Thursday, December 24, 2009

အဖြူရောင် ခရစ္စမတ်









ရှေရှုခရစ်တော်ကို ဖွါးမြင်တာ ဒီဇင်ဘာ၂၅။ အေးမြတဲ့အချိန်။ နေရာက ဂျေရုဆလင်တ၀ိုက်
အရှေ့  အလယ်ပိုင်း ဒေသ။ ခြောက်သွေ့ တဲ့အရပ်။ ဆောင်းတွင်းကာလဆိုတော့ အဲဒီမှာ
နှင်းကျတယ်ပဲဆိုဦးတော့ အနည်းအကျဉ်းပေါ့။

ခရစ်ယန်ဘာသာဝင်တွေက ဥရောပနဲ့အမေရိကားမှာ အတော်များတယ်။ ဒီဒေသတွေရဲ့ 
ဆောင်းက နှင်းတွေနဲ့ဖွေးနေတတ်တာပါ။ သူတို့က ခရစ္စမတ်ကာလ နှင်းများကျပြီဆိုရင်တော့
အဲဒီခရစ္စမတ်ဟာ ရိုးရိုးခရစ္စမတ် မဟုတ်တော့ဘူးတဲ့ “အဖြူရောင်ခရစ္စမတ်” “White
Christmas” ပါတဲ့။ ပါတ်ဝန်းကျင် သဘာဝရှုခင်းကပါ ခရစ္စမတ်ကာလမှာပြောင်းလဲလာလို့
အေးမြဖွေးလှတဲ့ အခါတော်သမယ အထူး ကာလပါတဲ့ဗျား။

ရာသီဥတုဆိုတာကလည်း သိတဲ့အတိုင်း ပုံက မှန်တာမဟုတ်ဘူးလေ။ နှစ်တိုင်းအဖြူရောင်
ခရစ္စမတ် ဖြစ်ရတာ မဟုတ်ဘူးကိုး။ ခရစ္စမတ်ကာလ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေကျလာမှ
သာ “White Christmas” ဖြစ်ရတာကလား။ ခရစ်တော်ရေရှုတောင် အဖြူရောင်ခရစ္စမတ်
အကြောင်းသိသွားရှာမယ် မဟုတ်။ ခရစ်တော်ဖွါးမြင်ရာအရပ်က လူများလည်း အဖြူရောင်
ခရစ္စမတ်အကြောင်းနားလည် ခံစားနိုင်ဖို့လွယ်မယ်မထင်။

ကျွန်တော်တို့ချစ်လင်မယားကတော့ အမေရိကန်ကဒီနှစ် အဖြူရောင်ခရစ္စမတ်ကို ကောင်းကောင်း
ကြီးနားလည်ပြီး ခံစားခဲ့ကြရပါတယ်ဗျား။ ခရစ္စမတ်မတိုင်ခင်တပါတ်အလိုမှာ နှင်းမုန်တိုင်းကြီး
ကျခဲ့ပါရောလား။ မုန်တိုင်းလာမှာကို သတင်းမီဒီယာများကလည်းကြိုတင်အသိပေးရှာပါတယ်။
အန္တရာယ်ကြီးပုံကိုလည်းသတိပေးရှာပါတယ်။ ဒါပေတဲ့။ နှင်းတွေတဖွေးဖွေးကျနေတဲ့အထဲကို
တိုးဝင်ပြီး နှင်းတောထဲကိုလမ်းလျှောက်ချင်တဲ့စိတ်က ထိမ်းဖို့ခက်လှတယ်။ အထူးသဖြင့် ချစ်ဇနီး
က လွန်စွာမှပင် နှင်းပျော်ချင်သူပေတကား။ အပြင်ထွက်မယ် တကဲကဲလုပ်နေပါရော။

နောက်ဆုံးတော့ နှစ်ယောက်သား နှင်းတောထဲကိုရောက်ခဲ့ပါရောလား။ ပျော်စရာတော့ အကောင်း
သားဗျ။ အနီးစပ်ဆုံးဥပမာပေးရရင် မြန်မာပြည်မှာ မိုးရွာထဲလမ်းထွက်လျှောက်သလိုပ။ နှင်းတွေက
မိုးတွေလိုစိုရွှဲနေတာမဟုတ်တဲ့အပြင် ဗွက်လည်းမထဘူးဆိုတော့ ပိုလျှောက်လို့ကောင်းသပေါ့ဗျာ။
နှင်းကျတယ်ဆိုပေတဲ့ အေးစက်နေတာတော့မဟုတ်လေဘူး။ လမ်းလျှောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်
ကိုယ်ပေါ်မှာတင်လာတဲ့ နှင်းတွေကိုခါချလိုက်နဲ့ အိမ်နားက ဘူတာရုံကိုရောက်ခဲ့ပါလေရော။ နှင်းတွေ
က ၇လက်မလောက်ရှိနေပြီ။

မုန်တိုင်းရှိလို့ လမ်းမှာ ကားအသွားအလာမရှိတော့ပေမယ့် ရထားကတော့ဆွဲနေသဗျ။ အဲဒါနဲ့နှစ်ယောက်
သားရထားစီးကြပါလေရော။ ကုန်တိုက်ကြီးတခုရှိရာ ဘူတာအထိ။ ကုန်တိုက်ထဲမှာ စားလိုက်၊ သောက်
လိုက်၊ ငေးလိုက်လုပ်နေရင်း ဆိုင်တခုအရောက်မှာ ဈေးသည်က မင်းတို့ ကားနဲ့လာကြတာလားလို့မေး
ပါတယ်။ မဟုတ်ဘူးလို့ပြောတော့ ရထားနဲ့ဆိုရင်တော့ နောက်ကျ သွားလောက်ပြီ။ နေ့လည်တနာရီမှာ
ရထားတွေရပ်ကုန်ပြီလို့သတင်းတွေမှာကြေညာနေတယ်တဲ့။ နှင်းမုန်တိုင်းက ဆိုးလာနေလို့တဲ့။“ဟိုက်” ။

နာရီကိုကြည့်တော့ တနာရီခွဲနေပြီ။ ဘူတာရုံကိုအမြန်ပြေးတော့ ရထားက မြေအောက်ဘူတာ တွေကိုပဲ
ဆွဲတော့တယ်။ မြေပေါ်ဆိုရင် ရပ်နေပြီတဲ့။ အိမ်က မြေအောက်နဲ့မြေပေါ်နှစ်မျိုးပြောင်းစီးမှ ရောက်တာ။
ဒုက္ခနဲ့လှလှနဲ့တွေ့ ကြပြီ။ နောက်ဆုံးတော့ တဘူတာရှေ့ တိုးလည်း မနည်းဘူးဆိုပြီး အိမ်ဘက်ကို မြေ
အောက်တဘူတာစီးလိုက်ကြတယ်။ ရထားကအဲဒီမှာတင် ဂိတ်ဆုံးသွားတယ်။ ဘာဆက်လုပ်ရမလဲလို့
ဘူတာအရာရှိကိုမေးတော့ မြေပေါ်တက်ပြီး အငှားကားရှာစီးပေတော့တဲ့။

ဘူတာရုံပေါက်ကိုတက်သွားတော့ ကိုယ့်လိုလူတွေ မျက်ကလူး ဆန်ပျာနဲ့ ကားလမ်းမကို ငေးလို့။ လမ်း
မပေါ်မှာက နှင်းတွေကလွဲလို့ ဘာမှမရှိ။ တချက်တချက်ရောက်လာတဲ့ကားက ရဲကား။ သူတို့ကလည်း
ရာသီဥတုဆိုးတယ် သတိထားဆိုတာကလွဲပြီး ဘာအကူအညီမှ မပေးကြ။

ဒီလိုနဲ့ဘ၀တူအချင်းချင်းတိုင်ပင်ကြပြီး အနီးဆုံးလမ်းစုံကျတဲ့ မြေအောက်ဘူတာအထိလမ်း လျှောက်
ကြစို့လို့ ရဲရဲဝင့်ဝင့် ဆုံးဖြတ်လိုက်ကြတယ်။ ရဲရဲဝင့်ဝင့်လို့သာပြောရတာ စိတ်ထဲမှာတော့ တထင့်ထင့်။
နှင်းတွေက ကျနေတာတပေကျော်နေပြီ။ လေနဲ့အတူလွင့်နေတဲ့ နှင်းမှုန်တွေက မျက်နှာကိုလာရိုက်
တာ အိမ်ကအထွက်တုန်းကထက် ပိုပြင်းနေပြီ။ ကိုယ်တယောက်ထဲမှ မဟုတ်ပဲ အဖေါ်တွေလည်း
ပါတာပဲလို့ အားတင်းပြီး နှင်းတောထဲတိုးခဲ့တယ်။ ကိုယ်ကသာ စိုးရိမ်နေတာဗျား။ ချစ်ဇနီးကတော့
ပျော်လို့ နှင်းတောထဲမှာ ခုန်ဆွခုန်ဆွနဲ့။ သီချင်းတောင်မှ ဆိုနေလိုက်သေး။

မုန်တိုင်းခရီးဖေါ်တွေထဲမှာ အသက်ဂျာမန်မလေး တယောက်။ လက်တင်အမေရိကား နိုင်ငံတွေက
လူငယ်အမျိုးသားခြောက်ယောက်နဲ့ ကျွန်တော်တို့ ရွှေလင်မယားနှစ်ယောက် စုစုပေါင်း သူရဲကောင်း
ကိုးယောက် နှင်းမုန်တိုင်းထဲမှာ တရွေ့ ရွေ့ ခရီးနှင်ခဲ့ကြပါတယ်။ အဝေးပြေးကား လမ်းမပေါ်မှာ
ရဲကားတချို့ တလေကလွဲပြီးဘာမှမရှိ။ နေ့လည်ခင်းဆိုပေတဲ့ နှင်းတွေသိပ်ပြီးကျနေတော့ ပါတ်ဝန်း
ကျင်တခုလုံး မှုန်ဝါးဝါး။

လမ်းလျှောက်တာ နာရီဝက်ကျော်ကြာလာတော့ ရှေ့ က သွားနှင့်ကြတဲ့ ကိုယ်လိုဘ၀တူ လူတသိုက်နဲ့
ဘွားကနဲသွားဆုံပါတယ်။ တခြားအချိန်ဆိုရင် နှုတ်ဆက်ဖို့ နေနေသာသာ ပြုံးပြမှာ တောင်မဟုတ်ပေ
မယ့်။ အခုကျတော့လည်းမိတ်ရင်းဆွေရင်းတွေပမာ ဖေးဖေးမမနဲ့နှုတ်ဆက်ကြလို့။ လမ်းမမှားအောင်
လည်းသတိတွေပေးကြလို့။ မုန်တိုင်းထဲက နွေးထွေးမှုဆိုပါတော့။

နောက်ဆုံးမှာတော့ အိမ်ကိုပြန်ရောက်ကြတယ်ပေါ့ဗျာ။ နှင်းမုန်တိုင်းထဲ နှစ်နာရီလောက်လမ်း လျှောက်
လိုက်ရတယ်။ မသေကောင်း မပျောက်ကောင်းလို့ပြောရင်လည်း ရမယ်ထင်တယ်။ နှင်းတွေလည်း
တပေကျော်ကျော်ကျပြီးမုန်တိုင်းရပ်သွားပါတယ်။တချို့  နေရာတွေဆို နှစ်ပေလောက်ကျတာပါ။
အခုချိန်ထိကျထားတဲ့နှင်းတွေကဒီအတိုင်းခဲနေတုန်းပဲ၊ဖွေးနေတုန်းပဲ။ ခရစ္စမတ်နေ့ကျော်တဲ့အထိ
ဖွေးနေဦးမယ့်နှင်းတွေပေါ့။ ကိုင်း။ အားလုံးပဲမဲရီးခရစ္စမတ်ပါဗျား။ ဘုရားသခင် ကျန်းမာပါစေ။

(ဓါတ်ပုံ၊ကိုယ်တိုင်ရိုက်)

Sunday, December 20, 2009

နှင်းမုန်တိုင်း









ကိုယ်ပိုင်အဓိပ္ပါယ်သီးခြားစီရှိတဲ့ ဝေါဟာရနှစ်ခုပေါင်းလိုက်ရင် သီးသန့်အဓိပ္ပါယ်သစ်တမျိုး ထပ်ပြီးထွက်လာတတ်တာလူတိုင်းသိကြပါတယ်။ ဥပမာ။ ကျားသားမိုးကြိုး၊တောင်သူကြီး၊၊
သင်္ဘောဆေး၊ ယောက်ဖခွေးခေါ်ဆိုတာမျိုးလိုပေါ့။ အခုလည်း နှင်းမုန်တိုင်းပါတဲ့။
နှင်းပွင့်၊နှင်းမှုန်၊ နှင်းဖတ်တွေ လေပြင်းနဲ့အတူ တဝေါဝေါ၊ တ၀ုန်းဝုန်း တိုက်ခတ်တာကို
ခေါ်ပါတယ်။

ရုပ်မြင်သံကြားမိုးလေ၀သ သမားတွေက မှန်တဲ့အခါလည်း တကယ်မှန်တတ်ပါတယ်။
မိုးလေ၀သသိချင်ရင် သူတို့ကလွဲပြီး တခြားအားကိုးစရာကလည်း အလွယ်တကူမရှိဘူး
မဟုတ်လား။ ဒီဆရာတွေရဲ့ အဟောနဲ့ ချင့်ချိန်နေထိုင်နေကြရတာကိုး။

အဟုတ်ပဲဗျို့ ။ သူတို့ကြိုတင်ဟောတဲ့အတိုင်း နှင်းမုန်တိုင်းကြီးတိုက်လာပါလေရော။
အချိန်နာရီလည်း မှန်သပါ့။ နှင်းတွေကျရင် တပေလောက်အထိကျလိမ့်မယ်ဆိုတာကလည်း
ဟုတ်သပါ့။ ဘယ်အချိန်မှာ အရှိန်ပြင်းပြီး ဘယ်အချိန်ကျရင် ရပ်သွားမယ်ဆိုတာကလည်း
ကွက်တိ။

မြန်မာပြည်များကျတော့လည်း နာဂစ်ကြီးလာလိမ့်မယ်ဆိုတာ ကပ်ပြီးမှသိရသတဲ့။ သိတော့
လည်း မဟာမီဒီယာများက အမှုမဲ့အမှတ်မဲ့ဆိုလား အသိမပေးနိုင်ကြရှာဘူး။ နောက်ဆုံးမတော့
အားလုံးသိတဲ့အတိုင်း ခံရတာပဲပေါ့။ ဇတ်သိမ်းတော့ ရွှေဘပဲအနိုင်ရသွားတာပေါ့။

ရွှေဘဆိုလို့ လမ်းကြုံတုန်း သဝေထိုးလိုက်ပါဦးမယ်။ ဒီကနေ့ခေတ် လူငယ်မောင်မယ်များ
ရွှေဘကိုဘယ်သိနိုင်တော့မတုံး။ မင်းသားကြီးရွှေဘပဲ ကွယ်လွန်တာကြာခဲ့ပေါ့။ ဆိုတော့
သိတဲ့သူများသည်းခံပြီး မသိတဲ့သူများ နာခံလော့။

ရွှေဘဆိုတာက ၁၉၆၀တ၀ိုက်ကစပြီး နာမည်ကြီးလာတဲ့ ဗလကောင်းကောင်းနဲ့ အထိုးအကျိပ်
အသတ်အပုတ်ကောင်းတဲ့ အက်ရှင်မင်းသားကြီးပေါ့။ လူဆိုးလူကြမ်းတွေ ဘယ်လောက်ဆိုးဆိုး
ကြမ်းကြမ်း ရွှေဘနဲ့တွေ့ လို့ကတော့ ခံရပြီသာမှတ်။ ထားပါတော့။ နှင်းမုန်တိုင်းဘက်
ပြန်လှည့်ကြပါစို့။

အေးတဲ့တိုင်းပြည်တွေမှာဆောင်းရာသီဆိုရင် နှင်းကျတာမဆန်းဘူး။ ဒါပေမယ့် နှင်းမုန်တိုင်းကျရင်
ဆန်းတယ်။ ဆန်းတယ်ဆိုတာက နှင်းမုန်တိုင်းကျရင် သွားလို့လာလို့မရတော့ဘူး။ အသက်အန္တရယ်
ရှိလာပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်တတ်တယ်။ မြေအောက်ရထားကလွဲရင် မြေပေါ်သွားယာဉ်တွေ
အကုန်ရပ်ကုန်တယ်။ လေယာဉ်တွေလည်း မထွက်နိုင်တော့ဘူး။ သင်္ဘောတွေလည်း မထွက်ရဲတော့ဘူး။

တဦးနဲ့အဦး အဆက်အသွယ်တွေပြတ်တောက်သွားတော့ အာဏာပိုင်အဖွဲ့ အစည်းတွေက နှင်းမုန်တိုင်း
ဟေ့ ဆိုတာနဲ့ စစ်ဆင်ရေးတခုလိုပြင်ရဆင်ရတော့တာပဲ။ စစ်တပ်ကလည်း ပြင်ထားရတယ်။ ရဲတွေ၊
မီးသတ်တွေကတော့ ရှေ့ ထွက်မင်းသားတွေပေါ့။ သူတို့နဲ့မနိုင်မှ စစ်တပ်ကထွက်ရတယ်။ အခြေအနေ
ဆိုးရင် နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ရတဲ့အထိဆိုးတတ်တယ်။ ဘယ်အချိန်ကနေ
ဘယ်အချိန်အထိ အိမ်အပြင်ကိုဘယ်သူမှမထွက်ရ။ အန္တရယ်ကြီးတယ် ဆိုတာမျိုးကိုပြောတာပါ။

ဒီဇင်ဘာလ၁၉ရက်နေ့က အမေရိကန်အရှေ့ ခြမ်း နယူးယော့ခ်၊ဘော်စတွန်နဲ့ ၀ါရှင်တန်ဒီစီမြို့ တွေမှာ
မီဒီယာတွေပြောထားတဲ့အတိုင်းပဲ နှင်းမုန်တိုင်းကြီး တိုက်ခဲ့ပါတယ်ဗျား။ သူတို့ပြောသလိုပဲ နာရီနှစ်ဆယ်
နီးပါးတိုက်ပြီး ရပ်သွားပေလို့ပေါ့။ နှင်းတွေတပေကျော်ကျော်ကျပြီး ရပ်သွားပေလို့ပေါ့။ ဒီ့ထက်ဆိုးရင်တော့
ဒီ့ထက်ဆိုးဖို့ပဲရှိတော့မယ်။

နှင်းမုန်တိုင်းကျလို့ အပြင်ကိုမထွက်ကြပါနဲ့ ထွက်ရင်လည်း အထူးသတိထားပြီးသွားကြပါ။ ကားမောင်းတဲ့
သူများ သတိကြီးကြီးထားကြပါ။ ဘီးလေးဘီးလုံးယက်တဲ့ ကားမျိုးနဲ့ပဲသွားကြပါဆိုပြီး ဒီကမီဒီယာများက
တခြားသတင်းတွေကိုရပ်ပြီး ဒါကိုပဲ တဖွဖွမှာနေကြတာပါ။ သောကြာနေ့ည။ ဒီဇင်ဘာ ၁၈ရက်နေ့ ညပိုင်း
ကတည်းက ကျလိုက်တဲ့နှင်း စနေနေ့ညနေစောင်းတဲ့အထိ။ တနယ်လုံးတခွင်လုံး ဖွေးဖွေးကိုလှုပ်လို့။

ဒီလောက်လူကြီးတွေ သတိတွေပေးနေတဲ့ကြားက အညိမ်မနေနိုင်ပဲ ကျွန်တော်များဇနီးမောင်နှံ မုန်တိုင်း
ကြားထဲထွက် “ကဲ” ကြတဲ့အကြောင်း “ အဖြူရောင်ခရစ်စမတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ နောက်ပိုင်းဆက်
ရေးပါဦးမယ်။ အားလုံးကျန်းမာကြပါစေ။

(ဓါတ်ပုံက ကိုယ်တိုင်ရိုက်ပါဗျား။ မုန်တိုင်းတိုက်တိုက်ပြီး ဆယ်နာရီလောက်အကြာမှာရိုက်တာပါ။)

Tuesday, December 1, 2009

ဒီဇင်ဘာရှင်းတမ်း









ကြီးကြီးကျယ်ကျယ်တွေရေးတော့မယ်လို့တော့ မထင်လိုက်ကြပါနဲ့။ အရှုပ်
တော်ပုံတွေကို ရှင်းမလို့မဟုတ်ပါဘူး။ နိုဝင်ဘာလက စာမရေးဖြစ်တဲ့ အကြောင်း
ပြောမလို့ပါ။ ဘာကြောင့်မရေးဖြစ်သလဲဆိုတော့ ထုံးစံအတိုင်း ပျင်းလို့ပါပဲ။ အဲဒီ
အကြောင်းကို ဒီဇင်ဘာကျမှရှင်းပြတာမို့ အခုလိုခေါင်းစဉ်တတ်လိုက်တာပါခင်ဗျား။
(အရင်စိတ်ကူးက တလ တပုဒ်တော့ အနည်းဆုံးဖြစ်အောင်ရေးမဟဲ့လို့ အားခဲထား
လို့ပါ။)

