Wednesday, December 5, 2012

ရောဂါ


မြန်မာစစ်အုပ်စုမှာ လုံးဝနားမလည်နိုင်တဲ့ ဝေါဟာရ သုံးခုရှိတယ် ။
တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှု။ ဒါတွေကို နားမလည်နိုင်
တာဟာ အာဏာရှင်ရောဂါ။

ဗိုလ်သိန်းစိန်အစိုးရက အရင်အစိုးရတွေနဲ့မဆိုင်ဘူးလို့တတွတ်
တွတ်ပြောနေတယ်။ သူတို့က အာဏာရှင်မဟုတ်ဘူးလို့ ဆိုလိုချင်
ပုံရတယ်။ တဘက်မှာတော့ အရင်အစိုးရတွေရဲ့ ပြစ်မှုကျူးလွန်မှု
တွေကို အကာအကွယ်ပေးနေတယ်။ ပြည်သူ့ဆန္ဒအတိုင်း အလုပ်
လုပ်မယ်လို့ကြွေးကြော်နေပေမဲ့ လက်တွေ့ဘ၀မှာပြည်သူ့ဆန္ဒ
တွေက ချေမှုန်းခံနေရတယ်။ မလှမ့်တပတ်လုပ်ခံနေရတယ်။

ပြည်သူလူထုနဲ့ဆက်ဆံရေးမှာ တရားမျှတမှုတွေ ရှိမလာဘူး။ တိုင်း
ရင်းသားတွေနဲ့ဆက်ဆံရေးမှာ တန်းတူညီမျှမှုကို လုံးဝထည့်မစဉ်း
စားသေးဘူး။ လွတ်လပ်မှုကိစ္စမှာတော့ လျှော့လျှော့ပေါ့ပေါ့လုပ်
လာတာတွေ့ရတယ်။ ဒါကလည်း ယာယီလား။ ထာဝစဉ်လား။ အစစ်
အမှန်လား။ အတုအယောင်လားဆိုတာ စောင့်ကြည့်ရဦးမယ်။

အာဏာရှင်ရောဂါက စစ်အုပ်စုတခုထဲမှပဲ ရှိနေတယ်လို့ တထစ်ချပြော
လို့မရဘူး။ အာဏာရှင်စံနစ်ကို ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေ
ထဲမှာလည်း ဒီရောဂါလက္ခဏာတွေကို မြင်နေရတယ်။ ဒီရောဂါစွဲကပ်ပြီ
ဆိုရင် ပျောက်ဖို့သိပ်ခက်တယ်။ တချို့ကလည်း ရောဂါရှိနေလို့ရှိနေမှန်း
မသိဘူး။ တချို့ကတော့ ရောဂါရှိမှန်းသိပေမဲ့ မရှိချင်ယောင်ဆောင်ကြ
တယ်။ အဲဒါနဲ့ပဲ မြန်မာပြည်မှာ အာဏာရှင်သံသယာ လည်နေတယ်။

ဒီမိုကရေစီဆိုတာ မြန်မာပြည်သူတွေအတွက် တခါမှမစားဖူးတဲ့ အစား
အစာတခုပဲ။ ဦးနုခေတ်တုန်းက ဒီမိုကရေစီ ရှိခဲ့ဖူးတယ်ဆိုပေမဲ့ အထိုင်
မကျခင်မှာပဲ ( ဒီမိုကရေစီဆိုတာ ချိုသလား၊ ချဉ်သလား မသိရခင်မှာပဲ)
စစ်အာဏာရှင်အောက် ရောက်သွားခဲ့တာမဟုတ်လား။ မြန်မာပြည်သူ
တွေ ကျကျနနစားဖူးတာက အာဏာရှင်စံနစ်။ ဒီအဟာရဓါတ်နဲ့ပဲရှင်
သန်ခဲ့ရတယ်။ အခုလည်း ဒီမိုကရေစီကို အကောင်အထည်ဖေါ်မယ်
ဆိုတဲ့ ဗိုလ်သိန်းစိန်တို့အုပ်စုကိုယ်တိုင်က စစ်အာဏာရှင်လူထွက်တွေ။

ဘိန်းစွဲ၊ ဆေးစွဲ၊ အရက်စွဲသူတွေ ဖြတ်တဲ့အခါ တော်တော်ဝရုန်းသုန်းကား
ဖြစ်တယ်။ တချို့ က ဖြတ်တုန်းခဏပဲ ပြတ်တယ်။ တချို့ကတော့ လုံးလုံး
ပြတ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြတ်ချင်တဲ့စိတ်ရှိဖို့က ပထမအရေးကြီးတယ်။
ဗိုလ်သိန်းစိန်အစိုးရဟာ အာဏာရှင်အစွဲကို တကယ်ပဲဖြတ်ချင်နေတာလား
ဆိုတာ အသိရခက်တယ်။ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား မရှိဘူး။
ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဒါပေမဲ့လည်း အစွဲဖြတ်ဖို့ဆေးရုံကိုတော့ရောက်
လာပြီ။ ၀ရုန်းသုန်းကားတွေလည်း မြင်နေရပြီ။ တကယ်ပြတ်အောင် ဖြတ်
ဖို့ပဲ လိုတယ်။

အမြစ်ပြတ်အောင် ဖြတ်နိုင်ဖို့က ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။
တွန်းတဲ့သူကလည်း တွန်း။ ဆွဲတဲ့သူကလည်း ဆွဲ။ နှဲ့တဲ့သူကလည်း နှဲ့။
မတဲ့သူကလည်း မ။ အတွန်းချည်း သက်သက်လည်း မဖြစ်ဘူး။ အဆွဲချည်း
သက်သက်လည်း မဖြစ်ဘူး။ ဒေါ်စုက သမ္မတကြီးကို ယုံတယ်လို့ပြောတိုင်း
တတိုင်းပြည်လုံး လိုက်ပြီးယုံစရာ မလိုဘူး။ NLDက စစ်အုပ်စုဖွဲ့စည်းပုံကို
ထောက်ခံတိုင်း တတိုင်းပြည်လုံး လိုက်ပြီးထောက်ခံစရာ မလိုဘူး။ ကိုယ့်
အသိနဲ့ကိုယ်လွတ်လွတ်လပ်လပ် ရပ်တည်တဲ့အကျင့်တွေ စပြီးလေ့ကျင့်
သင့်ပြီ။

တခါမှ မစားဖူးတဲ့အစာ။ တခါမှ မရောက်ဖူးတဲ့ဒေသ။ တခါမှ မကျင့်သုံးဖူး
တဲ့စံနစ်တခုကို အသားကျအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့လည်း ကောင်းချင်ရင်တော့ အနာခံပြီးရောဂါပျောက်အောင် ကုသ
ရလိမ့်မယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်တွေဟာ တိုးတက်ထွန်းကားလာခဲ့တယ်။
ခပ်ပျော့ပျော့ ခပ်ညံ့ ညံ့တွေ များနေရင်တော့ ရောဂါပျောက်ဖို့ မလွယ်ဘူး။
ပျောက်လည်း ခဏပဲဖြစ်လိမ့်မယ်။ အာဏာရှင်ရောဂါကို ပျောက်အောင်
ကုသနိုင်မယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေ မျက်နှာချင်း
ဆိုင်မိကြလိမ့်မယ်။

တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှုဆိုတာတွေက အာဏာရှင်ရော
ဂါကို ပျောက်ကင်းစေမယ့်ဆေးပဲ။ ဒီသုံးချက်က မြန်မာပြည်သူတွေအတွက်
ဒို့တာဝန်အရေးသုံးပါးလို့တောင် ဆိုရလိမ့်မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, November 30, 2012

သမ္မဒဂျီးအတွက် အခွင့်ကောင်း















လက်ပံတောင်းသပိတ်ဖြိုခွဲမှုက ပြည်သူလူထုကို သွေးဆူစေခဲ့ပြီ။ အနာဟောင်း
တွေကို ပြန်ဆွပေးခဲ့ပြီ။ မြန်မာလူထုဟာ အချိုးမပြောင်းနိုင်တဲ့စစ်အုပ်စုကို ဘယ်
လိုပုံစံမျိုးပဲဖြစ်ဖြစ် မုန်းနေဦးမှာပဲ။ ပြည်သူလူထုအတွက် မရပ်တည်ပဲ စစ်ခေါင်း
ဆောင်တွေနဲ့ တရုတ်အစိုးရအတွက် ရပ်တည်နေသရွေ့ ပြည်သူနဲ့အစိုးရဟာ ရန်ဘက်အသွင်ဆောင်နေလိမ့်မယ်။

ဒုက္ခမျိုးစုံကြောင့် ထပ်ပြီးအထိမခံနိုင်လောက်အောင် နာကျင်စုတ်ပြတ်နေတဲ့
မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ဆက်ဆံမှုက နွေးထွေးကျင်နာမှု။
သာယာအေးချမ်းမှု။ ပြေလည်ငြိမ်းချမ်းမှု။ ဖေါ်ရွေလိုလားမှု။ အားပေးကူညီမှု။
ဒါကို မလုပ်ပေးနိုင်ရင် ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ( ဒေါ်စုမကလို့ ဘိုးဘိုး
အောင်ပဲ လာလာ ) မြန်မာပြည် အဆင်မပြေနိုင်ဘူး။

ဦးပိုင်လီမီတက်ကို ဆက်ပြီးရှင်သန်ခွင့်ပေးထားတာ သမ္မဒဂျီးအတွက် အမှား။
မြွေပွေးခါးပိုက် ပိုက်ထားတာပဲ။ ဦးပိုင်ရှိနေသရွေ့ လူထုရဲ့ဒေါသက ငြိမ်နေမှာ
မဟုတ်။ ဦးပိုင်ကို မြန်မြန်ရှင်းလိုက်လေ လူထုရဲ့ဒေါသ ငြိမ်လေလေပဲ။ သမ္မဒ
ဂျီးက ဦးပိုင်ကို ရှင်းနိုင်တဲ့အခြေအနေရှိရဲ့လား။ ဦးပိုင်ကို အမြန်ရှင်းလိုက်ရင်
သမ္မဒဂျီး နာမည်တက်ကိန်း ကြုံလတ္တံ့။

တရုတ်ဟာ အိမ်နီးချင်းဖြစ်ယုံတင်မက အင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတာ လူ
တိုင်းသဘောပေါက်တယ်။ ဒီလိုနိုင်ငံနဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်ဆိုတာ
လည်း လူတိုင်းသဘောပေါက်တယ်။ ဒါပေမဲ့ တိုင်းပြည်ပျက်နေတုန်း ပေါချောင်
ကောင်းစံနစ်နဲ့ ရှေ့မကြည့်နောက်မကြည့် စစ်အုပ်စုတခုထဲအတွက်ပဲကြည့်ပြီး တရုတ်နဲ့လုပ်ခဲ့တဲ့ကိစ္စတွေကိုတော့ ပြည်သူတွေက လက်မခံနိုင်ဘူး။

စစ်အစိုးရကာလမှာ ပြောခွင့်မသာခဲ့လို့အခုလို ပေါ်ပေါ်တင်တင် မကန့်ကွက်
ခဲ့ကြဘူး။ (ဒါတောင် တတ်နိုင်သမျှ ပြောခဲ့ကြပါသေးတယ်) သမ္မဒဂျီးလက်ထက်မှာ
ဒီမိုကရေ စီမယ်ဆိုလို့၊ ဆန္ဒထုတ်ဖေါ်ခွင့် ရှိတယ်ဆိုလို့ ဆန္ဒတွေကိုဖေါ်ထုတ်ခဲ့
ကြတာ။ ပြည်သူ့ဆန္ဒဆိုတဲ့စကားနဲ့ နာမည်ကောင်းရလာတဲ့သမ္မဒဂျီးက ရထား
တဲ့နာမည်ကောင်းလေးကို ဆက်ပြီးထိမ်းထားနိုင်ရင် အခုထက်ပိုပြီး လူချစ်လူခင်
များလတ္တံ့။

