Saturday, September 28, 2013

စောနေသေး၍ စောင့်ကြည့်ဦးမည်














အလှမယ်တဖြစ်လဲ သတင်းထောက်မလေး မဟ၀ှာက မြန်မာ့အရေးကို 
စူးစူးဝါးဝါးလေ့လာစောင့်ကြည့်နေသူ ဦးဟိုဒင်း မြန်မာပြည်ပြန်လာခိုက် 
သီးသန့်တွေ့ဆုံပြီး မေးလားမြန်းလားလုပ်ထားသည်များကို ကောက်
နှုတ်ကာ စုစည်း၍ ဖေါ်ပြလိုက်ပါသည်။ (ဘမါ့ဿံဒေါ်စင့်)
                                                            
ဝှာ ။    ။ မြန်မာပြည်က အပြောင်းအလဲတွေက စိတ်လှုပ်ရှားဖို့သိပ်ကောင်း
တယ်နော်။ စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ဆီကို ဦးတည်ရွေ့
လျှားနေပြီလို့သေချာပေါက်ပြောလို့ရပြီလားရှင့်။

ဒင်း ။    ။ ဒီကိစ္စက ပြောဖို့စောပါသေးတယ်။ စောင့်ကြည့်ရမယ့်အခြေအနေ
တွေ အများကြီးရှိနေသေးတယ်လေ။ အခုအချိန်မှာ ဘယ်ကိစ္စမှ သေသေချာ
ချာမပြောနိုင်သေးဘူး။

ဝှာ ။    ။ အန်တီ...အဲ့....အမေ...အဲ့..အဲ့....ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်
လိမ့်မယ်လို့ထင်ပါသလား။

ဒင်း ။    ။ ဒါက လက်ရှိအုပ်ချုပ်နေသူတွေရဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့
သဘောကလည်း ပြောရခက်တယ် မဟုတ်လား။ မဖြစ်ဘူးလို့လည်း မပြော
နိုင်ဘူး။ ဖြစ်မယ်လို့လည်း အာမ မခံနိုင်ဘူး။ ပြောဖို့နည်းနည်းစောနေသေး
တယ်။ ဖွဲ့စည်းပုံကို ဘယ်လိုလုပ်ကြမလဲဆိုတာ အရင်စောင့်ကြည့်ရဦးမယ်
ညီမလေး။

ဝှာ ။    ။ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့အုပ်စု။ ဖျက်ပြီး အသစ်ပြန်ရေးမယ်ဆို
တဲ့အုပ်စုနဲ့ ပြင်စရာမလိုဘူးဆိုတဲ့အုပ်စုတွေရှိနေပါတယ်။ ဘာတွေဖြစ်
လာမယ်လို့ထင်ပါသလဲရှင့်။

ဒင်း ။    ။ အရေးကြီးတာက ကိုယ့်မှာ အာဏာဘယ်လောက်ရှိသလဲ။ အာ
ဏာကို အသုံးချနိုင်စွမ်း ဘယ်လောက်ရှိသလဲဆိုတာပဲ။ ပြင်ချင်တဲ့သူပဲဖြစ်
ဖြစ် ဖျက်ပြီးအသစ်ပြန်ရေးချင်တဲ့သူပဲဖြစ်ဖြစ် အာဏာမရှိရင် အလကားပဲ။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ ဖွဲ့စည်းပုံဆိုတာ အာဏာရှိသူ ပိုင်
တဲ့အရာ။ အာဏာပိုင်ရဲ့သဘောအတိုင်း ဖြစ်မှာပဲ။ ဆိုတော့ကာ ဘယ်
အုပ်စုက အာဏာကို ဘယ်လောက်များများရအောင်ယူနိုင်သလဲဆိုတဲ့
အပေါ်မှာမူတည်တယ်။ ဖွဲ့စည်းပုံဘာတွေဖြစ်လာမလဲဆိုတာ အခုချိန်မှာ 
မပြောနိုင်သေးဘူး။

