Wednesday, June 27, 2012

ဟုတ်မှလည်း လုပ်ကြ

ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးတို့မောင်နှမနှစ်ဦး အဆင်မပြေ
ဖြစ်နေတာ ကမ္ဘာသိကိစ္စ။ နှစ်ယောက်ထဲရှိတဲ့ မောင်နှစ်မအကြားမှာတောင်
အဆင်ပြေမှုကို (နှစ်တွေအတော်ကြာလာတဲ့အထိ) မထူထောင်နိုင်ပဲ မြန်မာ ပြည်ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဒေါ်စုကကြိုးစားမယ်ဆိုတာ ဖြစ်
နိုင်ပါ့မလား။

ကိုယ်ကျင့်တရားလည်း မကောင်း၊ ၀ိနည်းလည်း မလုံတဲ့ ဘုန်းတော်ကြီးက
အကျင့်သီလတွေအကြောင်း ဟောနေတာ အလုပ်ဖြစ်နိုင်ပါ့မလား။ ၀င်ငွေ
ကောင်းပြီး ချမ်းသာကြွယ်ဝနေတဲ့ ဘုန်းတော်ကြီးတွေကို ယုံကြည်သင့်
သလား။ ဘာသာရေးကနည်းနည်း လူမှုရေးကများများဘုန်းတော်ကြီးတွေ
ကို ကိုးကွယ်သင့်သလား။ အဟောကောင်းတဲ့ ဘုန်းကြီးနဲ့ အကျင့်ကောင်း
တဲ့ဘုန်းကြီး ဘယ်သူ့ကိုရွေးမလဲ။

ပြည်သူတွေကို ရက်စက်၊ ရွေးကောက်ပွဲမှာ မဲလိမ်ပြီးတက်လာတဲ့ အစိုးရဲ့
အုပ်ချုပ်မှုဥပဒေတွေကို တရားတယ်လို့ဆိုမလား။ ဒီလိုအစိုးရရဲ့ပြဌာန်းချက်
တွေကို လိုက်နာကျင့်သုံးသင့်သလား။ မတရားတဲ့ အမိန့်အာဏာဟူသမျှ
ဖီဆန်ရမလား။ မဲလိမ်ပြီး သမ္မတဖြစ်လာတဲ့သူရဲ့စကားတွေကို ယုံကြည်
သင့်သလား။ မတရားတဲ့သူက ဥပဒေစိုးမိုးရေးလို့ ပြောနေတာကို လက်ခံ
သင့်သလား။

ကိုယ်တိုင်ပြုပြင်ပြောင်းလဲရေး မလုပ်ပဲ သူများကို ပြုပြင်ပြောင်းလဲဖို့ ပြော
နေတာ အဓိပ္ဗါယ်ရှိပါ့မလား။ ကိုယ့်မိသားစုထဲမှာတောင် ညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သူက တိုင်းပြည်ငြိမ်းချမ်းရေးလုပ်
တာ အောင်မြင်နိုင်ပါ့မလား။ ကိုယ်ကျင့်တရားမကောင်းတဲ့ သတင်း
သမားရဲ့ သတင်းတွေဟာ စိတ်ချယုံကြည်ရပါ့မလား။ အပြောနဲ့ အလုပ်
ညီဖို့ လိုသလား။ ငါပြောသလို လုပ် ၊ ငါလုပ်သလို မလုပ်နဲ့ဆိုသူတွေကို
ဘယ်လို ဆက်ဆံသင့်လဲ။

တချို့ကိစ္စတွေက "Case by Case" စဉ်းစားသင့်တယ်။ ပြဿနာတွေကို
တခုချင်းစီ ခွဲခြားပြီး ဝေဖန်သင့်တယ်။ အနုပညာသမားရဲ့ အကျင့်စရိုက်နဲ့
သူ့ရဲ့အနုပညာကို မတိုင်းထွာနဲ့။ ထပ်တူ မချနဲ့။ စာရေးဆရာနဲ့ သူ့ရဲ့စာ
ကို ခွဲပြီးမြင်သင့်တယ်။ ၀ိနည်းက ၀ိနည်း။ တရားက တရား။ နိုင်ငံရေးနဲ့
လူမှုရေး၊ မိသားစုရေးကို ရောပြီးမဝေဖန်သင့်ဘူး။ စသည်အားဖြင့်။ သုံး
သတ်ပြောဆိုမှုတွေ ရှိတယ်။

အိမ်ထောင်ရေး အဆင်မပြေပေမဲ့လည်း တိုင်းပြည်ညီညွတ်ရေး၊ ငြိမ်းချမ်း
ရေးကို ထူထောင်နိုင်ခဲ့သူတွေရှိတယ်။ ၀ိနည်းမလုံပေမဲ့လည်း သူဟောတဲ့
တရားကိုနာပြီး ချမ်းသာမှုရသူတွေရှိတယ်။  အာဏာကို မတရားတဲ့နည်းနဲ့
ယူခဲ့ပေမဲ့ ပြည်သူတွေကို တရားသဖြင့်အုပ်ချုပ်သူတွေလည်းရှိတယ်။
စသည်အားဖြင့်။ တုန့်ပြန်မှုတွေ ရှိတယ်။

လူနဲ့ မူကို တွဲသင့်သလား၊ ခွဲသင့်သလား။ တွဲသင့်တဲ့နေရာမှာ တွဲပြီး ၊ ခွဲ
သင့်တဲ့နေရာမှာ ခွဲသင့်သလား။ တွဲချင်တဲ့နေရာမှာ တွဲ၊ ခွဲချင်တဲ့နေရာ
မှာ ခွဲသင့်သလား။ လူကို ယုံမလား ။ မူကို ယုံမလား။ ပုဂ္ဂိုလ်ခင်မှ တရား
မင်သလား။ ဒီလိုအငြင်းအခုံတွေက အရင်ကတည်းက ရှိနေခဲ့တာ အခု
ချိန်ထိပဲ။ မြန်မာပြည်မှာ အခုဖြစ်ပျက်နေတာတွေနဲ့ဆက်စပ်ပြီး ဘယ်လို
ကောက်ချက်ဆွဲကြမလဲ။

