Thursday, August 2, 2012

ယောင်နန ဒီမိုကရေစီ




















အစိုးရခေါင်းဆောင်ဆိုသူတွေ ကြိမ်းဝါးနေတာက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီ။ လောလောဆယ်တော့ ဘယ်နေရာမှာမှ စည်းကမ်းရှိတာ
မတွေ့။ ဒီမိုကရေစီနည်းကျ လုပ်နေတာတွေလည်း တခုမှ မတွေ့။
ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း ဟက်ဟက်ပက်ပက် မဆက်
ဆံ။ လွှတ်တော်ထဲမှာလည်း ကြုံသလိုလုပ်။ လွှတ်တော်အပြင်မှာလည်း
ထင်သလိုကျဲ။

အစိုးရတင် ယောင်နနဖြစ်နေတာ မဟုတ်။ အတိုက်အခံဘက်မှာလည်း
ယောင်နန။ ဘာလုပ်လို့ လုပ်ရမှန်း မသိ။ အစိုးရခေါ်ရာနောက် တကောက်
ကောက်လိုက်ဖို့သစ္စာဆိုခဲ့ကြပြီမို့ အကွေ့အကောက်တွေကြား အတိုက်
အခံများ စမ်းတ၀ါးဝါး။ အချင်းချင်းလည်း မယုံရဲ။ အစိုးရကိုလည်း မယုံရဲ။
ပြည်သူကိုလည်း မယုံရဲ။ ကိုယ့်ကိုယ်ကိုလည်း မယုံရဲ။

ဒီကြားထဲမှာ စစ်တပ်ဘက်ကလည်း တမှောင့်။ တနယ်တမင်း ဗိုလ်ကျတဲ့
အကျင့်က မဖျောက်နိုင်သေး။ အစိုးရကို အစိုးရမှန်း မသိသေး။ အရင်က
အတူတူ မဟုတ်တာလုပ်ခဲ့ကြပြီး အခုမှ အရပ်ဝတ်လဲပြီး အစိုးရမင်းအဖြစ်
အုပ်ချုပ်တာကို (ဘူဘူချင်း တစ်လုပ်တာကို) စစ်တပ်ဘက်က အမြင်မကြည်
နိုင်သေး။ စစ်တပ်က စစ်တပ်နေရာမှာ မရောက်သေး။

အစိုးရကလည်း ဖိဖို့နှိပ်ဖို့ တကဲကဲ။ တားဖို့ဆီးဖို့ တကဲကဲ။ ခြိမ်းဖို့ခြောက်
ဖို့ တကဲကဲ။ သဘောတူဖို့ထက် မတူဖို့က တကဲကဲ။ အစိုးရကလည်း အစိုး
ရနေရာ မရောက်နိုင်သေး။ အစိုးရပိုင်မီဒီယာရှိနေတာလည်း ရှက်ရကောင်း
မှန်း မသိသေး။ တိုင်းရင်းသားအရေးလည်း မရှင်းမရှင်း။ ငြိမ်းချမ်းကိစ္စလည်း
မရှင်းမရှင်း။ အတိုက်အခံကို ကြည့်တဲ့အကြည့်ကလည်း မရှင်းမရှင်း။ လယ်
ယာမြေကိစ္စလည်း မရှင်းနိုင်။ လူ့အခွင့်အရေးလည်း မရှင်းနိုင်။ ခေတ်ပျက်
သူဌေးကိစ္စလည်း မရှင်းနိုင်။ ဘိန်းကိစ္စလည်း မရှင်းနိုင်။ တရုတ်နဲ့အမေရိကန်
အကြား ဗျာတွေများ။ ဟိုဟာ မနိုင်၊ ဒီဟာ မပိုင်။ ကိုယ့်တပ်လည်း ကိုယ်မပိုင်။

တိုင်းရင်းသားတွေကလည်း အရူးကို လင်လုပ်ရသလိုဖြစ်။ နိုင်ငံတကာဆက်
ဆံရေးမှာလည်း “အချော်တကောက်”နဲ့ရည်းစားထားရလိုဖြစ်။ ဒီကြားထဲမှာ
ငြိမ်းချမ်းရေးပွဲစားနဲ့အခါတော်ပေးတွေက တမှောင့်။ အချင်းချင်းကြားမှာ
အထာတွေက များ။ မလိုအပ်ပဲ လျှို့ဝှက်။ လျှို့ဝှက်ရမယ့်ဟာကိုတော့ ထုတ်
ပြော။ သူများကိုလည်း ခွင်မပေးချင်။ ကိုယ်တိုင်လည်း ဖြစ်အောင်မလုပ်နိုင်။
သမ္မတနဲ့နီးစပ်တာကိုပဲ သကြားမင်းနဲ့ခမည်းခမက်တော်ရသလို ဘ၀င်တွေမြင့်။
ပြည်ပရောက်တွေကလည်း ပြည်တော်ပြန်ပြီး ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ
လက်မကိုင်မိ ။ 

ဆရာကြီးလေနဲ့ပြောရရင်တော့ အခုကာလ မြင်နေရတာတွေကတော့ အသွင်
ကူးပြောင်းရေးကာလ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေပဲပေါ့။ (မြန်မြန်
ပျောက်အောင် ကုရင်ကု။ မကုနိုင်ရင် ဘုန်းကြီးစားသွားမယ်။ အခုကာလမှာ
စားမယ့်ဘုန်းကြီးတွေက ခပ်များများ)

အစိုးရအကြိုက်လေနဲ့ပြောမယ်ဆိုရင်တော့ မြန်မာပြည်ကြီး လမ်းကြောင်းမှန်
ပေါ်ရောက်နေပြီပေါ့။ လွန်ခဲ့တဲ့၂နှစ်လောက်ကအခြေအနေတွေနဲ့ အခုဟာက
ဆီနဲ့ရေလို ကွာနေပြီ။ ဒီမိုကရေစီအလင်းရောင်ကြီး ထင်းနေအောင်မြင်နေရပြီ။

အလွတ်သဘော အရပ်ပြော ပြောရရင်တော့ ။ ယောင်နနဒီမိုကရေစီကာလကြီး
မှာ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်နေပြီ။ မြန်မာပြည်ထဲဆက်နေလို့က
အလားအလာ မကောင်း။ သူများတွေလိုပဲ နီးစပ်ရာတိုင်းပြည်ကို မြန်မြန်ပြောင်း
ထားမှ။

ဘုန်းကြီးလေနဲ့ပြောမယ်ဆိုရင်တော့ အချိန်တန်ရင် နွားပိန်ကန်လိမ့်မကွဲ့။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။

အပြုသဘောဆောင်သူများရဲ့အမြင်မှာတော့ ဘာမှ မပူပါနဲ့ အားလုံးကောင်း
သွားမှာပါ။ ဟဲ..ဟဲ...ဟဲ..ဟဲ...။

ယောင်နန ။ ယောင်နန ။ ကြောင်ကျ မကျရင်တော့ ပေါင်ကွကွ ဖြစ်လတ္တံ့။

(ရုပ်ပုံ ၊ ဂူဂလ်)