Monday, January 19, 2009

အိုဘားမားနိမိတ်








ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးဆိုတာတွေကိုအသံအကျယ်ဆုံးအော်နေခဲ့တဲ့ တိုင်းပြည်။ သူများတိုင်းပြည်တွေမှာ မညီမျှတာတွေဖြစ်ရင်လည်းသူနဲ့ဆိုင်သလိုဝင်ပြီး ဆရာ လုပ်တတ်တဲ့တိုင်းပြည်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိ အင်အားအကြီးဆုံးတိုင်းပြည်။ လူကြိုက်များ သလောက် လူမုန်းများတဲ့တိုင်းပြည်။ အခုမှပဲ အပြောနဲ့အလုပ်ညီအောင်သက်သေပြစရာ ထင်ထင်ရှားရှားကိစ္စတခု တကယ်ဖြစ်ပေါ်လာခဲ့ပါပြီ။

လူမဲသမ္မတ အိုဘားမားတက်လာခဲ့ပါပြီ။ လူဖြူတွေပဲကြီးစိုးခဲ့တဲ့အိမ်ဖြူတော်ကိုတောင် အိမ်မဲ တော်လို့နာမည်ပြောင်း ရတော့မလိုပါပဲ။ တကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့ အဖြစ်။တကယ်ပဲ အမေရီကန်ပြည်ထောင်စုမှာ အပြောင်းအလဲ ဖြစ်လာခဲ့ပါပြီ။ ဇန်န၀ါရီလ၂၀ ရက်ဟာ အိုဘားမား သမ္မတရာထူးကိုကျမ်းကျိန်သစ္စာဆိုတဲ့နေ့ပါ။ တခြားသမ္မတ တွေနဲ့မတူတာကိုက သိပ်ကိုထူးခြား နေပါပြီ။ သမ္မတကျမ်းကျိန်ပွဲတွေမှာ အစိုးရက ငွေကြေးအများဆုံးသုံးစွဲတဲ့ပွဲပါ။ အဲဒီနေ့မတိုင်ခင် ကတည်းက ၀ါရှင်တန် ဒီစီဆိုတဲ့မြို့ တော်လေးမှာ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့တာပါ။ လူနှစ်သန်း လောက် ၀ါရှင်တန်ဒီစီမြို့ ကိုလာကြလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ လုံခြုံရေးတွေကို လည်း ထူးထူးခြားခြားကိုတင်းကျပ်ထား တာပါ။ သတင်းမီဒီယာတွေမှာလည်း တချိန်လုံးဒီအကြောင်းပဲ။

ကမ္ဘာကျော်အနုပညာသည်တွေလည်းမြို့ ထဲ မှာရောက်နေတယ်။ ၀ါရှင်တန်ဒီစီမြို့ မှာ ဘယ်သွား သွား အိုဘားမားပဲ။ သူ့ရုပ်ပုံ။ ရင်ထိုး၊ စာအုပ်။ အင်္ကျီ။ဦးထုပ်။သော့ချိတ်။ လက်ကောက်။ကာတွန်း။ အလံ။ လူသုံးကုန်ပစ္စည်းအစုံပဲ။ အိုဘားမားဟာ ရောင်းအကောင်းဆုံးကုန်ပစ္စည်းတခုဖြစ်နေတယ်။ လူတွေ ကလည်း အလုအယက်ဝယ်ယူနေကြတယ်။ ရထားလက်မှတ်ကအစ အိုဘားမားပုံနဲ့။

အမေရိ ကန်လိုနိုင်ငံမျိုးတောင်မှ သူတို့တွေမျှော်လင့်တောင့်တခဲ့တဲ့။ မျှော်လင့်ခဲ့သလိုလည်းကြိုးစားခဲ့တဲ့ အိပ်မက်တခုက အခုမှထင်ရှားလာရတယ်ဆိုတော့။ ကျွန်တော်တို့ရဲ့ ရွှေမြန်မာပြည်က ဘယ်တော့များမှ လူလိုသူလို ဖြစ်လာနိုင်မလဲ ဆိုတာ မစဉ်းစားရဲပဲဖြစ်နေတယ်။ မစဉ်းစားလို့ကလည်း မနေနိုင်။

အတိတ်နိမိတ်ကိုယုံကြည်လို့တော့မဟုတ်။ အိုဘားမားဆိုတဲ့ နာမည်မှာက ဘားမားဆိုတဲ့မြန်မာပြည်ကပါနေတယ်။ အိုဘားမားက လူမဲ။ မဖြစ်နိုင်ဘူးလို့လူတွေထင် ထားတဲ့အရာ။ လူမဲ သမ္မတ တကယ်ပဲဖြစ် လာခဲ့ပြီပဲ။ ဟုတ်တယ် မဟုတ်လား။ ဒါဟာ အတိတ်ကောင်း၊ နိမိတ်ကောင်းပေါ့။ နော့ဗျာ ။ အကောင်းဘက်က လှည့်တွေးတော့လည်း စိတ်သက်သာရာ ရတာပေါ့။ မဟုတ် ဘူးလား မိတ်ဆွေတို့ရာ။ နှစ်သစ်မှာ ကျန်းမာကြပါစေဗျား။

Hello... Mr Obama ! We are from Burma !