သမ္မဒဂျီးသိထားဖို့က မြန်မာပြည်သူတွေဟာ ဆန္ဒပြရေးမှာပျော်ရွှင်သာယာနေ
တတ်တဲ့သူတွေ မဟုတ်ဘူးဆိုတာပဲ။ ထစ်ခနဲရှိ ဆန္ဒထပြချင်တဲ့သူတွေ မဟုတ်
ဘူးဆိုတာပဲ။ ကိုယ့်ရှိတာနဲ့ကိုယ် အေးအေးနေချင်ကြတဲ့သူတွေ။ ဆန္ဒပြကန့်
ကွက်တယ်ဆိုရင် ဖြိုခွဲနှိမ်နင်းရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ဉာဉ်ဆိုးကို သမ္မဒဂျီးလက်
ထက်မှာ အမြစ်ဖြတ်ပြလိုက်ရင် စစ်မှန်တဲ့သာဓုခေါ်သံတွေ ကြားရလတ္တံ့။

တိုင်းပြည်တိုးတက်ဖို့လိုတာ မှန်တယ်။ ဒါပေမဲ့ ရှိစုမဲ့စု သဘာဝသယံဇာတတွေ
ချွတ်ခြုံကျပြီးမှ တိုးတက်ရမယ့်အဖြစ်မျိုးကိုတော့ မြန်မာပြည်သူတွေက မလို
လားကြဘူး။ စစ်တပ်အုပ်ချုပ်စဉ်ကာလက တရုတ်နဲ့ပဲဖြစ်ဖြစ်၊ ကုလားနဲ့ပဲဖြစ်
ဖြစ်၊ မျက်နှာဖြူနဲ့ပဲဖြစ်ဖြစ်။ ဖြစ်ကတတ်ဆန်းလုပ်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီးစေမယ့် လုပ်ငန်းတွေကို သမ္မဒဂျီးလက်ထက်မှာ အမြန်ဆုံး ရပ်နိုင်
သလောက် ရပ်။ လက်လွန်နေပြီဆိုရင်လည်း အဲဒီလုပ်ငန်းတွေကရတဲ့ အမြတ်
အစွန်းတွေကို ပြည်သူတွေဆီ အမြန်ဆုံးရောက်အောင် လုပ်ပြ။ ပြည်သူ့ဆန္ဒ
မပါပဲ နောက်တခါ ဘယ်တော့မှ ထင်တိုင်းမကျဲတော့ပါဘူးလို့ အာမခံ။ ဒါဆို
ရင် သမ္မဒဂျီးကို အချစ်ပိုမယ့်သူတွေ တိုးလာလတ္တံ့။

သိပ်ပြီး နောက်မကျသေးပါဘူး သမ္မဒဂျီး။ အခုလိုပြည်သူတွေ သွေးဆူနေတဲ့
ကာလဟာ သမ္မဒဂျီးအတွက် အချိန်အခါကောင်းပါ။ ဒီအချိန်မှာပဲ သမ္မဒဂျီးတို့
ရဲ့အကျင့်ဆိုး၊ စရိုက်ဆိုးတွေကို မျက်ဝါးထင်ထင် ပြုပြင်ပြောင်းလဲလိုက်ကြမယ်
ဆိုရင် ။ မတရားသဖြင့်လုပ်ခဲ့ကြသူတွေကို အရေးယူလိုက်မယ်ဆိုရင်။ အရင်က
ကျွန်တော်မျိုးကြီးတို့ မှားခဲ့ကြပါတယ်လို့ ၀န်ခံလိုက်ကြမယ်ဆိုရင်။ နောက်
နောင် ပြည်သူ့ဆန္ဒအတိုင်း အပိုးကျိုးကျိုးနဲ့ နေထိုင်လုပ်ကိုင်ပါ့မယ်လို့ ကတိ
ပေးကြမယ်ဆိုရင်။ ကောင်းကျိုးချမ်းသာ ရလတ္တံ့။

မြန်မာပြည်သူတွေက သဘောကောင်းပါတယ် သမ္မဒဂျီး။ လုပ်စရာရှိတာ
အမြန်လုပ်ပါ။ အခွင့်ကောင်းတွေကို လက်လွတ်မခံပါနဲ့။ အသက်လည်း
ကြီးလှပြီ။ ဘ၀ကူးကောင်းအောင် အာရုံထားပြီး အလုပ်လုပ် ။ ဒါပဲ ။

( ရုပ်ပုံ ၊ ဂူဂလ် )

Thursday, November 29, 2012

ရွှေနိုင်ငံ














ဗ လိုလို
မ လိုလို
ဗ မှန်းမသိ
မ မှန်းမသိ
ဗ လား
မ လား မကွဲ
နှစ်လုံးထဲနဲ့ကပ်ရှုပ်
ဗလုံးဗထွေးနဲ့
မမျိုနိုင် မထွေးနိုင်
နင် နေတဲ့နိုင်ငံ ။

ဗမာအစ
တကောင်းကလိုလို
ကျောက်ဆည်ကလိုလိုနဲ့
လေနဲ့ဝမ်းနဲ့မကွဲတဲ့နိုင်ငံ ။

အင်္ဂလိပ်တင်မက
ဂျပန်ပါ သိမ်းပိုက်တာခံရ
အချင်းချင်း အုပ်ချုပ်ပြန်တော့လည်း
စစ်သားတွေနဲ့အလိုမတူပဲ ညားခဲ့ရ
ပြည်တွင်းစစ်နဲ့ညားခဲ့ရ
ဆိုရှယ်လစ်နဲ့ညားခဲ့ရ
သမ၀ါယမနဲ့ ညားခဲ့ရ
မှောင်ခိုနဲ့ ညားခဲ့ရ
ပါတီ ကောင်စီနဲ့ ညားခဲ့ရ
ထောက်လှန်းရေးနဲ့ ညားခဲ့ရ
အာဏာရှင်နဲ့ ညားခဲ့ရ ။

တိုင်းရင်းသားလည်း ခပ်များများ
တရုတ်၊ ကုလားလည်း ခပ်များများ
ရိုဟင်ဂျာလိုလို
ဘင်ဂါလီလိုလို
ခေါ်တောလိုလို
ချစ်တီးလိုလို
ဟိုလိုလို ဒီလိုလိုတွေကလည်း ခပ်များများ ။

ဘုရားသခင်တွေလည်း များ
ဘုန်းကြီးတွေလည်း များ
နတ်ကတော်တွေလည်း များ
ဆပ်စရာ အကြွေးလည်း များ
လူလိမ်တွေလည်း များ
အနေကျပ် အသေကျပ်တွေလည်း များ
ခပ်များများတွေနဲ့ ဗျာများနေရှာတဲ့
ခပ်ရှုပ်ရှုပ်တိုင်းပြည်ပါ ။

မိဘမဲ့
လယ်ယာမဲ့
အိုးမဲ့အိမ်မဲ့
အလုပ်လက်မဲ့
အနာဂတ်မဲ့
အဓိပ္ဗါယ်မဲ့
ကာရံမဲ့
နိုင်ငံမဲ့
ခပ်မဲ့မဲ့တွေလည်းပေါ ။

ဒုက္ခသည်
လူကုန်သည်
ဘိန်းကုန်သည်
ကျွန်ကုန်သည်
ဖါကုန်သည်
မယားကုန်သည်
လိပ်ကုန်သည်
တောက်တဲ့ကုန်သည်
ကုန်အောင် သည်တဲ့
ကုန်သည်တွေလည်းပေါ ။

လူပွဲစား
ကားပွဲစား
စပါးပွဲစား
နွားပွဲစား
ဒေါ်လာပွဲစား
ပေါ်တာပွဲစား
ငြိမ်းချမ်းရေးပွဲစား
ဒုက္ခသည်ပွဲစား
ဓါတ်ငွေ့ပွဲစား
သစ်တောပွဲစား
နိုင်ငံရေးပွဲစား
ပွဲဖြစ်အောင်လုပ်ပြီး စားတဲ့သူလည်းပေါ ။

ကဗျာဆရာ
ဗလီဆရာ
ကျူရှင်ဆရာ
အန်ဂျီအိုဆရာ
ဝပ်ရှော့ဆရာ
မြင်းလှည်းဆရာ
လူ့အခွင့်အရေးဆရာ
ဆိုက္ကားဆရာ
နိုင်ငံရေးဆရာ
ဗေဒင်ဆရာ
သိုက်ဆရာ
ဆရာတွေလည်း သိပ်ပေါ ။

ဓါးပြလောက်မှ မရိုးသားသူတွေက
အစိုးရတက်လုပ်
ထောက်ခံသူတွေကလည်း ထောက်ခံ
သူ့အရပ်နဲ့ သူ့ဇတ်
ဟပ်လို့ ။

ဒီလူတွေပေါ့
အင်္ဂလိပ်ကို ဗိုလ်လို့ခေါ်
ဂျပန်ကို ခွေးလို့ခေါ်
ဖိလစ်ပိုင်ကို ဖါးလို့ခေါ်
ကိုယ့်ကိုယ်ကိုတော့ ရွှေလို့ခေါ်တယ်
ရွှေတွေနေတဲ့နိုင်ငံဆိုတော့
ရွှေနိုင်ငံပေါ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, November 20, 2012

ကောင်းစားရေး




















( ကောင်းစားသူများ )

အရင်ခေတ်ကတော့ တိုင်းပြည်ကောင်းစားအောင် ဟိုဝါဒကို ကျင့်ရမယ်၊
ဒီဝါဒကို ကျင့်ရမယ်ဆိုပြီး ၀ါဒအပြိုင်အဆိုင်တွေရှိခဲ့တယ်။ ဘယ်စံနစ်က ငါ
တို့နဲ့ကိုက်တယ်။ ဘယ်စံနစ်က မကိုက်ဘူးဆိုပြီး စံနစ်ရွေးချယ်မှုတွေလည်း 
ရှိခဲ့တယ်။ စံနစ်တွေ၊ ၀ါဒတွေဘယ်လိုပဲကောင်းကောင်း သေသေချာချာ
အကောင်အထည်မဖေါ်ရင် အလကားပဲဆိုတာ မြန်မာပြည်သူတွေ သဘော
ပေါက်ခဲ့ပြီ။

တော်လှန်ရေးပဲဖြစ်ဖြစ်။ နိုင်ငံရေးပဲဖြစ်ဖြစ် တကယ်တော့ တိုင်းပြည်ကောင်း
စားရေးကို လုပ်ရတာ။ ပြည်သူတွေကောင်းစားအောင် ကြိုးပမ်းရတာ။ ဒါပေမဲ့
လုပ်ပုံလုပ်နည်း လွဲမှား။ မမှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့လုပ်။ မလုပ်တတ်ပဲ လုပ်။ 
မလုပ်နိုင်ပဲ လုပ်။ မညီမညွတ်နဲ့လုပ်။ စတာတွေကြောင့် တိုင်းပြည်က မကောင်း
စားနိုင်ပဲဖြစ်ခဲ့ရတယ်။ 

