Wednesday, August 31, 2011

عيد مبارك















ရမ်မဒန် ဥပုတ်လပြီးသွားလို့ အာရေဗျလို “အစ် မူဘာရက်” عيد مبارك လို့
နှုတ်ဆက်လိုက်တာပါ။ မူဆလင်ကမ္ဘာမှာ ဒီနှစ်ဥပုတ်လက တခြားနှစ်တွေ
ထက် ပိုပြီးထူးခြားတယ်လို့ ဆိုရမယ်။ တူနီးရှားက စတဲ့ အာဏာရှင်ဆန့်ကျင်
ရေး လှိုင်းလုံးကြီး မူဆလင်ကမ္ဘာကို ဖုံးလွှမ်းခဲ့တယ်။ အီဂျစ်တော်လှန်ရေး
အောင်ပွဲခံခဲ့တယ်။ ဘင်လာဒင် အသတ်ခံခဲ့ရတယ်။ ကဒါဖီ ထွက်ပြေးနေရပြီ။

ထရီပိုလီမြို့တော်ကို သူပုန်တွေ သိမ်းထားပြီ။ ဆီးရီးယားမှာ လူထုတိုက်ပွဲ
အပြင်းအထန် နွှဲနေတယ်။ အခုအချိန်ဟာ မူဆလင်ကမ္ဘာက အာဏာရှင်တွေ
ဘုရားကို အထူး “တ” နေရတဲ့ အချိန်အခါဖြစ်တယ်။ မူဆလင်ကမ္ဘာတင်မက
နိုင်ငံတကာက အာဏာရှင်တွေပါ ယုံကြည်ရာ ဘုရားတွေကို “တ”နေကြလိမ့်
မယ်။ “တ”လည်း “တ”လောက်တဲ့ အဖြစ်အပျက်တွေက ကမ္ဘာမှာရှိနေတာကိုး။

ဒီနှစ်ဥပုတ်လ ဘယ်လိုလဲလို့ မိတ်ဆွေ မူဆလင်တဦးကို မေးကြည့်တယ်။
သူရော သူမိသားစုရော သူ့မိတ်ဆွေအသိုင်းအ၀ိုင်းမှာရော ဒီနှစ် ရမ်မဒန်ကို
အထူးအာရုံစိုက်ပြီး တရားမှာ အာရုံပြုကြသတဲ့။ မူဆလင်ကမ္ဘာက သွေး
ထွက်သံယိုမှုတွေ။ အကြမ်းဘက်မှုတွေ။ မတရားမှုတွေကို ငြိမ်းအေးစေဖို့
အထူးဆုတောင်းမှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ သူ့ကို အခုလိုမေးလို့
ကျေးဇူးတင်တယ်ဆိုပြီး မိတ်ဆွေ မူဆလင်လူငယ် မျက်ရည်ဝဲပါတယ်။

သူက တူနီးရှားကပါ။ အနုပညာသမား။ အပြောအဆို အနေအထိုင် ကိုယ့်
ထက် နူးညံ့ပါတယ်။ မေတ္တာတရားလည်း ကိုယ့်ထက် ပိုပါတယ်။ မင်းတို့မြန်
မာပြည်အတွက်လည်း ဆုတွေတောင်းပေးခဲ့တယ်။ သူ့မိတ်ဆွေတွေကိုလည်း
မြန်မာပြည် အဆင်ပြေရေး ဆုတောင်းပေးဖို့ လှုံ့ဆော်ခဲ့ပါသတဲ့။ အဲဒါကို တုံ့
ပြန်တဲ့အနေနဲ့ ဒီစာကို ရေးတာပါ။

ယုံကြည်ရာ ဘာသာတွေ ဘယ်လိုကွဲကွဲ။ အာဏာရှင်ဟာ အာဏာရှင်ပဲ။
ကိုယ့်ပြည်သူတွေကို ရက်စက်တာကတော့ အတူတူပဲ။ ဘာသာတရားမှာ
ဘယ်လိုပဲ ဆုံးမ ဆုံးမ။ တရားနဲ့အညီ မနေရင် လောကကြီး မငြိမ်းချမ်းဘူး
လို့ ဥပုတ်ထွက်ခါစ မိတ်ဆွေက သံဝေဂသံနဲ့ ပြောပါတယ်။ မင်းတို့ကမ္ဘာမှာ
ပွဲတွေကြမ်းနေပေမဲ့ အဖြေက ထွက်တယ်ကွ။ ငါတို့ဆီမှာက အခုချိန်ထိ ခြေ
မကိုင်မိ လက်မကိုင်မိ ယောင်ဝါးဝါးဖြစ်တုန်းပဲလို့ နှစ်သိမ့်တာလိုလို ညည်း
ငြူတာလိုလိုနဲ့ သူ့ကို တုံ့ပြန်မိပါတယ်။

မူဆလင်ဆိုလို့ မြန်မာပြည်မှာလည်း မူဆလင်ကိစ္စက ပြဿနာတခုပါ။ အထူး
သဖြင့် ရခိုင်နယ်က ရိုဟင်ဂျာကိစ္စ။ လွှတ်တော်ထဲမှာတော့ ဒီကိစ္စပြောသံဆိုသံ
မကြားသေးဘူး။ မူဆလင်လည်း လူပဲ ဆိုပေမဲ့ လူအချင်းချင်းတက်နေကြတဲ့
ပြဿနာတွေအထဲမှာ ဘာသာစွဲနဲ့ ရှင်းနေကြတာကလည်း တဒုက္ခ။ မငြိမ်းချမ်း
နိုင်ဘူး။ ဘာသာရေးဆိုင်ရာ ပြဿနာဆိုတာ အစဉ်အလာကမ္ဘာ့ပြဿနာကြီး
တခု။ လူတွေအားလုံး ဘာသာရေးတွေကို စွန့်လွှတ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်။
တကယ်တော့ လူတွေအရင်က ဘာသာရေးရှိခဲ့ကြတာ မဟုတ်ပါဘူး။ ထားပါ
တော့။

မူဆလင်ကမ္ဘာမှာ ဥပုတ်လတောင် မရှောင် ပစ်ကြခပ်ကြ။ သတ်ကြ ဖြတ်ကြ။
သေကြ ကြေကြ။ မငြိမ်းချမ်းနိုင်ဘူး။ ပလီထဲ ဘုရားဝပ်ပြုနေတုန်း အသေခံပြီး
ဗုံးဝင်ခွဲတဲ့သူကလည်း ရှိသေး။ အဲဒါက အီရတ်မှာ။ ပလီမှာ ၀တ်ပြုပြီး ပြန်အထွက်
လမ်းမပေါ်အရောက် သေနပ်တွေနဲ့အပစ်ခံရတာကလည်း ရှိသေး။ အဲဒါက ဆီး
ရီးယားမှာ။ ဥပုတ်အထွက် ရှီအာမူဆလင်တွေရဲ့ပလီကို ဆွန်နီမူဆလင်က ဗုံးခွဲ
လိုခွဲ။ အဲဒါက ပါကစ္စတန်မှာ။ ရက်စက်လှချေလား။ လူတွေဟာ တယောက်နဲ့
တယောက် သတ်ချင် ဖြတ်ချင်နေကြတယ်။ သတ်နေ ဖြတ်နေကြတယ်။ ရက်စက်
ခြင်းတရားကို ဘယ်ဘုရားက ဖန်ဆင်းခဲ့တာလဲ။ عيد مبارك “အစ် မူဘာရက်”

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, August 29, 2011

မန္တလေး လမ်းခွဲ













မနေ့ညက မန္တလေးသားနဲ့ ရန်ဖြစ်တယ်။ ထိုးကြ၊ သတ်ကြ၊ နပန်းလုံးကြတဲ့
အဆင့်အထိ ရောက်တယ်။ အွန်လိုင်းမှာ ရန်ဖြစ်ကြတာ။ စကားများကြရင်း
“ခွပ်” ဆိုပြီး သူက ရေးပါတယ်။ “ဘာခွပ်လဲဟ”လို့ ပြောတော့။ မင်းကိုငါ ထိုး
လိုက်တာတဲ့။ မျက်ခွက် တည့်တည့်ပဲတဲ့။ အဲဒီတော့မှ တိုက်ပွဲက တရားဝင်
စတင်ပါတယ်။ ကိုယ့်ဘက်က “၀ှီး....ဒေါက်” လို့ပြန်ရေးလိုက်တယ်။ “ဘာ
ဖြစ်တာလဲ”လို့ ဆိုတယ်။ ငါ့ကွန်ပြူတာဘေးက ဘီယာပုလင်းခွံနဲ့ နင့်ကို
လှမ်းပေါက်တာ နဖူးကွဲသွားပြီမဟုတ်လားလို့ ပြောပါတယ်။

တဘက်နဲ့တဘက် သည်းကြီးမဲကြီး တိုက်ခိုက်ကြရင်း အွန်လိုင်းရန်ပွဲဟာ
တဖြေးဖြေး ပြင်းထန်လာပါတယ်။ နောက်ဆုံး သူက “ရှီး...၀ုန်းဝုန်းဝုန်း”
“ဟေးဟေးဟေး” လို့ လုပ်ပါတယ်။ မှတ်ပလား မှတ်ပလားလို့လည်း ဆိုပါ
တယ်။ ဘာမှတ်ရမှာတုံးဆိုတော့ နင့်အိမ်ကို ငါမီးရှို့လိုက်ပြီလေလို့ ပြောပါ
တယ်။ ကိုယ့်ဘက်က တဘက်သတ် အပစ်အခပ်ရပ်စဲပြီး အိပ်ရာဝင်ခဲ့ရပါ
တယ်။ မဟုတ်ရင် တိုက်ပွဲက မိုးလင်းမယ်။

ပြောချင်တာက တိုက်ပွဲကိစ္စ မဟုတ်ပါ။ မန္တလေးကိစ္စ ဖြစ်ပါတယ်။ မန္တလေး
သူ မန္တလေးသား အားလုံးကို မဆိုလိုပါ။ ဒါပေမဲ့ ကိုယ်နဲ့သိတဲ့ မန္တလေးသား
အားလုံးလိုလိုကို ဆိုလိုပါတယ်။ ဘာကို ဆိုလိုတာလဲ။ ရှင်းပြပါ့မယ်။ မန္တလေး
သားတွေ ဒေသစွဲသိပ်ကြီးကြတယ်။ မြို့စွဲသိပ်ကြီးကြတယ်။ အဲဒါဘာဖြစ်
သတုံး။ သူသူ ငါငါ ကိုယ့်ဒေသ ကိုယ်စွဲကြတာ မဟုတ်လားလို့ မေးကြလိမ့်
မယ်။ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ မန္တလေးသားများက တမူးဖိုး ပိုရှူချင်
ကြတယ်။ “ဘူ” အချင်းချင်း “တစ်” လုပ်ချင်ကြတယ်။ (ကိုယ်နဲ့ သိတဲ့သူတွေ
ကိုပဲ ပြောနေတာပါ) ဒေသစွဲ မရှိသူ မန္တလေးသားများလည်း ရှိကောင်းရှိနိုင်ပါရဲ့။

မနေ့ညက ရန်ဖြစ်တဲ့အကောင်က တကယ်တော့ မန္တလေးမှာ မွေးတဲ့ကောင်
မဟုတ်ဘူး။ ရန်ကုန်မှာမွေးပြီး မိဘတွေ အလုပ်ပြောင်းလို့ မန္တလေးရောက်သွား
တာ။ သူ့ကိုယ်သူတော့ မန္တလေးသားတဲ့။ မန္တလေးတက္ကသိုလ်က ဆင်းလို့တဲ့။
မန္တလေးမှာ ကြီးပြင်းလို့တဲ့။ နယူးယော့ခ်မှာ နေသူကို နယူးယော့ကာလို့ ခေါ်
သလိုပဲတဲ့။ ပြောပုံက။ အာရုံခံစားမှု၊ မျိုးချစ်စိတ်၊ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုအရာမှာ
မန္တလေးသားတွေကို ဘယ်သူမှ မမီဘူးလို့လည်း ဆိုသေးတယ်။

ထားပါ။ ကိုယ်လည်း မန္တလေးမှာ နေဖူးပါတယ်။ မန္တလေးရဲ့တန်ဘိုးကို သိပါ
တယ်။ ဒါပေမဲ့ မန္တလေးသားမို့ ပိုတော်တယ်လို့တော့ လာမလုပ်ပါနဲ့။ မြို့မငြိမ်း
တို့၊ ဦးရာဇတ်တို့၊ အရီးတောင်းဦးကျော်သိန်းတို့၊ ပါပါလေးတို့၊ ကိုဘဟိန်းတို့၊
ကျားဘညိမ်းတို့။ လူထုဒေါ်အမာ၊နဂါးဒေါ်ဦး။ လေဘာတီ မမြရင်တို့ သူ့ဟာနဲ့
သူ အရေးပါကြတာ သဘောပေါက်ပါတယ်။ တန်ဘိုးလည်း ထားပါတယ်။
မန္တလေးသားတွေ တော်တာ၊ ထက်တာ ရာဇ၀င်အစဉ်အလာအရ ရေခံမြေခံ
ကောင်းလို့၊ နန်းတော်ကြီးနဲ့ နီးလို့ဆိုပြီး အစွဲတကြီးနဲ့ပြောတာတော့ လက်မခံ
ပါဘူး။

မင်းတို့တွေ သိပ်တော်လွန်းလို့ပဲ တရုတ်တွေ သွားကြားထိုးရင်း မန္တလေးကို
ဝင်သိမ်းခဲ့တာ မဟုတ်လားလို့ ဟိုအကောင့်ကို “ခနဲ့” ပါတယ်။ သူ့ညီမက
မန္တလေးမှာ တရုတ်စာသင်နေတယ်ဆိုလို့ “မင်းညီမရော မှန်နန်းရာဇ၀င်ကို
တရုတ်လို ဘာသာမပြန်သေးဘူးလားလို့” နောက်ပါတယ်။ တကယ်တော့
သူညီမက မကြာခင်မှာပဲ တရုတ်တဦးနဲ့ မင်္ဂလာဆောင်တော့မှာပါ။ အဲဒီမှာ
ဒီအကောင် “ယမ်းပုံ မီးကျ” ဖြစ်ပြီး အွန်လိုင်းကနေ လှမ်းထိုးတော့တာပါပဲ။

မန္တလေးသားတွေက မညံ့ရုံမက။ တခြားဒေသကလူတွေထက် ပိုတော်
တယ်ဆိုတာရော။ အခုလည်း သူက ကိုယ့်ထက် ၀င်ငွေကောင်းပြီး။ သူ့
မိန်းမက ကိုယ့်မိန်းမထက် ပိုချောတယ်ဆိုတာရော။ နိုင်ငံခြားကို သူက
အရင်ရောက်တယ်ဆိုတာရော။ သူ့ဦးလေးက လွှတ်တော်ထဲမှာရှိတယ်
ဆိုတာရော။ မန္တလေးသူမန္တလေးသားတွေကို မထိနဲ့ဆိုတာရော။ မန္တလေး
သားက ပိုမြင့်မြတ်တယ်ဆိုတာရော ဒီကောင် မူးမူးနဲ့လျှောက်ပြောနေပုံရ
ပါတယ်။ သူက သြစတေးလျှမှာ။ သူ့ဆီက နေ့။ ကိုယ့်မှာ ည။

ရှုပ်တယ်ကွာ။ မြန်မာပြည် ဒီမိုကရေစီရရင် မင်းတို့မန္တလေးကို သီးခြားခွဲ
ထွက်ခွင့်ပေးမယ်လို့ ပြောတော့။ သိပ်ကောင်းတာပေါ့။ မင်းတို့မပေးလဲ
ငါတို့က တနိုင်ငံထူထောင်ဖို့ အစီအစဉ်ရှိသတဲ့။ ကဲ...အဲဒါ မန္တလေးသား
ပါပဲ။ ပြည်ထောင်စုကနေတောင် ခွဲထွက်ချင်ပါသတဲ့။ ဒီလိုကောင်တွေ
ခပ်များများ မန္တလေးမှာရှိနေရင် ခွဲထွက်ခွင့်ပေးလိုက်တာ မကောင်းဘူး
လားဗျာ။

ဒီနေ့မနက်စောစော အမျိုးသမီးဆီ ဒီကောင်ဖုန်းဆက်ပြီး နောက်ထားသေး
တယ်။ နင့်ယောက်ျား မထနိုင်သေးဘူး မဟုတ်လားတဲ့။ ညက နင့်ယောက်ျား
ကို မှတ်လောက်အောင် ဆုံးမထားလို့ တော်တော်နဲ့ ထနိုင်ဦးမှာ မဟုတ်ဘူးတဲ့။
အင်း....မန္တလေးကို ခွဲထွက်ခွင့်ပေးရေး လွှတ်တော်မှာ အဆိုတင်သွင်းဦးမှပါပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, August 27, 2011

အသေဇတ်လမ်း












အားလုံး ပြောင်းလဲနေတယ်။ ပြောင်းလဲမှုဆိုတာ ဘာမှ မဆန်းဘူး။ ဒါပေမဲ့
အရှေ့နဲ့အနောက် ဆန့်ကျင်ဘက်ကြီး ပြောင်းလဲသွားတာမျိုးကတော့
“ဆန်းတန်းတန်း”လို့ ဆိုရမယ်။ စကားပြောဆိုတဲ့ အသုံးအနှုန်းတွေပြောင်း
လဲနေတာကို ရေးချင်တာပါ။ ဆိုပါတော့။ အရင်က “သိပ်ကောင်းတယ်”ဆို
တာကို “မိုက်တယ်”လို့ ပြောင်းပြီးသုံးလာခဲ့တုန်းက လူကြီးတွေ အော်ခဲ့ကြ
ဖူးတယ်။ မိုက်တဲ့ဟာက ကောင်းရမလားဟဲ့ ပေါ့။

အခုလည်း “အသေ” ကိစ္စကို သတိထားမိနေတာ ကြာပြီ။ တစုံတယောက်ရဲ့
ဘလော့ဂ်မှာ မှတ်ချက်ပေးသူတဦးက “အသေကြိုက်တယ်” လို့ ရေးထား
တာကို အခုပဲတွေ့လိုက်လို့ ဒီစာကို ရေးဖြစ်သွားတာ။ ဒီအဆိုတော်ကို
ကျမက “အသေစွဲနေပြီ” ။ ဒီမင်းသမီးကို ကျနော်က“အသေခိုက်နေပြီ” ။
ဒီကလေးမ “အသေလှတယ်” စသဖြင့် သုံးနှုန်းနေကြတာကြာပြီ။ လူသေ
ကောင်ကြီးကို ကြိုက်နေကြတာ မဟုတ်ဘူး။ ဒီကောင်ပြေးတာ “အသေမြန်
တယ်” ။ စာသင်နေတုန်း “အသေငိုက်တယ်” ဆိုတာတွေကလည်း သေဆုံး
ခြင်းကိုပြောနေတာ မဟုတ်ဘူးဆိုတာ လူတိုင်း ဓါတ်ပေါက်တယ်။