Saturday, January 17, 2009

ဖါးကျောကုန်းကို ပွတ်သူများ









မိုး မိုး ဘာကြောင့်ရွာ

ဖါးအော်လို့ရွာ။

ဖါး ဖါး ဘာကြောင့်အော်

မြွေကိုက်လို့အော်။

မြွေ မြွေ ဘာကြောင့်ကိုက်

ငါ့ဝမ်းပူစာ မနေသာလို့ကိုက်။

လူတိုင်းသိကြမယ့်ကဗျာလေးလို့ ထင်ပါတယ်။ မသိတာကတော့ ကဗျာ
ခေါင်းစဉ်နဲ့ ဘယ်သူစပ်ဆိုခဲ့ သလဲဆို တာပါပဲ။သိသူများ ကျေးဇူးပြု၍ပြော
ကြပါ။

ချင်းမိုင်မြို့ မှာ ညဖက်ဆို ဖါးတွေသိပ်အော်ပါတယ်။ မြွေကိုက်လို့တော့ မဟုတ်
ပါဘူး။ သူတို့ကျောကုန်းကို အပွတ်ခံကြရလို့ပါ။ ဖါးတွေအော်ပေမဲ့လည်း ချင်း
မိုင်မှာ မိုးတွေမရွာပါဘူး။ မိုးမရွာပေမဲ့လည်း ချင်းမိုင်ကအေးပါတယ်။ ကျွန်တော်
က အအေး ဓါတ်ကြိုက်သူပါ။ မွေးရပ်ဇာတိကလည်း မေမြို့ ကိုးခင်ဗျ။ ထားပါတော့။
အရင်ကမြန်မာတွေ ချင်းမိုင်ကိုဘာကြောင့်ဇင်းမယ်လို့ခေါ်ကြတယ် မသိ။ အယုဒ္ဓယ
ကိုလည်း ယိုးဒယားလို့ခေါ်ကြတယ်။ အခုတော့ အသံထွက်မှန်တိုင်းခေါ်နေကြပြန်
တယ်။

ချင်းမိုင်အဖွင့်
ချင်းမိုင်မြို့ ကိုသွားချင်တာအကြောင်း နှစ်ခုရှိပါတယ်။ အဲဒီက ရှမ်းခေါက်ဆွဲနဲ့တို့ဖူး
နွေး စားချင်လို့။ နောက်တခုက မြန်မာပန်းချီအရောင်းဆိုင်တွေကို ကြည့်ချင်လို့။
ချင်းမိုင်က ဘန်ကောက်ကနေ ကားနဲ့သွားရင် ဆယ်နာရီလောက်ကြာပါတယ်။
ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတယ်။ တောင်တွေပေါတော့ အေးတယ်။ ပန်းတွေ
ပွင့်တော့ မွှေးတယ်။ ချင်းမိုင်သူတွေက ချောတော့ ရင်ထဲမှာနွေးတယ်ပေါ့ဗျာ။

မနက်ဆယ်နာရီလောက် ဘန်ကောက်မြို့ က ခရီးစတယ်။ ချင်းမိုင်ကိုသွားတဲ့ခရီးက
စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုရမယ်။ လမ်းခရီးမှာထူးဆန်းတာတွေရှိ လို့တော့
မဟုတ်ဘူး။ ကိုယ်နဲ့အတူသွား ကြသူတွေက မြန်မာပြည်က မနေ့က ပဲရောက်လာ
သူတွေဆိုတော့ စကားတပြောပြောနဲ့ သွားရလို့ပါပဲ။ ကားတစီးကိုငှားပြီးသွားကြ
တာပါ။

မြန်မာပြည် အကြောင်း ခြေဆုံးခေါင်းဆုံးပြောကြပါတယ်။ ဘယ်ပြန် ညာပြန်ပြော
ကြပါတယ်။ မြန်မာပြည်နဲ့ဝေးနေတာကြာနေလို့ မေးစရာတွေကလည်း ကိုယ့်မှာ
တပုံကြီး။ သူတို့ကလည်း လွတ်လွတ်လပ်လပ်ပြောခွင့်ရတုန်း ဖေါက်သည်ချချင်
နေကြတာ တပုံကြီး။ တလမ်းလုံး ပြောသွားလိုက်ကြတာ တတိုင်းပြည်လုံးအကြောင်း
အကောင်းက မပါသလောက်ပဲ။ ပြောလိုက်သမျှ အကြောင်းအရာတွေရဲ့ အဆုံးမှာ သက်ပြင်းချရတာတွေချည်းပဲ။