မြန်မာ့သမိုင်းတလျှောက်လုံး ဒီလိုအလွဲအမှားတွေနဲ့ ခရီးဆက်လာတာ။ တိုင်း
ပြည် စုတ်ပြတ်သပ်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒီကြားထဲမှာ ကြီးမားတဲ့ သဘာဝ
ဘေးအန္တရယ်တွေနဲ့လည်းကြုံရတော့ ချွတ်ခြုံကျတဲ့နိုင်ငံအဆင့်ထိ ရောက်ခဲ့ရ
တယ်။ တိုင်းပြည်က ချွတ်ခြုံကျပြီး မကောင်းစားပဲ သူတောင်းစားနိုင်ငံအဖြစ်
ရောက်နေတယ်ဆိုပေမဲ့ ပွဲလန့်တုန်းဖျာခင်းတဲ့လူတွေကတော့ ကောင်းစား
ကုန်ကြတယ်။ သူဌေးသူကြွယ်တွေ ဖြစ်ကုန်ကြတယ်။ အုပ်ချုပ်သူအတော်များ
များနဲ့ပုလင်းတူဗူးဆို့တွေက ကျိကျိတက်ချမ်းသာကုန်ကြတယ်။

စစ်အုပ်စုကို ဆန့်ကျင်တဲ့အင်အားစုတွေမှာလည်း ဒီလိုအလွဲအမှားတွေလုပ်တဲ့
သူတွေရှိတယ်။ စစ်အုပ်စုလောက် အရေအတွက်မများပေမဲ့ ဒီမိုကရေစီဘက်
တော်သားဆိုသူအချို့ကောင်းစားကုန်တယ်။ တိုင်းပြည်ကောင်းစားရေးဆိုတဲ့ ဦး
တည်ချက် အစကတည်းက မရှိလို့လား။ ရှိရဲ့နဲ့ ပျောက်သွားတာလား။ မေ့သွား
တာလား။ ဖျောက်လိုက်တာလား။ မေ့လိုက်တာလားဆိုတာ ကာယကံရှင်တွေ 
အသိဆုံးဖြစ်မယ်။ အများပြည်သူ မကောင်းစားရင် မှန်ကန်တဲ့နိုင်ငံရေး မဟုတ်။

( ဘယ်သူကောင်းစားဦးမလဲ) 

မြန်မာနိုင်ငံမှာ စစ်အုပ်စုကို ဆန့်ကျင်တဲ့အင်အားစုတွေအားလုံး အရေးနိမ့်ကြ
တယ်။ စစ်အုပ်စုပဲ အမြဲအသာစီးရတဲ့တိုင်းပြည် ဖြစ်နေတယ်။ ဒါဟာ စစ်အုပ်စု ဆန့်ကျင်ရေးသမားတွေအတွက် ခါးသီးတဲ့ အမှန်တရား။ စစ်အုပ်စုအတွက်တော့ 
ချိုမြိန်တဲ့ အမှန်တရားပေါ့။ ဒီမိုကရေစီကို တောင်းယူလို့မရ ၊ တိုက်ယူမှ ရမယ်လို့
ဆိုခဲ့သူတွေလည်း စစ်အုပ်စုနဲ့ပေါင်းယူကြဖို့လုပ်ကုန်ပြီ။

အခုလည်း ဒီမိုကရေစီအပြောင်းအလဲဆိုတာကို စစ်အုပ်စုကပဲ ဦးစီးထိမ်းချုပ်ပြီး အကောင်းအထည်ဖေါ်နေတယ်။ တိုင်းပြည်ကောင်းစားအောင် ဘယ်တုန်းကမှ 
မလုပ်ခဲ့တဲ့ စစ်အုပ်စု။ ဒီမိုကရေစီရေး တောင်းဆိုသူမှန်သမျှကို ရက်ရက်စက်စက် 
နှိပ်ကွပ်ခဲ့တဲ့စစ်အုပ်စုက သူတို့စိတ်ကြိုက် ဒီမိုကရေစီကို တည်ဆောက်ဖို့လုပ်နေ
တယ်။ 

ဒီတခါမှာတော့ ဒီမိုကရေစီအင်အားစုတွေ အများစုက စစ်အုပ်စုခေါ်ရာနောက်ကို အသာတကြည်လိုက်ပါနေကြတယ်။ တော်တော်များများကလည်း အကောင်းမြင်
တယ်။ နိုင်ငံတကာကလည်း ဘေးတီးပေးတယ်။ စစ်အုပ်စုအစိုးရကို မြှောက်ပေး
တယ်။ သူတို့ကိုဆန့်ကျင်နေရင် တိုင်းပြည်ပိုနစ်နာတာပဲ ရှိမယ်လို့ သဘောပေါက်
သူက ပေါက်တယ်။ ဒီမိုကရေစီသမားတွေလည်း အစွမ်းကုန်သလောက်ရှိပြီ။ ခြေ
ကုန်လက်ပမ်းကျပြီ။ အလားအလာ မကောင်းဘူး။ စစ်အုပ်စုက မောင်မောင်ခေါ်တုန်း
ဗျာ ထူးထားမှတော်ခါကျမယ်လို့တွက်တဲ့သူက တွက်တယ်။ ဒီတကြိမ်မှာ ဘယ်သူ
တွေကောင်းစားကြလိမ့်မလဲ။ 

( သူတောင်းစားတွေ ကောင်းစားရေး )

မြန်မာပြည်ကအခြေအနေတွေကို တချို့ကတော့ မုန့်လုံးကို စက္ကူကပ်နေတယ်လို့ 
မြင်တယ်။ ခွေးမြီးကောက်ကို ကျည်တောက်စွပ်နေတယ်လို့ မြင်တယ်။ တချို့က
တော့ ပြည်သူတွေကောင်းစားအောင် ဒီတကြိမ် တကယ်လုပ်ကြလိမ့်မယ်လို့မြင်
တယ်။ တချို့ကတော့ ဟုတ်မလိုလိုနဲ့ အီလည်လည်ဖြစ်ကြလိမ့်ဦးမယ်လို့တွက်
တယ်။ တချို့ကလည်း လမ်းခုလတ်မှာ စစ်အာဏာသိမ်းလိမ့်ဦးမယ်လို့ခန့်မှန်း
တယ်။ တချို့ကလည်း ဒေါ်စုအစွမ်းကြောင့် စစ်အုပ်စုဟာ ကျားကနေ ကြောင်ဖြစ်
လာမယ်လို့ ထင်တယ်။ တချို့ကလည်း  ကျားကနေ ကြောင်ဖြစ်သွားတာ ဒေါ်စု
လို့ပြောကြတယ်။ တချို့ကတော့ မြန်မာပြည်ကို အမေရိကန်လက်ထဲ ထိုးအပ်
လိုက်တာ အကောင်းဆုံးပဲလို့ ယူဆတယ်။ (အခုလည်း ဒီအခြေအနေ ရောက်
နေပါပြီ)

တိုင်းပြည်တခု ကောင်းစားအောင်လုပ်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ လူ
တိုင်းသဘောပေါက်တယ်။ ဒါပေမဲ့လည်းလွတ်လပ်ရေးရပြီးကတည်းက ပြည်သူ
တွေ ကောင်းစားတဲ့ခေတ် တခါမှရောက်မလာပဲ သူတောင်းစားသာသာဖြစ်နေ
တာကတော့ လွန်လွန်းတယ်လို့ဆိုရမယ်။ ညံ့လွန်းတယ်လို့ဆိုရမယ်။ တိုင်းပြည်
ကောင်းစားရေးကိစ္စက စစ်အုပ်စုတင်မကပဲ ပြည်သူလူထုတရပ်လုံးနဲ့ စစ်အုပ်စု 
ဆန့်ကျင်သူတွေမှာပါ တာဝန်ရှိတယ်။ 

အရင်က ကိုယ်နဲ့ မတိမ်းမယိမ်းနိုင်ငံတွေ။ ကိုယ့်လောက်မှ အခြေအနေမဟန်တဲ့
နိုင်ငံတွေ ကိုယ့်ကိုကျော်တက်ကုန်တာ ကြာပြီ။ ဘယ်တော့မှ မြန်မာပြည်သူတွေ
ကောင်းစားတဲ့ခေတ် ရောက်မှာလဲဆိုတဲ့မေးခွန်းအတွက် သေချာရေရာတဲ့အဖြေ
က အခုထိ မရှိသေးဘူး။ လောလောဆယ်မှာတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်
အောက်မှာ လူတစုမက ကောင်းစားနေကြပြီ။ 

( ပန်းချီ ၊ ပီကာဆို )

Tuesday, November 6, 2012

ရွှေပန်းကန်















ဒီကနေ့မြန်မာ့နိုင်ငံရေးလောကမှာ စိုးရိမ်တကြီးဖြစ်နေကြတာက နောက်တကြိမ်
စစ်အာဏာပြန်သိမ်းမယ့်ကိစ္စပဲ။ အဲဒါကြောင့်လည်း လက်ရှိအစိုးရကို အားလုံးက
အလိုလိုက်ပြီး ဆက်ဆံနေကြတယ်။ သူပြောတာကို မဆန့်ကျင်ရဲဘူး။ သူခေါ်ရာ
နောက်ကို ခပ်ညိမ်ညိမ်လေး လိုက်နေကြတယ်။ အတိုက်အခံတွေကရော၊ ကုလ
သမဂ္ဂနဲ့နိုင်ငံတကာကရော ဗိုလ်သိန်းစိန်အစိုးရကို ခပ်ဖွဖွလေး ဆက်ဆံနေကြ
တယ်။ ညင်ညင်သာသာနဲ့လုပ်မှဖြစ်မယ်၊ မြန်မာ့အရေးက အခုအချိန်မှာ သိပ်ပြီး သိမ်မွေ့နုညံ့တယ်လို့လည်း တဖွဖွပြောဆိုနေကြတယ်။ ဒီလိုလုပ်နေကြတာက
တိုင်းပြည်အတွက် ဒီထက်ကောင်းတဲ့နည်းလမ်း မရှိတော့လို့လား။

အထိမခံ ရွှေပန်းကန် ဗိုလ်သိန်းစိန်အစိုးရက နောက်ကြောင်းပြန်မလှည့်ဘူးလို့
ဆိုထားပေမဲ့လည်း အားလုံးက နောက်ကြောင်းပြန်လှည့်မှာကိုပဲ စိုးရိမ်နေကြတယ်။
အခြေအနေတွေကအခုထိ စိတ်မချရသေးဘူးလို့ပြောနေကြတယ်။ ဖြစ်ပျက်နေတဲ့
အခြေအနေတွေကို မယုံတာလား။ ဗိုလ်သိန်းစိန်အစိုးရကို မယုံတာလား။ နှစ်ခုလုံး
ပဲလား။

ကချင်ကိစ္စ။ ရခိုင်ကိစ္စ။ လယ်သိမ်းယာသိမ်းကိစ္စတွေက မြင်လို့မကောင်းဘူး၊ ကြား
လို့မကောင်းဘူးဆိုပေမဲ့ ပြောသင့်ပြောထိုက်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက
ထိထိရောက်ရောက် မပြောကြဘူး။ ပြဿနာပြေလည်ရေးအတွက်လည်း တာဝန်
သိသိ လုပ်ကိုင်ဖြေရှင်းတာတွေ မရှိကြဘူး။ ပြည်သူတွေငြိုငြင်မှာထက် အစိုးရရဲ့
အငြိုအငြင်ကို ပိုစိုးရိမ်လို့လား။

