Tuesday, June 29, 2010

ကိုယ်ဖေါ့ထားသူများ













ဒို့မြန်မာတွေ ဒုက္ခရောက်တာ ကြာပြီ။ ဒါဟာ အသစ်အဆန်း မဟုတ်။
ကမ္ဘာသိကိစ္စ။ မြန်မာတွေရဲ့ ထူးခြားချက်တခုက ဘယ်လောက်ဒုက္ခ
ရောက်ရောက် ခပ်ပြုံးပြုံးပဲတဲ့။ မြန်မာပြည်ရောက်ဖူးတဲ့ မိတ်ဆွေနိုင်ငံ
ခြားသားတွေကလည်း ဒီသဘောပြောကြတယ်။ ဒီကိစ္စ ဟုတ်၊ မဟုတ်ဆို
တာတော့ စဉ်းစားစရာ။

ဘယ်သူ့အဆိုအမိန့်မှန်းမသိတဲ့ ဆောင်ပုဒ်တခုကလည်း ဒို့မြန်မာတွေ
အတော်လက်ခံထားတာ သတိထားမိတယ်။ ရောက်တဲ့အရပ်မှာ ပျော်
အောင်နေ.. ဆိုပဲ။ ရတာလေးနဲ့ပဲ လောက်အောင်သာစားပါ..တဲ့။ ရှိတာ
လေးနဲ့ သာ လှအောင်ဝတ်ပါကွာ..တဲ့။ အပြိုင်အဆိုင်ရှိလာရင်လည်း
အရှုံးသာပေးလိုက်တဲ့။ ဆိုရှယ်လစ်ခေတ်က ပေါ်ခဲ့တဲ့ဆောင်ပုဒ်ပါ။ မတိုး
တက်ရင်လည်းနေ။ တင်းတိမ်နိုင်အောင် ကျင့်ကြံကြ ဆိုတဲ့သဘော။ ဒါဟာ
အငြင်းအခုံလုပ်သင့်တဲ့ကိစ္စ။ တိုးတက်ရေးအတွက် တော်တော်အနှောက်
အယှက်ဖြစ်စေတဲ့ အယူအဆလို့ပြောပါရစေ။

ဒို့မြန်မာတွေ ခပ်ပြုံးပြုံးဖြစ်ရတဲ့အကြောင်းက ဒီအယူအဆတွေနဲ့များ အဆက်
အစပ်ရှိနေမလား။ မြန်မာဒုက္ခသည်စခန်းအချို့ ကို ရောက်ဖူးတယ်။ ကိုယ့်ရပ်
ကိုယ့်ရွာမှာနေသလို တော်တော်များများက အေးအေးသက်သာနဲ့။ ကိုယ့်
မြေကိုယ့်ရေမှာထက် လုံခြုံနေတာလည်းပါမယ်။ ခပ်ပြုံးပြုံးပဲ။ ဈေးတန်းနဲ့၊
ပွဲလမ်းနဲ့။

ဘုရားသုံးဆူနယ်စပ်မှာ တနေ့လုပ်၊ တနေ့စား အလုပ်လုပ်နေကြတာ မြန်မာ
လူငယ် အများစု။ သူတို့လည်း ခပ်ပြုံးပြုံးပဲ။ အပူအပင် နည်းကြပုံရတယ်။
လူကြီး အချို့ ရဲ့ မျက်နှာမှာတော့ ရုန်းကန်ရတဲ့ဘ၀က ပင်ပန်းလှတဲ့ အရိပ်
တွေ မြင်ရတယ်။












မြန်မာတွေ ဒုက္ခရောက်တာ မဆန်းဘူးလို့ အစချီခဲ့တာကို ပြန်ကောက်ချင်
တယ်။ မြန်မာ့ဒုက္ခတွေအကြောင်း မြင်ခဲ့၊ တွေ့ ခဲ့၊ ခံစားခဲ့ရပေမဲ့ ဒီအကြောင်း
တွေကို ပြောမပြချင်တော့ဘူး။ ဆန်းလည်း မဆန်းတော့ဘူးကိုး။ တတိုင်းပြည်
လုံးလိုလိုက ဇတ်နာနေပြီးသား။ မြန်မာတဦးချင်းစီမှာကို ကြေကွဲနာကျင်ဖွယ်
ဇတ်လမ်းတွေ များပြီးရင်း များရင်း။ နေ့စဉ်နဲ့အမျှ။

မီးမမှန်၊ ရေမမှန်။ ကုန်ဈေးနှုန်းတွေ မြင့်တဲ့ဒဏ်။ ပညာရေး၊ ကျန်းမာရေးချို့ 
တဲ့လွန်းတဲ့ဒဏ်။ ဥပဒေရဲ့  အကာအကွယ် မရတဲ့ဒဏ်။ အာဏာပိုင်တွေရဲ့ 
မတရားတဲ့ဒဏ်။ ဟိုဒဏ်၊ ဒီဒဏ်တွေကို ရင်ဆိုင်ရင်း နှစ်ပေါင်းများစွာ ဖြတ်
သန်းနေကြတာကိုက အံ့သြစရာ။ ဗိုလ်သန်းရွှေကလည်း မကြည့်။ ဒေါ်စုက
လည်း မကယ်နိုင်။ ပြည်ပရောက်တော်လှန်သူများကလည်း မကူနိုင်။ ဆယ်
နှစ်လည်း မဟုတ်၊ ဆယ့်ငါးနှစ်လည်း မဟုတ်။ အနှစ်နှစ်ဆယ်လည်း မဟုတ်။
ဒီကြားထဲမှာ ပြုံးနေကြတုန်းပဲဆိုတာဟာ သာမန်ကိစ္စမဟုတ်။ အထူးတဆန်း
ကိစ္စဖြစ်ရပြီ။












ဒို့မြန်မာတွေ ဒုက္ခပင်လယ်ထဲမှာ ကိုယ်ဖေါ့တတ်လွန်းနေသလား။ စဉ်းစား
စရာ။ ကိုယ်ဖေါ့ထားတဲ့အကြောင်းတွေကိုပဲ ရွေးပြီးရေးတော့မယ်လို့ စိတ်ကူး
ထားတယ်။ အဲဒါကိုက ကိုယ်ဖေါ့နည်းတမျိုးပဲ ဖြစ်လိမ့်မယ်ထင်တယ်။
မိတ်ဆွေတို့ရော ကိုယ်ဖေါ့ထားကြတာ ဘယ်လောက်ကြာပြီလဲ။

အခုရေးတဲ့စာတွေကို နယ်စပ်ဖြတ်ကျော်ပြီး ရှာဖွေစားသောက်ကြရတဲ့
ဒို့မြန်မာတွေ၊ မြန်မာပြည်ထဲမှာပဲ လှော်ရင်းနစ်နေရတဲ့သူတွေ မဖတ်မိပါ
စေနဲ့လို့ ဆုတောင်းတယ်။ သူတို့သာ ဖတ်မိရင်။ နင်သိတာက နည်းနည်း
လေးလို့ အပြစ်တင်ကြမှာ။












ဓါတ်ပုံတွေက ထိုင်းမြန်မာနယ်စပ်မှာ ကိုယ်ဖေါ့ထားကြသူလေးတွေပါ။
ရိုက်တာကိုခွင့်တောင်းခဲ့ပေမဲ့ ဒီဘလော့ဂ်မှာ တင်ဖို့ခွင့်မတောင်းမိခဲ့ဘူး။
ကိုယ်ဖေါ့ထားသူများ အားလုံးကို လေးစားပါတယ်။