ဆောင်းကာလရောက်လာပြန်လေတော့ ကျုပ်တို့ရောက်နေတဲ့အရပ်မှာ သစ်ရွက်
များက ကြွေရှာပါလေတယ်။ ဘယ်ကိုပဲကြည့်ကြည့် သစ်ရွက်တွေကလေထဲမှာ ၀ဲလို့။
ရောင်စုံသစ်ရွက်များ အနှေးကြွေပြနေပုံက တချက်တချက် အသက်ရှုဖို့ မေ့မတတ်
စွဲဆောင်လှပေတယ်။ သစ်ရွက်ကြွေဇတ်လမ်းတွေကို လူအများက မရိုးနိုင်အောင်
ရေးဖွဲ့ ခဲ့ကြပြီ။ ကြည့်လို့သိပ်ကောင်းတယ်လို့သာမှတ်လိုက်ကြပေရော့ ပရိတ်သတ်
ကြီးရေ။

ကျုပ်တို့ဇာတိမြေမှာက နွေအခါကျမှပဲ သစ်ရွက်တွေကြွေတာကိုး။ နွေအကူးမှာ
လေရူးနဲ့အတူ လွင့်မျောနေတဲ့သစ်ရွက်တွေကို ငယ်ဘ၀က အကြိမ်ကြိမ်ငေးကြည့်
ခဲ့ဖူးပါရဲ့ ။ အဲဒီမြင်ကွင်းကလည်း ရူးလောက်ပေတယ်။ နွေကျောင်းပိတ်ချိန်ကိုး
ကျောင်းအမရဲ့ ။

ဒါနဲ့ပဲ ဗစ်တာခင်ညိုရဲ့  “နွေ” ဆိုတဲ့သီချင်းကို အမြန်ထဖွင့်လိုက်ရပါတယ်။

စနေ၊တနင်္ဂနွေအားလပ်ရက် မနက်ခင်းတချို့ မှာ လေ၀ဲလွင့် ရောင်စုံသစ်ရွက်တွေကို
ငေးကြည့်ရင်း။ အေးစက်တဲ့အမေရိကန်ဆောင်းကို စောင်ထူထူနဲ့ ခုခံရင်း။ ပြုတင်း
ပေါက်က ဆောင်းမြင်ကွင်းကို နွေဆိုတဲ့သီချင်းနဲ့ကွေးရင်း နွေးရတဲ့အရသာ ကောင်း
လှကြောင်းကို မိတ်ဆွေများထံ မျှဝေလိုက်ရပါတယ်ဗျား။

နွေရောက်ပြီလေ….
ရိုးတန်ကျဲကျဲ…..
ပင်အိုတို့ အလှချင်းလည်းပြိုင် ။

လေရူးလေးအဝှေ့ ….
ရွက်ဝါတွေ လိပ်ပြာတွေရယ်
အကချင်း ပြိုင်နေသလိုပင်……။

မြန်မာနွေသီချင်းနဲ့ အမေရိကန်ဆောင်း။ ကြောင်တောင်တောင်တော့အနိုင်သား။
သို့ပေတဲ့ တတ်နိုင်ဘူး ရှင်မရေကြုံရာကားနဲ့ မှီအောင်သာ လိုက်ခဲ့ရတာပ။ ဒီလို
နေထိုင်နည်းတွေနဲ့ နေသားကလည်း ကျလာနေပြီထင်ပါရဲ့ ။

အားလုံးကျန်းမာကြပါစေဗျား။


(ရုပ်ပုံ ။ ကိုယ်တိုင်ရိုက် )

Monday, October 26, 2009

သေမှခင်တဲ့သူ
















ကဗျာဆရာအောင်ဝေးက ဖုန်းဆက်လာပါတယ်။ နီကိုရဲအတွက် တခုခု
လုပ်ကြရအောင်ကွာတဲ့။ ကိုရဲဝင်း (နီကိုရဲ) နဲ့ပါတ်သက်ပြီး ဘာလုပ်ရမှန်း
မသိပါ။ သူ့အိမ်ကိုဖုန်းဆက်ပြီး စိတ်မကောင်းဘူးဗျာလို့ ပြောရမှာလား။
အမှတ်တရ အစီအစဉ်တခုခုနဲ့ အများသိနိုင်အောင် လုပ်ရမှာလား။ တခုခု
လုပ်သင့်တယ်လို့တော့ ထင်ပါတယ်။ ဘာလုပ်ရမှန်းမသိတာက ခက်တယ်။
တော်ယုံတန်ယုံလောက်နဲ့တော့ မလုပ်ချင်ဘူး ကိုရဲဝင်းရယ်။ ခင်ဗျားကို
ကျွန်တော် အဆက်အသွယ် အကြာကြီးဖြတ်ထားမိတယ်။ ဆောရီးပဲ ကိုရဲ
ဝင်းရယ်။

ကျောင်းတုန်းက အကြောင်းတွေ။ ခင်ဗျားတို့ရဲ့ ရပ်ကွက်လေး။ ကျွန်တော်
တို့ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်ခန်းတွေ။ ခင်ဗျားကြိုက်တဲ့ ဂျက်တံဆိပ်
ဆေးပေါ့လိပ်။ သင်္ဃန်းကျွန်းဘူတာ။ မအိပ်ပဲပြောကြတဲ့ အနုပညာညတွေ
အကြောင်း ပြန်စဉ်းစားမိတယ်။ ပျော်စရာကောင်းတဲ့အချိန်တွေ၊ စိတ်လှုပ်
ရှားဖို့ကောင်းတဲ့အချိန်တွေအကြောင်း ခင်ဗျားမရှိတော့မှ စဉ်းစားရတာ
ဝမ်းနည်းစရာကြီးဗျာ။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ဗျာ။ နောက်တွေ့ ကြတဲ့အခါ
ဆက်ပြောကြတာပေါ့။ ကိုရဲဝင်း ကျန်းမာပါစေ ။

( စာရေးဆရာ နီကိုရဲ အောက်တိုဘာ ၂၃ရက် ရန်ကုန်မှာ ကွယ်လွန်ပါတယ်။
အသက်၄၃နှစ်ပါ။)

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 21, 2009

NGO အငြင်း












အခုတလော ၀မ်းသာဖို့ကောင်းတဲ့ကိစ္စတခုကတော့ NGO လုပ်ငန်းတွေနဲ့ပါတ်သက်ပြီး
အငြင်းအခုံလုပ်လာကြတာပါပဲ။ လူထုစိန်ဝင်းက မြန်မာပြည်တွင်းထုတ် ဂျာနယ်တစောင်
မှာ NGOနဲ့ပါတ်သက်တဲ့သူ့အမြင်ကိုရေးသားပါတယ်။ အောင်သူငြိမ်းက ပြည်ပကနေ
လူထုစိန်ဝင်းရဲ့ NGO ဆောင်းပါးကို ဘလော့ဂ်ကတဆင့် တုံ့ပြန်ပါတယ်။ဘလော့ဂါ
မင်းဒင်ကလည်း ဒီအရေးမှာသူ့အမြင်ကိုထည့်ပြီး ပါဝင်ဆွေးနွေးလာပါတယ်။ ယဉ်ယဉ်
ကျေးကျေးနဲ့ငြင်းခုံ၊ အပြုသဘောနဲ့ဆွေးနွေးလာကြတာကိုမြင်ရလို့ တကယ်ပဲ ပီတိဖြစ်
ရပါတယ်။ ဒါတွေဟာ မြန်မာ့လူ့အဖွဲ့ အစည်း အတွက်လိုလားအပ်တဲ့ငြင်းခုံမှုမျိုးပါ။
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ခင်ဗျား။

NGO ကိစ္စဟာ အငြင်းပွါးစရာပါ။ ကမ္ဘာမှာလည်းဒီကိစ္စကို အငြင်းပွါးနေကြတုန်းပါ။
ကျွန်တော်တို့လည်း အငြင်းဝင်ပွါးရမယ့်ကိစ္စပါ။ အစိုးရမဟုတ်တဲ့လူထုအခြေပြုအဖွဲ့ 
အစည်း NGO လုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အရှိန်ရစပြုလာ
နေတဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတခုပါ။ ပြည်တွင်းပြည်ပက မြန်မာတွေလည်းဒီ NGO
လုပ်ငန်းတွေနဲ့ကင်းကွာပြီးမနေနိုင်တော့ပါဘူး။ ဆက်စပ်ပါတ်သက်လာနေရပါပြီ။
အခုကျွန်တော်တို့ခေတ်ကNGO ထွန်း ကားတဲ့ခေတ်လို့ပဲပြောရတော့မှာပါ။ ဒါကြောင့်
NGOအကြောင်း ဆွေးနွေးငြင်းခုံတာဟာ လုပ်ရမယ့်အလုပ်ကို လုပ်နေတာပါပဲ။

ဘယ်ကိစ္စမဆို ရှုထောင့်အစုံက အမြင်အမျိုးမျိုးနဲ့ သုံးသတ်ကြဖို့လိုပါတယ်။ ဒီအမြင်
တွေကို ပွင့်ပွင့်လင်းလင်း၊ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးငြင်းခုံကြဖို့လိုပါတယ်။ အမြင် မတူတာတွေရှိလိမ့်မယ်ဆိုတဲ့ သဘာဝကိုလည်းရင့်ကျက်တဲ့အသိနဲ့ လက်ခံထား
ကြဖို့လိုပါတယ်။ ဒါမှလည်း အကြောင်းအရာတခုနဲ့ပါတ်သက်ပြီး ကျေကျေလည်လည်
နားလည်လာနိုင်မယ်။ သဘောတူညီမှုတွေရလာနိုင်မယ်။ သဘောကွဲလွဲမှုတွေရှိလာ
ရင်လည်း ဘယ်အချက်မှာမတူကြသလဲ၊ ဘာကြောင့်မတူရသလဲဆိုတာကို ရှင်းရှင်း
လင်းလင်းသိမြင်လာကြမယ်။ ဒါတွေဟာ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့ အစည်းမှာ
အရေးတကြီးလိုအပ်နေတဲ့ အတွေ့ အကြုံကောင်းတွေပါပဲ။

ဘယ်ကိစ္စမဆို အကောင်းချည်းသက်သက် (ဒါမှမဟုတ်) အဆိုးချည်းသက်သက်
မရှိနိုင်ပါဘူး။ NGOလုပ်ငန်းလည်း ဒီလိုပါပဲ။ NGOလုပ်ငန်းရဲ့ ရည်ရွယ်ချက်က
"မူ အရ" ကောင်းတယ်ဆိုပေမယ့် မူကို အကောင်အထည်ဖေါ်တဲ့ "လူ"က မကောင်း
ရင် လုပ်ငန်းနာမည်ပျက်တတ်ပါတယ်။ NGOလုပ်ငန်းတချို့ နာမည်ပျက်တာ လူ
တွေကြောင့်ပါ။ မြင်နေ၊ကြားနေရပါတယ်။ နာမည်ကောင်းရတဲ့ NGO တွေကိုလည်း
ကြားနေ၊တွေ့ နေရတာပါပဲ။ ကောင်းဖို့အတွက် သတိထားစရာတွေရှိသလို၊ မကောင်း
တာမဖြစ်ရအောင်လည်း သတိထားစရာတွေရှိပါတယ်။ ဒါတွေကိုသတိပေးနေကြရ
မှာကတော့မီဒီယာ သမားတွေရဲ့ တာဝန်ပါပဲ။

အခုလည်း ဆရာလူထုစိန်ဝင်း၊ ကိုအောင်သူငြိမ်းနဲ့ ကိုမင်းဒင်တို့က သူတို့ရဲ့ အသိ
အမြင်တွေနဲ့ NGO လုပ်ငန်းတွေကို စည်းလွတ် ၀ါးလွတ်မဖြစ်ရအောင် တာဝန်သိ
သိနဲ့ သတိတွေပေးနေကြတယ်လို့ ကျွန်တော်သဘောပေါက်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ
တယောက်နဲ့တယောက် ညဏ်ပညာပြိုင်ပြီး ရန်ဖြစ်နေကြတာမဟုတ်ပါဘူး။ စာဖတ်
သူတွေ၊ လေ့လာသူတွေအနေနဲ့လည်း ဘယ်သူကဖြင့် ဘယ်သူ့ကို ဘယ်လိုဆော်
လိုက်ပြီဟေ့ဆိုတဲ့ ရန်ပွဲကြည့်ချင်သူပုံစံနဲ့ အားမပေးသင့်ပါဘူး။ ပိုကောင်းတဲ့အခြေ
အနေတခုရလာအောင် ၀ိုင်းကြိုးစားနေတယ်လို့မြင်ပြီး အားပေးကြမယ်ဆိုရင်
ဝမ်းသာစရာပါ။

တိုက်ဆိုင်တာကတော့ အခု NGO အငြင်းအခုံကိစ္စဖြစ်နေချိန်မှာပဲ ကျွန်တော်က
လည်း ကောင်းမွန်တဲ့ အငြင်းအခုံတွေလိုအပ်နေတယ်ဆိုတဲ့အကြောင်း ကျွန်တော့်
ဘလော့ဂ်မှာရေးနေတာပါပဲ။ (ဖတ်မယ်ဆိုရင် အောက်မှာနှစ်ပုဒ်ရေးထားတာရှိပါ
တယ်။)

NGO အကြောင်းက အခုကတည်းက နာနာလေးငြင်းထားမှ တော်ခါကျလိမ့်မယ်
လို့ထင်ပါတယ်။ ရှေ့ လျှောက် NGO ယဉ်ကျေးမှုက ပိုပြီးထွန်းကားလာမှာမို့ပါ။
တိုးတက်လိုစိတ်နဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းခုံကြသူအားလုံး ကျန်းမာရွှင်လန်းကြ
ပါစေဗျား။ အများအကျိုးအတွက် တကယ်အလုပ်လုပ်တဲ့ NGO တွေလည်း
များများထွန်းကားလာပါစေဗျား။ ကိုယ်ကျိုးဦးစားပေး NGOတွေကို ထောက်ပြ
ဝေဖန်ကြမယ့် မီဒီယာသမားတွေလည်း များများပေါ်ပေါက်လာပါစေဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, September 20, 2009

စာကလေးကြော်နဲ့ဆီထမင်း











တရက်သား။ ရာသီဥတုကလည်း ကောင်း။ ချစ်ဇနီးနဲ့ကားမောင်းထွက်ကြရင်း
ရောက်တတ်ရာရာ ပြောဖြစ်ကြတယ် ဆိုပါတော့။ ဘယ်ကိစ္စနဲ့ စကားစပ်မိတယ်
မသိ။ စာကလေးကြော်ကိစ္စ ရောက်သွားပါလေရော။ ချစ်ဇနီးကိုစချင်တာနဲ့
အပြစ်တင်ပြောလေး ပြောမိတာပါ။ အခု စာကလေးကြော်၊ အခုဆီထမင်း မလုပ်ပါနဲ့
ဆိုတော့ ချစ်ဇနီးရဲ့ အသံခဏတိတ်သွားပါတယ်။ ပြီးမှ အဲဒီဥပမာကို ဘာကြောင့်
ပြောရသလဲလို့ မေးလာပါတယ်။ အရင်ကမကြားဖူးလို့လားလို့ ကျွန်တော်ကမေးတော့
မကြားဖူးဘူးတဲ့။အင်း.. မိတ်ဆွေများရော ကြားဖူးကြပါစ။

ဇနီးသည်က ဆက်ပြောပါတယ်။ ဒီဥပမာဟာ ဘယ်ခေတ်က ပေါ်ထွန်းလာတဲ့ ဥပမာ
လဲတဲ့။ ပဒေသရာဇ်ခေတ်မှာ ဆီထမင်း ရှိပြီလား။ စာကလေးကြော် ရှိပြီလားတဲ့။ ကို
လိုနီခေတ်က ပေါ်လာတဲ့ ဥပမာလား။လွတ်လပ်ရေးခေတ်မှာလားတဲ့။ သူ့အထင်
မီးရထားတွေ၊သင်္ဘောတွေ၊ ကားတွေ မြန်မာပြည်မှာ ရှိလာတဲ့ခေတ်ကျမှ ဒီဥပမာ
ဖြစ်လာပုံ ရတယ်လို့။သူ့ဖါသူ မေးခွန်းထုတ်ပြီး သူ့ဖါသူပဲ ကောက်ချက်ချပါတယ်။
ဒီကိစ္စက ဈေးသည်ဈေးဝယ် ပြဿနာဖြစ်လိမ့်မယ်တဲ့။

ရထားဘူတာ၊သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာ ဈေးသည်တွေက အချိန်ကို လုပြီး
ရောင်းရတယ်။ ဈေးဝယ်တွေကလည်းအချိန်လုပြီး ၀ယ်ရတာကိုး။ ဒီအခါမှာ
ဝယ်သူက စာကလေးကြော် ယူမယ်ပြောလို့ ရောင်းသူကစာကလေးကြော် ပေးဖို့
ပြင်နေချိန်၊ ၀ယ်သူကတခါ မဟုတ်တော့ပြန်ဘူး ဆီထမင်းပဲ ယူမယ်ဆိုပြီး လုပ်ပုံရပါ
တယ်တဲ့။ အဲဒီအခါ အချိန်ကိုလုပြီး စီးပွါးရှာရတဲ့ ဈေးသည်ခမျာ ဒေါသထွက်ရှာပုံ
ရပါတယ်တဲ့။ အဲဒါနဲ့ပဲ တခြားဈေးဝယ်တွေကို ရောင်းချိန်မရပဲ ဆုံးဖြတ်ချက် ရှင်းရှင်း
မချနိုင်တဲ့ ဈေးဝယ်ကို၊ ကိုယ် စားချင်တာ ဘာမှန်းမသိတဲ့ ဈေးဝယ်ကို ဈေးသည်က
စိတ်ဆိုးသွားလို့ အခုပဲ စာကလေးကြော်၊အခုပဲ ဆီထမင်းမလုပ်နဲ့လေလို့ ပြောမိ
လိုက်ပုံ ရပါတယ်တဲ့။ ပြောရင်းဆိုရင်း ရထားတို့ ကားတို့ ဆိုက်လာမှ ရောင်းရရှာတဲ့
လမ်းဘေးဈေးသည်တွေရဲ့ ဘ၀ကိုသူက သနားနေပြန်ပါတယ်။

ကျွန်တော်ကလည်း ချစ်ဇနီးရဲ့ အဆိုကို ဟုတ်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။
တကယ်ဟုတ် မဟုတ်တော့မသိပါ။ ဒီဥပမာပေါ်လာပုံသမိုင်းသိကြသူများရှိရင်
ရှင်းကြပါဦး။ သေချာတာကတော့ ဆီထမင်းနဲ့ စာကလေးကြော် တွဲဖက်စားသုံး
လို့ကတော့"သိပ်ကောင်း" ဆိုတာပါပဲ။ ဇနီးသည် ပြောသလိုသာ ဒီဥပမာ ပေါ်
ပေါက်ခဲ့ရိုး မှန်ရင်။ကျွန်တော်ကတော့ ဈေးဝယ်သူကိုသာ သနားမိတော့တယ်။
သူ့ခမျာ စာကလေးကြော်နဲ့ဆီထမင်း တွဲစားရင် ကောင်းတယ်ဆိုတာ မသိမဟုတ်၊
သိမယ့်လူပဲ။ သို့ပေတဲ့ နှစ်မျိုးပေါင်းဝယ်စရာပိုက်ဆံက လုံလောက်ပုံမရဘူး။ အဲဒါ
ကြောင့်သူ့ခမျာ ဆီထမင်းနဲ့ စာကလေးကြော်အကြားဗျာများခဲ့ရရှာတယ်ပေါ့။

အဲ့သည်နေ့က။ ကျွန်တော်များ ဇနီးမောင်နှံ ဈေးသည်ဈေးဝယ် တယောက်တဘက်
ဆီကို သနားခြင်းသမှု ပြုကြရင်းစာကလေးကြော်နဲ့ ဆီထမင်းကို တွဲစားချင်တဲ့
အာသီသများလည်း တဖွါးဖွါးပေါ်ပေါက်ခဲ့ရကြောင်းပါ မိတ်ဆွေများခင်ဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, September 18, 2009