ဗိုလ်သိန်းစိန်အုပ်စုလုပ်သမျှ ဘာမှမဝေဖန်ပဲ လွှတ်ပေးထားတာက သူတို့လုပ် 
သမျှထောက်ခံတဲ့သဘော သက်ရောက်နေတယ်။ စစ်အစိုးရအုပ်ချုပ်တာထက် 
ပိုကောင်းနေတာကို သွားဝေဖန်ရင် မိုက်ရာကျလေမပေါ့လို့ဆိုကြတယ်။ အစိုးရ
ရဲ့ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဟန့်တားသလို မဖြစ်စေနဲ့လို့လည်း
သတိပေးကြတယ်။ ဆိုးရာကနေ ကောင်းလာတဲ့သူတွေကို ပိုကောင်းအောင်
အားပေးရမယ်။ ထောက်ခံရမယ်။ ဒါဟာ တိုင်းပြည်မှာကြုံနေတဲ့နိုင်ငံရေးအကျပ်
အတည်းကနေ အငြိမ်းချမ်းဆုံးထွက်နိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းတခုဖြစ်တယ်
လို့လည်း ဆိုကြပြန်တယ်။ စစ်ဗိုလ်လူထွက်အစိုးရကို ဘယ်လောက်အထိ အလို
လိုက်ကြမှာလဲ။ နောက်ထပ် အချိန်ဘယ်လောက်ယူကြဦးမလဲ။ ၂၀၁၃တော့
ရောက်လာပြီ။

တဘက်မှာကလည်း လာမယ့်၂၀၁၅အိပ်မက်က ကိုယ်စီကိုယ်စီ ရှိနေကြပြန်တယ်။
၂၀၁၅ရွေးကောက်ပွဲအတွက် အစိုးရမှာလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပါပဲ။ ကြံ့
ဖွတ်လည်း ကြံ့ဖွတ်အလျှောက်။ NLDလည်း NLDအလျှောက်။ တိုင်းရင်းသားက
လည်း တိုင်းရင်းသားအလျှောက်။ မျှော်လင့်ချက်တွေ၊ တွက်ကိန်းတွေနဲ့။ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာ မဲလိမ်ပြီးတက်လာတဲ့ စစ်အုပ်စုအစိုးရက ၂၀၁၅ရွေးကောက်ပွဲကို
တကယ်ပဲ လွတ်လပ်မျှတအောင်လုပ်ပါ့မလား။

စစ်အစိုးရလက်ထက်တုန်းကလည်း စစ်ခေါင်းဆောင်တွေကို ဘယ်သူကမှ မထိ
ရဲ မတို့ရဲ။ မထိနိုင် မတို့နိုင်။ စစ်ဗိုလ်လူထွက် ဗိုလ်သိန်းစိန်အစိုးရကိုလည်း ဘယ်
သူကမှ မထိရဲ မတို့ရဲ။ အထိမခံ ရွှေပန်းကန်နိုင်ငံရေးဇတ်လမ်းမှာ ထိတိုင်း ခံနေရ
တာကတော့ ထုံးစံအတိုင်း ပြည်သူတွေပါပဲ။ ဖွင့်ဖြိုးတိုးတက်ရေး။ ပြုပြင်ပြောင်းလဲ
ရေး။ ပွင့်လင်းမြင်သာရေး။ လွတ်လပ်ပွင့်လင်းရေး။ ဒီမိုကရေစီရေး။ တန်းတူရေး။
စတဲ့ ကြွေးကြော်သံတွေ၊ ခေါင်းစဉ်တွေအောက်မှာ မြန်မာပြည်သူအများစုကတော့
အရင်ကအတိုင်း မျက်ကလူးဆန်ပျာ။

“မတန်ရင် ပန်းကန်ခွဲ”လို့ ရေးထားတဲ့ထမင်းဆိုင်တခုမှာ စားဖူးတယ်။ အ၀စား
ငါးကျပ်ခေတ်ကပေါ့။ ဘယ်သူမှ ပန်းကန်ခွဲသွားတယ်လို့ မကြားမိဘူး။ တန်လို့
ဖြစ်လိမ့်မယ်။ ဒီနေ့မြန်မာ့နိုင်ငံရေးလောကမှာ အဲဒီထမင်းဆိုင်လို ကြွေးကြော်
နိုင်မယ့်သူ တယောက်မှ မမြင်မိဘူး။ အထိမခံ ရွှေပန်းကန်တွေ သိပ်များနေလို့
ဖြစ်လိမ့်မယ်။ တန်လို့တော့ မဖြစ်နိုင်ဘူး။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, October 5, 2012

ဘိုးတော်လိမ်















သွေးရိုးသားရိုးအခြေအနေမှာ အစိုးရဆိုတာ ပြည်သူတွေရဲ့ယုံကြည်အားထား
မှုနဲ့ ဖြစ်လာတဲ့အရာ။ မြန်မာပြည်မှာက သွေးရိုးသားရိုးအခြေအနေ မဟုတ်။
အစိုးရဖြစ်လာပြီးမှ အများပြည်သူရဲ့ယုံကြည်အားထားမှုကို ရအောင်ကြိုးစား
နေရတယ်။

ဒီမိုကရေစီဆိုတဲ့ဘောင် မ၀င် ၀င်အောင်ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖြစ်ခဲ့
တယ်ဆိုပေမဲ့ မဲလိမ်မဲခိုးပြီး အာဏာယူထားတယ်ဆိုတာ လူတိုင်းအသိ။ ဒီလို
လူလိမ်လူညစ်တွေကို ယုံကြည်အားကိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ။ ဒါပေမဲ့
ဖြစ်နိုင်အောင်ကြိုးပမ်းရမှာက ကလိမ်ကကျစ်အစိုးရရဲ့ အလုပ်။  သူတို့
ဘယ်လိုကြိုးပမ်းနေကြသလဲ ။ ပြည်သူတွေကရော ဘယ်လိုတုန့်ပြန်နေကြ
သလဲ။

ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်တော့မယ်လို့ သမ္မတမင်းက ဆိုတယ်။
ပြည်သူတွေ ခေါင်းထောင်လာတယ်။ ဒေါ်စုအပါအ၀င် နိုင်-ကျဉ်းအတော်များ
များလွှတ်ပေးတယ်။ ဒေါ်စုနဲ့သမ္မတလင်မယား ထမင်းစားပြတယ်။ ပြည်သူတွေ
မျက်ခုံးပင့်လာတယ်။ ဒေါ်စုနဲ့ တူတာတွေ တွဲလုပ်ကြမယ်လို့ဆိုတယ်။ ပြည်သူ
တွေ ပါးစပ်ပါ “ဟ”လာတယ်။ ( တကယ်တော့ ဒေါ်စုနဲ့ဘာတွေပြောကြသလဲ
ဆိုတာ အခုထိ ဘာမှမသိရ ။ နိုင်-ကျဉ်းတွေလည်း အကုန်မလွှတ်ပေးသေး )

မြစ်ဆုံအရေးမှာ ပြည်သူတွေကို ပျားရည်နဲ့ဝမ်းချနိုင်ခဲ့တယ်။ ပြည်သူအများရဲ့
ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြစ်ဆုံစီမန်ကိန်းကိုအကန့်အသတ်နဲ့ ရပ်နား
လိုက်တယ်လို့ ဆိုတယ် ။ ကိုရွှေသမ္မတမင်းကို လူတွေစိတ်ဝင်စားသွားတယ်။
သဘောခွေ့သူတွေ ခွေ့ကုန်ကြတယ်။ (တကယ်တမ်းမှာ ပြည်သူတွေက မြစ်
ဆုံစီမန်ကိန်းကို လုံးဝအမြစ်ပြတ် ဖျက်သိမ်းစေချင်တာ)

စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်းချင်းပေးလာတယ်။ ဒါပေမဲ့ ပြည်တွင်း
သတင်းလောကကို အဆင့်ရှိတယ်လို့ မသတ်မှတ်ဘူး။ အရေးမပါတဲ့ မလောက်
လေးမလောက်စားတွေလို ဆက်ဆံတယ်။ ပြည်ပသတင်းဌာနတွေကိုပဲ လူရာ
သွင်းတယ်။ တကယ်တော့ပြည်ပက မြန်မာသတင်းဌာနတွေကလည်း အဆင့်ရှိ
လှတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘူဘူချင်း တစ်ဖြစ်အောင် ထုံးတို့ပြီး ခွဲခြားဆက်ဆံပြ
တယ်။ (သတင်းသမားချင်းအတူတူ ပြည်တွင်းကို သီးသန့်အင်တာဗျူးမပေးဘူး)

ဘင်ဂါလီအရေးမှာ ရခိုင်တွေရဲ့ထောက်ခံမှုကို အမိအရ ယူနိုင်ခဲ့တယ်။ သမ္မတ
ထောက်ခံရေးလှုပ်ရှားမှုတွေအထိ မြင့်လာတယ်။ ရခိုင်ဒေသတင်မက နိုင်ငံအနှံ့
အပြားက ဘင်ဂါလီမုန်းသူတွေရဲ့ထောက်ခံမှုတွေပါ ရလာတယ်။ သမ္မတဂျီးကို
အားကိုးတဲ့သူတွေ ရှိလာတယ် ။ (ဘင်ဂါလီအရေးမှာ သမ္မတဆိုသူပဲ အမြတ်ရ
တယ်)

ဒေါ်စုကို နိုင်ငံခြားထွက်ခွင့်ပေးတယ်။ ဥရောပခရီးမှာ မသိချင်ယောင်ဆောင်တယ်။
အမေရိကန်ခရီးမှာတော့ မသိချင်ယောင်ဆောင်လို့မရတော့ဘူး။ သူတို့ချိုင်မယ့်
ခွင်ကလည်း ကြီးတော့ ဒေါ်စုနဲ့ ကျောခြင်းကပ်ပြတယ်။ မောင်နှမတွေလို နေပြ
တယ်။ ဒေါ်စုကလည်း အလိုတူအလိုပါသဘော ပြောဆိုဆက်ဆံတယ်။ အတိုက်
အခံနဲ့အစိုးရ ခွဲလို့မရအောင် လုံးလားထွေးလားဖြစ်လာတယ်။ (ဒေါ်စုကိုလိုလား
သူတွေထဲမှာတောင်  မျက်ခုံးပင့်ရတဲ့အထိဖြစ်လာတယ်။ စိန်-စု ဆက်ဆံရေးကို
မေးခွန်းတွေထုတ်လာကြတယ်)

တိုင်းရင်းသားတွေနဲ့လည်း သဘောတူညီမှုတွေရအောင် လုပ်လာတယ်။ အရင်က
မရှိတဲ့ဆက်ဆံရေးတွေ ဖြစ်လာတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဗိုက်နာနေ
တာကြာပြီ။ ရသလောက် ယူချင်နေတာကြာပြီ။ ငြိမ်းချမ်းရေးအရောင်ထအောင်လုပ်
လာနိုင်တယ်။ တိုင်းရင်းသားတွေကလည်း နိုင်ငံတော်သမ္မတဂျီးဆိုပြီး ဖြစ်လာတယ်။
အောင်မင်းလွန်ရာမကျဘူး ဖြစ်လာတယ်။ (အစိုးရက တကောင်ကြွေးပြီး နှစ်ကောင်
စားတဲ့အကွက်ကြောင့် တိုင်းရင်းသားအုပ်စုတွေအကြား အကွဲအပြဲပိုများလာတယ်) 

နယ်စပ်အခြေစိုက် ဒီမိုကရေစီအုပ်စုတွေကလည်း အထောက်အပံ့တွေ ပြတ်လာပြီ။ အထောက်အပံ့ပေးသူတွေက ပြည်တွင်းကိုပဲပေးဖို့လုပ်လာပြီ။ လွတ်မြောက်နယ်
မြေတွေလည်း အထဲဝင်ဖို့ပြင်ရပြီ။ နေပြည်တော်သွားမယ်တကဲကဲ လုပ်လာကြတယ်။
အထဲဝင်မှ အထောက်အပံ့ဆက်ရမှာကိုး။  ကိုရွှေသမ္မတကလည်း ပြည်တော်ပြန်တွေ
ကို လက်ခံလာတယ်။ ပြည်တော်ပြန်အချို့ကလည်း မစားရ ၀ခမန်းတွေပြောလာတယ်။
ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပျံကျိုးတို့ တွေ့ကြတယ်။

