Monday, October 31, 2011

ဘာလိုလိုနဲ့

ဘာလိုလိုနဲ့ သတင်းကျွတ်ခဲ့ပြီ။ အေးမယ့်ဆောင်းလည်း ရောက်လာပြီ။
ဘာလိုလိုနဲ့ ချစ်တယ်လို့ပြောပြီး သူ့ကိုထားခဲ့တာ ရာသီနှစ်ဆယ်ရှိခဲ့ပြီ။
ချစ်ပါတယ်ဆိုပြီး ငါ့ကိုထားခဲ့တာလည်း ဘာလိုလိုနဲ့ နှစ်ပေါင်းနှစ်ဆယ်
ကျော်ခဲ့ပြီ။ ဘာလိုလိုနဲ့ တရုတ်ရေကာတာတွေ မြန်မာမြစ်တွေမှာ များ
လာပြီ။ ဧရာဝတီထကြွမှုလည်း ဘာလိုလိုနဲ့ တန်းလန်းကြီးရပ်နေပြီ။ ငဒို့
ရဲ့ ကောက်ရိုးမီးတွေလည်း တောက်ပြီး ငြိမ်းပြန်ပြီ။ ဘာလိုလိုနဲ့ ခွပ်ဒေါင်း
နဲ့ ကြယ်အလံလည်း နေပြည်တော်မှာ လွှင့်တော့မည်။

ဘာလိုလိုနဲ့ ဆံပင်တချို့ ဖြူလာပြီ။ မင်္ဂလာလက်စွပ်လည်း ဟောင်းလာပြီ။
ဟန်ဆောင်တာလည်း ဘာလိုလိုနဲ့ ကျွမ်းလာပြီ။ လိမ်ပြောတာကို အမှန်လို့
ယုံလာပြီ။ ဘာလိုလိုနဲ့ အရာရှိကို ဖါးတတ်ပြီ။ အကြွေးရအောင် ချူတတ်ပြီ။
ဘုရားသခင်ကိုလည်း အရက်ညာတိုက်တတ်လာပြီ။ ဘာလိုလိုနဲ့ ဘူဘူချင်း
တစ်လုပ်။ ဘူးဆိုပြီး ဖရုံသီးတတ်ပြီ။

အများပိုင်ပစ္စည်းကိုလည်း ဂုဏ်သိက္ခာရှိရှိ ခိုးဝှက်တတ်လာပြီ။ ဘာလိုလိုနဲ့
မင်းကိုနိုင်တို့လည်း ထောင်သက်ရှည်လှပြီ။ ဘာလိုလိုနဲ့ တော်လှန်ရေးလည်း
အညောင်းမိလာပြီ။ ဆရာတော်ဘုရားလည်း ဟောရင်းနဲ့ ပျံတော်မူသွားပြီ။
ဘာလိုလိုနဲ့ အချင်းချင်းဆော်တဲ့နေရာမှာ တော်လာပြီ။ ဘာလိုလိုနဲ့ ကျနော်
က သတင်းသမားပါလို့ အရှက်မရှိ ပြောတတ်ပြီ။ ဘာလိုလိုနဲ့ နေပြည်တော်
ကို ဦးခိုက်ကြလေပြီ။

ဘာလိုလိုနဲ့ သူခိုးပြေးမှ ထိုးကွင်းထတတ်ပြီ။ ကျိန်ဆဲခြင်းအတတ် တဖက်
ကမ်းခပ်ခဲ့ပြီ။ ဘာလိုလိုနဲ့ သူမလာတာ သုံးလေးငါးရက် ကြာလေပြီ။ ဂျပန်
စကားတွေ ဘာလိုလိုနဲ့ မေ့ကုန်ပြီ။ ဘာလိုလိုနဲ့ တရုတ်စကားတွေ တတ်လာ
ပြီ။ ဘာလိုလိုနဲ့ အင်တာနက်မှာ စိမ်တာ ချက်တာတွေများလာပြီ။ အွန်လိုင်း
ဘ၀ထူထောင်ရေးမှာ တကယ်မခင်တဲ့ သူငယ်ချင်းတွေ ဘာလိုလိုနဲ့ ရာနဲ့ချီရှိ
လာပြီ။ ဘာလိုလိုနဲ့ ဟိုကောင့်သမီးလည်း အပျိုဖြစ်လာပြီ။ ဘာလိုလိုနဲ့ နာဂစ်
နဲ့ဒီပဲရင်းတောင် မေ့တေ့တေ့ဖြစ်လာပြီ။ ဘာလိုလိုနဲ့ အာဏာရှင်အောက်
နေသားကျလာပြီ။ ငါ့လှေငါထိုးလို့ ဘာလိုလိုနဲ့ ပဲခူးတောင်ရောက်ခဲ့ပြီ။

ဘာလိုလိုနဲ့ ဒီမှာပဲ ရပ်လိုက်တော့မယ်။ ဘာလိုလိုနဲ့ ဘာကိုမှ မယုံကြပါနဲ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, October 27, 2011

အရက်ချို အချစ်ခါး
















အသဲကွဲပြီလို့ မထင်လိုက်ပါနဲ့ ။ မကွဲရေးချ မကွဲ။ ၀စ္စနှစ်လုံးပေါက်လည်း
မကွဲ။ အရက်မူးနေပြီလို့ထင်နေလား။ အဲဒါလည်း မဟုတ်။ ၀စ္စနှစ်လုံးပေါက်
မဟုတ်။

“အခါးဆုံးအရက်ကို မိတ်ဆွေလုပ်မယ်
ချိုပါတယ်...
ဒါဟာ မင်းထက် သိပ်ချိုတယ်”

ကိုလေးလွင်ရဲ့သီချင်း။ ပလေးဘွိုင်သန်းနိုင် ဆိုတယ်။ ကော်ပီပေါ့။ တချိန်က
သိပ်ကို နာမည်ကြီးခဲ့တယ်။ အရက်မူးလည်း ဆိုတယ်။ မမူးလည်း ဆိုတယ်။
အသဲကွဲလည်း ဆိုတယ်။ မကွဲလည်း ဆိုတယ်။

“မင်းကို မျှော်လင့်လို့
ဒါဟာ ကိုယ့်အမှားပေါ့ အချစ်လေး
အပြာရောင် သွေးစက်များ...
သေရည်ဖြူထက် မင်းပိုခါး”

ငါ့ရဲ့မေမြို့ညများ။ အရက်ကလေး တထွေထွေ။ ဆေးလိပ်လေး တဖွါဖွါ။
သူငယ်ချင်းကို ပုခုန်းဖက်။ ပျော်ရွှင်ဖွယ် ဒယိမ်းဒယိုင်ညတွေမှာ အရက်ချို
အချစ်ခါးသီချင်းဟာ ပူနေတဲ့သွေးကို ဆူစေတယ်။ ပျော်စရာညတွေကို ပိုပြီး
ထကြွလှပ စေတယ်။ အမူးသမားအသံနဲ့ သူငယ်ချင်းတွေ သံပြိုင်အော်။

“ ဒီမှာ ပိုမူးပေါ့ အချစ်လေး
သေရည်ဖြူထက် မင်းပိုပြင်းတယ်”

သိပ်ဆိုလို့ကောင်းတဲ့ သီချင်းပါ။ အထူးသဖြင့် အရက်မူးတဲ့အခါ သိပ်ပြီး
အရသာ ရှိပါတယ်။ မယုံရင် စမ်းကြည့်ပါ။ ညပိုင်းမှာ လမ်းသလားရင်း
အော်ဆိုဖို့ အထူးသင့်တော်ပါတယ်။

“နှလုံးသားအိမ်မှာ ပူတယ်
ဆောင်းနှင်းဖြူ ဝေးတယ်
အခါးဆုံးအရက်ကို မိတ်ဆွေလုပ်မယ်
ချိုပါတယ်....
ဒါဟာ မင်းထက် သိပ်ချိုတယ်”

အခုတော့ ရှေးသီချင်းလေးဖြစ်ရပေါ့ ။ ဒီနေ့ခေတ်မြန်မာလူငယ်တွေ အရက်
မူးတဲ့အခါ ဘယ်သီချင်းနဲ့များ ပေါက်ကွဲနေကြပါလိမ့်။ အလေးအနက်ထားရတဲ့
သီချင်းရေးသမားကြီး ကိုလေးလွင်။ သူလည်း အရက်သိပ်ကြိုက်သတဲ့။ ဒီသီချင်း
ကို အရက်ကလေး တထွေထွေနဲ့များ ရေးခဲ့လေသလား ။ အရက်ချို အချစ်ခါး။
ဖန်ခွက်ချင်း တိုက်လိုက်ပါတယ် ခင်ဗျား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 25, 2011

ရွှေရောင်ပစ္စတို




















ရွှေရောင်ပစ္စတို ဘယ်မှာလဲ။ ရွှေရောင်ပစ္စတိုရဲ့ ပိုင်ရှင် ဘယ်မှာလဲ။ လစ်ဗျား
မှာ သူပုန်တွေက အစိုးရဖြစ်ပြီ။ အရင်အစိုးရက သူပုန်လုံးလုံးဖြစ်ချေပေါ့။
ကဒါဖီ ဘယ်မလဲ။ မရ ရအောင်ရှာကြ။ အသေရရ ၊ အရှင်ရရ။ နေ့နေ့ ညည။
မနားမနေ ရှာကြ။ ဖွေကြ။ လိုက်ကြ။ တိုက်ကြ။ ရွှေရောင်ပစ္စတိုကို ရအောင်
ရှာကြ။

