Friday, January 20, 2012

အမျိုးသားရေးပြဿနာ















တိရစ္ဆာန်မှာ အထီးနဲ့ အမ ။ လူမှာ ယောက်ျားနဲ့ မိန်းမ ။ ကျားနဲ့ မ
လို့လည်း အတိုချုပ်ကြတယ်။ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီးလည်း
ခေါ်ကြပြန်တယ်။ အဲဒီမှာ ပြဿနာက စပါတယ်။ ယောက်ျား၊ မိန်းမ
ရှိနေရဲ့သားနဲ့ ဘာကြောင့် အမျိုးသား၊ အမျိုးသမီးဖြစ်လာရသလဲ ။

ကလေးမွေးတဲ့အခါ သားနဲ့သမီးလို့ ခေါ်ကြသကိုး။ အဲဒီကနေ အမျိုး
သား၊အမျိုးသမီး ဖြစ်လာရပုံရတယ်။ မြန်မာစကားမှာ ယောက်ျား၊
မိန်းမက အရင် ။ ပြီးမှ အမျိုးသား ၊ အမျိုးသမီး ပေါ်လာပုံရတယ်။
ယဉ်ကျေးသမှု ပြုကြတယ်ထင်ပါရဲ့။ ပြင်လွန်းတော့ ဖင်ချွန်းဖြစ်သွား
ပုံရပါတယ်။

အင်္ဂလိပ်လို Nationalကို မြန်မာလိုဘာသာပြန်ကြတော့ အမျိုးသား
လို့ဆိုသကိုး။ အဲဒီမှာ ရှုပ်ကုန်တော့တာပါပဲ။ အမျိုးသမီးက ဘယ်ရောက်
သွားသလဲ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီက
အမျိုးသမီး ဒီမိုကရေစီအဖွဲ့ချုပ် မဟုတ်ပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့
ချုပ်ဖြစ်ပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုဆိုတာ အမျိုးသမီး မပါတဲ့လှုပ်
ရှားမှု မဟုတ်ရပါ။ “အမျိုးသားရေး ဦးဝင်းနိုင်”ဆိုတာ ယောက်ျားတွေရဲ့
အရေးကို သီးသန့်ဆောင်ရွက်နေသူ မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်
ကို မြန်မာပြည်ရဲ့“အမျိုးသားခေါင်းဆောင်” လို့လည်း ခေါ်ကြပြန်တယ်။

အမျိုးသားကျောင်းဆိုတာ အမျိုးသမီး မတက်ရတဲ့ကျောင်းမျိုး မဟုတ်။
အမျိုးသားပညာရေး။ အမျိုးသားကျန်းမာရေး။ အမျိုးသားစီမန်ကိန်း။
အမျိုးသား ကဇတ်ရုံ။ အမျိုးသားရင်ကြားစေ့ရေး။ အမျိုးသားပြန်လည်
သင့်မြတ်ရေး။ အမျိုးသားလွှတ်တော်။ အမျိုးသားခေါင်းဆောင်။ အမျိုး
သား သစ္စာဖေါက်။ အမျိုးသားရေးလက္ခဏာ။ အမျိုးသားရေးအမြင်။
အမျိုးသားရေးစိတ်ဓါတ်။ အမျိုးသားနိုင်ငံရေး။ အမျိုးသားရေးနိုးကြားမှု
စသဖြင့်။ မြန်မာပြည်မှာ အမျိုးသားတွေ အတော်နေရာရကြသကိုး။

ပေါ်တင်ကြီးဖြစ်နေတာက “အမျိုးသားနေ့” ဆိုတာပဲ။ အဲဒီနေ့က
အမျိုးသမီးများနဲ့လည်း ဆိုင်ပါသော်ကော။ မြန်မာပြည်မှာမကြာခင်က
ပေါ်လာတဲ့နေ့ကတော့ ရှင်းတယ်။“အမျိုးသမီးများနေ့”တဲ့။ အမျိုးသား
များနဲ့ မဆိုင်။ အဲဒီအမျိုးသမီးနေ့တောင် မြန်မာပြည်မှာ နှစ်မျိုးကွဲနေသေး။
အမျိုးသမီးချင်းအတူတူ။ အာဏာပိုင်က တရက်။ အတိုက်အခံက တရက်။
နိုင်ငံရေးကြောင့်ဖြစ်ရရှာတာ။

Nationalကို အမျိုးသားလို့ မြန်မာလို မပြန်သင့်ဘူးလို့ထင်ပါတယ်။
အင်္ဂလိပ်လို အဓိပ္ဗါယ်ဖွင့်တာက ရှင်းတယ်။ မြန်မာလိုပြန်တဲ့နေရာမှာ
အမျိုးသားလို့လုပ်မိရာက အခုလိုဖြစ်ကုန်တာပါပဲ။ စပြီးဘာသာပြန်တဲ့
သူကို အပြစ်တင်လည်း အကျိုးမထူးပါ။ ချော်တယ်ဆိုတာသိရင် မချော်
အောင် တည့်ကြဖို့ပဲ ရှိပါတယ်။ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူများ
တည့်ပေးတော်မူကြပါ။