ခံစားချက် ပြင်းထန်တာကို တင်စားပြီး ပြောတဲ့စကားပါ။ သေလောက်မတတ်
ခံစားရတာကို ပြောချင်တာပါ။ တခြားဘာသာစကားတွေမှာလည်း သေတဲ့
အသုံးအနှုန်းကို ဒီလိုပဲ သုံးတာတွေ ရှိပါတယ်။ သေတယ်ဆိုတာ မကောင်းဘူး
ဒါပေမဲ့ “အသေလှတယ်” ဆိုတာက “သိပ်ကောင်းတယ်” ဆိုတဲ့သဘော။ ဆန့်
ကျင်ဘက်နှစ်ခုကို ရောပြီးပြောတော့ တချက်ထဲ စွဲသွားနိုင်တာပေါ့။ ပြုံးပြုံးလေး
သေနေတာကိုလည်း အသေလှတယ်လို့ ဆိုပြန်တယ်။ အသေစောလို့ နှမျောမိ
ဆိုတာလည်း ရှိသေးတယ်။

“အသေဆိုးတယ်”ဆိုတာကလည်း ကားအကြိတ်ခံရလို့ သေတာမျိုးကို ပြော
သလိုပဲ။ နင့်သားကတော့ “အသေဆိုးတယ်ဟာ” ဆိုတာမျိုး သိပ်ဆိုးလွန်းတဲ့
ကလေးကိုလည်း အသေနဲ့ တင်စားပြီး ပြောတတ်ပြန်တယ်။ “အသေဖြောင့်ဖို့
လိုတယ်” “အသေသတ်တယ်” ဆိုတဲ့ စကားတွေကတော့ အခုပြောနေတဲ့
အသေနဲ့ မဆိုင်ဘူးဆိုတာလည်း စောဖေတို့တတွေ နောကြေနေလောက်ပါပြီ။

“အသေ” သုံးနှုန်းတဲ့ကိစ္စ လူကြီးတွေ သတိပေးပြောဆိုသံ မကြားမိဘူး။ တား
မရလို့ လွှတ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက တားလို့ မရနိုင်ဘူးလေ။
ပြောမှ ပိုဆိုးလာနိုင်တာကိုး။ လူကြီးတွေရှေ့မှာ။ ရုံးတွေကျောင်းတွေမှာ။ လေး
စားလောက်တဲ့လူတွေရှေ့မှာ “အသေ”ဆိုတာကြီး မပြောကောင်းဘူးကွဲ့လို့
ကိုယ့်ကလေးကိုယ် မှတ်လောက်အောင် သတိပေးထားရုံပဲ ရှိမယ်။ ဥပဒေထုတ်
လို့ မဖြစ်တဲ့ကိစ္စ။ ဒီလောက်ပဲ ရနိုင်လိမ့်မယ်။

လူကြီးမင်းများခင်ဗျား။ လူတကာ သိပြီးသားကိစ္စကို မလိုအပ်ပဲ “အသေရစ်ပြီး”
ရေးနေတဲ့စာ ဒီမှပဲ ရပ်ပါတော့မယ်။ မိတ်ဆွေများလည်း အသေကျန်းမာကြစေဖို့နဲ့
အသေကံကောင်းကြစေဖို့ ဒီနေရာကနေ အသေဆန္ဒပြုလိုက်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, August 26, 2011

အပြုသဘောလေးနဲ့ ရေးတဲ့စာ



















မိတ်ဆွေတယောက်က ပြောလာတယ်။ ရန်ကုန်မှာ အခုတလော ခေတ်စား
နေတဲ့ စကားတခုက “အပြုသဘော ဆောင်ရဲ့လား”ဆိုတာပဲတဲ့။ သေချာ
တာပေါ့။ ဒီစကားက နိုင်ငံရေးဇတ်ခုံက ဆင်းလာတဲ့စကား။ လူထုကြားထဲ
ရောက်လာပြီ။ နောက်သလို ပြောင်သလို၊ ထေ့သလို ငေါ့သလိုပြောတဲ့စကား
တခု ဖြစ်လာနေပြီ။ မြန်မာ့နိုင်ငံရေးအခြေအနေက အဲသလို လူအများအကြား
နောက်စရာ ပြောင်စရာ ကောင်းနေပြီ်လား။

ဆိုပါတော့။ သူငယ်ချင်းနှစ်ယောက် လမ်းထိပ်မှာ တွေ့ကြတယ်။ “ဒီနေ့ မင်းကို
ငါ လက်ဘက်ရည်တိုက်မယ်” ။ “ဟာ အပြုသဘောဆောင်နေပါလား။ ဒီလိုဆို
သောက်ပေးရမှာပေါ့” ။ “နေစမ်းပါဦး...မင်းကောင်မလေးရော အခုတလော
အပြုသဘောဆောင်ရဲ့လား” ။ စကားက အဲသလို တွင်ကျယ်နေတာတဲ့။

သိတဲ့အတိုင်းပဲ။ အပြုသဘောဆောင်တယ်ဆိုတာ ကောင်းတဲ့ကိစ္စ။ တဘက်နဲ့
တဘက် ပြေလည်ရေးကို ရှေ့ရှုပြီး ကမ်းလှမ်းတဲ့ကိစ္စ။ ရန်ဆောင်မယ့်လမ်းကို
မရွေး။ ပြေလည်မယ့်လမ်းကို ရွေးတဲ့ ခြေလှမ်း။ အလုပ်ဖြစ်ရေး ကမ်းလှမ်းတဲ့
လှုပ်ရှားမှု။ စွန့်စားမှုတွေပါတဲ့ လုပ်ရပ်။ အမျှော်အမြင်နဲ့ရွှေ့တဲ့ အကွက်။ အများ
အကျိုးကို ကြည့်တဲ့သဘော။ တင်းမာမှုကို ရှောင်တဲ့သဘော။ အခုတော့ နောက်
စရာ စကားလုံး ဖြစ်နေပြီ။

နောက်ဆရာပဲ ဖြစ်ဖြစ်။ ရှေ့ဆရာပဲ ဖြစ်ဖြစ်။ ဒီစကား လူအများကြား ရေပန်းစား
နေတာကလည်း တမျိုးကောင်းတယ်လို့ ဆိုရမယ်။ နိုင်ငံရေးလောကသားတွေ
ဒီစကားကို ခပ်ပေါပေါ၊ ခပ်ပေါ့ပေါ့ မသုံးရဲတော့ဘူးပေါ့။ အလွယ်တကူပြောနေရင်
လူတွေ ရယ်ကြတော့မယ်။ နောက်ကြတော့မယ်။ အနည်းဆုံး ပြုံးကြတော့မယ်။

နိုင်ငံတော်သမ္မတကြီးက သူ့ရဲ့ မိန့်ခွန်းထဲမှာပဲ ဖြစ်ဖြစ်။ သတင်းစာထဲထည့်တဲ့
သူ့ရဲ့ကြေညာချက်ထဲမှာပဲ ဖြစ်ဖြစ်။ “နိုင်ငံတော်အစိုးရဘက်က အပြုသဘော
နဲ့ အခုလိုစီစဉ်ခဲ့ပါတယ်” လို့သာပါကြည့်။ လူတွေ သဘောကျတော့မယ်။ ဒေါ်စု
တို့ဘက်ကလည်း “အပြုသဘောနဲ့ တုံ့ပြန်လိုက်ပါတယ်” ဆိုတာမျိုး သုံးကြည့်။
လူတွေ ပြုံးကြတော့မယ်။

တကယ်တော့ အပြုသဘောဆိုတဲ့ စကားက လူကြားအောင် ထုတ်ပြောရမယ့်
စကား မဟုတ်ဘူး။ ကိုယ်လုပ်တာကို လူတွေမြင်အောင် သိအောင် ကြေညာချက်
ထဲ ထုတ်ရေးရမယ့်စကား မဟုတ်ဘူး။ “ကျနော်ကျမတို့က ဒီအစည်းအဝေးကို
တက်ဖို့ အပြုသဘောနဲ့ဆုံးဖြတ်ခဲ့ပါတယ်” ဆိုတာက မလိုအပ်ပဲ အပြုသဘော
ဆိုတာကြီးကို ထုတ်ပြောပြနေသလိုပဲ။ အကွက်နဲ့ ဆက်ဆံတယ်ဆိုတဲ့သဘော
လားလို့ တဘက်က ယူဆသွားနိုင်တယ်။

အဲဒီအပြုသဘောဆိုတာကြီးကို လူသိရှင်ကြားထုတ်ပြော။ ထုတ်ရေးကြပြီးကာမှ
တကယ်တမ်းမှာ အပြုသဘော မဟုတ်ပဲ။ အကွက်သဘောနဲ့ ထောင်ချောက်ဆင်
ကမ်းလှမ်းတာမျိုးတွေ ဖြစ်ဖြစ်နေလို့ ဒီစကားကို လူတွေစိတ်ပျက်နေကြတာလည်း
ဖြစ်နိုင်တယ်။ ငါးမျှားချိတ်မှာ တီကောင်တတ်ထားတာကို အပြုသဘောနဲ့ ငါးကို
အစာကြွေးတယ်လို့ လာမပြောနဲ့။ ကြွက်ထောင်ချောက်မှာ တတ်ထားတဲ့ ကိတ်
မှုန့်က အပြုသဘောလုပ်ရပ် မဟုတ်ဘူး။ နှစ်ကောင်ရိုက်ဖို့အတွက် တကောင်
ကြွေးတာကို အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်လို့ လာမပြောနဲ့။ လူတွေက
ပြန်နောက်ကြလိမ့်မယ်။ ဟားကြလိမ့်မယ်။

အမှန်တကယ်အပြုသဘောဆောင်တဲ့ လူ့အဖွဲ့အစည်း မြန်မာတွေကြားမှာဖြစ်
ပေါ်ရေးဆိုတာ လွယ်တာမဟုတ်ဘူး။ နှစ်ပေါင်းများစွာ အကြိတ်အခဲတွေနဲ့။
အမှတ်အတေးတွေနဲ့။ နာကျင်မှုတွေနဲ့။ ခါးသီးမှုတွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်း
ကို တည်ဆောက်ထားမိနေပြီ။ ဒီလိုအချိန်မှာ စကားလုံးလှလှကို ပြောင်လက်
နေအောင် ဆီသုတ်ပြီး အရသာ လာမခံကြနဲ့တော့။ အပြုသဘောဆောင်တယ်
ဆိုတဲ့စကားကို “အပြုသဘော မဆောင်ဘူး”လို့ လူတွေက နားလည်ထားကြပြီ။
အဲဒီတော့ဘယ်လို လုပ်ကြမတုံး။

စေတနာ တကယ်မပါပဲ ဘာမှ မလုပ်ကြနဲ့။ တောင်ရွှီး မြောက်ရွှီး။ လေဖမ်း ဒန်းစီး
နိုင်ငံရေးတွေ ရပ်ကြပါ။ ရင်ထဲမှာ တကယ်ရှိတဲ့ စကားကိုပဲ ထုတ်ပြောကြပါ။ မီဒီ
ယာမှာ အင်တာဗျူးပါရင် ငါ့နိုင်ငံရေး အတော်ဟုတ်နေပြီလို့ ထင်တာတွေ ရပ်ကြပါ။
မလိုအပ်ပဲ အပေါ်ယံ လူကြားကောင်းမယ့် စကားလုံးဆီသုတ်အတွေးအခေါ်တွေ
နားကြပါတော့လို့ အပြုသဘောဆောင်ပြီး တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, August 25, 2011

အိမ်နားက ကျောက်ရုပ်















ဒီလူကြီးက သေသွားပြီ။ အသတ်ခံရတာ။ မသေခင် နိုဘလ်ငြိမ်းချမ်းရေးဆုလည်း
ရသွားသေးတယ်။ ဆုက သူ့အတွက် သိပ်အရေးမကြီးဘူး။ လူဖြူနဲ့လူမည်း တန်းတူ
အခွင့်အရေး ရဖို့က အရေးကြီးတယ်။ ဒီအခွင့်အရေးရဖို့ အသက်စွန့်သွားခဲ့ရတယ်။
အခွင့်အရေးဆိုတာ သူများတွေအတွက် အလွယ်တကူ ရနေတတ်တဲ့ အရာဆိုပေမဲ့
တချို့တွေများ အခွင့်အရေးလေးတခုကို ရဖို့ ခံလိုက်ရတာ မနည်းမနော။ မြန်မာပြည်
ကိုသာ ကြည့်ပေရော့။ ကိုယ့်အဖြစ်ကိုသာ ကြည့်ပြီး သင်ခန်းစာ ယူကြပေရော့။

“ဒေါက်တာ မာတင် လူသာ ကင်း” အကြောင်း လူအများ သိပြီးသားမို့ ဘာမှ အကျယ်
မချဲ့လို။ ပြောဖို့ရာ အကြောင်းပေါ်လာတာက ဒီပုဂ္ဂိုလ်ရဲ့ ရုပ်ထုကြီး အိမ်နားကို ရောက်
လာတာကြောင့်ပါ။ နောက်တချက်က ဒီလူမည်းဆရာကြီးရဲ့ ရုပ်ထုကို ဖန်တီးတာက
တရုတ်ကြီးတယောက် ဖြစ်နေတာလည်းပါတယ်။ နောက်တချက်က အမေရိကန်မှာ
ပထမဆုံး လူမည်းသမ္မတဖြစ်လာတဲ့ ပုဂ္ဂိုလ်က ဒီရုပ်ထုကြီးကို ဖွင့်ပွဲကျင်းပပေးမှာဆို
တာရယ်ပေါ့။















ဒီကျောက်ရုပ်ကြီးကို “မျော်လင့်ချက် ကျောက်တုံး” လို့ အမည်ပေးထားတယ်။ မနေ့
တနေ့ကပဲ လူတွေကို ကြည့်ခွင့်ပေးတယ်။ လာမယ့် တနင်္ဂနွေ။ သြဂုတ်လ ၂၈ရက်နေ့မှ
သမ္မတ အိုဘားမားက တရားဝင်ဖွင့်ပွဲ လုပ်မှာ။ လောလောဆယ်ကိုပဲ လာလိုက်ကြတဲ့
လူမည်းတွေ။ ကျောက်ရုပ်ကြီးကို ငေးကြည့်ပြီး မျက်ရည်ဝဲသူ ၀ဲ။ ဦးညွတ်အလေးပြုသူ
က ပြု။ အားတက်သူက တက်။ ခံစားချက်မျိုးစုံကို လာကြည့်သူတွေရဲ့ မျက်နှာတွေမှာ
မြင်နေရတယ်။

ဆရာကင်းရဲ့ မျက်နှာကတော့ မြင်တဲ့အတိုင်းပဲ။ ပျော်ရွှင်နေတဲ့ပုံ မဟုတ်ဘူး။ တခုခု
ကို စိုးရိမ်နေတဲ့ပုံ။ သေချာ စိုက်ကြည့်ပြီး အားခဲနေတဲ့ပုံ။ ကိစ္စတခု မပြီးပြတ်သေးဘူး
ဆိုတဲ့ပုံ ပေါ်နေတယ်။ ပြောစရာ စကားတွေ၊ မှာစရာ စကားတွေ၊ ခံစားချက်တွေ အများ
ကြီး မြိုသိပ်ထားတယ်။ အချိန်မရွေး ပြောဖို့ အသင့်ပဲဆိုတဲ့ပုံ ပေါ်နေတယ်။ ဒီကျောက်
ရုပ်ကြီးကို ရေကန်ကျယ် ကမ်းစပ်နံဘေးက ပန်းခြံလေးတခုထဲမှာ ထောင်ထားတယ်။

တရုတ်ဆရာအကြောင်း ဆက်ရအောင်။ ဟူနန်နယ်သား “လိုင် ယီစင်း” တဲ့။ တရုတ်
ပြည်မှာ မော်စီတုန်းလက်ထက် ယဉ်ကျေးမှုတော်လှန်ရေး ဆိုပြီး ပညာတတ်တွေ
သန်းနဲ့ချီပြီး နယ်နှင်ခဲ့ပါရောလား။ အဲဒီလိုပုံစံပေး ခံခဲ့ရတဲ့အထဲ လိုင် ယီစင်းလည်း
ပါတာပေါ့။ အခုတော့လည်း တရုတ်ပြည်တင်မကပဲ ကမ္ဘာကတောင် သူ့လက်ရာ
တွေကို တငေးတမော ကြည့်နေရပါပြီ။ “ပတ္တမြားမှန်တော့လည်း နွံမနစ်” ဆိုတာလို
ပေါ့။ (ဒီဥပမာက တော်တော်ဟောင်းလှပြီဆိုပေမဲ့ တခြားဟာစဉ်းစားဖို့ ပျင်းတာနဲ့
ဒါကြီးကိုပဲ ထပ်သုံးလိုက်တယ်။ မိုးကုတ်သားတို့ ပျော်ကြစေ။)















ဒေါက်တာကင်းရဲ့ ကျောက်ရုပ်ထုဖို့ လိုင် ယီစင်းကို ရွေးချယ်လိုက်တော့ ချက်ချင်းပဲ
ပြဿနာထတက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကြီးမှာ ဒီလောက် အနုပညာရှင်
တွေပေါနေတာ။ ဘယ့်နဲ့ကြောင့် ဒီတရုတ်ကြီးကို ရွေးရသလဲဆိုပြီး လူမည်းတွေက
ထကန့်ကွက်ပါတယ်။ ဒေါက်တာကင်းဟာ ငါတို့ရဲ့အရာ။ ငါတို့လူမည်းတွေမှာ အနု
ပညာရှင်တွေ အများကြီး။ ဘယ်လိုဖြစ်တာလဲ။ လက်မခံဘူး။ လူမည်းမဟုတ်ရင်
တောင်မှ အမေရိကန်အနုပညာရှင်တဦးဦးကို အပ်သင့်တယ်။ အခုဟာက တရုတ်ကြီး။
လက်မခံနိုင်ဘူး စသဖြင့်ပေါ့။

အမေရိကန်မှာ အခုလို အထိမ်းအမှတ်ရုပ်ထုနဲ့ပတ်သက်ပြီး ပြဿနာတက်တာ ဒါနဲ့ပါ
ဆို နှစ်ကြိမ်ရှိပြီ။ အရင်တုန်းကလည်း ဗီယက်နမ်စစ်ပြန်များအထိမ်းအမှတ် နံရံကြီးလုပ်
တုန်းက “မာယာ လင်း” ဆိုတဲ့ အမျိုးသမီး အနုပညာရှင်ကို အပ်ခဲ့တယ်။ သူက တရုတ်မ။
တော်သေးတယ်။ အမေရိကန်ပေါက် တရုတ်ဖြစ်လို့။ ဒါတောင်မှ သူဖန်တီးတဲ့ နံရံကြီးက
အမည်းရောင်ကြီးဖြစ်နေလို့။ အမာရွတ်ပုံကြီး ပေါက်နေတယ်။ တိုက်ပွဲကျ စစ်သည်တချို့
ရဲ့နာမည်တွေ ကျန်ခဲ့တယ်။ ဘာကြောင့်တရုတ်ကို ရွေးရတာလဲ စသဖြင့် ကန့်ကွက်
ဝေဖန်သံတွေ ညံခဲ့သေးသတဲ့။