ကဒါဖီ ပြေးနေတယ်။ ရှောင်နေတယ်။ ပုန်းနေတယ်။ အောင်းနေတယ်။ ကဒါ
ဖီ ပြေးရှောင်ပုန်းအောင်းနေခဲ့တယ်။ ကဒါဖီနဲ့အပေါင်းအပါတွေ ထွက်ပြေးတိမ်း
ရှောင်ပုန်းအောင်းပြီး ခြေရာဖျောက်ခဲ့ကြတယ်။ တိုင်းပြည်ခေါင်းဆောင် ကဒါဖီ
သူအမိန့်ပေးခဲ့တဲ့ တိုင်းပြည်ထဲမှာ ၀ရမ်းပြေးကြီးဖြစ်ခဲ့ပေါ့။

လစ်ဗျားမှာ လူတိုင်းသူပုန်ဖြစ်ချင်တယ်။ ကဒါဖီကို ရအောင်ရှာချင်တယ်။ ဆု
ငွေထုတ်စရာ မလိုဘူး။ ဆုငွေပေးစရာ မလိုဘူး။ ရွှေရောင်ပစ္စတိုကိုပဲ လိုချင်
တယ်။ သူပုန်တွေရဲ့ အမဲလိုက်ခန်း။ ကဒါဖီတယောက် သားကောင်ကြီးလုံး
လုံးဖြစ်ချေပေါ့။ ပြည်သူ့အချစ်တော် လစ်ဗျားသူပုန်တွေ နိုင်ငံအနှံ့တောနင်း။
မြေလှန်။ ခြေရာကောက်။ အနှံ့ခံ။ ကဒါဖီ ဘယ်မလဲ။ ဒီကြွက်စုတ် ဘယ်မလဲ။
ရွှေရောင်ပစ္စတို ဘယ်မလဲ။

ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ကဒါဖီ။ ခွေးသေ၀က်သေ သေခဲ့ရပြီ။ မြောင်းပေါက်
ထဲက ဆွဲထုတ်။ လူအုပ်ကြီးလက်ချက်နဲ့ အသက်ထွက်။ အသားရောင်းတဲ့ဆိုင်
မှာ အသားတုံးတခုလို ပြသထား။ ဗိုလ်မှုးကြီး ကဒါဖီ။ ခေါင်းဆောင်ကြီး ကဒါဖီ။
ရွှေရောင်ပစ္စတိုပိုင်ရှင် ကဒါဖီ။ ကြွက်စုတ် ကဒါဖီ။ အာဏာရူး ကဒါဖီ။ ပြီးသွားပြီ။

ရှစ်လလောက်ကြာတဲ့ လစ်ဗျားဇတ်ကြမ်းကားသစ်ကြီး ပရိတ်သတ်အကြိုက်
ဇတ်သိမ်းပြီ။ မြန်မာတွေ ၀မ်းသာကြ။ ကမ္ဘာ့ပြည်သူတွေ ၀မ်းသာကြ။ လစ်ဗျား
ပြည်သူတွေ ကခုန်ကြ။ ပျော်ရွှင်လွန်းလို့ ငိုကြွေးကြ။ လွတ်လပ်မှုအတွက် ၀မ်း
မြောက်ကြ။ အောင်ပွဲကြီး ဆင်နွှဲကြ။ လစ်ဗျားကိစ္စ ငဒို့မြန်မာတွေပါ ရင်ခုန်ရ။

သူများတွေရဲ့လွတ်မြောက်မှုတွေကို ငဒို့မြန်မာတွေ ငေးမော၊ ရောဝင် ခံစားရ။
ကမ္ဘာမှာ အာဏာရှင်တွေ တယောက်ပြီးတယောက် ကျ။ ငဒို့မြန်မာတွေလည်း
အကြိမ်ကြိမ် အစားထိုးဝမ်းသာပေးနေရ။ ဒို့အရေးကတော့ မအောင်မြင်သေး။
ကမ္ဘာကတော့ မြန်မာအတွက်တီးဖို့ လက်ခုပ်သံတွေ သိမ်းပေးထားခဲ့တာ ကြာ
ပြီ။ ဖုန်တောင်တက်နေပြီ။ ငဒို့မလဲ ငဒို့ဒုက္ခနဲ့ ငဒို့။ မရှူသာ မရှိုက်သာ။ ကြာ
ပင်ကြာသော်ငြား တောင့်ထားဆဲ။ အောင့်ထားဆဲ။

ရွှေရောင်ပစ္စတို ဘယ်မှာလဲ။ နေပြည်တော်မှာလား။ လွှတ်တော်ထဲမှာလား။
ထိုင်းမြန်မာနယ်စပ်မှာလား။ ၀ါရှင်တန်မှာလား။ ထုတ်ပြန်ကြေညာချက်တွေထဲ
မှာလား။ မြန်မာ့အလင်းသတင်းစာမှာလား။ တတိယအင်အားစုထဲမှာလား။ အစိုး
ရဧည့်ဂေဟာမှာလား။ တက္ကသိုလ်ရိပ်သာလမ်းမှာလား။ သံရုံးရှေ့က ဆန္ဒပြပွဲမှာ
လား။ ထောက်လှန်းရေးအရာရှိဟောင်းတဦးဆီမှာလား။ အင်းစိန်ထောင်မှာလား။
ရွှေတိဂုံရင်ပြင်မှာလား။ ရွှေဝါရောင်လှုပ်ရှားမှုမှာလား။ ရွှေဂုံတိုင်ကြေညာချက်မှာ
လား။ မြို့တော်ခန်းမရှေ့မှာလား။ ၀န်ကြီးများရုံးမှာလား။ တသီးပုဂ္ဂလအမတ်ဆီ
မှာလား။ သစ်ပုပ်ပင်အောက်မှာလား။ မြစ်ဆုံမှာလား။ ဘာကွန်ယက်၊ ညာကွန်
ယက်မှာလား။ ပြည်ပရေဒီယိုသတင်းတွေထဲမှာလား။ လွတ်မြောက်နယ်မြေမှာ
လား။ တော်လှန်ရေးနယ်မြေမှာလား။ ဘာတပ်မတော်၊ ညာတပ်မတော်မှာလား။ အငြိမ်းစားဗိုလ်ချုပ်တဦးဆီမှာလား။ ပရောဂျက်တင်မယ့်အစည်းအဝေးမှာလား။
အရေးယူပိတ်ဆို့မှုမှာလား။ ချစ်တီးထမင်းဆိုင်မှာလား။ မြန်မာ့တပ်မတော်ထဲမှာ
လား။ အတိုက်အခံတွေထောင်တဲ့ သတင်းဌာနမှာလား။ ကြံ့ဖွတ်ပါတီရုံးမှာလား။
တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းမှာလား။ အမြည်းကောင်းတဲ့ အရက်ဝိုင်းမှာလား။
သီတာသောင်ခြေဦးမှာလား။ တောင်ပြုံးပွဲမှာလား။ ပြည်တော်ပြန်ကိုကိုမမတွေ
ဆီမှာလား။ အာစီယံထိပ်သီးအစည်းအဝေးမှာလား။ မန္တလေးအငြိမ့်မှာလား။
ခွင်တည့်နေတဲ့ အန်ဂျီအိုမှာလား။  စာသင်ခန်းမှာလား။ လမ်းပြမြေပုံမှာလား။
အညာပွဲဈေးတန်းမှာလား။ တရုတ်တန်းဒေါင့်မှာလား။ ရွေးကောက်ပွဲကော်မရှင်
ရုံးမှာလား။ သမ္မတရုံးခန်းမှာလား။ ဒုက္ခသည်စခန်းမှာလား။ စစ်ကြောရေးစခန်း
မှာလား။ တရားစခန်းမှာလား။ အနှိပ်ခန်းမှာလား။ ကာရာအိုကေဆိုင်မှာလား။
ခရစ်ယန်ဘုရားကျောင်းမှာလား။ မြို့မပလီမှာလား။ မြို့ဦးစေတီမှာလား။ ဘီယာ
ဆိုင်မှာလား။ ခပ်ချောချော ခပ်ငယ်ငယ်ဆရာတော်ဘုရားရဲ့တရားပွဲမှာလား။
ဒုတိယပင်လုံမှာလား။ တတိယပင်လုံမှာလား။ ဧကဒဿမပင်လုံမှာလား။ ရှာကြ။
ရွှေရောင်ပစ္စတိုကို ရှာကြ။ မရ ရအောင်ရှာဖွေကြ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, October 22, 2011

ကျွနု်ပ်တို့၏ ကျဆုံးလေပြီးသော


သင်တို့က မမီနိုင်တော့ပြီ
ကျွနု်ပ်တို့လည်း သိပ်ပြီး မသေချာ
မီးရထားက မလာသေး
ကျွန်ုပ်တို့ဘက်က အကျအဆုံးများပါသည်
ရန်သူများ မိတ်ဆွေဖြစ်မလာခင်
မိတ်ဆွေများ ရန်သူဖြစ်ကုန်၏ ။