အရင်တုန်းက လူသတ်သမား၊ ရာဇ၀င်လူဆိုးတဦးက သင်္ဃန်းကို ကမန်းကတန်း
ကောက်ဝတ်ပြီး ဘုန်းကြီးလုပ်လိုက်ရင် ဒီလူကို မြန်မာလူ့အဖွဲ့အစည်းက ဘယ်လို
တုန့်ပြန်သလဲ။ လူလိမ်မာဖြစ်သွားတဲ့ကိုယ်တော်ကြီးဆိုပြီး အကြည်ညို ပိုတတ်
သလား။ အကျွတ်တရားရသူဆိုပြီး သာဓုခေါ်ကြသလား။ မြန်မာတွေကြားမှာ သာ
သနာ့အရေခြုံရင် လုံသလား။ ထွက်ရပ်ပေါက်တယ်၊ အကြားအမြင်ရတယ်ဆိုပြီး
ဟောနေပြောနေတဲ့ ဘိုးတော်၊ ဘွားတော်၊ ဆရာတော်တွေတော့ မြန်မာပြည်မှာ
အတော်များတယ်။ သူတို့နောက်လိုက် သာဝကတွေလည်း အတော်များတယ်။

လူဆိုးသူခိုးကို နေရာကောင်းပေးတတ်တဲ့ လူ့အဖွဲ့အစည်းဟာ အလားအလာရှိတဲ့
လူ့အဖွဲ့အစည်းတော့ မဟုတ်။ လူဆိုးတွေကလည်း သူတို့ဆိုးခဲ့၊ မိုက်ခဲ့တာကို ခွင့်
လွှတ်ပါလို့ တောင်းပန်ကြတာမဟုတ်။ အတိတ်မှာ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ မေ့လိုက်တော့။
အရေးကြီးတာက အခုကောင်းနေရင်ပြီးရောဆိုတဲ့ အယူအဆကို အစိုးရဆိုသူများက
ဈေးပေါပေါနဲ့ ရောင်းချနေပါတယ်။ ရောင်းသူ ၀ယ်သူ သဘောတူတယ်ဆိုရင်တော့
ဈေးပွဲတော်ကြီး စည်းကားပါလိမ့်ဦးမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 17, 2012

ပြောင်းဖူးပြုတ်














စစ်အုပ်စုရဲ့ဥာဉ်ဆိုးက တိုင်းပြည်ကို သူတို့ပိုင်တယ်လို့ယုံကြည်နေတာပဲ။
လွတ်လပ်ရေးရပြီးကတည်းက အရပ်ဝတ်လဲလိုက်၊ စစ်ဝတ်လဲလိုက်နဲ့တချိန်
လုံးလိုလို သူတို့ပဲ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ။

အခုလည်း ဒီမိုကရေစီသွားမယ် လုပ်ပြန်ပြီ။ ငြိမ်းချမ်းရေးလုပ်မယ် ပြောပြန်ပြီ။
ငြိမ်းချမ်းရေးကော်မရှင်ဆိုလား ဖွဲ့ဦးမတဲ့။ သူတို့ပေးမှ ရမယ့်ငြိမ်းချမ်းရေး။
သူတို့ပေးမှ ရမယ့်ဒီမိုကရေစီ။ သူတို့ပေးမှ ရမယ့်လူ့အခွင့်အရေး။ သူတို့
ပြုမှ နုရမယ့်တိုင်းပြည်။

တိုင်းရင်းသားတွေကို အခုချိန်ထိ အပေါ်စီးက ဆက်ဆံနေတုန်း။ ပြောတော့
ငြိမ်းချမ်းရေးညှိနှိုင်းမှု။ လုပ်တော့ ငါပေးသလောက်ပဲယူ။ ဒီမိုကရေစီအင်အားစု
ကိုလည်း ဒီအတိုင်းပဲ။ ဓါးမိုးပြီးအုပ်ချုပ်ခဲ့သူတွေရဲ့ဥာဉ်က မဖျောက်နိုင်သေး
ဘူး။ သေနပ်ကိုင်ပြီး အနိုင်ယူခဲ့သူတွေဆိုတော့ အားလုံးကို သူ့အောက်ကလို့
ထင်တယ်။

ငါတို့က အနိုင်သမား။ နင်တို့က အရှုံးသမား။ ကျားသနားမှ နွားချမ်းသာမယ့်
အရေးလို့ သဘောထားနေတုန်း။ သူတို့က ကျား။ ပြည်သူက နွား။ ဇတ်ကို
သူတို့က ဒီလိုခင်းပြီး ကနေတာ။ အပြောင်းအလဲကို တကယ်လုပ်ချင်ရင် အခြေ
ခံကျတဲ့ အဲဒီ“ကျား ၊ နွားဆက်ဆံရေး”သဘောထားကို အရင်ပြောင်းရလိမ့်မယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့လည်း မလှိမ့်တပတ်လုပ်
ခဲ့ကြသေးတယ်။ တပ်မတော်ပဲ အင်အားရှိလာတယ် ပြည်သူတွေကတော့ ငတ်
မတတ်၊ ပြတ်မတတ်၊ အသက်ရှူကျပ်။ တိုင်းပြည်ကို စစ်တပ်ကပဲ အမြဲကယ်တင်
လာတာဆိုတဲ့ အယူအဆကိုလည်း ပြောင်းရမယ်။ စစ်တပ်ကို စစ်တပ်လို့သဘော
မထားနိုင်သရွေ့။ စစ်တပ်ကို ကယ်တင်ရှင်လို့သဘောထားနေသရွေ့။ ဒီလူတွေ
ဟာ စစ်အုပ်စုထဲက မထွက်သေးဘူး။ အရပ်ဝတ်လဲပြီး အယောင်ဆောင်နေတုန်း။

စစ်ဗိုလ် စစ်သားတွေက အခုချိန်ထိ ပြည်သူတွေကို ဗိုလ်ကျချင်နေတုန်း။ ငါတို့မှာ
အာဏာရှိတယ်လို့ ယုံကြည်နေတုန်း။ လုပ်ပိုင်ခွင့်၊ မိုက်ကြေးခွဲပိုင်ခွင့် ရှိနေတယ်
လို့ယုံကြည်နေတုန်း။ လွှတ်တော်ထဲမှာလည်း ဒီလိုပဲ။ အရပ်ဝတ်ပဲ ပြောင်းထားတာ
စိတ်ဓါတ်နဲ့ အပေါ်စီးကဆက်ဆံမှုတွေ မပြောင်းသေးဘူး။ ယူနီဖေါင်းချွတ်အချင်း
ချင်းကြားမှာကိုပဲ အခုချိန်ထိ အလေးထပြုချင်နေတုန်း။ ကိုယ့်ထက် ကိုယ်ပိုင်နံပတ်
စောတဲ့သူကို အရိုအသေပေးချင်နေတုန်း။ သမ္မတမို့လေးစားတာထက် စစ်တပ်မှာ
တုန်းက ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လို့လေးစားနေကြတာ။ ဒါတွေကိုမပြောင်းနိုင်ကြသေးဘူး။

အခြေခံကျတဲ့၊ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ဓါတ်နဲ့သဘောထားကို မပြောင်းနိုင်
လို့လည်း ဥပဒေတွေက မတရားသဖြင့် ရှိနေတာ။ ဥပဒေတွေကို ပြောင်းလာခဲ့
ရင်တောင် တကယ်ကျင့်သုံးမှ ဖြစ်မှာ။ ဒီမိုကရေစီကျတဲ့ ဥပဒေကျင့်သုံးမှုမရှိသရွေ့
အပြောင်းအလဲဆိုတာ မရှိဘူး။ တကယ့်အပြောင်းအလဲ မဖြစ်ပဲ ဘာကြောင့် ပြောင်း
သဟဲ့ ပြောင်းသဟဲ့လို့ လေဖန်းဒန်းစီး လုပ်နေကြသလဲ။ ပြောင်းချင်လွန်းလို့ဖြစ်နေ
တဲ့ရောဂါပေါ့။

ဆိုရှယ်လစ်ခေတ် ၀န်ထမ်းလောကမှာ ခေတ်စားခဲ့တာ တခုရှိတယ်။ မြို့မှာရှိတဲ့
သူတွေက နယ်တွေကို မပြောင်းချင်ဘူး။ စားပေါက်ချောင်တဲ့သူကလည်း စားပေါက်
မရှိတဲ့နေရာကို (ရာထူးတိုးသည့်တိုင်အောင်) မပြောင်းချင်ဘူး။ မပြောင်းရအောင်
ကြိုးစားကြတဲ့ နည်းတွေထဲမှာ ပြောင်းဖူးတွေကို လက်ဆောင်ပေးတာလည်းပါတယ်။ ပြောင်းဖူးနဲ့ချဉ်ပေါင်နဲ့တွဲပြီး ချက်စားတာလည်းပါတယ်။ သဘောကတော့ (ပြောင်း
ချဉ်ပေါင်) မပြောင်းချင်ဘူးပေါ့။

အဲဒီလို ဗေဒင်လိုလို၊ ယတြာလိုလိုတွေလုပ်လာကြတော့ ခပ်နောက်နောက် အရာ
ရှိတဦးက သူလက်ဆောင်ရတဲ့ပြောင်းဖူးတွေကို ပြုတ်ပြီး လက်ဆောင်ပေးတဲ့
(ယတြာချေတဲ့) သူတွေကို ပြန်ကြွေးပါသတဲ့။ သဘောကတော့ မပြောင်းဘူး၊
မပြောင်းချင်ဘူးဆိုတဲ့သူတွေ ပြုတ်မယ်ဆိုတဲ့သဘောပေါ့။

အခုလည်း စိန်စိန်ခေါင်းဆောင်တဲ့ အစိုးရကို ပြောင်းဖူးပြုတ်တွေ ကြွေးရမလို
ဖြစ်နေပြီ။ အတိုက်အခံပါတီတွေရဲ့ အဓိကလုပ်ငန်းက လွှတ်တော်ထဲမှာ ကုန်း
ကွကွလုပ်နေကြမယ့်အစား။ အစိုးရ၊ ကြံ့ဖွတ်နဲ့ စစ်တပ်ကိုယ်စားလှယ်တော်
ကြီးများကို ပြောင်းဖူးပြုတ်ပူပူလေးတွေ ကြွေးကြဖို့ပါပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, September 14, 2012

ယဉ်ကျေးစွာ အရှုံးပေးခြင်း













မျောက်ကနေ လူဖြစ်တာကို ယုံသူများ
လူကနေ မျောက်ပြန်ဖြစ်တာကိုကော
ယုံကြသလား ။

အိပ်မက်တွေ သားလျှောလို့
သေမတတ် ခံစားရတဲ့အခါ
ရှိစုမဲ့စုဒေါသတွေလည်း အပေါင်ဆုံးသွားတဲ့အခါ
လိမ်လည်မှုဟာ အကိုက်အခဲပျောက်ဆေးပေါ့ ။

ပက်ပက်စက်စက်
ဝက်ဝက်ကွဲမရှုံးဘူးလို့ ထင်ရအောင်
လူတောထဲမှာ အပြုံးမပျက်နေထိုင်ပါ
အရာရာကို အကောင်းမြင်ပါ
မေတ္တာသမားယောင်ဆောင်ပါ
နာကျင်မှုကို ကျင်နာမှုအဖြစ်ပြောင်းပါ ။