မိတ်ဆွေတို့ရဲ့ သဘောထားတွေကရော ဘယ်နဲ့ရှိပါစ။ ဆွေးနွေးကြပါဦး။
သဘောထားကွဲလွဲမှုတွေရှိတာကို သဘောတူတယ်ဆိုတဲ့ အယူအဆက
ဒီမိုကရေစီရဲ့ အခြေခံအချက်တခုဆိုပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, June 24, 2012

ကြည့်တတ်ရင် ကဗျာ


















တခါသား။ မိတ်ဆွေဘလော်ဂါတဦးဆီက အလန့်ထညက်မေးခွန်းတချို့
(ထန်းလျှက်လို့ရေးမှ မှန်ပါသတဲ့) ရောက်လာပါတယ်။ သူအလုပ်လုပ်နေ
တဲ့ အွန်လိုင်းမဂ္ဂဇင်းမှာ သုံးဖို့ပါတဲ့။ သူ့မေးခွန်းတွေထဲမှာ “မယ်ကမ္ဘာပြိုင်
ပွဲကို မြန်မာနိုင်ငံက ၀င်သင့်သလား” ။ (လက်တ၀ါးစာ ရေကူးဝတ်စုံနဲ့ ၀င်
ပြိုင်ရမှာနော်) အဲသလို မေးလာပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန် သမ္မတဖြစ်
လာစဉ်အချိန်က မေးခဲ့တဲ့ မေးခွန်းပါ။ မေးတဲ့သူက မေးလေတော့ ဖြေတဲ့
သူကလည်း ဖြေရသပေါ့။

“မယ်ကမ္ဘာပြိုင်ပွဲ မြန်မာဝင်နွှဲမှဖြစ်မယ်။ အစိုးရလည်း ကြိုက်၊ ရိုးရာလည်း
ထိမ်းသိမ်းပြီး ဖြစ်ရလေအောင် ချိတ်ထမီစကို ရေကူးဝတ်စုံချုပ်ပြီးဝတ်
ဆင်သင့်တယ်။ ဒီမိုကရေစီနဲ့ ဘီကီနီက ခွဲခြား၍မရပါ” လို့ ဖြေခဲ့ပါတယ်။
(ဘီကီနီဝတ်ခြင်းဟာ ဒီမိုကရေစီရဲ့ အင်္ဂါရပ်တခုလို့ ပြဌာန်းမထားပေမဲ့
အများကလက်ခံထားတဲ့ အချက်တော့ဖြစ်နေပါပြီ။)

အခုရက်ပိုင်း မြန်မာပြည်ဆိုင်ရာ သတင်းတွေထဲမှာ ဒေါ်စုရဲ့ဥရောပခရီး
နဲ့အပြိုင် ထိပ်တန်းပြေးနေတဲ့ သတင်းကတော့ ဘောင်းဘီတိုကပ်ကပ်၊
အင်္ကျီဂျိုင်းပြတ် ခပ်ကျပ်ကျပ်တွေဝတ်ထားတဲ့ မြန်မာအမျိုးသမီးတသိုက်
စင်ပေါ်တက်ပြီး အောက်ကလူတွေကို ဟိုလှည့်ဒီလှည့်လုပ်ပြတဲ့ သတင်း
ပါပဲ။ “ကာယကြံ့ခိုင်မှုပြိုင်ပွဲ”ပါတဲ့။ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ဖေါ်ပြခဲ့
ကြပြီး လူကြိုက်လည်းများခဲ့တဲ့ သတင်းပေါ့။















မြန်မာပြည်ရဲ့ အပြောင်းအလဲတွေထဲမှာ အမျိုးသမီးကာယကြံ့ခိုင်မှု
ပြိုင်ပွဲလည်း တခုအပါအ၀င်လို့ ဆိုရမယ်။ လူကြိုက်များတယ်ဆိုပေမဲ့
သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံအနှံ့ကျင်းပတာမျိုးတော့ မဟုတ်သေး။
အီစကို အပါအ၀င် အကိုကာလသားများကတော့ အခုလောက်မြင်ရ
တာကိုပဲ အတော်သဘောကျနေပြီ။

ဘီကီနီသို့ သွားရာလမ်းကို လှမ်းမြင်လိုက်ရသလို၊ ဒီမိုကရေစီရဲ့ ရနံ့ကို
လည်းအမှတ်မထင် ရှူရှိုက်မိသလိုဖြစ်မိသပေါ့။ ကောင်းလေစွ၊ ကောင်း
လေစွလို့ သာဓုများလည်း ခေါ်မိပါတယ်။ ဒီလိုပွဲမျိုးက ကြိုဆိုရမှာပေါ့။
အာဏာပိုင်တွေ အမြင်ကျယ်လာပြီလို့လည်း ဆိုရပါလိမ့်မယ်။

ကိုယ်ကာယအလှဆိုတာက ဖေါ်ပြမှ မြင်ရတာမျိုးပါ။ ဖုံးအုပ်ထားရင်
ဘယ်နေရာက ဘယ်လောက်လှမှန်း မသိနိုင်ပါ။ ကိုယ်ကာယကို လှ
အောင် လုပ်ထားတဲ့သူကလည်း ဖေါ်ပြရမှ ကျေနပ်တာပါ။ အမျိုး
သားတွေကို ကြည့်ပါ။ အပင်ပမ်းခံ၊ အချိန်ကုန်ခံပြီး အလေးအပင်
တွေ “မ”လို့ သူတို့ရဲ့ခန္တာကိုယ်အလှကို ထုဆစ်ထားကြရရှာတာပါ။

ကာယအလှပြိုင်ပွဲဆိုတာမျိုး ရှိလေမှပဲ သူတို့ရဲ့ကြွက်သားအဖုအထစ်
တွေကို အများသူငါ မြင်ရလေအောင် ပြသကြရတာပါ။ ဈေးလည်ခေါင်
သွားပြီး ကုန်းကုန်းကွကွနဲ့ ကြွက်သားတွေညှစ်ပြနေလို့ နေရာမကျလှ
ပါဘူး။ သူတို့ရဲ့ လက်တဆုပ်စာ နေရာလောက်ကိုပဲ မည်ကာမတ္တဖုံး
အုပ်ပြီး တကိုယ်လုံးမှာ ရှိသမျှကြွက်သားတွေကို ညှစ်ပြလေမှ ကာယ
အလှက ကြွလာ၊ ပေါ်လာရတာမျိုးကိုး။


