အခုခေတ်မှာက အမျိုးသား၊ အမျိုးသမီးတွေတင်မက ကျား မဟုတ်၊ မ
မဟုတ်များကလည်း မြန်မာပြည်အပါအ၀င် နိုင်ငံတကာအလိုက် အတော်
ကြီးကို ထွန်းကားလာနေပါပြီ။ သူတို့ကလည်း သူတို့ရဲ့အခွင့်အရေးကို
ရဲရဲဝင့်ဝင့်တောင်းဆိုနေကြပါပြီ။ အမျိုးသားနေ့ကလည်း သူတို့နဲ့မဆိုင်။
အမျိုးသမီးနေ့ကလည်း သူတို့နဲ့ မဆိုင်ဆိုပြီး ထောက်ပြလာသော် မခက်
လော။ “လိင်တူချစ်သူများနေ့” ဆိုပြီးတောင် သတ်မှတ်ကြတော့မတတ်
လှုပ်ရှားလာနေကြပြီကော။ 

မှတ်ချက် ။     ။ ဤစာကို အမျိုးသားရေးစိတ်ဖြင့် ရေးသည် ။ ဖတ်သူ
များက ကြိုက်ရာစိတ်နှင့် ဖတ်ကြပါရန်။ ပုံ  ရပ်ကွက်လူကြီး ။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, January 18, 2012

အမျိုးသမီးရေးရာ (ကျန်းမာရေးကိစ္စ)




















သေချာအောင်လို့ ခေါင်းစဉ်မှာကတည်းက “ကျန်းမာရေးကိစ္စ” ဆိုပြီး
ပြူးနေအောင် တပ်ထားခဲ့ပါပြီ ။ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ဆိုင်
တဲ့ကိစ္စ တခုထဲကိုပဲ ဆွေးနွေးသွားမှာပါ ။ အမျိုးသမီးကျန်းမာရေး
အကြောင်း ဘယ်လောက်သိနေလို့ဆွေးနွေးချင်ရတာတုံးလို့ မေး
ချင်ကြလိမ့်မယ်။ သိပ်ပြီးသိလှတာလည်း မဟုတ်ပါဘူးလို့ပြောပါရ
စေ။

သိပ်မသိပဲနဲ့ ပြောရအောင် မင်းကဘာကောင်မို့လဲလို့ မေးကြတော့မယ်
မဟုတ်လား။ မေးမယ်ဆိုလည်း မေးသင့်ပါတယ်။ ကျန်းမာရေးကိစ္စဆို
တာက မသိပဲနဲ့ တတ်ယောင်ကား၊ ဆရာလိုလို၊ သမားလိုလိုနဲ့ပြောရင်
အန္တရယ်ရှိပါတယ်။ မသိရင် မပြောတာ အကောင်းဆုံးပါပဲ။ ဒါက ကျန်း
မာရေး ကိစ္စမှ မဟုတ်ပါဘူး။ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး ဘာကိစ္စ
မဆို ကိုယ်တကယ်မသိပဲ ၀င်မရွှီးသင့်ပါဘူး။ ကြုံတုန်းပြောရရင် ငါဒို့
ရွှေမြန်မာများ နေရာတကာ အတော်ရွှီးကြသကိုး။

ကျန်းမာရေးကိစ္စ ပြန်ဆက်ရရင်။ မသိပဲနဲ့မပြောနဲ့ အန္တရယ်ရှိတယ် ဆို
ပေမဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ မရှိတဲ့နေရာမှာ ကျန်းမာရေးနဲ့
ပတ်သက်ပြီး အခက်ကြုံပြီဆိုပါစို့။ အဲဒီပြဿနာကလည်း သေလောက်
အောင် အရေးမကြီးလှတဲ့ ပြဿနာမျိုးဆိုပါစို့။ ဆရာဝန်မရှိတဲ့နေရာမှာ
ဆရာဝန်ကို လိုက်ရှာနေမယ့်အစား ကြားဖူးနားဝနဲ့၊ ကိုယ့်အတွေ့အကြုံ
လေးနဲ့၊ ပတ်ဝန်းကျင်ကို အကူအညီတောင်း၊ အကြံအညဏ်တောင်း၊
စေတနာရှေ့ထားပြီး ကူညီကြရတာပဲ မဟုတ်လား။

အခုချိန်ထိ လိုရင်းကို မရောက်သေးလို့ ပြောချင်တာကို ဒိုင်းကနဲ ရေးချ
လိုက်ပါတော့မယ်။ အမျိုးသမီးတွေ ရာသီလာတာနဲ့ပတ်သက်ပြီး ရေးချင်
တာပါ။ အဲဒီတော့လည်း မေးကြလိမ့်ဦးမယ်။ အမျိုးသမီးတွေ ရာသီလာ
တာများ ဘာဆန်းလို့တုန်းဟဆိုပြီး။ မဆန်းဘူးဆိုတာ အမှန်ပါပဲ။ အဲဒါ
ကြောင့်လည်း “ဓမ္မတာ”လို့တောင် ပါဋိစကားနဲ့ တရားသဘောဆန်ဆန်
ခေါ်နေကြတာ မဟုတ်လား။ အဓိပ္ဗါယ်က ဖြစ်မြဲသောအစဉ်အလာ။ မိန်း
မ၏ ဥတုသွေး တဲ့။ မဆန်းပေမဲ့ အရေးကြီးတာမို့ ရေးပါတယ်။

ဓမ္မတာဆိုင်ရာအထူးကျွမ်းကျင်သူမို့ ဒီအကြောင်းကို ပြောမှာလားလို့
မေးစရာရှိပြန်ပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့
ကိုယ်ချင်းစာပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ပုံမှန်ကြုံနေရတဲ့ အခက်
အခဲပါ။ ဒီတချက်ထဲနဲ့တင် သူတို့ကို နားလည်စာနာသင့်ပါတယ်။ လိုအပ်
ရင် အကူအညီပေးသင့်ပါတယ်။ ပြောချင်တဲ့အကြောင်းအရာနား တဖြေး
ဖြေးနီးကပ်လာပါပြီ။