အဲသလို
စုတ်ချာချာရာဇ၀င်တွေနဲ့
ယိုင်နဲ့နဲ့ချီတက်လာ ။

အရာရာမှာ နောက်ကျခဲ့
မိုးဦး လေဦး နောက်ကျခဲ့
နေတက် ရေတက် နောက်ကျခဲ့
ပညာတတ်ရေး နောက်ကျခဲ့
ရော့ခ်ဂီတ ၊ သံဗူးဘီယာ
တစ်ရှူးပေပါနဲ့ ယင်လုံအိမ်သာက အစ
ဒီမိုကရေစီဆိုတာအထိ
အရာရာမှာ နောက်ကျခဲ့
ကျကျနနနဲ့
ထိထိရောက်ရောက်ကြီး နောက်ကျခဲ့ ။

အဲဒီမှာ
လူ့အခွင့်အရေးဆိုတာကို
အသက်တွေနဲ့ လဲယူရ
ကျွနု်ပ်တို့၏လူငယ်များ
ရှင်လိင်မှ မပြန်ရခင်
ထောင်အ၀င် စောခဲ့ရ
ဘွဲ့ကလေးမှ မရခင်
ပုဒ်မကြီးကြီး အတပ်ခံရ
ရည်းစားကလေးမှ မရခင်
နှစ်ရှည်အကျဉ်းသား ဖြစ်ခဲ့ရ ။

အဲသလိုမျိုး
ခုတ်ရာထစ်ရာတွေနဲ့
ဆွံ့အ နေတဲ့နိုင်ငံကြီး
ပဲ့ရွဲ့နေတဲ့ နိုင်ငံကြီး ။

အဲဒီမှာ
စားစရာ မရှိပေမဲ့
လျော်စရာရှိအောင် ပြင်ထားရ
အဲဒီမှာ
အိမ်ထောင်ပြုထားပေမဲ့
ကလေးမမွေးအောင် လုပ်ထားရ
အလွန်အမင်း
ခံပြင်းပျို့တက်လာတဲ့အခါ
အသံမမြည်အောင် ပေါက်ကွဲရ ။

ဘ၀များ
တဖြည်းဖြည်းနဲ့ သေးကွေးလာ
လင်နဲ့မယား
ရန်တွေပိုဖြစ်ဖြစ်လာ
မိမိကိုယ်မိမိ
ယုံကြည်မှုတွေ လျော့ပါးလာ
အဟာရဓါတ်များ ချို့တဲ့လာ
အကုသိုလ်များ ဖေါင်းပွလာ
ဂြိုလ်စီးဂြိုလ်နင်း ကြမ်းတမ်းလာ
နေချင်စိတ်ထက်
သေချင်စိတ်က များများလာ ။

အဲသလို
အိပ်မက်တွေ မျိုးမအောင်တဲ့ နိုင်ငံကြီး
ကျဆုံးမှုများတဲ့ နိုင်ငံကြီး
လူတန်းမစေ့တဲ့ နိုင်ငံကြီး
လူတောမတိုးတဲ့ နိုင်ငံကြီး
လူစဉ်မမီတဲ့ နိုင်ငံကြီး
လူညွန့်တုံးတဲ့ နိုင်ငံကြီး
လူဖြစ်ရှုံးတဲ့ နိုင်ငံကြီး
လွှတ်တော်မရှိတဲ့ နိုင်ငံကြီး
ကျွန်ုပ်တို့ရဲ့
မဟာနိုင်ငံတော်ကြီးပေါ့ ။

အဲဒီနိုင်ငံကြီးကိုမှ
ရွှေရောင်ထစေချင်သူများ
လူရာဝင်စေချင်သူများ
ကျွနု်ပ်တို့၏ သူရဲကောင်းများ
ကျဆုံးလေပြီးသော
အာဂ အာဇာနည်ရဲမက်များ ။

သူတို့တွေလေ
ယုံကြည်ချက်တွေကြောင့်
သေခဲ့ရ
ကြေခဲ့ရ
သွေး မြေခခဲ့ရ ။

ကျန်ရစ်သူ ငါတို့ကား
သွားလေသူ ရဲဘော်များအတွက်
ဘုရားကို
အကြိမ်ကြိမ် ရှိခိုးရသလိုမျိုး
အကြိမ်ကြိမ် အလေးသာ ပြုပေးနေခဲ့ရ
မိုးမလင်းသေးတဲ့ တိုင်းပြည်မှာ ။

ရေးသူ ။ မာရု ။
၁၉၉၉ ခုနှစ်ထုတ် “ရာဇသံနှင့် တော်လှန်ကဗျာများ” စာအုပ်က
ကူးယူဖေါ်ပြတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, October 20, 2011

ကဒါဖီ ဇတ်သိမ်း


















ကျည်ဆံတွေလိုပဲ သတင်းတွေက အဆက်မပြတ် အဘက်ဘက်က လာနေတယ်။
သတင်းဌာနတွေက ကျန်တဲ့သတင်းတွေ အကုန်ရပ် ။ ဒီသတင်းတခုကိုပဲ ထပ်ပြန်
တလဲလဲ ကြေညာနေတယ်။ ဒီသတင်းသေချာတဲ့အကြောင်း၊ ခိုင်မာတဲ့အကြောင်း
လူမျိုးစုံကိုမေး။ ရှုဒေါင့်မျိုးစုံက ပြသနေတယ်။ လစ်ဗျားက အာဏာရှင် ကဒါဖီ သေပြီ။

လူတွေ လမ်းမတွေပေါ် ပြေးထွက်လာ။ ခုန်ပေါက်မြူးတူး ပျော်ရွှင်ကြ။ အော်ဟစ်ကြွေး
ကြော်ကြ။ အလံတွေ ဝှေ့ယမ်းကြ။ သေနပ်တွေကို မိုးပေါ်ထောင်ပစ်ပျော်ရွင်ကြ။ လစ်
ဗျားပြည်သူတို့ အဆုံးအစွန်ပျော်ရပြီ။ ဘုရားသခင်ဟာ တခါတခါတော့ အများစိတ်ချမ်း
သာအောင် လုပ်ပေးတတ်ပါကလား။

ကမ္ဘာပေါ်မှာ ဒီအရာလောက် အရေးတကြီးဖြစ်နေတာ မရှိတော့တဲ့အတိုင်း ဒီအရာကို
သာ တသသ တဖွဖွ ပြောနေရ ၊ ပြနေရ ၊ မေးနေရ ၊ ဖြေနေရ ၊ ရှင်းနေရ ၊ ငေးနေရ။
အာဏာရှင်တဦးရဲ့ ကျဆုံးခန်းဟာ ကမ္ဘာတ၀ှမ်းမှာ အရေးတကြီးပြောစရာကိစ္စကြီး
ဖြစ်နေရပြီ။ ကမန်းကတန်း ပျော်စရာကြီး ဖြစ်ရပြီ။ ကဒါဖီ သေပြီ။ သူတယောက်သေ
ရေး လစ်ဗျားပြည်သူတွေ အတော်ကြီးလုပ်လိုက်ကြရပါတယ်။

မုန်တိုင်းကြီးတခု လွန်မြောက်သွားသလို။ ငလျင်ကြီးတခု လှုပ်နေရာက ရပ်သွားသလို။
ရေတွေကြီးနေရာက ကျသွားသလို။ အဖျားတက်နေရာက ကျသွားသလို။ သက်ပြင်းချ
စရာ။ စိတ်သက်သာစရာ။ ၀မ်းသာစရာ။ ပျော်ရွှင်စရာ အခိုက်အတန့်ကြီးပေပဲ။ လူဆိုးကြီး
တဦး သေသွားပြီ။ ဒုက္ခဆိုးကြီး အဆုံးသတ်သွားပြီ။ မင်္ဂလာကြီးတပါးပေပ။

နှစ်ပေါင်းလေးဆယ်ကျော် အရူးတကောင်လို တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်သားဟောင်း
ကြီး။ စစ်ဗိုလ်ဘ၀ကနေ မြန်မာပြည်မှာလို အရပ်ဖက်ပြောင်းပြီး ခေါင်းပေါင်းပေါင်းခဲ့သူပေါ့။
ကဒါဖီ။ မိုမာကဒါဖီ။ အခုတော့ သူ့ပြည်သူတွေကပဲ သတ်လိုက်လို့ သေပြီ။ ပြည်သူတွေကို
ရက်ရက်စက်စက် အုပ်ချုပ်လာသူကိုး။

မူဆလင်ကမ္ဘာမှာ သူ့အရင်က ဆာဒန်ဟူစိန်ရဲ့ ကျဆုံးခန်း။ ကြိုးဆွဲချ အသတ်ခံရတုန်း
ခေါင်းတောင် ပြတ်ထွက်သွားခဲ့တယ်။ အီရတ်ပြည်သူတွေ ပျော်ကြတယ်။ ကမ္ဘာ့ပြည်သူ
တွေ ပျော်ရတယ်။ နောက်တဦးက ဘင်လာဒင်။ ပါကစ္စတန်မှာ အသတ်ခံရပြန်တယ်။
အခုတခါ ကဒါဖီ။ တယောက်ကျန်သေးတယ်။ ပူပူနွေးနွေး ပြည်သူတွေကို ရက်စက်နေ
တာ။ ဆီးရီးယားက သမ္မတ အာဆာ့ဒ်။ မကြာမီ နာမည်။