ကြာလာတော့ မောလာတယ်။ မကောင်းတာတွေကိုပဲ ရွေးပြောနေတာလားလို့
တောင်စဉ်းစားမိတယ်။ ကောင်းမယ် ထင်တာ မေးတော့ လည်း စိတ်ညစ်ရတာပဲ။
ချင်းမိုင်ကိုရောက်ခါနီး တနာရီအလိုလောက်မှာ မြန်မာပြည်အကြောင်းဘာမှ ဆက်
မမေးတော့ဘူး။ ချင်းမိုင်နားကပ်လာတော့ အေးလာပြီ။ ချင်းမိုင်မြို့ ကိုဝင်တော့ ည
ရှစ်နာရီလောက်ရှိပြီ။ မေမြို့ ကိုတောင် သတိရသွားတယ်။ လမ်းမှာစတော်ဘယ်ရီ
တွေကိုလည်း မြင်ခဲ့ရတယ်။

ညဈေး
 
ချင်းမိုင်က ညဈေးဟာ ဧည့်သည်တွေအတွက် စိတ်ဝင်စားစရာပေါ့။ ထိုင်းအမှတ်တရ
ဒေသထွက် ကုန်ပစ္စည်းတွေနဲ့စည်ကားနေတတ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးအခြေ
အနေနဲ့ ကမ္ဘာ့စီးပွါးရေးအခြေအနေတွေ မကောင်းလို့ အခုနှစ်သစ်ကူးကာလ ဧည့်သည်
အလာကျဲတယ်။ ပြောချင်တာက အခုမှပဲရောက်လာပါတယ်။ ဖါးကျောကုန်းကိစ္စပါ။

ချင်းမိုင်ညဈေးမှာ ဖါးတွေသိပ်အော်ပါတယ်။ ရေကန်နဲ့နီးလို့ မဟုတ်ပါဘူး။ သူတို့ကျော
ကုန်း အပွတ်ခံရလို့ပါ။ တကယ့်ဖါး မဟုတ်ပါဘူး။ အရုပ်ဖါးပါ။ တွေ့ ဖူးကြမယ် ထင်ပါ
တယ်။ သစ်သားကိုထွင်းထားတဲ့ ဖါးရုပ်ကလေးတွေပါ။ ကျောမှာ ဖုလေးတွေ ပါပါတယ်။
အဲဒီဖုလေးတွေကို သစ်သားချောင်းလေးနဲ့ပွတ်လိုက်ရင် ဖါးအော်သံလိုထွက်ပါတယ်။

ကျွန်တော်စိတ်ဝင်စားတာက ဖါးမဟုတ်ပါဘူး။ ဖါးကျောကုန်းကို ပွတ်နေကြတဲ့သူတွေ
ကိုပါ။ သူတို့တွေက ထိုင်းလူမျိုးတွေမဟုတ်ကြပါဘူး။ အခါလို့ခေါ်တဲ့ တောင်ပေါ်တိုင်း
ရင်းသားတွေပါ။ မြန်မာပြည်နွယ်ဖွါးတွေလို့ ဆိုပါတယ်။ သူတို့ရဲ့ ရိုးရာဝတ်စုံကိုဝတ်ဆင်ပြီး ဖါးကျောကုန်းကိုပွတ်ကြရင်း ချင်းမိုင်ညဈေးတလျှောက် ဈေးလှည့်ရောင်းနေကြတာပါ။
သူတို့ရောင်းတာက အဲဒီဖါးလေးတွေရယ်။ တခြားထိုင်းအမှတ်တရပစ္စည်းလေးတွေရယ်
ပါပဲ။ ဆိုင်နဲ့ထိုင်ရောင်းကြတာ မဟုတ်ပါဘူး။ လမ်းလျှောက်ပြီး ရောင်းကြတာပါ။ အမျိုး
သမီးတွေချည်းပါပဲ။ အခါအမျိုးသားတွေက ဘာလုပ်ကြသလဲတော့ မသိပါဘူး။


တိုင်းရင်းသားဈေး
နောက်တခုထူးခြားတာက ချင်းမိုင်ညဈေးတန်းလမ်းမှာ လျှောက်တဲ့အခါ ဈေးဆိုင်တွေ
ဆီက တချက် တချက် မြန်မာလိုပြောတဲ့အသံ ထွက်လာတတ်တာပါပဲ။ ထွက်မှာပေါ့။
သူတို့က ကချင်တွေကိုး။ ချင်းမိုင်မြို့ မှာ ကချင်လူ မျိုး တော်တော်များများရှိပါတယ်။ ဘယ်လောက်များသလဲတော့ မသိပါ။ ညဈေးတန်းမှာတော့ များပါတယ်။ ထိုင်းမှာ
ကချင်တွေထက် များတာကရှမ်းနဲ့ ကရင်ပါပဲ။ ဒါပေမဲ့ ချင်းမိုင်ညဈေးမှာ သူတို့ကိုတော့
မတွေ့ ရပါဘူး။ နောက်တမျိုးက ပဒေါင်တိုင်းရင်းသားတွေပါပဲ။ သူတို့ကိုတော့ ဓါတ်ပုံနဲ့ပဲ
တွေ့ ခဲ့တာပါ။