မြန်မာပြည်မှာ အခုခေတ်အမျိုးသမီးများ ဓမ္မတာအရာမှာ အရင်လူတွေ
ထက် ကံကောင်းကြပါတယ်။ ဓမ္မတာအသုံးအဆောင်တွေ အလွယ်တကူ
ရနိုင်ကြလို့ပါပဲ။ ပစ္စည်းအရေအသွေးလည်း တော်တော်ကောင်းလာပါပြီ။
အရင်ခေတ်ကာလတွေက ဘယ်လောက် အခက်ကြုံခဲ့ကြရသလဲဆိုတာ
ကိုယ်နဲ့နီးစပ်ရာ အမျိုးသမီးတွေကိုသာ မေးကြည့်ကြပါတော့။ ဒါပေမဲ့ မြို့
ပြနဲ့ မနီးတဲ့နယ်တွေမှာ၊ လမ်းပန်းအဆက်အသွယ် ခက်တဲ့နေရာတွေမှာ၊
မြို့ကြီးပြကြီးဆိုပေမဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေမှာ ဓမ္မတာအသုံး
အဆောင်တွေ အခုချိန်ထိ အခက်ကြုံနေရတုန်းပါပဲ ။

ဒီကိစ္စကြောင့် ကျန်းမာရေးထိခိုက်ရတဲ့ အမျိုးသမီးအရေအတွက် မြန်မာ
ပြည်မှာ မနည်းလှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ခေါင်းဆောင်
တဦးဖြစ်လာတော့မယ့် သဘောရှိနေလေတော့ သူ့ခေတ်သူ့အခါကျရင်
အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်လိမ့်မယ်လို့ မျှော်လင့်ရပါ
တယ်။

စာရေးသူတို့ဇနီးမောင်နှံကလည်း ဒီကိစ္စကို တတ်နိုင်သရွေ့ကူညီနေတာ
နှစ်အတော်ကြာပါပြီ။ မြန်မာပြည်မှာ အကျပ်အတည်းတွေက မျိုးစုံရှိနေတာပါ။
အမျိုးသမီးတွေရဲ့အဲဒီကိစ္စကိုလည်း အကျပ်အတည်းတခုလို့ နားလည်စာနာ
ပြီး ကူညီပါတယ်။ ဓမ္မတာအသုံးအဆောင်တွေကို နိုင်ငံခြားက လှမ်းပို့တာ
မဟုတ်ပါဘူး။ ပိုက်ဆံကိုပဲ ပို့တာပါ။ ဒီပိုက်ဆံကို တခြားမှာ လုံးဝမသုံးပဲ အဲဒီ
အသုံးအဆောင်တွေကိုပဲဝယ်ပြီး ကူညီဖို့ မြန်မာပြည်ကလူကို တာဝန်ပေးရပါ
တယ်။

သီလရှင်ကျောင်းတွေ။ ဆင်းရဲတဲ့ ရပ်ကွက်တွေ။ ပြည်သူ့ဆေးရုံတွေ။ စာ
သင်ကျောင်းတွေ။  ကျေးလက်ဒေသတွေ။ တိုင်းရင်းသားဒေသတွေ။ မူဆ
လင်၊ ခရစ်ယန်၊ ဟိန္ဒူ စတဲ့ဘာသာဝင် အမျိုးသမီးတွေလောကမှာ ဒီကိစ္စ 
အကူအညီတွေ လစဉ်လိုအပ်နေပါတယ်။ ကူညီရတာလည်း အရင်ကာလ
ထက် ပိုပြီးလွယ်ကူလာပါပြီ။ အရင်တုန်းက ပစ္စည်းကလည်း မကောင်း။ 
ရှားကလည်းရှား။ ကူညီပေးမယ့်လူတောင် အရင်က အတော်ရှာယူရပါတယ်။ 
ရွှေမြန်မာများက မလိုအပ်တဲ့နေရာတွေမှာ အရှက်အကြောက် ကြီးနေတတ်
ကြတုန်းပါ။ ထားပါတော့ ။

ပြည်ပရောက်မြန်မာတွေ နီးစပ်ရာစုဝေးပြီး မြန်မာပြည်ထဲက အကျပ်အတည်း
တွေကို တတ်စွမ်းသရွေ့ ကူညီနေကြတာကိုမြင်ရ၊ ကြားရတိုင်း ၀မ်းသာရ
ပါတယ်။ ဒီကိစ္စလေးကို အာရုံစိုက်မိပြီး ၀ိုင်းအကူညီပေးကြရင်လည်း ကောင်း
မှာပဲလို့ စဉ်းစားမိပါတယ်။ ဒီကိစ္စမျိုးကို အကူအညီပေးတာက မလိုအပ်ပဲချမ်း
သာနေတဲ့ ဘုန်းတော်ကြီးတွေကို လှူနေတာထက် လက်တွေ့ကျကျ အကျိုး
ထူးတယ်လို့ ယုံကြည်ပါတယ်။ ဘုရားသခင်တိုင်းကလည်း အလေးအနက်
သာဓုခေါ်ကြမယ့်ကိစ္စလို့ ထင်ပါတယ်။ အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ၊ ဂူဂလ်)