မတရားတာတွေ မလုပ်ကြပါနဲ့။ ဇတ်သိမ်း မကောင်းရင် ကဒါဖီလို ပက်ပက်စက်စက်ဖြစ်
ကုန်မယ်။ မြန်မာသမ္မတဆိုတဲ့ပုဂ္ဂိုလ် သူတော်ကောင်းယောင် ဆောင်မနေနဲ့။ ပြည်သူတွေ
ရဲ့သွေးတွေ ဦးသိန်းစိန်တို့လက်မှာ ပေနေတယ်ဆိုတာ ကမ္ဘာက သိတယ်။ ကောင်းရာ
ကောင်းကြောင်း မြန်မြန်လုပ်။ အသက်လည်း ကြီးရှာပြီ။ ဇတ်သိမ်းကောင်းမှ ပရိတ်သတ်
တွေ သဘောကျမယ်။

ကဒါဖီနဲ့ အာဏာရှင်တွေ သူ့စရိတ်နဲ့သူ သွားပါစေလေ.....။ ဒူဝေ..ဝေ....။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 18, 2011

အဆိုးလေး














ဟိုတညက ပါတီတခုမှာ နိုင်ငံတကာမိတ်ဆွေများနဲ့ ဆုံရတယ်။ ဟောင်ကောင်
သူတဦးက မြန်မာပြည်အကြောင်း စပြောတယ်။ သတင်းတွေမှာ ငါဖတ်ရတယ်။
နင်တို့တိုင်းပြည် အတော်ဟုတ်နေပြီဆိုပါလားတဲ့။ တောင်အာဖရိကသား တဦး
ကလည်း မင်းဘယ်တော့ ပြန်မှာလဲတဲ့။ အိန္ဒိသားကလည်း မင်းတို့နဲ့ တရုတ်
ပြဿနာတက်ကြပြီ မဟုတ်လားတဲ့။ အမေရိကန်တောသူမလေး တဦးက
မြန်မာပြည်ကို ငါလည်းသွားချင်တယ်။ ဒေါ်စုနဲ့တွေ့ချင်တယ်တဲ့။  အီတာလျှံ
တကောင်ကလည်း ဘုမသိ ဘမသိနဲ့ “ရေး....ဖရီးဒမ်းးးးး” လို့ ထအော်တယ်။

တယောက်တပေါက်နဲ့ မြန်မာပြည်အကြောင်း သိသမျှတွေလျှောက်ပြောနေ
ကြရင်း ပစ်မှတ်က ကိုယ့်ဆီရောက်လာတယ်။ ၀ိုင်တငုံ မြုံလိုက်ရင်း ငါနည်းနည်း
ရှင်းပြပါ့မယ်လို့ ကမန်းကတန်း ဆိုလိုက်ရပါတယ်။ တိုင်းပြည်ကို ကိုယ်စားပြုပြီး
ရှင်းပြရမယ့် တာဝန်ရှိလာပြီကိုး။ မြန်မာ့အရေး တရားဝင် မိန့်ခွန်းပြောရတာမျိုး
မဟုတ်ပေမဲ့လည်း ကိုယ်ပြောတာကိုပဲ စကားဝိုင်းမှာ အလေးအနက်ထားပြီး
နားထောင်ကြတော့မှာကိုး။ ဒီပွဲမှာက မြန်မာပြည်ဆိုင်ရာ လူသားဆိုလို့ ငါတဦး
သာလျှင် ရှိချေသည်တကား။

မင်းတို့ပြောတာတွေအားလုံး မမှားပါဘူးလို့ သံတမန်ဆန်ဆန်နဲ့ စကားကို အစချီ
ရပါတယ်။ (ကိုယ်က ငြင်းတော့မှာကိုး)  ဒါပေမဲ့ အပြည့်အ၀ မမှန်ဘူး။ သတင်း
တွေမှာ တွေ့ကြရတာက မှန်တာလည်းပါ၊ မမှန်တာလည်းပါ။ ကိုယ့်ရဲ့ဆန္ဒစွဲလေး
တွေလည်းပါနေတော့ အမှန်တရားက တ၀က်ဖုံး တ၀က်ပေါ် ဖြစ်နေတယ်။ မင်းတို့
မြင်နေရတာက ပေါ်နေတဲ့တ၀က်ကိုပဲ မြင်နေရတာလို့ ပညာရှင်လိုလို၊ တရားပြ
ဆရာလိုလို၊ မျက်လှည့်ဆရာလိုလိုနဲ့ ဆက်ပြီးပြောပါတယ်။

ငါက မြန်မာပြည်က လာတဲ့သူ။ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့သူဆိုတော့
မင်းတို့မြင်နေရတဲ့ တ၀က်ထက် နည်းနည်းပိုပြီး မြင်တယ်။ အကုန်တော့ မမြင်ရ
ဘူး။ ငါမြင်သလောက်ပြောရရင် မြန်မာပြည်ဟာ နည်းနည်းလေး ပြောင်းလာပြီ။
အရင် စစ်တပ်အုပ်ချုပ်တဲ့ ပုံစံကနေ လမ်းခွဲလာတဲ့သဘောတွေ မြင်နေရပြီ။
အဆိုးကြီး မဟုတ်တော့ဘူး။ “အဆိုးလေး” အဆင့်ကို ရောက်နေပြီ။ ဆိုးတော့
ဆိုးနေသေးတယ်။

လွတ်လပ်မှုတွေ အပြည့်မရသေးဘူး။ ဖိနှိပ်မှုတွေ၊ အာဏာပိုင်တွေရဲ့ မတရားမှု
တွေ၊အနိုင်ကျင့်မှုတွေ၊ အပေါ်စီးဆက်ဆံမှုတွေ၊ ချိန်းခြောက်မှုတွေ၊ တင်းကျပ်မှု
တွေ ရှိနေတုန်း။ ပြည်တွင်းစစ် ဖြစ်နေတုန်း။ မြန်မာပြည်သူတွေ အကျပ်ဆိုက်တဲ့
ဘ၀မှာ ရုန်းကန်နေရတုန်း။ အဆိုးကြီးဘ၀ကတော့ လွတ်လာတဲ့သဘောရှိတယ်။
အဆိုးလေးဘ၀မှာ နေနေကြရတုန်းပဲ။ ပြည်သူတွေ အသက်ရှူ မချောင်သေးဘူး။

အဆိုးလေးကနေ အဆိုး။ အဆိုးကနေ ကောင်းသယောင်ယောင်အဆင့်။ ဆိုးသလို
ကောင်းသလိုကနေ အဆိုးနည်းနည်း၊အကောင်းများများအဆင့်။ အဲဒီကမှ အကောင်း
အဆင့်။ အကောင်းဆုံးအဆင့် ဆိုတာတွေကို သွားရဦးမယ်။ အကောင်းဆုံးမဖြစ်ခင်
အဆိုးနည်းနည်း အကောင်းများများဆိုတဲ့ အဆင့်ကို ရောက်ဖို့ဆိုတာက ဆယ်စုနှစ်
ဘယ်နှစ်ခုလောက် သွားရမယ် မသိဘူး။ ဒီကြားထဲ အဆိုးလေးအဆင့်ကနေ အခန့်
မသင့်ရင် အဆိုးကြီးဘ၀ကို ပြန်မရောက်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ဘူး။

အဆိုးလေးကိုပဲ အတော်ဟုတ်နေပြီလို့ ထင်ရင်တော့ ဖန်ခွက်ထဲမှာ ရေတ၀က်
တောင်ရှိနေသဟ ဆိုတဲ့အုပ်စုမှာ မင်းတို့ရှိနေတယ်လို့ မိတ်မပျက်အောင် နိဂုံးချုပ်
ခဲ့ရပါတယ်။ တချို့တွေကလည်း အဆိုးလေးမို့ ကြိုက်သကိုး ဆိုပဲ။ ခက်တယ်...
ခက်တယ် ။ မင်းကိုနိုင်မွေးနေ့ ။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာကြပါ
စေ။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, October 13, 2011

ကိုရီးယားမင်းသား





















မင်းသား စိတ်ပျက်နေတယ်။ တောင်းတာက တခြား။ ရတာက တခြား။
လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ မင်းသားခေါင်းကုတ် အကြံထုတ်
နေတယ်။ သူ့နာမည်က ဘန်ကီမွန်း။ ကုလသမဂ္ဂမှာ အတွင်းရေးမှုးချုပ်
အဖြစ် သရုပ်ဆောင်တယ်။

မြန်မာပရိတ်သတ်တွေက ကိုရီးယားရုပ်ရှင်ဆို ဘာပဲလာလာ အသေအလဲ
ကြိုက်ပြီး အသားကုန်အားပေးတော့ ပရိတ်သတ်တွေကို မင်းသားဘန်ကီ
မွန်းက ကျေးဇူးတင်ကြောင်း တုံ့ပြန်ဖို့ အကြိမ်ကြိမ် ကြံတယ်။ ကိုရီးယား
နိုင်ငံရဲ့ကိုယ်စား သူ့မှာ တာဝန်အပြည့်အ၀ရှိတယ်လို့ ခံယူထားတယ်။
သူက “ကု-ချုပ်”အဖြစ်လည်း သရုပ်ဆောင်နေရတာ မဟုတ်လား။