ထိုင်းနိုင်ငံမှာက လည်ပင်းမှာကြေးကွင်းတွေပါတ်ထားတဲ့ ကယားပြည်နယ်က ပဒေါင် တိုင်းရင်းသားတွေဟာလည်း ကမ္ဘာလှည့်ဧည့်သည်တွေကို မြူဆွယ်တဲ့ ဈေးကွက် တခု
ပါပဲ။ သူတို့ကို တောင်ပေါ်ရွာလေးတွေမှာထားပါသတဲ့။ ထိုင်းနိုင်ငံရဲ့ ပို့စ်ကဒ်တွေ၊ ပြက္ခ
ဒိန်တွေ၊ နံရံကပ်ကြော်ညာတွေထဲမှာ။ ထိုင်းနိုင်ငံအမှတ်တရပစ္စည်းဆိုင်တွေထဲမှာ မြန်
မာပြည်က တိုင်းရင်းသား တချို့ ရဲ့ ပုံတွေ၊ အရုပ်လေးတွေကို အလွယ်တကူတွေ့ ရပါ
လိမ့်မယ်။

မြန်မာပြည်က လူနဲ့ဖါးတွေတင်မကပါဘူး ခင်ဗျား။ ကျန်ပါသေးတယ်။ ဆင်လည်း ပါပါ
တယ်။ ထိုင်းမှာရှိတဲ့ဆင် အများစုက မြန်မာ့ဆင်တွေဆိုပဲ။ ညဈေးတန်းမှာ ဆင်နဲ့ပိုက်ဆံ
ရှာစားသူတွေလည်းရှိပါတယ်။ ထိုင်းပစ္စည်းတွေနဲ့ အတူ မြန်မာ့ရွှေချည်ထိုးအထည်တွေ။
ရုပ်သေးရုပ်တွေ။ မြန်မာပြည်လုပ် ခြေညှပ်ဖိနပ်တွေ။ ကျွန်းသစ်နဲ့လုပ်တဲ့ မြန်မာ့ကနုတ်
ပန်းတွေ။ မြန်မာ့ရှေးဟောင်းပစ္စည်းတွေနဲ့ ချင်းမိုင်မြို့ ရဲ့  ညဈေးက ဧည့်သည်တွေကို ဆွဲ
ဆောင်ထား နိုင်ပါတယ်။

ဒို့ပစ္စည်းတွေနဲ့ ထိုင်းတွေလုပ်စားပြီး ကြီးပွါးနေတယ်လို့ အရင်တုန်းက မြင်ခဲ့ပေမဲ့ အခုတော့ အမြင်ပြောင်းထားပါတယ်။ အိမ်နီးချင်းတွေပဲ မဟုတ်လား။ ထိုင်းပစ္စည်းတွေ မြန်မာပြည်မှာ
များသလို မြန်မာပစ္စည်းတွေ လည်းထိုင်းမှာ များမှာပေါ့လေလို့ပဲ စိတ်သက်သာအောင်
သဘောထား ပြောင်းထားပါတယ်။ တန်ဖိုးချင်းကွာခြားတဲ့အကြောင်း၊ ဘာကြောင့်အခုလို ဖြစ်ရတယ်ဆိုတဲ့အကြောင်းကို စဉ်းစားရင် ကိုယ်ကလည်း ဘာမှမတတ်နိုင်တော့ စိတ်ပျက်
လို့ပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ ဖါးတွေလည်းအော်နိုင်ပါစေ။ ဆင်တွေလည်း က
နိုင်ပါစေ။ မြန်မာတိုင်းရင်းသားတွေလည်း ထိုင်းမှာပျော်ကြပါစေ။ ချင်းမိုင်ညဈေး စည်ကား
ပါစေဗျား။

စားပြီ
ကျွန်တော်က ရှမ်းခေါက်ဆွဲသိပ်ကြိုက်တယ်။ တို့ဖူးနွေးလည်း သိပ်ကြိုက်တယ်။ ချင်းမိုင်
မှာက ဒါတွေရတယ်။ ရှမ်းတွေပေါတယ်။ ရှမ်းခေါက်ဆွဲဆိုင် သုံးလေးဆိုင်ရှိတယ်။ စားလို့
ကောင်းတယ်။ ရှမ်းပြည်အတိုင်းပဲ။ အခါးရေလို့ခေါ်တဲ့ ရေနွေးကြမ်းလည်းရတယ်။ လက် ဖက်ခြောက်ကလည်း ရှမ်းပြည်က လက်ဖက်ခြောက်။ မေ့နေလို့။ ပလောင်လူမျိုးတွေလည်း
ထိုင်းမှာရှိတာပဲ။ တချို့ ဆို လက်ဖက်ခူးထွက်ရင်း ရောက်လာတာ မြန်မာပြည်မပြန် တော့
ဘူးတဲ့။ တို့ဖူးကြော်လည်းရတယ်။ နှစ်ပြန်ကြော်လည်းရတယ်။ ချင်းမိုင်က ဆောင်းတွင်းဆို
အေးတော့ ရှမ်းပြည်ရောက်နေတဲ့အတိုင်းပဲ။ ချင်းမိုင်မှာနေတဲ့မနက်ခင်းတိုင်း ရှမ်းခေါက်ဆွဲ
ဆိုင်ကို ရောက်တာပဲ။ ကျေနပ်စရာပါခင်ဗျား။