ထားပါတော့။ အိမ်နားမှာ အရုပ်တခု ထပ်တိုးလာတယ်။ ဇနီးမောင်နှံ နှစ်ယောက်သား
စက်ဘီးစီးပြီး လည်စရာ တနေရာ တိုးလာတယ်။ အိမ်ကိုလာတဲ့ ရွှေဧည့်သည်များကို
လိုက်ပြစရာ တနေရာ တိုးလာတယ်။ ငယ်ငယ်ကဆို အရုပ်တွေ သိပ်ကြိုက်တာ။
ထောင်ပစ်လို့ရတယ်။ စစ်တိုက်တမ်း ကစားလို့ရတယ်။ ကိုယ်နိုင်ထားတဲ့ အရုပ်တွေ
အချင်းချင်း ပြန်ရောင်းစားလို့ရတယ်။ အခုရောက်နေတဲ့ မြို့မှာလည်း အရုပ်တွေက
အများကြီး။ ချောင်ကြိုချောင်ကြားရော။ လမ်းမတွေမှာရော။ ပန်းခြံတွေထဲ။ ကွင်းပြင်
တွေထဲ။ ရေကန်တွေထဲ။ ကျောင်းတွေ။ ရုံးတွေထဲမှာရော။ အရုပ်တွေ သိပ်များတယ်။



















အမေရိကန်ဆိုတာ သမိုင်းက သိပ်ပြီးရှည်လျှားလှတာ မဟုတ်ဘူး။ ရှိတဲ့သမိုင်းထဲက
ထင်ရှားတဲ့ အဖြစ်အပျက်တွေကို အရုပ်တွေလုပ်ပြီး မှတ်တမ်းတင်ကြတယ်။ စိတ်ကူး
လည်း ကောင်းကြတယ်။ ဒို့မြန်မာပြည်လည်း အရုပ်တွေလုပ်မယ်ဆို နည်းမှာ မဟုတ်
ဘူး။ ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှာကိုပဲ အရုပ်တွေ မနည်းမနော ထွက်လာနိုင်တယ်။
တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း အရုပ်တွေ ထုစရာ၊ ထောင်စရာ အများကြီး။
ခက်တာက မြန်မာပြည်မှာ နိုင်ငံတကာက လာငေးကြည့်ရလောက်အောင် ထုနိုင်တဲ့
အရုပ်ဆရာတွေ မရှိသလောက်ဖြစ်နေတဲ့ကိစ္စ။ ဒီလူတွေမှာ အပြစ်မရှိဘူး။ ခေတ်မှာ
အပြစ်။ စံနစ်မှာ အပြစ်။ အာဏာရှင်မှာ အပြစ်။ (နောက်ဆုံးတော့ ဒါနဲ့ပဲ ဇတ်သိမ်းရ
ပြန်ပြီ။ ဒီဘူတာကိုပဲ ဆိုက်ရပြန်ပြီ။ မတတ်နိုင်ဘူး။)

(ဓါတ်ပုံ ၊ ငါရိုက်။ ခိုးချင်တဲ့သူ ခိုးကြ)

Tuesday, August 23, 2011

မြို့စော်နံ ပြန်လိုက်ဦး

မြို့က ကြီးပြီး ရှုပ်နေရတဲ့အထဲ တိမ်တွေနဲ့တိုက်တွေကလည်း လုံးလားထွေးလားနဲ့။















တိုက်နံရံတွေကို ကြည့်တာနဲ့ မူးချင်လာလိမ့်မယ် ။



















ဒီအရက်ကို တချို့က မကြိုက်ဘူး။ သောက်ပြီးရင် နောက်တနေ့ ခေါင်းမူးတတ်
လို့တဲ့။ တချို့ကတော့ မမူးပေါင်တဲ့။ ဒါမှဒါ ဆိုပဲ။














မြို့ကြီးပြကြီးဆိုတော့ကာ ရှုပ်ချက်ကတော့ မြင်တဲ့အတိုင်းပဲ။















အငှားကားတွေက အ၀ါရောင်။ မြို့ထဲမှာ အရမ်းကားဆုံး ကားတွေပ။














မြို့လည်းကြီး တိုက်လည်းကြီးတော့ အမှိုက်ပုံလည်း ကြီးရတော့တာပေါ့။















ရှင်းတဲ့လမ်းလည်း ရှိပါတယ်ခင်ဗျ။















သန့်တဲ့ တိုက်လည်း ရှိပါတယ်ဗျ။















မလွယ်ပေါက်က ဆင်းရတဲ့ လှေကားဆိုတော့ မလွယ်လှေကားလို့ ဆိုရမလား။
တိုက်တွေကကြီး အခန်းတွေကများတော့ လှေကားတွေလည်း များရရှာသပေါ့။



















အချက်ပြမီးတွေကလည်း လမ်းမတွေမှာ တို့လို့တွဲလောင်း ညဆိုရင် မီးပုံးတွေ
ထောင်ထားသလို။















ချစ်ဇနီးနဲ့ အပြင်ကို နေ့လည်စာ ထွက်စားရင်း ဒီမြို့ ရှုပ်ရှုပ်ကြီးဆီ ရောက်သွားတော့
တာပဲ။ ကားပေါ်မှာ ဟိုငေး ဒီငေးလုပ်ရင်း ရိုက်မိ ရိုက်ရာ အရုပ်များကို ပြသလိုက်တာ
ပါ။ ဒီခေတ်က ဓါတ်ပုံရိုက်တဲ့ခေတ်။ ရိုက်ထားတဲ့ပုံတွေကို သူများတွေ ကြိုက်လား
မကြိုက်လား မသိပဲ အတင်းပြတဲ့ခေတ် ဆိုတော့ကာ သည်းခံပြီးသာ ရှုစားကြပါကုန်။
ခင်ဦးမေ ထက်တော့ အများကြီး သာလိမ့်မယ်ထင်တာပဲ။း) သူ့ခင်မျာလည်း မြင်သမျှ
တင်ပြ ပေးရှာပါတယ်လေ။ ဘာပဲပြောပြော ကိုယ်မတွေ့နိုင်တာတွေ မြင်ရ နည်းသလား။
ခင်ဦးမေ ကျန်းမာပါစေဗျား။

တချို့ကလည်း ဒီမြို့ကြီးကို ရောက်ဖို့ ဘ၀နဲ့ရင်းခဲ့ရတယ်။ တချို့ကလည်း ဒီမြို့ကို
ရောက်မလာခင် ဘ၀ဆုံးခဲ့ရတယ်။ တချို့ကတော့ ဒီမြို့ကြီးကို အိပ်မက်ထဲက လာ
လည်ကြတယ်။ ဒီမြို့သူမြို့သားတွေကလည်း ဒီမြို့ကြီးမှာ နေထိုင်ရတဲ့ ဘ၀ကို သိပ်
မက်မောကြတယ်။ “စိတ်ထဲရှိတာ တခုခု ပြောလိုက်။ အဲဒါ ဒီမြို့မှာ ရှိတယ်” တဲ့။
ပြောပုံက။ သိပ်အလုပ်မဖြစ်တဲ့ ကုလသမဂ္ဂ ဆိုတာကြီးလည်း အဲဒီမြို့ကြီးမှာ ထိုးထိုး
ထောင်ထောင်။

ဒို့ကတော့ တောပျော်။ သိပ်ရှုပ်တဲ့မြို့တွေ မကြိုက်ဘူး။ တခါတလေတော့ မြို့ဓါတ်ရ
အောင် တမင်တကာ သွားပေးရတယ်။ မြို့စော်နံတဲ့အခါ တောပြန်လာပေါ့။ တောမှာ
ကတော့ နားအေး ပါးအေး။ ရိုက်ထားတဲ့ ဓါတ်ပုံတွေ နည်းနည်း ကျန်သေးတယ်။
မကြာမီ လာမည်။

Monday, August 22, 2011

လစ်ပြန်ပြီ တယောက်















ပါကစ္စတန်မှာ ဘင်လာဒင် ကြွပြီးလို့ သုံးလ အကြာ။ အီဂျစ်မှာ မူဘာရက်
တရားရုံးကိုရောက်ပြီး ရက်ပိုင်း အကြာ။ လစ်ဗျားမှာ သူပုန်တပ်တွေ ထရီ
ပိုလီကို ၀င်စီးနိုင်ခဲ့ပြီ။ မိုမာ ကဒါဖီ လစ်ပြီ။ ပေကပ်ကပ်နဲ့ အာဆာ့ဒ် ဆိုတဲ့
ပုဂ္ဂိုလ် ဆီးရီးယားမှာ ကျန်နေသေးတယ်။ မူဆလင်ကမ္ဘာကြီး လှုပ်လှုပ်ရွရွ။
အာဏာရှင်တွေလည်း လှုပ်လှုပ်ရွရွ။ နေပြည်တော်မှာတော့ ဒကာစိန်က
ဒေါ်စုနဲ့တွေ့လို့။ အားလုံးကြွေအောင် မိန့်ခွန်းတွေ ချွေလို့ ။ ဒါလည်း လှုပ်
လှုပ်ရွရွ တမျိုးသာပ။

မြန်မာနိုင်ငံသား တဦးချင်းစီက အာဏာရှင်နဲ့ တိုက်ရိုက်ပတ်သက်ကြတယ်။
ဒီအချက်ကို တချို့က မသိချင်ယောင် ဆောင်နေတတ်တယ်။ တချို့ကလည်း
သိကို မသိတာ။ အာဏာရှင်ဆိုတဲ့ စကားလုံးက လူတွေနဲ့ယဉ်ပါးလွန်းနေလို့
မကောင်းတဲ့ အဓိပ္ဗါယ်လို့တောင် မထင်ကြတော့ဘူးလား မသိ။ အာဏာရှင်
ဆိုတာကို တချို့က စူပါမင်းလို့များ ထင်နေကြပြီလား မသိဘူး။ ဒီစကားလုံးက
အားပျော့တယ်ဆိုရင် “ရက်စက်သူ”လို့ တည့်တည့်ပဲ ပြောင်းပြီးခေါ်ရင် ကောင်း
မယ် ထင်တယ်။

လူတွေကလည်း အရက်စက်ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာလာတော့ ခေါက်
ရိုး ကျိုးပြီး “ထုံ” နေကြပြီထင်ပါရဲ့။ အာဏာရှင်ဟာ ရက်စက်သူ ဖြစ်တယ်။
မတရား လုပ်သူ ဖြစ်တယ်။ ပြစ်မှုကျုးလွန်သူ ဖြစ်တယ်။ ဆန့်ကျင် တော်လှန်
ရမယ့်သူ ဖြစ်တယ်ဆိုတဲ့အသိ ရင့်ရင့်ကျက်ကျက် ရှိထားနိုင်မှ။ မဟုတ်ရင်
အလားအလာ မကောင်းဘူး။ ငုံခံရပေါင်း များလှပြီ။ ခေါင်းတွေလည်း သွေး
တွေနဲ့ ချင်းချင်းနီလှပြီ။

တဘက်မှာလည်း အာဏာရှင်ဆိုတဲ့ဟာတွေက သူလိုကိုယ်လို တမြေထဲနေ
တနိုင်ငံထဲသားတွေပဲ ဆိုတဲ့ အသိလည်း ရှိနေဦးမှ။ မဟုတ်ရင် ကိုယ်လည်း
အခွင့်အရေး ရရင် အာဏာရှင်ဖြစ်လာနိုင်တယ်။ သတိထားမှ။ သတိကို ကျပ်
ကျပ် ထားမှ။ အခုကိုပဲ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေထဲမှာ အာ
ဏာရှင်စရိုက်၊ သဘာဝရှိသူတွေ။ မြင်နေရပြီ။ မြင်ခဲ့ရပြီ။ သတိတွေ ကျပ်ကျပ်
ထားပါမှ။

ဦးနေ၀င်းအဖြစ်ကို ကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းတောင်မှ လုပ်ကြံ မခံရပဲ
တိုင်းပြည်ခေါင်းဆောင် ဆက်ဖြစ်ခဲ့မယ်ဆိုရင် အာဏာရှင် တဦးဖြစ်လာနိုင်
တယ်လို့ ခန့်မှန်းပြောဆိုချက်တွေ ရှိခဲ့သေးတာပဲ။ ဆူဟာတို၊ ကက်စရိုစတဲ့
လွတ်လပ်ရေးခေါင်းဆောင်တွေလည်း အာဏာရှင် ဖြစ်လာခဲ့ကြတာကိုး။

အခုတော့ အနှစ်လေးဆယ်ကျော် အုပ်စိုးခဲ့သူ လစ်ဗျားအာဏာရှင် ကဒါဖီ
လစ်ရှာပြီ။ လောလောဆယ် ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်း မသိ။
မြို့တော် ထရီပိုလီမှာတော့ သေနပ်သံတွေ မိုးကောင်းကင်မှာ တညံညံ။
ပျော်လို့ ပစ်ကြတဲ့ အောင်ပွဲခံ သူပုန်တွေရဲ့ သေနပ်သံတွေပေါ့။ အီဂျစ်ပွဲက
၁၈ရက်နဲ့ ပြတ်ခဲ့တယ်။ လစ်ဗျားကတော့ ၆လလောက်ကြာတယ်။ ဒါတောင်
ပွဲပြတ်ပြီလို့ ပြောလို့ မရသေးဘူး။

မြန်မာအာဏာရှင်တွေကတော့ ရှေးကုသိုလ်ကံများ အင်မတန် ကောင်းကြ
ရှာပုံ ရပါတယ်။ ဆုတောင်း ကောင်းခဲ့ကြပုံလည်း ရတယ်။ ပုံစံမျိုးစုံပြောင်းပြီး
တိုင်းပြည်ကို နှိပ်စက်လို့ အုပ်ချုပ်လာကြတယ်။ သူတို့ကို ဖယ်ရှားဖို့ တောင်း
ဆို တော်လှန်ရင်း ဘ၀ပျက်ခဲ့ရသူတွေ မရေမတွက်နိုင်အောင် များခဲ့ရပြီ။
ထောင်တွေထဲမှာ။ လမ်းမတွေပေါ်မှာ။ တောတွေထဲမှာ။ တရားရုံးတွေမှာ။
ကျောင်းတွေထဲမှာ။ ဆေးရုံတွေထဲမှာ။ လူမသိ၊ သူမသိနေရာတွေမှာ အာ
ဏာရှင်ရဲ့လက်ချက်နဲ့ ဘ၀လွင့်ခဲ့ရသူတွေ။ မရေနိုင် မတွက်နိုင် တကယ့်
ကိုပဲ များခဲ့ပြီ။

ဆန့်ကျင်သူတွေ ကြွေးကြော်ကြသလို အာဏာရှင်တိုင်းတော့ မကျဆုံးပါဘူး။
အာဏာရှင်ဆန့်ကျင်သူတွေတော့ တော်တော်ကျဆုံးကြတယ်။ ဒါပေမဲ့လည်း
နိုင်ငံရေးဇတ်တွေကို ခပ်နာနာနဲ့ပဲ ဆက်ပြီး“က” ကြရတယ်။ အာဏာရှင်ဆိုတာ
ရှိလာမှတော့ ညိမ်ခံရင် ခံ။ မဟုတ်ရင် တော်လှန်။ ဇတ်က ဒီလိုဖြစ်လာသပေါ့။
မြန်မာပြည်က အာဏာရှင်များလည်း ဘယ်နည်းဘယ်ပုံ ဇတ်သိမ်းကြမယ် မသိ။

မြန်မာပြည်တင်မက ကမ္ဘာတ၀ှမ်းက အာဏာရှင် ဆန့်ကျင်ရေးဇတ်တော်ကြီး
တွေမှာ နည်းမျိုးစုံနဲ့ ကျဆုံးခဲ့ကြရရှာသော သူတော်ကောင်းအပေါင်းအား ဦး
ညွတ်ဂုဏ်ပြုပါရစေ။ အခွင့်အရေးများ ကြံကြံဖန်ဖန်နဲ့ ရလာရင်တောင်မှ အာ
ဏာရှင်အဖြစ်ကို လုံးဝ အရောက်မခံပါဘူးလို့လည်း အတိအကျ ကတိပြု
လိုက်ပါတယ်ဗျား။ လစ်ဗျားပြည်သူများအပါအ၀င် အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, August 20, 2011

ယောက်မြို့ အသစ်















ဒီမြို့မှုန်မှုန်ကြီးက ဓါတ်ပုံဆရာ လက်တုန်လို့ မှုန်သွားရတဲ့မြို့ပါ။ ကားပေါ်က
ကမန်းကတန်း ရိုက်ရတာကလည်း မှုန်ရခြင်း အကြောင်း တရပ်ပေါ့။ တုန်ခြင်း
မှုန်ခြင်း သည်းခံပါ။













မြို့လည်ခေါင်ဆိုတော့လည်း ကားရှုပ်ရှုပ် ၊ လူရှုပ်ရှုပ်ပေါ့။














တိုက်ကြီးကို အနီရောင် သုတ်ထားတော့ တိုက်နီကြီးပေါ့ကွာ။



















တရုတ်လိုရေးထားတဲ့ အသားညှပ်ပေါင်မုန့်ဆိုင်။ တရုတ်တန်းနဲ့ နီးတာလည်း
တကြောင်း။ တရုတ်ဧည့်သည်တွေ အလာများတာကြောင့်လည်း တကြောင်း။
စကားကြုံလို့ သင့်နာမည်ရော တရုတ်လိုရှိပြီလား။ ခေတ်အခြေအနေအရ
လုပ်ထားဖို့ လိုပြီထင်တယ်။













အရောင်စုံတဲ့ တိုက်ကြီးဆိုတော့ တိုက်ရောင်စုံပေါ့ခင်မျာ။















ဒီမြို့မှာပဲ ထူးထူးခြားခြား သစ်သားရေစည်ကြီးတွေ အိမ်ပေါ်မှာ ထိုးထိုး
ထောင်ထောင်။












ဒီမြို့မှာ မြေအောက်လှုပ်ရှားမှုတွေ ရှိပုံရတယ်။ မြေအောက်ထဲက လူတွေ
မြေပေါ်ကို တက်တက်လာကြတယ်။














ဒါလည်း အသားညှပ်ပေါင်မှုန့်ဆိုင် တခုရဲ့နာမည်ပဲ။ ဒီမြို့က သိပ်ဆူ။
သိပ်ရှုပ်။ ညစ်လည်း ညစ်ပတ်။ ရှုပ်ရှက်ခပ်။ မျက်စိနောက်တဲ့ မြို့ဟောင်း
ကြီးတခုပါ။

ဘလော်ဂါ အကျော်အမော် ခင်ဦးမေကို အားကျလို့ တွေ့ရာ ရိုက်ထားတဲ့ ပုံတွေ
တင်လိုက်ပါတယ်။ တုန်ခြင်း မှုန်ခြင်း သည်းခံကြပါ။

ရန် ငါ ပြတ်၏ မပြတ်၏












ကျနော့်နာမည် ရဲရဲတောက်ပါ။ ရှစ်လေးလုံး ခွပ်ဒေါင်းတဦး ဖြစ်ပါတယ်။ နိုင်ငံရေး
အကျဉ်းသားဟောင်းပါ။ မြို့ပြ လမ်းမတွေမှာလည်း သပိတ်မှောက်ဖူးတယ်။ တော်
လှန်ရေးနယ်မြေမှာလည်း လက်နက်ကိုင်တိုက်ပွဲ နွှဲဖူးတယ်။ နယ်စပ် အန်ဂျီအိုမှာ
လည်း လုပ်ဖူးတယ်။ အခုတော့ နယူးယောက်မြို့မှာ နေပါတယ်။