ကြေညာချက် ထုတ်တယ်။ အစည်းအဝေးခေါ်ပြီး ပြောတယ်။ သတင်းစာရှင်း
လင်းပွဲမှာ ပြောတယ်။ လူကိုယ်တိုင်ခေါ်တွေ့ပြီး ပြောတယ်။ သူများနဲ့တဆင့်
ပြောခိုင်းတယ်။ တယ်လီဖုန်းကတဆင့် ပြောတယ်။ မတရား အဖမ်းခံနေရတဲ့
နိုင်ငံအရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ နည်းမျိုးစုံသုံးပြီး ဆရာဘန်
အကြိမ်ကြိမ် ကြိုးစားတယ်။ မရဘူး။ အများကြီးညှစ်မှ နည်းနည်းပဲထွက်တယ်။
မြန်မာအစိုးရနဲ့ ဆက်ဆံရတာ အလုပ်မဖြစ်ဘူး။ ကြာရင် လိပ်ခေါင်းရောဂါ ဖြစ်
မယ်။ မင်းသားဘန်ကီ စိတ်ညစ်တယ်။

ထုံးစံအတိုင်း ဘာလုပ်ရမှန်းမသိတော့ အစည်းအဝေး ထပ်ခေါ်တယ်။ တံခါးဟ
အစည်းအဝေး လုပ်တယ်။ တံခါးကို ပိတ်ထားတော့ အပြင်ကလူတွေက အထဲ
မှာ ဘာတွေလုပ်နေမှန်း မသိရဘူး။ တမျိုးထင်မှာစိုးလို့ တံခါးကို ဟပြီး အစည်း
အဝေးကျင်းပတယ်။

အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ဆရာဘန်က ခပ်ပြတ်ပြတ်ပဲ ပြောတယ်။
မြန်မာအစိုးရကို လုပ်နေကျပုံစံတွေနဲ့ ဆက်ဆံလို့မဖြစ်တော့ဘူး။ အလုပ်မဖြစ်
တဲ့အကြံတွေ ငါ့ကိုလာမပေးကြနဲ့။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပါလွှတ်
ပါလို့ငါတို့တွေ တတွတ်တွတ်ပြောတဲ့ကြားက လွှတ်ပေးလိုက်ရင် ဒုစရိုက်သ
မားတွေချည်းပဲ။ ပြီးတော့ ငါတို့အော်လို့လွှတ်ပေးရတယ်လို့ အပြောခံရသေး
တယ်။ ငါတို့ကပဲ ဒုစရိုက်သမားတွေနဲ့ ပင်းပြီး လုပ်စားနေသလို ဖြစ်ကုန်ပြီ။
အကြံသစ်တွေပေးကြပါ။

ဆေးသမားတွေ။ ဘိန်းသမားတွေ။ လူသတ်သမားတွေ။ ပြည့်တန်ဆာတွေ။
သူခိုးတွေ။ လူလိမ်တွေ။ ဓါးပြတွေ။ အကြံအဖန်တွေ။ လူမိုက်တွေ။ နှစ်မစေ့ပဲ
ပြန်ပြန်လွတ်နေတယ်။ သူတို့တွေက ပြစ်မှုကျူးလွန်လိုက် မကြာခင်ပြန်လွတ်
လိုက်နဲ့။ တရားဥပဒေက အာပလာဖြစ်နေပြီ။ မြန်မာပြည်မှာ အစိုးရကအစ
ဒုစရိုက်သမားတွေဆိုတော့ သူတို့နဲ့ပုလင်းတူဗူးဆို့တွေကိုပဲ ပြန်လွှတ်ပေးနေ
တယ်။ တနိုင်ငံတ၀ှမ်းမှာ ဒုစရိုက်သမားတွေ များများလာနေပြီ။ မြန်မာဒုစရိုက်
သမားတွေက “နယ်စည်းမခြား ဒုစရိုက်သမားများ” ဆိုပြီး တခြားနိုင်ငံတွေဆီ
ပြန့်ကုန်ပြီ။ ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာနေပြီ။ ဘယ်လိုလုပ်ကြမလဲ။

လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက တယောက်စ နှစ်ယောက်စ ပါ
နေတော့ ငါတို့ရဲ့အလုပ်သဘောအရ ကြိုဆိုရပြန်ရော။ ကျန်နေသေးတဲ့ နိုင်ငံ
ရေးအကျဉ်းသားတွေအတွက် ထပ်ပြီးစိုးရိမ်ပူပန်တယ်လို့ ပြောရပြန်ရော။ ဒီသံ
သရာက ဘယ်တော့ လွတ်မှာလဲ။ ငါ့ကို မြန်မာပရိတ်သတ်တွေက ကိုရီးယား
မင်းသားဆိုပြီးအရမ်း အထင်ကြီးနေတာ။ ပရိတ်သတ်ကို ထိထိမိမိ ကျေးဇူး
ဆပ်ချင်တယ်။ အလုပ်ဖြစ်မယ့် အကြံသစ်တွေပေးကြပါ။ ဆွေးနွေးကြပါ။

တံခါးဟအစည်းအဝေးခန်းမ တခုလုံး တိတ်ဆိတ်နေတယ်။ ဘယ်သူမှ အကြံ
ကောင်းမပေးနိုင်ကြဘူး။ ဒီချိန်မှာ ဟနေတဲ့ တံခါးပေါက်ကနေ မျက်လုံးကျဉ်း
ကျဉ်း တလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်နေတာကို မင်းသား ဘန်ကီမြင်
သွားတယ်။ အပြင်ကလူ ဘာကြည့်နေတာလဲ။ အကြံကောင်းရှိရင် ပေး။ မပေး
နိုင်ရင် ကိုယ့်အလုပ်ကိုယ်လုပ်လို့ ဆရာဘန် ငေါက်လိုက်တယ်။

ဟနေတဲ့တခါးကို တွန်းဖွင့်ပြီး တရုတ်ကြီးတယောက် ၀င်လာတယ်။ ကုလသ
မဂ္ဂဆိုင်ရာ တရုတ်သံတမန်တဦးပါ။ “၀င်ကြားလျှို” လို့ခေါ်ပါတယ်။ ကု-ချုပ်ကြီး
စိတ်ညစ်နေတာကို မမြင်ရက်လို့ အလုပ်ဖြစ်မယ့် အကြံအညဏ်လေး ပေးပါရ
စေ။ မြန်တင့်..အဲ...မြန်မာဆိုတာက ၀လို့ရဲ့ အိမ်နောက်ဖေးက မြေကွက်လေး
တခုပါ။ စူလို့အီကြောင်း ၀ကောင်းကောင်း စိပါလှယ်။

ကု-ချုပ်ရဲ့ တောင်းဆိုချက်ကို ပုံစံလုံးဝပြောင်းမှ ဖြစ်မယ်။ နိုင်ငံရေးအကျဉ်းသား
တွေကိုလုံးဝ မလွှတ်ခိုင်းပါနဲ့တော့။ နောက်တကြိမ် ကြေညာချက်ထုတ်ရင် လူဆိုး
လူမိုက်ဒုစရိုက်သမားတွေကိုပဲ သီးသန့်လွှတ်ပေးဖို့ တောင်းဆိုပါ။ နိုင်ငံရေးအကျဉ်း
သားတွေကို သေတဲ့အထိဆက်ပြီး ဖမ်းခိုင်းထားပါ။ ထောင်အတွင်းမှာ သူတို့ကို
ညှင်းပန်းနှိပ်စက်ခိုင်းပါ။ ကျန်းမာရေး ဆိုးဝါးအောင်လုပ်ခိုင်းပါ။

ဒုစရိုက်သမားတွေကိုတော့ လူ့အခွင့်အရေးအပြည့်အ၀ပေးဖို့ တောင်းဆိုပါ။ ကုလ
သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကိုလည်း ထောင်တွေလေ့လာတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လုံးဝ မတွေ့ခိုင်းပါနဲ့။ ဒုစရိုက်သမားတွေရဲ့အခြေအနေ
တွေကိုပဲ စိုးရိမ်ပူပန်လှတဲ့အကြောင်း တဖွဖွပြောပါ။

ဒီလိုပြောင်းပြီးပြောလို့ နိုင်ငံရေးအကျဉ်းသားတွေ များများလွှတ်ပေးရင် လုံးဝစိတ်
ပျက်တဲ့အကြောင်း ကြေညာချက်ထုတ်ပါ။ ကု-ချုပ်ကိုယ်တိုင် ဦးသိန်းစိန်ဆီ ဖုန်း
ဆက်ပြီးဒေါသတကြီးပြောပါ။ ဒုစရိုက်သမားတွေကို ဆက်ပြီးဖမ်းထားသရွေ့တော့
ကျုပ်တို့ကနိုင်ငံတကာအလိုက် စိတ်မကောင်းဖြစ်ရလိမ့်မယ့်အကြောင်း ပြောပါ။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာလို့ ဘာမှ အကျိုးမထူးဘူး။ နိုင်ငံတကာက
လိုချင်နေတဲ့ ဒုစရိုက်သမားတွေကိုပဲ ချွင်းချက်မရှိ တယောက်မကျန် ချက်ချင်းလွှတ်
ပေးဖို့ကိုပဲ တွင်တွင်ကြီးတောင်းဆိုနေပါ ကု-ချုပ်ကြီး။ အလုပ်ဖြစ်နီးကီးပါလိမ့်မယ်။

ကိုရီးယားမင်းသားလေး ဘန်ကီမွန်း မေးစေ့ကို ပွတ်လိုက်။ နဖူးကို သပ်လိုက်နဲ့
အလုပ်ရှုပ်နေပါတယ်။ တရုတ်သံတမန် ၀င်ကြားလျှို ပေးတဲ့အကြံအတိုင်း လုပ်ရင်
ကောင်းမလား စဉ်းစားခန်း ၀င်နေပါတယ်။ တံခါးဟအစည်းအဝေးခန်းထဲမှာတော့
ဆရာဘန်တယောက်ကလွဲပြီး ဘယ်သူမှ မကျန်တော့ပါဘူး။

