Tuesday, August 2, 2011
ဆန့်ကျင်ရေးသမားရဲ့မင်္ဂလာဆောင်
ကောင်လေးကို ၁၉၈၈ခုနှစ်မှာ မွေးခဲ့တယ်ဆိုကတည်းက သဘောပေါက်လိုက်
တော့။ တတိုင်းပြည်လုံး တရုန်းရုန်းနဲ့ မြို့တကာ နယ်တကာမှာ အစိုးရကို ဆန့်
ကျင်နေကြတဲ့ အချိန်ပေါ့။ သူတို့နယ်မှာတော့ ဒီအဖြစ်အပျက် ကာလကြီးကို
“ဒို့အရေး” ကာလလို့ ခေါ်ကြတယ်။ တနိုင်ငံလုံး ဘယ်ကိုပဲ သွားသွား ဒီအသံ
ကိုပဲ ကြားနေရတာကိုး။
အဖြစ်က ဆိုးချင်တော့ သူ့ကိုမွေးဖို့ သူ့အမေ ဗိုက်နာနေတဲ့အချိန် ဆေးရုံကို အချိန်
မီ ရောက်ဖို့ သူ့အဖေနဲ့အမေဟာ သပိတ်တပ်ဖွဲ့တွေနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ
ကြားက ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဆေးရုံမှာ ဆေးက မစုံတော့ အပြင်ကို
ဆေးအ၀ယ်ထွက်ရင်း သူ့အဖေပျောက်သွားလိုက်တာ အခုချိန်ထိ ပေါ်မလာတော့
ဘူး။ တွက်ကြည့်လေ အခုပဲ ကောင်လေးအသက်က ၂၃နှစ်။ သူ့အဖေက အဖမ်းခံ
ရတာလား။ အသတ်ခံရတာလား။ ဘာမှန်းကို မသိဘူး။ တနေ့ကပဲ ကောင်လေး
မင်္ဂလာဆောင်လိုက်ပါပြီ။
ဆန်းဆန်းပြားပြား။ သူ့မင်္ဂလာဆောင် အခန်းအနားက ခွပ်ဒေါင်းအလံကို အလေးပြု
တာနဲ့ စတင်သတဲ့။ ပြီးတော့ ထုံးစံအတိုင်း ကျဆုံးလေပြီးကုန်သော အာဇာနည်ခွပ်
ဒေါင်းအပေါင်းအား အလေးပြုကြပြန်သတဲ့။ တမိနစ် ညိမ်ရသတဲ့။ ပြီးတော့တခါ
မတရားသဖြင့် အကျဉ်းချခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်လည်း
တမိနစ်ထပ်ပြီး ညိမ်ရသတဲ့။ အခန်းအနား အစီအစဉ် ၂ အရ ဒေါ်အောင်ဆန်းစု
ကြည်ရဲ့ မိန့်ခွန်းကို နားထောင်ရသေးသတဲ့။ နိုင်ငံတော် အလံသစ်ကိုလည်း
ဖနောင့်နဲ့ ၀ိုင်းပေါက်ခဲ့ကြသေးသတဲ့။ ဘာပဲပြောပြော သူတို့မင်္ဂလာဆောင်က
နိုင်ငံရေးအခန်းအနားလိုလို၊ မွေးနေ့လိုလို၊ ဆွမ်းကြွေးလိုလိုနဲ့ တော်တော် ပျော်
ဖို့ကောင်းဆိုပဲ။
ဆန့်ကျင်ရေးကာလကြီးမှာ မွေးလာတဲ့သူ။ စီးပွါးရေးနိမ့်ကျလို့ ပတ်ဝန်းကျင်ရဲ့
အနှိမ်ခံဘ၀နဲ့ ကြုံရသူ။ အဖမဲ့သား ရေနည်းငါး။ ပညာရေးကလည်း မ၀ တ၀။
ကျန်းမာရေးကလည်း မ၀ တ၀။ လူမှုရေးကလည်း မ၀ တ၀။ အရာရာအားလုံးက
သူ့ကို ဆန့်ကျင်ထားကြတယ်လို့ ခံစားခဲ့ရတယ်။ အရာရာကိုလည်း သူက ပြန်ဆန့်
ကျင်ရင်းနဲ့ ဘ၀ကိုတည်ငြိမ်အောင် ထိမ်းညှိခဲ့ရတယ်။ တကယ်တော့ သူတယောက်
ထဲ ဒီလိုဖြစ်နေတာ မဟုတ်ဘူးဆိုတာကို တဖြေးဖြေးနဲ့ သိလာခဲ့တော့ နေသာထိုင်
သာ ရှိလာသတဲ့။
ဒီလိုနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လှန်ရေးသမားလေး။ ဆန့်ကျင်ရေးသမားလေး