ငြင်းကြမယ်ဟေ့ ကောင်းကောင်း










လူတိုင်း အငြင်းအခုံလုပ်ဖူးတယ်။ အငြင်းသန်တဲ့သူ၊ ငြင်းခုံမလုပ်ချင်သူ ဆိုတာပဲ
ကွဲမယ်။ အခုပြောနေတာက "ငြင်းတာကောင်းတယ်" ဆိုတဲ့အကြောင်းပါ။
(အောက်မှာရေးထားတာရဲ့ အဆက်ပေါ့) ဒါပေမယ့်အရာရာ လျှောက်ငြင်းနေ
တိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး။

မငြင်းတတ်ရင် မကောင်းဘူးလို့ပြောချင်တာပါ။ ကောင်းကောင်းငြင်းတတ်ဖို့
အသိလိုတယ်။ သတိလိုတယ်။ အလေ့အကျင့်လိုတယ်။ ကျွန်တော်တို့မြန်မာ
တွေအများစုက ကောင်းကောင်းမွန်မွန် မငြင်းခုံတတ်ကြဘူး။ ငြင်းလိုက်တာနဲ့
ပြဿနာတက်ကုန်တတ်ကြတယ်။ အငြင်းသန်တဲ့လူကလည်း ရှေ့ မကြည့်
နောက်မကြည့် မျက်စိမှိတ်ပြီး အတင်းပဲငြင်းနေတတ်တယ်။ တကယ်တော့ငြင်းခုံ
တယ်ဆိုတာ ဆွေးနွေးမှုတမျိုးပါပဲ။

စကားရည်လုပွဲဆိုတာ တချို့ ကြားဖူးကြလိမ့်မယ်။ တချို့ ကြုံဖူးကြလိမ့်မယ်။ တချို့ 
ကိုယ်တိုင်ဆင်နွဲဖူးကြလိမ့်မယ်။ သေချာတာကတော့ မြန်မာပြည်မှာ စကားရည်လုပွဲ
ဆိုတဲ့ ယဉ်ကျေးမှု ကောင်းကောင်းမထွန်းကားဘူး။ ဒါက၀မ်းနည်းစရာ။ ဘာကြောင့်
မထွန်းကားရသလဲ။ အာဏာပိုင်တွေက အားမပေးခဲ့လို့လား။ ပညာရေးလောကသား
တွေက ဒီတန်ဘိုးကိုမသိခဲ့လို့လား။ အပိုအလုပ်လို့ထင်ကြလို့လား။ အန္တရယ်ရှိလာနိုင်
တယ်လို့ယူဆလို့လား။ ဒါတွေအားလုံးကြောင့်လို့ ထင်တာပဲ။

စကားရည်လုပွဲဆိုတာက အငြင်းအခုံလုပ်တဲ့ပွဲပါ။ တကယ်တော့ အငြင်းအခုံလုပ်တယ်
ဆိုတာက ဝေဖန်ရေးတမျိုးပါပဲ။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုရဲရဲတင်းတင်းပြောရ
တဲ့အလုပ်ပါ။ ပွင့်ပွင့်လင်းလင်း ရှင်းရတဲ့အလုပ်ပါ။ အာဏာပိုင်တွေ၊ လူကြီးတွေက
ဝေဖန်တာကို မကြိုက်ဘူး။ ဒါကြောင့်အားမပေးဘူး။

ခေတ်တွေ၊ စံနစ်တွေကို ပြောင်းချင်တယ်။ တိုးတက်ချင်တယ်။ ဒီမိုကရေစီနိုင်ငံ လုပ်ချင်
တယ်ဆိုရင်အငြင်းအခုံကို အားပေးရလိမ့်မယ်။ တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ
အငြင်းအခုံကို အားပေးကြတယ်။ တယောက်နဲ့တယောက်အကြားသဘောထားကွဲပြား
မှုတွေရှိတယ်ဆိုတာကို နားလည်ပေးနိုင်ကြတယ်။ သဘောတူလက်ခံကြတယ်။ ဒီအသိ
တရား၊ ဒီအလေ့အကျင့်ဟာ အခြေခံကျတဲ့ တည်ဆောက်မှု၊ အရေးကြီးတဲ့လေ့ကျင့်မှု
ဖြစ်တယ်။ စာကိုဖတ်ပြီး၊ သဘောတရားကိုနားလည်ပြီး ငါလည်းအငြင်းအခုံကိစ္စ
သဘောတူတယ်ဟေ့လို့ ပြောလို့မရဘူး။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမယ့် ကိစ္စ။
ရေရှည်ကိစ္စ။ အမျှော် အမြင်နဲ့ထူထောင်ရမယ့်ကိစ္စ။

အငြင်းကြွေး

မြန်မာပြည်မှာ အငြင်းအခုံယဉ်ကျေးမှု မထွန်းကားတော့ ကျွန်တော်တို့မှာ အရေးကြီး
တဲ့ ငြင်းစရာ ခုံစရာကိစ္စတွေအများကြီး ဖြစ်နေတယ်။ ငြင်းစရာ အကြွေးဟောင်းတွေ
အများကြီးကျန်နေတယ်။ သမိုင်းနဲ့ချီပြီး အငြင်းကြွေးတွေတင်နေတယ်။ ဆိုပါတော့ မြန်မာဆိုတာဘယ်ကလာသလဲဆိုတဲ့ပြဿနာ။ အခုထိမရှင်းနိုင်သေးဘူး။ ကောင်း
ကောင်း ငြင်းခွင့်မရလို့ဖြစ်နေရတယ်လို့ထင်တယ်။ လောလောဆယ် ပြောစရာဖြစ်နေ
တဲ့ ကိုးကန့်တရုတ်တွေကို တိုင်းရင်းသားအဖြစ်သတ်မှတ်တာ တော်၏၊ မတော်၏ ကိစ္စ။
ရိုဟင်ဂျာကိစ္စ။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံ
ရေးမှာ ခေါင်းဆောင်ဖြစ်သင့်၊မဖြစ်သင့်ဆိုတဲ့ကိစ္စ။

ကိုယ်ကျင့်တရားကောင်းဖို့ ဟောနေ၊ပြောနေသူတွေ၊ ဘာသာရေးသမားတွေက
ကိုယ်ကျင့်တရားမကောင်းရင်သူတို့ပြောတာတွေကို လိုက်နာသင့်၊မလိုက်နာသင့်။
သူတို့ကို ဘယ်လိုအရေးယူဆက်ဆံသင့်သလဲဆိုတဲ့ကိစ္စ။ အနုပညာသည်ရဲ့ ကိုယ်
ကျင့်တရားနဲ့ သူ့ရဲ့ အနုပညာဆက်စပ်ပြီးပြောသင့်မပြောသင့်ကိစ္စ။ သတင်းကျင့်ဝတ်
ကိုစောင့်ထိမ်းရတဲ့ သတင်းမီဒီယာသမားတွေက လူမှုရေးဖေါက်ပြန်မှုတွေရှိနေရင်
သူတို့တင်ပြတဲ့သတင်းတွေကို ယုံကြည်ဖို့ သင့်မသင့်ကိစ္စ။

မြန်မာပြည်မှာ ဘုန်းကြီးနဲ့စစ်သားက လိုအပ်တာထက် သိပ်များလွန်းနေသလားဆိုတဲ့
ကိစ္စ။ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့်ပေးသင့်၊ မပေးသင့်ကိစ္စ။ မြန်မာပြည်မှာ
မွေးပြီးထူးချွန်တဲ့ တရုတ်၊ ကုလား၊ဂေါ်ရခါးစသူတွေကို သမ္မတဖြစ်ခွင့်ပေးသင့်၊ မပေးသင့်။
တိုင်းရင်းသားတွေ ခွဲထွက်ခွင့်ပေးသင့်၊ မပေးသင့်။ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ 
ဆန္ဒတွေကို ထုတ်ဖေါ်ခဲ့ကြတဲ့ ကျောင်းသား၊ပြည်သူ၊ရဟန်းတွေကို ရက်ရက်စက်စက်
သတ်ဖြတ်၊ နှိပ်စက်၊ အရေးယူခဲ့တဲ့ စစ်အာဏာရှင်တွေကို ခွင့်လွှတ်မလား။ သင်ပုန်းခြေ
မလား။ သင့်တင့်တဲ့နည်းနဲ့ အရေးပြန်ယူမလားဆိုတဲ့ကိစ္စ။

စသဖြင့် ကောင်းကောင်းမွန်မွန် အငြင်းအခုံလုပ်ကြရမယ့်ကိစ္စတွေ အများကြီးရှိနေပါသေး
တယ်။ သိသူ၊တတ်သူ၊နားလည်သူတွေ၊ လုပ်နိုင်သူတွေက အခုလိုအငြင်းအခုံလုပ်ရမယ့်
ကိစ္စတွေကို ကြိုတင်ပြောဆိုထားသင့်ပါပြီ။ လမ်းပြထားသင့်ပါပြီ။ ၀န်ခံသင့်ပါပြီ။ နောက်လူ
တွေအတွက် ချန်ထားသင့်ပါပြီ။ မဟုတ်ရင် ငြင်းရခက်မယ့်အရာတွေ ဆက်ပြီးများနေဦးမှာ။
နောက်လူတွေ အခက်ကြုံရဦးမှာ။ ကောင်းကောင်းငြင်းတတ်တဲ့ အလေ့အကျင့်တွေ စလုပ်
ကြရအောင်ပါ။ ဒါလည်း တော်လှန်ရေးတရပ်ပဲဆိုပါတော့။ "အငြင်းအခုံလှုပ်ရှားမှု"ပေါ့ဗျာ။
ဘယ့်နဲ့လဲ။ မိတ်ဆွေများ ကောင်းကောင်းငြင်းဖို့ သတ္တိရှိကြရဲ့ လား။ ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, September 10, 2009

အငြင်းအခုံကိစ္စ

   








အငြင်းအခုံ ဆိုတာကို ကျွန်တော်တို့မြန်မာတွေက ကောင်းတဲ့သဘောထက်
ဆိုးတဲ့သဘော ဒါမှမဟုတ်မကောင်းတဲ့လက္ခဏာဆောင်တဲ့ကိစ္စလို့ ယူဆထား
ပုံရပါတယ်။ လူကြီးအများစုက ကလေးတွေအငြင်းအခုံလုပ်နေရင်မကြိုက်ကြ
ပါဘူး။ မငြင်းခုံကြဖို့ သတိပေးပါတယ်။ တားမြစ်ပါတယ်။ ချိန်းခြောက်ပါတယ်။
တချို့ ဆို အပြစ်ပေးတဲ့အထိ၊ နာကျင်စေတဲ့အထိတောင် တုန့်ပြန်တတ်ကြပါတယ်။

သူတို့ရဲ့ အဲဒီလိုဆောင်ရွက်မှုကို"ဆုံးမခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလွယ်
တကူပဲ သူတို့က ထည့်ထားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ကလေးတွေ အငြင်း
အခုံလုပ်တာ သူတို့အတွက် ဆူတယ်၊ နားပူစေတယ်၊ အနှောက်အယှက်ဖြစ်စေ
တယ်ပေါ့။

နောက်တချက်ကတော့ အငြင်းအခုံကနေဖြစ်လာတတ်တဲ့သဘာဝ ရန်ဖြစ်တဲ့ကိစ္စပါ။
အငြင်းအခုံမလုပ်ခင်ကတော့ မိတ်ဆွေ၊ အငြင်းအခုံမှာမပြေလည်ရာက နောက်ပိုင်း
မှာ ရန်သူသဘောဆောင်သွားတာတွေကို မလိုလားအပ်တဲ့ကိစ္စလို့ ကျွန်တော်တို့
လူကြီးတွေ သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာဖြစ်တတ်တဲ့
သဘာဝတခုမို့ မလိုလား အပ်တဲ့ကိစ္စလို့ သဘောထားမယ့်အစား သတိထားသင့်
တဲ့ကိစ္စ၊ သတိနဲ့ငြင်းခုံသင့်တဲ့ကိစ္စလို့ သဘောထားလိုက်ရင် အငြင်းအခုံကိစ္စဟာ
တိုးတက်မှုတခုအဆင့် ရောက်သွားပါလိမ့်မယ်။

အဲဒီ သတိတချက်မထားမိတာနဲ့ပဲ ငြင်းခုံမှုဟာ လူအများညိုငြင်စရာကိစ္စ ဖြစ်လာရ
တယ်လို့ထင်ပါတယ်။ ဒီလိုနဲ့မြန်မာလူငယ်တွေရဲ့  ငြင်းခုံလိုစိတ်နဲ့ ငြင်းခုံလိုတဲ့
သဘာဝဟာ လူကြီးတွေရဲ့ အဟန့်အတားအောက်မှာ ကောင်းကောင်းထွန်းကား
ခွင့် မရခဲ့ဘူးလို့ ဆိုပါရစေ။ တကယ်တော့ အငြင်းအခုံလုပ်တာကို စံနစ်တကျနဲ့
ထွန်းကားလာအောင်လုပ်ပေးဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။

ရန်များတဲ့ကိစ္စ၊ ဆူတဲ့ပူတဲ့ကိစ္စလို့သဘောမထားပဲ အဖြေမှန်တခု ထွက်လာအောင်၊
ပိုကောင်းတဲ့အရာတခု ရလာအောင်အမြင်မတူတာတွေကိုပေါင်းစပ်နိုင်အောင်၊
တဘက်နဲ့တဘက်နားလည်ပေးနိုင်အောင်၊ သဘောထားတတ်လာအောင်၊ မတူညီ
တဲ့အမြင်ကို တန်ဘိုးထားတတ်လာအောင်၊ အငြင်းအခုံကနေ နှစ်ဘက်အကျိုး
အမြတ်ရလာအောင်၊နည်းမှန်လမ်းမှန်နဲ့ ပြုပြင်ပေးရင်၊ အမျှော်အမြင်နဲ့ ပျိုးထောင်
ပေးရင်၊ ဒီအလေ့အကျင့်က ခိုင်မာထွန်းကားလာခဲ့ရင်၊ အသိညာဏ်ပွင့်လင်းပြီး
တိုးတက်တဲ့ ယဉ်ကျေးမှုနယ်ပယ် တခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

အခုလိုပြောရတာက တိုးတက်ထွန်းကားပြီး ဒီမိုကရေစီနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့ 
အစည်းတွေဟာ ဒီလိုအလေ့အကျင့်ကောင်းတွေကို အားပေးကြတယ်ဆိုတဲ့
အချက်ကိုအခြေခံပြီး ပြောနေတာပါ။ ကောင်းကောင်းမွန်မွန်ငြင်းတတ်တယ်
ဆိုတာက ယဉ်ကျေးမှုတခုပဲလို့ သဘောထားနိုင်ကြဖို့ပါ။ လူကြီးတွေကြောင့်
အခုလိုဖြစ်ရတာဆိုတဲ့အချက်ကို အငြင်းအခုံလုပ်ချင်နေတာ မဟုတ်ပါဘူး။

ဒါပေမဲ့ ငြင်းခုံစရာအချက်တွေပါနေရင် မိတ်ဆွေတို့က ထောက်ပြလာမယ့်
အချက်တွေကို ဆက်ပြီးဆွေးနွေးသွားပါ့မယ်။ ဆက်ပြီးငြင်းခုံနိုင်ကြဖို့ ခဏနား
လိုက်ပါဦးမယ်။ ပြောစရာတွေ ရှိနေပါသေးတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, August 26, 2009

ပြည်ပပျော်ခေတ်









ရှေ့ မှာပြောခဲ့တဲ့အထဲ လန်ဒန်ရောက်မော်ဒန်ပန်းချီသမား ထိန်လင်းအကြောင်းရေးဖို့ကျန်ခဲ့တယ်။ သူက ပန်းချီသာမက ပါဖေါင်းမင့်အတ် ဆိုတာကြီးလည်းလုပ်လိုက်သေး။ အင်စတော်လေးရှင်း အတ်ဆိုတာ ကလည်းလုပ်လိုက်သေး။ အငြိမ့်ထောင်ပြီး လူရွှင်တော်လည်း လုပ်လိုက်သေး။ အွန်လိုင်း မဂ္ဂဇင်းလည်း လုပ်လိုက်သေး။ သူတယောက်နဲ့တင် အင်္ဂလန်ရောက် မြန်မာတွေအတွက် ပွဲလမ်း သဘင် ရေးရာမှာ အတော်လုံလောက်သွားလိမ့်မယ်။ အင်္ဂလန်မှာပဲ မြန်မာအမျိုးသမီး ပန်းချီ သမား နောက်ထပ် နှစ်ဦးရှိသေးတယ်။ ဒေါ်တင်တင်ဆန်းနဲ့ ဒေါ်ခင်မြင့်မြင့်တဲ့။ နောက် ဥရောပရောက် မြန်မာ့ အနုပညာ သည်တဦးကတော့ အဆိုတော်မွန်းအောင်ပါဗျား။ ကိုယ်ပိုင်သံစဉ်သမားကြီးပါ။ နော်ဝေမှာနေ ပါတယ်။ အဲဒီမှာပဲ ကဗျာသမား နေဇော်နိုင်တဲ့သူက ရေဒီယိုသမား လည်းလုပ်လေရဲ့ ။ လောလော လတ်လတ် အမေရိကန်ကို ရော က်နေတဲ့ ချောအိသိန်းဆိုတဲ့ ပန်းချီသမား၊ ပါဖေါင်းမင့်အတ် သမားလည်း ရှိသေးတယ်။ ကိုင်း။ စာပေလောက်ကဘက်လှည့်ကြစို့ရဲ့ ။

မောင်စွမ်းရည်ပါတဲ့ဗျား။ ကဗျာလည်းရေး။ ဝေဖန်ရေးလည်းလုပ်။ ရေဒီယိုမှာလည်းဝင်ပြော။ ဆရာစွမ်းတဲ့။ သူ့သူငယ်ချင်းကြီး ဆရာဂျမ်းခေါ် ကဗျာသမားကြီးတင်မိုးကတော့ အမေရိကန် အနောက်ဘ က်ခြမ်းက ကော်ဖီဆိုင်လေးတခုမှာပဲ ကဗျာဆရာဆန်ဆန်နဲ့ကွယ်လွန်သွားခဲ့ရှာပြီ။ ကဗျာသမားဘ၀နဲ့ပဲအားကျလောက် အောင်နေထိုင်သွားခဲ့တဲ့ပုဂ္ဂိုလ်ကြီး။ ကမ္ဘာပါတ်ပြီး ကဗျာစပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ လူချစ်လူခင် အင်မတန်ပေါပြီး တကယ်ပဲပျော်ပျော်နေတတ်တဲ့ ချစ်စရာမြန်မာကဗျာ ဆရာကြီးပါ။ သူကွယ်လွန်ခဲ့တဲ့ အရပ်မှာက သူနေထိုင်ကြီးပြင်းခဲ့တဲ့ အညာလိုပဲ ထန်းပင်တွေပေါက်ပြီး လွင်တီးခေါင်ဆန်တဲ့အရပ်ဖြစ်လို့ လော့စ် အိန်ဂျယ်လီးစ်ကို အညာမြို့ တမြို့ လို သူကသဘောကျပါသတဲ့။

အမေရီကန်ကို နောက်ဆုံးရောက်လာတဲ့ ကဗျာသမားကတော့ အောင်ဝေးပါတဲ့။ ကဗျာရွတ်သိပ် သန်သူပေါ့။ စာရေးဆရာတွေထဲကဆို မောင်သာရ။ စောလူ။ ကြည် အေး။ မောင်သစ်ဆင်း။ တင်မောင်သန်း။ နောက်ရှိသေးတယ် မေငြိမ်းတဲ့။ လောလောဆယ်ရောက်နေတာက ခက်မာတဲ့။ အမေရိကားမှာပါ။ သြစတေးလျှမှာလည်း အဆိုသမားတွေ၊ အရေးသမားတွေ တခြားအနု ပညာသမားတွေရှိကြပါတယ်။ အဆိုတော်ပုလဲတို့သန်းနိုင်တို့အုပ်စု။ စာရေးဆရာထဲကဆို မြင့်သန်းတဲ့။ နောက်ရှိသေးတယ်။ နာမည်တွေမမှတ်မိလို့။

