Friday, May 28, 2010

ကပ်စေးနှဲခြင်းအနုပညာ











ကပ်စေးနှဲတယ်ဆိုတာ မကောင်းတဲ့သဘောလို့ အများကလက်ခံထားတယ် ။
အများကလက်ခံတယ်ဆိုတာ အနည်းက လက်မခံဘူးဆိုတဲ့သဘော ။
ရှင်းတယ်နော်။ ဒါပေမဲ့ အနည်းစုပဲ ကပ်စေးနှဲတာလို့ပြောရင် ရပါ့မလား ။
အတွေ့ အကြုံအရ ကပ်စေးနှဲသူတွေ တော်တော်များများရှိပါတယ် ။ အတွေ့ 
အကြုံဆိုတာ ကပ်စေးနှဲသူတွေရဲ့  စေးနှဲတဲ့ဒဏ်တွေကို ခံခဲ့ရတာကိုပြောတာပါ ။

ကံဆိုးစွာ မိတ်ဆွေတွေထဲမှာ ကပ်စေးနှဲသူတွေ ရှိခဲ့ရဖူးတယ် ။ ဒါကိုလည်း
ရှင်းရလိမ့်ဦးမယ် ။ ခင်မင်ရတဲ့သူငယ်ချင်းရဲ့ အကိုက သိပ်ကပ်စေးနှဲတဲ့
အကောင်။ သူ့ညီနဲ့က သူငယ်ချင်းဆိုတော့ အကိုကိုရှောင်ဖို့မလွယ်ဘူး ။
မိတ်ဆွေအဖြစ် ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားရတယ် ။ နောက်တဦးက
ခင်မင်လေးစားရတဲ့ မိတ်ဆွေတဦးရဲ့ ဇနီး ။ သူက ဒေါ်ကပ်စေး ။ စူပါကပ်စေး ။
သူ့ကိုလည်းရှောင်လို့ မရဘူး ။ မိတ်ဆွေအဖြစ်လက်ခံထားမှ အလုပ်ဖြစ်မယ် ။
အဲဒါကြောင့် ကံဆိုးစွာလို့ ဆိုရတာ ။

ကပ်စေးနှဲမှုမှာ အဆင့်အမျိုးမျိုးရှိတယ် ။ သောက်ငြင်ကပ်လောက်အောင်
ကပ်စေးနှဲလွန်းတဲ့ လူ ။ ပါးပါးနပ်နပ် ကပ်စေးနှဲတဲ့လူ ။ သူက ယဉ်ကျေးမှုကို
သဘောပေါက်တယ် ။ မသိရင် စည်းကမ်းကြီးတဲ့လူလို့ထင်အောင် သရုပ်
ဆောင်ကောင်းတယ် ။ ဒါပေမဲ့သူ့ရဲ့  ကပ်စေးနှဲမှုကိုလည်း မသိမသာ မြင်
အောင် ပြတတ်တယ် ။ လက်ဘက်ရည်ဝိုင်းမှာ နောက်ဆုံးမှ ပိုက်ဆံထုတ်ပေး
တတ်တဲ့သူမျိုးပေါ့ ။ နောက်တမျိုးကတော့ ခိုးချောင်ခိုးဝှက် ကပ်စေးနှဲတဲ့သူ ။
ကြောင်လိုပဲ လက်သည်းတွေကို ၀ှက်ထားတဲ့လူပေါ့ ။ အကုပ်ခံလိုက်ရမှ
ဒီလူဟာ ကပ်စေးနှဲမှန်း သိလိုက်ရတဲ့သူပေါ့ ။ သူတို့က လူအများနဲ့ ခပ်ကင်း
ကင်းနေတတ်တယ် ။

ပြောခဲ့တဲ့သုံးမျိုးလုံးနဲ့ ကံဆိုးစွာ ဆုံးစည်းပေါင်းသင်းခဲ့ရဖူးတယ် ။ ဒါပေမဲ့ ကပ်
စေးနှဲခြင်းရဲ့  အနုပညာကို ကောင်းကောင်းသဘောမပေါက်ခဲ့ဘူး ။ ဒီလူတွေ
စိတ်ပျက်ဖို့ကောင်းတာပဲ သိတယ် ။ တရက်သား လမ်းလျှောက်ထွက်ကြရင်း
ကပ်စေးနှဲတာဟာ အနုပညာတရပ်ပဲလို့ ချစ်ဇနီးက အမှတ်မထင်ပြောလိုက်
တော့မှ အလင်းဓါတ်ရသွားတယ် ။

ငယ်ငယ်က ။ အိမ်နီးချင်းအဒေါ်ကြီးတယောက်ဟာ အင်မတန်ဈေးဆစ်တဲ့သူ ။
လမ်းထဲကိုလာတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ သူ့ကို သိပ်စိတ်ညစ်
ကြတယ် ။ ဈေးသည်ကို ခေါ်တယ် ။ ဈေးမေးမယ် ။ ဈေးကြီးလိုက်တာလို့
ပြောမယ် ။ ဘယ်ဆိုင်မှာဆို ဘယ်လောက်ပဲရှိတာလို့ပြောမယ် ။ ပစ္စည်းအမျိုး
အစားကလည်း သိပ်မကောင်းဘူးလို့ ဆိုမယ် ။ ဈေးသည်ကို သနားလို့ပဲ
ဝယ်ပေးမယ့်ဟန် ပြုမယ် ။ သူသာလျှင် ဖေါက်သည်စစ်လို့ထင်ရအောင်
လုပ်မယ် ။

လိုအပ်ရင် သူကဈေးသည်ကို ရေပါတိုက်တယ် ။ သူတို့မိသားစုအကြောင်း
မဆိုင်ပဲလျှောက်ပြောမယ် ။ အချိန်ကုန်ခံပြီး လိုချင်တဲ့ဈေးကို မရမက ဆစ်မယ် ။
နောက်ဆုံး ။ ဈေးသည်က စိတ်ညစ်ညစ်နဲ့ လျှော့ပြီးရောင်းသွားရတာများတယ် ။
ချော့တလှည့်၊ ချောက်တလှည့် ။ ဘောလုံးသမား ဂိုးသွင်းနိုင်သလို ။ မုဆိုးတ
ယောက် သားကောင်ဖမ်းသလို ။ နည်းမျိုးစုံနဲ့ လိုချင်တာကိုရအောင် လုပ်တတ်
တာက သူ့ရဲ့ အနုပညာလို့ပြောရမလား ။

(နောက်မှ ဆက်ရေးမယ် ။) (ရုပ်ပုံ ။ ဂူဂလ်)

2 comments:

ညီမလေး said...

အဲ့ဒီအနုပညာက တခါတလေကျလဲ လိုအပ်သလားလို့ဗျ .. ထင်တာပြောကြည့်တာပါ ။ နဲနဲတော့ကြောက်သား အမြင်အကတ်ခံရမှားP

သက်ဝေ said...

ဘုရားရေ...
ကပ်စေးနဲတာများ အနုပညာတဲ့...
ဒွတ်ခပါပဲ...

ကပ်စေးနဲ ဆိုတဲ့စာလုံးတွေ့တော့ ငယ်ငယ်က စားခဲ့ရတဲ့ ကြက်ဥခေါက်မုန့်ထဲမှာ ကပ်စေးနဲ ညှပ်ထားတဲ့ဟာ စားချင်လာတယ်...

သူများပြောတဲ့ ကကြီး ခ ခွေးကျ မရေးဘူး
ကိုဘလူးစကိုင်းလဲ ကပ်စေးနဲ တာပဲ... ဟွန်း...