ဟိတ်နဲ့ဟန်နဲ့ အရှုံးပေးနိုင်ရင်
အထည်ကြီးပျက်စိတ်ဓါတ်ထားနိုင်ရင်
မချစ်ပေမဲ့ အောင့်ခါနမ်းနိုင်ရင်
အလိုမတူသူနဲ့ ပေါင်းဖက်နိုင်ရင်
ဒဏ်ရာတွေကို မိတ်ကပ်ဖို့နိုင်ရင်
အရှုံးပေးမှု အောင်မြင်ပြီ ။

အောင်မြင်စွာဆုတ်ခွါလာတဲ့
ဒို့ရဲဘော်တွေကို
မျက်ရည်တွေနဲ့ မကြိုကြပါနဲ့
ယဉ်ကျေးသူတွေမို့
အပြုံးလေးနဲ့သာကြိုဆိုကြပါစို့
ငါတို့တွေ သနားပါတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 3, 2012

စကားများတဲ့ ရွှေဘ















ဒီနေ့ခေတ် လူငယ်တွေတော့ ရွှေဘကို သိကြမယ် မထင် ။ ကိုယ်တောင်မှ မီယုံ
တင်မီလိုက်တာ။ သူ့အရှိန်အ၀ါကကြီးတာမို့ ရွှေဘအကြောင်းမသိရင် ခေတ်
မမီတဲ့အဖြစ်မျိုး ကြုံခဲ့ရဘူးတယ်။ မြန်မာ့ရုပ်ရှင်ခေတ်ကောင်းခဲ့ချိန်က မင်းသား
ရွှေဘဟာ ဒီနေ့ခေတ် ရမ်ဘိုမင်းသားလိုပ။ အက်ရှင်မင်းသား။ အထိုးအခုတ်၊
အသတ်အပုတ်ကောင်း။ ထောင်ထောင်မောင်းမောင်း။ ဖြူဖြူထွားထွား။ လူမွဲ
နင်းပြားတွေရဲ့ဘက်တော်သား။ ရွှေဘဟေ့ဆိုတာနဲ့ ရုံပြည့်ပြီးသားတဲ့။

မတရားမှုတွေကို ရင်ဆိုင်ရဲသူ။ အံတုရဲသူ။ တုန့်ပြန်ရဲသူ။ ခပ်ကြမ်းကြမ်း၊ ခပ်စွမ်း
စွမ်းသရုပ်ဆောင် မင်းသားချောရွှေဘ။ ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ် အစွဲကြီးစွဲခဲ့
ရပါတဲ့ရွှေဘ။ ရွှေဘဆိုတာနဲ့ ချပြီသာမှတ်။ ပိတ်ကားပေါ်မှာ သူပေါ်လာပြီဆိုတာနဲ့
လက်ခုပ်သံတွေ ညံသွားသတဲ့။

တခါတလေ ဇတ်လမ်းအရ ရွှေဘက စကားကြာကြာပြောမိရင် ပရိတ်သတ်တွေ
စိတ်မရှည်တော့ဘူးတဲ့။ ဇတ်လမ်းအရ လူဆိုးလက်ချက်နဲ့ ရွှေဘခံရရင်လည်း
ပရိတ်သတ်များက ဒေါပွကြပါသတဲ့။ ဒီလိုအခြေအနေမျိုးဆို ရုပ်ရှင်ရုံထဲ ပူညံပူညံ
ဖြစ်တတ်လို့ ရုပ်ရှင်ပြသူတွေက ပရိတ်သတ်တွေကို ဖြောင်းဖျရပါသတဲ့။

ရွှေပွဲလာပရိတ်သတ်ကြီး စိတ်မပူကြပါနဲ့ခင်ဗျား။ မကြာခင်မှာ ရွှေဘ ချပါလိမ့်မယ်။
လူဆိုးတွေကို အပြုတ်နှံမယ့်ရွှေဘ။ သံလက်သီးရွှေဘ မကြာခင် လက်စွမ်းပြပါလိမ့်
မယ်။ နောက်ပိုင်းမှာ ရွှေဘပွဲကြမ်းပါလိမ့်မယ်ခင်ဗျား။ ညိမ်ညိမ်နေကြပါ။ စသည်ဖြင့်
ပြောခဲ့ရတယ်ဆိုပဲ။

ဒီနေ့ခေတ် မြန်မာ့နိုင်ငံရေးလောကမှာလည်း ရွှေဘတွေ အတော်အတန်ရှိခဲ့ပါတယ်။
ဒေါ်စုဟာလည်း နိုဘယ်ဆုမရခင် ရွှေဘဆုကိုရခဲ့သူပါ။ အဖိနှိပ်ခံမြန်မာပြည်သူတွေ
ဘက်က မားမားရပ်ပြီး စစ်အာဏာရှင်တွေကို အံတုခဲ့သူမဟုတ်ပါလား။ ပစ်အံ့ဆဲဆဲ
သေနပ်ပြောင်းရှေ့ကနေ ရင်ကော့လျှောက်ခဲ့သူမဟုတ်ပါလား။ မတရားတဲ့အမိန့်
အာဏာဟူသမျှ ဖီဆန်ကြလို့ ရဲရဲတောက်ကြွေးကြော်ခဲ့သူ မဟုတ်ပါလား။ မြန်မာ့
တပ်မတော်တခုလုံးကို မကြောက်ကြပါနဲ့လို့ ပြောခဲ့သူမဟုတ်ပါလား။ ကြမ်းတမ်းတဲ့
ဘ၀လမ်းကို ဖြတ်သန်းရဲခဲ့သူ မဟုတ်ပါလား။

အခုတလော နိုဘလ်ရွှေဘရဲ့အသံ အရင်ကလို မစွာတော့။ မတရားမှုတွေကို ခေါင်း
မာမာနဲ့အံတုတာတွေ မမြင်ရတော့။ ရွှေဘစကားပြောခန်းတွေ များနေပြီ။ ချစရာရှိတာ
မချပဲ ဘာတွေလုပ်နေလဲ။ ပရိတ်သတ်တချို့က စိတ်မရှည်နိုင်တော့။ အသံတချို့ထွက်
လာပြီ။ သွေးမကြောင်နဲ့ရွှေဘ။ ချစရာရှိတာ ချ။ လူဆိုးတွေနဲ့ညှိနှိုင်းမနေနဲ့။ ဆော်
စရာရှိတာ ဆော်ပစ်။ စသည်ဖြင့် ရွှေဘပရိတ်သတ်တချို့ရဲ့ အားမလိုအားမရသံတွေ
ကြားနေရတယ်။

ရှစ်လေးလုံးအုပ်စုလည်း မြန်မာ့ဒီမိုကရေစီရေးမှာ ရွှေဘတွေပါပဲ။ မင်းကိုနိုင်တို့၊ ကိုကို
ကြီးတို့ဆို ဒေါ်စုထက်တောင် ဖြတ်သန်းခဲ့ရတဲ့လမ်းက ကြမ်းလွန်းလှတယ်။ အာခံနိုင်တဲ့
စိတ်ဓါတ်တွေက တကယ့်ရွှေဘထက်တောင် သာလွန်းကြတယ်။ ထောင်တွေအမျိုးမျိုး။
ဖိစီးမှုအမျိုးမျိုး။ ကြေကွဲမှုအမျိုးမျိုးနဲ့ အလံမလှဲစတမ်း စစ်အာဏာရှင်တွေကို စိန်ခေါ်ခဲ့
ကြတဲ့ အာဂရှစ်လေးလုံးကျောင်းသားတွေပါပဲ။

ရှစ်လေးလုံးရွှေဘတွေလည်း အခုတလော စစ်ဗိုလ်လူထွက်တွေ၊ ခေတ်ပျက်သူဌေး
တွေနဲ့ရောနှောပျော်ရွှင်နေတာကြောင့် ရွှေဘပရိတ်သတ်အချို့  မျက်စိလည်ကုန်ကြ
တယ်။ မျက်လုံးပြူးတဲ့လူကလည်း ပြူးကုန်ကြတယ်။ ဓါတ်ဆီဈေးတက်တုန်းကတောင်
လမ်းလျှောက်ပြီးဆန္ဒပြခဲ့ကြတဲ့သူတွေ အခုလိုအကျပ်အတည်းမျိုးစုံကြုံနေချိန်မှာ သီ
ချင်းတွေဆိုလိုက်၊ ကဗျာတွေရွတ်လိုက်နဲ့ ငါတို့ရွှေဘတွေ ဘယ်လိုဖြစ်ကုန်ကြသလဲ
ပေါ့။

တကယ်တော့လည်း မြန်မာ့ဒီမိုကရေစီရွှေဘတွေခင်မျာ ခံရတာအတော်များပြီး အထိ
နာလွန်းလို့ ခဏတဖြုတ်နားမယ်ဆိုရင် နားသင့်ပါတယ်။ စကားပြောခန်းလေးတွေကို
ပရိတ်သတ်က စိတ်ရှည်ရှည်နဲ့နားလည်စောင့်ကြည့်သင့်ပါတယ်။ ရွှေဘတွေခင်မျာ
သနားပါတယ်။ အခုမှ ခဏနားရတာပါ။ ဒါပေမဲ့လည်း ပရိတ်သတ်ကတော့ ရွှေဘဆို
ရင် ချမှကြိုက်တယ်။ စကားများနေရင် ရွှေဘမဟုတ်။ ဒီလိုနားလည်ထားတာကိုး။

ဒီတခါတော့ ပရိတ်သတ်တွေကိုမတောင်းပန်ပဲ ရွှေဘတွေကိုပဲ တောင်းပန်ရလိမ့်မယ်
ထင်တယ်။ ရွှေဘများခင်ဗျား ပရိတ်သတ်အချို့ စိတ်ပျက်စပြုနေပါပြီ။ လူဆိုးတွေနဲ့
ညှိနေလို့ ပရိတ်သတ်က ပျင်းနေပါပြီ။ ပွဲမဆူခင် ပြောစရာရှိတာ အမြန်ပြောပြီး ချစရာ
ရှိတာ အမြန်ချကြပါ။ ရွှေဘနဲ့လူဆိုးလက်တွဲရင် ပွဲပျက်ပါလိမ့်မယ်။ ရွှေပွဲလာပရိတ်
သတ်ကြီးကို လေးစားသောအားဖြင့် ရွှေဘများရဲ့ လက်စွမ်းတွေကို အံမခန်းပြကြပါ
ခင်ဗျား။ ဒီလိုပြောရင် ရွှေဘတွေ စိတ်ဆိုးကြလေမလားပဲ။ ငါတို့စကားပြောနေတာ
လည်း လက်သီးထိုးနည်းတမျိုးပဲဟလို့ ဆိုကြလေမလားပဲ။ (တကယ်တမ်းတော့
အဆင်ပြေဖို့အဓိကပါ။ မြန်မြန်အဆင်ပြေအောင် လုပ်ကြဖို့ပါပဲ။ ရွှေဘလုပ်ပြီး စ
ကားများနေရင်တော့ ပရိတ်သတ်က ကြိုက်မှာမဟုတ်)

အစဉ်အလာအရ ဇတ်သိမ်းခန်းတွေမှာ ရွှေဘလက်ချက်နဲ့ လူဆိုးတွေ ကြွသွားတယ်
ဆိုပေမဲ့။ မြန်မာ့ဒီမိုကရေစီရေးမှာ ရွှေဘအပြောကောင်းလို့ လူဆိုးတွေက လူလိမ္မာ
လေး တွေဖြစ်လာကြတယ်ဆိုရင်ကော ချစ်စွာသောပရိတ်သတ်များက သဘောကျနိုင်
မလား။ ဇတ်သိမ်းပိုင်းမှာ ရွှေဘက သံလက်သီးရွှေဘပဲဖြစ်မလား။ အပြောချိုတဲ့ရွှေဘ
ပဲဖြစ်မလား။ ဆက်လက်ရှုစား အားပေးကြရအောင်ပါဗျား။

