Monday, May 31, 2010

ထက်ထက်မိုးဦးလှိုင်းစီးခြင်း











ကျုပ်က ထက်ထက်မိုးဦးရဲ့  ပရိတ်သတ်မဟုတ်ကြောင်း အရင်ပြောထားပါ့မယ်။
ကျုပ်သိတာက သူဟာရုပ်ရှင်မင်းသမီးတဦး။ အတိုင်းအတာတခုအထိ ကျော်ကြား
သူ။ ဘာကြောင့်၊ဘယ်လိုကျော်ကြားသလဲ မသိပါ။ သူ့ရုပ်ရှင်တွေလည်း တခုမှ
မကြည့်ဖူးပါ။ သူသရုပ်ဆောင်တဲ့ ရုပ်သံကြော်ညာတော့ တချို့ ကြည့်ဖူးတယ်။
သူက ကျုပ်သူငယ်ချင်းတို့အိမ်မှာ ခဏငှားနေခဲ့ဖူးတယ်။ ဒါပဲ သိတာပါ။

ဒီလောက်ပဲသိရုံနဲ့ ဘာလုပ်မလို့တုံး။ လောလောဆယ် သူက တခေတ်ပြန်ထနေ
တော့ ဒီအရေးထဲ ဘာဝင်ရှုပ်ချင်တာတုံးလို့ မေးလာကြရင် ။ ဘာမှ ၀င်မရှုပ်ချင်ပါ
ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါ့မယ်။ ဒါပေမဲ့ သူ့အကြောင်းက အခုတလော
လူပြောများနေတော့ သူများတွေ မသိနိုင်ဘူးလို့ထင်တဲ့ အချက်ကလေးတချို့ ကို
ပြန်ပြီး သတိရသွားလို့။ စကားကြုံတုန်း အပျော်သဘောနဲ့ ၀င်ပြောမှာပါ။ ထက်ထက်
မိုးဦး ရေပြင်ပေါ်မှာ လှိုင်းထွက်စီးတဲ့အကြောင်း မဟုတ်ပါ။ သူ့ကိစ္စနဲ့သူ တခေတ်ပြန်
ထတုန်း၊ ကျုပ်က (လှိုင်းပေါ်တုန်း) ၀င်စီးတဲ့သဘောပါဗျာ။ အပျော်ပေါ့။

တကယ်တော့ မင်းသမီးမင်းသားတွေနဲ့ သတင်းလောကသားတွေ ပြဿနာတက်
တယ်ဆိုတာက ဘာမှဆန်းတာမဟုတ်ပါဘူး။ ဒီထက်ပိုပြီး သတင်းလွတ်လပ်ခွင့်ရှိ
လာရင် ဒီလိုဇတ်လမ်းမျိုးတွေက အများကြီးတွေ့ ကြရဦးမှာပါ။ ထားပါတော့။
ပြောမယ့်ကိစ္စ စပါတော့မယ်။

ထက်ထက်မိုးဦး နာမည်ရခါစအချိန်။ ရန်ကုန်မြို့ လည်ခေါင်မှာ အိမ်ခန်းငှား
နေပါတယ်။ ကျုပ်သူငယ်ချင်းမိဘတွေရဲ့  အိမ်အပေါ်ထပ်မှာပါ။ တယ်လီဖုန်း
ကိုလည်း သူငယ်ချင်းတို့အိမ်က ဖုန်းကိုပဲသုံးပါတယ်။ သူငယ်ချင်းနာမည်က
ထူးထူးတဲ့။ သူတို့အိမ်မှာ ထက်ထက်မိုးဦး ငှားနေတယ်ဆိုတာက တခြားသူ
တွေအတွက် ဘာမှမထူးပေမဲ့ ကျုပ်တို့သူငယ်ချင်းအသိုင်းအ၀ိုင်းမှာတော့
ထူးသဗျို့ ။

သူ့ကိုတွေ့ ရင် တခြားအကြောင်း မပြောကြတော့ဘူး။ ထက်ထက်မိုးဦး
အကြောင်းကိုပဲ မေးကြ ၊ ပြောကြပါလေရော။ ဘာတွေမေးသလဲ ဆိုတာတော့
ပြောမနေနဲ့။ အစုံပဲ။ ကျုပ်မစဉ်းစားမိတာတွေတောင် ပါလိုက်သေး။ တကယ်
တော့ ကျုပ်သူငယ်ချင်းကလည်း မင်းသမီးကို စိတ်ဝင်စားတဲ့အကောင် မဟုတ်ဘူး။
(တကယ်ပြောတာ)သူတို့အိမ်အပေါ်ထပ်မှာ အရင်လူတွေလိုပဲ အိမ်လာငှားတဲ့လူ
တယောက်လို့ သဘေားထားတဲ့ကောင်။ မင်းသမီး ခပ်ချောချောတယောက် ဆို
တာလောက်တော့ သိတာပေါ့လေ။ မင်းသမီးပဲကွာ၊ ချောတာဆန်းသလားဆိုတဲ့
အမျိုးအစားထဲမှာ ဒီကောင်လည်းပါတယ်။ ငါနဲ့ မအပ်မစပ်လို့ သဘောထားပုံ
ရပါတယ်။

ခက်တာက သူက ဘာမှမသိသလို လုပ်လေ ကျန်တဲ့သူငယ်ချင်းတွေက အား
မလိုအားမရ ဖြစ်လေ။ သူ့ကိုလည်း မယုံမကြည်ဖြစ်လေ။ သိသလောက် မြင်သ
လောက်လေး ပြောပြရတာ ဘာများဖြစ်နေရသလဲပေါ့။ ဒီကောင်က မပြောလေ
ပိုမေးကြလေပဲ။ နေ့တိုင်းလိုလိုဖြစ်လာတော့ ဒီကောင်ကလည်း သူငယ်ချင်းတွေ
ကို အားနာလာပုံရပါတယ်။ ထက်ထက်မိုးဦးနဲ့ပါတ်သက်ပြီး မျက်စိဖွင့်၊ နားစွင့်လုပ်
လာပါရော။