ကွန်မြူနစ်ဝါဒကို ကြိုက်တယ်။ ခေတ်သစ်မြန်မာ့သမိုင်းမှာ သူရဲကောင်းတွေ၊ မျိုး
ချစ်ကြီးတွေက ကွန်မြူနစ်တွေပါ။ စာပေလောကရဲ့ခေါင်းဆောင်တွေ၊ ကျူရှင်
လောကရဲ့ ခေါင်းဆောင်တွေဟာလည်း ကွန်မြူနစ်တွေပါပဲ။ ကွန်မြူနစ်ဖြစ်ချင်
လို့ ဗကပထဲ ၀င်ဖို့ ကြိုးစားပါသေးတယ်။ မိုးသီးဇွန်ကိုတောင် လက်မခံဘူးဆိုလို့
မလျှောက်တော့ပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်တော့ အခုထိ ဖြစ်ချင်နေတုန်းပါပဲ။
တရုတ်ကွန်မြူနစ်နိုင်ငံကြီး ချမ်းသာလာတော့ ပိုပြီး ကွန်မြူနစ်ဖြစ်ချင်လာပါတယ်။

နိုင်ငံခြားကို ရောက်နေပေမဲ့ မြန်မာ့နိုင်ငံရေးကိုတော့ အမြဲစောင့်ကြည့် လေ့လာနေ
တာပါ။ လိုအပ်ရင် ကြေညာချက်ထုတ်ပြီး ကိုယ့်ရဲ့ နိုင်ငံရေးအမြင်ကို ပြတ်ပြတ်သား
သား ပြောနေပါတယ်။ မရယ်ပါနဲ့။ လူတိုင်း ကြေညာချက် ထုတ်ပိုင်ခွင့် ရှိပါတယ်။ ဒါ
လူ့အခွင့်အရေးပါ။ အခြေခံ လူ့အခွင့်အရေးပါ။ ခင်ဗျားတို့ ဒီလောက်တော့ သိမယ်
ထင်ပါတယ်။

မီဒီယာသမားဆိုတာ တော်လှန်ရေး သမားပါ။ ဂျီမေးလ်။ ဖေ့စ်ဘုခ်၊ တွစ်တာ စတဲ့
လူမှုကွန်ယက်တွေ အကုန်သုံးပြီးတော့လည်း ပြည်တွင်း ပြည်ပက နိုင်ငံရေးစိတ်ဝင်
စားသူတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အချိန်ရတိုင်း ကိုယ့်ရဲ့ နိုင်ငံရေး အယူအဆ
တွေကို မပြတ်ပြောဆိုနေတာပါ။ မကြာခဏဆိုသလို ပြည်တွင်းမှာ ဆူပူမှုတွေဖြစ်လာ
အောင်။ သပိတ်တိုက်ပွဲတွေ ပေါ်အောင်။ အင်တာနက်ကို သုံးပြီး အချိန်ပြည့်လှုံ့ဆော်
နေပါတယ်။ လူထုလှုပ်ရှားမှုနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချနိုင်မှာပါ။ တခြားလမ်း မရှိပါဘူး။

ကိုယ်ပိုင် ဘလော့ဂ် သုံးခုလည်း ထောင်ထားပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်း။
အာဏာရှင် ဆန့်ကျင်ရေး။ ထောင်တွင်းတိုက်ပွဲ။ ကွန်မြူနစ်လှုပ်ရှားမှု သမိုင်း။ မြေ
အောက်တော်လှန်ရေး။ ဂျင်းရှပ်။ ကလေးစစ်သား။ အမျိုးသမီးအခွင့်အရေး။ လူကုန်
ကူးမှု။ မြေယာတော်လှန်ရေး။ နိုင်ငံတကာက လူထုအုံကြွမှုများ စတဲ့ ပြည်တွင်းက
လူတွေ အားတက်စေမယ့် သတင်းအချက်အလက်နဲ့ အကြောင်းအရာ မျိုးစုံကို
ဘလော့ဂ်တွေမှာ တင်ပေးထားပါတယ်။ အရုပ်ရော၊ အသံရော၊ စာရော၊ ကဗျာရော။
တော်လှန်မှုနဲ့ ပတ်သက်တာမှန်သမျှ အကုန် မျှဝေပေးနေပါတယ်။

ကမ္ဘာကို ကြည့်လိုက်ပါ။ သမိုင်းကို လေ့လာပါ။ စေ့စပ်ဆွေးနွေးလို့ အောင်ပွဲရတာနဲ့
လူထုအုံကြွမှုကြောင့် အောင်ပွဲရတာ ဘယ်ဟာက ပိုများပါသလဲ။ အာဏာရှင်တွေ
ဟာ ဘယ်တုန်းကများ လွယ်လွယ် ဆင်းပေးခဲ့လို့လဲ။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်။
သမိုင်းကို သွေးနဲ့ ရေးတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့ မရ၊ တိုက်ယူမှ ရ
တယ်။ ရန် ငါ ပြတ်ရမယ်။ ကဗျာဆရာအောင်ဝေး ပြောသလိုပေါ့။ ရန် ငါ မပြတ်ရင်
သံဃာ အသတ် ခံရမယ်။ သွေးထွက်အောင် မှန်ခဲ့ပြီ။ ဆရာ အောင်ဝေးလည်း
ကျနော့လိုပဲ။ ကွန်မြူနစ်ကို ကြိုက်တယ်။ အခု အမေရိကားမှာ နေတယ်။

ဒေါ်စု ရန် ငါ မပြတ်ဘူး။ အခု ရန်သူ့နယ်ထဲ သူရောက်နေပြီ။ အန္တရယ်ရှိတယ်။
သူတဦးထဲ အန္တရယ်ရှိတာ မဟုတ်ဘူး။ တတိုင်းပြည်လုံး အန္တရယ်ရှိတယ်။ ရန်သူ
ဆင်ထားတဲ့ ကစားဝိုင်းကို မပိုင်နိုင်ပဲ ၀င်ကစားရင် အရှုံးနဲ့ ရင်ဆိုင်ရမယ်။ အနိမ့်
ဆုံးအဆင့် ဓါတ်ဆင် ဓါတ်ရိုက် လုပ်ထားတဲ့ အစားအစာတွေ စားမိနိုင်တယ်။
မြှုပ်ထားတဲ့ အင်းတွေ နင်းမိနိုင်တယ်။ ယတြာချေထားတဲ့ အခန်းထဲ ၀င်မိနိုင်
တယ်။ ပြည်သူတွေ ဘာလုပ်နေလဲ။ ကျောင်းသားတွေ ဘာလုပ်နေလဲ။ ယူဂျီတွေ
ဘာလုပ်နေလဲ။ ဒေါ်စု ရန်သူ့ဘက်ကို ပါသွားလို့ မဖြစ်ဘူး။ ဒေါ်စုကို ၀ိုင်းရံကြ။
တွေဝေ မနေကြနဲ့။ တိုက်ပွဲကို စကြ။

စစ်ဗိုလ်လူထွက် သိန်းစိန် ပြည်ပရောက်တွေ ပြန်လာဖို့ခေါ်တာ လုံးဝ မယုံကြည်ဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးရမယ်။ အစီအစဉ်မရှိပဲ ဒေါ်စုနဲ့တွေ့
တာ မရိုးသားဘူး။ ကမန်းကတန်းကြီး ပြေလည်သလို လုပ်ပြနေတာ မရိုးသားလို့။
ပြည်သူနဲ့ ကမ္ဘာကို မျက်လှည့်ပြတာ။ ဒါဟာ အာဏာရှင်တိုင်းရဲ့  လှည့်ကွက်ပဲ။ ပြတ်
ပြတ်သားသား ဆန့်ကျင်ကြ။ တော်လှန်ရေးကာလမှာ တော်လှန်ရေးကို ပီပီပြင်ပြင်
အကောင်အထည်ဖေါ်ကြ။

ဗိုလ်သိန်းစိန် လှည့်ကွက်ကြောင့် ပြည်ပရောက်တွေ မြန်မာပြည်ထဲပြန်ဖို့ အသံထွက်
နေကြပြီ။ အာဏာရှင်အကြောင်းကို နားမလည်ကြဘူး။ ရန် ငါ မပြတ်ကြဘူး။ ကျနော်
ကတော့ လုံးဝ မပြန်ဘူး။ အာဏာရှင်တွေနဲ့ လုံးဝ အဆက်အဆံ မလုပ်နိုင်ဘူး။ မိန်းမနဲ့
ကလေးတွေကလည်း ဒီမှာပျော်နေပြီ။ မြန်မာပြည်မှာ နေနိုင်မှာ မဟုတ်ဘူး။ အစစ အရာ
ရာ ဒီမှာပိုကောင်းတယ်။ အမေရိကန်နိုင်ငံသားအဖြစ်ကို မစွန့်လွှတ်နိုင်ဘူး။ မြန်မာပြည်
ထဲပြန်လို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ဒီက စီးပွါးရေးလုပ်ငန်းကို ပစ်ထားခဲ့လို့ မဖြစ်
ဘူး။ ဒေါ်စုကို နေပြည်တော်နဲ့ အဆက်အသွယ် ချက်ချင်းဖြတ်ဖို့ ပြင်းထန်စွာ တောင်းဆို
လိုက်ပါတယ်။ အာဏာရှင်ကို အဆုံးထိ ဆက်ပြီး ဆန့်ကျင်ကြ။

ပုံ ။ ။ ရဲရဲတောက် ။ ရှစ်ဆယ့်ရှစ် (နယူးယောက်)

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, August 19, 2011

တွေ့ကုန်ပြီဟဲ့...တွေ့ကုန်ပြီ













ရပ်ကွက်ထဲမှာ မိန်းမကြီးတယောက် ကမန်းကတန်း ထလို့ အော်။ “တွေ့ကုန်
ပြီဟဲ့...တွေ့ကုန်ကြပြီတဲ့”။ ကြားရသူတိုင်း နားမလည်။ “ဘာတွေ့တာလဲဟ”
“ရွှေတွေ့တာလား ၊ မြွေတွေ့တာလား” ။ မိန်းမကြီးက အသံခပ်တိုးတိုးနဲ့ ပြန်
အော်။ “သူတို့တွေ... တွေ့ကုန်ကြပြီဟဲ့”။ သူရှင်းပြမှ ပိုရှုပ်သွား။ “ဘယ်သူတွေ
တွေ့ကုန်ကြတာတုံး” “သူခိုးတွေနဲ့ ရဲတွေ ပက်ပင်းတိုးကုန်ကြလို့လား” မိန်းမ
ကြီးအသံ ပိုတိုးသွား။ “ဟဲ့...ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ တွေ့နေကြပြီတဲ့” “ဟေ”
“အဲဒါ ဘာဖြစ်သတုံးဟဲ့”

အရေးကြီးတာက အဲဒါပါပဲ။ “ တွေ့တော့ ဘာဖြစ်သတုံး” ဆိုတာပါပဲ။ ဆက်ပြီး
နားဆင်ကြည့်ကြရအောင်ပါ။ “ဟဲ့..မတွေ့တာထက် တွေ့တာက ထူးတော့တာ
ပေါ့ဟဲ့” “တွေ့တာထူးတာတော့ ဟုတ်ပါပြီ။ ဘာထူးလို့လဲ” “ အဲဒါတော့ ငါလည်း
ဘယ်သိမလဲဟဲ့ ၊ ရုပ်မြင်သံကြားက တွေ့တယ်လို့ပဲ ပြောတာကိုး” ဇတ်လမ်းက
ဒီမှာတင် တခန်းရပ်ပါတယ်။ တွေ့ကြတာကိုတော့ သိတယ်။ တွေ့ပြီး ဘာဖြစ်
ကြတယ် မသိရ။ အခြေအနေက စိတ်ဝင်စားမယ်ဆိုရင် စိတ်ဝင်စားစရာပါ။

စိတ်ဝင်စားရင် ဆက်ပြီးနားဆင်ကြည့်ရအောင်။ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ
ရုပ်မြင်သံကြားရှေ့မှာ ခေါင်းချင်းဆိုင်နေကြ။ “ ဟဲ့..ဒေါ်စုရင်ဘတ်က ဘာကြိုး
ကြီးလဲဟဲ့ ၊ နဲတဲ့ဆွဲကြိုးကြီး မဟုတ်ပါလား” “ ဦးသိန်းစိန်က ဆုချလိုက်တာများ
လား” “ဘယ်လိုဖြစ်လို့ နှစ်ယောက်သား ခပ်တည်တည်ကြီး လုပ်နေကြတာလဲ”
“အတည်အတန့်တွေ ပြောနေကြလို့ နေမှာပေါ့ဟ” “နောက်လားပြောင်လား
လုပ်နေရမယ့် အချိန်မှ မဟုတ်တာ နင်ကလည်း” “ဒေါ်စုတို့ကတော့ ဗေဒါ
ရောင်က မလျှော့ဘူးဟေ့။ ပညာပါလိုက်ပုံများ”

“ဟဲ့..အနောက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကြီး မဟုတ်လား”
“ဒေါ်စုက လက်ကို ရှေ့မှာထား ။ ဦးသိန်းစိန်က လက်ကြီးနောက်ပစ်လို့”
“ဘာသဘောလဲဟ” “ဘယ်သိမှာတုံး ၊ လက်ပဲ ကိုယ်ထားချင်ရာ ထားမှာပေါ့”
“နိုင်ငံရေးမှာ အထာရှိတယ်ဟ ၊ နင်က ဘာသိလို့တုံး” “မပြုံးကြဘူး ဆိုကတည်း
က အဆင်မပြေဘူးဆိုတဲ့သဘောပဲ” “ တခေါက်ထဲနဲ့ ဘယ်လိုလုပ် အဆင်ပြေ
မှာတုံးဟ” “အခုဟာက သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ကြတာ ဆိုပဲ”

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်က အသက်နှစ်လပဲ ကွာကြတဲ့သူတွေပါ။
၁၉၄၅တနှစ်ထဲမှာ ဖွါးကြပါတယ်။ ဦးသိန်းစိန်က ၂လကြီးပါတယ်။ သင်္ကြန်အပြီး
ဧပြီ ၂၀မှာမွေးတာပါ။ ဒေါ်စုကတော့ ဇွန် ၁၉ ရက်မှာမွေးပါတယ်။ သူတို့နဲ့ တနှစ်
ထဲ မွေးကြသူတွေကတော့ ဂျမေကာက အဆိုတော် ဘော့ပ်မာလေး။ ဗြိတိန်က
အဆိုတော် အဲရစ်ခ် ကလက်ပ်တန်နဲ့ ရော့စတီးဝပ်တို့ပါပဲ။ ဆရာစိန်နဲ့ ဒေါ်စုတို့
အဆို ကောင်း မကောင်းတော့ မသိရသေးပါ။

၁၉၄၅ခုနှစ်မှာ မွေးဖွါးသူတွေဟာ အလေးအနက် စဉ်းစားတတ်သူ။ ပါရမီရင့်
သန်သူ။ အလုပ်တခုကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်စွမ်းသူ။ လုပ်ငန်းအောင်
မြင်မှု မရှိတဲ့အခါ အကြီးအကျယ်စိတ်ပျက်သူ။ လူမှုဆက်ဆံရေးမှာ နားလည်
ရခက်သူ။ ကိုယ်ထင်တာပဲ မှန်တယ်လို့ ထင်တတ်သူ။ ပြောရဲဆိုရဲ ရှိသူ။ စိတ်
အခြေအနေဟာ အစွန်း တဘက်ဆီမှာ အမြဲရှိနေတတ်သူ။ အလွန်အမင်း
ရဲရင့်သူ။ အတ္တကြီးသူ။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိသူ စတဲ့ စရိုက်
လက္ခဏာတွေ ရှိတတ်တဲ့ သူတွေလို့ တရုတ်ရိုးရာ ဗေဒင်က ဆိုပါတယ်။
ဆရာစိန်နဲ့ဒေါ်စုတို့က တရုတ်ပြက္ခဒိန်အရ “ ကြက်နှစ် ” ဖွါးတွေပါ။

မြန်မာ့နိုင်ငံရေးမှာ အသံအကျယ်ဆုံး ကြားနေရတာက “တွေ့ဆုံဆွေးနွေး
ရေး” နဲ့ “ဒို့တာဝန် အရေးသုံးပါး”ပါ။ ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်း
ဆောင်တွေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဖူးပါတယ်။ တွေ့မထူးပါ။ ဦးသိန်း
စိန်နဲ့တော့ အခုမှ တွေ့ဖူးတယ်လို့ ဆိုတယ်။ လိုနေတာက “တွေ့မထူး” နိုင်ငံ
ရေး အဆင့်ကနေ “ အတွေ့ထူး” နိုင်ငံရေး အဆင့်ကို ရောက်ဖို့ပါပဲ။ အတွေ့
ထူးရင်တော့ လူတွေ မြူးတတ်ကြပါတယ်။

ရပ်ကွက်ထဲမှာတော့ “တွေ့ကုန်ပြီဟဲ့..တွေ့ကုန်ကြပြီဟဲ့” ဆိုတဲ့..အသံတွေ
ထွက်နေတုန်းပါပဲ။ အတွေ့ထူးရင်တော့။ “အတွေ့ထူး၍ မြူးကြသည်” ဆိုတဲ့
ဇတ်လမ်းတပုဒ်ကို ဆက်၍ ရေးရလိမ့်ဦးမည် ဆိုတဲ့အကြောင်း။

(ရုပ်ပုံ၊ မြန်မာ့ရုပ်သံ)

Thursday, August 18, 2011

ဒကာစိန် ချွတ်ခဏ်း



















ဒကာကြီးဦးသိန်းစိန် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဘုန်းကြီးမေတ္တာ ပို့သ
ပါတယ်။ ဒကာကြီးနဲ့ ဘုန်းကြီး မဆုံဖူးပါ။ သို့သော်လည်း ဘုန်းကြီးရဲ့အာရုံ
ထဲမှာ တကာကြီးက အခုနောက်ပိုင်း အမြဲလိုလို ရှိနေတာကြောင့် နိုင်ငံတော်
သမ္မတကြီးဆိုသော်လည်း ရင်းရင်းနီးနီး ဒကာကြီး ဦးသိန်းစိန်လို့သာ ခေါ်
လိုက်ပါတယ်။

ဒကာကြီး သမ္မတဖြစ်လာကတည်းက ဘုန်းကြီးက မျက်ခြေမပြတ် စောင့်
ကြည့်နေခဲ့တာပါ။ ဒကာကြီးရဲ့မိန့်ခွန်းတွေကိုလည်း ဘုန်းကြီးက ကြိမ်ဖန်
များစွာဖတ်နေလို့မို့ အလွတ်ရမတတ် ဖြစ်နေပါပြီ။ ဒကာကြီးရဲ့လုပ်ရပ်တွေ
ကိုလည်း နေ့စဉ်ဘုန်းကြီး လေ့လာနေပါတယ်။ ဒါကြောင့်ပိုရင်းနီးလာတဲ့
သဘောနဲ့ ဒကာစိန်လို့ပဲ ခေါ်ပါတော့မယ်။

