ကြည့်ရအောင်။ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ
ရုပ်မြင်သံကြားရှေ့မှာ ခေါင်းချင်းဆိုင်နေကြ။ “ ဟဲ့..ဒေါ်စုရင်ဘတ်က ဘာကြိုး
ကြီးလဲဟဲ့ ၊ နဲတဲ့ဆွဲကြိုးကြီး မဟုတ်ပါလား” “ ဦးသိန်းစိန်က ဆုချလိုက်တာများ
လား” “ဘယ်လိုဖြစ်လို့ နှစ်ယောက်သား ခပ်တည်တည်ကြီး လုပ်နေကြတာလဲ”
“အတည်အတန့်တွေ ပြောနေကြလို့ နေမှာပေါ့ဟ” “နောက်လားပြောင်လား
လုပ်နေရမယ့် အချိန်မှ မဟုတ်တာ နင်ကလည်း” “ဒေါ်စုတို့ကတော့ ဗေဒါ
ရောင်က မလျှော့ဘူးဟေ့။ ပညာပါလိုက်ပုံများ”

“ဟဲ့..အနောက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကြီး မဟုတ်လား”
“ဒေါ်စုက လက်ကို ရှေ့မှာထား ။ ဦးသိန်းစိန်က လက်ကြီးနောက်ပစ်လို့”
“ဘာသဘောလဲဟ” “ဘယ်သိမှာတုံး ၊ လက်ပဲ ကိုယ်ထားချင်ရာ ထားမှာပေါ့”
“နိုင်ငံရေးမှာ အထာရှိတယ်ဟ ၊ နင်က ဘာသိလို့တုံး” “မပြုံးကြဘူး ဆိုကတည်း
က အဆင်မပြေဘူးဆိုတဲ့သဘောပဲ” “ တခေါက်ထဲနဲ့ ဘယ်လိုလုပ် အဆင်ပြေ
မှာတုံးဟ” “အခုဟာက သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ကြတာ ဆိုပဲ”

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်က အသက်နှစ်လပဲ ကွာကြတဲ့သူတွေပါ။
၁၉၄၅တနှစ်ထဲမှာ ဖွါးကြပါတယ်။ ဦးသိန်းစိန်က ၂လကြီးပါတယ်။ သင်္ကြန်အပြီး
ဧပြီ ၂၀မှာမွေးတာပါ။ ဒေါ်စုကတော့ ဇွန် ၁၉ ရက်မှာမွေးပါတယ်။ သူတို့နဲ့ တနှစ်
ထဲ မွေးကြသူတွေကတော့ ဂျမေကာက အဆိုတော် ဘော့ပ်မာလေး။ ဗြိတိန်က
အဆိုတော် အဲရစ်ခ် ကလက်ပ်တန်နဲ့ ရော့စတီးဝပ်တို့ပါပဲ။ ဆရာစိန်နဲ့ ဒေါ်စုတို့
အဆို ကောင်း မကောင်းတော့ မသိရသေးပါ။

၁၉၄၅ခုနှစ်မှာ မွေးဖွါးသူတွေဟာ အလေးအနက် စဉ်းစားတတ်သူ။ ပါရမီရင့်
သန်သူ။ အလုပ်တခုကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်စွမ်းသူ။ လုပ်ငန်းအောင်
မြင်မှု မရှိတဲ့အခါ အကြီးအကျယ်စိတ်ပျက်သူ။ လူမှုဆက်ဆံရေးမှာ နားလည်
ရခက်သူ။ ကိုယ်ထင်တာပဲ မှန်တယ်လို့ ထင်တတ်သူ။ ပြောရဲဆိုရဲ ရှိသူ။ စိတ်
အခြေအနေဟာ အစွန်း တဘက်ဆီမှာ အမြဲရှိနေတတ်သူ။ အလွန်အမင်း
ရဲရင့်သူ။ အတ္တကြီးသူ။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိသူ စတဲ့ စရိုက်
လက္ခဏာတွေ ရှိတတ်တဲ့ သူတွေလို့ တရုတ်ရိုးရာ ဗေဒင်က ဆိုပါတယ်။
ဆရာစိန်နဲ့ဒေါ်စုတို့က တရုတ်ပြက္ခဒိန်အရ “ ကြက်နှစ် ” ဖွါးတွေပါ။

မြန်မာ့နိုင်ငံရေးမှာ အသံအကျယ်ဆုံး ကြားနေရတာက “တွေ့ဆုံဆွေးနွေး
ရေး” နဲ့ “ဒို့တာဝန် အရေးသုံးပါး”ပါ။ ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်း
ဆောင်တွေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဖူးပါတယ်။ တွေ့မထူးပါ။ ဦးသိန်း
စိန်နဲ့တော့ အခုမှ တွေ့ဖူးတယ်လို့ ဆိုတယ်။ လိုနေတာက “တွေ့မထူး” နိုင်ငံ
ရေး အဆင့်ကနေ “ အတွေ့ထူး” နိုင်ငံရေး အဆင့်ကို ရောက်ဖို့ပါပဲ။ အတွေ့
ထူးရင်တော့ လူတွေ မြူးတတ်ကြပါတယ်။

ရပ်ကွက်ထဲမှာတော့ “တွေ့ကုန်ပြီဟဲ့..တွေ့ကုန်ကြပြီဟဲ့” ဆိုတဲ့..အသံတွေ
ထွက်နေတုန်းပါပဲ။ အတွေ့ထူးရင်တော့။ “အတွေ့ထူး၍ မြူးကြသည်” ဆိုတဲ့
ဇတ်လမ်းတပုဒ်ကို ဆက်၍ ရေးရလိမ့်ဦးမည် ဆိုတဲ့အကြောင်း။

(ရုပ်ပုံ၊ မြန်မာ့ရုပ်သံ)

2 comments:

သက်ဝေ said...

သုံးသပ်ချက်ကိုတော့ သိပ်ကြိုက်သွားပြီ...
နောက်ဆက်တွဲတွေ မျှော်နေမယ်...း))

သတိ said...

အားလုံးသတိ

ဟားဟား.. ရှယ်ပါလားဗျို့.. ဒီလောက်ဘလော့လည်တဲ့ ကျွန်တော်သတိ ဒီနေရာဘာလို့ ခုမှသိရပါလိမ့်.. သဘောကျသဗျာ.. ရေးပုံရော.. မြင်ပုံရော.. တင်ပုံ (တင်ပြပုံပြောပါတယ်..)ရော.. ဟားဟား..

အားလုံးသက်သာ
မောင်သတိ