မနက်က လှေခါးအဆင်းမှာတွေ့ ကြတဲ့ အကြောင်း။ သူ့ကိုပြုံးပြတဲ့ အကြောင်း။
သူကလည်း ဘာလုပ်ရမှန်းမသိလို့ ပြန်ပြုံးပြီး ဟုတ်ကဲ့လို့ ပြောလိုက်တဲ့ အကြောင်း။
ချစ်သူငယ်ချင်းတွေရဲ့ အာသာငမ်းငမ်း ဆန္ဒတွေကို သူကဖြည့်ဆည်းပေးရှာပါ
တယ်။

ဟော။ လူ့သဘာဝများ ပြောပါတယ်။ တခါတခါနားလည်ဖို့ ခက်တယ်။ ထူးထူးက
အဲသလိုလည်း ပြောပြရော အားမလိုအားမရတွေ ပိုပြီးဖြစ်လာကြရောဗျား။ ပိုပြီး
သိချင်လာကြရော။ သူငယ်ချင်းတွေထဲမှာ မိန်းခလေးတွေလည်းပါတော့ ပိုပြီး
အသေးစိတ်လာကြရောဗျို့ ။ နင်က တွေ့ လိုက်တယ်ဆိုတော့ အကျီ င်္က ဘာလဲ။
လုံချည်က ဘာလဲ။ အရောင်၊ ဒီဇိုင်း။ ဘေးမှာ ဘယ်သူပါသလဲ။ မေးလိုက်ကြတာ
စုံလို့။

နင်တို့အိမ်ကို ငါတို့လာလည်မယ်။ သူနဲ့မိတ်ဆက်ပေး ဆိုတာရော။ ပန်းစည်းလက်
ဆောင်ပေးလိုက်ချင်တဲ့ သူနဲ့။ အော်တိုစာအုပ် ပေးလိုက်ချင်တဲ့သူနဲ့။ ဓါတ်ပုံခိုးရိုက်
ပေးဖို့မှာတဲ့ သူနဲ့။ ဟိုကောင် ခေါင်းကုတ်ရပြန်ရော။ ကဲ ။ အဓိကပြောချင်တဲ့ကိစ္စ ။
ပျော်စရာဆိုတဲ့အကြောင်းက အခုမှ လာမှာပါခင်ဗျား။

သူငယ်ချင်းတွေထဲမှာ ထိမ်းမရ၊ သိမ်းမရ အကောင်တချို့ ရှိတယ်။ တားမရ၊ ဆီးမရ
တွေပေါ့။ အစပိုင်းမှာတော့ ဒီကောင်တွေက ပုံမှန်ပဲ။ မင်းသမီးအကြောင်း စလား
နောက်လားနဲ့။ နောက်ပိုင်းမှာတော့ အဆင့်တက်လာကြတယ်။ ထူးထူးသူ့အိမ်မှာ
မရှိတဲ့ အချိန်ဆို ဒီကောင်တွေက ဖုန်းဆက်ပြီ။ ထူးထူးတို့အမေ ဖုန်းလာကိုင်ရင်
အန်တီ.. ထွဋ်ထွဋ်ရှိသလားလို့ မေးတယ်။ ထူးထူးလည်း မဟုတ်။ ထက်ထက်လည်း
မဟုတ်။ ထူးထူးလိုလို၊ ထက်ထက်လိုလိုလုပ်ပြီး ကြားသံနဲ့ ခပ်တည်တည်မေးတယ်။
အဖွါးကြီးက နားကြားလွဲရင် ထက်ထက်မိုးဦးကို ဖုန်းလာတယ်ဆိုပြီးခေါ်ပေးသတဲ့။

မင်းသမီးဆိုတော့လည်း ကိုယ့်ကိုမိတ်ဆက်လာရင်ငြင်းရခက်တယ် မဟုတ်လား။
အလိုက်အထိုက် ပြန်ပြောရရှာတာပေါ့။ ဒီလိုနည်းနဲ့ ရှုပ်ခဲ့ကြပါတယ်။ အဲဒီလိုရှုပ်တဲ့
အထဲ ကျုပ်က မပါပေါင်။ ဘေးက ထိုင်ပြီး ရယ်သူသက်သက်ပေါ့။ လက်ဘက်ရည်
ဆိုင်မှာ ထက်ထက်မိုးဦးနဲ့ပါတ်သက်ပြီး ဒီလိုပျော်ခဲ့ရဖူးတယ်လို့ ပြောချင်တာပါလေ။
ထားပါတော့။ အားလုံးပျော်စေဗျား။


(ဓါတ်ပုံ၊ ဂူဂလ်က ရတယ်)

Friday, May 28, 2010

ကပ်စေးနှဲခြင်းအနုပညာ











ကပ်စေးနှဲတယ်ဆိုတာ မကောင်းတဲ့သဘောလို့ အများကလက်ခံထားတယ် ။
အများကလက်ခံတယ်ဆိုတာ အနည်းက လက်မခံဘူးဆိုတဲ့သဘော ။
ရှင်းတယ်နော်။ ဒါပေမဲ့ အနည်းစုပဲ ကပ်စေးနှဲတာလို့ပြောရင် ရပါ့မလား ။
အတွေ့ အကြုံအရ ကပ်စေးနှဲသူတွေ တော်တော်များများရှိပါတယ် ။ အတွေ့ 
အကြုံဆိုတာ ကပ်စေးနှဲသူတွေရဲ့  စေးနှဲတဲ့ဒဏ်တွေကို ခံခဲ့ရတာကိုပြောတာပါ ။