Friday, January 13, 2012

စုလုံစိုက်




















မြန်မာ့နိုင်ငံရေးလောကမှာလည်း အတိုကောက်အခေါ်အဝေါ်တွေ
ခေတ်စားတယ်။ နိုင်ကျဉ်း။ ဒီချုပ်။ ငြိမ်ပိ။ န၀တ။ နအဖ။ ဒီငြိမ်း။
အောင်စုတင်။ ဗကပ။ ကြံ့ဖွတ်။ ဗကသ။ ဖဆပလ။ ပြည်ခိုင်ဖြိုး။
စုလွှတ်တွေ့။ အခုလည်း ဒေါ်စုရဲ့လုံခြုံရေးကို ဂရုစိုက်ကြဖို့ ဆော်
သြတဲ့အနေနဲ့ “စုလုံစိုက်” လို့ ခေါင်းစဉ်ပေးလိုက်ပါတယ် ။

ဒေါ်စုရဲ့လုံခြုံရေးကို လူတိုင်းက (စစ်အုပ်စု မပါ) စိုးရိမ်နေကြတာ
ကြာပါပြီ ။ ဒီပဲရင်းကိစ္စဖြစ်တော့ စိုးရိမ်မှုတွေက ပိုပြီးကြီးလာတယ်။
ဒီပဲရင်းမှာ ဒေါ်စုက ကံကောင်းလို့မသေ သံချောင်းတို့အမေ ဖြစ်ခဲ့ရ
တယ်။ ဒေါ်စုကိုလုပ်ကြံဖို့ စစ်အုပ်စုမှာ တကယ်ပဲရည်ရွယ်ချက်ရှိတယ်
ဆိုတာ ဒီပဲရင်းကိစ္စမှာ ဘွားကနဲပေါ်လာတယ် ။

စစ်အုပ်စုဆိုတာ မြန်မာပြည်မှာ အခုချိန်ထိ စစ်တပ်ထဲတင်မက
လွှတ်တော်ထဲမှာရောအစိုးရထဲမှာပါ ပြူးပြူးကြီးရှိနေသေးတာနော်။
(မျက်စေ့ မှောက်နေမှာ စိုးလို့) နိုင်ကျဉ်းတွေကို ပြန်လွှတ်ပေးလို့
သမ္မတအုပ်စုကို အမွှန်းတင်နေကြတာက တပိုင်း။ ဇာတိအမှန်ကို
မျက်ခြေမပြတ်ဖို့ ဂရုစိုက်နေရမှာက တပိုင်း ။ ခွဲပြီးမြင်ထားပါမှ
တော်ကာကျမယ်။

ဒီပဲရင်းကိစ္စမှာ ဒေါ်စုတို့တွေသာ နင့်ကနဲ ခံလိုက်ရတာ။ ကျူးလွန်တဲ့
လူတွေက တရားဥပဒေရှေ့ကို ရောက်မလာခဲ့ဘူး ။ အခုချိန်ထိ ဒီပဲ
ရင်းလူရမ်းကားတွေ ရှိနေသေးတယ်။ စွမ်းအားရှင်လိုလို၊ ကြံ့ဖွတ်လို
လိုနဲ့ NLDကို ၀ိုင်းရိုက်ကြတဲ့သူတွေ ကောင်းကောင်းမွန်မွန် ရှိနေကြ
တုန်းပဲ။ သူတို့တွေ ဒီလိုရှိနေသေးတယ်ဆိုတာက ဒေါ်စုအတွက်
အန္တရယ်ရှိနေတုန်းပဲဆိုတဲ့သဘော ။

ဒေါ်စုအတွက် စိုးရိမ်စိတ်ကြီးကြတယ်ဆိုတာကလည်း ခိုင်လုံတဲ့
နောက်ကြောင်းတွေရှိလို့ပါ။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းလည်း
နိုင်ငံရေးပြိုင်ဘက်က သတ်လို့သေခဲ့ရတယ်။ စစ်အုပ်စုကလည်း သူ့
ရဲ့ပြိုင်ဘက်ကို ရှင်းဖို့ ဘယ်တုန်းကမှ ၀န်မလေးခဲ့ဘူး။ လက်သည်
မပေါ်တဲ့ ဗုံးတွေကလည်း ဟိုမှာကွဲလိုက် ဒီမှာပေါက်လိုက်နဲ့ နားရ
တယ်ကို မရှိဘူး ။

ဒေါ်စုလုံခြုံရေးကို သူ့ပါတီဝင်တွေကလည်း ဂရုတော့စိုက်ကြပါတယ်။
ဒါပေမဲ့ မြင်နေရတာတွေက သိပ်စိတ်ချစရာ မရှိဘူး။ အခုထက်ပိုများ
တဲ့ လုံခြုံရေးအင်အားနဲ့ နည်းလမ်းတွေကို အသုံးချသင့်တယ်။ မီဒီယာ
အပါအ၀င် ပြည်သူအများကလည်း နားလည်ပေးသင့်တယ်။ မီဒီယာ
တွေမှာကလည်း ဒေါ်စုတီရှပ်နဲ့ပြက္ခဒိန်အရောင်းသွက်နေတာကို ဝေ
ဝေဆာဆာဖေါ်ပြကြပေမဲ့ လုံခြုံရေးကိစ္စ တခုတ်တရရေးတာ မတွေရ
ဘူး။