ဘုရားဟောတွေမှာ ပါတဲ့အတိုင်း မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်
ချုပ်တဲ့ သူဟာ။ လူသာဓုခေါ်၊ နတ်သာဓုခေါ်။ တိုင်းပြည်လည်းပျော်။ ကိုယ်
လည်းပျော်တဲ့ ကိန်းပါပဲ ဒကာစိန်။ လူကြိုက်၊ နတ်ကြိုက်၊ ဘုရားကြိုက်
လောကအလုံးစုံ ကြိုက်တဲ့ အဖြစ်မျိုး ဒကာစိန်တို့ မိတ်ဆွေတွေ အဆက်
ဆက် မလုပ်ခဲ့ကြလို့ တိုင်းပြည်လည်း နာလွန်းလှပါပြီ။ ဒီအချက်ကို ဒကာစိန်
သမ္မတဖြစ်လာခါမှပဲ ကောင်းကောင်းကြီး သိလာပုံရလို့ ဘုန်းကြီး အင်မတန်
မှ ၀မ်းမြောက်မိပါတယ်။ သာဓုလည်း ခေါ်မိပါတယ်။

ဒကာကြီးလည်း စစ်ယူနီဖေါင်းကို ချွတ်၊ ခါးကြားမှာ အမြဲတန်းထိုးထားတဲ့
မည်းချောက်ချောက် ဗျောက်သေနပ်ကိုလည်း စွန့်ခဲ့လို့ ငြိမ်းချမ်းရေးနိမိတ်
ထွန်းလာတယ်လို့ ဘုန်းကြီး မှတ်ပါတယ်။ ခက်ထန်တဲ့ စစ်အဆောင်အရောင်
တွေအစား ရောင်စုံပြေး ချိတ်ထမီ ၊ ရွှေစလွယ် တလင်းလင်း၊ ရွှေကိုင်းမျက်မှန်
တ၀င်းဝင်း၊ ပိုးသားခေါင်းပေါင်း တလူလူနဲ့ ဒကာစိန်ကို ပြောင်းလဲပြီး မြင်လာရ
လို့လည်း ဘုန်းကြီးတို့ ပြုံးရတဲ့အထိ ၀မ်းသာမိပါတယ် ဒကာကြီး။

ဝမ်းသာလုံး ဆို့မတတ်ဖြစ်ရတာကတော့ ဒကာစိန်ရဲ့ ထူးခြားလှတဲ့ မိန့်ခွန်း
တွေကြောင့်ပါပဲ။ မိန့်ခွန်းဆိုတာ စကားလုံးတွေပါ။ ဒီစကားလုံးတွေ ဘယ်က
ဖြစ်လာသလဲ။ စိတ်ကူးထဲကလား။ နှလုံးသားထဲကလား။ ဦးနှောက်ထဲကလား။
ဘုန်းကြီးက သမုတိသံဃာအဆင့်မို့ ဒကာစိန့်ရင်ထဲ ထွင်းဖေါက်လို့ မမြင်နိုင်ပါ။

စေတနာနဲ့ပြောတဲ့ မိန့်ခွန်းတွေလား။ အကြံအညဏ်နဲ့ပြောတဲ့ မိန့်ခွန်းတွေလား။
မှန်ကန်တဲ့ စေတနာ၊ ကောင်းမွန်တဲ့ အကြံအညဏ်တွေနဲ့လား။ ဒကာစိန်တို့ရဲ့
အစဉ်အလာအတိုင်း ညဏ်နီညဏ်နက်တွေနဲ့လား။ စစ်နည်းဗျူဟာတွေအရ
တကောင်ကြွေးတာဟာ နှစ်ကောင်ရိုက်ဖို့လား။ အခုတလော ဒီမေးခွန်းတွေနဲ့
ဘုန်းကြီးတော့ ကောင်းကောင်း ကျိန်းလို့မရနိုင်ဘူး ဒကာစိန်ရေ။

ပြည်သူတွေ နှစ်ပေါင်းကြာရှည် ကြုံနေရတဲ့ အဖြစ်ဆိုးတွေကို တကယ်ပဲ
ပြောင်းလဲအောင် လုပ်တော့မလို့လား ဒကာကြီး။ ပြည်ပရောက် မြန်မာတွေ
တိုင်းပြည်ထဲ ပြန်လာဖို့ ခေါ်နေတာ ဘာတွေများ လုပ်မှာမို့တုံး ဒကာကြီးရဲ့။
သူတို့တွေ ရောက်လာတော့ရော ဘာတွေများ ထူးပြီးဖြစ်လာမှာမို့တုံး။
အများက ယုံကြည်ထောက်ခံနိုင်ဖို့ တိုင်းပြည်ထဲမှာ ရှိနေတဲ့လူတွေကိုပဲ
ငြိမ်းအေးသက်သာအောင် အရင်လုပ်ပြပါဦးလား ဒကာစိန်။

ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒကာစိန်က တွေ့မယ် တကဲကဲ
လုပ်နေတယ်လို့ သတင်းတွေကြားရတယ်။ ဒါတွေက အမှန်ပဲလား။ တွေ့တဲ့
အခါ ဘာတွေများ ပြောကြမှာတုံး ဒကာကြီးရဲ့။ ဒကာစိန်တို့ အရင်က တွေ့ကြ
တယ်ဆိုတာက“တွေ့မထူး”တွေပဲမို့ ဘုန်းကြီးက မေးရတာပါ။

ဒကာစိန်လည်း အသက်အရွယ် ရလာပြီ။ ဒကာမကြီးဒေါ်စုလည်း အသက်ရ
လာပြီ။ အမှားကို မဖက်ပဲ တရားကို ဖက်ရမယ့်အချိန် ရောက်လာပြီ ဒကာကြီး
ရေ။ တရုတ်ကို အားထားတာဟာ တရားကိုအားထုတ်တာ မဟုတ်ဘူးဆိုတာ
တော့ ဒကာစိန်လည်း သိလောက်ပြီလို့ ဘုန်းကြီးထင်တယ်။ မတရားဖမ်းထား
တဲ့ လူတွေကို ပြန်လွှတ်ပေးလိုက်တော့ ဒကာစိန်။ ၀ဋ်ဆိုတာ အနှေးနဲ့အမြန်
လည်တာပဲဆိုတာ ဒကာစိန်လည်း ရိပ်မိလောက်ရောပေါ့။ ဟူစိန်တို့၊ မူဘာရက်
တို့ အဖြစ်ကိုသာ ကြည့်ပေတော့ ဒကာစိန်။

ဘုရားရှင်လက်ထက်မှာ ဆိုးသမှ သိပ်ဆိုးဆိုတဲ့ ရာဇ၀င်လူဆိုးကြီးတွေ ဘုရား
ရှင်နဲ့တွေ့တဲ့အခါ၊ ဘုရားရဲ့တရားတွေကို နာပြီးတဲ့အခါ။ ချက်ချင်းဆိုသလို
အကျွတ်တရားတွေ ရကုန်ကြတယ်။ အမှန်ကိုသိမြင်ခြင်းဆိုတဲ့ တန်ခိုးတော်
ကြောင့် ဟိုဘက် အစွန်းကနေ ဒီဘက်အစွန်းကို ချက်ချင်းရောက်လာကြတယ်။
လူဆိုးကနေ လူသူတော်ကောင်း ဖြစ်လာကြတယ်။

အမှန်ကို မြင်ခြင်းဆိုတာ တော်လှန်ရေးတရပ်ပါပဲ ဒကာစိန်။ အမှန်ကိုမြင်လို့
အမှားကိုပြင်တယ်ဆိုတာ သူရဲကောင်းတို့ရဲ့အလုပ်ပါ။ ဒကာကြီးဟာ သား
သတ်သမားလား။ တော်လှန်ရေးသမား သူတော်ကောင်းလားဆိုတာ ကွဲပြား
အောင် ပြသရမယ့်အချိန်ရောက်နေပြီ ဒကာစိန်။ ဆိုးညစ်တဲ့ သမိုင်းကို ရပ်
တန့်ခဲ့သူ၊ အမှောင်ကျနေတဲ့ တိုင်းပြည်ကို အလင်းဝင်အောင် ဖွင့်ပေးခဲ့သူ
အဖြစ် သမိုင်းတွင်အောင်လုပ်ဖို့ အခွင့်အခါကောင်းဟာ ဒကာစိန်ရဲ့လက်ထဲ
မှာ လုံးလုံးရောက်လို့ နေပြီပေါ့။ အမှန်ကို ရဲရဲသာ ရှုလေတော့ ဒကာစိန်။

ဘုန်းကြီးတို့လည်း ရောက်ရာဘ၀က သာဓုခေါ်နေပါ့မယ်။ ဒကာစိန်ရဲ့ နှလုံး
စိတ်ဝမ်း အေးချမ်းနေပါစေ။ အရှင် ကောဝိဒ။၂၀၀၇ သံဃာ့အရေးအခင်းမှာ
မေတ္တာပို့ရင်း ပျံလွန်တော်မူခဲ့သူ။

(ရုပ်ပုံ ၊ အေပီ)

Tuesday, August 16, 2011

ရုရှားနှင်းဆီ













လေတချက် အဝေ့မှာ နှင်းဆီတခင်းလုံး ငြိမ့်ကနဲ လှုပ်ယမ်းသွား။ သွေးတွေ
ဖြန်းကနဲ ဖြာထွက်သွားသလို။ အနီရဲရဲ နှင်းဆီပန်းတွေ။ တခင်းလုံး ဝေ့ကနဲ။
ဒီနှင်းဆီခင်းဟာ ခေတ်အဆက်ဆက် စစ်တလင်းဖြစ်ခဲ့တဲ့ နေရာ။ နှင်းဆီ
ပင်တွေရဲ့အောက်က မြေကြီးထဲမှာ စစ်ကြောင့် သေဆုံးခဲ့သူတွေ ရာနဲ့
ထောင်နဲ့ ချီပြီးရှိတယ်။ သူတို့ရဲ့သွေးတွေကြောင့်များ ဒီနှင်းဆီတွေ ရဲရဲ
နီနေရသလား။

ကရင်မလင်နန်းတော်နဲ့ မိုင်ခြောက်ဆယ်လောက် အကွာ။ နာမည်ကျော်
အော်သိုဒေါ့က်စ် ရှေးဟောင်း ဘုရားကျောင်းကြီးရဲ့ နံဘေး။ နှင်းဆီပန်း
တွေ။ နှင်းဆီပန်းတွေ။ နှင်းဆီပန်းတွေ။ တခင်းလုံး နီရဲ လင်းလက်လို့။
ခရီးသွားဧည့်သည်တွေ အမြဲလာကြည့်ကြတဲ့ နေရာ။ တချို့ကလည်း
တကယ်ယုံကြတယ်။ နှင်းဆီတွေ နီရဲနေတာ တိုက်ပွဲဝင်စစ်သည်တွေရဲ့
သွေးတွေကြောင့်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ နာကျင်မှု၊ သတ္တိနဲ့ မျှော်လင့်ချက်
မဲ့နေတဲ့ သူတို့ရဲ့ ကြေကွဲမှုတွေကို နှင်းဆီပန်းတွေအဖြစ် အစွမ်းကုန်
ပွင့်ပြီး ပြနေသတဲ့။

ဟုတ် ဟုတ်၊ မဟုတ် ဟုတ်။ နှင်းဆီးခင်းကြီး သိပ်ကြည့်လို့ကောင်းတယ်။
တချို့က နှင်းဆီးခင်ကို ဆေးလိပ်ဖွါရင်း ကြည့်ကြတယ်။ တချို့က ဗော့ဒ်
ကာ သောက်ရင်း။ ၀ိုင်သောက်ရင်း။ တချို့ကလည်း အတင်းပြောရင်း။
သတင်း နှောရင်း။ တချို့ကလည်း ချစ်ရင်းကြိုက်ရင်း။ တချို့ကလည်း
လွမ်းရင်း ဆွေးရင်း။ ငေးမောလို့ ကြည့်ကြတယ်။ လေအဝေ့မှာပါလာတဲ့
နှင်းဆီနံ့ကို တအံ့တသြ ရှူကြတယ်။ နှင်းဆီနံ့မှ ဟုတ်ရဲ့လား။ သွေးညှီ
နံ့များ ဖြစ်လေမလား။

ရာသီ အပြောင်း။ နှင်းဆီတွေ ကြွေတဲ့အခါ။ မြေပြင်မှာ သွေးခြောက်တွေ
ကပ်နေသလို ချောက်ချားဖွယ် အလှတခု မြင်ရပြန်တယ်။ နှင်းဆီပွင့်ဖတ်
တွေ တလွင့်လွင့်နဲ့ အနှေးကြွေကျ။ ကြည့်နေသူတွေရဲ့အာရုံတွေလည်း
မြေပြင်ပေါ်ကို လွင့်ကျ ကြေမွ။

ပွင့်ဖတ်တွေ ကြွေအပြီး နှင်းဆီရွက်တွေ ကြွေတဲ့အခါ။ မဲနက်နေတဲ့ မြေ
သားပေါ် အရိုးငေါငေါနဲ့ နှင်းဆီခင်းကြီး။ စစ်မြေပြင်နေရာဟောင်းမှန်း
သိသာလွန်းလှတယ်။ အဲဒီအချိန် ဘုရားကျောင်းကြီးကလည်း ချောက်
ချားဖွယ်။ နှင်းဆီခင်းကြီးဟာ ခန်းနားတယ်။ဆန်းပြားတယ်။ ဖမ်းစားတယ်။
လွမ်းသွားမယ်။

နတ်မောက်မြို့သား ဗိုလ်ကြီး ခင်မောင်ထွေး။ ရဲရဲလှုပ်နေတဲ့ နှင်းဆီခင်းကို
ငေးကြည့်နေတာ အတော်ကြာပြီ။ အံ့တွေသြလို့။ ငေးမော ရီဝေ။ ဗိုလ်ကြီးခင်
မောင်ထွေးက ရုရှားမှာ နျူကလီးယားပညာ လာသင်တဲ့သူ။ အမျိုးစပ်ရင်
အဖေဘက်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးတော်တယ်။ သူ့မှာ ရည်းစား
လည်း မရှိဘူး။ တက္ကသိုလ် ဆက်မတက်နိုင်လို့ စစ်ထဲဝင်ခဲ့သူ။ နတ်မောက်
မြို့လေးကို လွမ်းနေသလား။ အမေ့ကို လွမ်းနေသလား။ လွမ်းစရာ မရှိတဲ့
ဘ၀ကိုပဲ လွမ်းနေသလား။ နှင်းဆီခင်းကြီး နီရဲလို့။ ဗိုလ်ကြီးခင်မောင်ထွေး
နှင်းဆီတွေကို ငေး။ နှင်းဆီတွေကို ငေး။ နှင်းဆီတွေကို ငေး။

ဟိုတနေ့က ၀ယ်ထားတဲ့ ကင်မရာအသစ်လေးနဲ့ နှင်းဆီခင်းကို ဓါတ်ပုံတွေ
ရိုက်တယ်။ ရှုဒေါင့်မျိုးစုံ။ ပုံစံမျိုးစုံ။ နှင်းဆီမျိုးစုံ။ အဆောင်ကို ပြန်ရောက်တဲ့
ညက သူ့ရဲ့Face book မှာ နှင်းဆီပန်းတွေ တင်လိုက်တယ်။ နောက်တပတ်
အကြာမှာ သူငယ်ချင်းအဖြစ် လက်ခံဖို့ ဆွေဆွေနွယ် ဆိုသူက နှုတ်ဆက်လာ
တယ်။ ဗိုလ်ကြီး ခင်မောင်ထွေး ချက်ချင်းပဲ သူငယ်ချင်းဖြစ်လိုက်တယ်။

နောက် သုံးလေးရက် အကြာ။ ဆွေဆွေနွယ်က စာရေးလာတယ်။ နှင်းဆီပန်း
တွေ လှလိုက်တာ...တဲ့။ ဗိုလ်ကြီးခင်မောင်ထွေး ချက်ချင်းပဲ စာပြန်ပါတယ်။
နှင်းဆီပန်းတွေ ဆွေဆွေနွယ့်အတွက်..တဲ့။ ဆွေဆွေနွယ်က တောင်ဥက္ကလာ
အထက်တန်းကျောင်းက အလယ်တန်းပြ ကျောင်းဆရာမလေးပါ။ မကြာခင်
သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်သွားကြပါလိမ့်မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, August 14, 2011

သရဲတွေ ပြေးကုန်ပြီ အချစ်လေး














တောင်ပေါ်မြို့လေး။ အေးရတဲ့အထဲ။ ဒီနေ့ညမှာ မိုးတွေရွာ ။ သရဲတွေ
ပြေးကုန်ပြီ အချစ်လေး။ လောကမှာ ဘုရားသ္ခင်တွေ သိပ်ပေါတယ်။
အ၀တ်အစားသစ်တွေနဲ့ မင်းဆီကိုလာဖို့ ပြင်ထားတယ်။ အေးစက် စို
စွတ်တဲ့ မိုးရေတွေထဲ မင်းဆီကို လာခဲ့မယ်။ ဘာမှ မကြောက်နဲ့ အချစ်
လေး။ သရဲတွေ ပြေးကုန်ပြီ။

ဒီ နီညိုရောင်ဂီတာဟာ ဟောင်းသလောက် ကောင်းတဲ့ သမိုင်းဝင်ဂီတာ
တလုံးကွဲ့။ ဒီကဗျာကိုတော့ ဘိုဆန်ဆန် “ဘလူးစ်ကဗျာ” လို့ပဲ ခေါ်ကြစို့။
ဒီကဗျာဟာ ဂီတာနဲ့တီးပြီး ရေးထားတဲ့အရာ။ သီချင်းဖြစ်သွားတဲ့ ဒီကဗျာ
ဟာ အမေရိကန်တောင်ပိုင်းက လူမည်းကျွန်တယောက်နဲ့လည်း အကြောင်း
ပါခဲ့တယ်။ နောက်တကြိမ် ရွေးကောက်ပွဲထပ်ဝင်မယ်ဆိုတဲ့သမ္မတ အိုဘား
မားနဲ့ ဘာမှမဆိုင်ဘူး။ “ဘလူးစ်ကဗျာဟာ” ဒီသီချင်းရဲ့နာမည်ပါ။ သေချာ
ပေါက် စောင့်နေ။ မိုးအေးနေလည်း ကိုယ်ရောက်အောင်လာခဲ့မယ်။

ဒီ ဘလူးစ်သီချင်းကို ကရင်လူထွားကြီး စိန်စတင်းဆိုသူ တီးတယ်။ သူဟာ
မြန်မာပြည် ဘီဘီကင်း မဟုတ်ဘူး။ ဆိုင်းဆရာ စိန်စတင်းလည်း နေရာမှား
ပြီး မွေးတဲ့အထဲမှာ ပါတယ်။ ဘာမှ မပူနဲ့ ။ ဟောဒီမှာ...တုန်ခါနေတဲ့ ကိုယ့်ရဲ့
အချစ်ကိုသာ ကိုးကွယ်ပါ။ ဂီတဟာ ဒို့ရဲ့ဘာသာတရား။ ဒို့ရဲ့ အစိုးရ။ ဒို့ရဲ့
ကောင်းကင်ဘုံ။ ဂီတဟာ မင်းနဲ့အတူအိပ်တဲ့ မွေ့ယာကြီးပေါ့ကွယ်။ သရဲ
တွေ ပြေးကုန်ပါပြီ အချစ်လေးရဲ့ ။ အသက်ကို ပုံမှန် ပြန်ရှူလိုက်ပါတော့။