ကြည့်ပြီ
ကျွန်တော်က ပန်းချီကြိုက်တယ်။ အခုဆိုချင်းမိုင်မြို့ မှာ မြန်မာ့ပန်းချီအရောင်းဆိုင် သုံးဆိုင်ရှိ
နေပြီ။ မြန်မာတွေကိုယ်တိုင် ဖွင့်ကြတာနော်။ ထိုင်းတွေရောင်းတဲ့မြန်မာ့ပန်းချီဆိုင်လည်း ရှိ
သေးတယ်။ သုံးဆိုင် လုံးကိုသွားကြည့် ခဲ့ပါတယ်။ အောင်မြင်တဲ့အခြေအနေထိတော့ မရောက်
ကြသေးဘူး။ ဒါပေမဲ့ လမ်းကြောင်းတော့ပွင့်နေပြီဆိုတဲ့သဘော။ နှစ်ဆိုင်က ၂၀၀၈နှစ်ကုန်ပိုင်း
ကမှ ဖွင့်တာ။ တဆိုင်က ဖွင့်တာလေး နှစ်လောက်ရှိပြီ။ ကမ္ဘာလှည့်တွေကို ပစ်မှတ်ထားပြီး
ရောင်းတာပါ။ မြန်မာပန်းချီဆရာတွေရဲ့ လက်ရာ အစုံတွေ့ ခဲ့ရပါတယ်။ ရိုးရာ၊ခေတ်ပေါ်၊ ရေဆေး၊ ဆီဆေး၊ပန်းပုလက်ရာတွေ ရှိပါတယ်။ မြန်မာပြည် မှာထက်ဝင်ငွေကောင်းလို့ ချင်းမိုင်ကိုပြောင်း
လာကြတဲ့သဘော။ နောက်ပိုင်းပိုများပြီး ပိုကျယ်ပြန့်လာဖို့ရှိတယ်။ အရင်းအနှီးကြီးကြီးနဲ့လုပ်ကြ
မယ့်သူတွေ ရှိနေတယ်။ ချင်းမိုင်ကမြန်မာ့ပန်းချီပြခန်းတွေ ကြည့် ပြီးတော့ အရင်ကကြားဖူးတဲ့ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ ဆောင်ပုဒ်ကိုတောင် သတိရသွားပြီး ပြုံးမိသေးတယ်။ ထားပါတော့။ မြန်မာ့ပန်းချီလက်ရာတွေ မညံ့ပါဘူး။ ကမ္ဘာ့ပန်းချီဈေးကွက်မှာ နေရာကောင်းရတဲ့ အခြေအနေမျိုးတော့ မရောက်နိုင်သေးဘူးပေါ့။ ကိစ္စမရှိပါဘူး။ မြန်မာပဲ။ အေးဆေးပေါ့။ ဒီလောက်
ဖြစ်ရင်ပဲ အတော်ဟုတ်နေပြီ။

ချင်းမိုင်အပိတ်
ချင်းမိုင်မြို့ က ဆောင်းတွင်းအခါ နေလို့ကောင်းပါတယ်။ အလည်အပါတ်သွားလို့ ကောင်းပါတယ်။
တရားမ၀င်တဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးပါ။ မြန်မာ့ဒီမိုကရေစီရေး လုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ။ အဖွဲ့  အစည်းတွေလည်း အများကြီးပါ။ မြန်မာသတင်းသမားတွေနဲ့ သတင်းဌာနတချို့ 

လည်း ချင်းမိုင်မှာရှိပါတယ်။ “သတင်းကျောင်း”ဆိုတာတောင် ရှိလိုက်သေးဗျား။ သူတို့တွေအားလုံး
ကလည်း ချင်းမိုင်မြို့ လေးကို နှစ်သက်စွဲလမ်းနေကြပါသတဲ့။ ဟုတ်မှာပါ။ ဖါးအော်သံတွေတော့ အခု 
ထိ နားထဲမှာကြားနေရတုန်းပဲ။ နေကောင်းကြပါစေ။

(ဓါတ်ပုံ ၊ ကိုယ်တိုင်ရိုက်)