ဒေါ်စုကလည်း လူတွေနဲ့အထိအတွေ့ ပိုများလာတယ်။ ဖြစ်မှသာ ဖြစ်
ရော့ လုပ်စရာရှိတာတော့ လုပ်ရမယ့်အချိန် လုပ်မှာပဲဆိုတဲ့ သဘောနဲ့
သွားနေတယ်။ ဖြစ်စရာရှိလို့ ဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူး ။ သူတ
ယောက်ထဲတင်မက တတိုင်းပြည်လုံး စာရင်းရှုပ်သွားနိုင်တယ် ။ လုပ်
ကြံရေးအစဉ်အလာရှိတဲ့ မြန်မာ့နိုင်ငံရေးအကြောင်း မီဒီယာဆရာကြီး
များကလည်း သတိပေးရေးသားသင့်တယ်။ သူရဲကောင်းတွေတိုးတာ
ပဲမြင်ချင်ပါတယ်။ အာဇာနည်တွေတော့ ထပ်မတိုးစေချင်တော့ပါဘူး။

မကြာခင်မှာ မဲဆွယ်ရေးတွေလုပ်တော့မယ်။ ဒေါ်စု ခရီးထွက်ရမယ်။
လူတောတိုးရမယ်။ မီဒီယာသမားတွေကလည်း တရုန်းရုန်း။ လူတွေ
ကလည်း ဒေါ်စုဆို တ၀ုန်းဝုန်း။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ
ရင် ဒေါ်စုလွှတ်တော်တက်ရတော့မယ်။ အဲဒီမှာ မဲလိမ်ပြီးအစိုးရတက်
လုပ်နေတဲ့ ကြံ့ဖွတ်နဲ့တွေ့မယ်။ ဒေါ်စုလုံခြုံရေးအတွက် စစ်တပ်က
တာဝန်ယူပါ့မယ်ဆိုရင်တောင် ကျေးဇူးပဲ တင်ရမလား။ စိတ်ပဲ ဆိုးရ
မလား။ (သူတို့ကိုပဲ အဓိကစိတ်မချရတာကိုး) တဦးနဲ့တဦး သဘော
ထားကြီးကြီးနဲ့ နားလည်ခွင့်လွှတ်လာနိုင်ကြမယ်ဆိုရင်တော့ ကောင်း
ပါရဲ့။

တကယ်တော့လည်း မြန်မာပြည်လိုအနေအထားက နိုင်ငံရေးကို
အသက်အန္တရယ်ကြားကလုပ်နေရတာ သဘာဝတော့ကျပါတယ်။
အဖုအထစ်တွေ၊ မရှင်းမရှင်းတွေ၊ အကြိတ်အခဲတွေ၊ အမုန်းတရား
တွေက ရာစုနှစ်နဲ့ချီပြီးရှိနေခဲ့တဲ့ တိုင်းပြည်ကိုး ။ အသက်ကို ပဓါန
မထားပဲ တိုင်းပြည်အရေး အားထုတ်ကြသူများ ကံကောင်းကြပါစေ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, January 12, 2012

ငါးဖယ်ကြော်ဆိုင်ရာသုတေသန မူကြမ်း (ကန့်သတ်)




















မြန်မာပြည်ကလူတိုင်း ငါးဖယ်ကိုတော့ ကြိုက်ကြမယ်ထင်တယ် ။ သူက
ရေချိုငါး ။ အရှေ့တောင်အာရှနဲ့ အာဖရိကမှာပဲ ပေါက်ဖွါးသတဲ့။ အာဖရိ
ကမှာ ငါးဖယ်ကို ဘယ်ပုံဘယ်နည်း လုပ်စားကြတယ် မသိ ။ အရှေ့တောင်
အာရှမှာတော့ ငါးဖယ်ကို ခြစ်ပြီး ထောင်း။ ထောင်းပြီး လုံး။ မလုံးရင် ပြား ။
ပြားပြီးရင် ကြော် ။ ကြော်ပြီးရင် သုတ် ။ မသုတ်ရင် ချက် ။ ငါးဖယ်လုံးကို
ပြုတ်စားသူတွေလည်းရှိတယ်။

ငါးတွေကို များသောအားဖြင့် အကောင်လိုက် ကင်ရင် ကင် ။ မကင်ရင်
ကြော် ။ မကြော်ရင် ပြုတ် ။ မပြုတ်ရင် ခုတ်ထစ်ပြီး ချက်စားကြတာပဲ။
ငါးဖယ်ခင်မျာမှာတော့ အဲသလို မဟုတ်ရှာဘူး ။ ဟင်းလျှာဘ၀ မရောက်
ခင်မှာ အလွှာခံရတယ် ။ အလှီးခံရတယ်။ အခြစ်ခံရတယ်။ အထောင်းခံရ
တယ်။ အတေခံရတယ်။ အလုံးခံရတယ်။ မသက်သာလှဘူး ။ အသားကို
ဟင်းလုပ်ရုံတင်မက အရိုးကိုပါပြုတ်ပြီး ဟင်းချိုလုပ် သောက်ကြသေးတယ်။
ငါးဖယ်နဲ့လုပ်တဲ့ ငါးပိလည်း ရှိလိုက်သေး ။ တခြားငါးတွေလိုလည်း သူ့ကို
ချက်စား၊ ကြော်စားကြပါတယ် ။ ငါးဖယ်ဘ၀ မလွယ်လှပါကလား။