ဝှာ ။    ။ သမ္မတကြီးနဲ့လွှတ်တော်ဥက္ကဌကြီးတို့အကြား သဘောထားကွဲ
လွဲမှုတွေက ထင်သာမြင်သာဖြစ်လာနေတာတွေကို သတိထားမိမှာပေါ့နော်။
ဒီအခြေအနေတွေက လက်ရှိမြန်မာ့နိုင်ငံရေးကို ဘယ်လိုအကျိုးသက်ရောက်
မှုတွေဖြစ်နိုင်မယ်လို့ထင်ပါသလဲရှင့်။

ဒင်း ။    ။ လောလောဆယ်အခြေအနေမှာတော့ ထူးထူးခြားခြားအကျိုးသက်
ရောက်မှုတွေ မတွေ့ရသေးဘူး။ ဒီထက်ဆက်ပြီး သဘောထားတွေပိုကွဲလာ
မယ်ဆိုရင်တော့ နိုင်ငံရေးအရရိုက်ခတ်မှုတွေ ထင်သာမြင်သာရှိလာနိုင်တယ်။
လက်ရှိအနေအထားအရတော့ ပြောဖို့စောပါသေးတယ်။ စောင့်ကြည့်ရဦးမှာ
ပါ။

ဝှာ ။    ။ သံဃာတော်တွေ နိုင်ငံရေးမှာပါဝင်လှုပ်ရှားနေကြတာ မြန်မာပြည်
အတွက် ကောင်းတယ်လို့ယူဆပါသလားရှင့်။

ဒင်း ။    ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုကာလကတည်းက သံဃာတော်တွေ
နိုင်ငံရေးနဲ့တိုက်ရိုက် ပတ်သက်လာခဲ့ကြတယ်လေ။ နိုင်ငံတကာမှာလည်း
သာသနာရေးဘက်ကပုဂ္ဂိုလ်တွေ နိုင်ငံရေးနဲ့ တောက်လျှောက်ပတ်သက်ခဲ့
ကြတာပဲ။ ခရစ်ယန်ကိုပဲ ကြည့်မလား။ မူဆလင်ကိုပဲ ကြည့်မလား။ ဗုဒ္ဓဘာ
သာမှာဆိုရင်လည်း တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားဆိုရင် အခုချိန်
ထိသူ့နိုင်ငံလွတ်မြောက်ရေးအတွက် ပြောနေဆိုနေတုန်းပဲ မဟုတ်လား။
သာသနာရေးသမားတွေ နိုင်ငံရေးနဲ့ မရောနဲ့လို့ ဘယ်သူပြောရဲသလဲ။
နိုင်ငံရေးလုပ်ချင်ရင် ဘုန်းကြီးတွေ လူဝတ်လဲကြဆိုပြီး ဥပဒေထုတ် ကန့်
သတ်မယ်ဆိုရင်ကော ရမယ်လို့ထင်သလား။ အမျိုးသားရေး၊ နိုင်ငံရေးတွေ
ဟာ သာသနာရေးနဲ့ဆက်စပ်နေတယ်ဆိုတဲ့အယူအဆ ရှိနေသရွေ့ ဒီကိစ္စ
က ရှင်းမှာမဟုတ်ဘူး ညီမလေး။

ဝှာ ။    ။ သမီးမေးတာက ဘုန်းကြီးတွေနိုင်ငံရေးနဲ့ဆက်စပ်လှုပ်ရှားနေတာ
မြန်မာပြည်အတွက် ကောင်း မကောင်း ဆရာ့သဘောထားကို သိချင်တာပါ။

ဒင်း ။    ။ အော်...ဒီလိုလား။ ကောင်းတယ် မကောင်းဘူးဆိုတာက ပြောရခက်
တယ်ကွ။ နိုင်ငံရေးအပြောင်းအလဲ ထူးထူးခြားခြားဖြစ်ပေါ်တိုးတက်အောင်
သံဃာတွေ ဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့အချက်ပေါ်မှာလည်း မူတည်
တယ်။ မြန်မာ့လူမှုအသိုင်းအ၀ိုင်းက သံဃာတော်တွေရဲ့နေရာကို ဘယ်
လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ပေးထားသလဲဆိုတဲ့အချက်ပေါ်မှာလည်း
မူတည်တယ်။ အဲဒါကြောင့် ကောင်းတယ် မကောင်းဘူး ယတိပြတ်ပြောဖို့
စောသေးတယ်။

