
လူတိုင်းအငြင်းအခုံလုပ်ဖူးတယ်။ အငြင်းသန်တဲ့သူ၊ ငြင်းခုံမလုပ်ချင်သူ ဆိုတာပဲကွဲမယ်။
အခုပြောနေတာက "ငြင်းတာကောင်းတယ်" ဆိုတဲ့အကြောင်းပါ။ (အောက်မှာရေးထားတာ
ရဲ့ အဆက်ပေါ့) ဒါပေမယ့်အရာရာလျှောက်ငြင်းနေတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။
မငြင်းတတ်ရင်မကောင်းဘူးလို့ပြောချင်တာပါ။ ကောင်းကောင်းငြင်းတတ်ဖို့ အသိလိုတယ်။
သတိလိုတယ်။ အလေ့အကျင့်လိုတယ်။ ကျွန်တော်တို့မြန်မာတွေအများစုက ကောင်းကောင်း
မွန်မွန်မငြင်းခုံတတ်ကြဘူး။ ငြင်းလိုက်တာနဲ့ပြဿနာတက်ကုန်တတ်ကြတယ်။ အငြင်းသန်တဲ့
လူကလည်း ရှေ့ မကြည့်နောက်မကြည့် မျက်စိမှိတ်ပြီးအတင်းပဲငြင်းနေတတ်တယ်။ တကယ်
တော့ငြင်းခုံတယ်ဆိုတာ ဆွေးနွေးမှုတမျိုးပါပဲ။
စကားရည်လုပွဲဆိုတာ တချို့ ကြားဖူးကြလိမ့်မယ်။ တချို့ ကြုံဖူးကြလိမ့်မယ်။ တချို့ ကိုယ်တိုင်ဆင်နွဲဖူး
ကြလိမ့်မယ်။ သေချာတာကတော့ မြန်မာပြည်မှာ စကားရည်လုပွဲဆိုတဲ့ ယဉ်ကျေးမှု ကောင်းကောင်း
မထွန်းကားဘူး။ ဒါက၀မ်းနည်းစရာ။ ဘာကြောင့်မထွန်းကားရသလဲ။ အာဏာပိုင်တွေက အားမပေးခဲ့
လို့လား။ ပညာရေးလောကသားတွေက ဒီတန်ဘိုးကိုမသိခဲ့လို့လား။ အပိုအလုပ်လို့ထင်ကြလို့လား။
အန္တရယ်ရှိလာနိုင်တယ်လို့ယူဆလို့လား။ ဒါတွေအားလုံးကြောင့်လို့ထင်တာပဲ။ စကားရည်လုပွဲဆိုတာက
အငြင်းအခုံလုပ်တဲ့ပွဲပါ။ တကယ်တော့ အငြင်းအခုံလုပ်တယ်ဆိုတာက ဝေဖန်ရေးတမျိုးပါပဲ။
ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုရဲရဲတင်းတင်းပြောရတဲ့အလုပ်ပါ။ ပွင့်ပွင့်လင်းလင်း ရှင်းရတဲ့အလုပ်ပါ။
အာဏာပိုင်တွေ၊ လူကြီးတွေက ဝေဖန်တာကိုမကြိုက်ဘူး။ ဒါကြောင့်အားမပေးဘူး။
ခေတ်တွေ၊ စံနစ်တွေကိုပြောင်းချင်တယ်။ တိုးတက်ချင်တယ်။ ဒီမိုကရေစီနိုင်ငံလုပ်ချင်တယ်ဆိုရင်
အငြင်းအခုံကို အားပေးရလိမ့်မယ်။ တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အငြင်းအခုံကို အားပေးကြတယ်။
တယောက်နဲ့တယောက်အကြားသဘောထားကွဲပြားမှုတွေရှိတယ်ဆိုတာကို နားလည်ပေးနိုင်ကြတယ်။
သဘောတူလက်ခံကြတယ်။ ဒီအသိတရား၊ဒီအလေ့အကျင့်ဟာ အခြေခံကျတဲ့ တည်ဆောက်မှု၊ အရေးကြီး
တဲ့လေ့ကျင့်မှုဖြစ်တယ်။စာကိုဖတ်ပြီး၊ သဘောတရားကိုနားလည်ပြီး ငါလည်းအငြင်းအခုံကိစ္စသဘောတူ
တယ်ဟေ့လို့ပြောလို့မရဘူး။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမယ့် ကိစ္စ။ ရေရှည်ကိစ္စ။ အမျှော် အမြင်နဲ့ထူ
ထောင်ရမယ့်ကိစ္စ။
အငြင်းကြွေးတွေ ဆပ်ကြစို့မြန်မာပြည်မှာ အငြင်းအခုံယဉ်ကျေးမှုမထွန်းကားတော့ ကျွန်တော်တို့မှာ အရေးကြီးတဲ့ ငြင်းစရာခုံစရာ