Monday, June 28, 2010

မြေ













မြေပြဿနာဟာ လူ့သမိုင်းအစကတည်းက ရှိခဲ့တယ်။ သူ့မြေ ၊ ကိုယ့်မြေခွဲခြားလို့
သေဆုံးရတဲ့လူတွေ၊ ဘ၀ပျက်ရသူတွေ မရေတွက်နိုင်ဘူး။ အခုထိ ရှိနေတုန်း၊
ဖြစ်နေတုန်း။ မြေကြောင့်ဖြစ်ရတဲ့ စစ်ပွဲတွေ၊ မိသားစုတွင်း ရန်ပွဲတွေ၊ ဆွေမျိုးရေး
ပဋိပက္ခတွေ၊ မခေါ်နိုင်၊ မပြောနိုင်ဇတ်လမ်းတွေ မဆုံးနိုင်တော့ဘူး။ မြေကြီးပေါ်
မှာ လူတွေရှိနေသရွေ့  တက်နေမယ့်ပြဿနာပဲ။

မြန်မာနိုင်ငံတော်သီချင်းကိုပဲကြည့်။ ဒါ..ဒို့ပြေ..ဒါ...ဒို့မြေတဲ့။ မြေဟာ အရေးကြီး
သဟဲ့။ လူတယောက်အတွက် မြေဘယ်လောက်လိုသလဲဆိုတဲ့ မေးခွန်းက ဖြေရင်
အရှည်ကြီး။ ငါအပါအ၀င် သန်းနဲ့ချီတဲ့မြန်မာတွေ ကိုယ့်မြေကိုယ် စွန့်ခွါလာခဲ့ကြပြီ။
ငါ့အမျိုးတွေလည်း စွန့်ခွါလာနေကြပြီ။ နောက်ဆယ်နှစ်ဆို ပြည်ပရောက်မြန်မာတွေ
အဆမတန်တိုးလာတော့မယ်။ ဒီကိစ္စဟာ အခုချိန်မှာ အဆန်းမဟုတ်တော့။

ဆန်းတာကတော့ မြန်မာမြေကို ခဏတဖြုတ် ငါပြန်နင်းခဲ့ရတာပဲ။ ဆယ့်ငါးမိနစ်
လောက်နင်းခဲ့တယ်။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ က ဒို့ပိုင်တဲ့မြေကိုပေါ့။
ကြာကြာတော့ မနင်းရဲဘူးဗျ။ မြန်မာဘက်က စစ်လားဆေးလားလုပ်လာရင် လိုတာ
ထက်ပိုပြီး ရှင်းနေရဦးမယ်။ သိတဲ့အတိုင်း။ မြန်မာအာဏာပိုင်တွေက သူတို့ကိုရှင်း
ပြရင် မကြိုက်ဘူး။ (နားမလည်နိုင်တာလည်း ပါတယ်) သူတို့နဲ့ရှင်းရင် ရှုပ်တတ်တယ်။
ကိုယ့်မြေလား။ သူ့မြေလား။ ဒို့မြေလားဆိုတာ ရှင်းရင်းရှုပ်ကုန်မှာစိုးလို့ မသိမသာနင်း
ပြီး ပြန်ထွက်လာခဲ့တယ်။













ထိုင်းနဲ့မြန်မာနယ်စပ်ဆိုတာက မြေချင်းရေချင်းဆက်နေတော့ သူ့မြေကိုယ့်မြေ ထိဖို့
ဆိုတာ လွယ်သပေါ့။ ကိုယ့်အတွက်သာ မြန်မာမြေ ပြန်ထိဖို့ခက်နေတာ။ နယ်စပ်နေ
ပြည်သူတွေအတွက် ဒါဟာ ဘာမှစာဖွဲ့ စရာမဟုတ်။ ငါက နယ်စပ်နေပြည်သူတဦး
မဟုတ်တော့လည်း အခုလိုစာဖွဲ့ နေရသပေါ့ကွယ်။












မြန်မာမြေကိုမထိရတာ ဆယ်စုနှစ်တွေချီခဲ့ပြီ။ ကိုယ့်မြေကိုယ်ပြန်ထိရတာ ပျော်စရာ
လည်း မကောင်းပါဘူး။ မြန်မာပြည်ပြန်ရောက်သဟဲ့လို့ ပြောလို့ရရုံ။ စတိလောက်ပျော်
ရတာပါ။ ကြည့်လေ ငါနင်းခဲ့ရတဲ့မြန်မာမြေဆိုတာကလည်း နယ်စပ်ဂိတ်ကမြေ။ အဲဒီ
မှာက ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တွေချွေးတပ်ဆွဲပြီးဖေါက်ခဲ့တဲ့ သေမင်းတမန်လမ်း
ရဲ့ အဆုံး။ ဒို့မြန်မာတွေသောက်သောက်လဲ သေခဲ့ရတဲ့ ရထားလမ်းပြတ်ကြီးရှိတဲ့နေရာ။












နယ်စပ်မှာတွေ့ ရတဲ့ မြန်မာတွေအကြောင်း နောက်မှဆက်ရေးမယ်။

(ဓါတ်ပုံ၊ ကိုယ်တိုင်ရိုက်)

Thursday, June 17, 2010

ဘောပွဲကြည့်ရ ငါ့ဘဝ












အီဖေကိုက ဘောပွဲခရေဇီ မဟုတ်။ သို့သော် ဘောခရေဇီတိုင်းပြည်တခုမှာ
ရောက်နေတုန်း ကမ္ဘာ့ဘောပွဲကြီးနဲ့ကြုံနေပါလေရော။ အခုထိုင်းဝန်ကြီးချုပ်
အဘီဆစ်ကိုယ်တိုင်ကလည်း ဘောခရေဇီတဲ့။ သူ့ထက်ပိုပြီး ခရေဇီသူကတော့
သူ့အရင်ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဆရာသတ်ဆင်ပဲ။ အခု ပြည်ပြေးဖြစ်နေရသူ
ပေါ့။ အင်္ဂလန်က ဘောလုံးအသင်းကိုတောင် ၀ယ်ခဲ့သေးတာတဲ့ဗျား။

ထိုင်းတွေကမ္ဘာ့ဖလားမှာ ၀င်ကန်ကြရင်တော့ နေလို့ကိုရမှာမဟုတ်တော့ဘူး။
ဘယ်လောက်များ ရူးလိုက်ကြမယ်မသိ။ နိုင်ငံအလိုက် ဘောလုံးအသင်း အကျီ င်္
တွေရောင်းတဲ့ဆိုင်တွေလည်း မနည်းဘူး။ ၀တ်တဲ့လူတွေလည်း မနည်းဘူး။ ဘာ
ပဲပြောပြော အာရှသားတွေ အားကစားကို ခရေဇီဖြစ်တာတော့ အီဖေကိုကြီး
အားပေးသကွယ်။

ဟိုတနေ့ကပဲ အာရှသားတွေနဲ့လက်တင်အမေရိကန်တွေ ကန်တဲ့ပွဲမှာ ဘောပွဲ
အကြောင်း ကောင်းကောင်းမသိတဲ့ငါ။ အာရှသားကိုပဲ မျက်စိမှိတ်ပြီး အားပေး
ခဲ့သေးတယ်။ မြောက်ကိုရီးယားနဲ့ ဘရာဇီးလ်ပွဲပေါ့။ ဖြစ်ချင်တော့ ကိုယ်အား
ပေးခါမှသူ့ခမျာ ရှုံးရရှာတယ်။

ဒါပေမဲ့ ဘရာဇီးလ်လို ဘော်လုံးဖက်မွေးလာတဲ့ နိုင်ငံကို ၂ဂိုး၁ဂိုးနဲ့ရှုံးရတာကိုပဲ
ပြန်ပြီးဂုဏ်ယူလိုက်ပါတယ်လေ။ ဘရာဇီလ်းကိုတလုံးပြန်သွင်းနိုင်တာ နည်းတာ
မှတ်လို့။ ဒါမှငါတို့ရဲ့ မြောက်ကိုရီးယားကွ။ အချဉ် မဟုတ်ဘူးဟေ့။ အာရှသားတဲ့
နော်။ နျူကလီးယားလည်း ရှိသဟ။ ညိမ်ညိမ်နေကြ။