ဝှာ ။    ။ ၂၀၁၅မှာ NLDအနိုင်ရမယ်လို့ထင်ပါသလား။

ဒင်း ။    ။ ဒါလည်းပြောဖို့စောသေးတယ်ကွယ့်။ ရွေးကောက်ပွဲက လွတ်လပ်
ပြီး တရားမျှတပါ့မလားဆိုတာ မပြောနိုင်သေးဘူး။ အခြေအနေတွေကလည်း
၁၉၉၀နဲ့မတူတော့ဘူး။ တိုင်းရင်းသားဒေသတွေမှာ NLDပဲ အနိုင်ရမယ်လို့
တထစ်ချပြောလို့မရတော့ဘူး။

ဝှာ ။    ။ မြန်မာပြည်မှာ အပြောင်းအလဲတွေရှိနေတယ်ဆိုပေမဲ့ ပြည်သူတွေ
ရဲ့အခြေအနေတွေက အရင်အတိုင်း ဆင်းရဲနေတုန်းပါပဲ။ ပြည်တွင်းမှာ မရှာ
နိုင်လို့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်နေကြတုန်းပဲ။ နိုင်ငံရေးသမားတွေက
နိုင်ငံတကာမှာ အကူအညီတွေလှိမ့်တောင်းနေတယ်။ နိုင်ငံတကာကလည်း
အကူအညီတွေပေးမယ်တကဲကဲ ပြောနေပေမဲ့ တကယ်တမ်းမှာ ထိထိရောက်
ရောက်ဘာမှဖြစ်လာတာ မတွေ့ရပါဘူး။ ဘယ်လိုဖြစ်နေတာလဲရှင့်။

ဒင်း ။    ။ နိုင်ငံတကာကလည်း မြန်မာပြည်အခြေအနေကို စောင့်ကြည့်နေ
ကြတာပါ။ အကူအညီပေးမယ်ဆိုပြီး စာရင်းပေးယုံသက်သက်၊ နေရာဦးထား
ယုံသက်သက်အဆင့်ပဲ ရှိပါသေးတယ်။ သူတို့အကူအညီတွေ အဆုံးအရှုံး
မဖြစ်အောင် စိတ်ချရတဲ့အခြေအနေ၊ အာမခံချက်ရှိတဲ့ အခြေအနေတွေဖြစ်
လာမှ ထိရောက်တဲ့လှုပ်ရှားမှုတွေ မြင်လာရလိမ့်မယ်။ ဘယ်အချိန်ကျမှ အာ
မခံချက်ရှိလာမလဲဆိုတာက ပြောဖို့စောသေးတယ်လေ။

ဝှာ ။    ။ အမျိုးသားပြန်သင့်မြတ်ရေးတို့၊ ပြည်တွင်းစစ်အဆုံးသတ်ရေးတို့၊
ပြည်တွင်းငြိမ်းချမ်းရေးတို့ဆိုတဲ့ အသံတွေက အခုတလောတော်တော်
ကြားနေရတယ်။ လှုပ်ရှားမှုတွေလည်းတွေ့နေရတယ်။ တကယ်ပဲမြန်မာ
ပြည် ငြိမ်းချမ်းတော့မှာလား။ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေ တကယ်ပဲဖြစ်
လာနိုင်မှာလား။