ငါးဖယ်ဆိုတာ အပေါစားငါး မဟုတ်ပါဘူး။ ဆင်းရဲသူတွေ သိပ်မစားနိုင်ကြ
ရှာပါ ။ ငါးဖယ်ကြော်ဆိုတာကလည်း တမြတ်တနိုးစားရတဲ့ အရာပါ ။ ပုဇွန်
ထုပ်နဲ့ နင်လားငါလား အဆင့်မှာရှိပါတယ်။ ပေါ့သေးသေး ငါးမျိုးမဟုတ်ပါ ။
ငါးဖယ်နဲ့ပတ်သက်ပြီး ဥပမာပေးကြတာတွေလည်း ရှိတယ်။ ငါးဖယ်တေ
တေတယ်တဲ့ အထပ်ထပ်အခါခါ ထုထောင်းတာကို ဆိုလိုတယ်။ ငါးဖယ်ပြန်
ဆိုတာလည်းရှိသေးတယ်။ ခန္တာကိုယ်ကို ဘယ်ပြန်ညာပြန်လူးလှိမ်တယ်တဲ့။
စာပေအရာမှာလည်း ဒို့ရဲ့ငါးဖယ်က ၀င်ဆန့်တဲ့သူပါ။ ပုဂံသူရဲကောင်း ငလုံး
လက်ဖယ်နဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာကိုလည်း လေ့လာရပါဦးမယ်။

ဒေသအလိုက် ငါးဖယ်ကို အမျိုးမျိုးလုပ်စားကြတယ်။ အရသာလည်း အမျိုး
မျိုးပဲ။ ဆက်ပြီးလေ့လာဖို့ကောင်းတာက ငါးဖယ်ကို ဘယ်ဒေသက စပြီး ခြစ်
ကြသလဲ ဆိုတာပဲ။ တခြားငါးတွေလို ခုတ်ထစ်မစားပဲ ငါးဖယ်ရဲ့ခန္တာကိုယ်
ကို အလျှားလိုက် လွှာပြီး ပေါ်လာတဲ့အသားကို ခြစ်ထုတ်တဲ့အလေ့အထက
ဘယ်ဒေသက စတင်ခဲ့သလဲ။ မြန်မာလား ။ ထိုင်းလား။ ဗီယက်နမ်လား။
မလေးရှားလား ။

တကယ်လို့ ခိုင်မာတဲ့သက်သေအထောက်အထားတွေနဲ့ မြန်မာပြည်က စ
တယ်ဆိုတာ ပြနိုင်ရင် ။ ဒီအချက်ကို လွှတ်တော်မှာ တင်ပြရပါလိမ့်မယ် ။
“ငါးဖယ်ခြစ်အစ ဒို့မြန်မာကကွ”ဆိုတဲ့ စာလုံးမည်းကြီးနဲ့ မြန်မာ့အလင်း
သတင်းစာ ခေါင်းကြီးပိုင်းမှာ ဖေါ်ပြရပါလိမ့်မယ်။ ငါဖယ်ပုံပါတဲ့ တီရှပ်တွေ
ဝတ်ကြရပါလိမ့်မယ်။ ငါးဖယ်အလံတွေ လွှင့်ကြရပါလိမ့်မယ် ။


ငါးဖယ်ကို မြန်မာနဲ့ခပ်ဆင်ဆင် လုပ်စားတဲ့နိုင်ငံကတော့ ထိုင်းပါ။ ငါးဖယ်
ကြော်ကို ဟင်းအဖြစ်တင်မက သွားရည်စာကောင်းတခုအနေနဲ့ရော အမြည်း
ကောင်းတခုအနေနဲ့ပါ သုံးပါတယ်။ ပုံစံအားဖြင့်တူတယ်ဆိုပေမဲ့ အရသာ
တော့ ကွဲပါတယ်။ ထိုင်းငါးဖယ်ကြော်က ပင်စိမ်းရွက်တွေ သကြားတွေနဲ့
လုပ်ထားတော့ အနံ့ပိုပြင်းပြီး ချိုပါတယ်။  မြန်မာပါးစပ်နဲ့ မတည့်ပါဘူး။
မြန်မာငါးဖယ်ကြော်ကိုလည်း ထိုင်းတွေ ကြိုက်လိမ့်မယ် မထင်ပါဘူး။ မြန်မာ
ငယ်ဖယ်ကြော်က ထိုင်းထက်ပိုပြီး ရိုးရှင်းပါတယ်။ ကြက်သွန်ဖြူနဲ့ဂျင်းနဲ့
ငါးဖယ်နဲ့ရောပြီး ထောင်းတာပါပဲ။

အရှေ့တောင်အာရှသားတွေ ကမ္ဘာတလွှားမှာ ပြန့်နှံ့နေကြပြီဆိုလေတော့
ငါးဖယ်တွေကလည်း သူတို့နောက်ကို လိုက်ကြရပါတယ်။ ဥရောပမှာရော၊
အမေရိကားမှာရော၊ ကနေဒါမှာရော၊ ငါးဖယ်ခြစ်ပြီးသားတွေ အာရှဆိုင်များ
မှာ ရနိုင်ပါတယ်။ ငါးဖယ်ခြစ်ဆိုလို့ ချစ်ဇနီးပြောပြတာလေး ဖြည့်လိုက်ချင်ပါ
သေးတယ်။ မြန်မာပြည်မှာ ငါးဖယ်က ဈေးကြီးလေတော့ တချို့ဆိုင်တွေမှာ
ငါးဖယ်ခြစ်ထဲကို တခြားငါးကိုခြစ်ထားတာတွေနဲ့ ရောပြီး ရောင်းတတ်ပါသတဲ့။
တိုင်းပြည်က ဆင်းရဲတော့ ငါးဖယ်ခင်မျာ အရောတောင် ခံရရှာတာကလား။
















