Friday, May 14, 2010

တောင်ပေါ်လေ နောက်တပွဲ












ပင်လယ်ကြီးတခုရဲ့ ဘေး။ တောင်ကုန်းလေး တလုံးအပေါ်။ ငါတို့ဇနီးမောင်နှံ။
တောင်ငေး၊ မြောက်ငေး။ တောင်တွေး၊ မြောက်တွေး။ လေတွေက တဖြူးဖြူး
တိုက်လို့။ သူ့ဆံပင်တွေလည်း လေထဲမှာလွင့်လို့။ ငါ့ဆံပင်တွေလည်း လေတွေ
ထဲလွင့်လို့။ ချစ်ဇနီးက ရုတ်တရက် သီးချင်းထဆိုတယ်။ ဘာသီချင်းမှန်း မသိ။
နားထောင်လို့တော့ ကောင်းတယ်ဟ။ တောင်ပေါ်မှာ ပျော်စရာ။

တောင်ပေါ်မှာ လေတွေပဲရှိတယ်။ ဒီလေတွေက လေမရောထားတဲ့လေ
အစစ်တွေ။ကမ္ဘာကို တပါတ်ပါတ်၊ ပင်လယ်ကိုဖြတ်လာရင်း ကိုယ်လက်
သန့်စင်ခဲ့တဲ့လေတွေ။ လတ်ဆပ်သန့ှ်ရှင်းတဲ့လေကို ရှူခွင့်မရတဲ့လူတွေ
ကမ္ဘာမှာသန်းနဲ့ချီရှိတယ်။ ဒီထဲမှာ ငါမပါဘူး။ ဒါပေမဲ့ ခဏနေ ပါလိမ့်မယ်။

ငါနေတဲ့မြို့ ကိုပြန်တဲ့အခါ။ လေဆိုးလေညစ်တွေနဲ့ကြုံရမယ်။ ဆုံရမယ်။
လေညံ့လေပုတ် တွေကိုရှူရမယ်။ မြို့ ထဲကိုပြန်ရမှာ ခန့်လန့်လန့်။ အိုးမဲ့အိမ်မဲ့
တွေက မြို့ ရဲ့ လမ်းတွေပေါ်မှာ။ သူရဲတစ္ဆေတွေလို ဟိုတစု ဒီတစု။ အရက်နာ
ကျသူကျ။ မူးပြီးဆဲသူဆဲ။ ရူးပြီးအော်သူအော်။

လမ်းဒေါင့်မှာမှီပြီး တကျီကျီနဲ့ထိုးနေတဲ့ ခပ်ညံ့ညံ့ တယောသမား။ မှောက်ထား
တဲ့ ပလပ်စတစ် ပုံးတွေကို ဗုံလုပ်ပြီးတီးနေတဲ့လူကလည်း ကမ္ဘာကျော် ဘလူးစ်
သီချင်းတပုဒ်ကို ဈေးအော်ရောင်းသလို တကြော်ကြော်ဆို။သူတို့ဆီကထွက်တဲ့
အနံ့တွေ။

လွှတ်တော်အမတ်လို ၀တ်စားထားတဲ့လူယောက်ကျားတွေ။ အကယ်ဒမီပွဲတက်
မလိုပြင်ဆင်ထားတဲ့ လူမိန်းမတွေ။ မွှန်နေအောင်မွှေးနေတဲ့ ရေမွှေးနံ့တွေ။
ချွေးနံ့။ညှော်နံ့။ဆေးလိပ်မီးခိုးနံ့။စက်ရုံမီးခိုးနံ့။ ဟိုအနံ့၊ဒီအနံ့။ မြို့ ရဲ့  လေထဲမှာ
မျောလို့။ လွင့်လို့။ ဟိုလူရှူ။ ဒီလူရှူ။