ပြောခဲ့တယ်မဟုတ်လား။ ဘောပွဲစိတ်မပါသူက အခုဘောပွဲ ကြည့်နေရတယ်ဆို
တာကို။ အဲဒီအကြောင်းရှင်းပြချင်လို့ ဒီစာကိုရေးရတာ။ ကြည့်ချင်လွန်းလို့ တက်
ကြွပြီးကြည့်နေတာ မဟုတ်။ တနိုင်ငံက တနိုင်ငံကိုပြောင်းနေရတာဆိုတော့
အချိန်ကွာသမို့လား။Jet Lag ဖြစ်နေတာ။ အချိန်နဲ့အညီခန္တာကိုယ်က လိုက်မ
ပြောင်းနိုင်တာပေါ့။













ညသန်းခေါင်ဆို နိုးပြီ။ နေ့လည်ခင်းဆို ငိုက်ပြီ။ ဆိုတော့ ကမ္ဘာ့ဘောပွဲကြီးနဲ့
အီဖေကို တည့်တည့်ကြီးကို တိုးကြလေသတည်းပေါ့။ အဆိုးထဲက အကောင်း
ပြန်တွက်ပြီး ကမ္ဘာ့ဖလားပွဲကြည့်ရ နည်းသလားဆိုတဲ့ စိတ်နဲ့ အားပေးနေရ
ကြောင်းပါဗျား။ အောင်မယ်။ ကိုယ်လိုလူ(နေ့ငိုက် ညပြူး)သမားတွေက အများ
သားနော့။ သူတို့ကတော့ Jet Lag သမားတွေမဟုတ်ဘူးဗျို့ ။ ဘောပွဲကြည့်ချင်
လွန်းလို့ကို အိပ်ရေးအပျက်ခံပြီး တက်ကြွရရှာသူတွေပေါ့။ အော်...ဘောပွဲ...
ဘောပွဲ..။ စွဲသူတွေလည်း ရူးလောက်အောင် စွဲကြပေသကိုး။

(ရုပ်ပုံ၊ အီဖေကိုနဲ့ဂူဂလ်တို့ ပူးတွဲတင်ဆက်သည်) (ငါ့ဟာ ၂ပုံ ။ ဂူဂလ် ၁ပုံ)

Tuesday, June 15, 2010

ဘော်လုံး၊ အိုးပုတ်နဲ့ -ါ ဆို လာ
















ဒီအလုံးတလုံးကြောင့် တကမ္ဘာလုံး အုံးအုံးကျက်ကျက်ဖြစ်နေတာကိုက စိတ်ဝင်
စားစရာ။ တကယ်ဆို အီစကိုက ဘော်လုံးကို သိပ်ပြီးစိတ်ဝင်စားလှတာမဟုတ်။
ဂိုးလေး တလုံးတလေ၀င်နိုင်ဖို့အရေး ဖြစ်နေလိုက်ကြတာ တရုန်းရုန်းနဲ့။ ဒါကိုပဲ
ကမ္ဘာက ရူးမတတ်ကြိုက်လှပြီ။

အီစကိုက လောလောဆယ် အမေရိကန်ရဲ့  NBA ဘတ်စကက်ဘောကို ကြိုက်နေ
ရှာတယ်။ ဘောလုံးပွဲနဲ့များ တခြားစီ။ သွင်းလိုက်ကြတာ သောက်သောက်လဲ။ နှစ်
စက္ကန့်၊ သုံးစက္ကန့်နဲ့တောင် တလုံးဝင်အောင်သွင်းနိုင်တာများ အံ့ကိုသြလို့။ ဘော
လုံးခင်မျာမှာတော့ တခါတခါ နှစ်ဘက်လုံး အကြိတ်အနယ်ကန်ကြတာတောင်
တလုံးမှ မ၀င်နိုင်ရှာဘူး။ ဒီလောက်ဆိုရင် ဘောလုံးဝါသနာအိုးတွေ ဒေါပွလောက်ပြီ။












ထိုင်းက အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တဲ့နိုင်ငံမဟုတ်ပေမဲ့ ဘောလုံးတော့ အတော်လေး စိတ်
ဝင်စားကြရှာတယ်။ ဘုရင်စံနစ်ရှိတာချင်း တူလို့များလား။ ဘယ်နေရာသွားသွား
ကမ္ဘာ့ဖလားရူးသွပ်မှုနဲ့ ကင်းတာ ခပ်ရှားရှား။ လူစည်ကားတဲ့ တနေရာမှာ ရုပ်သံလိုင်း
နှစ်ခုပေါင်းပြီး ဘောလုံးဇတ်ခင်းနေတာကို အီစကိုက ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်
လိုက်တယ်။












ရုံနဲ့ပြနေတာ။ ပွဲစဉ်တွေနဲ့အချိန်ဇယားနဲ့ ဖြတ်သွားဖြတ်လာတွေ ရုံထဲဝင်ပြီး ဘောပွဲ
ကြည့် နိုင်အောင်လုပ်ပေးထားလေရဲ့ ။ တိုက်ရိုက်လည်းလွှင့်။ သွယ်ဝိုက်လည်းလွှင့်။
(သွယ်ဝိုက်ဟူသည်မှာ...ပြီးခဲ့တဲ့ပွဲတွေကို ပြန်ပြနေတာကို ဆိုလို၏)

ရုံထဲမှာကြည့်လို့ အားမရရင် အပြင်မှာ ကိုယ်တိုင်ထွက်ပြီးကန်နိုင်ဖို့တောင် လုပ်ထားပေး
တယ်။ ဒါပေတဲ့ ဒီဘောပွဲက လက်နဲ့ကန်တဲ့ပွဲ။ ဘာပဲဖြစ်ဖြစ် ထိုင်းတွေကတော့ ဘောဆို
တာနဲ့ ကန်ပြီးသားပဲ။












ဒီနေ့ခေတ်မြန်မာကလေးငယ်တွေ အိုးပုတ်ဆိုတာ ဆော့ကြသေးရဲ့ လား။ အီစကိုတို့
တုန်းကတော့ ဆော့ခဲ့ကြရသဗျား။ စိတ်ကူးတည့်ရာ အရွက်တွေခူး။ အိုးပုတ်ထဲကို
ထည့်ပြီး ဟင်းချက်တမ်း၊ထမင်းချက်တမ်း ကစားခဲ့ရပါတယ်။ အီစကိုတို့ခေတ် မြန်မာ
ကလေးငယ် တို့ရဲ့ ရိုးရာ ကစားနည်းတခုပေါ့။ လူကြီးတွေကလည်း လိုလိုလားလား
ဆော့ခွင့်ပေးတဲ့ ကစားနည်းပါ။












ဟော။ အဲဒီအိုးပုတ်လိုမျိုး မြေအိုးလေးတွေ ဘန်ကောက်မြို့ လည်ခေါင်က
သားသား နားနားကုန်တိုက်ကြီးထဲမှာ အကျအန ရောင်းချနေသဗျား။(သူက
ပိုလှအောင် အရုပ်လေးတွေ ဖေါ်ထားတာပေါ့) မြင်တဲ့အတိုင်း ကောက်ရိုးလေး
တွေအောက်မှာခင်းလို့။ နှီးတောင်းလေးထဲမှာချစ်စရာ အိုးပုတ်လေးတွေ။
ဝင့်လို့ ၊ ထည်လို့။ အင်း....ဈေးကွက်...ဈေးကွက် ။












