4 years ago
Tuesday, October 18, 2011
အဆိုးလေး
ဟိုတညက ပါတီတခုမှာ နိုင်ငံတကာမိတ်ဆွေများနဲ့ ဆုံရတယ်။ ဟောင်ကောင်
သူတဦးက မြန်မာပြည်အကြောင်း စပြောတယ်။ သတင်းတွေမှာ ငါဖတ်ရတယ်။
နင်တို့တိုင်းပြည် အတော်ဟုတ်နေပြီဆိုပါလားတဲ့။ တောင်အာဖရိကသား တဦး
ကလည်း မင်းဘယ်တော့ ပြန်မှာလဲတဲ့။ အိန္ဒိသားကလည်း မင်းတို့နဲ့ တရုတ်
ပြဿနာတက်ကြပြီ မဟုတ်လားတဲ့။ အမေရိကန်တောသူမလေး တဦးက
မြန်မာပြည်ကို ငါလည်းသွားချင်တယ်။ ဒေါ်စုနဲ့တွေ့ချင်တယ်တဲ့။ အီတာလျှံ
တကောင်ကလည်း ဘုမသိ ဘမသိနဲ့ “ရေး....ဖရီးဒမ်းးးးး” လို့ ထအော်တယ်။
တယောက်တပေါက်နဲ့ မြန်မာပြည်အကြောင်း သိသမျှတွေလျှောက်ပြောနေ
ကြရင်း ပစ်မှတ်က ကိုယ့်ဆီရောက်လာတယ်။ ၀ိုင်တငုံ မြုံလိုက်ရင်း ငါနည်းနည်း
ရှင်းပြပါ့မယ်လို့ ကမန်းကတန်း ဆိုလိုက်ရပါတယ်။ တိုင်းပြည်ကို ကိုယ်စားပြုပြီး
ရှင်းပြရမယ့် တာဝန်ရှိလာပြီကိုး။ မြန်မာ့အရေး တရားဝင် မိန့်ခွန်းပြောရတာမျိုး
မဟုတ်ပေမဲ့လည်း ကိုယ်ပြောတာကိုပဲ စကားဝိုင်းမှာ အလေးအနက်ထားပြီး
နားထောင်ကြတော့မှာကိုး။ ဒီပွဲမှာက မြန်မာပြည်ဆိုင်ရာ လူသားဆိုလို့ ငါတဦး
သာလျှင် ရှိချေသည်တကား။
မင်းတို့ပြောတာတွေအားလုံး မမှားပါဘူးလို့ သံတမန်ဆန်ဆန်နဲ့ စကားကို အစချီ
ရပါတယ်။ (ကိုယ်က ငြင်းတော့မှာကိုး) ဒါပေမဲ့ အပြည့်အ၀ မမှန်ဘူး။ သတင်း
တွေမှာ တွေ့ကြရတာက မှန်တာလည်းပါ၊ မမှန်တာလည်းပါ။ ကိုယ့်ရဲ့ဆန္ဒစွဲလေး
တွေလည်းပါနေတော့ အမှန်တရားက တ၀က်ဖုံး တ၀က်ပေါ် ဖြစ်နေတယ်။ မင်းတို့
မြင်နေရတာက ပေါ်နေတဲ့တ၀က်ကိုပဲ မြင်နေရတာလို့ ပညာရှင်လိုလို၊ တရားပြ
ဆရာလိုလို၊ မျက်လှည့်ဆရာလိုလိုနဲ့ ဆက်ပြီးပြောပါတယ်။
ငါက မြန်မာပြည်က လာတဲ့သူ။ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့သူဆိုတော့
မင်းတို့မြင်နေရတဲ့ တ၀က်ထက် နည်းနည်းပိုပြီး မြင်တယ်။ အကုန်တော့ မမြင်ရ
ဘူး။ ငါမြင်သလောက်ပြောရရင် မြန်မာပြည်ဟာ နည်းနည်းလေး ပြောင်းလာပြီ။
အရင် စစ်တပ်အုပ်ချုပ်တဲ့ ပုံစံကနေ လမ်းခွဲလာတဲ့သဘောတွေ မြင်နေရပြီ။
အဆိုးကြီး မဟုတ်တော့ဘူး။ “အဆိုးလေး” အဆင့်ကို ရောက်နေပြီ။ ဆိုးတော့
ဆိုးနေသေးတယ်။