အမျိုးသမီးတွေလည်း ထိုနည်း၎င်းပါပဲ။ လေ့ကျင့်တည်ဆောက်ထား
တဲ့ ကာယအလှကို ဖေါ်ကာပြလေမှ မြင်ရတော့မပေါ့။ အလှဟာ အလှ
ပါပဲ။ အကြည့်မတတ်ရင်တော့ တဏှာ။ ကြည့်တတ်ရင်တော့ ကဗျာပါ။
တရားသဘောနဲ့ ကြည့်သူတွေအတွက်တော့ ဘ၀နာပေါ့လေ။ နိုင်ငံ
ရေးအမြင်နဲ့ကြည့်ရင်တော့ မြန်မာအမျိုးသမီးတွေ ကာယအလှကြံ့
ခိုင်လာတယ်။ အလှကို ထိထိမိမိဖေါ်ပြလာတယ်ဆိုတာက နိုင်ငံတော်
ကြီး ပွင့်လင်းတောင့်တင်းပြီး လှပထွန်းကားလာတဲ့သဘောပေါ့။

လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုမှာ ဘီကီနီလည်း ရှိရလိမ့်
မယ် ။ ပြောချင်၊ ပြချင်တာတွေကို လွတ်လွတ်လပ်လပ်နဲ့ လှလှပပ ပြော
ပါစေ၊ ပြပါစေ။ ရိုးရာယဉ်ကျေးမှုကို ထိခိုက်မှာ သိပ်ပြီး မစိုးရိမ်ကြပါနဲ့။
လုပ်တတ်ရင် ဖြစ်ပါတယ်။ ဂျပန်ကိုကြည့်ပါ။ ရိုးရာမပျက် ကီမိုနိုတွေကို
လည်း အခုထိ ၀တ်နေကြတုန်း။ ဘီကီနီတွေကိုလည်း သူ့နေရာနဲ့သူ
ဝတ်နေကြတာပဲ။ မြန်မာအမျိုးသမီးတွေကိုလည်း ဒီလိုဖြစ်စေချင်ပါတယ်။




















 မြန်မာအမျိုးသမီးတွေရဲ့ ကာယအလှပြိုင်ပွဲတွေ အခုထက်များများ ရှိ
လာဖို့လိုပါတယ်။ ကိုယ်ကာယအလှတွေကိုလည်း အခုထက်ပိုပြီး ပြဖို့
လိုပါတယ်။ အခုအဆင့်က စစ်ကြိုခေတ် အဆင့်ပဲရှိနေပါသေးတယ်။
အင်တာနက်ခေတ်မှာ ဖုံးလို့ဖိလို့ မလွယ်တော့ပါဘူး။ လှလှပပ ထုတ်
ဖေါ်ပြသကြတဲ့ခေတ် ရောက်နေပါပြီ။ (အရေးကြီးတဲ့နေရာကိုတော့
ဖုံးဖိထားသင့်တာပေါ့လေ။)

မြန်မာပြည်မှာ အမျိုးသမီး၊ အမျိုးသား အခွင့်အရေးတန်းတူ ရှိ၊ မရှိဆိုတာ
အခုလုပ်နေတဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွေကို ကြည့်တာနဲ့ သိသာနေပါပြီ။
အမျိုးသားတွေက သူတို့ရဲ့ ခန္တာကိုယ်အလှကို အမျိုးသမီးတွေထက် ဖေါ်
ပြခွင့်ရနေပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသားတွေ များလွန်းနေတာနဲ့
လည်း ဆက်စပ်နိုင်ပါတယ်။

နိုင်ငံတခုမှာ ဒီမိုကရေစီ ရှိ၊ မရှိ တိုင်းထွာတဲ့နည်းတွေ အများအပြားရှိပါ
တယ်။ အီစကိုကတော့ ဘီကီနီဝတ်ကာယအလှမယ်ပြိုင်ပွဲတွေ  ဘယ်လို
ကျင်းပကြသလဲဆိုတာနဲ့ တိုင်းထွာချင်ပါတယ်။ ဘီကီနီဝတ်တိုင်း လှတာ
မဟုတ်ပါ။ တချို့တွေက ဘီကီနီဝတ်လိုက်မှ ပိုဆိုးကုန်ပါတယ်။

ကိုရွှေသမ္မတက ဒီမိုကရေစီသွားမယ်တကဲကဲ ပြောနေယုံနဲ့တော့ မဖြစ်နိုင်
သေး။ တောင့်တင်းလှပတဲ့ ဘီကီနီဝတ်မြန်မာအမျိုးသမီးတွေ နိုင်ငံတကာ
အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ဆန့်လာနိုင်ပြီဆိုရင်တော့ မြန်မာ့ဒီမိုကရေစီ
အရေး “အတော်လေး ဟုတ်ကပြီ”လို့ ဆိုရမယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, June 18, 2012

အွန်လိုင်း အာလူး













  
(အာလူးသီချင်း)

တခေတ်တခါက “အာလူးလာမပေးနဲ့ လေနည်းနည်းလျှော့” ဟူသောသီချင်း
လူကြိုက်များခဲ့ဖူး၏။ အပိုစကားပြောတတ်သူ။ အပြောကြီးသူတို့အား ဆုံးမလို
သည့်သဘောဖြင့် ရေးဖွဲ့ထားသည့်သီချင်းဖြစ်သည်။ “လေယာဉ်ပျံကို ခဲနဲ့ပေါက်
ရင် ထိလိမ့်မယ်”ဆိုသည့်အပြောမျိုးဖြင့် “ညာပြီး လာမလှိမ့်နဲ့...လေနည်းနည်း
လျှော့”ဟု သတိပေးဆုံးမထားလေသည်။