ကံဆိုးစွာ မိတ်ဆွေတွေထဲမှာ ကပ်စေးနှဲသူတွေ ရှိခဲ့ရဖူးတယ် ။ ဒါကိုလည်း
ရှင်းရလိမ့်ဦးမယ် ။ ခင်မင်ရတဲ့သူငယ်ချင်းရဲ့ အကိုက သိပ်ကပ်စေးနှဲတဲ့
အကောင်။ သူ့ညီနဲ့က သူငယ်ချင်းဆိုတော့ အကိုကိုရှောင်ဖို့မလွယ်ဘူး ။
မိတ်ဆွေအဖြစ် ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားရတယ် ။ နောက်တဦးက
ခင်မင်လေးစားရတဲ့ မိတ်ဆွေတဦးရဲ့ ဇနီး ။ သူက ဒေါ်ကပ်စေး ။ စူပါကပ်စေး ။
သူ့ကိုလည်းရှောင်လို့ မရဘူး ။ မိတ်ဆွေအဖြစ်လက်ခံထားမှ အလုပ်ဖြစ်မယ် ။
အဲဒါကြောင့် ကံဆိုးစွာလို့ ဆိုရတာ ။

ကပ်စေးနှဲမှုမှာ အဆင့်အမျိုးမျိုးရှိတယ် ။ သောက်ငြင်ကပ်လောက်အောင်
ကပ်စေးနှဲလွန်းတဲ့ လူ ။ ပါးပါးနပ်နပ် ကပ်စေးနှဲတဲ့လူ ။ သူက ယဉ်ကျေးမှုကို
သဘောပေါက်တယ် ။ မသိရင် စည်းကမ်းကြီးတဲ့လူလို့ထင်အောင် သရုပ်
ဆောင်ကောင်းတယ် ။ ဒါပေမဲ့သူ့ရဲ့  ကပ်စေးနှဲမှုကိုလည်း မသိမသာ မြင်
အောင် ပြတတ်တယ် ။ လက်ဘက်ရည်ဝိုင်းမှာ နောက်ဆုံးမှ ပိုက်ဆံထုတ်ပေး
တတ်တဲ့သူမျိုးပေါ့ ။ နောက်တမျိုးကတော့ ခိုးချောင်ခိုးဝှက် ကပ်စေးနှဲတဲ့သူ ။
ကြောင်လိုပဲ လက်သည်းတွေကို ၀ှက်ထားတဲ့လူပေါ့ ။ အကုပ်ခံလိုက်ရမှ
ဒီလူဟာ ကပ်စေးနှဲမှန်း သိလိုက်ရတဲ့သူပေါ့ ။ သူတို့က လူအများနဲ့ ခပ်ကင်း
ကင်းနေတတ်တယ် ။

ပြောခဲ့တဲ့သုံးမျိုးလုံးနဲ့ ကံဆိုးစွာ ဆုံးစည်းပေါင်းသင်းခဲ့ရဖူးတယ် ။ ဒါပေမဲ့ ကပ်
စေးနှဲခြင်းရဲ့  အနုပညာကို ကောင်းကောင်းသဘောမပေါက်ခဲ့ဘူး ။ ဒီလူတွေ
စိတ်ပျက်ဖို့ကောင်းတာပဲ သိတယ် ။ တရက်သား လမ်းလျှောက်ထွက်ကြရင်း
ကပ်စေးနှဲတာဟာ အနုပညာတရပ်ပဲလို့ ချစ်ဇနီးက အမှတ်မထင်ပြောလိုက်
တော့မှ အလင်းဓါတ်ရသွားတယ် ။

ငယ်ငယ်က ။ အိမ်နီးချင်းအဒေါ်ကြီးတယောက်ဟာ အင်မတန်ဈေးဆစ်တဲ့သူ ။
လမ်းထဲကိုလာတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ သူ့ကို သိပ်စိတ်ညစ်
ကြတယ် ။ ဈေးသည်ကို ခေါ်တယ် ။ ဈေးမေးမယ် ။ ဈေးကြီးလိုက်တာလို့
ပြောမယ် ။ ဘယ်ဆိုင်မှာဆို ဘယ်လောက်ပဲရှိတာလို့ပြောမယ် ။ ပစ္စည်းအမျိုး
အစားကလည်း သိပ်မကောင်းဘူးလို့ ဆိုမယ် ။ ဈေးသည်ကို သနားလို့ပဲ
ဝယ်ပေးမယ့်ဟန် ပြုမယ် ။ သူသာလျှင် ဖေါက်သည်စစ်လို့ထင်ရအောင်
လုပ်မယ် ။

လိုအပ်ရင် သူကဈေးသည်ကို ရေပါတိုက်တယ် ။ သူတို့မိသားစုအကြောင်း
မဆိုင်ပဲလျှောက်ပြောမယ် ။ အချိန်ကုန်ခံပြီး လိုချင်တဲ့ဈေးကို မရမက ဆစ်မယ် ။
နောက်ဆုံး ။ ဈေးသည်က စိတ်ညစ်ညစ်နဲ့ လျှော့ပြီးရောင်းသွားရတာများတယ် ။
ချော့တလှည့်၊ ချောက်တလှည့် ။ ဘောလုံးသမား ဂိုးသွင်းနိုင်သလို ။ မုဆိုးတ
ယောက် သားကောင်ဖမ်းသလို ။ နည်းမျိုးစုံနဲ့ လိုချင်တာကိုရအောင် လုပ်တတ်
တာက သူ့ရဲ့ အနုပညာလို့ပြောရမလား ။