ကိစ္စတွေအများကြီးဖြစ်နေတယ်။ ငြင်းစရာ အကြွေးဟောင်းတွေ အများကြီးကျန်နေတယ်။ သမိုင်းနဲ့ချီပြီး
အငြင်းကြွေးတွေတင်နေတယ်။ ဆိုပါတော့ မြန်မာဆိုတာဘယ်ကလာသလဲဆိုတဲ့ပြဿနာ။ အခုထိမရှင်း
နိုင်သေးဘူး။ ကောင်းကောင်းငြင်းခွင့်မရလို့ဖြစ်နေရတယ်လို့ထင်တယ်။ လောလောဆယ်ပြောစရာဖြစ်နေ
တဲ့ ကိုးကန့်တရုတ်တွေကို တိုင်းရင်းသားအဖြစ်သတ်မှတ်တာ တော်၏၊မတော်၏ကိစ္စ။ ရိုဟင်ဂျာကိစ္စ။
နိုင်ငံခြားသားနဲ့လက်ထပ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်မြန်မာ့နိုင်ငံရေးမှာခေါင်းဆောင်ဖြစ်သင့်၊မဖြစ်သင့်
ဆိုတဲ့ကိစ္စ။
ကိုယ်ကျင့်တရားကောင်းဖို့ဟောနေ၊ပြောနေသူတွေ၊ ဘာသာရေးသမားတွေက ကိုယ်ကျင့်တရားမကောင်းရင်
သူတို့ပြောတာတွေကို လိုက်နာသင့်၊မလိုက်နာသင့်။ သူတို့ကို ဘယ်လိုအရေးယူဆက်ဆံသင့်သလဲဆိုတဲ့ကိစ္စ။
အနုပညာသည်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ရဲ့ အနုပညာဆက်စပ်ပြီးပြောသင့်မပြောသင့်ကိစ္စ။သတင်းကျင့်ဝတ်ကို
စောင့်ထိမ်းရတဲ့ သတင်းမီဒီယာသမားတွေက လူမှုရေးဖေါက်ပြန်မှုတွေရှိနေရင် သူတို့တင်ပြတဲ့သတင်းတွေကို
ယုံကြည်ဖို့သင့်မသင့်ကိစ္စ။
မြန်မာပြည်မှာ ဘုန်းကြီးနဲ့စစ်သားက လိုအပ်တာထက်သိပ်များလွန်းနေသလားဆိုတဲ့ကိစ္စ။ လိင်တူချစ်သူတွေ
တရားဝင်လက်ထပ်ခွင့်ပေးသင့်၊ မပေးသင့်ကိစ္စ။ မြန်မာပြည်မှာမွေးပြီးထူးချွန်တဲ့ တရုတ်၊ ကုလား၊ဂေါ်ရခါးစသူ
တွေကိုသမ္မတဖြစ်ခွင့်ပေးသင့်၊ မပေးသင့်။ တိုင်းရင်းသားတွေ ခွဲထွက်ခွင့်ပေးသင့်၊ မပေးသင့်။ ငြိမ်းချမ်းတဲ့နည်း
လမ်းတွေနဲ့ ကိုယ့်ရဲ့ ဆန္ဒတွေကိုထုတ်ဖေါ်ခဲ့ကြတဲ့ကျောင်းသား၊ပြည်သူ၊ရဟန်းတွေကို ရက်ရက်စက်စက်
သတ်ဖြတ်၊ နှိပ်စက်၊ အရေးယူခဲ့တဲ့ စစ်အာဏာရှင်တွေကို ခွင့်လွှတ်မလား။ သင်ပုန်းခြေမလား။ သင့်တင့်တဲ့
နည်းနဲ့ အရေးပြန်ယူမလားဆိုတဲ့ကိစ္စ။
စသဖြင့် ကောင်းကောင်းမွန်မွန် အငြင်းအခုံလုပ်ကြရမယ့်ကိစ္စတွေ အများကြီးရှိနေပါသေးတယ်။ သိသူ၊တတ်သူ၊
နားလည်သူတွေ၊ လုပ်နိုင်သူတွေက အခုလိုအငြင်းအခုံလုပ်ရမယ့်ကိစ္စတွေကို ကြိုတင်ပြောဆိုထားသင့်ပါပြီ။
လမ်းပြထားသင့်ပါပြီ။ ၀န်ခံသင့်ပါပြီ။ နောက်လူတွေအတွက်ချန်ထားသင့်ပါပြီ။ မဟုတ်ရင် ငြင်းရခက်မယ့်
အရာတွေ ဆက်ပြီးများနေဦးမှာ။ နောက်လူတွေ အခက်ကြုံရဦးမှာ။ ကောင်းကောင်းငြင်းတတ်တဲ့အလေ့အကျင့်
တွေ စလုပ်ကြရအောင်ပါ။ ဒါလည်းတော်လှန်ရေးတရပ်ပဲဆိုပါတော့။ "အငြင်းအခုံလှုပ်ရှားမှု"ပေါ့ဗျာ။
ဘယ့်နဲ့လဲ။ မိတ်ဆွေများ ကောင်းကောင်းငြင်းဖို့ သတ္တိရှိကြရဲ့ လား။
ကျန်းမာကြပါစေ။
(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)