ဒါကတော့ ဂျပန်လေဆိပ်ထဲက အခွန်လွတ်ဆိုင်တခုပါ။ ဘာများလဲလို့ သေချာအောင်
ဖတ်ကြည့်ရသေးတယ်။ ဂျပန်အသံထွက်ကိုများ အင်္ဂလိပ်လိုရေးထားတယ် ထင်လို့။
ဘယ်ဟုတ်လိမ့်မလဲ။ အတည်ရေးထားတာပါ။ နောက်တာ မဟုတ်ဘူး။

ဂီတသံစဉ်လေးကို လှလို့ ဆိုင်နာမည်ပေးထားတာဖြစ်မှာပေါ့။ အီစကိုကတော့ ဆိုင်နာ
မည်ဖတ်ကြည့်ပြီး အထဲကို မ၀င်ခဲ့ပါဘူး။ အထဲရောက်နေပြီးသား လူတွေကိုပဲ အပြင်က
ထိုင်ကြည့်ခဲ့ပါတယ်။ သူတို့တွေလည်း ရိုးရိုးဈေးဝယ်တွေဖြစ်ကြပုံ ရပါတယ်။ အခွန်လွတ်
ဈေးမဟုတ်လား။












ဟိုးအပေါ်ဆုံးက ပုံကတော့ ၀ိုင်ခွက်တွေကို ဆေးပြီးမှောက်ထားတာမဟုတ်ပါဘူး။
မီးလုံးမီးဆိုင်းတွေနေရာမှာ အလှဖြစ်အောင် အင်စတော်လေးရှင်း လုပ်ထားတာပါ။
တတ်ဆင်မှု အနုပညာဆိုပါတော့။ အိုးပုတ်ဆိုင်နားမှာပဲ။

(ဓါတ်ပုံ ၊ ဂူဂလ်က မဟုတ်ဘူးကွ ၊ ငါ့ဟာ... ငါ့ဟာ)

Monday, June 14, 2010

အပျင်းပြေ












ပြင်းနေတာကို ပျော့သွားအောင်လုပ်တာမဟုတ်။ ပြေပြေလည်လည်
ပျင်းရအောင်လည်း မဟုတ်။ ပျင်းတာကို ပြေလျှော့သွားအောင်(အပျင်း
ကို ဖြေလိုက်လို့ ပြေသွားတာကို) အပျင်းပြေလို့ခေါ်သကွဲ့ ။ မသိရင်မှတ်
ထားကြ။ အရေးထဲ သတ်ပုံက မှန်ရဲ့ လားမသိ။ ဖြေတာလား၊ ဖြည်တာလား။
ပြေတာလား၊ ပြီတာလား၊ ပြည်တာလား။ သိတဲ့လူများ ဆုံးမကြပါဦး။

ခရီးရှည်တခုထွက်မှာဆိုတော့ (အဲဒီခရီးမှာလည်း ပျင်းမှာဆိုတော့) ပေါ့ပေါ့
ပါးပါး အပျင်းဖြေနိုင်အောင် ကင်မရာအသေးတလုံး ထပ်ဝယ်လိုက်တယ်။
Canon. G 11. Power Shot. အပျင်းဖြေနည်းကား ရောက်တတ်ရာရာ
အကုန်ရိုက်။ ဘလော့ဂ်မှာတင်။ အဲဒီအစီစဉ်သစ်ကြီးကို အခုပဲ စတင်လိုက်
ပါပြီခင်ဗျား။












ပထမဆုံးသတိထားမိတာကတော့ ပိတောက်ပန်းပဲ။ ဇွန်လထဲရောက်နေပြီ
ပိတောက်တွေက ပွင့်နေတုန်းပဲလားဆိုပြီး ရိုက်လိုက်တာပါ။ ကိုယ်ပိုင်ပိတောက်
ပန်းလည်းရှိသွားရအောင်ပေါ့။ ဘန်ကောက်ပိတောက်ပါ။ ရိုက်ခါနီးမှပဲ အလင်း
ရောင်က နည်းသွားရှာတယ်။ ပိတောက်ပန်းကို မမြင်ရတာ နှစ်တွေအတော်ကြာ
လေပြီ။ အော်... ရွှေပြည်ကြီး....ရွှေပြည်ကြီး။ ဝေးနေတာပဲ အေးတယ်လို့မှတ်ရ
မလား။












လမ်းကြိုလမ်းကြားတခုမှာ အမှတ်မထင် စိန်ပန်းပင်ကိုတွေ့ လိုက်တော့
တနေရာရာကို လွမ်းသွားသလိုပဲ။ စိန်ပန်းပွင့်တွေနဲ့အတူ အဖူးစိမ်းစိမ်းလေး
တွေကိုတွေကိုတွေ့ ရတော့လည်း ငယ်ငယ်က ကြက်ဖခွပ်တန်းကစားတာကို
သတိရပြန်တယ်။ ကြက်ဖခွပ်တယ်ဆိုတာ မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ပြီး
ခုန်ဆွခုန်ဆွလုပ်တာ မဟုတ်ဘူး။ စိန်ပန်းအဖူးကိုဖွင့်။ အထဲမှာရှိတဲ့ ၀တ်တန်
လေးတွေကို ထုတ်။ ၀တ်တန်လေးတွေက ရှည်ရှည်။ လက်နဲ့ကိုင်လို့ရတယ်။
ဝတ်တန်ရဲ့ ထိပ်မှာ ၀တ်ဆံရှိတယ်။ ၀တ်တန်လေးကို သူတချောင်း ကိုယ်တ
ချောင်းကိုင်ပြီး ၀တ်ဆံချင်းချိတ်။ အပြိုင်ဆွဲ။ ပြုတ်ထွက်သွားသူက အရှုံး။
အဲသဟာကို ကြက်ဖခွပ်တယ်လို့ ခေါ်သတဲ့။

စိန်ပန်းပင်အောက်ရောက်နေတုန်း စိန်ပန်းရွက်လေးတွေ ကြွေကျလာတော့
ကိုချောနွယ်ရဲ့ ကဗျာကို သတိရသွားပြန်ရော။ သူက မန်ကျည်းရွက်တွေ ကြွေတာ
ကိုဖွဲ့ တာပါ။ ရေကန်ထဲကို မန်ကျည်းရွက်တွေ အနှေးကြွေကျနေတာကို မြင်ပြီး
ခံစားရလွန်းလို့တဲ့လေ။ အခုတော့ စိန်ပန်းရွက်သေးသေးလေးတွေ ငါ့အပေါ်ကို
ကြွေကျနေပေါ့။












ကော်ဖီဆိုင်တခုမှာထိုင်ရင်း အပေါ်ကိုမော့ကြည့်လိုက်တော့။ တရုတ်စကားပန်း
တွေ။ ဘယ်နှယ်ကြောင့် တရုတ်စကားလို့ခေါ်တာလဲဆိုတာ ဖတ်ဖူးပေမဲ့ မေ့သွား
ပြီ။ဒီအပင်က ရာသီမရွေးပွင့်ပုံရတယ်။ (မှားရင် ဆုံးမပါဦး) ဒီအပင်မှာ ကြိုက်တာ
က ပန်းပွင့်တွေနဲ့ သူ့ရဲ့ အရွက်တွေက ထင်ရှားပြီး ခိုင်ခန့်တာကိုပဲ။ အရောင်က
လည်းရှင်းတယ်။ အဖြူနဲ့အစိမ်းဆိုပေတဲ့ ပန်းပွင့်ရဲ့ အလယ်မှာ အ၀ါရောင်နုနု
လေးတွေရှိတတ်တယ်။ ဒီအပင်ကို မြင်ရတော့ ငယ်စဉ်က ကျောင်းတက်ခဲ့တာကို
သတိရသွားပြန်ရော။ အဖြူနဲ့အစိမ်းကို ၀တ်ကြရသမို့လား။