(နောက်မှ ဆက်ရေးမယ် ။) (ရုပ်ပုံ ။ ဂူဂလ်)

Monday, May 24, 2010

ရာသီစာ









မိုးရွာလာပြီ။ နွေကုန်ပြီလား။ ပူတဲ့အကြောင်းပြောရတာ ပူတယ်။ ဒါပေမဲ့
ရာသီဥတုအကြောင်းပြောမှ အခုအခါ ခေတ်မှီတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ
လည်း ဒါတွေပဲပြောနေတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေလည်း ဒါကို
ပြောလိုက်ရမှ။ ဗေဒင်ဆရာကလည်း ဒါကိုဟောလိုက်ရမှ။

မိုးရွာတုန်း ရေခံကြ။ ရေဆိုတာ ပိုက်ကလာတဲ့အရာ မဟုတ်။ ကန်ထဲကလည်း
မရနိုင်။ ချောင်းတွေမြောင်းတွေမှာလည်း မရှိ။ ရေကိုဝယ်စရာ ငွေလည်းမရှိ။
မိုးကိုမျှော်ကြ။ ရေဆိုတာ မိုးပေါ်က လာတဲ့အရာ။ မိုးကောင်းကင်ကို ကိုးကွယ်
ကြ ။

ရေဆာလို့ ဘီယာသောက်သူများ။ ရေများရေနိုင်ဖို့ ရေလှောင်သူများ။ မိုးမျှော်ပြီး
လွန်ဆွဲသူများ။ ရေသန့်ဘူး အတုလုပ်ရောင်းသူများ။ ပရိတ်ရေ ရောင်းသူများ။
ရေမန်းတိုက်သူများ။ မိုးရွာမယ့်ဂါထာ တတွတ်တွတ်ရွတ်သူများ။ ပုံးကြီးပုံးငယ်
အသွယ်သွယ်နဲ့ ရေအလာကို စောင့်နေကြသူများ။ ရေလာအောင် မြောင်းပေး
နေသူများ။ ရေဘေးဒုက္ခသည်များ။ ရေကုသိုလ်ရှင်များ။ ရေကြောင့် အလုပ်ရှုပ်
သူများ။ ရေကြောင့် အလုပ်ပြုတ်သူများ။

မိုးရွာရင်လည်း သတိထား။ မိုးကြီးလေကြီး လာလိမ့်မယ်။ မိုးသက်လေပြင်းကျ
လိမ့်မယ်။ မိုးတားဂါထာကို ကြိုရှာထား။ မိုးလွတ်ရာကို စဉ်းစားထား။ မုန်တိုင်း
သံကိုနားစွင့်နေ။ ခေါင်းရွက်ဗျက်ထိုး လမ်းဘေးဈေးသည် မိုးကိုစိတ်ညစ်တယ်။
မိုးလေ၀သတင်းကို နားထောင်။ မိုးလားကဲလားသိပ်မပြောနဲ့။


မိုးဦးကျမှာ ပန်းတွေပွင့်မယ်။ ကမ္ဘာမြေပြင် စိမ်းစိုမယ်။ ဖါးတွေ အော်မယ်။ ငါး
တွေပျော်မယ်။ ထီးသည်၊ ဘိနပ်သည် ၀င်ငွေတိုး။ အမိုးအကာတွေ အရောင်း
သွက်။ ထမီတိုတို ရေစိုစို။ လမ်းမတွေပေါ် ရေတွေကျော် ကလေးတွေပျော်ကြ
မယ်။ မိုးတစိမ့်စိမ့်နဲ့ ကွေးကြမယ်။ လယ်ယာတွေမှာ ပျိုးတွေကျဲ မိုးတွေသည်း။

တနှစ်တုန်းကတော့ ဒို့ဆီကို နာဂစ်လာတယ်။ ဒီနှစ်မှာ အပူကဲလို့ရေငတ်တယ်။
ပူတယ်လေဆယ်နေကဲ ရွေးကောက်ပွဲလည်းလုပ်ဦးမယ်။ ရာသီပျက်တဲ့ခေတ်။
ရာသီစာငတ်တဲ့ ခေတ်။ ကမ္ဘာပျက်တဲ့ဇတ်လမ်းတွေ လူကြိုက်များတဲ့ခေတ်။

ဥုံ …မိုးရာသီမှာ မိုးပဲရွာ။ မုန်တိုင်း ထပ်မလာနဲ့။ ငါဟာ ဧရာမဘလော့ဂါ။ ကြမ်း
ပြင်ကို ဖိနောင့်နဲ့သုံးချက်ပေါက်။ ဒီဂါထာနဲ့ ငေါက်လိုက်မယ်။ ကမ္ဘာလောကကြီး
ညိမ်ညိမ်နေစမ်း။ ဒို့တွေ ဒုက္ခရောက်လွန်းတယ်။

( ရုပ်ပုံ ၊ ဂူဂလ် )

Friday, May 21, 2010

ပျော်ရွှင်စွာ ပြင်းထန်











ပြင်းထန်မှုဟာ ကောင်းတဲ့သဘောလား။ ဆိုးတဲ့သဘောလား။ ပုံမှန်ထက်ပို
လွန်ကဲတဲ့သဘောဆိုတော့ ကောင်းရင်လည်း ပိုကောင်းမယ်။ ဆိုးရင်လည်း
ပိုဆိုးမယ်ဆိုတဲ့သဘောလား။ သီချင်းတပုဒ်မှာ အကြိမ်ကြိမ်အော်နေတာကတော့
ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်..တဲ့။ လွန်ကဲတဲ့သဘော။ ပြင်းထန်တယ်ဆိုတဲ့
သဘော။ ကော်ဖီခါးခါးသီချင်းက လူကြိုက်များတယ်။ လူတွေက ပြင်းထန်ရင်ကြိုက်
တာလား။