အာလူးသည် မြန်မာ့အစားအစာ မဟုတ်တန်ရာ။ အာလူးဟူသည့် အခေါ်အဝေါ်
ကိုယ်၌က အိန္ဒိယဝေါဟာရ။ အာလူးဟင်းသည် အိန္ဒိယတိုင်းသားတို့၏ အစား
အစာဖြစ်သည်။ စကားကြုံ၍ပြောရလျှင် “ဂေါ်ဖီထုပ်”ဟုမြန်မာတို့ခေါ်ကြသော
အရာသည်လည်း အိန္ဒယတို့၏ “ဂိုဘီ”မှ လာခြင်းဖြစ်၏။ မယုံလျှင် အိန္ဒိယ စား
သောက်ဆိုင်တွင် Aloo Gobi ဟူသောဟင်းကို မှာစားကြည့်ပါလေ။

အပြောကြီးသူ။ လေထွားသူ။ အပိုစကားပြောသူ။ မမှန်မကန်ပြောသူတို့ကို
 “အာလူးပေးသူများ” အဖြစ်သရော်ခဲ့ကြသည်။ ဟင်းချက်ရန် အာလူးများ
လာပေးသူကို မဆိုလို။ အာပေါင်အာရင်းသန်သန်ဖြင့် ဖြီးဖြန်းတတ်သူကို
ဆိုလိုသည်။ ခေတ်ကာလ ပြောင်းလဲလာသောအခါ အာလူးပေးသူတို့အား
အဖျားဆွတ်၍ “အာသမားများ”ဟုခေါ်ခဲ့ကြပြန်သည်။ အပိုစကားပြောလျှင်
“အာ”သည်ဟုဆိုကြ၏။ “လာပြီး အာမနေနဲ့”ဟု ပြောကြ၏။

လေပေါသောလူကို အာလူးပေးသူဟု သမုတ်ခဲ့ကြသော်လည်း အာလူးကား
ဈေးပေါသော အရာမဟုတ်။ အာလူးပေးသူများသည် အလုပ်မဖြစ်။ အာလူး၏
ဂုဏ်သိက္ခာကို ထိခိုက်စေသူများဖြစ်သည်။ အာလူးပေးသူများကို လေလျှော့
စေချင်သလို၊ အာလူးဈေးကိုလည်း လျှော့ပေးနိုင်လျှင် အတော်အဆင်ပြေပေ
လိမ့်မည်။

ထူးဆန်းသည်မှာ မြန်မာပြည်နှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ၌ အာလူးသည်
ရှားပါးပစ္စည်းဖြစ်နေခြင်းပင်။ ထိုင်းလူမျိုးတို့သည် အာလူးကို မကြိုက်။ ထိုင်း
အစားအစာ၌ အာလူးဟင်းမရှိ။ တရုတ်ဟင်းလျှာများတွင်လည်း အာလူးပါသည့်
ဟင်း အတော်ရှားလေသည်။ တရုတ်တို့သည်လည်း အာလူးကို ကြိုက်ဟန်မတူ။
အနည်းဆုံးအနေဖြင့် အာလူးကြော်သည် ဘီယာနှင့်မြည်းရန် အကောင်းဆုံး
အစားအစာတခုဖြစ်ကြောင်း နိုင်ငံတကာက လက်ခံသလို တရုတ်နှင့် ထိုင်းက
လက်ခံသင့်သည်။ အာလူးကြိုက်သောနိုင်ငံများ၌ အာလူးသီချင်းရှိတတ်ကြ၏။
တရုတ်နှင့်ထိုင်း၌ အာလူးကို သီချင်းလုပ်၍ ဆိုကြမည်မထင်။


(အာလူး အွန်လိုင်း)

ယခင်ကာလက လူကိုယ်တိုင်မကြုံရလျှင် မည်သူသည် အာလူးပေးသူဖြစ်ကြောင်း
သိရန်မလွယ်။ လူမှုကွန်ယက် ဆက်သွယ်ရေးများ အလွယ်တကူဖြစ်လာသော
ယခုကာလ၌ကား အာလူးပေးသူများကို ယခင်ကထက် အလွယ်တကူ ပို၍မြင်
လာရလေသည်။ ၄င်းတို့သည် Facebook အစရှိသော အွန်လိုင်း၌ စာတိုပေစ
တကြောင်းစ နှစ်ကြောင်းစဖြင့် မှတ်ချက်ပေးရင်း ၀င်၍ “အာ”ကြလေသည်။
ဆောင်းပါး၊ သတင်း၊ အတင်း၊ အဖျင်း အတိုအထွာ ပုံတို ပတ်စ တပုဒ်စ နှစ်ပုဒ်စ
ရေးသားခြင်း စသည်ဖြင့် အာလူးများကို အလွယ်တကူ လှိုင်လှိုင်ပေးကြလေသည်။

အချိန်ပေါ၍ အာသူများ။ မအာလျှင် မနေနိုင်၍ အာသူများ။ အလုပ်များသည့်ကြား
က ၀ါသနာအရ အာသူများ။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အာသူများ။ လူမှုရေးရည်
ရွယ်ချက်ဖြင့် အာသူများ စသည်ဖြင့် အာလူးပေးသော ရွှေမြန်မာများ အတော်ပေါ
ကြောင်း Facebook ၌ အထင်းသားမြင်နေရလေသည်။ Facebookသည် သူအာ
ကိုယ်အာဖြင့် အာသူများကျက်စားရာ အရပ်ဖြစ်နေ၏။

မြန်မာဆိုရိုးစကားတခု၌ “လူပြော မသန် ၊ လူသန် မပြော” ဟူသော စကားဥပမာ
ရှိ၏။ အပြောကြီးတတ်သူသည် လက်တွေ့အလုပ်မဖြစ်တတ်။ လက်တွေ့လုပ်
သောသူသည်လည်း အပြောမကြီးတတ်ဟု ဆိုလိုရင်းဖြစ်သည်။ ထိုဆိုရိုးစကား
သည် မည်မျှမှန်သည် မသိ။ ဖြစ်တတ်သောသဘောကို ထောက်ပြသည့်စကား
ဖြစ်တန်ရာ၏။ အာလူးပေးသူများသည် အလုပ်မဖြစ်ကြောင်း သတိပေးသော
စကားဖြစ်တန်ရာ၏။