ဒီနေ့တော့ ပန်းသုံးမျိုးနဲ့ပဲ အစီအစဉ်သစ်ရဲ့ ပထမပိုင်းကို အဆုံးသတ်လိုက်ပါ
မယ်။ နောက်နေ့မှာ ပန်းမဟုတ်တာတွေ လာမယ်။

အပေါ်ဆုံးက လူသုံးယောက်က ဘယ်သူတွေတုံးဟဲ့လို့ မမေးကြပါနဲ့။ အီစကို
လည်းမသိဘူး။ သူများတွေ တရုန်းရုန်းနဲ့ရိုက်နေကြလို့ ဘာများတုံးဆိုပြီး ၀င်
ရိုက်တာ။ ဘန်ကောက်သူတဦးနဲ့ ဘန်ကောက်သားနှစ်ဦးလို့သာ မှတ်လိုက်
ကြပေရော့။ အားလုံး ပျော်ဇေဗျား။

(ရုပ်ပုံ၊ ဂူဂလ် မဟုတ်။ ငါ့ဟာတွေ)

Sunday, June 13, 2010

အုန်းမောင် အချပ်ပို














ဂငယ်နဲ့ ကကြီးက အုန်းမောင်တွေအကြောင်း အခုမှပြန်စဉ်းစားမိလို့ အချပ်ပို
ထပ်တိုးလိုက်တာပါ။ ဒီလူနှယ် ပြောင်လို့ကို မဆုံးနိုင်ဘူးလို့ မထင်ကြပါနဲ့။

ဘာကြောင့်ရယ်မသိ ဂျပန်မှာ အမျိုးသားတွေတော်တော်များများ ထိပ်ပြောင်
ကြတယ်။ ထိပ်ပြောင်ခြင်းအမှုမှာ ဂျပန်နောက်မှာ ကပ်ပြီးလိုက်လာတာက
တော့ ကိုရီးယားပဲ။ ထိပ်ပြောင်နေမှတော့ မထူးတော့ပါဘူးကွာဆိုပြီး တခေါင်း
လုံးကို ကတုံးပြောင် အုန်းမောင်ဖြစ်အောင် အနောက်နိုင်ငံတွေမှာ လုပ်နေကြ
ပေမဲ့ ဂျပန်နဲ့ကိုရီးယားကတော့ ဒီနေရာမှာ အတုမခိုးကြရှာဘူး။

အတုမခိုးရတာ အကြောင်းရှိတယ်။ ဂျပန်မှာ ကတုံးတုံးပြီးနေထိုင်တာ လူနှစ်မျိုး
ပဲရှိတယ်။ ဘုန်းကြီးရယ်၊ ယာခူဆာရယ်။ ဂျပန်ထိပ်ပြောင်တွေက ဘုန်းကြီးနဲ့ရော
ယာခူဆာနဲ့ရော မတူချင်ကြဘူး။ ယာခူဆာတိုင်း ကတုံးတွေတော့မဟုတ်ပါဘူး။
ဒီခေတ်မှာ ဆံရှည်ယာခူဆာတွေလည်း ရှိလာပါပြီ။ ဒါပေတဲ့ အစဉ်အလာအားဖြင့်
ယာခူဆာဆိုရင် ကတုံးတုံးကြတယ်။ သိပါတယ်နော် ယာခူဆာဆိုတာ။
ဂျပန်လူမိုက်။

ကိုရီးယားအုန်းမောင်တွေကတော့ ဇတ်လမ်းတမျိုး။ ကိုရီးယားမှာ ဗုဒ္ဓဘာသာ
ဘုန်းကြီးတွေပဲ ကတုံးတုံးတယ်။ ဒါပေမဲ့ ဘုန်းကြီးမဟုတ်ပဲ တုံးကြတဲ့အချိန်ရှိတယ်။
အဲဒါက စိတ်ဓါတ်နဲ့ ယုံကြည်ချက်ပြင်းထန်မှုကို ပြတဲ့အခါပဲ။ ဆိုပါစို့ အထက်တန်း
စာမေးပွဲကို တနှစ်ထဲနဲ့ အပြတ်ဖြေမယ်။ ငါဟာ စိတ်ဓါတ်ပြင်းထန်သူ။ ဒီမှာကြည့်
ကတုံးတုံးလိုက်ပြီ...ဆိုတာမျိုး။ နိုင်ငံရေးလောကမှာလည်း ဒီအခွင့်အရေး မရမချင်း
ဆန္ဒပြတာကိုမလျှော့ဘူး...။ အဆုံးထိ တိုက်ပွဲဝင်သွားမယ်...ငါ၏ဦးခေါင်းကား
ပြောင်အတိရှင်းလိုက်ပြီ..ဆိုတာမျိုး။

ရယ်စရာအဖြစ် ပြောတာရယ်လို့တော့ မသတ်မှတ်ကြပါနဲ့။ တကယ့်အဖြစ်အပျက်
တခုကို တိုက်ဆိုင်လို့ ပြန်ပြောတယ်လို့မှတ်ပါ။ တောင်ကိုရီးရားရောက် မြန်မာ့ဒီမို
ကရေစီသမားတချို့ လည်း အဲသလိုနည်းနဲ့ အုန်းမောင်တွေ တခါဖြစ်ခဲ့ကြဖူးတယ်။

မြန်မာပြည်ထဲမှာ ဒေါ်စုတို့အဖွဲ့ အရိုက်အနှက်ခံနေရတဲ့ ဒီပဲယင်းကာလဖြစ်လိမ့်
မယ်။ မြန်မာသံရုံးရှေ့ မှာ ကတုံးတွေပြောင်အောင်တုံးထားကြတဲ့ ဒီမိုကရေစီ
သမားတွေ အပြတ်ဆန္ဒပြခဲ့ကြဖူးတယ်။ အခုတော့လည်း သူတို့က ဘိုကေတွေ
ပြန်ဖြစ်သွားပါပြီ။

ဂျပန်က ယာခူဆာအကြောင်းပြောရင်း လမ်းကြုံတုန်း မြန်မာတွေနဲ့ ဆက်စပ်တဲ့
အကြောင်းလေး ထည့်ပြောလိုက်ချင်တယ်။ ယာခူဆာတို့ရဲ့ ထင်ရှားတဲ့အမှတ်အ
သားတချို့ ကတော့ ပြောခဲ့သလို ကတုံးပြောင်ကြတယ်။ နောက်တခုက ဆေးမှင်
ကြောင်တွေ ထင်ထင်ရှားရှား ထိုးထားကြတယ်။

ဂျပန်ရေချိုးနည်းဆိုတာ ကြားဖူကြမှာပေါ့။ သူတို့ဆီမှာက ရေပူကန်တွေမှာ သူရှင်း
ကိုယ်ရှင်း ခပ်ရှင်းရှင်းသမားတွေ ဒီအတိုင်းရေချိးကြတာ ဓလေ့ပဲ။ အခုထိ ရှိတုန်း။
ယာခူဆာတွေ ရေလာချိုးရင် သိပ်ပြီးသိသာတယ်။ ကတုံးက ပြောင်။ ဆေးမှင်
ကြောင်က ထင်ရှားဆိုတော့။ လူမိုက်ကြီးရေချိုးတဲ့အနား တော်ယုံလူ မကပ်ရဲကြဘူး။
ဖြစ်ချင်တော့ မြန်မာအမျိုးသားတချို့ ကလည်း ဆေးမှင်ကြောင်တွေနဲ့မဟုတ်လား။