( ရုပ်ပုံ ၊ ဂူဂလ် )

Thursday, August 2, 2012

ယောင်နန ဒီမိုကရေစီ




















အစိုးရခေါင်းဆောင်ဆိုသူတွေ ကြိမ်းဝါးနေတာက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီ။ လောလောဆယ်တော့ ဘယ်နေရာမှာမှ စည်းကမ်းရှိတာ
မတွေ့။ ဒီမိုကရေစီနည်းကျ လုပ်နေတာတွေလည်း တခုမှ မတွေ့။
ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း ဟက်ဟက်ပက်ပက် မဆက်
ဆံ။ လွှတ်တော်ထဲမှာလည်း ကြုံသလိုလုပ်။ လွှတ်တော်အပြင်မှာလည်း
ထင်သလိုကျဲ။

အစိုးရတင် ယောင်နနဖြစ်နေတာ မဟုတ်။ အတိုက်အခံဘက်မှာလည်း
ယောင်နန။ ဘာလုပ်လို့ လုပ်ရမှန်း မသိ။ အစိုးရခေါ်ရာနောက် တကောက်
ကောက်လိုက်ဖို့သစ္စာဆိုခဲ့ကြပြီမို့ အကွေ့အကောက်တွေကြား အတိုက်
အခံများ စမ်းတ၀ါးဝါး။ အချင်းချင်းလည်း မယုံရဲ။ အစိုးရကိုလည်း မယုံရဲ။
ပြည်သူကိုလည်း မယုံရဲ။ ကိုယ့်ကိုယ်ကိုလည်း မယုံရဲ။

ဒီကြားထဲမှာ စစ်တပ်ဘက်ကလည်း တမှောင့်။ တနယ်တမင်း ဗိုလ်ကျတဲ့
အကျင့်က မဖျောက်နိုင်သေး။ အစိုးရကို အစိုးရမှန်း မသိသေး။ အရင်က
အတူတူ မဟုတ်တာလုပ်ခဲ့ကြပြီး အခုမှ အရပ်ဝတ်လဲပြီး အစိုးရမင်းအဖြစ်
အုပ်ချုပ်တာကို (ဘူဘူချင်း တစ်လုပ်တာကို) စစ်တပ်ဘက်က အမြင်မကြည်
နိုင်သေး။ စစ်တပ်က စစ်တပ်နေရာမှာ မရောက်သေး။

အစိုးရကလည်း ဖိဖို့နှိပ်ဖို့ တကဲကဲ။ တားဖို့ဆီးဖို့ တကဲကဲ။ ခြိမ်းဖို့ခြောက်
ဖို့ တကဲကဲ။ သဘောတူဖို့ထက် မတူဖို့က တကဲကဲ။ အစိုးရကလည်း အစိုး
ရနေရာ မရောက်နိုင်သေး။ အစိုးရပိုင်မီဒီယာရှိနေတာလည်း ရှက်ရကောင်း
မှန်း မသိသေး။ တိုင်းရင်းသားအရေးလည်း မရှင်းမရှင်း။ ငြိမ်းချမ်းကိစ္စလည်း
မရှင်းမရှင်း။ အတိုက်အခံကို ကြည့်တဲ့အကြည့်ကလည်း မရှင်းမရှင်း။ လယ်
ယာမြေကိစ္စလည်း မရှင်းနိုင်။ လူ့အခွင့်အရေးလည်း မရှင်းနိုင်။ ခေတ်ပျက်
သူဌေးကိစ္စလည်း မရှင်းနိုင်။ ဘိန်းကိစ္စလည်း မရှင်းနိုင်။ တရုတ်နဲ့အမေရိကန်
အကြား ဗျာတွေများ။ ဟိုဟာ မနိုင်၊ ဒီဟာ မပိုင်။ ကိုယ့်တပ်လည်း ကိုယ်မပိုင်။

တိုင်းရင်းသားတွေကလည်း အရူးကို လင်လုပ်ရသလိုဖြစ်။ နိုင်ငံတကာဆက်
ဆံရေးမှာလည်း “အချော်တကောက်”နဲ့ရည်းစားထားရလိုဖြစ်။ ဒီကြားထဲမှာ
ငြိမ်းချမ်းရေးပွဲစားနဲ့အခါတော်ပေးတွေက တမှောင့်။ အချင်းချင်းကြားမှာ
အထာတွေက များ။ မလိုအပ်ပဲ လျှို့ဝှက်။ လျှို့ဝှက်ရမယ့်ဟာကိုတော့ ထုတ်
ပြော။ သူများကိုလည်း ခွင်မပေးချင်။ ကိုယ်တိုင်လည်း ဖြစ်အောင်မလုပ်နိုင်။
သမ္မတနဲ့နီးစပ်တာကိုပဲ သကြားမင်းနဲ့ခမည်းခမက်တော်ရသလို ဘ၀င်တွေမြင့်။
ပြည်ပရောက်တွေကလည်း ပြည်တော်ပြန်ပြီး ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ
လက်မကိုင်မိ ။ 

ဆရာကြီးလေနဲ့ပြောရရင်တော့ အခုကာလ မြင်နေရတာတွေကတော့ အသွင်
ကူးပြောင်းရေးကာလ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေပဲပေါ့။ (မြန်မြန်
ပျောက်အောင် ကုရင်ကု။ မကုနိုင်ရင် ဘုန်းကြီးစားသွားမယ်။ အခုကာလမှာ
စားမယ့်ဘုန်းကြီးတွေက ခပ်များများ)

အစိုးရအကြိုက်လေနဲ့ပြောမယ်ဆိုရင်တော့ မြန်မာပြည်ကြီး လမ်းကြောင်းမှန်
ပေါ်ရောက်နေပြီပေါ့။ လွန်ခဲ့တဲ့၂နှစ်လောက်ကအခြေအနေတွေနဲ့ အခုဟာက
ဆီနဲ့ရေလို ကွာနေပြီ။ ဒီမိုကရေစီအလင်းရောင်ကြီး ထင်းနေအောင်မြင်နေရပြီ။

အလွတ်သဘော အရပ်ပြော ပြောရရင်တော့ ။ ယောင်နနဒီမိုကရေစီကာလကြီး
မှာ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်နေပြီ။ မြန်မာပြည်ထဲဆက်နေလို့က
အလားအလာ မကောင်း။ သူများတွေလိုပဲ နီးစပ်ရာတိုင်းပြည်ကို မြန်မြန်ပြောင်း
ထားမှ။

ဘုန်းကြီးလေနဲ့ပြောမယ်ဆိုရင်တော့ အချိန်တန်ရင် နွားပိန်ကန်လိမ့်မကွဲ့။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။

အပြုသဘောဆောင်သူများရဲ့အမြင်မှာတော့ ဘာမှ မပူပါနဲ့ အားလုံးကောင်း
သွားမှာပါ။ ဟဲ..ဟဲ...ဟဲ..ဟဲ...။

ယောင်နန ။ ယောင်နန ။ ကြောင်ကျ မကျရင်တော့ ပေါင်ကွကွ ဖြစ်လတ္တံ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, July 23, 2012

ခွေးဇတ်ခင်းခြင်း















(ခွေးရာခွေးကြောင်း)

မြန်မာတွေရဲ့အမြင်မှာ ခွေးဟာ မကောင်းတဲ့လက္ခဏာဆောင်တဲ့ တိရစ္ဆာန်ပါ။
ခွေးသူတောင်းစား။ ခွေးမသား။ ခွေးဝဲစား။ ခွေးသေ၀က်သေ။ ခွေးစားဝက်စား။
ခွေးတိုးဝက်ဝင်။ ခွေးပြေးဝက်ပြေး။ ခွေးမြီးကောက်ကျည်တောက်စွတ်။ ခွေး
လှေးခုန်လို့ဖုန်မထ။ ခွေးလှေးကြမ်းပိုး။ ခွေးကျကျ။ ခွေးမျိုး။ ခွေးကောင်။ ခွေး
တိရစ္ဆာန်။ ခွေးရူးကောင်းစား တမွန်းတည့်။ ခွေးဝမ်းသာအောင် အီးနံ့ပေး။ ခွေး
ကျင့်ခွေးကြံ။ ခွေးဇတ်ခင်း။ ခွေးပစ်တဲ့ ဒုတ်။ ခွေးလေခွေးလွင့်။ ကျန်တာတွေ
လည်း ရှိဦးမယ်။ ဒီစကားတွေက ခွေးတိရစ္ဆာန်အတွက် ကောင်းတဲ့ဂုဏ်ပုဒ်တွေ
မဟုတ်။ ခွေးဆိုတာဟာ မြန်မာပြည်မှာ အတော်မျက်နှာငယ်ရတဲ့ သတ္တ၀ါတမျိုး
သာပ။

အိမ်နီးချင်းတိုင်းပြည်က ထိုင်းဘုရင်ကြီးဟာ ခွေးချစ်လှသတဲ့။ ဘုရင်က ခွေး
ချစ်သမို့ ဘုရင်ကိုချစ်တဲ့ တိုင်းသူပြည်သားများကလည်း ခွေးချစ်တဲ့ဇတ်တွေ
ခင်းကြပါလေရော။ အရင်က ထိုင်းတွေ ခွေးကို ချစ် မချစ် မသိပါ။ အိန္ဒိယတွေ၊
တရုတ်တွေလည်း ခွေးကို သိသိသာသာချစ်ကြသူတွေ မဟုတ်။ ဂျပန်ကတော့
ခွေးကို ချစ်သဗျ။

ပြန်မလာနိုင်တော့တဲ့သခင်ကို ပေါ်လာနိုးနဲ့ ဘူတာမှာစောင့်ကြိုရင်း သေပွဲဝင်ခဲ့
တဲ့ “ဟချီကို” အမည်ရခွေးကို ဂျပန်တွေက အမှတ်တရဂုဏ်ပြုကြတယ်။ တိုကျို
မြို့တော်က ရှီဘူယဘူတာအပြင်မှာ ဟချီကိုရဲ့ပုံတူ ကြေးရုပ်တုကျောက်တိုင်ရှိ
တယ်။ စောင့်မျှော်ခြင်းအထိမ်းအမှတ်အဖြစ် ချစ်သူတွေ အချိန်းအချက်ပြုရာအရပ်၊
မိတ်ဆွေအပေါင်းအသင်းတွေ စောင့်စားဆုံတွေ့ရာအရပ်ဖြစ်နေပါရော။

ဂျပန်ခေတ်မြန်မာပြည်မှာ ဂျပန်စစ်သားတွေက မြန်မာအမျိုးသမီးတွေကို ခွေးကျင့်
ခွေးကြံ ကြံလို့ဆိုပြီး မုန်းတီးစိတ်နာတဲ့သဘောနဲ့ ဂျပန်တွေကို ခွေးလို့ခေါ်ကြသတဲ့။
အဲဒါကိုအခြေခံပြီး ဂျပန်ရောက်မြန်မာများကလည်း ဂျပန်တွေကို ခွေးလို့ခေါ်သဗျ။
ဂျပန်တွေကတော့ သူတို့ကိုခွေးလို့ခေါ်တာကို စိတ်မဆိုးကြဘူး။ သူတို့က ခွေးချစ်
တာကိုး။ မြန်မာတွေက စိတ်နာနာနဲ့ခေါ်ကြပေမဲ့ ဂျပန်တွေက ပြုံတုံးတုံးဆိုတော့
ခုတ်ရာတခြား ရှရာတလွဲဖြစ်နေကြတာ အခုချိန်ထိ။