အဆိုတော် မာမာအေး၏ နာမည်ကျော်သီချင်းတပုဒ်ဖြစ်သော “စဉ်းစားရဦးမယ်”
ဟူသည့်သီချင်း၌ “လ၀န်းလေးနဲ့တူတယ် မေ့ကိုလားကွယ်”ဟုအစချီလေသည်။
ထိုသီချင်းကို မည်သူက ဖျက်၍ဆိုလိုက်သည်မသိ “အာလူးပေးတဲ့သူကို သိပ်ကို
မုန်းတယ်” ဟူ၍ ကျော်ကြားခဲ့ဖူးလေသည်။ မြန်မာလူမှုအသိုင်းအ၀ိုင်းက အာလူး
ပေးသူကို မကြိုက်သည့်အကြောင်း ထုတ်ပြောလိုက်သည့် သဘောဟု ယူသော်ရ၏။
တဘက်တွင်လည်း မြန်မာလူမှုအသိုင်းအ၀ိုင်းအတွင်း အာလူးပေးသူ အများအပြားရှိ
နေကြောင်း ထင်ရှားသည့်သဘောလည်း ဖြစ်သည်။ အာလူးပေးသူများသည် မဟုတ်
သည့်အရာများကို ပြောဆိုသူများ။ လိမ်လည်သောသူများ။ ညာဖြီးသောသူများဖြစ်
သည့်အတွက် မုန်းစရာကောင်းသည်မှာ အမှန်ပင်။

လူမှုဆက်သွယ်ရေးကွန်ယက်များ ထွန်းကားလာသဖြင့် လူဘောင်လောကတွင်
အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကိုတော့ ငြင်း၍မရ။ သို့သော် ပြောင်းလဲနေ
ပါပြီ။ အလားအလာကောင်းတွေ မြင်နေရပါပြီဟု ပြောဆိုနေကြသည့် မြန်မာနိုင်ငံ
တွင် “လူပြော မသန်”တွေ များနေ၍ မဖြစ် ။ “လူသန် မပြော”တွေ များရန် လိုနေ
သည်။ အာလူးလာမပေးနဲ့သီချင်း ခေတ်မမှီတော့သော်လည်း လေတွေတော့ နည်း
နည်းမက များများလျှော့ရန် လိုနေသည်။ အာလူးဈေးလည်း ကျဖို့လိုသည်။ ယခု
အတိုင်းဆက်သွားလျှင် မြန်မာပြည်သည် အာလူးပေးသူ များသည့်နိုင်ငံဟု ကျော်
စောနိုင်သည်။ အာလူးဈေးပေါသည့်နိုင်ငံ ဖြစ်လာလျှင်တော့ မဆိုး။

(ရုပ်ပုံ ။ ဂူဂလ်)

Saturday, June 9, 2012

ကယောင်ကတန်းကာလ













(တရားခံ)

ရှစ်လေးလုံးလူထုအုံကြွမှုကြီးနောက်ပိုင်း စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်ခဲ့တာ
ဟာ တိုင်းပြည်မှာရှိနေတဲ့ အရေးပေါ်ပြဿနာကို အင်အားသုံးနှိမ်နင်းပြီးဖြေရှင်း
ခဲ့တာပါ။ သူတို့အခေါ် “ငြိမ်ဝပ်ပိပြားရေး” လုပ်ခဲ့တာပါ။ တိုင်းပြည်ရဲ့ပြဿနာကို
ပြေလည်အောင်ဖြေရှင်းခဲ့တာ မဟုတ်ပါဘူး။

စစ်အုပ်ချုပ်ရေးနှစ်ပေါင်း၂၀ကျော်တလျှောက်လုံးမှာလည်း တိုင်းပြည်မှာရှိနေ
တဲ့ အဓိကပြဿနာတွေကို မဖြေရှင်းခဲ့ပါဘူး။ မီးတောင်မှန်အောင် မလုပ်ပေး
ခဲ့တာကိုပဲကြည့်ပါ။ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဆိုတာတော့ သိပ်ဝေးလွန်း
ပါတယ်။ အနှစ်၂၀ကျော်ကာလမှာ လမ်းတွေဖေါက်၊ တံတားတွေဆောက်တာ
တွေတော့လုပ်ပါတယ်။ ဒါပေမဲ့ လိုအပ်သလောက် ထိထိရောက်ရောက် မလုပ်
ခဲ့ပါဘူး။

လမ်းဖေါက် တံတားဆောက်ကိစ္စကိုပဲ အာရုံစိုက်ပြီး သေချာလုပ်ခဲ့မယ်ဆိုရင်
တောင် အဆိုးထဲကအကောင်းတခုအဖြစ် စစ်တပ်ရဲ့ကောင်းကွက်တခုအနေနဲ့
ကျန်နိုင်ပါတယ်။ အင်္ဂလိပ်ခေတ်က ဖေါက်ခဲ့တဲ့လမ်းတွေ အခုထိဆက်သုံးနေရ
တာကိုပဲ ကြည့်ပါ။

အနှစ်၂၀ကျော်ကာလမှာ မြန်မာ့တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းက ဘာကိုများ
အဓိကထားပြီး လုပ်ခဲ့တာပါလိမ့်။ သူတို့အာဏာတည်မြဲ ခိုင်ခန့်ရေးကိုပဲ အဓိက
ထားခဲ့တာပါ။ စစ်အုပ်စုခေါင်းဆောင်ပိုင်းရဲ့အကျိုးစီးပွါးသာ အဓိကပါ။ အောက်
ခြေအဆင့် တပ်မတော်သားတွေအတွက်တောင် ထည့်မစဉ်းစားခဲ့ပါဘူး။ တိုင်း
ပြည်နဲ့လူမျိုးရဲ့ အကျိုးစီးပွါးကို မျက်ကွယ်ပြုခဲ့တဲ့ စစ်အုပ်စုပါ။ တနည်းပြောရရင်
တိုင်းပြည်မှာရှိနေတဲ့ ပြဿနာတွေကို ပြေလည်အောင်မဖြေရှင်းပဲ အနာဟောင်း
တွေကို “ပုတ်သည်ထက် ပွအောင်” ဆက်ပြီးမွေးထားခဲ့တာပါ။