တခါတော့။ ဂျပန်ရောက်မြန်မာဆေးမှင်ကြောင်တဦး ခပ်ရှင်းရှင်းရေပူစိမ်တဲ့နေရာကို
သွားပါတယ်။ သူ့ကိုလည်းမြင်ရော ကန်ထဲမှာရောက်နေနှင့်ကြတဲ့ ဂျပန်များက မျက်
လုံးပြူးကုန်ကြတယ်ဆိုပဲ။ဒီလူက ဘယ်တိုင်းပြည်ကပါလိမ့်။ အသားကလည်း ညို။
ဆေးမှင်ကြောင်တွေနဲ့။ ဒါပေတဲ့ ကတုံးပြောင် အုန်းမောင်တော့လည်း မဟုတ်ပြန်ဘူး။
သူတို့တိုင်းပြည်က ယာခူဆာတွေက ကတုံးမတုံးကြဘူးထင်ပါရဲ့ လို့ တွက်ကြသတဲ့။

တဖြေးဖြေးရင်းနှီးလာတော့မှ ခင်ဗျားက ယာခူဆာလားလို့ မေးကြည့်ကြသတဲ့။ အဲဒီလို
အမေးခံလိုက်ရတော့မှ ဆေးမင်ကြောင်ကိုယ်ရွှေမြန်မာ လန့်သွားပါလေသတဲ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, June 9, 2010

အုန်းမောင်တို့အကြောင်း















လူတယောက်မှာ ဆံပင်မရှိတာ ထူးဆန်းတယ်။ ရှိနေတဲ့ဆံပင်ကို မရှိအောင်
ရိတ်ပြီး နေတဲ့လူတွေက ပိုထူးဆန်းတယ်။ ဒါပေမဲ့ အခုခေတ်က စူပါစတား
တွေကအစ ကတုံးနဲ့နေတဲ့ခေတ်။ သူတို့ကိုအားကျသူတွေကလည်း လိုက်တုံး
ကြတဲ့ခေတ်ဆိုတော့ လူတွေမှာ ဆံပင်မရှိတာ မထူးဆန်းတော့ဘူးလို့ပြောရ
တော့မယ်။

စာရင်းနဲ့အင်းနဲ့ အတိအကျမပြောနိုင်ပေမဲ့ အခုခက်က အရင်ခေတ်တွေထက်
အုန်းမောင်တွေသိပ်များ လာတာတော့ အမှန်ပဲ။ ဘယ်လိုဖြစ်ကြတာလဲ။

ရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် ကတုံးမင်းသားတွေ ရှိတယ်။ ဟောလီး
ဝုဒ်မှာ Yul Brynner ဆိုတဲ့ပုဂ္ဂိုလ်က တခေတ်မှာတယောက်ဆိုသလို ကတုံး
ကြောင့် နာမည်ကြီးခဲ့တယ်။ ဒီနေ့ခေတ်ဟောလီးဝုဒ်မှာတော့ ကတုံးမင်းသားတွေက
တယောက်မကတော့ဘူး။ အားကစားလောကမှာလည်း အများကြီးပဲ။

မြန်မာ့ရုပ်ရှင်လောကမှာလည်း အရင်က ချီးဘူး ဆိုတဲ့ မင်းသားကြီးတယောက်
ခေတ်စားခဲ့ဖူးတယ်။ ချီးဘူးနောက်ပိုင်း တော်တော်ကြာမှထွက်လာတဲ့ ကတုံး
မင်းသားကတော့ ဇာဂနာပါ။ ချီးဘူးနဲ့ဇာဂနာတို့အကြား နာမည်ကြီးတဲ့ ကတုံး
ဇတ်ကောင်တယောက်ရှိခဲ့သေးတယ်။ ကာတွန်း အောင်အောင်ရဲ့  ရွှေခေါင်းပြောင်
ဆိုတာပဲ။ သမန်းကျား တိုးညွန့်က ကတုံး တုံးပြီး ရုပ်ရှင်ရိုက်ခဲ့သေးတယ်။ နာမည်
ကျော်ပုဂ္ဂိုလ်တွေ ပြောင်ကြလို့ လိုက်ပြောင်ကြသူတွေ မြန်မာပြည်မှာ နည်းတယ်လို့
ထင်တာပဲ။

အမျိုးသမီးအုန်းမောင်တွေကိုလည်း အနုပညာလောကမှာ မကြာခဏတွေ့ ရတယ်။
ဒါပေမဲ့ သူတို့က ရာသက်ပန်အုန်းမောင်တွေမဟုတ်ဘူး။ ယာယီအုန်းမောင်။ကြည့်လို့
တော့ အကောင်းသား။ တမျိုးတဖုံ စွဲဆောင်မှုရှိ။

ကတုံးကိစ္စက မြန်မာပြည်အတွက် မဆန်းဘူးလို့ဆိုရမယ်။ ဗုဒ္ဓဘာသာဝင်တွေများ
တော့ မယ်သီလရင်ပဲ ၀တ်ဝတ်။ ဘုန်းကြီး၊ ကိုရင်ပဲ ၀တ်ဝတ် တုံးကြရတော့တာကိုး။
ဖိုးသူတော်လည်း တုံးရတယ်။ ဟိုမှာလည်း ကတုံး၊ ဒီမှာလည်း ကတုံး။ သူလည်း
ကတုံး၊ ကိုယ်လည်း ကတုံး။ ကျား ကတုံး၊ မ ကတုံး။ ဘာဆန်းသတုံး။

အနောက်နိုင်ငံတွေအတွက်တော့ ကတုံးတုံးတာက ဆန်းတယ်လို့ဆိုရမယ်။ ရာသီ
ဥတုကလည်း အာရှထက်စာရင် အေးတယ်။ ဘာသာရေးအရလည်း ကတုံးတုံးရတဲ့
အစဉ်အလာမရှိ။ အဲဒီမှာ ဘာကြောင့်များ ကတုံးတွေ များလာနေပါလိမ့်။ တခုရှိတာ
က သူတို့က အာရှသားတွေထက် ထိပ်ပိုပြောင်တယ်။ ထိပ်ပြောင်နေမှတော့ မထူး
ဘူး တခေါင်းလုံးပြောင်မယ်ကွာလို့ စဉ်းစားပြီးတုံးလိုက်ကြတာလည်းများတယ်။
ဒါပေမဲ့ အခုဟာက ထိပ်မပြောင်ပဲနဲ့ အုန်းမောင်ဇတ်ခင်းနေသူတွေ များလာပြီ။
ဘာကြောင့်ပါလိမ့်။

အုန်းမောင်ရဲ့ အဖြစ်က ဆံပင်သမားတွေထက် ဦးခေါင်းကိုထိမ်းသိမ်းရတာ ပိုပြီး
များမယ်ထင်တယ်။ မတော်တဆ ဆောင့်မိရင်ပဲ ခေါင်းပေါ်မှာ ခရမ်းချဉ်သီး ထွက်
လာတော့မှာကိုး။

ငါရော အသက်ကြီးလို့ ထိပ်ပြောင်လာရင် အုန်းမောင်လုပ်မလား ကြိုပြီးစဉ်းစားနေ
တယ်။ ဒီနေ့ခေတ်မြန်မာပြည်မှာ ကတုံးသမားကိုတွေ့ ရင် ကတုံးပြောင်..အုန်းမောင်
လို့ အော်ကြသေးလားမသိဘူး။ ငါငယ်ငယ်ကတော့ အော်ခဲ့ဖူးသဟေ့။ ပြောလို့မရဘူး
တချိန်ချိန် ငါလည်း အုန်းမောင်ဖြစ်လာနိုင်တယ်။