ရှမ်းအနုပညာသည်တဦးမန္တလေးကိုရောက်တော့ သူ့ရဲ့ အံ့သြမှုတွေကို သီချင်း
လုပ်ဆို တယ်။လက်ဘက်ရည်ဆိုင်ထိုင်တိုင်းလည်း ရောင်းကြတဲ့သူတိုင်း သကြား
ချိုချိုနဲ့ကြိုက်သလားတဲ့။ ပြင်းထန်ချင်သလားလို့ မေးတဲ့သဘောပါ။ ခပ်ပြင်းပြင်းကို
ကြိုက်သလားပေါ့။ လက်ဘက်ရည်ဆိုရင် အချိုပြင်းပြင်းသောက်တာ ခေတ်စားခဲ့ပုံ
ရပါတယ်။

အပြင်းစားရော့ခ်သီချင်းများဆိုပြီး ခေတ်စားခဲ့သေးတယ်။ ပျော့တာတွေကိုနေရာ
မပေးချင်တဲ့ သဘော။ ပျော့တာတွေနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတဲ့သဘော။ ဘာမ
ဆိုခပ်ပြင်းပြင်းမှ တော်ခါကျမယ်။ ပြင်းထန်မှုဟာ အလှတရားတခုဖြစ်နေတယ်။

စစ်အုပ်စုရဲ့ တာဝန်သာဖြစ်ကြောင်း ပြင်းထန်စွာသတိပေးလိုက်သည်...တဲ့။ နိုင်ငံ
ရေးကြေညာချက်တွေမှာ မပါမဖြစ်စာသားတခုပေါ့။ ပြင်းထန်စွာရှုတ်ချလိုက်သည်...
ဆိုတာလည်းရှိသေးတယ်။ ပြင်းထန်မှုမပါတဲ့ကြေညာချက်က ပျော့တိပျော့ညံ့
ကြေညာချက် ဆိုတဲ့သဘော။

မြန်မာဘလော့ဂ်တခုမှာလည်း သူရေးထားတဲ့စာ၊ သူရိုက်ထားတဲ့ပုံတွေကို
ခွင့်ပြုချက်မရပဲ ဖေါ်ပြတာကို ပြင်းထန်စွာ တားမြစ်ပါသတဲ့။ ခွင့်မရပဲလုပ်သူ
ူတွေ သူနဲ့ဘယ်တော့မှလာပြီး မဆက်ဆံနဲ့လို့လည်း ပြင်းထန်စွာသတိပေးလိုက်
ပါသတဲ့။ မဟုတ်တာလုပ်ရင် နာမယ်။ ငါက ပုံမှန်ထက်ပိုမယ့်လူ။ ပြင်းထန်တဲ့လူ။
မင်းတို့ ပိုနာမယ်။ သတိကျပ်ကျပ်ထားကြ ဆိုတဲ့သဘော။

နိုင်ငံရေးလောကမှာခေတ်စားနေတဲ့ ဝေါဟာရတခုကတော့ ပါဝါအပျော့တဲ့။
ပြင်းထန်တာတွေကို ခပ်ဝေးဝေးမှာထားတဲ့သဘော။ ကမ္ဘာ့တဘက်ခြမ်းမှာ
အသေခံဗုံးခွဲတာတွေကို အမျိုးသမီးရော၊ အမျိုးသားရောလုပ်နေကြတယ်။
ကော်ဖီဆိုရင် ခါးခါးမှကြိုက်တဲ့လူတွေလားမသိ။ တဘက်ခြမ်းမှာတော့
့မြောက်ကိုရီးယားကို အမေရီကန်သံစုံတီးဝိုင်းကြီးလွှတ်လိုက်တာ သိပ်သဘော
ကျဆိုပဲ။ တောင်ကိုရီးယားရုပ်သံဇတ်လမ်းတွေ အီရန်ကတောင်ကြိုက်နေသတဲ့။
ပါဝါအပျော့ကလည်း ပြင်းထန်တယ်ဆိုတဲ့သဘော။

တရားဓမ္မတွေကို ညိမ်ညိမ်အေးအေးထိုင်မဟောပဲ ရော့ခ်သီချင်းနဲ့ဟောမှ
သဘောကျတဲ့လူတွေလည်းရှိတယ်။ ကျော်ဟိန်းလည်း ဒီသဘောနဲ့လုပ်ဖူးတယ်။
အခုတော့ ဘုန်းကြီးဝတ်ပြီး ဟောနေရှာသတဲ့။ တည်တည်ညိမ်ညိမ်ဆိုပဲ။
ပြင်းထန်မှုကို အရှင်ကျော်ဟိန်း ဘယ်လိုသဘောထားတော်မူနေပြန်သလဲမသိ။

( စာရှုသူမိတ်ဆွေ ။ ဤစာသည်ကား ပြင်းထန်သောစာဖြစ်လေသည်။ ပြင်းထန်သော
အကြောင်းအရာကိုသာ အာရုံပြု၍ရေးသားထားကြောင်း ပြင်းထန်စွာ အသိပေးအပ်
ပါသည်။ စာရှုသူအသင်သည်လည်း ပြင်းထန်စွာဖတ်ရှုပြီးသကာလ မှတ်ချက်များကို
ပြင်းထန်စွာပေးခဲ့ပါရန်လည်း ပြင်းထန်စွာတိုက်တွန်းလိုက်သည်။ သင်တို့အားလုံး
ပြင်းထန်စွာကျန်းမာ ပျော်ရွှင်စေရန်လည်း ပြင်းပြင်းထန်ထန်ကြီးဆန္ဒပြုလိုက်သည်။
ပုံ ။ သ္ခင်ပျံထင်း ။ )