ဟိုတရက်က ငါးဖယ်ကို ကြော်ပြီးသုတ်စားဖို့ ချစ်ဇနီးက ငါးဖယ်ထောင်းခိုင်း
ရာက စိတ်ကူးပေါက်လို့ရေးလိုက်တဲ့ စာပါ ။ “င ငါးဖယ်ထောင်း စားလို့ကောင်း”
ဆိုပြီး ခေါင်းစဉ်တတ်ချင်ခဲ့ပေမဲ့ လူရှိန်အောင်လို့ ခေါင်းစဉ်ပြောင်းလိုက်ပါတယ် ။
ငါးဖယ်ချစ်သူများအသင်းဖွဲ့ပြီး ဘလော့တွေထောင်၊ ဖေ့စ်ဘုခ်တွေဖွင့်လို့ ငါး
ဖယ်အကြောင်း သောင်းပြောင်းထွေတလာ ကရေကယာ နေကြာကွာစိ စသဖြင့်
ပြောဆိုရေးသား ပွါးများလာကြမယ်ဆိုရင်ဖြင့် ငါးဖယ်ယဉ်ကျေးမှုက အခုထက်
ပိုလို့ မြင့်မားလာနိုင်ဖွယ်ရှိလေသတတ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, January 5, 2012

ဟက်ပီး နယူး ယီးယား

 












"သမ္မတအားကိုး ပုဆိန်ရိုး၊ အကောင်းမြင်ဝါဒီများအား ဆန့်ကျင်ကြ"
မြန်မာ့နိုင်ငံရေးမှာ ဒီလိုကြွေးကြော်ရမလို ဖြစ်ကုန်ပြီ ။ ဧရာဝတီဇတ် ခင်း
ကြတုန်းက သမ္မတကို မင်းသားအရာမြှောက်ခဲ့ကြတာ အခုတော့ လူကြမ်း
က လူကြမ်းနေရာပြန်သွား ။ ဒုံရင်းက ဒုံရင်းဖြစ်သွားပြီ ။ နိုင်ငံရေးအကျဉ်း
သားတွေကို လူဆိုးသူခိုးလောက်မှ တန်ဘိုးမထားတဲ့အပေါက် ချိုးပြလိုက်
ပြန်ပြီ ။

ဒီမိုကရေစီသမားတွေရဲ့နားရွက်ကို ကိုသိန်းစိန်တို့အုပ်စု တံတွေးနဲ့စွတ်ခဲ့
ပေါင်း များပြီ ။ ဒီမိုကရေစီအုပ်စုတွေကလည်း တောက်ခေါက်ရပေါင်း များ
ပြီ ။ အံကြိတ်ရပေါင်းလည်း များပြီ ။ တောင့်ခံထားရလို့လည်း လက်အံတွေ
သေမတတ်ဖြစ်ရပြီ ။ ထောင်တွေထဲမှာ ဘ၀တုံးရပေါင်းလည်း များလှပြီ ။
လွတ်လပ်ရေးနေ့မှာ မလွတ်လို့ ပြည်ထောင်စုနေ့မှာ လွတ်ဖို့ ထပ်မျှော်ရ
ပြန်ပြီ။

မြန်မာပြည်မှာ မိုးက အခုထိ မလင်းနိုင်သေးဘူး ။ တိုင်းရင်းသားတွေများပြီး
လူမျိုးတွေစုံနေတာကိုပဲ လက်ညှိုးထိုးပြီး ပြဿနာလုပ်ပြနေတာ ကြာပြီ ။
ဒီစစ်တပ်ကပဲ တိုင်းပြည်ကို ကယ်တင်ရပေါင်းများလို့ သူ့ကိုပဲ ကိုးကွယ်ပါ
လို့ ဆိုနေပြီ ။ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီသမားတွေရော၊ စစ်အုပ်
စုရော တဘက်နဲ့တဘက် မယုံမရဲနဲ့ ပေါင်းဖို့လုပ်နေကြပုံက ရယ်စရာလည်း
ကောင်း။ သနားစရာလည်း ကောင်း ။ ရင်နာစရာလည်း ကောင်း ။ တနိုင်ငံ
ထဲသားချင်း ဖြစ်မှဖြစ်ရလေဆိုတဲ့ ဇတ် ။

ပြဿနာက စစ်အုပ်စုကို ဖြုတ်မချနိုင်တဲ့ကိစ္စပဲ။ အဲဒါက မြန်မာ့နိုင်ငံရေးရဲ့
အဓိက သော့ချက် ။ ပဒေသရာဇ်ခေတ် ။ အင်္ဂလိပ်နဲ့ဂျပန် ကိုလိုနီခေတ် ။
လျှပ်တပျက် ဦးနုခေတ် ။ စစ်အုပ်ချုပ်ရေးခေတ် ။ ဆိုရှယ်လစ်ခေတ်ဆိုတာ
လည်း ဒီစစ်အုပ်စုပဲ ။ မြန်မာတနိုင်ငံလုံး ဒီမိုကရေစီကို ဖြူသလား မဲသလား
တောင် မသိသေးဘူး။ လုံးသလား ပြားသလားလည်း မသိကြဘူး။ သိခွင့်
လည်း မရခဲ့ဘူး ။ သန်းရွှေလည်း မသိဘူး။ သိန်းစိန်လည်း မသိဘူး ။ မင်း
ကိုနိုင်လည်း မသိဘူး ။ ကိုကိုကြီးလည်း မသိဘူး။ NLDမှာ ဒေါ်စုကလွဲရင်
ဒီမိုကရေစီရဲ့အရသာကို သေချာခံစားဖူးတဲ့သူ မရှိဘူး။