Sunday, January 11, 2009

ထိုင်းယောင်ဆောင်ခရီးသွား








ထိုင်းနဲ့မြန်မာက ရုပ်ရည်အားဖြင့်ခွဲလို့မရဘူး။ စကားမပြောပဲနေရင် ကိုယ့်ကိုထိုင်းလို့ပဲထင်ကြတာ။ ထိုင်းယောင်ဆောင်ဖို့ဆိုတာ လွယ်လည်းလွယ်တယ်။ မလွယ်လည်းမလွယ်ဘူး။ ဘာမှမပြောပဲ ညိမ် နေရင် ဒါမှမဟုတ် ထိုင်းစကားကောင်းကောင်း ပြောနိုင်ရင်လွယ်တယ်။ ထိုင်းစကားမတတ်သူအတွက် မလွယ်ဘူး။ ကိုယ်ကထိုင်းလိုမပြောတတ်လို့ အင်္ဂလိပ်လိုပြောရင်ထိုင်းတွေ က တအံ့တသြ။ ထိုင်းမဟုတ်ဘူးလားလို့မေးတယ်။ ဖိလစ်ပိုင်လားလို့မေးတယ်။ မြန်မာလို့မထင်ကြဘူး။ သူတို့ အအံ့သြ ပြေအောင် ရှင်းပြရတာအမော။ ဈေးဝယ်တဲ့အခါ ထိုင်းဆိုရင်ဈေးတမျိုး။ နိုင်ငံခြားသားဆိုရင်ဈေးတမျိုး လုပ်တတ်တယ်။ ထိုင်းယောင် ဆောင်တတ်ရင်တော့ သက်သာတာပေါ့။


အယုဒ္ဓယခရီး

ဘန်ကောက်ကနေသွားရင် တနာရီကျော်လောက်ကားမောင်းတာနဲ့ရောက်တဲ့မြို့ ပါ။ အငှားယာဉ်နဲ့သွား ရင်ပိုမြန်တယ်။ ဈေးပိုပေးရတယ်။ မြို့ ထဲတနေရာမှာ ကားလေးဂိတ်တခုရှိသတဲ့။ ဈေးလည်းပေါသတဲ့။ ကိုယ်ကလည်းတသီးတသန့်မနေချင်ဘူး။ လူတွေနဲ့ရောနေကြည့်ချင်တယ်။ တည်းခိုခန်းကနေ ကားဂိတ်ကို အငှားယာဉ်နဲ့သွားတာ ဆယ်မိနစ်လောက်ကြာတယ်။ထိုင်းငွေ ဘတ်ငါးဆယ်ပေးရတယ်။ ကားလေးဂိတ်မှာ ခပ်တည်တည်နဲ့ အယုဒ္ဓယလို့ တလုံးထဲပြောပြီးတက်ထိုင်နေလိုက်တယ်။ ခဏကြာ တော့ ပိုက်ဆံကောက်တယ်။ သူများပေးသလိုတရာတန်ထုတ်ပေးတော့ လေးဆယ်ပြန်အမ်းတယ်။ ခရီးဝေးက ဈေးပိုပေါနေတယ်။ ခပ်ပြုံးပြုံးနဲ့ ကားပေါ်မှာဖွင့်ထားတဲ့သီချင်းနားထောင်ရင်းခရီးထွက်ခဲ့ တယ်။ ကိုယ့်ဘေးကလူတွေကလည်း ကိုယ့်ကိုထိုင်းလို့ပဲ ထင်နေကြတယ်။ တသွေးထဲတသားထဲလို ခရီးသွားရတာ ပိုပြီးပေါ့ပါးတာပေါ့။


မြို့ ပတ်သုံးဘီး

တနာရီကျော်ကျော်ဆိုရင်ပဲ ရောက်ပါပြီ အယုဒ္ဓယ။ မြို့ ငယ်လေးပါပဲ။ ဈေးလောက်ပဲလူစည်တာပါ။ အရင်တုန်းက မြန်မာတွေ စစ်လာတိုက်ပြီးဖျက်ဆီးခဲ့တယ်ဆိုတဲ့ မြို့ ဟောင်းနေရာကိုသွားချင်တာ။ ဒီမြို့  မှာက အဲဒါကလွဲပြီး ဘာမှစိတ်ဝင်စား စရာမရှိ ဘူး။ ခက်တာက ကားရပ်တဲ့နေရာက မြို့ ထဲဈေးဒေါင့် မှာဆိုတော့ မြို့ဟောင်း ကိုဘယ်လိုသွားရမှန်းမသိဘူး။ ထိုင်းစကားမတတ် တော့ ဆက်ပြီးအယောင် ဆောင်လို့မရတော့ဘူး။ သုံးဘီးဆရာကိုပဲမေးရတော့တယ်။ လုပ်ပါပြီဗျား။ ထိုင်းမဟုတ်မှန်းလည်းသိ ရော ဆော်ပြီပေါ့။ နေရာစုံလိုက်ပို့မယ်။ ဘတ်ငါးရာထဲပါတဲ့။ မြေပုံလည်းထုတ်ပြတယ်။ ဈေးဆစ်တော့ တရာ လျှော့ပေးတယ်။ တကယ် တော့ ဘတ်လေးရာဆိုတာလည်းမနဲဘူး။ နောက်ဆုံး။ တနေရာကိုပဲ လိုက်ပို့ ကျန်တဲ့နေရာတွေ လမ်းလျှောက်သွား မယ်လို့ပြောပြီး ဈေးဆက်ညှိတယ်။ ခြောက်ဆယ်နဲ့ တည့်သွားတယ်။ ဘန်ကောက်နဲ့အယုဒ္ဓကိုလာတဲ့ဈေးနဲ့အတူတူ။ တကယ် လည်းမောင်းရော ငါးမိနစ် လောက်နဲ့မြို့ ဟောင်းနေရာကိုရောက်သွားပါလေရော။ ဒါတောင်သုံးဘီးဆရာကတည့် တည့်မမောင်းပဲ ပါတ်မောင်းခဲ့သေး တာ။ အပြန်ကျမှ သဘောပေါက်တယ်။ မသိတော့လည်းခံပေါ့။