ရိုဟင်ဂျာကိစ္စအပါအ၀င် တိုင်းရင်းသားအရေးတွေကို မဖြေရှင်းပဲ ဥပက္ခာပြုခဲ့
တာပါ။ တိုင်းရင်းသားဒေသတွေ ဖွင့်ဖြိုးတိုးတက်ဖို့ မပြောနဲ့ ရန်ကုန်မြို့ကိုတောင်
အမှိုက်ပုံ ဖြစ်အောင်ဖန်တီးခဲ့တာပါ။ ပြဿနာဟောင်းတွေကို ဆက်မွေးခဲ့ယုံတင်
မက တရုတ်လွှမ်းမိုးမှုကိစ္စလို ပြဿနာအသစ်တွေကိုလည်း စစ်အုပ်စုက ဖန်တီး
ထားခဲ့ပါတယ်။

အတိုက်အခံအုပ်စု အားလုံးကိုလည်း အင်အားချိနဲ့အောင်လုပ်ခဲ့လို့ အတိုက်အခံ
တွေလည်း လွယ်လွယ်နဲ့ နာလန်မထူနိုင်ပဲဖြစ်နေပါတယ်။ စစ်အုပ်စုက မွေးမြူခဲ့
တဲ့ ကြံ့ဖွတ်ဆိုတာကလည်း လူများပြီး ပွဲမစည်တဲ့အုပ်စုသက်သက်ပါပဲ။ စစ်အုပ်
ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းရင် မွေးထားတဲ့အနာဟောင်း
တွေ ပြန်ပေါ်လာမယ်ဆိုတာ တွက်ပြီးသားပါ။ ပေါ်လာတဲ့အခါမှလည်း ရှင်းရခက်
ပြီး “စစ်အာဏာသိမ်းအုပ်ချုပ်တာကမှ တော်သေးတယ်” ဆိုတဲ့အပေါက်မျိုး ချိုး
လိမ့်မယ်ဆိုတာလည်း အများကတွက်ထားကြတာပါ။

(နည်းလမ်း)

စစ်အုပ်စုကို အပြစ်တင်နေလို့လည်း အခုချိန်မှာ သိပ်မထူးပါဘူး။ ရှိနေတဲ့ ပြဿ
နာကို အကောင်းဆုံး ဘယ်လိုဖြေရှင်းမလဲဆိုတာက အဓိကကျပါတယ်။ ပြဿ
နာတွေက တချိန်ထဲမှာပဲ ဟိုက ကြွလိုက်၊ ဒီက ထလိုက်နဲ့ဖြစ်နေတော့ ရှင်းဖို့
သိပ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ပြေလည်အောင် ဖြေရှင်းချင်စိတ်ရှိဖို့က အဓိက
ကျပါတယ်။ လောလောဆယ်မှာ အစိုးရရော အတိုက်အခံရော ပြဿနာတွေကို
ပြေလည်ရေး အလေးအနက်ထားတာ မတွေ့ရပဲဖြစ်နေပါတယ်။ ပြဿနာတွေကို
ထောက်ပြပြီး စစ်အာဏာ ပြန်သိမ်းမှာကိုစိုးရိမ်တဲ့စိတ်က ပိုများနေပုံရပါတယ်။

ပြဿနာတွေ အခုလိုဖြစ်နေရတာက အစိုးရကို အယုံအကြည် မရှိလို့ပါ။ ပြည်
သူတွေယုံကြည်တဲ့ အစိုးရပေါ်လာမှ ဥပဒေစိုးမိုးမှုလည်း ရှိလာမယ်။ ပြည်သူနဲ့
အစိုးရအကြား အပြန်အလှန် နားလည်မှုတွေရှိလာမယ်။ လက်တွဲဆောင်ရွက်မှု
တွေ ထိရောက်လာမယ်။ တိုးတက်မှုတွေ ရှိလာမယ်။

တိုင်းပြည်တခုမှာ ပြည်သူက မယုံကြည်တဲ့ အစိုးရတရပ် ရှိနေတယ်ဆိုတာက
အဲဒီအစိုးရဟာ မူမှန်တဲ့နည်းနဲ့ အာဏာကို မယူခဲ့လို့။ ပြည်သူတွေရဲ့အာဏာ
ကို မမှန်ကန်တဲ့နည်းနဲ့ ယူခဲ့လို့ပါပဲ။ ဒီလိုအစိုးရမျိုး တိုင်းပြည်မှာဆက်ပြီး အုပ်
ချုပ်နေသမျှ။ ပြဿနာအဟောင်းတွေရော၊ အသစ်တွေရော အပြိုင်အဆိုင်တက်
နေဦးမှာပါ။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာလည်း အိုးနင်းခွက်နင်း
နဲ့ ကယောင်ကတန်းတွေ ဖြစ်နေဦးမှာပါ။

ကယောင်ကတန်းကာလကို အဆုံးသတ်ဖို့ဆိုရင်တော့ ပြည်သူတွေယုံကြည်
စိတ်ချရမယ့် အစိုးရတရပ်ပေါ်ထွန်းအောင် အရင်လုပ်ရပါလိမ့်မယ်။ ဒီလိုအစိုး
ရဖြစ်အောင် ဘယ်လိုလုပ်မှာလဲ။ လက်ရှိအစိုးရကို ဖျက်သိမ်း။ စစ်မှန်တဲ့ရွေး
ကောက်ပွဲကို အမြန်ဆုံးကျင်းပ။ တက်လာတဲ့အစိုးရက အရည်အချင်းရှိတဲ့
သူတွေကို လူမှန်နေရာမှန် ထား။ အခြေခံဥပဒေကို ခပ်မြန်မြန်အသစ်ပြန်ဆွဲ။