ကိုင်း ။ အုန်းမောင်တွေအားလုံး ပြောင်ပါစေသောဝ်.. ပြောင်စေသောဝ်..။


(ရုပ်ပုံ ၊ ဂူဂလ်)

Monday, June 7, 2010

ကပ်စေးနှဲ လက်ကျန်
















ကပ်စေးနှဲခြင်းဟာ အနုပညာတရပ်ဆိုတဲ့အကြောင်း ရှေ့ မှာပြောလက်စ ရှိတယ်။
အဲဒီတို့လို့တန်းလန်းကို အခု အဆုံးသတ်မယ်ကွာ။

ကပ်စေးနှဲသူတွေဟာ သူတို့ရဲ့ စေးနှဲမှုကို လုံခြုံအောင် အမြဲတမ်း ကာကွယ်တယ်။
အာရုံထားပြီး ပြင်ဆင်တယ်။ စိတ်ကူးစိတ်သန်းတွေထုတ်ပြီး သူတို့ရဲ့ စေးနှဲမှုကို ခိုင်
ခန့် သပ်ရပ်အောင် လုပ်တတ်ကြတယ်။ ဒီလိုလုပ်တတ်မှုတွေကပဲ သူတို့ရဲ့  ဖန်တီးမှု။
သူတို့ ရဲ့  အနုပညာ ဖြစ်တော့တယ်။

ကပ်စေးနှဲသူတွေဟာ သူတို့စေးနှဲတဲ့အကြောင်းကို ထုတ်ပြောတတ်ကြသူတွေ မဟုတ်
ဘူး။ ကြွားလို့ကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။ ကပ်စေးနှဲသူတွေရဲ့  အိမ်တို့၊ အခန်းတို့
ဟာ သပ်သပ်ရပ်ရပ်ရှိနေတတ်တယ်။ အိမ်နံရံတွေမှာ ဆုံးမစာလို၊ အဆိုအမိန့် လိုတွေ
ကပ်ထား တတ်တယ်။ အိမ်သာနဲ့ မီးဖိုခန်းတွေမှာ ပိုပြီးပြတ်သားတဲ့ သူတို့ ရဲ့ အယူအဆ
တွေကို တွေ့  ရတတ်တယ်။ “ရေကို ငွေလိုမဖြုန်းနဲ့ " ၊ "အလိုက်သိပါ" စသဖြင့်ပေါ့။

အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း တခြားသူတွေထက်ပိုပြီး ဂရုတစိုက်
သုံးစွဲတတ်ကြတယ်။ ဆိုပါစို့။ အ၀တ်အထည်တခု စုတ်ပြဲသွားရင် ဖါထေးချုပ်လုပ်ပြီးပြန်
ဝတ်ကြတဲ့အခါ။ ကပ်စေးနှဲသူတွေရဲ့  ဖါထေးမှုက ပိုပြီးသပ်ရပ်၊ ပိုပြီးလှပတတ်တယ်။
လုံးဝဟောင်းနွမ်းသွားတဲ့အထိလည်း ပစ္စည်းတွေကို တန်ဘိုးထားသုံးစွဲတတ်ကြတယ်။

ကပ်စေးနှဲသူ မိတ်ဆွေတဦးရဲ့  အ၀တ်အစားဟောင်းတချို့ ကို မြင်ဖူးတယ်။ စုတ်ပြဲနေတဲ့
နေရာတွေကို ဖါထေးထားတာဟာ အဲဒီအ၀တ်အစားပေါ်မှာ အနုပညာဖန်တီးမှုတွေလုပ်
ထားသလိုပဲ။ လှမှလှ။ ပြဲသွားတဲ့နေရာကို ပန်းပွင့်ပုံလေးတွေ၊ အရုပ်လှလှလေးတွေဖြစ်
အောင် အသေးစိတ်ပြန်ချုပ်ထားတယ်။ အစုတ်အပြဲမှန်း လုံးဝမသိရဘူး။

စည်းကမ်းရှိခြင်း။ ခြိုးခြံချွေတာခြင်း။ နှမြောတွန့်တိုခြင်း စတဲ့ဝေါဟာရတွေဟာ သူ့ အဓိပ္ဗါယ်
နဲ့သူ။ ကပ်စေးနှဲသူတွေက နှမြောတွန့်တိုတတ်သူတွေ၊ တခြားသူတွေကို ကူညီမျှဝေချင်သူ
တွေ မဟုတ်၊ ကိုယ်ကျိုးပဲ ကြည့်သူတွေ၊ အတ္တသမား စသဖြင့် လူမှုအသိုင်းအ၀ိုင်းမှာ
နာမည်ကောင်း မရတတ်ကြဘူး ။

လောကမှာ ဘယ်အရာမှ အဆိုးချည်းသက်သက်။ အကောင်းချည်းသက်သက် ရှိမနေတတ်
ဘူး ဆိုတဲ့ အယူအဆကို သဘောကျရင် အဆိုးထဲမှာလည်း အကောင်းရှိလိမ့်မယ်၊ ရှာတတ်
ဖို့ပဲ လိုတယ်ဆိုတာကိုလည်း သဘောကျလိမ့်မယ်။ ဒီလိုနဲ့ပဲ စိတ်ပျက်ဖို့ကောင်းတဲ့ ကပ်စေး
နှဲသူတွေအကြောင်း ငါ စာစီကုံးမိပေါ့။ ကပ်စေးနှဲသူများ ကျန်းမာကြစေဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 3, 2010

ဘော်လုံးမေ
















ကောက်စိုက်တဲ့မိန်းကလေးတွေကို ကောက်စိုက်သမ။ လယ်လုပ်သူ
 မိန်းကလေးများကျတော့ လယ်သူမ။ လေယာဉ်ပေါ်မှာ ဝေယာဝစ္စ
 လုပ်ပေးကြတဲ့ မိန်းကလေးတွေကိုတော့ လေယာဉ်မယ်တဲ့။ ဆေးလိပ် ခုံမှာလုပ်ကြသူလေးတွေကဆေးလိပ်သမ တဲ့ဗျ။ တောင့်တင်းလှပ ယဉ်
စစနဲ့အလှ အကြွ ၀င်ပြိုင်ကြသူများကိုလှယဉ်ကျေးမယ်။တပ်မတော်ထဲမှာ
အမှုထမ်းကြတော့ စစ်သမီး။ စာရေးစာချီလုပ်သူ ပျိုမေများကိုတော့ စာရေးမ
တဲ့။ ကိုင်း ။ဘော်လုံးကို ကျွမ်းကျွမ်းကျင်ကျင် ကန်နေကြတဲ့ မမတွေကိုတော့
ဘယ်နှယ်ခေါ်ကြပါသတုံး။

"ဘော်လုံးသမ"လည်း ဟုတ်ဟန် မတူဘူး။ "အမျိုးသမီး ဘော်လုံးသမား" ဆို
တာကလည်း တမျိုးကြီး။ ဘော်လုံးမယ်လေးများ ဆိုရင်လည်း ပျော့ရာကျနေ
မလား။ ရဲဘော်၊ရဲမေ ခေါ်ကြသလို "ဘော်လုံးမေ"လို့ ခေါ်ကြစို့။ (သဘောတူရင်
လက်ခေါက်မှုတ်ပါဗျို့ )

သတိထားမိနေတာတော့ နည်းနည်းကြာသွားပါပြီ။ မြန်မာအမျိုးသမီးတွေ ခြေ
စွမ်းထက်ကြတယ်ဆိုတာကိုပေါ့။ ဂုဏ်လည်းယူမိပါရဲ့ ။ အရှေ့ တောင်အာရှမှာ
မြန်မာအမျိုးသားဘော်လုံးသမားတွေ မြောင်းထဲရောက်နေတဲ့အချိန်။ ဒို့ရဲ့ ဘော်
လုံးမေတွေက မှတ်လောက်သားလောက်အောင် မြန်မာ့ခြေစွမ်းပြခဲ့ကြတာပေါ့။