ဘုရားကျောင်းတွေထဲ သွားရမှာ မင်းကြောက်တဲ့အခါ။ လုံးဝ ယုံကြည်စိတ်
ချလို့ မရနိုင်တဲ့ ဘာသာရေးသမားတွေနဲ့ မင်းမတွေ့ချင်တဲ့အခါ။ ကိုယ်ညတိုင်း
ဂီတာတီးနေကျ အရက်ဆိုင်ကိုသာ လာခဲ့ပါ။ မိုးရေတွေနဲ့ ညမှာ ဘလူးစ်ကဗျာ
သီချင်းကို ဆိုကြမယ်။ ကွယ်လွန်သူ ဂီတာသမားတွေလည်း ရောက်လာမယ်။
သရဲတွေ ပြေးကုန်ပါပြီကွယ်။

တချို့လူတွေက လိမ်လည်ဖို့အတွက် တရားသူကြီးလုပ်တယ်။ တချို့ကလည်း
ဘာအပြစ်မှမရှိပဲ ထောင်ထဲမှာနေဖို့ လောကထဲကို ရောက်လာတယ်။ တချို့က
ဘတ်စ်ကား မှားစီးဖို့၊ အချိန်ကို မှားကြည့်ဖို့ လောကထဲကို ရောက်လာတယ်။
ကိုယ်ကတော့ ဂီတာကိုတီးဖို့ ပြီးတော့ မင်းနဲ့ပွေ့ဖက်ပေါင်းသင်းဖို့ ရောက်လာ
တယ်။ တချို့လူတွေက သရဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်။

ဘ၀ဟာ မတိုလည်း မတိုဘူး။ မရှည်လည်း မရှည်ဘူးကွဲ့။ အေးတဲ့ညမှာ သီချင်း
ဆိုကြမယ်။ ဒီကမ္ဘာထဲ လေတွေတိုက်နေတာ ငါတို့ ဂီတာတီးနေကြလို့ပေါ့။
သရဲတွေရှိတဲ့ကမ္ဘာထဲ မိုးရွာတဲ့ဒီည တောင်ပေါ်မြို့လေးက အရက်ဆိုင်ထဲမှာ
သီချင်းတွေဆိုဖို့ မင်းဆီကို လာနေပြီ။ စောင့်လက်စနဲ့ စောင့်နေပါအချစ်လေး။
ကိုယ်လာတဲ့လမ်းမှာ သရဲတွေ ကခုန်လို့ ။ သူတို့လည်း ဂီတကိုမက်မော ဒို့လိုပဲ
ပျော်ကြတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, August 11, 2011

လူမှုရေးကိစ္စ















မိတ်ဆွေတဦးက ပြောဖူးတယ်။ လူမှုဆက်ဆံရေးမှာ ခပ်ခွါခွါဆက်ဆံတာ
အကောင်းဆုံးပဲတဲ့။ တစိမ်းဆန်တဲ့စကားပဲလို့ မှတ်ချက် ချခဲ့ဖူးပါတယ်။
သူက သင်္ဘောသားလူထွက် တဦးပါ။ သင်္ဘောပေါ်မှာ လပေါင်းများစွာ
ဒီလူတွေနဲ့ပဲ ပင်လယ်ထဲ အကြာကြီးကျက်စားခဲ့ဖူးတဲ့ လူပေါ့။ “သင်္ဘော
သားဘ၀က ထောင်သားဘ၀နဲ့ သိပ်မကွာဘူးဟ”လို့လည်း ဆိုဖူးပါတယ်။

သူဆိုလိုတာက ထောင်ထဲမှာပဲ ဖြစ်ဖြစ်၊ သင်္ဘောပေါ်မှာပဲ ဖြစ်ဖြစ် လူမှု
ဆက်ဆံရေးနယ်ပယ်က သိပ်ကျဉ်းလွန်းတယ်။ ငြင်းရခက်တဲ့ဆက်ဆံ
ရေးမျိုး။ နေ့စဉ်နေတိုင်း ဆုံချင်ချင်၊ မဆုံချင်ချင် ဒီလူတွေနဲ့ပဲ ဆုံနေရတယ်။
ဆက်ဆံနေရတယ်။ အနေအထိုင် မတတ်ရင် “ဂေါက်သွားမယ်” ဆိုပဲ။

ဒီနေရာမှာ “အနေအထိုင် မတတ်ရင်” ဆိုတဲ့စကားက ပညာပိုင်းဆိုင်ရာ
စကား ဖြစ်သွားပါပြီ။ နေနည်း ထိုင်နည်း တတ်ကျွမ်းဖို့လိုတယ်။ တတ်ရုံ
တင်မက ကျွမ်းကျင်ဖို့ပါလိုတယ်ဆိုတဲ့ သဘောပါ။ လူတိုင်းနဲ့အဆင်ပြေ
အောင် အကုန်လုံးကို လိုက်ပြီး မျက်နှာချိုသွေးနေရမှာလား။ ဒါမှမဟုတ်
ဖါသိဖါသာ ခပ်တည်တည်နဲ့ နေရမှာလား။ အခုတမျိုး တော်ကြာတမျိုး
လုပ်နေရမှာလား။ ဟန်ဆောင်ကောင်းဖို့ အဓိကလား။

မိတ်ဆွေ ပြောတာကတော့ ခပ်ခွါခွါဆက်ဆံရေးက ရေရှည်တည်တန့်ပါ
သတဲ့။ အတွေ့အကြုံသမားက ပညာစကားပြောခဲ့တာကို အတွေ့အကြုံ
နည်းစဉ်အခါက လက်ခံဖို့ မလွယ်ကူခဲ့ပါ။ “ကိုယ့်စေတနာအတိုင်း ရောင်
့ပြန်ဟပ်လိမ့်မယ်” ဆိုတဲ့အယူအဆကို သဘောကျလို့ စေတနာရှိတဲ့အတိုင်း။
စိတ်အရင်းအတိုင်းပဲ ဘ၀မှာ နေထိုင်ခဲ့ပါတယ်။ “အထာ” မထားဘူးပေါ့လေ။
“အစိမ်းလိုက်” ပဲ ဆက်ဆံခဲ့တယ်ပေါ့။

ခင်မင်သူများနဲ့ ရင်းရင်းနီးနီး ပျော်ပျော်ရွှင်ရွှင် အဆင့်ကနေ ချစ်ချစ်ခင်ခင်
့ဖြစ်လာရအောင် နီးနီးကပ်ကပ် ဆက်ဆံခဲ့ပါတယ်။ ကိုယ့်ဟာ သူ့ဟာ မခွဲ
အတူတူ တသားထဲ နေထိုင်ခဲ့ပါတယ်။ ကိုယ့်အိတ်ထဲက ပါပါသွားတာကို
ပါတယ်လို့ လုံးဝ မမြင်ခဲ့ပါဘူး။ နာတယ်လို့လည်း လုံးဝ မခံစားရခဲ့ပါဘူး။
သူတို့နဲ့အတူ ရင်းနီးပျော်ရွှင်ရေးသာ ပဓါန။ ကျန်တာ အကုန်လုံး သာမည။
အဆုံးမှာတော့။ မှတ်မှတ်ရရ တဦးစ နှစ်ဦးစက လွဲလို့။ ကျန်လူတွေအကုန်
လုံးနဲ့ ရေရှည်မှာအဆင် မပြေခဲ့ပါ။ ၀မ်းနည်းစရာ။

ချစ်ဇနီးကလည်း လွန်စွာမှပင် သဘောကောင်း၊ မနောကောင်း။ လင်ယောက်ျား
စိတ်ချမ်းသာရေးသာ အဓိကထားသူမို့။ ကိုယ့်မိတ်ဆွေ မှန်သမျှ၊ သူ့မိတ်ဆွေလို့
ခံယူပါတယ်။ ကိုယ့်ထက်လည်း သည်းခံ၊ စိတ်ရှည်ပြီး ကူညီတတ်သူပါ။ နောက်
ဆုံးမှာတော့ “စိတ်ရင်းအတိုင်း အစိမ်းလိုက်ဆက်ဆံရေးမူဝါဒ” ကို ကိုယ်တင်
မက ချစ်ဇနီးကပါ လက်မြှောက် အလျှော့ပေးလာရတာ စိတ်မကောင်းစရာပါ။
ချစ်သူ ခင်သူများနဲ့“နီးချင်ကာမှ ဝေး” ဆိုသလို ဖြစ်လာရပါတယ်။ အိမ်ကို
ဘယ်မိတ်ဆွေမှ ခေါ်မလာရေးမူဝါဒကို ချမှတ်ကျင့်သုံး ရတဲ့ အဆင့်အထိ
ရောက်လာခဲ့ပါတယ်။

အခုချိန်မှာတော့ မိတ်ဆွေ သင်္ဘောသား လူထွက်ကြီးရဲ့ ဆုံးမစကားကိုပဲ
အပြန်ပြန် အလှန်လှန် ကြားယောင်နေမိပါတော့တယ်။ ဒါပေမဲ့ “ခပ်ခွါခွါ”
ဆိုတဲ့ စကားကြီးက တစိမ်းမဆန်ဘူးလားဗျာ။ နောက်မိတ်ဆွေတဦးက
လည်း ခပ်မာမာ၊ ခပ်ပြတ်ပြတ် ဆုံးမဖူးတာရှိပါသေးတယ်။ “ဆယ်ပြား
လောက်ပဲ တန်တဲ့သူကို ဆယ်ပြားဖိုးလောက်ပဲ ဆက်ဆံရတယ်ဟဲ့” ဆိုပဲ။
တစိမ်းမဆန် လွန်းပေဘူးလား။ ရင်းနှီးပွင့်လင်းတာဟာ ပြဿနာတခုလား
ဆိုတာလည်း ပြန်လည်စမ်းစစ်လာရပါပြီ။ ပြဿနာက ကိုယ့်ဆီမှာပဲ အခြေ
ခံနေသလား ဆိုတာလည်း အမေးသာရှိ အဖြေမရှိ ဖြစ်လာနေပါပြီ။

အတွေ့အကြုံတွေ ရှိလာပေမဲ့လည်း စိတ်ရင်းအတိုင်း ဆက်ဆံရေးမူကိုတော့
မစွန့်လွှတ်ချင်သေးတာ အမှန်ပါ။ “ခပ်ခွါခွါနည်း” “ဆယ်ပြားဖိုးနည်း”တွေထက်
ကောင်းတာလေးများ ရှိသေးတယ်ဆိုရင်လည်း လမ်းညွှန်ပေးကြပါဦးလား
အရပ်ကတို့ရယ်။

(ရုပ်ပုံ၊ ဂူဂလ်)

Tuesday, August 9, 2011

အကောင်းမြင်သမားနဲ့ နောက်တပွဲ



















ဒေါက်တာ ကောင်းမြင်သူဟာ မြန်မာ့အရေး သိပ်ကိုကျွမ်းကျင်သူတဦးအဖြစ်
နိုင်ငံတကာ ပညာရှင်လောကမှာ ထင်ရှားကျော်ကြားပါတယ်။ နိုဘလ်ဆုလည်း
အကြိမ်ကြိမ်မှန်းထားပြီး အကြိမ်ကြိမ်လွဲနေသူ တဦးပါ။ မြန်မာပြည်မှာ ပြီးခဲ့တဲ့
နှစ် ရွေးကောက်ပွဲပြီးခါစက မြ၀တီသံရုပ်ဖုန်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်
ကို တင်ဆက်ခဲ့ဖူးပါတယ်။ ပရိတ်သတ်ကြီးရဲ့ အတင်းအဓ္ဓမ တောင်းဆိုချက်
တွေအရ တနှစ်နီးပါး ကြာလာတဲ့အချိန်မှာ နောက်တကြိမ်တွေ့ဆုံနိုင်ဖို့
Blueskyforest Co.Ltd က စီစဉ်ပေးခဲ့ရပါတယ်။

အခုတခေါက်တွေ့ဆုံမေးမြန်းခန်း တိုက်ရိုက်ထုတ်လွှင့်ချက်ဟာ အရင်တခါ
လို ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မှာ မဟုတ်တော့ပဲ တရုတ်မြန်မာနယ်
စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ပြုလုပ်တာပါ။ မေးမြန်းသူက ကချင်မလေး
“အလ်မိုးတိမ်” ဖြစ်ပါတယ်။

တိမ် ။ ။ ဒေါက်တာကောင်း တွေ့ရတာ ၀မ်းသာပါတယ်။

ကောင်း ။ ။ သိပ်ဝမ်းသာတာပေါ့ တိမ်ရယ်။

တိမ် ။ ။ ဒေါက်တာကောင်းက နိုင်ငံတကာဟောပြောပွဲတွေမှာ မြန်မာ့အရေး
ကို လှည့်ပြီး ဟောနေရတဲ့သူဆိုတော့ မြန်မာ့အရေးကို နိုင်ငံတကာအမြင်တွေနဲ့
ရှင်းပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ကောင်း ။ ။ ကိုယ့်အလုပ်က ဒါပါပဲ တိမ် ။ သိချင်တာ မေးပါ ။ သဘောပေါက်
ထားဖို့က ဒေါက်တာကောင်းမြင်အောင်ဟာ အကောင်းမြင်သမား စစ်စစ်ဖြစ်
တယ် ဆိုတာပါပဲ။ လောကကြီးကို ကောင်းစေချင်သူပါ။ ကောင်းအောင် နေ
တယ်။ ကောင်းတာကိုပဲ ပြောတယ်။ ကောင်းတာပဲ စားပြီး။ ကောင်းကောင်း
ကောင်းတတ်တယ် ဆိုတာပါပဲ။ ဟဲ..ဟဲ..ဟဲ..။

တိမ် ။ ။ ဒါနဲ့များ နိုဘလ်ဆုနဲ့ ဘာလို့လွဲလွဲ နေရပါလိမ့်နော်။

ကောင်း ။ ။ ကိုယ်လည်း ဒါကိုပဲ မေးနေတာ။ နိုဘလ်ဆုကော်မီတီမှာ ပြုပြင်
ပြောင်းလဲရေးတွေ လုပ်ဖို့လိုနေပြီလို့ ကိုယ်စာပို့ထားပါတယ်။ သူတို့အဖွဲ့က
ရွေးချယ်မှုတွေ တော်တော်လွဲမှားနေပါပြီ။ ပြီးခဲ့တဲ့အခေါက်ကဆို ဆုလာယူ
လို့ မရတဲ့ ထောင်ကျနေတဲ့ တရုတ်တယောက်ကို ပေးလိုက်တယ်။ အာဖဂန်နစ္စ
တန်မှာ ဗုံးမိုးရွာချနေတဲ့ အမေရိကန်လူမည်းသမ္မတကို ပေးလိုက်တယ်။ ဒါဟာ
လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ဟိုတရုတ်ကို ပေးမယ့်အစား ကိုယ့်ကို ပေးလိုက်ပေါ့။
အချိန်မရွေး ကိုယ်က သွားယူနိုင်နေတာပဲ။ နောက်တခါ တိုင်းပြည်ခေါင်းဆောင်
ကိုပဲ ပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း အိုဘားမားကို ပေးမယ့်အစား ဗိုလ်
ချုပ်မှုးကြီးသန်းရွှေကို ပေးသင့်တာပေါ့။ အခုတော့ အကုန်လုံး လွဲ။ ဒီလူတွေကို
ပေးလိုက်တော့ရော လောကကြီး ဘာတွေများ ထူးလာလို့တုံး။

တိမ် ။ ။ ဒေါက်တာကောင်း ရေသောက်လိုက်ပါဦး။

ကောင်း ။ ။ ကိုယ်က ကချင်ပြည်နယ်ရောက်တုန်း ရေထက် ခေါင်ရည်ကို
ပိုသောက်ချင်တယ်။ ရနိုင်မလား။

တိမ် ။ ။ ခေါင်ရည်လည်း စီစဉ်ထားပါတယ် ဒေါက်တာကောင်း။

ကောင်း ။ ။ ဗဲရီးဂွတ်....ဗဲရီးဂွတ်....။ အဟွတ်...အဟွတ်။ (ခေါင်ရည်
သီးသွားသည်)

တိမ် ။ ။ ဒေါက်တာကောင်းလည်း အပြင်မှာ ပစ်သံ၊ ခပ်သံတွေ ကြားနေ
ရမှာပေါ့။ ကျမတို့ မြန်မာပြည် ဘယ်တော့များမှ ပြည်တွင်းစစ် ပြီးဆုံးမယ်
လို့ ထင်ပါသလဲ။

ကောင်း ။ ။ ပြည်တွင်းစစ်ဆိုတာက ပြီးဆုံးကောင်းတဲ့ အရာမဟုတ်ဘူးကွဲ့။
စစ်ဆိုတာ လောကရဲ့ အဆင်တန်ဆာ တခု။ သူ မရှိလို့ မရဘူး။ သတ္တ၀ါရှိရင်
စစ်ရှိမယ်။ စစ်ပွဲတွေရှိလို့ လောကကြီး တိုးတက်နေတာ။ စစ်ဆိုတာ ပြိုင်ဆိုင်
မှုပဲ။ ပြိုင်ဆိုင်မှု မရှိရင် တိုးတက်မှု မရှိဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်ရှိနေ
လို့ စစ်သားတွေလည်း စစ်သားရဲ့အလုပ်ကို လုပ်တတ် ကိုင်တတ်နေတာ။
တော်လှန်ရေးသမားတွေကလည်း သတ္တိသွေးတွေ အမြဲကြွနေတာ။ အရည်
အချင်းတွေ အမြဲမြင့်အောင် လုပ်နေရတာ မဟုတ်လား။ စစ်ဆိုတာ လိုအပ်
တဲ့အရာပါ အလ်မိုးတိမ်ရယ်။ စစ်ပွဲမရှိတဲ့ တိုင်းပြည်ဟာ ကမ္ဘာ့အလည်မှာ
ဘယ်လောက် မျက်နှာငယ်ရသလဲ။“ ပြည်တွင်းစစ်ကို အားပေးပါ ” အလ်မိုး
တိမ်ရယ်။ ဟဲ...ဟဲ...။

တိမ် ။ ။ ဧရာဝတီမြစ်ကြီး ပျက်တော့မယ်ရှင့်။

ကောင်း ။ ။ ဘယ်ကလာ။ ညာကလာ။ နိုင်ငံရေးသမားတွေ ဆင်တဲ့အကွက်ထဲ
အလွယ်တကူ မ၀င်ကြပါနဲ့။ ဧရာဝတီမြစ် မပျက်ပါဘူး။ မပျက်တဲ့အပြင် တရုတ်
ပြည်က ထပ်ပြီး စီးဆင်းလာမယ့် မြစ်အသစ်တွေတောင် မြန်မာပြည်မှာ ပေါ်လာ
ဦးမှာပါ။ တရုတ်ပြည်က မြစ်တွေ လမ်းကြောင်းပြောင်းပြီး မြန်မာပြည်ဘက်ကို
လှည့်ဖို့ ဦးတည်နေကြပါပြီ။ မြစ်ဆုံမှာ ရေကာတာ ဆောက်တယ်ဆိုတာ တရုတ်
ပြည်မှာ အိပ်နေသလောက်ပဲ ရှိပါသေးတယ်။ ဒီလောက်နဲ့တော့ ငါဒို့ဧရာဝတီ
မပျက်နိုင်ပါဘူး။ ကိုယ်ပြောတာကို ယုံပါ ။

တိမ် ။ ။ အရပ်သားအစိုးရကလည်း ဘာမှ မထူးပါလား ဒေါက်တာကောင်းရဲ့။

ကောင်း ။ ။ သာမန်အကြည့်နဲ့ ဆိုရင်တော့ ဘယ်အရာမှ တကယ့် အဖြစ်မှန်ကို
မမြင်ရနိုင်ဘူးကွဲ့။ ငါဒို့ မြန်မာ့နိုင်ငံရေးဆိုတာ သိပ်ပြီးသိမ်မွေ့တယ်။ နုညံ့တယ်။
အကိုင်အတွယ် မတတ်ရင် ကွဲကြေသွားနိုင်တယ်။ တကယ်တော့ မြန်မာပြည်ဟာ
ထူးထူးခြားခြားကို ကောင်းမွန်နေတာပါ။နို်င်ငံတကာကတောင် လိုလိုလားလားနဲ့
ကြိုဆိုနေကြပြီမဟုတ်လား။ ဦးအောင်ကြည်နဲ့ ဒေါ်စုတို့လည်း ကြေညာချက်
တစောင်ကို နှစ်ယောက်အတူတွဲပြီး ထုတ်ကြတဲ့အဆင့်တွေ ရောက်နေပြီလေ။
အမှန်ကို မြင်အောင်ကြည့်နိုင်ဖို့ ကြိုးစားကြပါဦး။

တိမ် ။ ။ ကဲ..ကဲ.. အချိန်ပြည့်တော့မှာမို့ ကျေးဂျူးကမ္ဘာပါ ဒေါက်တာကောင်း ။

ကောင်း ။ ။ အောရိုက်...အောရိုက်...။ အဲနီးတိုင်းမ်ပါပဲ..အဲ..ဟဲ...ဟဲ..ဟဲ..