အစီအစဉ်အရ မနက်ဖြန်မှာ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရဲ့သဘောထားကို
ကြေညာချက် ထုတ်ရတော့မှာ မဟုတ်လား။ မြန်မြန်ဆုံးဖြတ်ချက်ချပြီး အရေးယူ
ဆောင်ရွက်မှ ဖြစ်တော့မယ်လေ။ နယူးယောက်မြို့ရဲ့ ဆောင်းဦးပေါက်ရာသီမှာ
မင်းသားလေး “ဘန်” ချွေးတွေပြန်လို့။ သူ အခု ရိုက်မယ့်ဇတ်ကားက ဆောင်းဦး
ရွက်ကြွေ ချစ်သက်သေ ဆိုလား၊ ချစ်သတ်သေ ဆိုလား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 11, 2011

စပ်ကူးနဲ့မပ်ကူး












စပ်ကူးဆိုတာ အဆက်အစပ် အကူးအပြောင်းကို ပြောတာ။ မပ်ကူးဆိုတာ ဘာလဲ။
ကူးဆိုတာတော့ ဟုတ်ပါပြီ။ မပ်ဆိုတာ ဘာလဲ။ မြန်မာအဘိဓာန်မှာ တိမ်းသည်။
စောင်းသည်တဲ့။ စကားပြောတဲ့အခါ ကာရံနဘေလေးနဲ့ ချိတ်ပြီးပြောချင်သူများက
“စပ်” နဲ့ကပ်ပြီး “မပ်” လိုက်ကြတာလား မသိဘူး။ “စပ်ကူးမပ်ကူး” ကတော့ အသွင်
ကူးပြောင်းတဲ့ကာလကို ပြောတာပဲ။

အကူးအပြောင်းကာလမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝတွေရှိတယ်။ ထူးခြား
မှုတွေရှိတယ်။ အသိပွါးစရာတွေ ရှိတယ်။ သတိထားစရာတွေ ရှိတယ်။ နေ၀င်ချိန်
ကိုပဲ ကြည့်လိုက်ဦး။ အာရုံတက်ချိန်ကိုပဲ ကြည့်လိုက်ဦး။ သာမန်ထက်ထူးတဲ့ ဆန်း
ကျယ်မှုတွေ မြင်ရမယ်။ အပြောင်းအလဲကိစ္စက အရေးပါတဲ့ကိစ္စ၊ ဂရုတစိုက် ရှိရတဲ့
ကိစ္စ တခုသာပ။

ကိုယ့်သမီး၊ ကိုယ့်သား ကြီးကောင်ပေါက်တာ သတိမထားမိရင် မိဘနဲ့ သားသမီး
အကြား ဆက်ဆံရေးက ကမောက်ကမ ဖြစ်တတ်သလိုပေါ့။ အပြောင်းအလဲကာလ
ကို သတိထားမိမှ။ အပြောင်းအလဲဖြစ်စဉ်နဲ့အတူ အမိအရ အကူးအပြောင်းကို လုပ်
နိုင်မှ။ သည်ဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ချောချောမွေ့မွေ့ရောက်နိုင်မယ်။
သာယာတဲ့ အကူးအပြောင်းဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ ဂီယာညပ်တတ်တယ်။
ဂီယာညပ်ရင် အထိအခိုက် အနာတရ ရှိမယ်။ မျက်စိလည်ရင် လမ်းမှားသွားမယ်။
ရာသီပြောင်းချိန်မှာ ဂရုတစိုက်မရှိရင် ဖျားတတ်၊နာတတ်သလိုပ။

တချို့ကလည်း ပြောကြတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေက အသွင်ကူး
ပြောင်းရေးဖြစ်စဉ်ထဲ ရောက်နေပြီဆိုလား။ ဘယ်လို“အသွင်”တွေက ကူးပြောင်း
နေကြတာတုံး။ အသွင်တွေက “ဘယ်လို” ကူးပြောင်းနေကြတာတုံး။ ကောင်း
ကောင်းသိရင်တော့ ကောင်းမယ်။ ပြောင်းလို့ ပြောင်းမှန်း မသိရင်လည်း မဟန်
သေးဘူး။ မပြောင်းပဲနဲ့ ပြောင်းတယ်လို့ ထင်နေရင်လည်း မမှန်သေးဘူး။ အကူး
အပြောင်းကိစ္စမှာ ၀ိုးတ၀ါးအခြေအနေတွေ၊ အရောအယှက်တွေရှိတယ်။ အရှုပ်
အထွေးတွေရှိတယ်။ ညီအကို မသိတသိအချိန်လို့လည်း ဆိုကြတယ်။

ဂျာမနီမှာ ဘာလင်တံတိုင်းကြီး ဖြိုပြီးတဲ့နောက်။ အရှေ့နဲ့အနောက် ပြန်ပေါင်း
ထုပ်ဇတ်လမ်းမှာ လူမျိုးတူကြတာတောင် အဆက်အစပ်ပြန်လုပ်ဖို့တော်တော်နဲ့
အဆီအငေါ် မတည့်ကြဘူး။ ဆိုဗီယက်ယူနီယန် ပြိုကွဲစဉ်အခါကလည်း အကူး
အပြောင်းတွေ၊ အလှည့်အပြောင်းတွေ သိပ်များခဲ့တယ်။ ကမ္ဘာတ၀ှမ်း ရိုက်ခတ်မှု
တွေ ကြီးကြီးမားမားရှိခဲ့တယ်။ အခုလည်းမူဆလင်ကမ္ဘာမှာ အသွင်တွေ ကူးပြောင်း
နေကြပြီ။

အရှေ့တောင်အာရှမှာ ကျားတွေ တကောင်ပြီးတကောင် ထွားထွားလာတော့ အာစီ
ယံရဲ့အကူးအပြောင်းက အမှတ်တမဲ့ဆိုရင် အံ့သြရမတတ် ဖြစ်သွားမယ်။ အခု တရုတ်
ပြည်ကြီး “ထော” နေပြီ။ ကြီးမားတဲ့ အကူးအပြောင်းကို ကြုံနေရပြီ။ ဒါဆိုရင် ၀လို့
မြည်မာပီကော ပီလိုတုံး။ ကူးပီလား ပြောင်းပီလား။ ဘာလဲ။ ဘယ်လဲ။ ဘယ်လိုလဲ။

ခေတ်သစ်မြန်မာ့သမိုင်းမှာကြုံခဲ့ရတဲ့ စပ်ကူးမပ်ကူးတချို့ကို ချရေးကြည့်ရအောင်။
သီပေါဘုရင် ပါတော်မူ။ အင်္ဂလိပ်ကျွန်ဖြစ်။ တော်လှန်ရေးကာလ ဂျပန်ဝင်။ ဂျပန်
ကျွန်ဖြစ်။ လွတ်လပ်ရေးတိုက်ပွဲ။ လွတ်လပ်ရေးရ။ ပါလီမန်ဒီမိုကရေစီဖြစ်။ ကွဲကြ
ပြဲကြ။ တိုက်ကြခိုက်ကြ။ ပြည်တွင်းစစ်ဖြစ်။ ဆရာနေ၀င်းက စစ်အာဏာသိမ်း။ အိမ်
စောင့်အစိုးရဖြစ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ခေါင်းပေါင်းတထောင်ထောင်နဲ့ သမ္မတကြီး
ဦးနေ၀င်းဖြစ်။ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးတဲ့။ ပါတီဥက္ကဌကြီးတဲ့။

ဦးနေ၀င်းကို ဆန့်ကျင်။ ဆိုရှယ်လစ်ကို ဆန့်ကျင်။ တပါတီအာဏာရှင်ကို ဆန့်ကျင်။
ရှစ်လေးလုံးဖြစ်။ ဆရာစောမောင် စစ်အာဏာသိမ်းပြန်ရော။ စစ်အာဏာရှင်ကပဲ အခု
တခါ ခေါင်းပေါင်းတွေနဲ့။ လွှတ်တော်တွေနဲ့။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို သွားကြ
မလို့တဲ့။ (သွားလေသူ ကြေးမုံဦးသောင်းစကားအတိုင်းဆိုရင် ) စစ်ဗိုလ်တမတ်သား
ပါလီမန်ခေတ်ပေါ့။ အကူးအပြောင်းတွေ၊ စပ်ကူးမပ်ကူးကာလတွေမှာ ဘယ်သူတွေ
ဘာဖြစ်ခဲ့ကြသလဲ။ ကောင်းတာတွေက ဘာတွေလဲ။ ဆိုးတာတွေက ဘာတွေလဲ။
သိထားမှ တော်ကာကျမယ်။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ သတိတော့ ထားနေရမယ့် ကာလဆိုတာ သေချာ
တယ်။အသွင်က ဘယ်လောက်ဖိုး ကူးပြောင်းမှာလဲဆိုတာ မသိနိုင်ဘူး။ နည်းနည်း
ပြောင်းလည်း ပြောင်းသလောက်။ များများပြောင်းလည်း ပြောင်းသလောက်။ သတိ
ထားရမယ်။တေးရေးကိုနေ၀င်း သီချင်းထဲကလို ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့နိုင်ပါမှ။
မဟုတ်ရင် ဂီယာညပ်တဲ့အထဲ ကိုယ်ပါသွားလိမ့်မယ်။ စည်းချက်နဲ့အညီ လိုက်“က”
နိုင်ပါမှ။ မဟုတ်ရင် ကုန်းကွကွကြီး ဖြစ်နေလိမ့်မယ်။