ဒင်း ။    ။ အရင်ကထက်စာရင် အလားအလာကောင်းတွေ မြင်လာရပြီလို့
တော့ ဆိုရလိမ့်မယ်ညီမလေး။ ဒါပေမဲ့ တကယ့်ငြိမ်းချမ်းရေးဆိုတာ ရဖို့
ကတော့ အခုချိန်မှာပြောဖို့သိပ်စောသေးတယ်။ ဒုက္ခသည်စခန်းတွေမှာ
ဒုက္ခသည်တွေ ရှိနေတုန်းပဲမဟုတ်လား။ လက်ရှိအစိုးရက လိုချင်တဲ့ ငြိမ်း
ချမ်းရေးနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ငြိမ်းချမ်းရေးက မတူဘူး။ ဘယ်
လောက်တူအောင်လုပ်နိုင်မလဲဆိုတာက အရေးကြီးတယ်။ အဲဒီအတွက်
အချိန်ဘယ်လောက်ကြာအောင် လုပ်ကြမလဲဆိုတာလည်း ပြောဖို့ခက်
တယ်။

ဝှာ ။    ။ စစ်တပ်က အာဏာထပ်သိမ်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေက အရှိန်
မသေသေးပါဘူး။ ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ထင်ပါသလား။ သိမ်းရင် ဘယ်
လိုအချိန်လောက် သိမ်းမယ်လို့ထင်ပါသလဲ။

ဒင်း ။    ။ မြန်မာ့တပ်မတော်ရဲ့အစဉ်အလာအရဆိုရင် တိုင်းပြည်ချောက်
ကမ်းပါးထဲ ကျတော့မယ့်အချိန်ဆိုရင် သိမ်းတတ်တာပဲ။ ခက်တာက ချောက်
ကမ်းပါးထဲ ကျ မကျဆိုတာ သူတို့က ဘယ်လိုပေတံနဲ့တိုင်းသလဲဆိုတာ သိ
ရခက်တယ်။ ဒါကြောင့် ဒီကိစ္စကိုအခုပြောဖို့ စောသေးတယ်။ စောင့်ကြည့်
ရဦးမယ်ပေါ့နော်။

ဝှာ ။    ။ နိုင်ငံရေးနဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုပေမယ့် လက်ရှိမြန်မာ့နိုင်
ငံရေးပြောင်းလဲမှုဖြစ်စဉ်နဲ့အတူရောပြီးပါလာတဲ့ကိစ္စတခုကို မေးချင်ပါတယ်
ရှင့်။ ဟို...မယ်ပြိုင်ပွဲကိစ္စပါ။

ဒင်း ။    ။ အော်...မေးပါ။ မေးပါ။ ကိုယ် စိတ်ဝင်စားပါတယ်။ မြန်မာ့အရေးကို
စောင့်ကြည့်တယ်ဆိုတာ နိုင်ငံရေးကိစ္စတခုထဲမဟုတ်ပါဘူး။

ဝှာ ။    ။ ဟုတ် ။ နိုင်ငံတကာမယ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ကြတဲ့မြန်မာပြည်က
မယ်တွေ ရေကူးဝတ်စုံဝတ်ကြတာကို နိုင်ငံတကာဆန်တယ်ဆိုပြီး ကြိုဆိုတဲ့
သူတွေရှိသလို၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်တယ်ဆိုပြီးကန့်ကွက်တဲ့သူ
တွေလည်းရှိပါတယ်။ အဲဒီရေကူးဝတ်စုံက ပြည်တွင်းပြိုင်ပွဲတွေမှာလည်း
ပါလာတော့မယ့်သဘောရှိနေတော့ ဘယ်လိုဖြစ်လာမယ်လို့ထင်ပါသလဲ။
ဒီကိစ္စဟာ ကြိုဆိုအပ်တဲ့ကိစ္စလား။ ကြိုတင် တားဆီးရမယ့်ကိစ္စလား။ ဆရာ့
အမြင်ကို သိပါရစေ။