လိုင်ဇာမြို့ ကချင်ရုပ်သံလွှင့်ဌာနရဲ့အပြင်ဘက်မှာ လူအုပ်ကြီး လှုပ်လှုပ်
ရွရွ ဖြစ်နေတာ ဒေါက်တာကောင်းမြင်သူ မသိရှာ။ ဒီလူအုပ်ကြီးဟာ မကြာ
ခင်တုန်းက ရန်ကုန်မြို့ သုဝဏ္ဏအားကွင်းမှာ အိုမန်အသင်းကို မှတ်လောက်
သားလောက်အောင် မြန်မာ့သွေးပြခဲ့ကြတဲ့ နိုင်ငံဂုဏ်ဆောင်
ဘောလုံးပရိတ်
သတ်ကြီးဆိုတာကို ဒေါက်တာကောင်းတယောက် သိမယ်ဆိုရင်
...။ သူ့ရဲ့
အယူအဆ၊ အပြောအဆိုနဲ့
သူ့ရဲ့ကံကြမ္မာပါ အကြီးအကျယ် ပြောင်းလဲသွား
လိမ့်
မယ်ဆိုတာကို တွေးမိပြီး ကချင်မလေး အလ်မိုးတိမ်က ပြုံးပြလိုက်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, August 5, 2011

“မ”တဲ့ကိန်း ဆိုက်မည်













နေပြည်တော်နိုင်ငံရေးလောကမှာ အခုတလော ရေပန်းစားနေတဲ့ ဝေါဟာရက
“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး” ဖြစ်ပါတယ်။ ချိတ်ထမီဝတ် ကိုသိန်းစိန်တို့ရဲ့
အရပ်သားစစ်စစ် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ခပ်တည်တည်နဲ့ ကျယ်
လောင်ကျယ်လောင် ပြောနေကြတဲ့ အသုံးအနှုံးပါ။ ခေါင်းစဉ်ကတော့ (ထုံးစံ
အတိုင်း) ဟုတ်နေပါရောလား။ မြန်မာပြည်က ဆင်းရဲမှုတွေ ပပျောက်သွား
အောင် လုပ်ကြတော့မယ်ပေါ့။ သိုင်းကြ၊ ၀ိုင်းကြတော့မယ်ပေါ့။

အကိုသိန်းစိန်ရဲ့ ညာသံပေးချက်ကြောင့် ငဒို့ဆင်းရဲသားတွေလည်း ထိုင်ရ
မလို ထရမလိုနဲ့ “ကွတတ” ဖြစ်ကြရပါတယ်။ ဆင်းရဲမှုတွေကို တိုက်ဖျက်
မယ်ဆိုတာ ငဒို့တွေကိုများ သတ်ပစ်ကြတော့မလို့လားပေါ့။ နဂိုကမှ ဆင်းရဲ
ရတဲ့အထဲ စိုးရိမ်စိတ်တွေပါ ထပ်တိုးလာခဲ့ရသပေါ့ ကိုသိန်းစိန်ရယ်။ အထိပ်
ရယ်တဲ့မှ တလန့်် တလန့်။

မကြာခင်တုန်းကပဲ ငဒို့ရဲ့မိတ်ဆွေ ဆင်းရဲသား အဖေါ်သဟာ ဘလော်ဂါကြီး
ဇာနည်းဝင်း
နဲ့ လိုင်းပေါ်မှာဆုံကြတော့ သူ့ဂျီမေးရဲ့ဆောင်ပုဒ်ကလည်း မလူး
သာ မလွန့်သာကြီး။ ဘာတဲ့..“သူတို့ပဲ ဆင်းရဲအောင် လုပ်ခဲ့ကြပြီးတော့ အခု
တခါ ပပျောက်အောင် လုပ်ဦးမတဲ့” ဆိုလား။ ဟုတ်သားပဲ။ ကိုသိန်းစိန်တို့
ပဲ တိုင်းပြည်ကို ဆင်းရဲအောင်လုပ်နေတာ မဟုတ်လား။ လုပ်ခဲ့ကြတာ
မဟုတ်ဘူးလား။ ဘယ့်နှယ်...“သူခိုးက လူလူဟစ်” ဆိုတာမျိုးကြီး ဖြစ်
မနေဘူးလား ပေါ့နော်။

ငဒို့ ဆင်းရဲသားတွေဆိုတာက ဘာစည်းစိမ်မှ မရှိတော့ ရှိတဲ့ ဆင်းရဲမှု
လေးကိုပဲ ဟာသနှောပြီး ပျော်အောင်နေတတ်ကြတာကလား။ အဲဒါ
ကြောင့် ဘလော်ဂါဇာနည်ဝင်းကို ပြုံးစေဖို့ “ဟိတ်လူ။ တကယ်တမ်းက
ချမ်းသာမှုတွေကို ပပျောက်အောင်လုပ်ရမှာ မဟုတ်ဘူးလား” လို့ ပြန်ပြီး
နောက်လိုက်ပါတယ်။ သူကလည်း ထောက်ခံသဗျ။ “ဟုတ်တယ်။ အဲဒါက
ပိုလွယ်မယ်” တဲ့။ “သိပ်တော့လည်း လွယ်မယ်မထင်နဲ့ မြန်မာပြည်မှာ
ချမ်းသာတဲ့ သူတွေက သေနပ်ကြီးတွေနဲ့ အကိုရဲ့လို့ ” သတိပြန်ပေးခဲ့
ရတယ်။

ဟုတ်တော့လည်း ဟုတ်တယ်။ ငဒို့လို ဆင်းရဲသားတွေက တိုင်းပြည်မှာ
အများစု မဟုတ်လား။ ဒီလောက်ကြီးတဲ့ ဆင်းရဲမှုကြီးကို ပပျောက်အောင်
လုပ်ဖို့ဆိုတာ ချိတ်ထမီအုပ်စုရဲ့ အရည်အသွေးနဲ့ ဖြစ်နိုင်ပါ့မလား။ သူတို့က
အာဏာသိမ်းတာနဲ့ ပြည်သူတွေကို နှိပ်စက်တာလောက်ပဲ တတ်ကြတာ
မဟုတ်လား။ မဖြစ်နိုင်တာကြီး လူထင်ကြီးအောင်လျှောက်ပြောနေမယ့်
အစား။ လူနည်းစုဖြစ်တဲ့ ချမ်းသာနေကြသူတွေကို ပပျောက်အောင် လုပ်
လိုက်ရင် ငဒို့ တတိုင်းပြည်လုံး “တပြေးညီ” ဖြစ်သွားနိုင်တာပေါ့။

အဲဒီလိုလုပ်ရင် ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်တွေကို ပြန်ရောက်
သွားမှာ စိုးရိမ်ရတယ်လို့ ဝေဖန်ကြလိမ့်မယ်။ ကိုသိန်းစိန်တို့က ဒီမိုကရေ
စီကို “အာရုံပြုပြီး” သွားနေကြတာ။ အနှောက်အယှက် မပေးနဲ့။ “နာသွား
ချင်လား”လို့ ၀ိုင်းပြီး ဆုံးမကြလိမ့်မယ်။ ငဒို့က အပြုသဘောနဲ့ ထောက်ပြ
တာပါဗျာ။ မနာချင်ပါဘူး။ ဘေးအိမ်က တရုတ်ပြည်ကိုပဲ ကြည့်လိုက်။
ကွန်မြူနစ်ကြီး မဟုတ်ဘူးလား။ ချမ်းသာလိုက်တာမှ “ဝေါမိသောဖေါ” ပဲ။
အရင် မြန်မာ့ဆိုရှယ်လစ်ခေတ်တုန်းက အခုထက်တောင် နေရထိုင်ရ
အဆင်ပြေသေး။ အဲဒီခေတ်ကို ပြန်ရောက်လည်း ခပ်ကောင်းကောင်း
မဟုတ်လား။

ငဒို့ကတော့ ဆင်းရဲမှုလေး မပပျောက်ချင်ပေါင်။ ချမ်းသာသူတွေ ပပျောက်
ရင်ပဲ ၀မ်းသာရမှာပါ ကိုသိန်းစိန်ရယ်။ ချိတ်ထမီကြီးလည်း ကျွတ်ကျ နေပါ
ဦးမယ်ကွယ်။ မဟုတ်တာတွေ လျှောက်မပြောနဲ့တော့နော်။ အသက်လည်း
ကြီးလာပြီ မှုတ်လား။ အာဏာကို မြန်မြန် ပြန်လွှဲပေးလိုက်။ ဗိုလ်သန်းရွှေဆီ
မဟုတ်ဘူးဟဲ့။ နိုဘလ်ဆုရှင် “သည်လေဒီ” ဆီကိုပြောတာ။ သူ့ခင်မျာလည်း
အသက်က ကြီးရှာပေါ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, August 4, 2011

ချိုးပြော မိုးပြော နိုးဆော်ချက်



















ယခုသည် ယခင်နှင့် မတူတော့ပေ။ (ရှင်းမှ ရှင်းကြပါ့မလား မသိ) ယပက်
လက်နှင့် ခကွေး ပါတာချင်း အတူတူ။ အဓိပ္ဗါယ်က တခြားစီ။ ဆိုလိုချင်တာ
က ယနေ့ခေတ်သည်ကား “ဝေးသူများ နီးရသောခေတ်ကြီး” ဖြစ်ပေကြောင်း
အများတကာ သိပြီးသား ပြာလဲ့ကို ဇာချဲ့နေခြင်းပင် ဖြစ်တော့သည်။

တကယ်ပြောချင်သည်က မလာသေး။ (ဟေ) ဝေ့ခြင်း၊ ၀ိုက်ခြင်း၊ ချော်
တောငေါ့ခြင်းနှင့် သဝေထိုးခြင်းတို့မှာ မရင့်ကျက်ရှာသော စာရေးသူတို့၏
ထုံးစံဖြစ်သည်ကို သင်ခန်းစာယူနိုင်ရန် နမူနာ ပြသနေခြင်းဖြစ်သည်။
ကိုင်း...။ ငါဟာ ဘာကိုပြောချင်နေသနည်း။ ပြောစရာရှိသည်ကို ဒဲ့ (တည့်)
မပြောပဲ သိုင်းနေ ၀ိုင်းနေသည်မှာ အကြောင်းရှိသလား။ ရှင်းအံ့။

အခုတလော မြန်မာပြည်က နာမည်ကျော်စာရေးသူတို့၏ ဟောသံ ပြော
သံများကို အင်တာနက်ကောင်းကျိုးဖြင့် ကမ္ဘာအနှံ့နေ ရွှေမြန်မာများ
လွယ်လင့်တကူ နားသောတ ဆင်နေကြရသည်။ ကောင်းပေစွ။ မြန်မာ
စာရေးဆရာ အဖိုအမများသည်လည်း ပြည်တွင်း၌သာမ ပြည်ပနိုင်ငံ
များသို့တိုင် ထိုမှတဆင့် ၊ ဟိုမှတဆင့် ကူးချီသန်းချီဖြင့်ပင် ဟောပြော
နေကြရသည်ကို မြင်နေ ကြားနေရသည်မှာ ၀မ်းသာ ၀မ်းမြောက် ဖြစ်
၍ မဆုံးပါ။ ကောင်းပေစွ....ကောင်းပေစွ။

သို့ရာတွင် အချို့သော စာရေးသူတို့မှာကား သေချာကြိုတင် ပြင်ဆင်
ထားပုံ မရ။ ကျကျနန၊ ပီပီပြင်ပြင်၊ ထိထိရောက်ရောက်၊ မိမိပေါက်
ပေါက် မပြောနိုင် မဟောနိုင်ရှာ။ ယခုဖတ်နေရသော စာကဲ့သို့ ရှည်
လျှား၊ေ၀၀ါး၊ ပေများနေရှာသည်။ နိုင်ငံခြားတိုင်းပြည်သို့ တကူးတ
က ထွက်လာပြီးမှ ဟောပြောသည့် စင်မြင့်ပေါ်တွင် အတည်ပေါက်
နှင့် ယောင်လည်လည်ဖြစ်၍ နေရှာသည်။

ပရိတ်သတ်တို့ကလည်း နာမည်ကြီးပုဂ္ဂိုလ်ပြောတာ နားထောင်ရပြီး
ရော ပြောချင်ရာပြော ဆိုသည့်သဘောများလား မသိ။ အကြောင်း
အရာတခု ဆုံးလေတိုင်း လက်ခုတ်လက်ဝါးများ တီးပေးကြရှာသည်။
အဟောကောင်း အပြောကောင်း ပုဂ္ဂိုလ်များလည်း ရှိကြပါသည်။
တချို့ဆိုလျှင် ဟောရုံပြောရုံတင်မက ဟန်နှင့်မာန်နှင့် ဆိုပါပြလိုက်
ပါသေးသည်။

တချို့စာဟောဆရာများမှာ ယဉ်ကျေးမှု ဓါတ်လိုက်သည်ထင့်။
အမှတ်မထင် သူရောက်လာသော တိုင်းပြည်က မြင်ကွင်းများအား
ထိုတိုင်းပြည်တွင်ရောက်နေသည့် မြန်မာများကို စင်ပေါ်က တဆင့်
တအံ့တသြ ပြန်၍ပြောပြနေသည်မှာ မိနစ်နှစ်ဆယ်ခန့်ကြာလေသည်။
ဟောလိုက် ပြောလိုက်သည်မှာလည်း တနာရီမက နှစ်နာရီနီးပါး။
နားထောင်ရသူအဖို့ မသက်သာလှ။ အချို့စာရေးသူများမှာ ပရိတ်
သတ်ထဲက စာဖတ်သူများလောက် အသိအမြင် မရှိလှ။ ခပ်တည်
တည်တော့ ရှိကြရှာသည်။

ကဲ။ ငါပြောချင်တာကို ပြောပြီးပြီတဲ့လား။ မပြီးသေးပါ။ အတွန့်တက်
စရာ ကျန်နေပါသေးသည်။ အချွန်ဖြင့်“မ” သည်ဟု သဘော မထားရန်
လည်း အတည်ပေါက်နှင့် ကြိုတင် အသိပေးအပ်ပါသည်။ တက်စရာ
ကျန်သည့်အတွန့်ကို စ၍ ပြောပါမည်။ ဒီလိုပါ။

ရွှေမြန်မာများ ရာနှင့်ထောင်နှင့်ချီ၍ ရောက်ရှိနေထိုင်ကြသော တိုင်း
ပြည်များ၌ အနည်းဆုံး ဘလော်ဂါ သုံးဦး၊ လေးဦးမက ရှိနေကြသည်မှာ
အတော်ကြာပေပြီ။ ၄င်းတို့၏ ရေးသက်နှင့် လက်ရာများသည်လည်း
အတန်အသင့် ရင့်ကျက်နေသည်ကို တွေ့ရသည်။ တင်ပြပုံ၊ စေတနာ၊
ကြိုးပမ်းအားထုတ်မှုတို့မှာ အသိအမှတ်ပြုရမည့် အနေအထားတွင် ရှိ
နေပါပြီ။ ဖေတော့မောင်တော့ စာဖြစ်ပြီးရော။ ငါရေး နင်ဖတ် ဆိုတာမျိုး
ရှားပါသည်။

ထိုဘလော်ဂါများအား စာရေးဆရာများအဖြစ် အီစကိုက အသိအမှတ်
ပြုပါသည်။ လေးစားဂုဏ်ယူပါသည်။ ထိုအရပ်ဒေသ၌ ရှိကြကုန်သော
ရွှေမိသားစုအသိုင်းအ၀ိုင်းက ထိုဘလော်ဂါများကို သူတို့ဒေသထွက်
စာရေးဆရာများအဖြစ် တန်ဘိုးထားသင့်သည်ဟုလည်း ရှုမြင်ပါသည်။
မြန်မာပြည်က စာရေးသူ၊ ဟောသူများကို ပင့်ဖိတ်ဟောပြောစေသည့်
အခါများတွင်လည်း ဒေသခံ ဘလော်ဂါများအား ထိုအကျော်အမော်
များနှင့် ပူးတွဲ၍ ပွဲထုတ်ပေးသင့်သည်ဟု တိုက်တွန်းချင်ပါသည်။

ဤကဲ့သို့လုပ်လျှင် မည်ကဲ့သို့ဖြစ်လာမည်နည်းဟု မေးခွန်းထုတ်ဖွယ်
ရှိပါသည်။ ထုတ်သင့်သော မေးခွန်းလည်း ဖြစ်ပါသည်။ ရှင်းအံ့။
ဒေသခံဘလော်ဂါများကို ဤသို့ အားပေးမြှောက်စားခြင်းအားဖြင့်
ကောင်းမွန်သည့် အကျိုးရလာဒ်များ တခုထက်မက များစွာထွက်ပေါ်
လာနိုင်ပါသည်။