အစိုးရလွဲရင် ပြည်သူတွေက ထောက်ပြ။ ပြည်သူတွေလွဲရင် အစိုးရကထောက်
ပြ။ အပြန်အလှန် ပြုပြင်ပြောင်းလဲကြ။ စစ်တပ်က စစ်တပ်နေရာမှာ နေ။ ဘုန်း
ကြီးက ဘုန်းကြီးနေရာမှာ နေ။ ကျောင်းသားက ကျောင်းသားနေရာမှာ နေ။
ဒါဆိုရင် ကယောင်ကတန်းအခြေအနေက လွတ်မြောက်နိုင်ပါတယ်။

ကယောင်ကတန်းဖြစ်နေရတာကိုပဲ အရသာတွေ့နေပြီဆိုရင်တော့ အခုဖြစ်နေ
တာတွေက ပုံမှန်အခြေအနေတွေပါ။ ဘာမှ စိတ်လှုပ်ရှားစရာ မရှိပါဘူး။ အားလုံး
“အေးဆေး” ပါပဲ။

(ရုပ်ပုံ ။ ဂူဂလ်)

Tuesday, June 5, 2012

ဂဠုန်နီစီးပွါးရေးနှင့် ယုတ်မာသောဆိုင်ရှင်















မြန်မာတွေ ဘိုဆန်ကြတာ မဆန်းတဲ့အရာဖြစ်နေပါပြီ။ စကားပြောတဲ့အခါ
ဘိုလိုလေး တလုံးစ၊နှစ်လုံးစ ညှပ်ပြီးပြောလိုက်ရမှ အာတွေ့တတ်ကြတယ်။
ထူးဆန်းတာက စကားပြောတဲ့အခါပဲ မြန်မာတွေက ဘိုဆန်ကြတာ အနေ
အထိုင် အတွေးအခေါ်နဲ့ အကျင့်စရိုက်တွေကတော့ ဘိုမဆန်တတ်ကြဘူး။

အိန္ဒိယ။ ပါကစ္စတန်။ ဘင်္ဂလားဒေ့ခ်ျနဲ့ အရှေ့အလည်ပိုင်းသားတချို့လည်း
မြန်မာတွေလိုပဲ ဘိုလိုညှပ်ပြီးပြောကြတယ်။ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တဲ့နိုင်ငံ
တွေမှာ ဒီလိုဖြစ်ကုန်ကြတယ်ထင်ရဲ့။ ထိုင်း။ တရုတ်နဲ့ ဂျပန်နိုင်ငံတွေက
အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူတွေ သူတို့အချင်းချင်းစကား
ပြောတဲ့အခါ ဘိုလို တလုံးမှ ညှပ်မပြောကြဘူး။

ကိုယ့်စကားရှိရဲ့နဲ့ သူများစကားကို အလွယ်တကူယူသုံးတာ ပျင်းလို့ပဲဖြစ်
မယ်။ စကားလုံးအသစ်ဆိုရင်လည်း ကိုယ့်ဘာသာစကားနဲ့ အများနားလည်
အောင် အဓိပ္ဗါယ်ဖလှယ်သင့်တယ်။ အလိုလိုကမှ မြန်မာပြည်မှာ ဘာသာ
စကားပြဿနာ ကြီးနေရတဲ့အထဲ။ ဒီအတိုင်းဆက်သွားရင် ကြာလေ ရှုပ်
လေဖြစ်ဦးမယ်။

(ကြုံလို့ပြောရရင်။ KNU ကရင်အမျိုးသားအစည်းအရုံးမှာ ဆွေးနွေးပွဲလုပ်ရင်
ဗမာလိုပဲပြောကြသတဲ့။ ကရင်ထဲမှာပဲ စကောကရင်နဲ့ ပိုးကရင် မတူဘူး။ ဘာ
သာစကားလည်း မတူဘူး။ ဗမာကိုမကျေနပ်လို့ ဘိုလိုပြောကြမယ်ဆိုရင်လည်း
အားလုံးက နားမလည်ပြန်ဘူး။ အဲဒီတော့ ဘုံစကားအဖြစ် ဗမာလိုပဲ မပြောချင်
ပေမဲ့ ပြောကြရသတဲ့။)

ကိုယ်အပါအ၀င် လျှာအရသာခံပြီး ဘိုဆန်တတ်ကြတဲ့ မြန်မာတွေအကြောင်း
ရေးချင်စိတ် မရှိတော့ပေမဲ့ ပြည်တော်ပြန်မိတ်ဆွေတဦးနဲ့ စကားပြောမိရာက
ရေးရမယ့်အကြောင်း ပေါ်လာပြန်တယ်။ မိတ်ဆွေရဲ့ဘကြီးက ပြည်ပရေဒီယို
တွေရဲ့ ပုံမှန်သောတရှင်တဦးပါ။ အဲဒီရေဒီယိုတွေရဲ့ ထုတ်လွှင့်ချက်တွေမှာ
နားမလည်တာတွေ အတော်များများပါနေလို့ ဘ၀င်မကျနိုင် ဖြစ်နေရပါသတဲ့။

ပြည်တော်ပြန် တူတော်မောင်နဲ့တွေ့မှပဲ သူမရှင်းတာတွေကို မေးရသပေါ့။

ဘကြီး။     ။ “ မင်းတို့တွေပြောပြောနေတဲ့ ဂဠုန်နီစီးပွါးရေးဆိုတာ ဘာလဲဟ”

တူတော်မောင်။     ။ “ဗျာ” ။ “ဂဠုန်နီ” ။ ဘကြီးကလည်း ကြံကြံဖန်ဖန်။ ဂဠုန်
နီဆိုတာ ရှစ်လေးလုံးကာလက မန္တလေးသံဃာတော်တွေရဲ့ သပိတ်တပ်ဖွဲ့ကို
ခေါ်တာ။ ဘယ်လိုလုပ် သူတို့က စီးပွါးရေးလုပ်ရမှာတုန်း။

ဘကြီး။     ။ အဲဒါကြောင့်မေးရတာပေါ့ကွ။ မင်းတို့ပြည်ပရောက်တွေထဲမှာ
ဂဠုန်နီတပ်ဖွဲ့ဝင်တွေပါပြီး စီးပွါးရေးတွေများ လုပ်နေကြသလားလို့။