သမိုင်းတရားခံ

ကားခပေးတော့ ဘယ်နိုင်ငံကလည်းလို့မေးမြန်ရော။ မြန်မာပြည်ကလို့ပြောတော့ အံ့သြပြန်ရော။ အယုဒ္ဓယကားဆရာက သူ့ ဘ၀မှာ မြန်မာလူမျိုးကိုပထမဦးဆုံးတွေ့ ဖူးခြင်းပါတဲ့။ သူ့ပုံစံက အယုဒ္ဓယ မြို့ အဖျက်အစီးခံခဲ့ရပြီးနောက်ပိုင်း ဒီမြို့  ကိုပြန်လာတဲ့ မြန်မာစစ်သည်တဦးကိုတွေ့ လိုက်ရသလိုပဲ။ ဒီမြို့ ရဲ့ သမိုင်းကိုသိသလားလို့မေးပါတယ်။ နဲနဲပါးပါးပဲသိတယ် လို့ဖြေပါတယ်။ ဒီမြို့ ကိုမြန်မာတွေဖျက် ဆီးသွားတာလို့ရှင်းပြပါတယ်။ စိတ်မကောင်းပါဘူးလို့အရင်လူတွေအစား တောင်းပန်ခဲ့ရပါတယ်။ သူက တော့ထင်မှာပဲ ဒီမြန်မာကို ဒီထက်ပိုက်ဆံပိုတောင်းသင့်တယ်လို့။


သမိုင်းနဲ့စီးပွါးရေး

ထိုင်းလူမျိုးတွေက သမိုင်းထဲကနေသင်ခန်းစာယူတတ်ယုံတင်မကဘူး။ သမိုင်းကိုစီးပွါးဖြစ် အောင်ပါ လုပ်နိုင်ကြတဲ့သူတွေပါ။ မြို့ ဟောင်းက စေတီပုထိုးနဲ့ ကျောင်းသင်္ခန်းပျက်တွေကိုမသိမသာပြုပြင်မွန်း မံပြီးကမ္ဘာလှည့်တွေစိတ်ဝင်စားအောင်လုပ် ထားတဲ့နေရာပါ။ ဟိုနားဒီနားဆင်တွေနဲ့လည်းသွားလို့ရ အောင်စီစဉ်ပေးထားပါတယ်။ ဆင်မောင်းသမားတွေကလည်း ရှေးရှေး တုန်းကမင်းမှုထမ်းအ၀တ်အစား တွေနဲ့ဆိုတော့ ကမ္ဘာလှည့်တွေအတွက် သမိုင်းထဲမှာ ခရီးသွားနေရသလိုပေါ့။ ပျော်ကြပါ တယ်။ မြန်မာ ပြည်က ပုဂံမြို့ ဟောင်းနဲ့ယှဉ်ရင်တော့အကျယ်အ၀န်းရော၊ဘုရားအရေအတွက်ရော၊ ပိသုကာအနုပ ညာအရရော တခြားစီပါပဲ။ ပုဂံကပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့်လည်း သူ့သမိုင်းတန်ဘိုး နဲ့သူတော့သီးခြားစီရှိကြတာပါ။ ဘုရားကြိုဘုရားကြားလျှောက်သွားရင်း ဒီနေရာဟာငါတို့မြန်မာတွေ သိမ်းပိုက်ခဲ့တဲ့နေရာကွလို့တော့ ဇာတိမာန်မတက်ခဲ့ပါဘူး။ အရင်ကအားကောင်းခဲ့တဲ့မြန်မာတွေ အခုတော့လည်း မျက်နှာငယ်နေရပါလားဆိုပြီး သံဝေဂတော့ရခဲ့ပါတယ်။