မြန်မာ့ဘလော်ဂါလောက တဆင့်မြင့်လာမည်။ ဘလော်ဂါများ ပိုမို
ကောင်းမွန်အောင် ဖန်တီးအားထုတ်လာကြမည်။ သာမန်ဘလော်ဂါ
ဘ၀မှ စာရေးဆရာအဆင့်အထိ ရောက်လာနိုင်သည်။ (ရောက်နှင့်ပြီး
သူအချို့လည်း ရှိနေကြပါပြီလေ) စာရေးကောင်းသူအဖြစ်မှ အဟော
အပြောကောင်းသူအဖြစ် ရောက်ရှိလာနိုင်သည်။ ပြည်ပဘလော်ဂါ
ဟောပြောမှုများအား ပြည်တွင်းပရိတ်သတ်က အားပေးခွင့်ရလာမည်။
အွန်လိုင်းဟောပြောပွဲတွေ ဖြစ်လာနိုင်သည်။ ဆက်၍ စဉ်းစားလျှင်
အများအပြား ရှိပါသေးသည်။

ဤတွင် မေးစရာတခုလည်း ထပ်၍ ပေါ်လာနိုင်ပါသေးသည်။ နင်က
ဒီကိစ္စကို နှပ်ကြောင်းပေးပြီး ရေးနေတာက နင်ကိုယ်တိုင် ဟောချင်
ပြောချင်နေလို့ မဟုတ်လား။ မြန်မာပြည်က အကျော်အမော်တွေနဲ့
ခြေရာ တိုင်းချင်နေလို့လား။ ဘလော်ဂါဝါးမှ မ၀သေးခင် ငါးကြင်း
ခေါင်းကို တက်ကိုင်ချင်နေသလား။ နင့်အကြံ ဒါ အကုန်ပဲလား။
စသဖြင့်ပေါ့လေ။

သူလည်းလေ လောကီသားပေမို့ ဟောချင်ရှာမပေါ့ဟု ဆိုသော်
ရ၏။ သို့သော် အကျွနု်ပ်သည်ကား မြန်မာစကားကို မပီရုံမျှ မက
ပြောရင်း ထစ်နေတတ်သည်ကလည်း မွေးရာပါမို့ အခြားဘလော်
ဂါတို့ ပြောတာ ဟောတာများကိုသာ ပို၍ နားဆင် ငေးမောလိုပါ
ကြောင်း။ ထို့ပြင်တ၀ အကျွနု်ပ်နေထိုင်ရာ ဒေသတွင်ကား မြန်မာ
စာပေအကျော်အမော်များအပြင် အနုပညာရှင်ကြီးများလည်း
ထီးထီးမားမား ရှိနေသဖြင့် အကျွန်ုပ်ဘလော်ဂါ ငမောင် ခေါင်း
မျှဖြင့် မထောင်ဝံ့ပါကြောင်း။


(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, August 2, 2011

ဆန့်ကျင်ရေးသမားရဲ့မင်္ဂလာဆောင်



















ကောင်လေးကို ၁၉၈၈ခုနှစ်မှာ မွေးခဲ့တယ်ဆိုကတည်းက သဘောပေါက်လိုက်
တော့။ တတိုင်းပြည်လုံး တရုန်းရုန်းနဲ့ မြို့တကာ နယ်တကာမှာ အစိုးရကို ဆန့်
ကျင်နေကြတဲ့ အချိန်ပေါ့။ သူတို့နယ်မှာတော့ ဒီအဖြစ်အပျက် ကာလကြီးကို
“ဒို့အရေး” ကာလလို့ ခေါ်ကြတယ်။ တနိုင်ငံလုံး ဘယ်ကိုပဲ သွားသွား ဒီအသံ
ကိုပဲ ကြားနေရတာကိုး။

အဖြစ်က ဆိုးချင်တော့ သူ့ကိုမွေးဖို့ သူ့အမေ ဗိုက်နာနေတဲ့အချိန် ဆေးရုံကို အချိန်
မီ ရောက်ဖို့ သူ့အဖေနဲ့အမေဟာ သပိတ်တပ်ဖွဲ့တွေနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ
ကြားက ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဆေးရုံမှာ ဆေးက မစုံတော့ အပြင်ကို
ဆေးအ၀ယ်ထွက်ရင်း သူ့အဖေပျောက်သွားလိုက်တာ အခုချိန်ထိ ပေါ်မလာတော့
ဘူး။ တွက်ကြည့်လေ အခုပဲ ကောင်လေးအသက်က ၂၃နှစ်။ သူ့အဖေက အဖမ်းခံ
ရတာလား။ အသတ်ခံရတာလား။ ဘာမှန်းကို မသိဘူး။ တနေ့ကပဲ ကောင်လေး
မင်္ဂလာဆောင်လိုက်ပါပြီ။

ဆန်းဆန်းပြားပြား။ သူ့မင်္ဂလာဆောင် အခန်းအနားက ခွပ်ဒေါင်းအလံကို အလေးပြု
တာနဲ့ စတင်သတဲ့။ ပြီးတော့ ထုံးစံအတိုင်း ကျဆုံးလေပြီးကုန်သော အာဇာနည်ခွပ်
ဒေါင်းအပေါင်းအား အလေးပြုကြပြန်သတဲ့။ တမိနစ် ညိမ်ရသတဲ့။ ပြီးတော့တခါ
မတရားသဖြင့် အကျဉ်းချခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်လည်း
တမိနစ်ထပ်ပြီး ညိမ်ရသတဲ့။ အခန်းအနား အစီအစဉ် ၂ အရ ဒေါ်အောင်ဆန်းစု
ကြည်ရဲ့ မိန့်ခွန်းကို နားထောင်ရသေးသတဲ့။ နိုင်ငံတော် အလံသစ်ကိုလည်း
ဖနောင့်နဲ့ ၀ိုင်းပေါက်ခဲ့ကြသေးသတဲ့။ ဘာပဲပြောပြော သူတို့မင်္ဂလာဆောင်က
နိုင်ငံရေးအခန်းအနားလိုလို၊ မွေးနေ့လိုလို၊ ဆွမ်းကြွေးလိုလိုနဲ့ တော်တော် ပျော်
ဖို့ကောင်းဆိုပဲ။

ဆန့်ကျင်ရေးကာလကြီးမှာ မွေးလာတဲ့သူ။ စီးပွါးရေးနိမ့်ကျလို့ ပတ်ဝန်းကျင်ရဲ့
အနှိမ်ခံဘ၀နဲ့ ကြုံရသူ။ အဖမဲ့သား ရေနည်းငါး။ ပညာရေးကလည်း မ၀ တ၀။
ကျန်းမာရေးကလည်း မ၀ တ၀။ လူမှုရေးကလည်း မ၀ တ၀။ အရာရာအားလုံးက
သူ့ကို ဆန့်ကျင်ထားကြတယ်လို့ ခံစားခဲ့ရတယ်။ အရာရာကိုလည်း သူက ပြန်ဆန့်
ကျင်ရင်းနဲ့ ဘ၀ကိုတည်ငြိမ်အောင် ထိမ်းညှိခဲ့ရတယ်။ တကယ်တော့ သူတယောက်
ထဲ ဒီလိုဖြစ်နေတာ မဟုတ်ဘူးဆိုတာကို တဖြေးဖြေးနဲ့ သိလာခဲ့တော့ နေသာထိုင်
သာ ရှိလာသတဲ့။

ဒီလိုနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လှန်ရေးသမားလေး။ ဆန့်ကျင်ရေးသမားလေး
ဖြစ်ခဲ့ရသပေါ့။ သတင်းစာတွေကို ဆန့်ကျင်။ ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေကို
ဆန့်ကျင်။ စစ်တပ်ရှိရာ အရပ်ကို ဆန့်ကျင်။ အာဏာပိုင်တွေကို ဆန့်ကျင်။ နိုင်ငံ
တော်အလံကို ဆန့်ကျင်။ နိုင်ငံတော် သံဃာ့မဟာနာယကကို ဆန့်ကျင်။ ဆန့်ကျင်မှု
တွေနဲ့ အသားကျနေသူလေး တနေ့တော့ ဆန္ဒပြမှုတခုမှာ အဖမ်းခံရလို့ ကောင်လေး
ထောင်ကျခဲ့ပါလေရော။ ကံကောင်းချင်တော့ ၄နှစ်လောက်နဲ့ ပြန်လွတ်လာခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတဲ့ ဘွဲ့တခု ရလာတော့ ဆန့်ကျင်ရေးလုပ်ရတာ ပို
ပြီး တရားဝင်လာသလို၊ ဂုဏ်တက်လာသလို ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ သူများ
တွေလိုပဲ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ကောင်လေး ရောက်လာခဲ့ပါ
တယ်။ ပြည်ပကို ရောက်လာပေမဲ့လည်း ကောင်လေးက ဆက်ပြီးဆန့်ကျင်နေဆဲပါ။
သူတယောက်ထဲ ဆန့်ကျင်နေတာမှ မဟုတ်ပဲကိုး။ ပြည်ပမှာလည်း အဖေါ်တွေက
အများကြီး။ ပိုတောင်ပျော်ဖို့ ကောင်းလာသေး။

အခုနောက်ဆုံး နော်ဝေနိုင်ငံအထိပါ ကောင်လေးရောက်လာခဲ့ပါပြီ။ နော်ဝေမှာ
ကောင်လေး အိမ်ထောင်ကျပါတယ်။ သူ့ဇနီးက ဒုက္ခသည်စခန်းမှာမွေး၊ အဲဒီမှာပဲ
ကြီးပြီး နော်ဝေကို မကြာခင်ကမှ ရောက်လာသူ။ မြန်မာစကားလုံးဝ မတတ်တဲ့
ကရင်မလေးပါ။ ကောင်လေးက နယ်စပ်မှာနေတုန်း ကရင်စကားကို အလုပ်ဖြစ်
အောင်ပြောတတ်ခဲ့တယ်။ အခုတော့ သူတို့ နော်ဝေမှာ ညားကြပြီ။

ကောင်မလေးက မြန်မာပြည်အကြောင်းကိုရော၊ နိုင်ငံရေးအကြောင်းကိုရော၊
လောကကြီး အကြောင်းကိုရော ဘာမှ သိလှတာ မဟုတ်။ ရိုးရိုး၊ ရှင်းရှင်းနဲ့ အေး
အေးလေး။ ဗမာတွေ မကောင်းဘူးဆိုတာတောင် သူ့အမိုးပြောလို့ ကြားဖူးတာ။
တကယ် ကောင်းလား၊ မကောင်းလား သူကောင်းကောင်းသိတာ မဟုတ်။ အေး
အေးနေမယ်။ ပျော်ပျော်နေမယ်။ ဒါပဲ။ မင်္ဂလာဆောင်မှာ သူများတွေက အလေး
ပြုဆို သူကလည်း လိုက်ပြု။ တမိနစ်ညိမ်ဆို လိုက်ညိမ်။ ပြုံးပြုံးလေးပဲတဲ့။

မင်္ဂလာမဆောင်ခင် တရက်က ကောင်လေးကို သူက မေးသတဲ့။ နင် ဆန့်ကျင်
နေတာတွေက ဘယ်တော့မှ ရပ်မှာလဲတဲ့။ ကောင်လေးက ခဏစဉ်းစားလိုက်ပြီး
ပြုံးပြုံးလေး ပြန်ဖြေပါတယ်။ မရပ်နိုင်ဘူးဟ။ ငါက မွေးကတည်းက ဆန့်ကျင်လာခဲ့
တော့ သေတဲ့အထိ ဆန့်ကျင်သွားရလိမ့်မယ်တဲ့။ ကောင်မလေးက အဲဒါဆိုလည်း
ပြီးတာပဲလို့ ပြန်ပြောသတဲ့။ ပြုံးပြုံးလေးပါပဲ။

(ရုပ်ပုံ ၊ Banksy)

Monday, August 1, 2011

ဇတ်သိမ်းကောင်းရေးမူဝါဒဆိုင်ရာ အကြံပြုစာတမ်း (ကန့်သတ်)















ကဗျာ၏ ပိုင်ရှင်မှာ “စကားပြေ” ဖြစ်ပါသည်။ စကားပြေသည် အဖို မဟုတ်
အမ ဖြစ်၏။ စကားပြေမသည် ကိုယ်ဝန် နှစ်ကြိမ်ပျက်ကျဖူးသူပြီး သားသမီး
သုံးဦး မွေးမြူထားသည့် အသက်လေးဆယ်ကျော် ခပ်ချောချော ခပ်တောင့်
တောင့် တခုလတ် အမျိုးသမီးဖြစ်၏။ ၄င်းတို့အိမ်၌ ကဗျာဟုအမည်ရသော
ကုန်စုံဆိုင်ကလေးဖွင့်ကာ စီးပွါးရှာကြလေသည်။

သားအကြီးဆုံး၏ အမည်မှာ “စာညွန့်”ဖြစ်ပြီး အလတ်ကောင်ကို “စာစီကုံး”
ဟုခေါ်ပါသည်။ အငယ်ဆုံးသမီးမှာ “သဒ္ဒါ” ဖြစ်လေသည်။ စကားပြေ၏
သားသမီး သုံးဦးသည် လွန်စွာမှ ကမြင်းကျောထတတ်ကြပြီး တဦးကိုတဦး
အမြဲရန်ရှာနေလေ့ရှိသည်။ ညအိပ်ရာဝင်ချိန်၌ စကားပြေသည် သားသမီး
တို့အား ပုံပြင် ပြောပြရ၏။ ထိုအချိန်သာလျှင် ကလေးများ ငြိမ်နေတတ်လေ
သည်။

စကားပြေ၏ ပုံပြောနည်းမှာ အများနှင့်မတူ မေးခွန်းများ ပါဝင်နေတတ်
သည်။ “မိုးလင်းခါနီး ရေတွေထဲမှာ တဗွမ်းဗွမ်းနဲ့ ကြားနေရတယ် ဘာများ
တုံးဟဲ့” ဟု မေးသော်။ အလတ်ကောင် စာစီကုံးက “အဲဒါ အမတ်ကြီးဦးပေါ်ဦး
စိတ်ညစ်ညစ်နဲ့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးနေတာပေါ့ဗျ” ဟု ဖြေလေသည်။
အကြီးကောင် စာညွန့်ကတော့ “ ဘယ်ကလာ...တဗွမ်းဗွမ်းနဲ့ အသံထွက်နေ
တာက မစ္စပီမြစ်ထဲကို မြန်မာဒုက္ခသည်တွေ ဒိုင်ဗင်ထိုးနေကြတာဗျ” ဟု
ပြောလေ၏။ အငယ်မ သဒ္ဒါကတော့ “တဗွမ်းဗွမ်းအသံက ဂင်္ဂါမြစ်ထဲမှာ
အာနန္ဒာ ငါးကြီးတွေ ပွက်နေတဲ့အသံပါ အမေရယ်”လို့ပြော၏။ ထိုအခါ အမေ
လုပ်သူက ဇတ်ကို လှပစွာ ပေါင်းလေ၏။

“အမေရိကားရောက် မြန်မာဒုက္ခသည်တွေက စပွန်ဆာနဲ့ လှမ်းခေါ်လို့
မင်းကွန်းကနေ အမတ်ကြီး ဦးပေါ်ဦး တကူးတကနဲ့ ရေကူးလို့အလာ။
လမ်းမှာ အာနန္ဒာဆိုတဲ့ ငါးကြီးနဲ့ ဆုံကြတယ်။ အမေရိကားခရီး မြည်းစမ်း
ကြည့်ရေး ဆွေးနွေးတိုင်ပင်ကြတယ်။ နောက်ဆုံး သဘောတူညီချက်တခု
ထွက်လာပြီး ဦးပေါ်ဦးက အာနန္ဒာကြီးကို ခွစီးလိုက်တယ်။ ဒီလိုနဲ့မစ္စစပီမြစ်
ထဲကို သူတို့တွေ ရောက်လာပါလေရော” လို့ အမေ စကားပြေက သူ့၏ ပုံပြင်
ကို စလေသည်။ ထိုထိုသော ပုံပြင်မျိုးများဖြင့် ရှည်လျှားသည့် ညများကို
ကျော်ဖြတ်ရင်း ဘ၀တွေကို ဆွဲဆန့်၍ လာခဲ့ရလေသည်။

၎င်းတို့၏ ဘေးအိမ်တွင် “ဂီတ” မိသားစုရှိလေသည်။ ဂီတဆိုသည့် အသက်
ငါးဆယ်ခန့် အရက်သမားသည် ဒေါသကြီးသော အလုပ်လက်မဲ့တဦးဖြစ်
၏။။ သူ့တွင် “သီချင်း” ဟုဆိုသော သမီးတဦးနှင့် “သံစဉ်”ဆိုသော သား
တဦးရှိ၏။ အဖေက ဆိုးသော်လည်း သားသမီးများက တော်ကြ၊ ကောင်းကြ၏။
ရိုးသား ကြိုးစားကြ၏။ သီချင်းက ရွှေချည်ထိုးအလုပ်ကို နေ့ရောညပါ လုပ်ပြီး
ငွေရှာ၏။ အိမ်အတွက် ချက်ပြုတ်၏။ သားသံစဉ်က မြင်းလှည်းမောင်းပြီး အား
သည့်အခါ ရေထမ်းရောင်းလေသည်။

ကဗျာ မိသားစုနှင့် ဂီတမိသားစုတို့ အိမ်ချင်းသာ ကပ်ကြသည် အစေးက သိပ်
ကပ်လှသည်တော့ မဟုတ်။ သို့သော်လည်း စာရေးသူ ဘလော်ဂါ အိပ်ငိုက်လာ
၍ ဇတ်ကို ပေါင်းသော်။ စကားပြေနှင့်ဂီတ ဘာကြောင့်ရယ်မသိ ညားကြပါလေ
သတည်း။ အကြီးကောင် စာညွန့်ကား ဘုန်းကြီး အပြီးဝတ်လေသည်။ သမီး
သီချင်းကား သူ့အလုပ်ရှင်လူမျိုးခြား၏ မယားငယ် ဖြစ်ရရှာလေသည်။ စကား
ပြေ၏သမီးဖြစ်သူ သဒ္ဒါသည် အဖေါ်ကောင်း၍ ထိုင်းတွင် အလုပ်သွားလုပ်ရာက
အမျိုးသမီးချင်း အိမ်ထောင်ပြု၍ ထိုင်းနိုင်ငံ၌ အခြေချနေတော့သည်။

ဇတ်သိမ်းခန်းကို အပျော်နှင့်ဆုံးမည်ဟု မူလကတည်းက ရည်ရွယ်ထား၏။
ထို့ကြောင့် မြင်းလှည်းသမားလေး သံစဉ်ကို ထီပေါက်ခိုင်းလိုက်မည်။ ဦးဇင်း
စာညွန့်၏ တရားချမှုကြောင့် ဦးဂီတလည်း အရက်ပြတ်သည်။ သီချင်း၏
ယောက်ျားနှင့် မယားကြီးတို့နှစ်ဦး သင်္ဘောမှောက်၍ တပြိုင်တည်း ဆုံးသော
ကြောင့် သီချင်းလည်း လုပ်ငန်းရှင် တခုလတ် သူဌေးမလေး ဖြစ်လာ၏။

ဟိုအကောင် စာစီကုံး ဘယ်ရောက်နေပါသနည်း။ သူ့ကိုတော့ အဆင်ပြေ
သလို ကြည့်လုပ်လိုက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ စစ်ထဲကိုတော့
မသွင်းလိုက်ကြပါနှင့်။ ကျေးဇူးတင်ပါသည်။

(ရုပ်ပုံ ၊ ဂူဂလ်)