ဂီယာအညပ် မခံရအောင် ဘယ်လိုရှောင်ရ၊ ဆောင်ရမလဲဆိုတာ နောက်မှ ဆက်ပွါး
မယ်။ အခုတော့ စာအတော် ရှည်သွားပြီ။ နားမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, October 10, 2011

ဆောင်းဦးရွှေနီ














ရွှေနီရောင် နေမျှင်တန်းများ
ငါ့အခန်းကို ဖွဖွဝင်
ရွှေမျှင် နေမျှင်များနဲ့
ငါ့အခန်းကြီး ဖိတ်ဖိတ်ထ

ငါ့ကိုယ်ပေါ်
ရွှေရောင်များ လျှံကျ
ရွှေနေမျှင်များ 
ကြည်လင်လှတဲ့ ရွှေနီမျှင်များ

ငါ့ခန္တာကိုယ်ကြီး
ရွှေရောင်နီများနဲ့
လင်းလက် တောက်ပ

ဆောင်းဦးပေါက် နံနက်ခင်းမှာ
ရွှေကိုယ်တော်မြတ်ကြီး ငါ
အံ့သြစရာ

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, October 7, 2011

ဝင်းဝင်းနဲ့ ရှင်းရှင်း














ရှင်းရှင်းနဲ့ ၀င်းဝင်းက မောင်နှမလား ဒါမှမဟုတ် ညီအမလားလို့ မေးကြလိမ့်မယ်။
ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူးလို့ ဖြေရလိမ့်မယ်။ ရှင်းအံ့။
ဝင်းဝင်းဆိုတာ မြန်မာအမျိုးသမီးတွေမှာ ရှိတတ်တဲ့ နာမည်။ ရှင်းရှင်းဆိုတာက
တရုတ်အမျိုးသမီးတွေမှာ ရှိတတ်တဲ့နာမည်။ ရန်ကုန် တရုတ်တန်းက အသိ
တယောက်ရဲ့အိမ်မှာတော့ ၀င်းဝင်းနဲ့ ရှင်းရှင်းက ညီအမတွေခင်မျ။

တကယ်တော့ လူဝင်းဝင်းနဲ့ လူရှင်းရှင်းအကြောင်း ရေးချင်တာ မဟုတ်။ တိုက်
ဆိုင်လို့ လေကြော့ဆန့်တဲ့သဘောမျှသာ။ ပြောချင်တဲ့ ၀င်းဝင်းဆိုတာက ပညာ
တတ်တွေအကြား ရေပန်းစားနေတဲ့ “၀င်းဝင်း စီကျူရေးရှင်း” ဆိုတဲ့ တွက်နည်း
ကားကို ဆိုလိုပါတယ်။ ရှင်းရှင်းဆိုတာကတော့ ဘာပဲလုပ်လုပ် ရှင်းရှင်းလုပ်ကြဖို့။
အများအမြင်မှာ ရှင်းအောင်နေထိုင် ဆောင်ရွက်ကြဖို့ပါပဲ။

ထုံးစံအတိုင်း နိုင်ငံရေးအကြောင်း စပါတော့မယ်။ ဒေါ်စုနဲ့ဦးသိန်းစိန်တို့က အခု
“၀င်းဝင်းဂိမ်း” ကို ကစားနေကြသတဲ့။ ဘယ်သူ့ဘက်ကမှ မနာ။ နှစ်ဘက်လုံး
အသာ ကစားကွက်ပေါ့။ ထောက်ခံပါတယ်။ ကောင်းပါတယ်။ လက်ခုပ်တီးပါ
တယ်။ အရေးကြီးတာက ဂိမ်းကို အဆုံးထိ အောင်အောင်မြင်မြင် ကစားနိုင်ကြ
ဖို့ပါပဲ။

သူသာ ကိုယ်နာ (၀ါ) ကိုယ်သာ သူနာ ကစားကွက်က လက်ရှိမြန်မာ့နိုင်ငံရေး
အခြေအနေအရ ဖြစ်နိုင်ခြေ သိပ်နည်းလွန်းတယ်။ ဖြစ်သည့်တိုင်အောင် အထိ
အခိုက်အကျအဆုံး သိပ်များမယ်။ တိုင်းပြည်က နာလွန်းမက ဟိုတဘက်တောင်
လွန်နေပါပြီ။ ဒီလိုအချိန်မှာ ကိုယ်နိုင် သူရှုံးကစားဖို့ အားပေးသူများဟာ စိတ်ကူး
ယဉ်သူမျှသာ။ လုံးဝ လက်တွေ့ မကျ။ ဒီလမ်းကြောင်းကို အားမပေးပါ။ ၀င်းဝင်းပဲ
ကောင်းပါတယ်။ တိုင်းပြည်မျက်နှာကို ကြည့်ပါ။ ရှုံ့မဲ့ရုံမက ခံရလွန်းလို့ တွန့်တွ
နေပြီ။

တရုတ်နဲ့လတ်တလော ပြဿနာတက်နေတဲ့ မြစ်ဆုံကိစ္စမှာလည်း ၀င်းဝင်းမှပဲ
ကောင်းလိမ့်မယ်။ မဟုတ်ရင် ဇတ်က ရှုပ်လည်း ရှုပ်မယ်။ ရှည်လည်း ရှည်မယ်။
မြန်မာပြည်ထဲမှာ တရုတ်တွေက အများကြီး။ တရုတ်နဲ့ညားတဲ့ မြန်မာတွေလည်း
မနည်းမနော။ တရုတ်က အင်အားကြီး အိမ်ဘေးကပ်ရက်နိုင်ငံ။ ယှဉ်ဖို့ခက်တယ်။
သူက ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးတခု။ ကိုယ်က အဆင်းရဲဆုံး နိုင်ငံငယ်တခု။
ဒီလိုအခြေအနေမှာ (ကိုယ်ဘက်က မှန်တယ်ဆိုဦးတော့) ရေရှည်ကိုကြည့်ပြီး
ပြဿနာကို ၀င်းဝင်းနည်းနဲ့ ရှင်းလေမှ။

ဝင်းဝင်းနည်းနဲ့ကစားရာမှာ ရှင်းရှင်းလင်းလင်းရှိဖို့တော့ လိုသဗျ။ အခုကိုပဲ မြစ်ဆုံ
ဇတ်က မရှင်းမရှင်း။ လျှို့ဝှက်ချက်တွေက ခပ်များများ။ ဦးသိန်းစိန်က ဗိုလ်ချုပ်ဘဝ
က ရေကာတာကြီး အမြန်ပြီးအောင်လုပ်ဖို့ သူပဲသွားတိုက်တွန်းခဲ့သေးသတဲ့။ အခု
တော့ သူကပဲ ရပ်ပါတော့တဲ့။ မြန်မာဘက်က ပညာရှင်တွေကလည်း သူတို့လေ့လာ
ချက်စာတမ်းမှာ ဘာတွေပါသလဲဆိုတာ မပြောရဆိုပဲ။ မရှင်းမလင်းနဲ့ ၀င်းဝင်းကို
ကစားလို့ မရ။

မြန်မာ့နိုင်ငံရေးလည်း ဒီလိုပဲ။ လွှတ်တော်ထဲမှာ အရေးမပါတာတွေကို ဝေ့လည်
ကြောင်ပတ်နဲ့ မရှင်းမရှင်း လုပ်နေကြတယ်။ ၀င်းဝင်း ဖြစ်ချင်ရင် ရှင်းရှင်းလုပ်ကြပါ။
ဖမ်းထားတဲ့လူတွေကို လွှတ်ပေးမယ်ဆိုလည်း ရှင်းရှင်းပြော။ မလွှတ်ပေးဘူးဆိုလည်း
ရှင်းရှင်းပြော။ အထာကိုင်နေရင် ဆရာမြိုင် မကြိုက်ဘူး။ ဒေါ်စုတို့နဲ့ အာဏာခွဲမှာမို့
မှတ်ပုံတင်ခိုင်းနေတာလား။ စစ်တပ်က ပြန်ပြီး အာဏာသိမ်းမှာလား။ တကယ်ပဲ
ဝင်းဝင်းကို ကစားချင်ရင်တော့ ရှင်းရှင်းလင်းလင်း လုပ်ကြပါ။

အတိုက်အခံတွေလည်း ဒီလိုပဲ။ ၀င်းဝင်းဖြစ်ချင်ရင် ရှင်းရှင်းပြောကြ။ ၀င်းဝင်းနည်းကို
ယုံယုံကြည်ကြည်နဲ့ ကစားကြ။ ရှင်းရှင်းမလုပ်ရင် တဘက်နဲ့တဘက် မယုံကြည်နိုင်
ဘူး။ မယုံကြည်ရင် ၀င်းဝင်းကစားလို့ မရဘူး။ အာဏာပိုင်နဲ့ လက်တွဲဖို့ အတိုက်အခံက
တကယ်ပဲ အသင့်ဖြစ်ပြီလား။ အတိုက်အခံနဲ့ လက်တွဲဖို့ရော အာဏာပိုင်က အသင့်
ဖြစ်ရဲ့လား။ မဖြစ်သေးရင် ရှင်းရှင်းပြောကြ။ မရှင်းရင် မ၀င်းဘူး။ မယုံရင် မ၀င်းဘူး။