တိုက်တိုက်ဆိုင်ဆိုင် အာရှအမျိုးသမီးဘော်လုံးပွဲတွေမှာ ထိပ်ဆုံးမှာ ရှိနေတာ
က မြောက်ကိုရီးယားတဲ့ဗျား။ မကြာခင်တုန်းကပဲ ဗိုလ်လုပွဲမှာ ပင်နလ်တီတလုံး
အသာနဲ့ သြစတေးလျှ အသင်းက ကပ်နိုင်သွားလို့ လက်ရှိချံပီယံ မြောက်ကိုရီး
ယားအသင်း ဒုတိယ ဖြစ်သွားရရှာတယ်။ ဒါပေမဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို
မြောက်ကိုရီးယား ဘော်လုံးမေတွေ ၀င်ပြိုင်ခွင့်ရကြမှာပါ။ ပြောချင်တာက အာ
ဏာရှင်နိုင်ငံတွေက ဘော်လုံးမေတွေ တယ်ဟုတ်ကြပါလား ဆိုတာပါပဲ။ ဘယ့်
နှယ်ကြောင့်များပါလိမ့်။

သတိထားမိနေတာ နောက်တခုရှိသေးတယ်။ ဘော်လုံးကို မကန်ကြပေမဲ့
အပြင်းအထန် လိုက်စားအားပေးနေသူ မြန်မာအမျိုးသမီးများကိစ္စပါ။ မြန်မာ
ပြည်မှာ ဒို့ရှိစဉ်က ဤသို့ မဟုတ်။ အမျိုးသမီးများ ဘော်လုံးကို အခုလောက်
စိတ်မပါကြသေး။ အခုလောက်နိုင်ငံတကာအဆင့်မှီ ဘော်လုံးဝါသနာအိုးများ
မဖြစ်ကြသေး။ ဘော်လုံးနဲ့ခပ်ဝေးဝေးနေခဲ့ကြရာက ဘယ့်နှယ်ကြောင့်များ
ကမ္ဘာ့ဘော်လုံးလောကဆိုင်ရာ စောင့်ကြည့်လေ့လာသူများအဆင့်။ ဘော်လုံး
ရေးရာ ကျွမ်းကျင်သူများအဆင့်ကို ရောက်သွားကြရပါလိမ့်။

ဝေးဝေးမကြည့်နဲ့။ ဒို့ရဲ့ အဖေါ်သဟာ ဘလော်ဂါ သက်ဝေကိုသာ ကြည့်။ အခု
ကတည်းက ကြိမ်းဝါးနေပြီ။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ စစ်ရေးပြင်နေပြီ။ ဘယ်သူ
နိုင်မလဲဆိုတာတောင် ဟောကိန်းထုတ်နေပြီ။ အခြေအနေပေးရင် ကန်နေတဲ့
ကွင်းထဲအထိ သွားကြည့်မယ့်ပုံ။ ကိုယ်တောင် ဘောလုံးအကြောင်း သူ့လောက်
မသိ။ ဘယ်လိုအခြေအနေတွေက ဒို့မြန်မာ အမျိုးသမီးတွေကို အခုလိုတက်ကြွ
လာအောင် လုပ်ပေးလိုက်တာလဲ။ ဒီအကြောင်းတွေ နောက်မှဆက်ရေးမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, June 1, 2010

ပျင်းရတာ ပျော်တဲ့အကြောင်း
















မပျင်းရတာ ကြာပြီ။ အလုပ်တွေရှုပ်တာက တရက်လည်းမဟုတ်၊ နှစ်ရက်လည်း
မဟုတ်။ တပါတ်လည်းမဟုတ်၊ နှစ်ပါတ်လည်းမဟုတ်။ ပျင်းချိန်တောင်မှ မရ။
ငါ့မှာ သနားစရာ။ ပျင်းခဲ့ရတဲ့အချိန်တွေကို တမ်းတမိ။ လွတ်လပ်စွာ ပျင်းခွင့်ရ
ခြင်းဟာလည်း မင်္ဂလာတပါးပဲပ။

အလုပ်ကခွင့်ယူပြီး နားတာတောင် ဟိုသွား၊ဒီသွားနဲ့ မအားရ။ နားတဲ့ရက်တွေမှာ
ဟိုကိစ္စ၊ ဒီကိစ္စကလည်း အများသား။ ဟိုကိုသွားပြီး ပျော်ရ၊ ဒီမှာလာပြီး ပျော်ရနဲ့
ပျော်စရာတွေက ပျင်းဖို့ကောင်းလာ။ ပျော်အောင်လုပ်ရတာလည်း လွယ်မှတ်လို့။
အချိန်ကုန်၊ ငွေကုန်၊ လူပမ်း။

ပျင်းတဲ့နေ့တွေမှာဆို....။ မိုးလင်းလို့အိပ်ရာနိုးလည်း ထရမှာပျင်းတဲ့အရသာက
တမျိုးကောင်းသဟဲ့။ အိပ်ရာပေါ်မှာ ဟိုလှည့်ဒီလှည့်။ တောင်တွေး၊ မြောက်တွေး။
ကွေးလိုက်၊ ဆန့်လိုက်။ မျက်လုံးကို ပိတ်လိုက်၊ ဖွင့်လိုက်။ ပျင်းလို့ကောင်းလိုက်တာ။

ဗိုက်ဆာလာရင် မနက်စာထွက်စား။ တယ်လီဖုန်းကို ပိတ်ထား။ပြုတင်းပေါက်မှာ
မေးတင်ပြီး အပြင်ကိုဆက်ငေး။ သစ်ပင်တွေမှာ သစ်ရွက်တွေ။ ဆောင်းရာသီတုန်းက
ဒီအပင်ပေါ်မှာ ဘာမှမရှိ။ ရိုးတံတွေသက်သက်။ အခုတော့ အရိုးကိုအရွက်ဖုံး။
လေတိုက်တော့ အရွက်တွေလှုပ်။ မောင်သာရရဲ့ ဝတ္ထုတပုဒ်မှာ ခေါင်းစဉ်က။
လေတိုက်လို့ သစ်ရွက်လှုပ်တာလား၊ သစ်ရွက်လှုပ်လို့လေတိုက်တာလား...တဲ့။
အင်း....။

ချစ်ဇနီးကလည်း ခရီးထွက်သွား။ တနေကုန် အပြင်မထွက်ပဲနေ။ အိမ်ထဲမှာပဲ
ရှိတာတွေ ရှာဖွေစား။ နားအေး၊ ပါးအေး။ လွတ်လွတ်လပ်လပ်လေး ပျင်းရတာ
ပျော်စရာ။ ရုပ်မြင်သံကြားလည်းပိတ်ထား။ ရေဒီယိုလည်း မဖွင့်နဲ့။ မျက်စိရှုပ်၊နားရှုပ်။
ထိုင်လို့ ညောင်းရင် ထ။ ထလို့ညောင်းရင် ထိုင်။ အညောင်းဆန့်ရတာကလည်း
ပျော်စရာ။

ဟိုလျှောက် ဒီလျှောက်လုပ်။ ရေကိုအကြာကြီး ချိုး။ အိပ်ချင်လာရင် ငိုက်။ ငိုက်ရတာ
လည်း ပျော်စရာတမျိုး။ နိုးလိုက်၊ ငိုက်လိုက်၊ အိပ်လိုက်။ ပျင်းတဲ့အကြောင်းရေးတာ
ဖတ်လို့ပျင်းနေပြီလား။ ဒါဆိုရင်....။

(ရုပ်ပုံ ။ ဂူဂလ်)