ဖေါင်စီးရင်းရေငတ်သူတွေလို ငါတို့ဟာ လေရှူရင်း လေငတ်။ ရေသန့်ရောင်းတဲ့
ဈေးကွက်လို လေသန့်ရောင်းတဲ့ဈေးကွက် ပေါ်လာမယ်။ လေသန့်ကိုရှူမှ လူရာဝင်
မယ်။ ခေတ်မှီသူတိုင်း လေသန့်ကိုရှူကြသည်။ တောင်ပေါ်ကိုတက်ကြ။ တောင်ပေါ်
ကိုတက်ကြ။ တောင်ပေါ်မှာ လေတွေရှိတယ်။ စီးပွါးရေးသမားတွေ တောင်တွေကို
မ၀ယ်ခင် တောင်တွေပေါ်တက်ကြ။ လေတွေကိုရှူကြ။

လေအကြောင်း သီချင်းတွေစပ်ကြ။ ကဗျာတွေရေးကြ။ ရုပ်ရှင်တွေရိုက်ကြ။
ပန်းချီတွေဆွဲကြ။ မြင်းဟာ မီးကိုမမြင်သလို။ ငါးဟာ ရေကိုမမြင်သလို။
လူဟာ လေကိုမမြင်ဘူး။ လေကိုမြင်ရင် တန်ခိုးထွားပြီမှတ်။ လေကိုမြင်အောင်
ကျင့်ကြံကြ။ လေကိုသန့်အောင် အနေအထိုင်ဆင်ခြင်ကြ။ ချစ်တဲ့သူကို လေသန့်
လက်ဆောင်ပေးကြ။

မိတ်ဆွေတွေကို တောင်ပေါ်ခေါ်သွား။ တောင်ပေါ်ရောက်ရင် လေတွေကိုရှူပြီး
မူးကြရူးကြ။ အမူးသမားတွေလို အော်ဟစ်ကြ။ ဘာသာဘာဝ ပျော်ပါးမြူးတူးကြ။

လေမုန်တိုင်းတွေကို လူတွေကဖန်ဆင်းတယ်။ ရောဂါပိုးမွှားတွေကို လေထဲရောက်
အောင် လူတွေကထည့်နေတယ်။ လေလှိုင်းပေါ်ကလူသတ်သမား သတိထားလို့
မြန်မာစစ်ဗိုလ်တွေ အော်နေတယ်။ လေကြီးလေကျယ် သိပ်မပြောကြနဲ့။ အာပုတ်
ဆော်နံတယ်။ မသိရင် မသိသလို ညိမ်ညိမ်နေကြ။ အာမချောင်ကြနဲ့။ မရွှီးကြနဲ့။
လေတွေ ညစ်ပတ်ကုန်လိမ့်မယ်။

ထပ်ပြောမယ်။ တောင်ပေါ်မှာ လေတွေရှိတယ်။

(ရုပ်ပုံ ဂူဂလ်)

4 comments:

သက်ဝေ said...

အဲ... အခြေအနေမကောင်းဘူး... ဆူနေတယ်...
မသိရင် မသိသလို ငြိမ်ငြိမ်နေကြ တဲ့...

ငြိမ်ငြိမ်လေး လာဖတ်၊ ပါးစပ်ပိတ်ပြီး ပြန်သွားတယ်နော်... ဆူနဲ့တော့...း))

Hmoo said...

လေနဲ့အသက်မွေးသူများအဆင်ပြေသထတ်ပို
အဆင်ပြေပါစေဗျား... :)

ညီမလေး said...

လေမသန့်အောင် လုပ်နေတာလဲ လူတွေပဲ ။ ဟော...လေသန့်ကို ရချင်ကြပြန်တော့လဲ အဲ့လူတွေပဲ။ ကဲ.. မခက်ပေဘူးလား ။

pandora said...

တောင်အောက်ကလေတွေက ညစ်တယ်။ လေသန့်အောင် လေနဲ့မှုတ်ဆေးရမယ်။ တောင်ပေါ်က လေမရောတဲ့ လေကောင်းလေသန့် စစ်စစ်တွေ နိုင်သလောက် တပွေ့တပိုက် သယ်လာခဲ့ပါ။