ရှင်းတာနဲ့ ၀င်းတာ နှစ်ခုထဲနဲ့တင် အခုစာက ရှုပ်နေပြီ။ ဂိမ်းကိုတကယ် ကစားရတဲ့လူ
တွေ မလွယ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ၀င်းဝင်းနဲ့ ရှင်းရှင်းနဲ့က ညီအမတွေဆို
တာတော့အမှန်ပဲ။ ငဒို့မြန်မာတွေရဲ့သဘောကလည်း မရှင်းမရှင်း ကြိုက်ပုံရတယ်။
အခုချိန်ထိ သီပေါဘုရင် ပါတော်မူဇတ်က ခပ်ရှုပ်ရှုပ်။ တိုင်းရင်းသားဇတ်ဆို ပြောမနေနဲ့။
ငဒို့မှာ ရှင်းစရာတွေ အများကြီး။ ၀င်းဝင်းကို လေ့လာကြ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 4, 2011

ဒကာစိန် ဂနာငြိမ်စေဖို့















ဒကာစိန် ကျန်းမာစေကြောင်း ဘုန်းကြီး ဆုတောင်းလိုက်ပါတယ်။ ဒီစာဟာ
ဒကာစိန့်ဆီကိုရေးတဲ့ ဘုန်းကြီးရဲ့ ဒုတိယစာပါ။ ယခင်ကလည်း တကြိမ်
ဒကာစိန့်မိန့်ခွန်းနဲ့ ပတ်သက်ပြီး  ဘုန်းကြီးရဲ့သဘော ရေးခဲ့ပါသေးတယ်။
ဒကာစိန်အလုပ်တွေများမှန်း ဘုန်းကြီးကောင်းကောင်းသိပါတယ်။ သမ္မတ
လုပ်ရတာ မလွယ်မှန်းလည်း ဒကာစိန်သိလောက်ပြီလို့ ထင်ပါတယ်။

ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ဒကာစိန်ရဲ့။ အထက်က ပေးတဲ့တာဝန်မို့ ကျေ
ပွန်အောင်လုပ်ရမယ်ဆိုတဲ့ စစ်တပ်ရဲ့သဘောကိုလည်း ဘုန်ကြီးနားလည်
ပါတယ်။ လူကြားကောင်းအောင် ပြည်သူကရွေးချယ်လို့ သမ္မတလုပ်ရတာ
ပါဆိုပြီး ပြောနေရတာကိုလည်း သဘောပေါက်ပါတယ်။

ဒကာစိန်နဲ့ ဒကာမကြီးဒေါ်စုတို့ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ချိတ်ထားတဲ့
အခန်းမှာ တွေ့ခဲ့ကြစဉ်ကတည်းက ဘုန်းကြီးက စာရေးမလို့ပါပဲ။ ဒါပေမဲ့
တွေ့ပြီး ဘာတွေပြောကြမှန်း မသိရတာနဲ့ ဘုန်းကြီးလည်း ဘာရေးရမှန်း
မသိခဲ့ဘူး။ အခုတော့ ရေးစရာပေါ်လို့ ရေးလိုက်ပြီ။

ဒကာစိန်ရဲ့စွန့်စားခန်းတွေကို ဘုန်းကြီးတို့က အမြဲစောင့်ကြည့်နေတာပါ။
မြစ်ဆုံအရေးမှာ ဒကာစိန် ရွှေ့ခဲ့တဲ့ အကွက်ကတော့ ပရိတ်သတ်အကြိုက်
အကွက်ပဲ။ တရုတ်ဆိုတာက ဒကာစိန်တို့ရဲ့မိတ်ဆွေရင်းတွေမို့ အချိန်မရွေး
ကျောသပ်ပြီး ညှိလို့ရမှန်း ဘုန်းကြီး သဘောပေါက်ပါတယ်။

အခု ဘုန်းကြီးတို့စောင့်ကြည့်နေတာက အမေရိကန်နဲ့တရုတ်အကြား ဒကာစိန်
ဘယ်လို ကစားမလဲ ဆိုတာပဲ။ ဧရာဝတီကို ဘုန်းကြီးတို့တင် ချစ်တာမဟုတ်ဘူး။
အမေရိကန်ကလည်း ချစ်တဲ့အကြောင်း မသိမသာပြခဲ့တာ အားလုံးမြင်ခဲ့ရပြီ။
အမေရိကန်က တကမ္ဘာလုံးကို ချစ်နေတာ။ သူက ဒကာစိန်တို့အစိုးရကို အရင်
စစ်အစိုးရလို တရုတ်စော်မနံ စေချင်ဘူး။ သူနဲ့တရုတ်က ပြိုင်ဘက်တွေ ဖြစ်လာ
ပြီ မဟုတ်လား။

တရုတ်က အိမ်နီးချင်းဆိုတော့ သူနဲ့ပါးပါးနပ်နပ် ပေါင်းနိုင်မှ။ ဒီမိုကရေစီသွားမယ်
လို့ ဒကာစိန်တို့က ကြေညာထားပြီးမှ အမေရိကန်နဲ့ မပြေလည်ရင်လည်း လူရယ်
စရာဖြစ်မယ်။ ဘုန်းကြီးတို့ပြည်သူတွေကလည်း အမေရိကန်ဆို အထင်ကြီးတယ်။
ပြည်သူ့သဘောနဲ့ မကင်းကွာအောင် အမေရိကန်ယိမ်းလေး ကပြဖို့လည်းလိုမယ်။

အာစီယံဥက္ကဌလည်း ဒကာစိန်တို့က သိပ်ဖြစ်ချင်နေတယ်ဆိုတော့ ဒေသတွင်း
ရော၊ ဒေသအပြင်ရော။ အဝေးကွင်း၊ အနီးကွင်း အကုန်လုံး ကျွမ်းကျွမ်းကျင်ကျင်
ကစားနိုင်မှ ဖြစ်မယ်။ ဒကာစိန့်ကြည့်ရတာလည်း မရွှင်မပြနဲ့။ ကျန်းမာရေးလည်း
သိပ်ကောင်းပုံ မရဘူး။ ငါးနှစ်သက်တမ်းရော ခံပါ့မလား။

အစီအစဉ်အရ ဒကာစိန်က လမ်းခုလပ်မှာ အနားယူဖို့ ရှိနေသလား။ မပြောမဆို
ကျန်းမာရေး အကြောင်းပြပြီး ဒကာစိန် နားလိုက်လိုက်ရင်။ ဒါမှမဟုတ် ခေါက်ကနဲ
ဖြစ်သွားရင်။ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်မယ်။ ဒကာစိန် သတိထား။ ရွှေ့စရာ
အကွက်တွေ ကျန်သေးတယ်။ တို့လို့တန်းလန်း မထားခဲ့နဲ့။ နောက်လူက ဘာမှန်း
သိရတာ မဟုတ်ဘူး။

လောလောဆယ် မြစ်ဆုံအရေးမှာ ဒကာစိန်က “ပေါက်” နေပြီ။ နာမည် ရနေပြီ။
လူကြိုက်များစ ပြုနေပြီ။ ဒကာစိန်လုပ်တာနဲ့ ဒေါ်စုတို့တောင် မှတ်ပုံတင်မယ့်
အသံ တော်တော်ညံနေပြီ။ ဒကာစိန်ခေါ်လို့ဆိုပြီး အိမ်ပြန်လာသူတွေလည်း
တဖွဲဖွဲရှိနေပြီ။ ပြန်ချင်လွန်းလို့ မရိုးမရွဖြစ်နေသူတွေလည်း အပြင်မှာ တပုံကြီး။

တကာစိန်ရွှေ့နေတဲ့အကွက်တွေက မှားတာနဲ့ အစားခံရမယ့် အကွက်တွေဆို
တာ ဘုန်းကြီးတို့ ကောင်းကောင်း သဘောပေါက်တယ်။ ဒီအချိန်မှာ အရေးကြီး
တာက ဒကာစိန် ဂနာငြိမ်နေဖို့ပဲ။ ပြည်သူ့အကျိုးကိုပဲ အာရုံပြု။ ပြည်သူကလွဲလို့
ဘယ်သူကမှ အရေးမကြီးဘူး။ အခုကိုပဲ ပြည်သူ့စကားကို နားထောင်တတ်တဲ့
သမ္မတလို့ အသံထွက်လာပြီ မဟုတ်လား။ တပ်မတော်သာလျှင် အမိခေတ်လည်း
မဟုတ်တော့ဘူး။ ပြည်သူကို ဂရုစိုက်ရင် ပြည်သူကလည်း ကိုယ့်ကို ပြန်ပြီး ဂရု
စိုက်လိမ့်မယ်။

ဒကာစိန် ဂနာငြိမ်ဖို့အရေးလည်း ဘုန်းကြီးတို့ ရောက်ရာအရပ်က ဆုတောင်းပေး
နေမယ်။ မြန်မာပြည်သူတွေ လွတ်မြောက် ပျော်ရွှင်မှပဲ ဘုန်းကြီးတို့အတွက် အမျှ
ဝေပေးပါ။ ဒကာစိန် ကျန်းမာပါစေ ။       ။ အရှင်ကောဝိဒ ။

(ရုပ်ပုံ ၊ ဂူဂလ်)