တူတော်မောင် ။     ။ (ခေါင်းကုတ်တချီ၊ ခေါင်းခါတလှည့်နဲ့ စဉ်းစားရကျပ်နေ
သတဲ့။)

ဘကြီး ။     ။ နောက်တခုရှိသေးတယ်။ “ဆိုင်ရှင်ယုတ်တယ် ဆိုတာကရော”

တူတော်မောင်။     ။ “ဗျာ”

ဘကြီး။     ။ မင်းကလည်းကွာ နိုင်ငံခြားမှာနေပြီး ရေဒီယိုနားမထောင်ဘူး
ထင်တယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲသိချင်ရင် ပြည်ပရေဒီယိုကို
နားထောင်ရတယ်ဟ။ ဒါပေမဲ့ အဲဒီရေဒီယိုတွေက တချက်တချက်ဘာတွေ
ပြောနေမှန်း နားမလည်တာ ခက်တယ်။ ဘိုလိုတွေလည်း သိပ်ပြောကြသကွာ။

တူတော်မောင်။     ။ ဟား...သိပြီ။ ဘကြီးပြောတဲ့ ဂဠုန်နီဆိုတာ Cronyကို ပြော
တာဖြစ်မယ်။ ဘကြီးနားကြားလွဲနေတာ။

ဘကြီး။     ။ မလွဲပါဘူးကွာ။ ရေဒီယိုတွေမှာ နေ့တိုင်းလိုလို ဂဠုန်နီလို့ပဲပြော
နေကြလို့ ငါတို့ကိုယ်တော်တွေ ပြည်ပမှာ စီးပွါးရေးအတော်ဟုတ်နေပြီလို့
ထင်နေတာ။

တူတော်မောင်။     ။ Cronies ဆိုတာက အာဏာပိုင်နဲ့ပေါင်းပြီး စီးပွါးရေးလုပ်
စားတဲ့သူတွေကိုပြောတာ ဘကြီးရဲ့။ ဦးတေဇတို့၊ ဦးခင်ရွှေတို့၊ လော်ဆစ်ဟန်
တို့လိုလူတွေကို ပြောတာဗျ။ တိုင်းပြည်ပျက်တုန်း အာဏာပိုင်နဲ့ပေါင်းပြီး
မတရားတဲ့နည်းနဲ့ စီးပွါးရှာကြတဲ့သူတွေကိုခေါ်တာ။ ဒီလူတွေက အများပြည်
သူကောင်းစားရေး ထည့်တွက်ကြတဲ့သူတွေ မဟုတ်ဘူး။ အာဏာရှင်ကို အား
ပေးအားမြှောက်ပြုတဲ့လူတွေ။ အာဏာရှင်တွေ သက်ဆိုးရှည်ရတာ သူတို့
ကြောင့်လည်းပါတယ်ဗျ။

ဘကြီး။     ။ အော်...ဒီလိုလား။ မင်းအခုလို ရှင်းပြတော့လည်း ဟုတ်နေသားပဲ။
ရေဒီယိုကလူတွေက မြန်မာစကားကို မင်းလောက် မတတ်ကြတော့ဘူးထင်
တယ်နော့။ အဲဒီရေဒီယိုတွေမှာ မင်းအသိတွေရှိရင် ပြောပြလိုက်ပါကွာ ခရိုနီ
ဆိုတာ အာဏာပိုင်နဲ့ပေါင်းပြီး စီးပွါးရှာသူတွေလို့။

ဒါနဲ့ ဆိုင်ရှင်ယုတ်တယ်ဆိုတာကရော။ ဘာကိုပြောနေကြတာလဲကွ။ ငါတို့
ဆီမှာတော့ ဆိုင်ရှင်အတော်များများက အကျင့်ကောင်းကြတာမဟုတ်ဘူး။
ခပ်ယုတ်ယုတ်တွေပဲ။ ဆီတွေထဲမှာ ဟိုဟာရော၊ ဒီဟာရော။ အလေးခိုး။ ဈေး
နှုန်းကို ပုံမှန်မရောင်း။ လူကိုကြည့်ပြီး ဈေးက အမျိုးမျိုးပြောင်းတတ်တယ်။
ဆိုင်ရှင်တွေယုတ်တာတော့ ငြင်းစရာမရှိဘူးဟေ့။ ဒါပေမဲ့ ရေဒီယိုတွေမှာက
ဆိုင်ရှင် ယုတ်သင့် မယုတ်သင့်ဆွေးနွေးခန်းတွေလုပ်နေတော့ နားရှုပ်သကွာ။

တူတော်မောင်။     ။ ဆိုင်ရှင် မဟုတ်ဘူး ဘကြီးရဲ့။ Sanction ကိုပြောတာ။
အာဏာရှင်တွေကို ဒဏ်ခတ်တဲ့အနေနဲ့ ပိတ်ဆို့အရေးယူတာ။ Sanctions
တွေ ရုတ်သိမ်းသင့် မသင့် ဆွေးနွေးကြတာပါ။

ဘကြီး။     ။ အဲဒါဆိုလည်း မြန်မာလိုပြောလိုက်ရောပေါ့ကွာ။ သူတို့က
ဆိုင်ရှင်လို့ပြောပြောနေတော့ အဝေးကနားထောင်ရတဲ့ငါတို့က ဆိုင်ပိုင်
ရှင် ယုတ်မာတဲ့အကြောင်း ပြောနေတယ်ပဲ ထင်တာပေါ့။

တူတော်မောင်။     ။ ဘကြီးကလည်းဗျာ ။ ကျနော်တို့ မြန်မာတွေ အလကား
နေရင်း ဘိုဆန်ချင်နေကြတာ အသိပဲ မဟုတ်လား။ အခုတော့ ကျနော်ရှင်းပြ
လို့ အိုကေသွားပြီ မဟုတ်လားဘကြီး။

ဘကြီး။     ။ အေးကွာ ။ အိုကေသွားပြီ။ သိုင်းကျူးပဲ ငါ့တူရေ။

(ရုပ်ပုံ ။ ဂူဂလ်) ( သူကြွယ်တေဇ ဂိုက်ထွားနေပုံ)