ဒါက အနောက်နိုင်ငံကြီးတချို့ ကိုပြောနေတာ။ အာရှမှာ ကိုပဲ မနည်းဘူး။ မလေးရှား။ စင်္ကာပူ။ ထိုင်း။ အရှေ့ အလယ်ပိုင်းနိုင်ငံတွေအထိ မြန်မာတွေရောက်ကုန်ကြပြီ။ ပြည်တွင်းအကျပ်အတည်းမျိုးစုံ ကြောင့် ထွက်လာလိုက် ကြတဲ့မြန်မာနိုင်ငံသားတွေ မရေနိုင် မတွက်နိုင်။ နေ့စဉ်နဲ့နေ့တိုင်း နည်းမျိုး စုံနဲ့ကိုထွက် နေတာ။
မြင်းလှည်းမောင်းတဲ့သူ။ နတ်ကတော်။ ရေတွင်းတူးသမား။ တက္ကသိုလ်ပါမောက္ခ။ စစ်ဗိုလ် လူထွက်။ ပလီဆရာ။ လူရွှင်တော်။ ၀ရမ်းပြေး။ ခေါင်းရွက်ဗျက်ထိုးဈေးသည်။ ဘုန်းကြီးလူထွက်။ ကားစပါယ်ရာ။ ကဗျာသမား။ အကြော်သည်။ လယ်သမား။ ဆံပင်ညပ်ဆရာ။ အငြိမ့်သမ။ နိုင်ငံတော် လက်ရွေးစင် ဘော်လုံး သမား။

ဆရာဝန်မျိုးစုံ။ အင်္ဂျင်နီယာမျိုးစုံ။ တိုင်းရင်းသားမျိုးစုံ။ ဆိုင်းဆရာ။ တပ်ပြေး။ သင်းအုပ်ဆရာ။ အုတ် ဖုတ်သမား။
သူနာပြု။ ဂျူဒိုလက်ရွေးစင်။ ၀မ်းဆွဲဆရာမ။ ဘုရားကိုးဆူနဲ့ဘိတ်သိတ်ဆရာ။ ဗေဒင် ဆရာ။ ကုန်တိုက်အရောင်း စာရေး။ ကျောက်ပွဲစား။ ပန်းတိမ်ဆရာ။ သင်္ဘောသား။ ဓါတ်ပုံဆရာ။ အိမ်ဖေါ်။ ဒါတွေက စိတ်ထဲပေါ်ရာလျှောက်ရေးနေတာမဟုတ်ဘူး။ ဒီလူတွေကို အကုန်တွေ့ဖူးတယ်။ ဒီထဲမှာ စစ်ပြေးဒုက္ခ သည်တွေမပါသေးဘူး။

လူစုံတက်စုံအကုန်ထွက်လာကြတဲ့ခေတ်။ နိုင်ငံစုံရောက်မြန်မာများ။ နိုင်ငံခြားမှာ တဖြေးဖြေးနဲ့ အနေကြာ။ အခြေချဖို့ကြိုးစား။ အရွယ်ရောက်သူများ အိမ်ထောင်ကျ။ နိုင်ငံခြားမှာ သားသမီးထွန်း ကား။ အိမ်ထောင်ကျပြီး ထွက်လာသူများ မိသားစုကိုပါ ခေါ်ထုတ်။ အချိန်ကြာကြာခွဲနေရတဲ့ မိသားစု အများစုပြိုကွဲ။ ဖရိုဖရဲ။ တိုင်း ပြည်ကိုပြန်ဖို့အရေး ငရဲ ကျမတတ်ရင်လေး။ ဆွေမျိုးတွေကိုခေါ်ထုတ်ဖို့ ကြိုးစား။ ဒီလိုနဲ့ သိန်းနဲ့သန်းနဲ့ ချီတဲ့မြန်မာတွေ ဆယ်စုနှစ် တခုကျော်၊ တချို့ က နှစ်ခုကျော်ပြည်ပမှာ အနေကြာလာတဲ့အခါ။ မြန်မာပြည်ကို လွမ်းရင်းလွမ်းရင်း မေ့တေ့တေ့ဖြစ်လာတတ်ကြတဲ့အခါ။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေစိတ်ဓါတ်နဲ့ ဖြတ်သန်းတဲ့ကာလ ကြာလာတဲ့အခါ။ သူလိုကိုယ်လို လူတွေများသထက်များများလာတဲ့အခါ။ ပျော်အောင်နေ ကြရင်း ပျော်လာကြတယ်ဆိုတာပါပဲ။ တော်ရာမှာ ပျော်အောင်နေတတ်လာကြသူများပေါ့။

ပြည်ပ မှာပျော်တာဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ပျော်တာဟာ ပျော်တာပါပဲ။ ပြည်ပပျော်တို့များ လာတော့ ပိုပြီးပျော်ဖို့ကောင်းတာပေါ့။ ခေတ်ကိုက ဒီလိုမျိုးခေတ်ပဲလေ။ တခြားတိုင်းပြည်တွေက လူတွေလည်း ဒီလိုပါပဲ။ သူလိုကိုယ်လိုဆင်းရဲကြတဲ့တိုင်းပြည်ကလူတွေလည်း ဒီလိုနည်းတွေနဲ့ ရှင်သန်ပျော်ရွှင်နေကြတာ လက်တွေ့ ပဲ။ ပြည်ပမှာပျော်တာကို မျိုးချစ်စိတ်နည်းတယ်လို့ပြောမယ့် သူများရှိရင်တော့။ မျိုးချစ် ပုဂ္ဂိုလ် ဆိုသူများ၊ ပြည်ချ စ်ပုဂ္ဂိုလ်ဆိုသူများ၊ တိုင်းပြည်အတွက်နိုင်ငံခြား ကိုထွက်လာရတယ်ဆိုသူများရဲ့  ပြည်ပ အနေ အထိုင်တွေ ကိုလည်း လေ့လာကြည့်ကြဦးလို့ ဆိုလိုက် ပါမယ်။ သူတို့လည်း တော်တော်ပျော် နေကြ တယ်ခင်ဗျ။ ပျော်တာဟာ ကောင်းတဲ့ကိစ္စပါ။

ကိုယ့်တိုင်းပြည် ကိုယ့်ဇာတိသာ ဘူမိနက်သန်။ ပျော်ရွှင်ခြင်းအစစ်ရှိတဲ့နေရာမှန်လို့တကယ်ပဲယုံကြည် ကြရင် ဒီထက်မကတဲ့ အားထုတ်မှုတွေ အများကြီးလုပ်ဖို့လိုနေသေးတယ်ဆိုတာကတော့ ရှင်းနေပါ တယ်ခင်ဗျား။
မဟုတ်ရင်တော့ ပြည်ပမှာသာပျော်ပေရော့ တသက်လုံး။

(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)

Tuesday, July 7, 2009

ဒို့ပြည်ပမှာ ပျော်စရာ









ကိုယ့်ဇာတိမှာက ရေက နောက်။ မြက်က ရင့်။ နေက ပူ။ဖုန်က ထူ။သူခိုးက လူလူဟစ်။
အစိုးရလုပ်မယ့်သူတွေက ထောင်ထဲရောက်။ ထောင်ထဲဝင်ရမယ့်သူတွေက နေပြည်တော်
ဆောက်။ ကိုယ့်မိဘအိမ်ပြန်လည်တာတောင် ဧည့်စာရင်းတိုင်ရတဲ့အရပ်။
မီးပျက်။ ရေပျက်။ ငွေပျက်။ အကျင့်ပျက်။ ရိုးသားတဲ့သှူ ဆင်းရဲ။ ပညာတတ်သူ အလုပ်မရှိ။
အခွင့်အရေးသမား ကောင်းစား။ အရှက်မရှိသူ ချမ်းသာ။ လူတွေငတ်တော့ ဘုန်းကြီးကအစ
သပိတ်မှောက်။ သပိတ်မှောက်တော့ ထောင်ထဲရောက်။ ဒီကြားထဲ ဟို နာဂစ်ဆိုတဲ့ မုန်တိုင်း
စုတ်ကတမှောင့်။ ကောင်းကို မကောင်းပါဘူး မလှမြင့်ရယ်။

မြန်မာပြည်မကောင်းကြောင်းများ စကားလုပ်ပြီးပြောနေရသေးတယ်လို့တော့ အပြစ်တင်
မစောကြလေနဲ့။ တခါတခါကျ မကောင်းတာလေးကို ပြောရတာကပဲ ခပ်ကောင်းကောင်း။
“အတင်း”ဆိုတာ ဒါမျိုးထင်ပါရဲ့ ။ ကိုယ့်တိုင်းပြည်အကြောင်းအတင်းပြောတယ်ဆိုပါစို့ဗျာ။
တကယ်တော့ မြန်မာပြည်မကောင်းတာ လူတိုင်းအသိ။ ကလေးကအစ။ ခွေးကအစ အကုန်
သိ။ ဒါကြောင့်ပဲ ဒို့တတွေ ပြည်ပကို ခပ်တည်တည်နဲ့ထွက်လာခဲ့ကြတာမဟုတ်လား။

ကိုယ့်နိုင်ငံအတွင်းမှာ လူဦးရေဘယ်လောက်ရှိသလဲဆိုတာတောင် မသိရတဲ့တိုင်းပြည်က
ဆိုတော့ပြည်ပကို ရောက်လာတဲ့ ဒို့လူတွေဘယ်နှစ်ယောက်ရှိသတုံးဆိုတာ ဘယ်သိနိုင်
တော့မလဲ။နယ်စပ် ကျော်ခွ၊ ဖြတ်ကူး၊ ၀င်ထွက်နေသူတွေကလည်း နေ့စဉ်နဲ့နေ့တိုင်းဆို
တော့။ ရှုပ်ပြီပေါ့။ ထားပါတော့လေ။ ပျော်စရာတွေပဲ ပြောကြပါစို့။

အဆိုတော်မာမာအေး သိတယ်မဟုတ်လား။ အသံမှာဘုရင်မ၊ ကဝေမလို့ ဆိုကြတယ်လေ။
အခုသူက အမေရိကားမှာ။ ရောက်နေတာကြာပေါ့။ ဟော။ မေဆွိတဲ့။ စိုးသူတဲ့။ အေးချမ်းမေ
တဲ့။ မီမီဝင်းဖေတဲ့။ မြန်မာပြည်သိန်းတန်တဲ့။ ပိုးဒါလီသိန်းတန်တဲ့။ ဟော နီနီဝင်းရွှေတဲ့။ သူတို့
တွေထက်စောပြီး ရောက်နေရှာတဲ့ပုဂ္ဂိုလ်ကြီးက လားရှိုးရယ်တဲ့မှသိန်းအောင်တဲ့ဗျား။ နာမည် ကြီးအဆိုတော်တွေပေါ့။ သူတို့လည်း အမေရိကားမှာပါဗျား။ ဒါတောင် အလွယ်တကူမမှတ်မိပဲ ဖြစ်နေသူတွေရှိသေးတယ်။ ခေါင်းထဲကချက်ချင်းထွက်မလာဘူး။ အခုပြောခဲ့တဲ့သူတွေရဲ့ နာ
မည်တွေ မြင်ယုံ၊ ကြားယုံနဲ့တင် ပျော်လာကြပြီမဟုတ်လား။

လာဦးမယ်။ နိုင်ငံတော်ဆိုင်းဆရာဖြစ်ခဲ့တဲ့ ရွာစားကျော်ကျော်နိုင်။ အဆိုကောင်း၊ အတီး
ကောင်းရွာစားပစ်တိုင်းထောင်။ နောက်တခါ သစ္စာ၊မေတ္တာရွှေမန်းသဘင်လေ သိတယ်
မှုတ်လား။ ရွှေမန်းတင်မောင်ရဲ့ ဇာတ်။ အဲဒီက မင်းသား ၀င်းမောင်။ သူက ညွှန့်ဝင်းရဲ့ ညီဗျာ။ မင်းသားချမ်းသာရဲ့ အကိုပေါ့။ သူက နယူးယောက်မှာတဲ့။

ကာတွန်းဆရာတွေထဲကဆို ကာတွန်းဝင်းထွန်း။ ကာတွန်းမောင်မောင်အောင်။ ရုပ်ပြလိုင်း
ထဲကဆို ကိုကိုမောင်။ပုဂံသူရဲကောင်းများဆိုတာကိုဆွဲခဲ့တဲ့သူ။ သူက ကနေဒါမှာ။ နောက်
တယောက်ရှိသေးတယ်။ ဂျပန်မှာ။ ကာတွန်းဝင်းရွှေတဲ့။ သိရောသိကြရဲ့ လား မသိဘူး။
ထားပါတော့။

ပန်းချီထဲက ပြောရဦးမလား။ ပေါ်သိမ်းတဲ့။ မော်ဒန်သမားကြီးပေါ့။ ဒေါ်စုရဲ့ ကြောက်ရွံ့ ခြင်းမှ ကင်းဝေးရေးဆိုတဲ့စာအုပ်မျက်နှာဖုံးကသူ့လက်ရာပေါ့။သူလည်းအမေရိကမှာပဲ။ နောက် ပန်တျာကျောင်းအုပ် ကြီးတောင်လုပ်ခဲ့သေးတဲ့ ပန်းချီဝင်းဖေ။သူကရုပ်ရှင်ရိုက်တော့ ဒါရိုက်
တာဝင်းဖေ။ အကယ်ဒမီရတော့ အကယ်ဒမီဒါရိုက်တာပန်းချီဆရာ ၀င်းဖေ။ သူလည်းကာ
တွန်းဆွဲတဲ့လူပဲ။ သူက အနုပညာနဲ့ပါတ်သက်ရင် အစုံလုပ်တာပါ။ ရေဒီယိုလောကမှာလည်း
ဇော်ဝိတ်ဆိုတာ သူပေါ့။

ဒီအတိုင်းဆို အပိုင်း(၂)ကို ဆက်သွားရလိမ့်မယ်။ ပြောချင်တာက ဇာတိမြေကိုလွမ်းသလေး
ဘာလေးနဲ့။ မာန်လိုလို၊ဟန်လိုလိုနဲ့လုပ်နေကြတဲ့ ဒို့တတွေ။ ပြည်ပမှာ အနေကြာလာတော့
(မညာတမ်းပြောရရင်) ပျော်လာကြရောမဟုတ်လား ဆိုတာပါပဲ။ ကိုင်း ။ နောက်မှ ဆက်ကြ
ဦးစို့။

(ရုပ်ပုံ ဂူဂလ်)

Monday, July 6, 2009

ကျွန်တော်တို့အကြောင်း










၁၈၇၀ခုနှစ် တ၀ိုက်။ မင်းတုန်းမင်းလက်ထက် မြန်မာပြည်ရဲ့ လူဦးရေက
ဆယ်သန်းလောက်ရှိပါသတဲ့။ ဒါပေမဲ့ အဲသည်ခေတ်က အဲ့သလိုမပြောဘူး။
ဘ၀ရှင်မင်းတရားကြီးဟာ ကျွန်တော်မျိုး တကုဋေကို အုပ်စိုးသူဖြစ်တယ်လို့
ပြောရပါသတဲ့။ ပဒေသရာဇ်ခေတ်ဆိုတော့ သိတဲ့အတိုင်းပဲ လူတန်းစားသတ်မှတ်
ချက်က သိပ်ရှင်းတယ်။ တိုင်းပြည်မှာ ဘုရင်ဟာ “သခင်” ၊ ကျန်တာက “ကျွန်” ။

ဘုရင်နဲ့စကားပြောတဲ့အခါ ကျွန်တော်မျိုး ဘယ်သူ၊ဘယ်ဝါပါဘုရားလို့ ဆိုရသတဲ့။
အဲဒီတုန်းက နာမည်ရှေ့ မှာ “မောင်” တွေ “မ”တွေ သိပ်ရှိလှသေးတာ မဟုတ်။
“ကျား” ဆိုရင် “ကျွန်တော်”။ “မ”ဆိုရင် “ကျွန်မ” ။ “ခင်ဗျား”ဆိုတာကလည်း
သခင်၊ဘုရားက လာတာတဲ့။ "ရှင်"ဆိုတာက အရှင်၊သခင်က လာသတဲ့။

တကယ်တော့ မင်းတုန်းမင်း မတိုင်ခင်ကာလတွေကတည်းက ကျွန်တော်၊
ကျွန်မ ဖြစ်နေတာပါ။ ဘယ်ခေတ်ကစပြီး သုံးသလဲဆိုတာတော့ မသိဘူး။
သမိုင်းဆရာများက သိပေမပေါ့။ အဲဒီတုန်းက ဘုရင်က “မော့” ဆိုမှ မော့ကြည့်ရ
သတဲ့။ သူကမမော့ ခိုင်းမချင်း မြေပြင်မှာ ၀ပ်နေပေရော့။ ရှင်ဘုရင်ဆိုသူများ
ပြောပါတယ်။ လူလူချင်း နောက်တီးနောက်တောက်။

တိုင်းပြည်မှာဘုရင်က သခင်ဆိုတော့။ သူ့ထက်ကြီးတာ ဆင်ပဲရှိတယ်။ ရေမြေ့ 
သနင်းပြည့်ရှင်မင်း လို့လည်းဆိုသကိုး။ တတိုင်းပြည်လုံး လူတင်မကရေရော၊
မြေရော သူပိုင်တယ်။ ဘာမှမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့လူမျိုးပေါ့။ တော်တော်
မကောင်းတဲ့ခေတ်တွေပါ။ ထားပါတော့။ အခုချိန်ထိ ကျွန်တော်တို့က “ကျွန်တော်တို့”
လုပ်နေကြတုန်းပဲ ဆိုတာကတော့ (သယ်ရင်းတို့ရေ) သိပ်လွန်လွန်းပြီ ထင်သကွယ်။

ပြောင်းလဲမှုက နည်းနည်းလေးပဲရှိတယ်လို့ ဆိုရမယ်။ ကျွန်တော်မျိုးတို့ ဆိုတာတွေ။
ကျွန်တော်မျိုးကြီး ဘယ်သူပါ ဆိုတာတွေပျောက်ခဲ့ပြီ။ တကယ်တော့ အခုကိစ္စက
ရှေ့ မှာပြောခဲ့ကြသူတွေ များလှပါပြီ။ အထူးအဆန်းလဲမဟုတ်တော့ပါဘူး။ ဒါပေမဲ့
ဘာကြောင့်ထပ်ပြောနေရသတုံး ဆိုရင်တော့။ ဒီကိစ္စကြီး အဆုံးသတ်စေချင်လှလို့
ပါပဲဗျာ။တော်တော် မမိုက်တဲ့ ကိစ္စပဲ။ ကျွန်ဆိုတာလူဘ၀မှာ အနိမ့်ကျဆုံးအ ခြေအနေ
မဟုတ်လား။ ဘယ်သူမှကျွန် မဖြစ်ချင်ဘူးလေ။

ဒီနေ့ကမ္ဘာဟာ ကျေးပိုင်ကျွန်ပိုင်ခေတ် မဟုတ်တော့ဘူးလို့ဆိုပေတဲ့။ ကျွန်ဘ၀ရောက်နေ
သူတွေ အနည်းအကျဉ်း ရှိနေတုန်း။ ကျွန်အဖြစ် ရောင်းအစားခံနေရသူတွေ ရှိနေတုန်း။
မြန်မာပြည်မှာ အိမ်ဖေါ်လို့ ခေါ်တဲ့သူတွေ ရှိနေတယ်။ သူတို့က ကျွန်မဟုတ်ကြပေမဲ့
လည်းတော်တော်များများ ကျွန်လိုအဆက် အဆံခံနေတာ ရှိနေတုန်း။ တချို့ တိုင်းပြည်
တွေမှာလည်းဒီအခြေအနေမျိုး ရှိနေတုန်းပဲ။

ကမ္ဘာမှာက ကျွန်ဘ၀က လွတ်အောင်၊ ကျွန်ခေတ် ကုန်အောင်၊ ကျွန်ဇတ် သိမ်းအောင်
မရေမတွက်နိုင်တဲ့ အသက်တွေပေးပြီး ပြောင်းလဲခဲ့ရတာ မဟုတ်လား။ ဘယ်လိုနည်းနဲ့မှ
"ကျွန်" ဆိုတဲ့အသံ မကြားချင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဆက်ပြီး
ကျွန်တော်တို့နေကြတုန်း။ ဘယ်အထိ ဆက်ကြဦးမှာလဲ။ ဘာကြောင့် ဆက်သုံးဆွဲနေကြ
သလဲ။ ကောင်းတဲ့အမွေအနှစ်မှ မဟုတ်ပဲ။ သမိုင်းဆိုး သမိုင်းညစ်တွေကို သိသိကြီးနဲ့ ဆက်ပြီးသယ်ဆောင်နေတာဟာ သမိုင်းတာဝန် မကျေတာပဲ။ မကောင်းတာတွေကို
ထားခဲ့ကြဖို့ အချိန်တန်ယုံမက လွန်တောင် လွန်နေပြီ။

ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များက ဒီကိစ္စကိုဘာကြောင့်များ အကြာကြီးကြည့် နေရသလဲ။ ပြုပြင်
ပြောင်းလဲလို့မရတဲ့ ကိစ္စမဟုတ်။ အင်မတန်ခက်ခဲလှတဲ့ ကိစ္စလည်းမဟုတ်။ ခေတ်ကြီး၊
စံနစ်ကြီးကို ပြောင်းပစ်ရတာမှ မဟုတ်ပဲ။ သွေးထွက်သံယိုတော်လှန်ရေးမှ မဟုတ်ပဲ။
ဒီကိစ္စကြောင့် တောခိုရမယ်၊ ထောင်အနှစ်ခြောက်ဆယ်လောက် ကျရမယ်ဆိုတာမျိုး
လည်းမဟုတ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးမှ မဟုတ်ပဲဗျာ။ ပြောင်းရင် ဖြစ်မယ်ထင်ပါတယ်။

ငယ်စဉ်အခါက။ လူကြီးတွေဆုံးမတဲ့အခါ “နင်” နဲ့ “ငါ” နဲ့ပြောရင်ရိုင်းသတဲ့။ ခင်ဗျား၊ ကျွန်
တော်၊ ရှင်၊ ကျွန်မ ဆိုမှ ယဉ်ကျေးပါသတဲ့။ မိတ်ဆွေများခင်ဗျား။ကျွန်တော်တို့ လူကြီးတွေ
ကို ပြန်ဆုံးမဖို့ လိုပြီထင်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

ပုလင်းအသစ်နဲ့ဝိုင်အဟောင်း











ကိုယ်ပိုင် ဘာသာစကားရှိရက်နဲ့ သူများစကားကို ထည့်ထည့်ပြောရတာ တော်တော်
မမိုက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ မြန်မာတွေက စကားပြောရင် ဘိုလို ထည့်ထည့်ပြီး ပြောတတ်
တာ အစဉ်အလာ ဖြစ်နေပါပြီ။ အခုခေတ် အင်္ဂလိပ်လို နည်းပညာဆိုင်ရာ ဝေါဟာရသစ်
တွေ ပိုတိုးလာတော့ ပိုဆိုးလာပါတယ်။ အထူးသဖြင့် ပညာတတ် အသိုင်းအ၀ိုင်း၊ မြို့ ပြ
အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ အဆက်အစပ်ရှိသူတွေ ဘိုလို သိပ်ပြောကြပါတယ်။

အိမ်နီးချင်း ထိုင်း၊ တရုတ်တို့ဆို ဘိုလို ထည့်မပြောကြပါဘူး။ ကိုယ့်စကားနဲ့ ကိုယ်ပြောကြ
တာပါ။ ပြောလို့ ရပါတယ်။ မြန်မာတွေက သက်သက် ဂုဏ်လုပ်ပြီး ပြောနေကြတာပါ။
နောက်တော့ အကျင့်ပါသွားရော။ ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ သူများပစ္စည်း ခိုးတာ
မျိုး မဟုတ်ပေမဲ့လည်း ကိုယ့်ဟာနဲ့ ကိုယ်၊ ကိုယ့်မာန်နဲ့ကိုယ် မနေနိုင်တာကိုက အားနည်း
ချက်လို့ မြင်ပါတယ်။ ကျွန်တော်လည်း ဒီအကျင့် စွဲနေပါပြီ။ သတိထားပေမယ့် လုံးဝ
ကောင်းအောင် မပြင်နိုင်သေးပါဘူး။ အများနဲ့ တယောက်လို ဖြစ်နေပါတယ်။ တကယ်
တော့ ဒါကလည်း ဆင်ခြေပါ။ လုပ်ရင်တော့ဖြစ်မှာပါ။ ဖြစ်အောင်လုပ်ရင် ရပါလိမ့်မယ်။
အမျိုးသားရေးတာဝန် တရပ်အနေနဲ့ကို လုပ်ရမယ့် အခြေအနေမှာ ရှိတယ်လို့ ထင်ပါတယ်။
မကောင်းတဲ့ အကျင့်က ရေရှည်ဆို ပြဿနာရှိပါတယ်။ နောက်မျိုးဆက်တွေအတွက်
ရှက်စရာပါ။

မြန်မာစကားသင်တဲ့ နိုင်ငံခြားသား လောကမှာ ရယ်စရာ ပြောကြတာတခုရှိပါတယ်။
မြန်မာစကား တတ်ချင်ရင် လွယ်လွယ်လေး။ အင်္ဂလိပ်လိုသာ များများထည့်ပြော။
ပိုတောင်ဂုဏ်ရှိသေး ဆိုတာပါ။ နာတတ်မယ်ဆို နာစရာပါ။ ဟာသတွေ ကြားဖူးတယ်
မဟုတ်လား။ မြန်မာလိုနဲ့ အင်္ဂလိပ်လို Mix လုပ်ပြီး မပြောကြနဲ့ ဆိုတာမျိုး။ အမျှော်အမြင်
ရှိသူတွေက သေသေချာချာ ပြုပြင်သင့်တာ ကြာပါပြီ။

အင်္ဂလိပ်စာနဲ့ အလှမ်းဝေးသူတွေ၊ အထူးသဖြင့် တောနေလူထုကတော့ ဒီပြဿနာနဲ့
ကင်းပါတယ်။ ပြဿနာက ဘိုလို မလွတ်မကင်း ဖြစ်အောင် နေထိုင်ပြောဆိုနေကြတဲ့
သူတွေဆီမှာ ရှိတာပါ။ တရုတ်တွေ၊ ထိုင်းတွေ၊ ဂျပန်တွေဆို နိုင်ငံခြားမှာ ဘယ်လောက်ပဲ
နေနေ အချင်းချင်းပြောဆိုတဲ့အခါ ဘိုလိုလုံးဝ မပါ။ မြန်မာတွေက ပြဿနာ။ အရမ်းကို
ဘိုလို ပြောချင်ကြသဗျာ။ တခါတခါများ မြန်မာအချင်းချင်း မြန်မာလို လုံးဝ မပါအောင်
တောင် ပြောနိုင်ကြသလေး။ မြန်မာပြည်က တိုင်းရင်းသား လောကမှာလည်း ဒီလိုပဲလို့
ထင်ပါတယ်။ သူများ စကားကို သုံးပုံတပုံလောက် ထည့်ပြောနေပြီဆိုတာက ကိုယ့်ရဲ့ 
စကားဟာ သုံးပုံတပုံလောက် ပျောက်ဆုံးနေပြီ ဆိုတာပါပဲ။

ဒီကနေ့ ကမ္ဘာမှာက ဘာသာစကားတွေရော၊ ယဉ်ကျေးမှုတွေရော တော်တော်များများက
မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကွယ် နေတာပါ။ ဘာသာစကား ပျောက်တော့ကော ဘာဖြစ်
သတုန်းလို့ အငေါ်တူးလာရင်တော့။ ဘာဖြစ်သလဲ သိချင်ရင် လေ့လာကြည့်လို့ပဲ ပြော
ချင်ပါတယ်။ အသေးစိတ် မရှင်းပြတတ်ပါ။ ကျွန်တော့်အမြင် ပျောက်သွားတာကမှ ရှင်း
သေး။ မပျောက်ပဲ ဟိုရောဒီရောဘာသာစကားကြီး ဆွေစဉ်မျိုးဆက် ခပ်တည်တည်နဲ့
ဆက်ပြောနေကြတာက ပျောက်သွားတာထက် ရှက်ဖို့ ကောင်းသေးလို့ ထင်တာပဲ။
သတိထားရမယ့် ကိစ္စက သတိထားမှ။ မဟုတ်ရင် ခံသွားရမယ်။ ကိုယ်တင်မကဘူး
နောက်မျိုးဆက်ပါ ခံရမယ့်ကိစ္စဆို ကျပ်ကျပ် သတိထားရမှာ။

တကယ်တော့ ဒီကိစ္စက သခင်ဘသောင်းတို့ ခေတ်ထဲက ပြောနေကြတဲ့ ကိစ္စပါ။
အခုထိ မပြုပြင်နိုင်သေးလို့ ဆက်ပြောနေတာပါ။ နိုင်ငံတကာသုံး ဝေါဟာရအသစ်တွေ
သိပ်ထွန်းကားနေတာက ဘာသာစကားအတွက် ပြဿနာဖြစ်တယ်ဆိုပေမယ့် ဖြေရှင်း
လို့ရတဲ့ ပြဿနာပါ။ သိပ်ပူစရာ မလိုပါဘူး။ အခုလည်း လူတိုင်းသိပြီးသား ကိစ္စကြီး
လျှောက်ရေးနေတာ ပျင်းစရာကြီးလို့ ပြောကြရင်လည်း ဆောရီးပါဗျာလို့ပဲ တောင်းပန်
လိုက်ပါတယ်ခင်ဗျား။ အာလုံး Good Luck ပါ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 18, 2009

အပြေးသမားလောက















တိုင်းပြည်ကိုစွန့်ခွါ ထွက်ပြေးတဲ့သူတွေ။ နောက်ဆုံးရထား မှီအောင်
ပြေးရတဲ့သူတွေ။ ပထမဆုရအောင် အပြေးပြိုင်နေတဲ့သူတွေ။ ရန်သူက
လိုက်လို့ အသက်လုပြီး ပြေးနေရတဲ့သူတွေ။ ကိုယ့်အခန်းလေးထဲမှာပဲ
ငြိမ်ငြိမ်လေးနေပြီး (တချို့ က စာအုပ်ဖတ်လို့၊ တချို့ က ရုပ်ရှင်ကြည့်လို့ )
တကယ့်ဘ၀ထဲက ထွက်ပြေးနေကြတဲ့သူတွေ။

အပူဒဏ်ကိုကြောက်လို့၊ အအေးဒဏ်ကို ကြောက်လို့ (ဆောင်းခို၊ နွေခို)
ထွက်ပြေးနေသူတွေ။ တာတို၊ တာဝေး အပြေးသမားတွေ။ စစ်ပြေးဒုက္ခ
သည်တွေ။ အကြွေးရှင်ကလိုက်လို့ ပြေးနေရသူတွေ။ အိမ်ပြေး။ တပ်ပြေး။
ဝရမ်းပြေး။ထောင်ပြေး။ ကျောင်းပြေး။ ရုံးပြေး။ ရိုးရိုးပြေးတာတင်မကပဲ
တန်းကိုကျော်ပြီး ပြေးကြတဲ့သူတွေ။ ကျန်းမာရေးကောင်းအောင် ခပ်ဖွဖွ
လေး ပြေးနေသူတွေ။

ဦးပုညရဲ့ ရေသည်ပြဇတ်ထဲက တပြေးထဲပြေးနေတဲ့ ရေသည်ဆင်းရဲသား။
ဘိနပ်ကောင်းကြောင်းကြော်ညာဖို့ ပြေးပေးနေရတဲ့ ကမ္ဘာကျော်အပြေးသမား။
ပိုက်ဆံရလို့ ပြေးသူတွေ။ပြေးလို့ ပိုက်ဆံရ သူတွေ။ “ရဟန်းကြီး..သင်မပြေးနဲ့…
ရပ်” မောကြီးပန်းကြီးနဲ့ ပြေးပြီးပြောနေတဲ့ အင်္ဂုလိမလ။“ကျုံးကော်.. ကျားယော်”
“ကျုံးကော်.. ကျားယော်” ပြီးခဲ့တဲ့အိုလံပစ်မှာ ဂျက်ကီချမ်းက မီးရှုးတိုင်ကို
အပြေးတပိုင်းနဲ့သယ်လာတော့ လမ်းတလျှောက် ပရိတ်သတ်ကြီးက အော်
ကြတဲ့အသံ။ “တရုတ်ပြည်..ကြိုးစားထား”တဲ့။

တချိန်ကလည်းမြန်မာပြည်မှာ ပြည်ထောင်စုအလံကို အပြေးတပိုင်းနဲ့ လက်
ဆင့်ကမ်းရတဲ့အစဉ်အလာ ရှိခဲ့ဖူးပါရဲ့ ။ Run forest Run! ကျပ်မပြည့်တဲ့ အပြေး
သမား Forest Gumpရွှေတံဆိပ်ဆုရအောင် အပြေးလေ့ကျင့်နေသူတွေ။ တိုင်း
ပြည်အတွက် ဂုဏ်တက်စေဖို့ ပြေးနေကြတဲ့ သူတွေ။ ပြေးပေမဲ့လည်း ဆုမရတဲ့
သူတွေ။

ပြည်ပရောက် နိုင်ငံရေးအင်အားစုတခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
(လွတ်မြောက်နယ်မြေ) တဲ့။ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ပြည်
ပရောက် နိုင်ငံရေးအင်အားစုတွေကို ပြည်ပြေး လို့သုံးပါတယ်။ တိုင်းပြည်ကနေ
ထွက်ပြေးသူတွေလို့ သတ်မှတ်ချင်တာလား။ တိုင်းပြည်ကိုပြစ်ထားခဲ့ပြီး ကိုယ်
လွတ်ရုန်း ထွက်ပြေးကြသူများလို့ သတ်မှတ်ချင်တာလား။“ရာဇ၀တ်ဘေး
ပြေးမလွတ်”လို့ ရဲစခန်းမှာရေးထားတဲ့စာ။ “ပြေးနိုင်မှ လွတ်မယ်နော်” လို့
အော်ဟစ်တဲ့အသံ။ “သိုးမည်းဟောင်းကြီးတွေ၊ ပြေးထွက်လာပြီး မင်းကို ကြို
နေမယ်” ဆိုတဲ့သီချင်းသံ။

မုန့်ဗန်းကို လက်တဘက်ထဲနဲ့ကိုင်။ ဆိုက်လာတဲ့ အဝေးပြေးကားဆီ အပြေး
ရောက်လာပြီး အလုအယက် ရောင်းကြတဲ့ ကလေးဈေးသည်တွေ။ ရေအိုးကို
ခေါင်းမှာရွက်။ မရပ်တဲ့ရထားကို အပြေးတပိုင်းနဲ့ ရေလိုက်ရောင်းတဲ့ ကျောင်း
စိမ်းလုံချည်နဲ့ ရေသည်လေးတွေ။ ကမ်းကို သင်္ဘောမကပ်ခင် မြစ်ကမ်းပါးပေါ်
ကနေ အပြေးဆင်း၊ အပြိုင်လုပြီး ဈေးရောင်းကြတဲ့ အမျိုးသမီးတွေ။ ကလေး
တွေ။ ကျောင်းနောက်ကျမှာစိုးလို့ ကျောင်းတံခါးမပိတ်မှီ အပြေးလာ နေကြတဲ့
ကလေးတွေ။ အာဖရိကမှာ ကျောင်းကဝေးလို့ အပြေးသွားရင်း ကမ္ဘာကျော်
အပြေးသမား ဖြစ်လာသူတွေ။

ဂရိနိုင်ငံကို ပါရှန်းတွေဝင်သိမ်းတော့ မာရသွန်ဆိုတဲ့အရပ်မှာ ဖြစ်ပွါးတဲ့စစ်။
ပါရှန်းတွေကို အနိုင်ရတဲ့သတင်း အေသင်မြို့ ဆီအပြေးသယ်ဆောင်လာတဲ့
ဂရိစစ်သား ဖီးဒစ်ပီဒီးစ်။ သူကတော့ ပထမဆုံးမာရသွန်အပြေးသမား။ အပြေး
အားကစားဟာ စစ်ပွဲက စတဲ့အရာပါလား။ မြန်မာပြည်ရဲ့  ပထမဆုံးအပြေးပြိုင်
ပွဲအကြောင်း ဗဟုသုတအဖြစ် သိချင်သား။ မှတ်တမ်းမှတ်ရာများ တွေ့ ချင်သား။
ပဒေသရာဇ် ခေတ်မှာလား။ ကိုလိုနီခေတ်မှာလား။

မြန်မာ့သမိုင်းထဲကို သူရဲကောင်းတွေအဖြစ် ရုပ်ရှင်ဆန်ဆန် ရောက်လာခဲ့ကြ
သူတွေထဲက အာရဗ်ခြေမြန်တော် ဗျတ္တ။ ပုဂံနဲ့ပုပ္ပါး နေ့တိုင်းပြေးလို့ ပန်းဆက်
ရတဲ့ ပန်းဆက်သမား။ တနေ့ ဆယ်ကြိမ် ပုဂံနဲ့ပုပ္ပါး ပန်းဆက်ရတဲ့သူဆိုပဲ။
ဒီလိုပြေးရင်းနဲ့ ဆရာဗျတ္တ ပုပ္ပါးသူလေးနဲ့ ညိရောဆိုပဲ။ ဗျတ္တပန်းဆက်လမ်းဆိုပြီး
အခုထိတောင် နာမည်တွင်နေပါရဲ့ ။ ဒီအပြေးသမားကတော့ စစ်ကြောင့်ပြေးသူ
မဟုတ်။

မူရင်းနေရာက ဝေးရာဆီ။ လေယာဉ်ပျံနဲ့ ပြေးသူတွေ။ ကိုယ်ပိုင်ကားနဲ့ ပြေးသူ
တွေ။ အငှားယာဉ်နဲ့ ပြေးသူတွေ။ ခြေကုန်သုတ်ပြီး ပြေးရသူတွေ။ ရုပ်နဲ့ ပြေးသူ။
နာမ်နဲ့ ပြေးသူ။ ညာဏ်နဲ့ ပြေးသူတွေ။ အကြံနဲ့ ပြေးသူတွေ။ အိပ်မက်နဲ့ ပြေးသူ
တွေ။ စားရင်း ပြေးသူတွေ။ နားရင်း ပြေးသူတွေ။ တရားမှတ်ရင်း ပြေးသူတွေ။
ပြေးတဲ့စက်ပေါ်မှာ သီချင်းနားထောင်ရင်း ပြေးနေတဲ့ သူတွေ။ ပြေးသူတွေ..ပြေး
သူတွေ...ပြေးနေကြတဲ့ သူတွေ။

အခုလည်း ထွက်ပြေးတဲ့အနေနဲ့ ပြေးတဲ့အကြောင်း ရေးနေတာ။ မောသွားပြီ။
နားပြီးမှ ထပ်ပြေးရဦးမယ်။ မိတ်ဆွေအပြေးသမားများ ခင်ဗျား။ အပြေးလောက
မှာ ကြာကြာပြေးနိုင်ဖို့ဆို သက်လုံကောင်းဖို့ အရေးကြီးပါသတဲ့။ ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, May 1, 2009

ဆုတောင်း၊မေတ္တာ၊၀တ္ထုတော်








(နိဒါန်း)

ဘုရားသ္ခင်… ။
အရှင်ဘုရား၏ ထူးမြတ်လှသော တရားတော်များအား အကြွင်းမဲ့ ယုံကြည်ပါ၏ ။
တပည့်တော်၏ ဘလော့ဂ်လေးကို အန္တာရယ်အပေါင်းမှကင်းဝေးရန် စောင့်ရှောက်တော်
မူပါ။ လူတကာ၏ ချီးမွမ်းမှုကိုခံရသော ဘလော့ဂ်ဖြစ်ရေး ဆောင်မတော်မူပါ။ ဤ
ဘလော့ဂ်မှ ရွှေလမ်းငွေလမ်းပွင့်၍ ကြွယ်ဝချမ်းသာမှုကို ပေးသနားတော်မူပါ။


(၁)

အင်္ဂါနေ့။ နယူးယောက်မြို့ ။ ကွင်းစ် ရပ်ကွက်။ နှင်းဖတ်များ စိတ်ပျက်ဖွယ်ကျနေတဲ့ ဇန်န၀ါရီ
ညနေ။ ညနေဆိုပေမယ့် မှောင်နေပြီ။ နှင်းတွေကျတော့ အအေးဓါတ်ပေါ့တယ်။ ဒါပေမဲ့ သွား
ရလာရ ခက်တယ်။ မြေအောက်ဘူတာရုံက တက်လိုက်ရင် နှင်းတွေနဲ့မတွေ့ ခင် မဆလာနံ့ကို
အရင်ဆုံး ရတယ်။ ကွင်းစ်ရပ်ကွက်က အိန္ဒိယများတယ်။ မြန်မာလည်း များတယ်။ အိန္ဒိယက
ပိုများတယ်။ မြန်မာပြည်က အိန္ဒိယတွေ မဟုတ်ဘူး။ အိန္ဒိယက၊ ပါကစ္စတန်က၊ ဘင်္ဂလားဒေ့ခ်ျ
က အိန္ဒိယန်းတွေပေါ့။ ဒါကြောင့် မဆလာနံ့ ပိုရတာ။ မဆလာနံ့တွေထဲကပဲ နှင်းတောထဲကို
ဖြတ်ပြီး ခပ်သုတ်သုတ်လာခဲ့တယ်။

ည၇နာရီထိုးတော့မယ်။ မကြာခင်မှာ ပွဲစတော့မယ်။ ပရိတ်ကြီး ဆယ့်တသုတ်ကို ရွတ်မယ့်ပွဲ။ အင်္ဂါနေ့တိုင်းလုပ်တဲ့ပွဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်
မြောက်ရေး ပရိတ်ရွတ်ကြမယ့်ပွဲ။ ဘုရားသ္ခင်ပါဝိုင်းပြီးကူညီမှ ရမယ့်ပွဲ။ လပေါင်းများစွာ
ယုံကြည်မှုနဲ့ လုပ်လာခဲ့တဲ့ ပွဲ။ အချိန်မှီအောင် သွားမှဖြစ်မယ်။

ကိုယ့်လူတွေက မြန်မာပြည်က အကျဉ်းစခန်းတွေထဲမှာ။ ငါက နယူးယောက်ဆိုတဲ့မြို့ ကြီးမှာ။ ဘယ်လောက်ပဲဝေးဝေး ယုံကြည်မှုဆိုတဲ့အားနဲ့ ဝေးနေတဲ့အရာတွေ နီးစေမယ်။ ပိတ်ထားတဲ့ ထောင်တခါးတွေကို ပွင့်စေမယ်။ ဘုရားရှင်ရဲ့  ပရိတ်တရားတော်တွေဟာ အစွမ်းထက်တဲ့လက်
နက်တွေပဲလို့ အရင်လူတွေကလည်း ယုံကြည်ခဲ့ကြတယ်။ အခု ငါတို့လည်း ယုံကြည်နေတုန်းပဲ။
အရှင်ဘုရား ။ တပည့်တော်တို့ရဲ့ တော်လှန်ရေးကို အောင်မြင် စေခြင်းအလို့ငှာ စောင့်ရှောက်ပေး တော်မူပါဘုရား။ အေးစက်နေတဲ့ နယူးယောက်မြို့ ရဲ့  နှင်းဖွေးဖွေးညထဲမှာ မြန်မာလူငယ်တချို့ ရဲ့  ပရိတ်ရွတ်သံတွေရှိနေပါတယ်။ ဘယ်သူတွေကြားရပါသလဲ။

(၂)

အင်္ဂါနေ့။ ရန်ကုန်မြို့ ။ လှိုင်သာယာမြို့ နယ်။ ဆောင်းတွင်းဆိုပေမယ့် လုံးဝမအေးပါ။ မနက်ခင်း
ဆိုပေမဲ့ လေကောင်းလေသန့်မရ။ ကားတွေကတော့ ထုံးစံအတိုင်းကျပ်လို့၊ ညပ်လို့။ ကားမီးခိုး
တွေ တဝေေ၀။ ထိုင်ခုံနေရာရဖို့ထက် အချိန်မှီဖို့ အရေးကြီးတယ်။ ရောက်လာတဲ့ကားကိုပဲ ဖြစ်
သလို တွယ်စီးလာခဲ့တယ်။ ရွှေတိဂုံနား နီးလေ ပိုပြီးသတိထားရလေပဲ။ ကားပေါ်က ဆင်းဆင်း
ချင်း သာမန်ဘုရားဖူးတဦးလိုပဲ ခပ်တည်တည်နဲ့ ကုန်းတော်ပေါ် တက်ခဲ့တယ်။

မနေ့က ချိန်းထားတဲ့သူတွေနဲ့ ဘုရားပေါ်ကို လမ်းကြောင်း မတူအောင် ခွဲပြီးတက်ခဲ့တာ။ လမ်း
တလျောက် ကြံ့ဖွတ်တွေပါ လာသလား။ အက်စ်ဘီ တွေရှိနေသလား။ မျက်လုံးကစား ခဲ့ရတယ်။
အင်္ဂါဒေါင့်မှာ ကိုယ့်လူတွေ တချို့ ရောက်နေပြီ။ ကြံ့ ဖွတ်တွေလည်း ရှိနေပြီ။ မသင်္ကာရတဲ့
လူတွေလည်းရှိနေပြီ။ သူတို့ကို ကြောက်နေလို့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဖမ်းချင်ဖမ်း၊ ရိုက်
ချင်ရိုက်။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်မယ်။ ဘုရားရှိခိုးတာ ပြစ်မှုလား။ ဒေါ်အောင်ဆန်း
စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဆုတောင်းတာဟာ ပြစ်မှု
ကျူးလွန်တာလား။ ဖမ်းရင်လည်းခံရုံပဲ။ အားကိုးစရာ အရှင်ဘုရားပဲ ရှိတော့တယ်။

အမှန်တရားဘက်က ကူညီပါဘုရား။ အခု တပည့်တော်တို့ရောက်နေတဲ့ သမိုင်းဝင် သာ
သနာ့မြေပေါ်မှာ တိုင်းပြည် အေးချမ်းရေးအတွက် ဘာသာရေးနည်းနဲ့၊ ငြိမ်းချမ်းတဲ့နည်းနဲ့
တပည့် တော်တို့ ယုံယုံကြည်ကြည်ဆုတောင်း ကြမှာဖြစ်ပါတယ်။ တပည့်တော်တို့ရဲ့ ဘ၀နဲ့
အသက်ကို အရှင်ဘုရားထံမှာ အပ်နှံထားပါတယ်ဘုရား။ စောင့်ရှောက်တော်မူပါ။

နေ့စဉ် ရာနဲ့ထောင်နဲ့ချီ လာရောက်ဆုတောင်းကြတဲ့ ရွှေတိဂုံရင်ပြင်ပေါ်က ဆုတောင်းသံ
တွေထဲမှာ ဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့  ဆုတောင်းသံတွေလည်းရှိနေပါတယ်။ ဘယ်သူ
တွေ ကြားပါသလဲ။


(၃)

အင်္ဂါနေ့ ။ အာရုံတက်။ နေပြည်တော်။

ဟိတ် ။ မင်းကို ကင်းစောင့်ခိုင်းတာ အိပ်ငိုက်ခိုင်းတာ မဟုတ်ဘူး။ အချုပ်ထဲထည့် လိုက်ရမလား။
မင်းအခု တာဝန်ကျနေတာက နေပြည်တော်မှာ။ သာမန်နေရာမဟုတ်ဘူး။ ဗိုလ်ချုပ်မှုးကြီးတို့ရှိတဲ့
နေရာ။ တပ်မတော်ရဲ့  သမိုင်းမှာ အရေးကြီးတဲ့နေရာ။ မင်းလို ရဲဘော်အဆင့်တင်မကဘူး။ ငါလို
အရာရှိလည်း နေပြည်တော်မှာ ကင်းစောင့်နေတယ်ဆိုတာ သဘောပေါက်။

ဒီနေပြည်တော်က ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ထီးတင်ပွဲဟာ ဒို့တပ်မတော်သားတွေအတွက် သိပ်ပြီးအရေးကြီးတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးကြီးသလိုပဲ။ ဒို့တာဝန် အရေးသုံးပါးထဲမှာ ထည့်မရေးထားပေမယ့် သာသနာရေး၊ ဘာသာရေးကိစ္စတွေဟာ တပ်မတော်သားတွေအတွက် အရေးကြီးတယ်ဆိုတာ နားလည်ထားရမယ်။ ယုံကြည်ထားရမယ်။ ကြားလား။

ဗိုလ်ချုပ်မှုးကြီးတို့ဟာ တိုင်းပြည်တည်ငြိမ်အောင်လို့၊ တိုးတက်အောင်လို့ စစ်ရေးအရရော၊ နိုင်ငံ
ရေးအရရော၊ ဘာသာရေး အရပါ ကြိုးစားနေကြတဲ့ သာသနာပြု ခေါင်းဆောင်ကြီးတွေ။ တန်ခိုး
ကြီးဘုရားတွေဆို အမြဲတန်း သွားဖူးနေကြတယ်။ တန်ခိုးကြီးဆရာတော်တွေကို အမြဲတန်းလှူ
ဒဏ်းနေတယ်။ တန်ခိုးကြီးပုဂ္ဂိုလ်တွေ၊ အထက်လမ်းဆရာတွေ၊ ဆရာမတွေ အကြားအမြင်ရ ပုဂ္ဂိုလ်တွေကိုလည်း အမြဲတန်း ဆည်းကပ်နေကြတယ်။ ဒါတွေဟာ ဘယ်သူ့ အတွက်မှ လုပ်နေ
တာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်နေကြတာ။

ဘယ်အစိုးရကမှ အခု တပ်မတော် အစိုးရလောက် ဘာသာရေးကို အချိန်ပြည့် အားထုတ်တာမျိုး
မရှိခဲ့ဘူး။ အဲဒါကြောင့်လည်း သူတို့ရဲ့  ဘုန်းတန်ခိုးတွေဟာ ကြီးမားနေတာပေါ့။ ဒို့တပ်မတော်ရဲ့ 
ဘုန်းတန်ခိုးဟာ ကြီးထွားနေတာပေါ့။ ဒီမိုကရေစီသမားတွေရဲ့ အနှောက်အယှက်မပေးးနိုင်ပဲဖြစ်
နေတာပေါ့။ ပြည်ပအားကိုး ပုဆိန်ရိုးတွေက ရန်မပြုနိုင်တာပေါ့။ ဒို့ဗိုလ်ချုပ်တွေက တိုင်းပြည်ကို
ဘုရားတရားနဲ့ အုပ်ချုပ်နေလို့၊ ဘုရားသ္ခင်က ဒို့ကိုစောင့်ရှောက်ကူညီနေလို့ပေါ့။

တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး၊ စစ်ဒေသမှူး၊ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားမှန်သမျှ ဘုရား
ရှင်ကိုယုံကြည်ကြ။ ဗိုလ်ချုပ်ကြီးတို့ရဲ့  ဘုရားတွေ၊ စေတီပုထိုးတွေကို အကာအကွယ်ပေးကြ။
ဘာသာတရား ကိုင်းရှိုင်းလှတဲ့ တပ်မတော် အစိုးရ ခေါင်းဆောင်တွေကို အသက်နဲ့လဲပြီး အကာ
အကွယ်ပေးကြ။ မြန်မာပြည်တခုလုံး ငြိမ်းချမ်းသာယာအောင် ဘုရားသခင်ထံမှာ ဆုတောင်းကြ။ ဘုရားရှင်ကလည်း တပည့်တော်တို့ တပ်မတော်သားတွေကို စောင့်ရှောက်ပေးတော်မူပါ။

နေပြည်တော်က နေ့စဉ် စစ်အမိန့်ပေးသံတွေထဲမှာ အခုလို ဘာသာရေး ယုံကြည်ချက်ဆိုင်ရာ
ကိစ္စတွေ၊ ဆုတောင်းသံတွေလည်း ရှိနေပါတယ်။ ဘယ်သူတွေ နားစွင့်နေပါသလဲ။


(၄)


နှင်းမှုန်တွေ တဖွဲဖွဲ။ လေတိုးသံ တရှဲရှဲ။ ချင်းတောင်တန်းတွေပေါ်က မထင်မရှား ရွာတရွာ။
လက်ဝါးကပ်တိုင် ဖွေးဖွေးနဲ့ မှုန်ဝါးဝါး ဘုရားရှိခိုးကျောင်း ကလေး။ တနင်္ဂနွေ နေ့လည်ပိုင်း။
ရွာကလူတွေ ဘုရားဝတ်ပြုပြီး အိမ်ပြန်ကြပြီ။ သင်းအုပ်ဆရာလေးနဲ့ အတူ လူငယ်တချို့ 
ဘုရားကျောင်းထဲမှာ တိတ် တိတ်ဆိတ်ဆိတ် ကျန်ရစ်ခဲ့ကြတယ်။

ကဲ စကြပါစို့လို့ သင်းအုပ်ဆရာလေးက နူးနူးညံ့ညံ့ပြောလိုက်တယ်။ ဒီကနေ့ အစီအစဉ်ကို
တော့ အမျိုးသမီးငယ် တယောက်က ဦးဆောင်တယ်။ သူတို့ရဲ့  အပါတ်စဉ် လျှို့ဝှက်ဆု
တောင်းပွဲလေးရဲ့  အသံတွေဟာ တိုးတိုးတိတ်တိတ်နဲ့ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့
တယ်။

မေတ္တာတော်ရှင် အဖမြတ်စွာသော ဘုရားသခင်။ ကိုယ်တော်ရှင်ရဲ့ ကျေးဇူးတော်ကြောင့်
ကျမတို့  အသက်ရှင်ရသော အခွင့်၊ ကောင်းမွန်စွာ နေထိုင်စားသောက်ရသော အခွင့်ကို
ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ် အဖ။ ကျမတို့ ကို ချစ်တဲ့ မိသားစု၊ မိတ်ဆွေများနဲ့ ဝန်းရံပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဦးစွာ ။ ကျမတို့ မှာရှိသော သိလျက်နဲ့သော်လည်းကာင်း၊ မသိလျက်နဲ့သော်လည်းကောင်း
ပြုလုပ်ခဲ့တဲ့ အပြစ်တွေကို ဖြေလွှတ် ဖြေရှင်းပေးတော်မူပါ။ ထိုအပြစ်တို့ကို ပြန်လည်ပြုပြင်
တတ်ဖို့  သွန်သင်ပါ၊ လမ်းပြပါ၊ ဆုံးမတော်မူပါ။ ကျမတို့ မှာရှိတဲ့ လူဇာတိနဲ့ဆိုင်သော၊ မလို
လားအပ်သော လောဘ၊ ဒေါသ၊ မောဟနဲ့ မာန်မာနတို့ကို ကိုယ်တော်ရဲ့  မေတ္တာတော်၊ သန့် ရှင်းသောဝိညာဉ်တော်ဖြင့် ဆေးကြောပေး တော်မူပါ။ သူတပါးအပြစ်ကို ချည်နှောင်
ထားခြင်းမရှိဘဲ ခွင့်လွတ်နိုင်ဖို့ ခွန်အားအစွမ်း သတ္တိကိုပေး တော်မူပါ။

အထူးသဖြင့် အမိမြန်မာနိုင်ငံအတွက် အထူးသတိရ တောင်းလျှောက်လိုပါတယ်။ ကိုယ်
တော်သိတဲ့အတိုင်း မတရား ရက်စက်သော အုပ်ချုပ်မှု အောက်က ဒုက္ခဆင်းရဲ ခံစားနေရတဲ့ တိုင်းသူပြည်သားတွေကို သနားတော်မူပါ။ မာကျောနေတဲ့ အုပ်ချုပ်သူတို့ ရဲ့ နှလုံးသားကို
ကိုယ်တော်ရှင်ရဲ့  မေတ္တာတော်နဲ့ တို့ ထိပြီးသကာလ သူတို့ ရဲ့ နှလုံးထဲမှာ ဆင်ခြင်တုံတရား တွေဖြစ်ပေါ်လာအောင် မစ သနားတော်မူပါ။

နှစ်ပေါင်းများစွာ လောင်မြိုက်နေတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းရတဲ့ လမ်းစကို ပြတော်မူပါ။
ကောင်းသော အပြောင်းအလဲအတွက် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအားဖြင့် ပြည်တွင်း
ပြည်ပက ကြိုးစားသူများ အားလုံးအတွက် အထူးသတိရ ဆုတောင်းပါတယ်။ သူတို့ကို
ကျန်မားခြင်းအခွင့်နဲ့  လိုအပ်တဲ့ ဥာဏ်ပညာ၊ အသိပညာတို့ ကို ပေးတော်မူပါ။

အထူးသဖြင့် နိုင်ငံရေး ကဏ္ဍတွေမှာ ဦးဆောင်နေသူတို့ အတွက် အထူးသတိရ ဆုတောင်း
ပါတယ် အဖဘုရားသခင်။ သူတို့ ကို ချိုးငှက်ကဲ့သို့  ဖြူစင် အပြစ်ကင်းသလို မြွေကဲ့သို့  လိမ္မာ
ပါးနပ်တတ်အောင်၊ ထိမိပြတ်သားတဲ့ ဦးဆောင်မှုမျိုး ပေးတတ်အောင် သွန်သင်တော်မူပါ။
တိုင်းပြည်နဲ့  အသင့်တော်ဆုံး ပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ် ပေါ်ပေါက်လာဖို့  အတွက်လည်း
မစတော်မူပါ။ ကျမတို့ကိုလည်း ကိုယ်တော် အသုံးပြုတော်မူပါ။ ကျမတို့သည် သာမာန်လူ
သားသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်သည် ကျမတို့ကို အသုံးတည့်တဲ့ အစွမ်းအစတစ်ခုခု ပေးထားတယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။

ကိုယ်တော်။ ကျမတို့အနေနဲ့  တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ သော်လည်းကောင်း
ရှိတဲ့အစွမ်း အစနဲ့ အကောင်းဆုံး ပြီးမြောက်ဆောင်ရွက်တတ်အောင် လမ်းပြပါ။ အချိန်ဆွဲ
တတ်သော ကျမတို့ရဲ့ အားနည်းချက်၊ စိတ်မရှည်သော အားနည်းချက်တို့ကို ရင်ဆိုင်ကျော်
လွှားနိုင်ဖို့ ခွန်အား ပေးတော်မူပါ။ ကျမတို့ရဲ့ အားနည်းချက်၊ မပြည့်စုံခြင်း များစွာကနေ ကိုယ်
တော်ရှင်ထံပါး တိုးဝင်ချဉ်းကပ် ဆုတောင်းတဲ့ အသံကို နားညောင်းတော်မူ ပါမည့်အကြောင်း တပါးတည်းသောသားတော် ခရစ်တော် ယေရှုဘုရားရဲ့  နာမတော်ကို အမှီပြု၍ ကိုယ်တော်
ရှင်ရဲ့  နှုတ်ကပတ်တော်ကို နှလုံးသွင်းပြီး အလွန်ရိုသေစွာ တောင်းလျှောက်အသနားခံပါ
တယ်။ (အာမင်)

အစိုးရအဆက်ဆက် ပစ်ပယ်ထားတဲ့ချင်းတောင်တန်းတွေပေါ်က မြို့ ငယ်၊ ရွာငယ်လေး
တွေမှာ အခုလို ဆုတောင်းသံတွေဟာ နေ့စဉ်လိုလိုထွက်ပေါ်နေပါတယ်။ ဘယ်သူတွေ
နားထောင်နေပါသလဲ။


(၅)

မနက်လေးနာရီ။ မန္တလေးမြို့ ဆင်ခြေဖုန်း။ ကုန်တင်ကားဂိတ် တနေရာ။

ဟိတ်လူ ထတော့။ ဒီမှာ ဆိုင်ခင်းတော့မယ်။ တခြားနေရာမှာသွားအိပ်။ စောစော စီးစီး
သူများ စီးပွါးရှာ မယ့်နေရာ လာပြီး ခွေအိပ်နေတာ လာဘ်တိတ်တယ်။ ဟုတ်ကဲ့ပါ ဒကာကြီး
ရယ်။ အော်... ဟုတ်ကဲ့ပါခင်ဗျာ။ လူအ၀တ်အစားနဲ့ အရှင်သုမန ကပျာကယာ ထပြီး တခြား
နေရာ ခရီးဆက်ဖို့ ထွက်လာခဲ့ပါတယ်။

လူအ၀တ်အစားနဲ့ ဆိုပေမဲ့ သူက သိက္ခာ ချမထားဘူး၊ လူထွက်ထားတာ မဟုတ်ဘူး။ ရဟန်း
ဘ၀အဖြစ် ခံယူထားတုန်း။ အခြေအနေအရ လူအ၀တ်လဲထားတာ။ မနေ့ညက ကပ်လိုက်ခဲ့
ရတဲ့ ကုန်တင်ကားက ည၂နာရီလောက်မှ မန္တလေးကို ရောက်တာကြောင့် ဘယ်မှဆက်
မသွားပဲ ကားဂိတ်ဝင်းထဲက ဆိုင်ခန်းတခုမှာ ၀င်အိပ်ခဲ့တာ။ သူ့မှာ ပိုက်ဆံလည်းပြတ်နေပြီ။

မြင်းခြံ၊ ပခုက္ကူက သံဃာတွေဆီ လူဝတ်နဲ့ရောက်ခဲ့ပြီးပြီ။ ကိုယ်တော်တွေ စိတ်ဓါတ်မကျဖို့၊
လက်မလျှော့ဖို့၊ ပတ္တနိက္ကုဇန ကံကိုဆက်ပြီး ဆောင်ထားကြဖို့၊ တရားတဲ့လမ်းကို ဆက်
လျှောက်ဖို့၊ အားပေးခဲ့ပြီးပြီ။ အာဏာပိုင်တွေ ကြံ့ ဖွတ်တွေ မျက်လုံး ဒေါက်ထောက် ကြည့်နေ
တဲ့ကြားက အရှင်သုမန စွန့်စွန့်စားစား လှုပ်ရှားနေတာပါ။