ဖြစ်ခဲ့ရသပေါ့။ သတင်းစာတွေကို ဆန့်ကျင်။ ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေကို
ဆန့်ကျင်။ စစ်တပ်ရှိရာ အရပ်ကို ဆန့်ကျင်။ အာဏာပိုင်တွေကို ဆန့်ကျင်။ နိုင်ငံ
တော်အလံကို ဆန့်ကျင်။ နိုင်ငံတော် သံဃာ့မဟာနာယကကို ဆန့်ကျင်။ ဆန့်ကျင်မှု
တွေနဲ့ အသားကျနေသူလေး တနေ့တော့ ဆန္ဒပြမှုတခုမှာ အဖမ်းခံရလို့ ကောင်လေး
ထောင်ကျခဲ့ပါလေရော။ ကံကောင်းချင်တော့ ၄နှစ်လောက်နဲ့ ပြန်လွတ်လာခဲ့တယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတဲ့ ဘွဲ့တခု ရလာတော့ ဆန့်ကျင်ရေးလုပ်ရတာ ပို
ပြီး တရားဝင်လာသလို၊ ဂုဏ်တက်လာသလို ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ သူများ
တွေလိုပဲ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ကောင်လေး ရောက်လာခဲ့ပါ
တယ်။ ပြည်ပကို ရောက်လာပေမဲ့လည်း ကောင်လေးက ဆက်ပြီးဆန့်ကျင်နေဆဲပါ။
သူတယောက်ထဲ ဆန့်ကျင်နေတာမှ မဟုတ်ပဲကိုး။ ပြည်ပမှာလည်း အဖေါ်တွေက
အများကြီး။ ပိုတောင်ပျော်ဖို့ ကောင်းလာသေး။
အခုနောက်ဆုံး နော်ဝေနိုင်ငံအထိပါ ကောင်လေးရောက်လာခဲ့ပါပြီ။ နော်ဝေမှာ
ကောင်လေး အိမ်ထောင်ကျပါတယ်။ သူ့ဇနီးက ဒုက္ခသည်စခန်းမှာမွေး၊ အဲဒီမှာပဲ
ကြီးပြီး နော်ဝေကို မကြာခင်ကမှ ရောက်လာသူ။ မြန်မာစကားလုံးဝ မတတ်တဲ့
ကရင်မလေးပါ။ ကောင်လေးက နယ်စပ်မှာနေတုန်း ကရင်စကားကို အလုပ်ဖြစ်
အောင်ပြောတတ်ခဲ့တယ်။ အခုတော့ သူတို့ နော်ဝေမှာ ညားကြပြီ။
ကောင်မလေးက မြန်မာပြည်အကြောင်းကိုရော၊ နိုင်ငံရေးအကြောင်းကိုရော၊
လောကကြီး အကြောင်းကိုရော ဘာမှ သိလှတာ မဟုတ်။ ရိုးရိုး၊ ရှင်းရှင်းနဲ့ အေး
အေးလေး။ ဗမာတွေ မကောင်းဘူးဆိုတာတောင် သူ့အမိုးပြောလို့ ကြားဖူးတာ။
တကယ် ကောင်းလား၊ မကောင်းလား သူကောင်းကောင်းသိတာ မဟုတ်။ အေး
အေးနေမယ်။ ပျော်ပျော်နေမယ်။ ဒါပဲ။ မင်္ဂလာဆောင်မှာ သူများတွေက အလေး
ပြုဆို သူကလည်း လိုက်ပြု။ တမိနစ်ညိမ်ဆို လိုက်ညိမ်။ ပြုံးပြုံးလေးပဲတဲ့။
မင်္ဂလာမဆောင်ခင် တရက်က ကောင်လေးကို သူက မေးသတဲ့။ နင် ဆန့်ကျင်
နေတာတွေက ဘယ်တော့မှ ရပ်မှာလဲတဲ့။ ကောင်လေးက ခဏစဉ်းစားလိုက်ပြီး
ပြုံးပြုံးလေး ပြန်ဖြေပါတယ်။ မရပ်နိုင်ဘူးဟ။ ငါက မွေးကတည်းက ဆန့်ကျင်လာခဲ့
တော့ သေတဲ့အထိ ဆန့်ကျင်သွားရလိမ့်မယ်တဲ့။ ကောင်မလေးက အဲဒါဆိုလည်း
ပြီးတာပဲလို့ ပြန်ပြောသတဲ့။ ပြုံးပြုံးလေးပါပဲ။
(ရုပ်ပုံ ၊ Banksy)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment