Monday, July 6, 2009
ပုလင်းအသစ်နဲ့ဝိုင်အဟောင်း
ကိုယ်ပိုင် ဘာသာစကားရှိရက်နဲ့ သူများစကားကို ထည့်ထည့်ပြောရတာ တော်တော်
မမိုက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ မြန်မာတွေက စကားပြောရင် ဘိုလို ထည့်ထည့်ပြီး ပြောတတ်
တာ အစဉ်အလာ ဖြစ်နေပါပြီ။ အခုခေတ် အင်္ဂလိပ်လို နည်းပညာဆိုင်ရာ ဝေါဟာရသစ်
တွေ ပိုတိုးလာတော့ ပိုဆိုးလာပါတယ်။ အထူးသဖြင့် ပညာတတ် အသိုင်းအ၀ိုင်း၊ မြို့ ပြ
အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ အဆက်အစပ်ရှိသူတွေ ဘိုလို သိပ်ပြောကြပါတယ်။
အိမ်နီးချင်း ထိုင်း၊ တရုတ်တို့ဆို ဘိုလို ထည့်မပြောကြပါဘူး။ ကိုယ့်စကားနဲ့ ကိုယ်ပြောကြ
တာပါ။ ပြောလို့ ရပါတယ်။ မြန်မာတွေက သက်သက် ဂုဏ်လုပ်ပြီး ပြောနေကြတာပါ။
နောက်တော့ အကျင့်ပါသွားရော။ ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ သူများပစ္စည်း ခိုးတာ
မျိုး မဟုတ်ပေမဲ့လည်း ကိုယ့်ဟာနဲ့ ကိုယ်၊ ကိုယ့်မာန်နဲ့ကိုယ် မနေနိုင်တာကိုက အားနည်း
ချက်လို့ မြင်ပါတယ်။ ကျွန်တော်လည်း ဒီအကျင့် စွဲနေပါပြီ။ သတိထားပေမယ့် လုံးဝ
ကောင်းအောင် မပြင်နိုင်သေးပါဘူး။ အများနဲ့ တယောက်လို ဖြစ်နေပါတယ်။ တကယ်
တော့ ဒါကလည်း ဆင်ခြေပါ။ လုပ်ရင်တော့ဖြစ်မှာပါ။ ဖြစ်အောင်လုပ်ရင် ရပါလိမ့်မယ်။
အမျိုးသားရေးတာဝန် တရပ်အနေနဲ့ကို လုပ်ရမယ့် အခြေအနေမှာ ရှိတယ်လို့ ထင်ပါတယ်။
မကောင်းတဲ့ အကျင့်က ရေရှည်ဆို ပြဿနာရှိပါတယ်။ နောက်မျိုးဆက်တွေအတွက်
ရှက်စရာပါ။
မြန်မာစကားသင်တဲ့ နိုင်ငံခြားသား လောကမှာ ရယ်စရာ ပြောကြတာတခုရှိပါတယ်။
မြန်မာစကား တတ်ချင်ရင် လွယ်လွယ်လေး။ အင်္ဂလိပ်လိုသာ များများထည့်ပြော။
ပိုတောင်ဂုဏ်ရှိသေး ဆိုတာပါ။ နာတတ်မယ်ဆို နာစရာပါ။ ဟာသတွေ ကြားဖူးတယ်
မဟုတ်လား။ မြန်မာလိုနဲ့ အင်္ဂလိပ်လို Mix လုပ်ပြီး မပြောကြနဲ့ ဆိုတာမျိုး။ အမျှော်အမြင်
ရှိသူတွေက သေသေချာချာ ပြုပြင်သင့်တာ ကြာပါပြီ။
အင်္ဂလိပ်စာနဲ့ အလှမ်းဝေးသူတွေ၊ အထူးသဖြင့် တောနေလူထုကတော့ ဒီပြဿနာနဲ့
ကင်းပါတယ်။ ပြဿနာက ဘိုလို မလွတ်မကင်း ဖြစ်အောင် နေထိုင်ပြောဆိုနေကြတဲ့
သူတွေဆီမှာ ရှိတာပါ။ တရုတ်တွေ၊ ထိုင်းတွေ၊ ဂျပန်တွေဆို နိုင်ငံခြားမှာ ဘယ်လောက်ပဲ
နေနေ အချင်းချင်းပြောဆိုတဲ့အခါ ဘိုလိုလုံးဝ မပါ။ မြန်မာတွေက ပြဿနာ။ အရမ်းကို
ဘိုလို ပြောချင်ကြသဗျာ။ တခါတခါများ မြန်မာအချင်းချင်း မြန်မာလို လုံးဝ မပါအောင်
တောင် ပြောနိုင်ကြသလေး။ မြန်မာပြည်က တိုင်းရင်းသား လောကမှာလည်း ဒီလိုပဲလို့
ထင်ပါတယ်။ သူများ စကားကို သုံးပုံတပုံလောက် ထည့်ပြောနေပြီဆိုတာက ကိုယ့်ရဲ့ 
စကားဟာ သုံးပုံတပုံလောက် ပျောက်ဆုံးနေပြီ ဆိုတာပါပဲ။
ဒီကနေ့ ကမ္ဘာမှာက ဘာသာစကားတွေရော၊ ယဉ်ကျေးမှုတွေရော တော်တော်များများက
မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကွယ် နေတာပါ။ ဘာသာစကား ပျောက်တော့ကော ဘာဖြစ်
သတုန်းလို့ အငေါ်တူးလာရင်တော့။ ဘာဖြစ်သလဲ သိချင်ရင် လေ့လာကြည့်လို့ပဲ ပြော
ချင်ပါတယ်။ အသေးစိတ် မရှင်းပြတတ်ပါ။ ကျွန်တော့်အမြင် ပျောက်သွားတာကမှ ရှင်း
သေး။ မပျောက်ပဲ ဟိုရောဒီရောဘာသာစကားကြီး ဆွေစဉ်မျိုးဆက် ခပ်တည်တည်နဲ့
ဆက်ပြောနေကြတာက ပျောက်သွားတာထက် ရှက်ဖို့ ကောင်းသေးလို့ ထင်တာပဲ။
သတိထားရမယ့် ကိစ္စက သတိထားမှ။ မဟုတ်ရင် ခံသွားရမယ်။ ကိုယ်တင်မကဘူး
နောက်မျိုးဆက်ပါ ခံရမယ့်ကိစ္စဆို ကျပ်ကျပ် သတိထားရမှာ။
တကယ်တော့ ဒီကိစ္စက သခင်ဘသောင်းတို့ ခေတ်ထဲက ပြောနေကြတဲ့ ကိစ္စပါ။
အခုထိ မပြုပြင်နိုင်သေးလို့ ဆက်ပြောနေတာပါ။ နိုင်ငံတကာသုံး ဝေါဟာရအသစ်တွေ
သိပ်ထွန်းကားနေတာက ဘာသာစကားအတွက် ပြဿနာဖြစ်တယ်ဆိုပေမယ့် ဖြေရှင်း
လို့ရတဲ့ ပြဿနာပါ။ သိပ်ပူစရာ မလိုပါဘူး။ အခုလည်း လူတိုင်းသိပြီးသား ကိစ္စကြီး
လျှောက်ရေးနေတာ ပျင်းစရာကြီးလို့ ပြောကြရင်လည်း ဆောရီးပါဗျာလို့ပဲ တောင်းပန်
လိုက်ပါတယ်ခင်ဗျား။ အာလုံး Good Luck ပါ။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
6 comments:
၅၀း ၅၀ ပဲထင်ပါတယ်ဗျာ...
ပြဿနာက တချို့ဟာတွေ ဘာသာပြန်ဖို့ ခက်တယ်။ ပြန်လိုက်ခါမှ နားမလည်ဘူးဖြစ်ဖြစ်သွားတယ်။ ဥပမာ
တယ်လီဖုန်းလို့မပြောပဲ စကားပြောကြေးနန်း
အီးမေးလ်လို့ မပြောပဲ လျှပ်စစ်စာလွှာ (ဒါက နည်းနည်း တော်သေးတယ်။)
ကွန်ပျူတာလို့ မပြောပဲ အချက်အလက် တွက်ချက် သိမ်းဆည်းစက်
ဆော့ဖ်ဝဲ (ဟတ်ဒ်ဝဲ)လို့ မပြောပဲ အပျော့ထည်(အမာထည်)
နက်ဝပ်လို့ မပြောပဲ ကွန်ရက်
အင်ဖော်မေးရှင်း ဟိုင်းဝေးအစား သတင်းအမြန်လမ်းမကြီး
အယ်လ်ဂိုရစ်သမ်လို့မပြောပဲ နည်းလမ်းစဉ်
ပရိုစီဂျာလို့ မပြောပဲ လုပ်ငန်းစဉ်
ပရိုဂရမ်လို့ မပြောပဲ အစီအစဉ်
စစ်စတမ် အနဲလစ်လို့မပြောပဲ စနစ်သရုပ်ခွဲပညာရှင်
ဖန်ရှင်လို့ မပြောပဲ မှီချက်
အင်ဖော်မေးရှင်း စစ်စတမ်အစား သုတသိပ္ပံ
စသဖြင့် ပြောရင် ငကြောင်လားလို့ အထင်ခံရနိုင်ပါတယ်။
အင်း........
တရားသေကြီးလက်ခံထားလို့တော့ မဖြစ်လောက်ဘူး ထင်ပ။
ကိုလောရှည်ပြောသလိုပဲပေါ့။
ကိုယ့်မြန်မာစကားကို တတ်နိုင်သလောက်ထိန်းသိမ်းထားဖို့လည်း တာဝန်ရှိတယ်။ မသုံးတာကြာလို့ ပျောက်လုလု စကားတွေကိုလည်း မသုံးဖြစ်တာတောင် သိနေသင့်တယ်။
ခေတ်အလိုက် လိုက်သုံးရတာလည်း သုံးရမှာပဲလေ။
ဂျပန်စကားမှာလည်း သူတို့က အင်္ဂလိပ်လိုသာ မပြောတာ၊ အင်္ဂလိပ်စကားလုံးတွေလည်း သူတို့စကားလုံးနဲ့ ပြန်အသံထွက်လိုက်တာပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။
အင်္ဂလိပ်စကားကို ကြည့် သူလည်း ကနဦး လက်တင်ဆီက၊ နောက် ပြင်သစ်လက်အောက်ရောက်တော့ ပြင်သစ်ဆီက၊ စသဖြင့် စကားလုံးတွေ ကောက်ယူမွေးစားရတာပဲ မဟုတ်ပါလားခင်ဗျား။ ဒီ့ပြင် တရုတ်ဆီက၊ ဂျပန်ဆီက၊ ကုလားဆီက၊ (မလေးဆီကတောင်ပါသေး ဟေးဟေး) တွေကလည်း မွေးစားတာပဲဗျ။ နောက်အခု တောက ဗမာတွေ ပြောနေကြတဲ့ ဗမာစကားကလည်း ဟိုးပဝေဏသီက ဗမာစကားမဟုတ်တာ သေချာသလောက်ပဲဗျ။ ဗမာစကားလို ဖြစ်နေတဲ့ ပါဠိစကားလုံး၊ သက္ကတစကားလုံး၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားထဲက မွန်စကားလုံး၊ ရှမ်းစကားလုံးတွေ အများကြီးမှ အများကြီးရယ်။ ကျနော့်ရဲ့ အတည်မပြုရသေးတဲ့ လေ့လာချက်တွေအရ ဗမာစကားဟာ မွန်စကားနဲ့ သဘာဝအရ ကွဲပြားနေပေမဲ့ အချို့ သဒ္ဒါစကားလုံးတွေက၊ အချို့ဝါကျတည်ဆောက်ပုံတွေ တူတယ်ဆိုတာ သေချာသလောက်ပဲ။ ကွန်ပျူတာက ဗမာစကား၊ ,Com'puter ကမှ အင်္ဂလိပ်စကား ကျုပ်က အဲလို အဲလို ယူဆတယ်။
ရေစစ္စလီ လုပ်ထားလိုက်ဗျာ။
Post a Comment