(ရုပ်ပုံ ။ ပြင်းထန်သော ဂူဂလ်)

Friday, May 14, 2010

တောင်ပေါ်လေ နောက်တပွဲ












ပင်လယ်ကြီးတခုရဲ့ ဘေး။ တောင်ကုန်းလေး တလုံးအပေါ်။ ငါတို့ဇနီးမောင်နှံ။
တောင်ငေး၊ မြောက်ငေး။ တောင်တွေး၊ မြောက်တွေး။ လေတွေက တဖြူးဖြူး
တိုက်လို့။ သူ့ဆံပင်တွေလည်း လေထဲမှာလွင့်လို့။ ငါ့ဆံပင်တွေလည်း လေတွေ
ထဲလွင့်လို့။ ချစ်ဇနီးက ရုတ်တရက် သီးချင်းထဆိုတယ်။ ဘာသီချင်းမှန်း မသိ။
နားထောင်လို့တော့ ကောင်းတယ်ဟ။ တောင်ပေါ်မှာ ပျော်စရာ။

တောင်ပေါ်မှာ လေတွေပဲရှိတယ်။ ဒီလေတွေက လေမရောထားတဲ့လေ
အစစ်တွေ။ကမ္ဘာကို တပါတ်ပါတ်၊ ပင်လယ်ကိုဖြတ်လာရင်း ကိုယ်လက်
သန့်စင်ခဲ့တဲ့လေတွေ။ လတ်ဆပ်သန့ှ်ရှင်းတဲ့လေကို ရှူခွင့်မရတဲ့လူတွေ
ကမ္ဘာမှာသန်းနဲ့ချီရှိတယ်။ ဒီထဲမှာ ငါမပါဘူး။ ဒါပေမဲ့ ခဏနေ ပါလိမ့်မယ်။

ငါနေတဲ့မြို့ ကိုပြန်တဲ့အခါ။ လေဆိုးလေညစ်တွေနဲ့ကြုံရမယ်။ ဆုံရမယ်။
လေညံ့လေပုတ် တွေကိုရှူရမယ်။ မြို့ ထဲကိုပြန်ရမှာ ခန့်လန့်လန့်။ အိုးမဲ့အိမ်မဲ့
တွေက မြို့ ရဲ့ လမ်းတွေပေါ်မှာ။ သူရဲတစ္ဆေတွေလို ဟိုတစု ဒီတစု။ အရက်နာ
ကျသူကျ။ မူးပြီးဆဲသူဆဲ။ ရူးပြီးအော်သူအော်။

လမ်းဒေါင့်မှာမှီပြီး တကျီကျီနဲ့ထိုးနေတဲ့ ခပ်ညံ့ညံ့ တယောသမား။ မှောက်ထား
တဲ့ ပလပ်စတစ် ပုံးတွေကို ဗုံလုပ်ပြီးတီးနေတဲ့လူကလည်း ကမ္ဘာကျော် ဘလူးစ်
သီချင်းတပုဒ်ကို ဈေးအော်ရောင်းသလို တကြော်ကြော်ဆို။သူတို့ဆီကထွက်တဲ့
အနံ့တွေ။

လွှတ်တော်အမတ်လို ၀တ်စားထားတဲ့လူယောက်ကျားတွေ။ အကယ်ဒမီပွဲတက်
မလိုပြင်ဆင်ထားတဲ့ လူမိန်းမတွေ။ မွှန်နေအောင်မွှေးနေတဲ့ ရေမွှေးနံ့တွေ။
ချွေးနံ့။ညှော်နံ့။ဆေးလိပ်မီးခိုးနံ့။စက်ရုံမီးခိုးနံ့။ ဟိုအနံ့၊ဒီအနံ့။ မြို့ ရဲ့  လေထဲမှာ
မျောလို့။ လွင့်လို့။ ဟိုလူရှူ။ ဒီလူရှူ။

ဖေါင်စီးရင်းရေငတ်သူတွေလို ငါတို့ဟာ လေရှူရင်း လေငတ်။ ရေသန့်ရောင်းတဲ့
ဈေးကွက်လို လေသန့်ရောင်းတဲ့ဈေးကွက် ပေါ်လာမယ်။ လေသန့်ကိုရှူမှ လူရာဝင်
မယ်။ ခေတ်မှီသူတိုင်း လေသန့်ကိုရှူကြသည်။ တောင်ပေါ်ကိုတက်ကြ။ တောင်ပေါ်
ကိုတက်ကြ။ တောင်ပေါ်မှာ လေတွေရှိတယ်။ စီးပွါးရေးသမားတွေ တောင်တွေကို
မ၀ယ်ခင် တောင်တွေပေါ်တက်ကြ။ လေတွေကိုရှူကြ။

လေအကြောင်း သီချင်းတွေစပ်ကြ။ ကဗျာတွေရေးကြ။ ရုပ်ရှင်တွေရိုက်ကြ။
ပန်းချီတွေဆွဲကြ။ မြင်းဟာ မီးကိုမမြင်သလို။ ငါးဟာ ရေကိုမမြင်သလို။
လူဟာ လေကိုမမြင်ဘူး။ လေကိုမြင်ရင် တန်ခိုးထွားပြီမှတ်။ လေကိုမြင်အောင်
ကျင့်ကြံကြ။ လေကိုသန့်အောင် အနေအထိုင်ဆင်ခြင်ကြ။ ချစ်တဲ့သူကို လေသန့်
လက်ဆောင်ပေးကြ။