သူက ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတုန်းက ရန်ကုန်တိုင်း သံဃာ့ လှုပ်ရှားမှု ကော်
မီတီရဲ့  ဦးဆောင်သံဃာ တော်တပါး။ တခြားထင်ရှားတဲ့ကိုယ်တော်တွေက ထောင်ထဲမှာ။
တချို့ က နယ်စပ်ကို ကျော်ပြီး နိုင်ငံခြား တိုင်းပြည်တွေဆီ ကြွကုန်ပြီ။ တချို့ က ပျောက်နေကြ
တုန်း၊ တချို့ ကတော့ ကိုယ့်ကျောင်း တိုက်ကို ပြန်ရောက်လာကြပြီ။ သူကတော့ စိတ်မလျော့
သေး နောက်ဆုံးအချိန်ထိ ယုံကြည်ရာကို လုပ်သွား မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိုယ်တော်။
အခုလည်း မန္တလေးက ကိုယ်တော်တွေဆီ အားပေး စကားတွေပြောဖို့ ဘယ်သူကမှ တာဝန်
ပေးမထားပဲ ဆက်လှုပ်ရှားနေတဲ့ သံဃာတော်။ လူ အ၀တ်ဝတ်ထားပေမဲ့ သံဃာတော်ရဲ့ 
သိက္ခာပုဒ် အတိုင်း နေထိုင်ကျင့်ကြံနေတုန်း။

သူ့ ခန္တာကိုယ်ကတော့ တော်တော်ပိန်ကျ သွားတယ်။ မျက်လုံးတွေကတော့ ပိုတောက်ပ
လာတယ်။ မြန်မာပြည်သူတွေရဲ့  ဒုက္ခ၊ တကာ၊ တကာမ တွေရဲ့  ဒုက္ခ သူ ကောင်းကောင်း
သိတယ်။ စက်တင်ဘာ လှုပ်ရှားမှုမှာ သံဃာတော်တွေ ဘယ်လောက် နူးညံ့ခဲ့ကြတယ်၊
သိက္ခာပုဒ်တွေနဲ့ အညီ မိုးတွေလေတွေထဲမှာ ဘုရားရင်ရဲ့  မေတ္တာသုတ်တွေကို ယုံယုံ
ကြည်ကြည်နဲ့ ဘယ်လောက်သိမ်သိမ်မွေ့ မွေ့ နဲ့ ရွတ်ဖတ် သရဇ္ဈာယ် ခဲ့ကြတယ်၊ အပူမီး
တောက်လောင်နေကြတဲ့ မြန်မာပြည်သူ တရပ်လုံးကို အေးချမ်းစေအောင် သံဃာတော်
တွေက ဘယ်လောက် မေတ္တာထားခဲ့ကြတယ်ဆိုတာ အရှင်သုမန အသိဆုံုံး။

အဲဒီလို ကမ္ဘာသိ သံဃာ့လှုပ်ရှား မှုကို စစ်အာဏာရှင်တွေက ဘယ်လောက်ထိ ယုတ်မာ
ရက်စက်ခဲ့ကြတယ်၊ သံဃာတွေ အပေါ် မုန်းတီးမှု ဘယ်လောက်ကြီးတယ်ဆိုတာကို
ပြသခဲ့တယ်၊ ဘာသာ၊ သာသနာကို ဘယ်လောက်ထိ စော်ကား ရိုင်းပြခဲ့တယ်ဆိုတာ
ကိုလည်း အရှင်သုမနအသိဆုံး။

ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဘုရားရှင်ရဲ့ သားတော်တွေဘက်က ဘာကြောင့်များ ရှုံးနိမ့်ခဲ့ရပါလိမ့်။ အို...မဟုတ်သေးဘူး။ ငါတို့ အရှုံး မပေးသေးသရွေ့  မရှုံးနိမ့်သေးဘူး။ ဘုရားရှင် ပြဌာန်းခဲ့တဲ့
ကံကို ဆောင်ထားသရွေ့ ၊ ဓမ္မတရားကို ယုံယုံကြည်ကြည် ကိုင်စွဲထားသရွေ့  ငါတို့ မရှုံးနိမ့်
သေးဘူး။ ဘုရားရှင်ကို ယုံကြည်မှု၊ မေတ္တာတရားကို ယုံကြည်မှု ၊ ဓမ္မတရားရဲ့  အစွမ်းထက်
မှုကို ငါတို့လို သံဃာတွေ ကမှ သက် သေပြပြီး မဖေါ်ထုတ်နိုင်ရင် ရာဇ၀င်ရိုင်းတော့ မပေါ့။
ဒို့သံဃာတွေ ယုံကြည်မှုနဲ့ အားတင်းထားဖို့ ငါ အသက်ရှင်နေသရွေ့လုပ်နေမယ်။

အ၀တ်အစားခပ်နွမ်းနွမ်းနဲ့ သံဃာတော် တပါးလို တည်တည်ငြိမ်ငြိမ်နဲ့ ကုန်ကားဂိတ်ထဲကနေ
ထွက်သွားတဲ့ အရှင်သုမန။ မန္တလေးမြို့  လေးပြင်လေးရပ်မှာရှိတဲ့ စာသင်တိုက်တွေဆီကို
မထင်မရှားနဲ့ ၀င်ရောက် စည်းရုံး မယ့် အရှင်သုမန။ ဝေလီဝေလင်း အချိန်မှာပဲ မန္တလေးမြို့ 
ထဲကို ၀င်ဖို့ ကြွလာပါပြီ။

ကားဂိတ်ထဲက မနက် စောစောဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ထဲကနေ မင်းကွန်း ဆရာတော်ရဲ့ 
မေတ္တပို့သံကို ကြားနေရပါတယ်။ ရှင်သုမနလည်း လိုက်ပြီးရွတ် ဆိုနေမိတယ်။ ဒီမေတ္တာပို့သံ
တွေကိုပဲ တကမ္ဘာလုံး ပဲ့တင်ထပ်အောင် စက်တင်ဘာလတုံးက မိုးတွေရေတွေထဲမှာ သူတို့
မျက်ရည်တွေ ကျပြီး ရွတ်ဆိုခဲ့ကြတာ မဟုတ်လား။ အခုလည်း လူအ၀တ် အစားနဲ့ အရှင်သုမန လမ်းလျှောက်ရင်း မျက်ရည်တွေကျနေပါပြီ။

အရှေ့ အရပ်၌ရှိသော... အနန္တစကြ၀ဠာ... အနန္တသတ္တ၀ါတို့ ... ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ...
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ... ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ...နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...

ဒီလိုမေတ္တာ ပို့သကြတဲ့ အသံတွေ နေ့စဉ်နေတိုင်း ဖိတ်လျှံနေတဲ့ အရှေ့ တောင်အာရှက တိုင်း
ပြည်လေး တခုမှာ ဘာသာတရား ကိုင်းရှိုင်းကြတဲ့ အစ္စလမ်ဘာသာဝင်တို့ရဲ့  ပလီ ၀တ်ကျောင်း
တော်တွေ၊ ကိုရမ် ကျမ်းစာကျောင်း တွေ၊ ခရစ်ယာန် ဘာသာဝင်တွေရဲ့  ဘုရားရှိခိုးကျောင်းတွေ၊
သမ္မာကျမ်းစာ ကျောင်းတွေ။ သာသနာပြု ကျောင်း တွေ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့  စေတီပုထိုး ဘုရားကျောင်းကန်တွေ၊ ဟိန္ဒူဘာသာဝင်တို့ရဲ့  ၀တ်ကျောင်းတော်တွေ တိုင်းပြည်အနှံ့ ပေါများ စည်ကားနေတာဟာ ငြိမ်းချမ်းတဲ့ အလှတရား တခုပါပဲ။ အဲဒီတိုင်းပြည်လေးထဲမှာ မေတ္တာတရား
ဆိုတာ လှပတဲ့ အရာတခု ဖြစ်ကြောင်း၊ အနုပညာမြောက်တဲ့ အရာဖြစ်ကြောင်း ပြသနိုင်ဖို့က
တော့ ခက်ခက်ခဲခဲ ရှာဖွေရပါလိမ့်မယ်။ အနုပညာမြောက်တဲ့ အလှတရားဆိုတာ ရှားပါးတတ်ပြီး၊
ခက်ခက်ခဲခဲ ရှာဖွေရတတ်တယ်ဆိုတာ ဟုတ်မယ်ထင်ပါရဲ့  မိတ်ဆွေများခင်ဗျား။
ကျန်းမာကြပါစေ။

(နိဂုံး)

ဘုရားသ္ခင်… ။
ဘုရားရှင်၏ ထူးမြတ်လှသော တရားတော်များအား အကြွင်းမဲ့ ယုံကြည်ပါ၏ ။ မေတ္တာပို့တတ်
လွန်းကြသော၊ ဆုတောင်းတတ်လွန်းသော မြန်မာပြည်သူပြည်သား အားလုံးကို အန္တာရယ်
အပေါင်းမှ ကင်းဝေးစေရန် စောင့်ရှောက်ပေးတော်မူပါ။တပည့်တော်၏ ဘလော့ဂ်လေးကိုလည်း စောင့်ရှောက်တော်မူဖို့ မမေ့ပါနဲ့ဘုရား။ ဤဘလော့ဂ်မှ ရွှေလမ်းငွေလမ်းပွင့်၍ ကြွယ်ဝချမ်းသာမှု
ကို ပေးသနားတော်မူပါ။ ကျေးဇူးတင်ပါတယ် မြတ်စွာဘုရား။ အာမင် ။

Sunday, April 19, 2009

ဘယ်ဆိုးလို့တုံး








သင်္ကြန်တွင်း အပျင်းပြေအောင်ဆိုပြီး ကမန်းကတန်း မဏ္ဍပ်ထောင်ပါတယ်။ သံချပ်ဝိုင်း
ထိုးမယ်ဆိုပြီးနီးစပ်ရာဘလော့ဂါတချို့ ကို သံချောင်းခေါက် တပ်လှန့်ပါတယ်။ တချို့ ကို
လက်တို့ အသိပေးပါတယ်။ မဆိုးပါဘူး။ ရွာနီး ချုပ်စပ်က ကြည့်ပျော်ရှုပျော်ဖြစ်အောင်
ဝိုင်းကြရှာသားပဲ။တတ်စွမ်းသရွေ့ သံချပ်ကလေးများဖန်တီးပြီး အစု၊ အဖို့ ထည့်ကူကြရှာ
ပါတယ်။ ပျော်စရာကောင်းသားပဲ။ တချို့ ကလည်း တိုတိုတုတ်တုတ်နဲ့ ထိထိမိမိလေး ရေးကြပါ
တယ်။တချို့ ကလည်းရှည်ရှည်သာသာ ဖွဲ့ ကြပါတယ်။အမျိုးသမီး ၊ အမျိုးသား စုံကြရှာသားပဲ။
မဆိုးပါဘူး။ဝမ်းသာရပါတယ် မိတ်ဆွေများခင်ဗျား။

သံချပ်သမိုင်းကို သိပ်မသိပါ။ သေချာပြုစုထားတဲ့ သမိုင်းလည်းရှိဟန်မတူပါ။ ဘယ်ခေတ်။
ဘယ်နှစ်ခုနှစ်က ။ ဘယ်သူတွေက။ ဘယ်မှစခဲ့ကြမှန်းမသိပါ။ လွတ်လပ်ရေး မတိုင်ခင်က
ရှိပုံမပေါ်။ သိကြရင်လည်း မျှကြပါဦးခင်ဗျား။

ရွှေပြည်ကြီးမှာအရင်အခါက သံချပ်မင်းသားတွေလည်း တနယ်တမင်းထွန်းကားခဲ့ပါသတဲ့။
မှတ်မိသလောက်။ ဗိုလ်သခင်ဆရာ ဆိုတဲ့သံချပ်အဖွဲ့ မန္တလေးကဆိုလား၊ မိတ္ထီလာကဆိုလား။
ရန်ကုန်မှာဆိုရင် သံချပ်မင်းသား နီအောင်ကျော်တဲ့ ရခိုင်အမျိုးသားပေါ့။ နောက်ပိုင်းမှာ မောင်
ကြေးမုံတို့ ဂန္တ၀င်မောင်ဝိုင်းတို့ရဲ့ သံချပ်တွေက နာမည်ကြီးဆိုပဲ။ ကဗျာဆရာအောင်ချိမ့်တို့ ငါး
သိုင်းချောင်းဝံ သာတို့ အညာတမာတို့ဟာလည်း မူလက သံချပ်သမားတွေဆိုပဲ။ စာရေးဆရာ
အီကြာကွေးလည်း သံချပ်ဆရာပါတဲ့။ သူတို့တွေ ဘာတွေများဖွဲ့ ဆိုခဲ့ကြသလဲဆိုတာတော့
မှတ်တမ်းမှတ်ရာများ မတွေ့ ရ။ သူတို့ သံချပ်တွေက ခေတ်ကိုသံချပ်ထိုးပြီးသရော်ကြတဲ့အခါ
ပီပီပြင်ပြင်၊ ထိထိမိမိရှိကြသတဲ့။ တိုင်းပြည်အတွင်း မတော်မတည့်တာတွေကို ပြင်ဆင်နိုင်ဖို့
လှလှပပနဲ့ မှတ်မှတ်ရရ သတိပေးနိုင်ကြသတဲ့။ သံချပ်ပြိုင်ပွဲတွေလုပ်ပြီး ဆုတွေများတောင်
ပေးခဲ့ကြသတဲ့။

တဘက်မှာလည်း သံချပ်သမားတွေဟာ အာဏာပိုင်တွေရဲ့ရန်သူတော်တွေအဖြစ် သတ်မှတ်ခံရ
သူတွေတဲ့။ အာဏာပိုင်တွေရဲ့  အားနည်းချက်ကိုထောက်ပြသူတွေကိုး။ နာမည်ကြီးသံချပ်သမား
တွေဟာ သင်္ကြန်မတိုင်ခင် ဖြစ်ဖြစ် သင်္ကြန်ပြီးရင်ဖြစ်ဖြစ် ထောင်ထဲ ဆွဲသွင်းတာခံကြရသတဲ့။ ဒီအကြောင်းတွေကိုအခု ပြန်ပြောနိုင်တာကလည်း ကဗျာဆရာကြီး တင်မိုး မကွယ်လွန်ခင်က
သူနဲ့ သင်္ကြန်အကြောင်း ပြောကြဆိုကြရင်း မှတ်သားမိတာလေးတွေပါ။ အခုအဖမ်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဆိုလည်း ဆိတ်ပါးစပ်နဲ့ နတ်မျက်စိဆိုတဲ့ သံချပ်အဖွဲ့ 
သံချပ်သမားဆိုပဲ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံချပ်ပျောက်သွာခဲ့တာ အခုချိန်ထိပါပဲ။ အခုခေတ်
ကလေးသူငယ်များ သံချပ်ဆိုတာ ဘာမှန်းမသိတော့ပါ။ သံချပ်ကမပျောက်သွားအောင်ထိမ်း
သိမ်းထားသင့်တဲ့ ယဉ်ကျေးမှု ပစ္စည်းတခုပါ။ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အား
စုတွေကတော့ ၁၉၉၀နောက်ပိုင်းမှာ တိုက်ပွဲ ၀င်သံချပ်။ တိုက်ပွဲခေါ်သံချပ်ဆိုပြီး စစ်အာဏာ
ရှင်ဆန့် ကျင်ရေး သံချပ်တွေထွက်နေပါတယ်။ ပြည်ပရေဒီယို တွေကလည်း သူတို့သံချပ်တွေ
ကို ထုတ်လွှင့်ပေးပါတယ်။ နားထောင်လို့ လည်းကောင်းပါတယ်။ ပြည်သူတွေအတွက် ပြုပြင် သင့်တာတွေကိုလည်း ရံဖန်ရံခါထည့်ပြောကြတာကိုတွေ့ ရပါတယ်။မဆိုးပါဘူး။

သံချပ်မျိုးဆက်ပြတ်မသွားဖို့ လိုပါတယ်။ ပြည်သူအများ ပြုပြင်သင့်တယ်ဆိုပြီး ကိုယ်မြင်တာ၊
ကိုယ်ထင်တာတွေကို သင်္ကြန်ကာလ ပျော်ပျော်ပါးပါး စုမိကြတုန်း သံချပ်ထိုးပြီးပြောတယ်
ဆိုတာက ချစ်စရာအလေ့အထလေးပါ။ ဒီအလေ့အထကို ပျောက်မသွားအောင်၊ အချိန်ကြာ
လို့ မေ့မသွားအောင် လေ့ကျင့်တဲ့အနေနဲ့ ကျွန်တော်များ ရွှေပြည်ဝေး မဏ္ဍပ်က သံချပ်ထိုးဖို့
လုပ်ခဲ့တာပါပဲ။ မဆိုးပါဘူး။ တတ်နိုင်သမျှ ၀ိုင်းပြီးရေးကြဖွဲ့ ကြလို့ ကြည့်ပျော်ရှုပျော် သံချပ်
လေးများ မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ သံချပ်မောင် မယ်များ အားလုံးကျန်းမာကြပါစေ။

သံချပ်တွေကို ၀င်မထိုးကြပေမဲ့လည်း လာရောက်ဖတ်ရှုသွား ကြသူများကိုလည်း ကျေးဇူး
တင်ပါတယ်။ပျော်ရွှင်ကြပါစေ။ အခုလိုစုစုဝေးဝေးလေး အတူဝိုင်းလုပ်ရ တာကလည်း အွန်
လိုင်းပေါ်မှာ ပျော်ပွဲစားထွက်ရသလိုပါပဲ။ စိတ်ချမ်းသာပါတယ်။ ကျွန်တော်တို့ ဘယ်ဆိုးလို့
တုန်းလို့ မျက်ခုံးပင့်မိပါတယ်။ ပျော်ပါတယ်ခင်ဗျား။ နောင်နှစ်မှာ တကြိမ် ထပ်ဆော်ကြသေး
တာပေါ့။ နော့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, April 13, 2009

သံချပ်ထိုးကြစို့


-->



(ဓါတ်ပုံကို flickr ဆီက ယူပါတယ်)
သင်္ကြန်ကာလမှာ စာမဖွဲ့ တော့ပါဘူးလေလို့ တွက်ထားတာပါ။ ပန်ဒိုရာရဲ့ ဘလော့ဂ်မှာ
သင်္ကြန်အကြောင်း တောင်ရေး၊ မြောက်ရေး လုပ်တာတွေတွေ့တော့ သွေးကကြွလာပါ
တယ်။ ပိုးက ထလာပါတယ်။ တခုခု လုပ်ချင်လာပါတယ်။ ရွှေပြည်ဝေးဘလော့ဂါတွေ
စုပေါင်းပြီး သံချပ်ဝိုင်းထိုးရင် ပျော်ဖို့ကောင်းမယ်လို့ထင်ပါတယ်။ ကျနော်က မဏ္ဍပ်
စိုက်မယ်ပေါ့။

အရက်ကြိုက်လည်း အရက်။ လက်ဘက်ကြိုက်လည်း လက်ဘက်ပေါ့။ (ဆေးမဆိုးတဲ့
လက်ဘက်ကို ရွေးထားပါတယ်။ မပူပါနဲ့။) ကဲ ။ ချစ်မိတ်ဆွေ ပြည်ဝေး ဘလော့ဂါအပေါင်း
ကျနော့်ရဲ့ မဏ္ဍပ်ကိုလာပြီး စိတ်ကူးတည့်ရာ သံချပ်များဝိုင်းထိုးကြဖို့ ဖိတ်ခေါ်ပါတယ်။
သင်္ကြန်ကာလ အပျော်ပေါ့ဗျာ။ တခြားမိတ်ဆွေတွေကိုလည်း သံချပ်ဝင်ထိုးဖို့ လက်တို့
လိုက်ကြပါဦး။ ကိုင်း။ ကျနော်ကပဲ စလိုက်ပါရစေ။

“ရွှေပြည်ဝေး အစုံသုပ်သံချပ်များ”

(အဖွင့်တီးလုံး) တုံ ချန်းချန်း ၊ တုန် ချမ်းချမ်း။

ဒို့လူလေးများ ဆိုသလေး ။ ဝေလေလေ၊ ဝေလေလေ။

တူးပို့သံများကြားလို့နေ၊ ဒို့ပြည်ကြီးမှာ သင်္ကြန်ပွဲဆင်ပေါ့။

သင်္ကြန်ရေအေးနဲ့ ဝေးတဲ့အခါ ၊ ငေးငေးငိုင်ငိုင် စိတ်ညစ်နေလား။

စိတ်ညစ်လို့လည်း မထူးတော့ပါ ၊ သင်္ကြန်သီချင်းဖွင့်ကာ ရေထချိုးလိုက်။

(ဆက်ကြပါ)
-သံချပ်ဆြာ ဇာနည်ဝင်း -

(ရန်ကုန်က သူငယ်ချင်းများအတွက်)

သင်္ကြန်သီချင်းဖွင့်ဖို့ မီးက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

သင်္ကြန်ရေပက်ဖို့ ရေက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

နိုင်ငံတော်ကြီး တိုးတက်နေ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

-သံချပ်ကလျာ ပန်ဒိုရာ-
ခွက်စုတ်ပေါတဲ့တို့ရွှေပြည်၊ တိုးတက်နေသည် ရှေ့သို့ရှေ့သို့။

သိကြားမင်းကြီးရောက်လာရင်၊ ကော်နက်ရှင်လေး ဖြတ်ပေးပါဦး။

သိကြားမင်းကြီးရောက်လာရင်၊ ကြက်ဆူပင်လေး စိုက်သွားပါဦး။

သိကြားမင်းကြီးရောက်လာရင်၊ ပုဆိန်ရိုးတွေ ရှင်းပေးပါဦး။

ဆိုးဆေးလက်ဖက် ကျွေးပါ့မယ်၊ သိကြားမင်းကြီးရယ်
(ကူညီပါဦး :P)

-သံချပ်မဒီ ဆွိပိုနီ-
ကြံကာဖန်ကာပျော်ရတာ၊ ရေမြေခြားက တို့မောင်နှမ။

သင်္ကြန်ချိန်ခါ ကျရောက်လာ၊ တို့ ရိုးရာမို့  ဆင်ကာနွှဲဖို့ ။

လှူတာတန်းတာ စတုဒီတာ၊ ရေမြေခြားက ကျောင်းကန်မှာဗျ။

အကြောင်းကြောင်းကြောင့် စွန့် ခွာလာ၊ ရေမြေခြားမှာ စီးပွားရှာရ။

စီးပွားရေးမှာ အကွက်မြင်၊ ဘုန်းကြီးကျောင်းရှေ့ မှာ ဘီယာရောင်းသဗျို့ ။

ရလာခဲ့တဲ့စတုဒီသာ၊ ဘီယာနဲ့တွဲကာ လွေးကြတာပေါ့။

သကြားမင်းက မြန်မာပြည်မှာ၊ စင်ကာပူမှာ ကဲကြ ကဲကြ။

သိကြားမင်းကြီး စိတ်အိုက်နေ၊ ပုရပိုဒ်က ကုန်ခါနီးသမို့ ။



-သံချပ်စပါယ်ရှယ် အောင်သာငယ်-

ရန်ကုန်မြို့ကြီး ဘယ်လောက်စည်

နေပြည်တော်ကို တူနိုင်ရိုးလား....