မြန်မာပြည်မှာ စစ်ဇတ် ပြတ်မှဖြစ်မယ်။ ခက်တာက အခုသူတို့ပြောတဲ့ စည်း
ကမ်းရှိတဲ့ ဒီမိုကရေစီကို သွားဖို့လမ်းကိုတောင်မှ စစ်တပ်က ခင်းပေးတာ
ဆိုပဲ ။ ဒီမိုကရေစီကို စတောင်းခဲ့တဲ့ ကျောင်းသားတွေကိုတော့ ဖမ်းထား
တုန်း ။ မြန်မာ့ဒီမိုကရေစီရဲ့ဖခင်ကြီးက ကျောက်ဆည်သား သန်းရွှေဖြစ်
ဦးမယ့် အပေါက် ။

မြန်မာ့နိုင်ငံရေးသဘောက စစ်ဇတ်ကို ပြတ်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူးဆို
ပြီး စစ်ဘက်နဲ့အရပ်ဘက်ပေါင်းဖို့ လုပ်တော့လည်း သူတို့ပဲ ခေါင်းဆောင်
နေကြပြန်ပြီ။ လွှတ်တော်ထဲမှာ ချိတ်ထမီတွေ၊ ခေါင်းပေါင်းတွေနဲ့။ သူတို့
ချိုးထားတဲ့ဖဲကို ဒေါ်စုတို့က ၀င်ပြီး ကစားရပြန်ပြီ ။ NLD က ကြံ့ဖွတ်နဲ့
ပေါ်တင်ကြီး ပေါင်းရတော့မယ်။ တစညတောင် ဘယ်ချောင်ကပ် သွားမှန်း
မသိဘူး ။ တိုင်းပြည်စီးပွါးတက်ဖို့အရေးက သိပ်မသေချာပေမဲ့ စစ်တပ်နဲ့နီး
တဲ့ အကောင်နဲ့ အစိုးရနဲ့နီးတဲ့အကောင်တွေပဲ စီးပွါးတက်နေတာတော့ သေ
ချာတယ်။

နှစ်သစ်ကူးအခါသမယမှာ အဆိုးထဲက အကောင်းကို  အတင်းမြင်အောင်
ကြည့်ကြပါစို့ ။ ဒီတခါပွဲကတော့ အရင်ကနဲ့ မတူ ကွဲပြားလိမ့်မယ်။ တိုင်း
ပြည်ကံကောင်းမယ်ဆိုရင် ဒီမိုကရေစီအုပ်စုနဲ့ စစ်အုပ်စု နှစ်ဘက် သဘော
မျှပြီး ပေါင်းကြလေသတည်းဖြစ်လိမ့်မယ် ။ တိုင်းပြည်ရဲ့ကံကမထူးပဲ (ပုံမှန်
အတိုင်း) ဆိုးမြဲဆိုးနေလိမ့်ဦးမယ်ဆိုရင်တော့ လူထုအုံကြွမှုကြီးတခု ပေါ်
လာနိုင်တယ် ။ ဒေါ်စုက အဆိုတော်တွေရော၊ သရုပ်ဆောင်တွေရော၊ တိုင်း
ရင်းသားတွေရော အိပ်ထဲ ထည့်နေပြီ။ NLD ကိုသွေးသစ်လောင်းနေပြီ။

စစ်အုပ်စုနဲ့ပြဿနာတက်လို့ နောက်တကြိမ် လူထုအုံကြွမှု ထပ်ဖြစ်ရင်
ဒီမိုကရေစီအုပ်စုက တိုင်းပြည်အာဏာကို ရအောင်ယူနိုင်ရင် ယူ ။ မယူ
နိုင်ရင်တော့ မဟာစစ်တပ်က ထပ်သိမ်းလိမ့်ဦးမယ် ။ နှစ်သစ်ကူးမှာ မဦး
မချွတ် နိမိတ်မကောင်းတာတွေ မပြောချင်ဘူး ။ စစ်သားရော၊ ဒီမိုကရေ
စီသမားရော၊ တိုင်းရင်းသားရော၊ ဘုရားရဲ့သားရော၊ မြန်မာနိုင်ငံသားပဲ။
နိုင်ငံသားစိတ်နဲ့ အရည်အသွေးရှိတဲ့နိုင်ငံတခုဖြစ်အောင် လုပ်ရကောင်း
မှန်း သိကြပါတော့ ။ ပြောရတာလည်း မောလှပြီ ။

၂၀၁၁ကို မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စပြုတဲ့နှစ်လို့ ဆိုကြရင် ၂၀
၁၂မှာ ထွက်နေတဲ့ အစကို ဆက်ပြီး ရှည်အောင်ဆွဲကြစို့။ ချစ်စကို ရှည်
စေ၊ မုန်းစကို တိုစေ ဆိုသမို့လား ။ မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ဖို့ ထုံးစံအတိုင်း
ဆန္ဒပြုလိုက်ရပြန်ပါပြီ ။ အားလုံး ကျန်းမာကြပါစေ။ ဤကမ္ဘာမြေပေါ်
ကောင်းချီးမင်္ဂလာ ရောက်စေသောဝ် ။

(ရုပ်ပုံ ၊ ဂူဂလ်)