အလကားရထား

မြို့ ဟောင်းကအပြန်အချိန်ရသေးလို့ မြို့ ထဲကဈေးကိုလမ်းလျှောက်ရင်းတပါတ်ပါတ်ပါတယ်။ ညနေခင်းဆိုတော့ဈေးလည်း သိမ်းနေပါပြီ။ စိတ်ဝင်စားစရာသိပ်မတွေ့ ပါ။ စားသောက်ဆိုင်တောင် ရှာဖို့ခက်ပါတယ်။ တနေရာရောက်တော့ ဒီမြစ်ကိုကူးရင် ဘူတာရုံကိုရောက်တယ်လို့စာရေးထား တာတွေ့ ပါတယ်။ အဲဒါနဲ့ စာညွှန်းအတိုင်းဆက်လျှောက်သွားတော့ မြစ်တခုကိုတွေ့ ရတယ်။ ကုတို့ဆိပ် လေးတခုရှိတယ်။ ဒီဘူတာကရထားစီးရင် ဘန်ကောက်ကိုရောက်လားလို့မေးတော့ရောက် ပါသတဲ့။ ကုတို့ခ သုံးဘတ်ပါတဲ့။ မကြာပါဘူး။ စက်လှေလေးတစီးကမ်းကိုကပ်လာပါတယ်။ ဟိုတဖက်ကမ်းကို ကူးရင်ဘူတာရောက်မယ်တဲ့။ စက်လှေပေါ်မှာအတူပါလာတဲ့ ကောင်မလေးက ဘယ်နိုင်ငံကလည်း လို့မေးပြန်ရော။ လှေဆိပ်မှာ အင်္ဂလိပ်လိုပြောတာတွေ့ ရတော့ ထိုင်းမဟုတ်ဘူး ဆိုပြီးအံ့သြနေတာတဲ့။ ရှင်းပြရပြန်ရော။ သူကဟိုတယ်တခုရဲ့ ဝန်ထမ်းပါ။ နိုင်ငံခြားသားတွေကို စိတ်ဝင်စားပါသတဲ့။ မိတ်ဆွေ ဖြစ်ချင်ပါသတဲ့။ သူ့ရဲ့ ရည်းစားကလည်း ဥရောပသားပါတဲ့။ အတွေ့ အကြုံဖလှယ်ရတာ ကြိုက်ပါသတဲ့။ ဒါနဲ့ပဲ ဟိုဖက်ကမ်းနဖူးက ကော်ဖီဆိုင်လေးမှာ နှစ်ယောက်သား ထိုင်ကြရင်းထွေရာလေးပါပြောကြပါ တယ်။ ဘန်ကောက်ကိုရထားနဲ့ပြန်ရင်ရတယ်ဆိုပေမယ့်။ အချိန်ကြာပါသတဲ့။ နှစ်နာရီကျော်သုံးနာရီ လောက်ကြာလိမ့်မယ်တဲ့။ ကိစ္စမရှိ ဘူး။ အတွေ့ အကြုံရချင်လို့ပါလို့ရှင်းပြပါတယ်။ တခုကောင်းတာက ဈေးပေါတယ်တဲ့။ ဘတ်နှစ်ဆယ်ဆိုလားပဲပေးရသတဲ့။ ဒါပေမယ့်မပူနဲ့တဲ့။ အတွေ့အကြုံသစ်တခုရ အောင်သူစီစဉ်ပေးမယ်တဲ့။ ထိုင်းလူမျိုးတွေအတွက်ရထားခ မပေးရဘူးဆိုပဲ။ ရထားချိန်နီးတော့ ဘူတာထဲကိုဝင်ပြီးလက်မှတ်ရောင်းတဲ့နေရာမှာ လက်မှတ်တစောင်ကိုကောင်မလေးသွားယူ လာပါတယ်။ လမ်းမှာဘာစကားမှမပြောပဲခပ်ပြုံးပြုံးပဲလိုက်သွားပါတဲ့။ လက်မှတ်စစ်လာရင် ခပ်တည် တည်နဲ့ဒီလက်မှတ်ကိုထုတ်ပြလိုက် တဲ့။ လက်မှတ်ကိုသေချာကြည့်တော့ အယုဒ္ဓယ၊ ဘန်ကောက် ဈေးနှုန်း သုံညတဲ့။

ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်ဆင်ရေးအောင်မြင်ပါတယ်။ ရထားတော့ သုံးနာရီလောက်စီးလိုက်ရ တယ်။ အလကားပေါ့။ ရထားတွဲပေါ်ပါလာသူအားလုံးနဲ့လက်မှတ်စစ်ကြီးကပါ ကျွန်တော့ကို ထိုင်းလို့ ယုံကြည်ခဲ့ကြပါတယ်။

(အလုပ်ကလည်းရှုပ်၊ နေကလည်းမကောင်းလို့ စာမရေးဖြစ်တာကြာသွားတယ်။ လာရောက်နှုတ်ဆက်သူများအားလုံး မင်္ဂလာနှစ်သစ်ပါ။ ချင်းမိုင်မြို့ ကိုသွားတဲ့အကြောင်းနောက်မှ ဆက်ရေးမယ်။)