နေပြည်တော်က ဆန်းတကြယ်

လှိုဏ်ခေါင်းတွေတောင် တူးတယ် ဆိုပဲ....

လှိုင်ခေါင်းတူးအောင် ဘယ်သူဆောင်

သန်းရွှေ၊ မောင်အေး၊ သိန်းစိန်ဆိုပဲ...

အချိန်မတော် လှိုဏ်တွေတူး

သည်လူတွေက ရူးနေလို့လား...

မရူးပါဘူးမောင်ရင်ရယ်

ပြေးလမ်း ကြို စီစဉ်ပါတယ်...

လှိုဏ်ခေါင်းတွေကို နက်နက်တူး

ယောယုဝမှာ နေရာဦး...


-သံချပ်သမား ဂိုဏ်းစတား-

ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ
သက်ဆိုင်ရာတွေ ကာဆီးကာဆီး ။

သက်ဆိုင်ရာတွေ ကာဆီးကာဆီး
ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ ။

ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ
M-C-P-A- ခေါင်းရှောင်သည်ဗျ ။

M-C-P-A- ခေါင်းရှောင်သည်ဗျ
ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ ။


-CONTACT ရဲ့ သံချပ်-


သင်္ကြန်အခါဆို အိမ်လွမ်းလိုက်တာ မပျော်နိုင်ပါ
ကျက်သရေတုံးတွေ ရှိတုန်းမို့  မပြန်ချင်ပါ ။

အို..ပြန်အုံးမှာ ပြန်အုံးမှာ
ကျက်သတုံးတွေ အမြန်မသာပေါ်တဲ့အခါ။


-သံချပ်လက်ဆော့ ဖူးစတော့-

နှစ်သစ်မင်္ဂလာ ကျရောက်လာ.. ဖူးပွင့်ဝေဆာ ပိတောက်ပွင့်တွေနဲ့..။

စိုယုံလေးသာ ဖြန်းပက်တာ.. ဖက်ဆွတ်ခါတိုး သင်္ကြန်မိုးဖွဲဖွဲ…။

တူးပို့တူးပို့ ကြားတဲ့အခါ.. မြုးလို့ခုန်ပါ သင်္ကြန်ယိမ်းဒိုးမို့…..။

တို့ပြည်ကြီးလည်း ထူးခြားမလာ.. နှစ်အသစ်တောင် ကူးပြန်ပြီဟ… (( နှစ်အသစ်တောင် ကူးပြန်ပြီဟ…)).။

(အမ် ဆိုင်ဘူးလား.. ကဲ.. မထူးပါဘူး… အပေါ်ကတယောက်လည်း ဆန္ဒပြည့်သွားအောင်.. :D..)

အဆိပ်ခတ်ထားတဲ့ မုန့်လုံးရေပေါ်.. ကျွှေးလိုက်ပါနော် တို့အဘချုပ်များ…။

ပြည်သူတွေ ပို့သရွှေမေတ္တာ.. စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း… (( စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း ))..။

ဟေ့. သိန်းစိန်လား.. ဟေ့. သန်းရွှေလား.. ဟေးးး လားးး မောင် အေး. လား…….။



-သံချပ်သက်ဝေ-
ကမ္ဘာတဝှမ်းမှာ စီးပွားပျက်တာ တို့ရွှေပြည်က မဖြုံသေး..

ဘယ်သူပျက်ပျက် တို့မပျက် တို့ရွှေပြည်မှာ အလုပ်အကိုင်ပေါစွ…

ခေါင်းဆောင်များရဲ့ စေတနာ… ထူးထူးခြားခြား ရှာမှရှားပဲ…

ခေါင်းဆောင်များရဲ့ မေတ္တာတွေ… ဝေဆာနေတာ အံ့မခန်းပဲ…

သူတို့စေတနာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

သူတို့ မေတ္တာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

နိုင်ငံခြားမှာ အလုပ်မရရင်… ရွာကိုလာကာ ကောက်ပင်စိုက်ကြ…

နိုင်ငံခြားမှာ အလုပ်ပြုတ်ရင်… ရာဘာပင်တွေ အစေးလာခြစ်ကြ…

နိုင်ငံခြားမှာ အလုပ်ရှားရင်… ရွာကိုသွားကာ ဆားပြန်ချက်ကြ…

သူတို့တွေရဲ့ စေတနာ… လေးစားလောက်ဖွယ်ရာ…

အရာရာမှာ စဉ်းစားပေး.. တို့ပြည်သူတွေအရေး…


-မဏ္ဍပ်ပိုင်ရှင် ကိုလေရွှင်-

ဒို့မဏ္ဍပ်ကြီး စည်လို့လာ ဘလော့ဂါမောင်မယ် တက်ကြွနေလို့ ။

သူတို့ဘာကြောင့်တက်ကြွနေ ရင်ထဲရှိတာ အော်ဟစ်ရလို့ ။

သင်္ကြန်တွင်းမှာပျော်ရွှင်ပါ ရင်ထဲရှိတာ အော်ဟစ်ပစ်ကြ ။

နိုင်ငံစုံက လာရောက်အော် ဒို့မဏ္ဍပ်မှာ အချောပေါသမို့ ။

မုန့်လုံးရေပေါ်ကြွေးသနော် ငြုပ်သီးပါရင် တာဝန်မယူဘူး။

မူးတဲ့သူများ သတိထားပါ အမြည်းကုန်ရင် နောက်ထပ်မရှိဘူး။

ရေကိုချွေတာသုံးကြပါ မီးစက်ပျက်ရင် နောက်ထပ်မရှိဘူး။

အသံကိုချွေတာ အော်ကြပါ အသံဝင်သွားရင် နောက်ထပ်မရှိဘူး။

သင်္ကြန်တွင်းဆုံတုန်း ချစ်ကြပါ အချစ်ကုန်ရင် နောက်ထပ်မရှိဘူး။

နောက်ထပ်မရှိလည်း ရပါတယ် ရပါတယ်လည်း နောက်ထပ်မရှိဘူး။

ဗိုလ်ချုပ်ကြီးများသတိထားပါ နောက်ထပ်မရှိရင် နောက်ထပ်မရှိဘူး။

(ဆက်ကြပါဦး ခင်ဗျ)



-သံချပ်ဗိုလ် ဂျူနို-

လူချမ်းသာလည်း ရင်တုန်လာတော့ လူနာပဲ လူနာပဲ ။
ဆင်းရဲသားလည်း ခေါင်းအုံလာတော့ လူနာပဲ လူနာပဲ ။
အာဏာစက်နဲ့ ဘုရင်ကြီးလည်း တစ်ကယ်တန်းတော့
လူနာပဲ လူနာပဲ။

ခြောက်လုံးပြူးနဲ့ လူသတ်သမားလည်း
သေမှာကိုတော့ ကြောက်တာပေါ့ ကြောက်တာပေါ့ ။

နားကြပ်ကြီးနဲ့ ဆရာဝန်လည်း မှန်တာပြောဖို့ 
ကြောက်တာပေါ့ ကြောက်တာပေါ့။

မကြောက်ရတဲ့ လူနာကိုတော့
ဟောက်တာပေါ့ ဟောက်တာပေါ့။

နန်းကျသူလည်း နေမကောင်းတော့
လူနာပေါ့ လူနာပေါ့ ။

ထီးနန်းရှင်လည်း ဖျားနာလာရင်
လူနာပေါ့ လူနာပေါ့ ။

သူခိုးတွေလည်း တစ်ကယ်တန်းကျ
ကြောက်တတ်ပေါ့ ကြောက်တတ်ပေါ့။

ဒို့ လူတွေလည်း ခံနေရတော့ နာလှပေါ့ နာလှပေါ့။

ရန်သူမိတ်ဆွေ မခွဲခြားဖို့ သစ္စာကိုတော့
ဆိုကြပါ့ ဆိုကြပါ့ ။

အဘမြင်တော့
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့ ။

သစ္စာတွေလည်း ဖေါက်လိုက်ကြ ဖေါက်လိုက်ကြ ။

စိတ်ကွယ်ရာလည်း မရှိပါ့ မရှိပါ့ ။

ကျောင်းသားဆိုရင် ဘုရင်ကြီးက
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့ ။

အကြွေးရှိရင် ချန်မထားနဲ့ 
ပေးလိုက်ကြ ပေးလိုက်ကြ ။

မြင်မြင်သမျှ လန့် နေလိုက်တာ
ကြောက်တတ်ပါ့ ကြောက်တတ်ပါ့ ။

ရောဂါရှိရင် မွေးမထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။
အကျဉ်းသားလည်း မေ့မထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။
ရွှေနန်းရှင်လည်း ပစ်မထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။

ဆရာဝန်တွေ ပါဝါပြတာ
ထောင်ထဲမှာ ထောင်ထဲမှာ ။

ထောင်မှူးကြီးလည်း ပါဝါသုံးတာ
ထောင်ထဲမှာ ထောင်ထဲမှာ ။

သူခိုးလေးလည်း လူမိသွားတော့
ထောင်ထဲရောက် ထောင်ထဲရောက် ။

သူခိုးကြီးတွေ ဆရာ မတော့
နန်းထဲရောက် နန်းထဲရောက် ။

ဗိုလ်ချူပ်ကြီးလည်း ပါဝါပြပြီး
နန်းထဲရောက် နန်းထဲရောက် ။

ဘုရင်ကြီးလည်း အာဏာမဲ့တော့
ထောင်ထဲရောက် ထောင်ထဲရောက် ။

ထောင်မှူးကြီးလည်း အလှည့်ရောက်တော့
ထောင်ထဲရောက် ထောင်ထဲရောက်။

လူချမ်းသာလည်း ရင်တုန်လာတော့
လူနာပေါ့ လူနာပေါ့ ။

သူဆင်းရဲလည်း ခေါင်းအုံလာတော့
လူနာပေါ့ လူနာပေါ့ ။

ရောဂါရှိရင် မွေးမထားနဲ့ 
ကုလိုက်ပေါ့ ကုလိုက်ပေါ့ ။

အရူးချီးပန်း လုပ်နေတာတွေ
ရပ်ပစ်လိုက် ရပ်ပစ်လိုက် ။

ရွှေနန်းရှင်လည်း ဖွက်မထားနဲ့ 
ကုပေးလိုက် ကုပေးလိုက်။

(အယ်ဇီ)

-သံချပ်ကံဆောင် ယောဟန်အောင်-
သံချပ်သံတွေ ဆူသကွယ်
တရားလုပ်နေသူ နားမခံနိုင်ဘူး ။

ဆြာယောလည်း မနေနိုင်ပါ
ရိပ်သာကနေ ထလာခဲ့ရ ။

ငါ့သမီး စာကျက်နေတယ်။
အလိုဗျာ....
"ဖုန်းဆက်လိုက်ရမလား....."

-သံချပ်ကလျာ ပန်ဒိုရာ-
လူကြီးတချို့ ရိပ်သာဝင်.. ဖန်ခွက်ကိုင်ကာ အရည်ပျော်လို့ ။

ပုတီးတလုံးဂျောက်ကနဲ ..တူးပို့သံကြား ငေါက်ခနဲ ။

သိကြားမင်းရဲ့ black list မှာ .. မှတ်လိုက်မှာနော် ဘာမှတ်နေလဲ ။

(ဟဲဟဲ)


-သံချပ် တေးမွန်-


ဒီနှစ်သစ်ကူးမှာ ထူးတယ်ဗျာ… ဘလောဂါတွေ စုပေါင်းအော်ကြ..။
(ဘလောဂါတွေ စုပေါင်းအော်ကြ… ဒီနှစ်ကူးက ထူးတယ်ဗျာ)

အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ … သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ.. ။
(သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ… အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ)

တူးပို့သံမကြားပဲ ပိုးထလာ.. မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ..။
(မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ… အွန်လိုင်းပေါ်က ဒီဘလောခ်မှာ)

နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်.. ငါမပါရင် မဖြစ်ချေဘူး..။
(ငါမပါရင် ပွဲမစည်ဘူး.. နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်)

ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ.. မြန်မာပြည်ကို လွမ်းကြ လွမ်းကြ..။
(အတာသင်္ကြန်ကို လွမ်းကြ လွမ်းကြ.. ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ)

မေတ္တာတရား ရှေ့ ကိုထား.. မြန်မာ ပြည်သူအများ ချမ်းမြေ့ ပါစေ..။
(မြန်မာပြည်သူတွေ အေးချမ်းကြစေ.. မေတ္တာတရား ရှေ့ ကိုထား)

ဘချုပ်ကြီးများတောင် မကျန်ပါ.. မေတ္တာတွေနဲ့ ဆုတောင်းပေးကြ..။
(မေတ္တာတွေနဲ့ဆုတောင်းပေးကြ.. ဘချုပ်ကြီးများတောင်မကျန်ပါ)

သေရာသေကြောင်း ဆုတွေတောင်း.. ဘချုပ်ကြီးများရပါစေ..။
(အော်.. ဘချုပ်ကြီးများရပါစေ.. သေရာသေကြောင်းဆုတွေတောင်း)

ဟေး ဖိုးစိန်လား... ဟေး ဖိုးရွှေလား.... ဟေ.. လာ.. မောင် တို့ လား... (၀ါး)


-သံချပ်သမား ဂိုဏ်းစတား-
၇၀ ကျော်လည်း ပင်စင်မယူ
မငြူမစူ၊ ခပ်ပြောင်ပြောင်ပဲ ။

ငါကိုယ်တော်မြတ် ကြွချီမယ်
လမ်းလျှောက်လာပြီ- တုန်ချိ တုန်ချိ ။

မင်းကျင့်တရား-နားစမ်းပါ
ပြေးသာဆည်းကပ်-ဆရာလေးဆီပဲ ။

ဆရာလေးဆီက-ဓါတ်ဆင်ရိုက်
စိုက်ခိုင်းပြန်ပြီ-ကြက်ဆူပင်တဲ့ ။

အနေကြာဖို့-လုပ်ပြန်ပြီ
ဟိုဟိုဒီဒီ-ရွှေနေကြာစိုက် ။

ကျဉ်းကြပ်ထဲမှ-လွတ်မြောက်ရေး
ထွက်ပြေးလေပြီ-ကြပ်ပြေးဆီတဲ့ ။

ညကြီးသန်းခေါင်-ယတြာချေ
ရွှေတိဂုံလည်း အငြိမ်မနေရ ။

တိုင်းစိုးပြည်အုပ်-ယတြာလုပ်
ကိုယ်ကျင့်တရားမှာ စုပ်စုပ်သာမြုပ်။

ဖွင့်ထားပါတယ် အစဉ်အမြဲ
မောင်သန်းရွှေအတွက် အ၀ီစိငရဲ ။

ကျွန်တော်ဘလော့ဂါ မသိပါ
ရေးမိပါတယ် သံချပ်ပို့စ်လေး ။

မုဒ်ဝင်လာမှ ရေးတတ်တာ
ကျွန်တော့်အကျင့်ပါ လူတိုင်းအသိ ။

ဒီညမှာတော့ မုဒ်ဝင်တယ်
ရေးမိပြီကွယ် ဒီဘုန်းတော်ဘွဲ့  ။


-သံချပ်မဒီ ဆွိပိုနီ-

သင်္ကြန်ချိန်ခါရောက်လို့ လာ၊ ပျော်ကြရွှင်ကြ ဘလော့ပေါ်မှာဗျ ။

ရွှဲရွှဲစိုအောင်လောင်းကြပါဟ၊ smilies တွေနဲ့ ဘလော့ပေါ်မှာဗျ ။

စတုဒီတာတွေ ကျွေးနေတာ၊ လာပါစားပါ ဘလော့ပေါ်မှာဗျ ။

ရေပတ်ခံတွေ ထွက်လိုက်တာ၊ တစ်အိမ်တက်တစ်အိမ်ဆင်း ဘလော့ပေါ်မှာဗျ ။

သင်္ကြန်သီချင်းနဲ့ သံချပ်သံ၊ စီစီညံနေ ဘလော့ပေါ်မှာဗျ ။

ရပ်ဝေးမြေကတို့ တတွေ၊ သင်္ကြန်ကျတာ ဘလော့ပေါ်မှာဗျ ။


-မဏ္ဍပ်ပိုင်ရှင် ကိုလေရွှင်-


သင်္ကြန်ပွဲကြီးပြီးသွားပြီ ဒို့သံချပ်တွေ နားကြဦးစို့ ။

သံချပ်တွေက ချစ်စရာ သံချပ်မောင်မယ် စိတ်ဖြူစင်လို့ ။

အားပေးသူများ ကျေးဇူးပါ နောင်နှစ်ခါလည်း လာခဲ့ပါဦး။

နှစ်သစ်တခု ကူးခဲ့ပြီ ကောင်းတာတွေကို ပိုလုပ်ကြစို့ ။

ဒို့ရွှေပြည်ကြီး ကောင်းတဲ့အခါ ပြည်တော်ပြန်ကာ သံချပ်ထိုးစို့ ။

ရွှေပြည်ကြီးက မပြောင်းလဲရင် ပြောင်းလဲသွားအောင် သံချပ်ထိုးမဟ ။

သံချပ်ထိုးလို့မပြောင်းလဲရင် လူကိုယ်တိုင်ပဲ သွားထိုးကြစို့ ။

တတိုင်းပြည်လုံး ၀ိုင်းထိုးရင် ဘယ်အာဏာရှင် ခံနိုင်မှာတုန်း ။

ရွှေပြည်ဝေးတို့ လာခဲ့မယ် မကောင်းတာတွေကို ပြောင်းလဲပစ်ဖို့ ။

နောင်နှစ် ပိတောက်ပန်းပွင့်တဲ့အခါ ဒို့မဏ္ဍပ်ဟာ ရန်ကုန်မှာပေါ့ ။

သံချပ်များနဲ့ ပျော်ကြမယ် သင်္ကြန်ပွဲကိုလည်း ရက်ထပ်တိုးစို့ ။

မိတ်ဆွေများလည်း လာကြပါ ဒို့မဏ္ဍပ်မှာ ပြန်ဆုံကြစို့ ။

ကျုပ်သံချပ်လည်း ရှည်သွားပြီ စိတ်မဆိုးခင် ရပ်လိုက်ပြီဗျို့  ။


(အပိတ်တီးလုံး)

တုံ ချမ်း ချမ်း ။ တုံ ချမ်း ချမ်း

တုမ် ခြမ်း ချန်း ။ တုဏ် ခြန်း ချမ်း ။

တုံ ချန်း ခြမ်း ။ တုန် ချမ်း ခြဏ်း...