လွတ်လပ်မှုတွေ အပြည့်မရသေးဘူး။ ဖိနှိပ်မှုတွေ၊ အာဏာပိုင်တွေရဲ့ မတရားမှု
တွေ၊အနိုင်ကျင့်မှုတွေ၊ အပေါ်စီးဆက်ဆံမှုတွေ၊ ချိန်းခြောက်မှုတွေ၊ တင်းကျပ်မှု
တွေ ရှိနေတုန်း။ ပြည်တွင်းစစ် ဖြစ်နေတုန်း။ မြန်မာပြည်သူတွေ အကျပ်ဆိုက်တဲ့
ဘ၀မှာ ရုန်းကန်နေရတုန်း။ အဆိုးကြီးဘ၀ကတော့ လွတ်လာတဲ့သဘောရှိတယ်။
အဆိုးလေးဘ၀မှာ နေနေကြရတုန်းပဲ။ ပြည်သူတွေ အသက်ရှူ မချောင်သေးဘူး။
အဆိုးလေးကနေ အဆိုး။ အဆိုးကနေ ကောင်းသယောင်ယောင်အဆင့်။ ဆိုးသလို
ကောင်းသလိုကနေ အဆိုးနည်းနည်း၊အကောင်းများများအဆင့်။ အဲဒီကမှ အကောင်း
အဆင့်။ အကောင်းဆုံးအဆင့် ဆိုတာတွေကို သွားရဦးမယ်။ အကောင်းဆုံးမဖြစ်ခင်
အဆိုးနည်းနည်း အကောင်းများများဆိုတဲ့ အဆင့်ကို ရောက်ဖို့ဆိုတာက ဆယ်စုနှစ်
ဘယ်နှစ်ခုလောက် သွားရမယ် မသိဘူး။ ဒီကြားထဲ အဆိုးလေးအဆင့်ကနေ အခန့်
မသင့်ရင် အဆိုးကြီးဘ၀ကို ပြန်မရောက်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ဘူး။
အဆိုးလေးကိုပဲ အတော်ဟုတ်နေပြီလို့ ထင်ရင်တော့ ဖန်ခွက်ထဲမှာ ရေတ၀က်
တောင်ရှိနေသဟ ဆိုတဲ့အုပ်စုမှာ မင်းတို့ရှိနေတယ်လို့ မိတ်မပျက်အောင် နိဂုံးချုပ်
ခဲ့ရပါတယ်။ တချို့တွေကလည်း အဆိုးလေးမို့ ကြိုက်သကိုး ဆိုပဲ။ ခက်တယ်...
ခက်တယ် ။ မင်းကိုနိုင်မွေးနေ့ ။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာကြပါ
စေ။
(ရုပ်ပုံ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
2 comments:
half empty မပြောပဲ half full လို. ယူဆတဲ့သူဟာ အပြုသဘောဆောင်တဲ့ သဘောရှိပါတယ်၊
ဘလူးစကိုင်း သံတမန်ရေးရာကျွမ်းကျင်တယ်၊ လှည့်ပတ်ပြီး စိတ်ဝင်စားအောင်ပြောတတ်တယ်၊ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံအကြောင်းကို မသိတော့ ဘလူးစကိုင်းပြောတာနားထောင်ရမှာပေါ့၊
The blind leading the blind ဆိုတာလေးကို တွေးမိပါတယ်၊
အဆိုးသေးသေးလေးမှ အဆိုးကြီးကြီး ပြန်မဖြစ်အောင်ကြိုးပမ်းကြပါစို. ...
ဖန်ခွက်ချည်းသက်သက်ကနေ ရေတ၀က်ဖြစ်လာတာဆိုရင်တော့ နည်းနည်းမျှော်လင့်ချက်ရောင်ချည်သန်းလာတာပေါ့....
တစက်စက်နဲ့ ခက်ခက်ခဲခဲ ဖြည့်ရတာမို့ ခွက်ထဲကို ထိထိရောက်ရောက် ပြည့်လာဘို့ ၀ိုင်းတည့်ပေးကြရအောင်နော ....
Post a Comment