မိတ်ဆွေတွေကို တောင်ပေါ်ခေါ်သွား။ တောင်ပေါ်ရောက်ရင် လေတွေကိုရှူပြီး
မူးကြရူးကြ။ အမူးသမားတွေလို အော်ဟစ်ကြ။ ဘာသာဘာဝ ပျော်ပါးမြူးတူးကြ။

လေမုန်တိုင်းတွေကို လူတွေကဖန်ဆင်းတယ်။ ရောဂါပိုးမွှားတွေကို လေထဲရောက်
အောင် လူတွေကထည့်နေတယ်။ လေလှိုင်းပေါ်ကလူသတ်သမား သတိထားလို့
မြန်မာစစ်ဗိုလ်တွေ အော်နေတယ်။ လေကြီးလေကျယ် သိပ်မပြောကြနဲ့။ အာပုတ်
ဆော်နံတယ်။ မသိရင် မသိသလို ညိမ်ညိမ်နေကြ။ အာမချောင်ကြနဲ့။ မရွှီးကြနဲ့။
လေတွေ ညစ်ပတ်ကုန်လိမ့်မယ်။

ထပ်ပြောမယ်။ တောင်ပေါ်မှာ လေတွေရှိတယ်။

(ရုပ်ပုံ ဂူဂလ်)

Friday, May 7, 2010

တောင်ပေါ်မှာ လေတွေရှိတယ်












ဒီလိုနဲ့ တောင်ပေါ်ကိုတက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အစက တောင်ခြေမှာရှိတဲ့
ကော်ဖီဆိုင်လေးတွေမှာ ထိုင်မလား။ ပန်းခြံတွေထဲ သွားမလား။ ဈေးဆိုင်လေးတွေ
ကြည့်မလား။ စာအုပ်ဆိုင်မှာ ထိုင်မလား။ မရေမရာ ဖြစ်နေတာ။

ဒီလိုနဲ့ တောင်ပေါ်ကို တက်ခဲ့ကြပါတယ်။ ဒီအရပ်မှာ တောင်တွေက အမြင့်ကြီးတွေ
မဟုတ်ဘူး။ တောင်ပုလေးတွေ။ တောင်ကတုံးလေးတွေ။ ကျုပ်တို့လို လူပျင်းတွေ
အကြိုက် အလွယ်တက်လို့ကောင်းတဲ့ တောင်တွေပေါ့။ ဘာအန္တရယ်မှ မရှိဘူး။
ဘာအခက်အခဲမှ မရှိဘူး။

အစိမ်းရောင်တောင်ကုန်းလေးတွေပါ။ လူတွေတက်ထားကြလို့ ခြေလျှင်တောင်
ပါတ်လမ်းလေးတွေတောင် ဖြစ်နေပါပြီ။ လမ်းတလျှောက် တောင်မှာကပ်ပေါက်
နေတဲ့ အမျိုးအမည်မသိ အပင်ပုလေးတွေက ချစ်စရာ။ တချို့ ဆို ပန်းရောင်စုံ
လေးတွေ ပွင့်လို့။ တောင်ကပ်ပင်နဲ့ တောင်ကပ်ပန်းလို့ပဲ နာမည်အလွယ်တကူ
ပေးလိုက်မယ်။

ဒီလိုနဲ့ ချစ်ဇနီးနဲ့အတူ တောင်ပေါ်ကို ဖြေးဖြေးချင်းတက်ခဲ့ကြပါတယ်။ မကြာဘူး။
တောင်ထိပ်ကို ရောက်ပါလေရော။ တောင်ကတုံးဆိုတော့လည်း တောင်ပေါ်မှာ
ဘာမှ မရှိရှာဘူး။ မြန်မာပြည်ဆို ဘုရားတဆူလောက်တော့ ရှိနေရောပေါ့။
ဟုတ်တာ၊ မဟုတ်တာ အပထား။

တောင်ပေါ်မှာ ထိုင်ကြပါတယ်။ ဟိုငေးဒီငေး လုပ်တယ်။ တောင်အောက်
ခပ်လှမ်းလှမ်းမှာ ပင်လယ်။ ကမ်းစပ်ကို လှိုင်းပုတ်တဲ့အသံ တချက်တချက်
တောင်ပေါ်ကို တက်လာတယ်။ ကျောက်ဆောင်တွေကို လှိုင်းတွေရိုက်တော့
ထုံးစံအတိုင်း ဖွေးကနဲ ဖွါကနဲပေါ့။ ဒါလည်း ကြည့်လို့ကောင်းတာပဲ။

ပင်လယ်ကြီးကိုကြည့်ရတာ ပျင်းစရာကြီး။ ဘာမှလည်းမရှိဘူး။ စိမ်းသလိုလို
ပြာသလိုလို ရေပြင်ကြီး။ ဒါပဲ။ ခပ်ဝေးဝေးမှာ သင်္ဘော တစီး၊နှစ်စီးတွေ့ ရတယ်။
ကုန်တင်သင်္ဘောတွေ။ ခဏနေတော့ ပျောက်သွားတယ်။ ဘာတွေသယ်လာသလဲ။
ဘယ်ကိုသွားမှာလဲ မသိဘူး။ သိလည်းမသိချင်ပါဘူးလေ။

ကမ်းစပ်မှာတော့ မဆိုးဘူးဗျ။ လှိုင်းစီးတဲ့သူတွေရှိတယ်။ ခွေးနဲ့ပြေးနေကြတဲ့သူတွေ။
သဲနဲ့ဆော့နေတဲ့ ကလေးတွေ။ ပျော်ပွဲစားထွက်တဲ့သူတွေ။ဘီယာသောက်သူ
သောက်။ သီချင်းဖွင့်ပြီး က သူ က ။ လှုပ်သူ လှုပ်။ အသားတွေ ကင်သူ ကင်။
စားသူ စား။ ဓါတ်ပုံရိုက်သူ ရိုက်။ ငါးမျှားတဲ့သူက မျှား။