ဒင်း ။    ။ မြန်မာအမျိုးသမီးတွေ ဖုံးထားတာကြာပြီ။ ဖုံးထားတော့ ကွယ်နေ
တာပေါ့။ အလှကို မမြင်ရဘူးပေါ့။ အခုဖေါ်လာကြတော့ သူတို့ရဲ့အလှတွေ
ကို မြင်ကြရပြီ။ မြန်မာ့ယဉ်ကျေးမှုက ဖုံးထားအုပ်ထားတာကို အားပေးတဲ့ယဉ်
ကျေးမှုလားဆိုတာ ပြန်ပြီးမေးရမယ့်ကိစ္စ။ ပြန်လည်စမ်းစစ်ရမယ့်ကိစ္စ။ အဲ့..
ဖေါ်တိုင်းလည်း မကောင်းပြန်ဘူး။ အဖေါ်လွန်လို့ မမြင်အပ်တာတွေ မြင်ရရင်။
မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်။ မပေါ့်တပေါ်လေးပဲ ကောင်းတယ်ပေါ့နော်။
အဲဒီအဆင့်ကိုရောက်ရင် အတော်ဟုတ်ပြီလို့ဆိုရမယ်။ ယဉ်ကျေးမှုဆိုတာက
ပြောင်းလဲနေတဲ့အရာ မဟုတ်လား။ ဒီနေ့ခေတ်မြန်မာ့လူ့အဖွဲ့အစည်းက ဖုံး
တာဖိတာတွေကို မကြိုက်တော့ဘူးဆိုရင်တော့ ရေကူးဝတ်စုံတွေအရောင်းသွက်
လာနိုင်တာပေါ့။ မြန်မာ့လူ့အဖွဲ့အစည်းက ဘယ်ကိုသွားနေသလဲဆိုတာ ယဉ်
ကျေးမှုရှုထောင့်က ပြောဖို့အခုအချိန်မှာ ခက်သေးတယ်။ အစိုးရခေါင်းဆောင်
တွေက ခေါင်းပေါင်းတွေပေါင်း၊ ချိတ်ထမီတွေ ၀တ်နေတဲ့ခေတ်ဆိုတော့ သူတို့
က ဖုံးတာဖိတာ ကြိုက်ပုံရတယ်။ ခေတ်လူငယ်တွေကတော့ အိုက်လို့ထင်ပါရဲ့
သိသိသာသာဖေါ်လာကြတယ်။ မကြာခင်အနာဂတ်မှာ မြန်မာတွေဘယ်လောက်
အထိ ဖုံးပြီး၊ ဘယ်လောက်အထိ ဖေါ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်
ကြည့်ရမယ့်ကိစ္စပဲ။

ဝှာ ။    ။ ဆရာက စောနေသေးတယ်။ စောင့်ကြည်ရဦးမယ်ဆိုတာပဲ ပြောတယ်
နော်။ ဆရာကသာ စောနေတာ။ တိုင်းပြည်အခြေအနေက မျက်ဖြူဆိုက်နေပြီ
ဆရာရဲ့။

ဒင်း ။    ။ ဒါက တကယ့် အရှိတရားပဲ ညီမလေးရယ်။ သိပ်ပြီး စိတ်မစောပါနဲ့
အဟင်း ဟင်း ။ ဒါနဲ့စကားမစပ်။ အခုအမေးအဖြေလုပ်တာက ဘယ်နေ့သတင်း
စာထဲ ပါလာမှာလဲ။ စောင့်ပြီးဖတ်ရအောင်လို့။

ဝှာ ။    ။ မသိသေးဘူးရှင့်။ သမီးတို့အယ်ဒီတာက ကြိုက် မကြိုက်ဆိုတဲ့အပေါ်မှာ
မူတည်ပါတယ်။ ဆရာပြောတဲ့အတိုင်း အခြေအနေအားလုံးက စောင့်ကြည့်ရဦး
မယ်။ ပြောဖို့ကစောနေသေးတယ်ဆိုတာက လူတိုင်းသိနေတဲ့ကိစ္စဖြစ်နေတော့
အယ်ဒီတာက ကြိုက်မယ် မထင်ဘူး။ သေတော့ မသေချာဘူးနော်။ သူ့ရဲ့သဘော
ပေါ်မှာ မူတည်ပါတယ်။ လောလောဆယ်တော့ ပြောလို့မရသေးဘူး။ စောင့်ကြည့်
ရမှာပေါ့ဆရာရယ်။ အဟင့်..အင့်အင့်.။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

pandora said...

ကောင်းလိုက်တဲ့ အင်တာဗျဲ
စောင့်ကြည့်နေပါတယ်