ဟိုး ဝေးဝေးမှာ ကျုပ်တို့နေတဲ့မြို့ ။ တပိုင်းတစ မြင်နေရတယ်။ အိမ်တွေ၊ တိုက်တွေ
ထိုးထိုးထောင်ထောင်နဲ့။ အဝေးကကြည့်တော့လည်း မြို့ က ခပ်သေးသေးရယ်။
(အဝေးကကြည့်မှတော့ မြို့ မှမဟုတ်ပါဘူး။ အကုန်လုံး သေးတာပါပဲ။ ကျုပ်က အဲသလို
တချက်တချက် ကြောင်တယ်။) ခုဏကပဲ အဲဒီမြို့ ထဲက ထွက်လာခဲ့ကြတာပေါ့။
ကိုယ်နေတဲ့ မြို့  ကိုယ်ပြန်မြင်ရတာလည်း အရသာတမျိုး။

တောင်ပေါ်မှာ လေတွေရှိတဲ့အကြောင်း နောက်မှဆက်ရေးမယ်ဗျာ။ အခုတော့
ပျင်းလို့ ကော်ဖီဆိုင်သွားလိုက်ဦးမယ်။ အဲဒီမှာ ဂျက်ဇ်သီချင်းကောင်းကောင်းတွေ
ကြားရလိမ့်မယ်။ အားလုံး ပျင်းကြပါစေ။ ပျင်းတာ ဇိမ်ရှိတယ်။

(ဓါတ်ပုံ ဂူဂလ်)

Tuesday, May 4, 2010

ဆရာကြီး











ဆရာဒဂုန်တာရာ အသက်ကြီးလှပြီ။ ၉ ၁နှစ်တဲ့။ မေလ ၁၀ရက်နေ့ဟာ သူ့မွေးနေ့။
ကံကောင်းတယ်။ အခုထိစာတွေ ရေးနေတုန်း။ မျက်စိမမြင်နိုင်တော့ ပါးစပ်နဲ့ရေးသတဲ့။
သူဘာပဲရေးရေး တန်ဘိုးရှိတယ်။ ဖြတ်သန်းမှု ကြီးတဲ့သူ၊ စုံတဲ့သူ။ တိုင်းပြည်နဲ့လူမျိုးကို
စေတနာကြီးကြီးထားတဲ့သူ။ နုညံ့တဲ့သူ။

ကိုလိုနီဘ၀ကလွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့သူ။ ငြိမ်းချမ်းရေးသမား။ ပညာတတ်
အနုပညာသမား။ တိုင်းပြည်မှာ ပြည်သူတွေဆင်းရဲပြီး လွတ်လပ်မှုမရပဲဖြစ်နေတာကို
စိတ်မကောင်းကြီးစွာဖြစ်နေရသူ။ သမိုင်းတန်ဘိုးကြီးပေမဲ့ ထည်ထည်ဝါ၀ါမနေသူ။
ပြည်သူတွေနဲ့ တသားထဲ အတူရှိနေသူ။

လူငယ်တွေကို မျှော်လင့်ချင်သူ။ ညှာတာသူ။ တခြားသူကို စိတ်အနှောက်အယှက်
မပေးချင်သူ။ ပြောချင်တာတွေ အများကြီးရှိနေပေမဲ့ မပြောပဲနေတဲ့သူ။
အာဏာပိုင်တွေနဲ့ ခပ်ခွါခွါနေသူ။

မနေ့က သူ့ဆီဖုန်းဆက်တယ်။ အသံက မာနေတုန်း၊ ရွှင်နေတုန်း။ ခင်မင်မှုဓါတ်တွေ
အပြည့်ရှိနေတုန်း။ လူငယ်တွေကို အားကိုးတဲ့ဓါတ်တွေ၊ အားပေးတဲ့ဓါတ်တွေ ရနေတုန်း။
ပြောချင်ဆိုချင် ရှိနေတုန်း။ ကျောင်းသားသမဂ္ဂကို လွမ်းနေတုန်း။ ကိုအောင်ဆန်း၊
ကိုဗဟိန်း၊ သခင်နုနဲ့ သခင်သန်းထွန်းတို့အကြောင်းကို ကြုံရင်ကြုံသလိုပြောနေတုန်း။
သခင်ကိုယ်တော်မှိုင်းကို ဦးထိပ်ထားနေတုန်း။

မှတ်ညဏ်တော့ အားနည်းသွားရှာပြီ။ ဆိပ်ဖလူးပန်းနာမည်ကို မေ့နေတယ်။ သခင်နုရဲ့ 
ရက်စက်ပါပေ့ကွယ် ကိုမေ့နေတယ်။ ဒါပေမဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ
ကိုတော့ အားလုံးလိုလို မှတ်မိနေရှာတယ်။

ခေတ်ပေါ်မြန်မာ့နိုင်ငံရေးသမိုင်းရဲ့  ရှားပါးတဲ့ မျက်မြင်သက်သေကြီးတဦး။ ရေးတဲ့စာတွေ
ဆင်ဆာအဖြတ် ခံနေရတဲ့သူ။ ဆရာကြီး သနားပါတယ်။ မွေးနေ့မှာ ပျော်ပါစေ။
ကျန်းကျန်းမာမာနဲ့ မြန်မာ့သမိုင်းအမှန်တွေကို ချန်ထားနိုင်ခဲ့ပါစေ။ မချန်ထားနိုင်လည်း
ရပါတယ်ဗျာ။ တိုင်းပြည်အတွက် ဆရာကြီးတို့ တာဝန်ကျေလှပါတယ်။

(ဓါတ်ပုံ ဂူဂလ်)