ကိုရီးယားကတော့ ခွေးဖြစ်ရကျိုးမနပ်တဲ့အရပ်ပါ။ ခွေးသားဟင်းက ဈေးကောင်း
ပေးမှ စားရတာ။ အမဲသား၊ ဆိတ်သားလိုပဲ ခွေးသားကို ဆိုင်ပေါ်တင်ရောင်းတယ်။ ကျန်းမာရေးအတွက်လည်း ခွေးသားက ကောင်းဆိုပဲ။ မြန်မာပြည်က ကိုရီးယား
ရူးသွပ်သူများ ခွေးသားကိုပါ ကြိုက်အောင်လုပ်ထားရင် ပိုအဆင်ပြေမယ်။

(စူပါခွေး) 

မိတ်ဆွေလင်မယားနှစ်ယောက် အချင်းချင်းအဆင်မပြေဖြစ်နေတာ နှစ်အတော်
ကြာပြီ။ အဆင်မပြေဘူးဆိုပေမဲ့ နှစ်ယောက်လုံးက အဆင်ပြေချင်နေကြတာပါ။
နည်းအတော်များများသုံးပြီး အဆင်ပြေရေးကြိုးပမ်းခဲ့ကြပေမဲ့ ဟက်ဟက်ပက်
ပက်အဆင့်ထိ တက်မလာခဲ့ဘူး။ တရက်တော့။ ဘယ်သူ့အကြံပေးချက်ကြောင့်
ရယ် မသိ။ ဇနီးဖြစ်သူအိမ်အပြန်မှာ ခွေးလေးတကောင်ဆွဲခဲ့ပါလေရော။အမေရိ
ကန်ဒေါ်လာ နှစ်ထောင်လောက်နဲ့ဝယ်ခဲ့ရတဲ့ ကိုရွှေခွေးကို အကြောင်းပြုရာက
လင်မယားနှစ်ယောက် မူလအခြေအနေကိုပြန်ရောက်ပြီး ချိုမြိန်တဲ့အိမ်ကလေး
ဖြစ်ရတဲ့ဇတ်လမ်းပေါ့။ (အခုတော့ သူတို့ဆီမှာ ခွေးသုံးကောင်ရှိနေပြီ)

လူတွေရဲ့စိတ်ကျန်းမာရေးကို ကုသတဲ့အခါ တိရစ္ဆာန်မွေးမြူခြင်းကုထုံးကလည်း
ဒီကနေ့ခေတ်မှာ အတော်အရေးပါလာတယ်။ ခွေးမွေးတယ်ဆိုတာက ချစ်သူမရှိ
သူများအတွက် ထိရောက်တဲ့ချစ်သူရှာနည်းတမျိုးဆိုတာကိုလည်း အတော်များများ
က လက်ခံနေကြပြီ။ သမ္မတအိုဘားမားတို့မိသားစု အိမ်ဖြူတော်ကိုအပြောင်းမှာ
မိတ်ဆွေတဦးက “ဘို”အမည်ရ ခွေးတကောင် လက်ဆောင်ပေးခဲ့တယ်။ ဒီကိစ္စက
လည်း ရက်အတော်ကြာအောင် ပြောယူရတဲ့သတင်းတပုဒ်ပေါ့။ အိမ်ဖြူတော်
သတင်းစာရှင်းလင်းပွဲလုပ်ရင်း အနောက်ကနေ အဲဒီခွေးဖြတ်ပြေးသွားရင်လည်း
သတင်းပဲ။ ခွေးတွေ လူရာဝင်ပုံများပြောပါတယ်။ အဲဒါကြောင့်လည်းခွေးတွေက
သူတို့ကိုယ်သူတို့ လူလို့ထင်နေကြတာ။ လူတွေကလည်း ခွေးကိုလူလိုနေရာပေး
ဆက်ဆံလာကြတာကိုး။ တချို့လူတွေများ ခွေးတွေလောက်တောင်အခွင့်အရေး
မရကြရှာဘူး။

ဒေါ်အောင်ဆန်းစုကြည်ဆီမှာလည်း ခွေးတကောင်ရှိတယ်။ သမ္မတဂျီးဆီမှာ ခွေး
ရှိ မရှိတော့ မသိပါ။ ဒေါ်စုဆီမှာ ခွေးရောက်လာပြီး မကြာခင်မှာပဲ လွှတ်တော်ထဲ
ဝင်ထိုင်တဲ့အထိ အစိုးရနဲ့အဆင်ပြေလာခဲ့တယ်။ ခွေးကြောင့် အခုလိုဖြစ်ရတယ်
လို့တော့ တထစ်ချ မပြောနိုင်ပါ။ ဒီအချက်ဟုတ် မဟုတ်ဆိုတာ မီဒီယာသမားတွေ
ဒေါ်ဂျီးစုကို မေးကြည့်ရင်ကောင်းမယ်။ မဟုတ်လည်း တော်ယိယော်ယိမေးခွန်း
တွေပဲ ၀ိုင်းမေးနေကြတာ မဟုတ်လား။

မကျေလည်တာတွေ ပြေလည်အောင် ခွေးမွေးကြပါစို့ဆိုတဲ့ တိုက်တွန်းနိုးဆော်
ချက်မျိုးကိုတော့ မတွေ့ဖူးသေးပါ။ ခွေးမွေးလို့ ပြေလည်သွားသူတွေကိုတော့
အတော်များများတွေ့ဖူးတယ်။ မြန်မာ့နိုင်ငံရေးလောကမှာ ပြေလည်မှုတွေက
တကယ်တမ်း ထိထိရောက်ရောက် ရှိသေးတာမဟုတ်ဘူး။ အချိန်မရွေး တင်းမာ
တဲ့အခြေအနေ ပြန်ရောက်သွားနိုင်တယ်လို့ခန့်မှန်းကြတယ်။

(ခွေးနိုင်ငံရေး)

မြန်မာ့နိုင်ငံရေးလောကသားတွေ (စစ်တပ်အပါအ၀င်) ခွေးတွေမွေးကြရင် ကောင်း
မယ်။ သူ့ခွေးကိုယ့်ခွေး ချစ်ခင်ရင်းနှီးရာက အစိုးရနဲ့အတိုက်အခံတွေကြားမှာ ရင်း
နှီးမှုတွေ တိုးလာနိုင်တယ်။ ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့အမျိုးသားပြန်လည်
သင့်မြတ်ရေးအတွက်လည်း ခွေးမွေးကြည့်ကြဖို့တိုက်တွန်းချင်တယ်။ လွှတ်တော်
ထဲမှာ နိုင်ငံရေးအကြောင်းပြောဆိုရတာ အဆင်မပြေရင်လည်း ခွေးအကြောင်းပြော
ပြီး ပြေလည်မှုကိုရှာကြပေါ့။

ခွေးတွေက လူရာဝင်လာပြီဆိုတော့ လူတွေနဲ့လုပ်ရတာအဆင်မပြေရင် ခွေးတွေ
ကိုပဲ လွှတ်တော်တက်ခိုင်းရင် တက်ခိုင်းပေါ့။ လွှတ်တော်မှာလူတွေတက်ပြီး လက်
ညိုးထောင် ခေါင်းညိမ့်လုပ်နေတာထက် ပိုပြီးအလုပ်ဖြစ်မလားပဲ။ စမ်းကြည့်သင့်တယ်။ မြန်မာအဘိဓါန်အဆိုအရ ခွေးဇတ်ခင်းတယ်ဆိုတာ အောက်တန်းကျတာ။ ယုတ်နိမ့်
တဲ့အခြေအနေကို ရောက်တာ။ ယုတ်နိမ့်တဲ့အခြေအနေကို ရောက်အောင်လုပ်တာ
ကို ခေါ်တယ်။ လွှတ်တော်မှာခွေးတက်တာ ခွေးဇတ်ခင်းခြင်း မဟုတ်။

ခွေးအခြေပြု လူမှုအဖွဲ့အစည်းတွေ မြန်မာပြည်မှာ များများပေါ်လာရင် ခွေးဆိုင်ရာ သဘောထားအမြင်တွေလည်း ပြောင်းလဲလာနိုင်တယ်။ မြန်မာပြည်မှာ ခွေးဖြစ်ရတာ
လည်း ခွေးတွေအတွက်ဂုဏ်ယူစရာဖြစ်လာမယ်။ လူ့အခွင့်အရေးတွေ မရခင်စပ်ကြား
မှာ ခွေးအခွင့်အရေးတွေရအောင် လေ့ကျင့်ရာလည်းရောက်မယ် မဟုတ်ပါလား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, July 21, 2012

အခါကြီးရက်ကြီးနိုင်ငံရေး















မြန်မာပြည်အတွက် ဒီမိုကရေစီက ဘယ်ချောင်မှာကပ်နေမှန်း  မသိ ။
အစိုးရကတော့ ဒီမိုကရေစီကို သွားမယ်တကဲကဲ။ ပြုပြင်ပြောင်းလဲရေး
လုပ်မယ်တသည်းသည်း ပြောနေလေရဲ့။ ဒီမိုကရေစီရေးအစဉ်တစိုက်
လှုပ်ရှားခဲ့သူတွေကိုတော့ တန်ဘိုးထားပြီး နေရာပေးဆက်ဆံတာတွေ မရှိ။
ဒီမိုကရေစီကိုသွားရာလမ်းက ရှည်လျှားကွေ့ကောက်။ ခလုပ်ကန်သင်းက
ပေါ။ အန္တရယ်က များ။ လမ်းခရီးမှာ ရန်သူလား မိတ်ဆွေလား ကွဲကွဲပြားပြား
မသိနိုင်သူတွေကလည်း မနည်းမနော။

ရှုပ်ထွေးရှည်လျှားတဲ့ခရီးတလျှောက်မှာ အမှတ်တရဖြစ်စေမယ့် နေ့ရက်
တွေကလည်း များသထက်များလာ။ အခုတလောမှာပဲ မေ၃၀ ဒီပဲယင်းအရေး။
ဇူလိုင်၇ရက် ကျောင်းသားသမဂ္ဂအရေး။ ဇူလိုင်၁၉ရက် အာဇာနည်နေ့။ မကြာ
မီလာမည်တွေက ရှစ်လေးလုံးနှစ်ပတ်လည်။ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု
နှစ်ပတ်လည်။ အဲဒီနေ့တွေမှာဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အခုအစိုးရမင်း
များ စစ်သားဖြစ်စဉ်အခါက ဘယ်လို သဘောထားခဲ့ကြသလဲဆိုတာ ကလေး
တင်မက ခွေးပါအသိ။

လူထုလှုပ်ရှားမှုတွေကို ရက်ရက်စက်စက် နှိမ်နင်းချေမှုန်းခဲ့ကြတဲ့စစ်သားတွေက
အရပ်ဝတ်လဲပြီး ဒီမိုကရေစီတဗူးဗှုးမှုတ်တော့ မူလက ဒီမိုကရေစီရေး ဘ၀ပေးပြီး
လုပ်ခဲ့ကြသူတွေက ကြောင်အမ်းအမ်းဖြစ်ရပေါ့။ မယုံတ၀က် ယုံတ၀က်ဖြစ်ရပေါ့။
တချို့တွေကတော့ ယုံတာ တ၀က်ကျော်ပုံပေါက်။ အပြည့်အ၀ယုံသူတွေလည်း ရှိ
ပုံရ။ တ၀က်တောင်မယုံတဲ့အပြင် တစက်တောင် မယုံတဲ့သူတွေလည်း ရှိနေကြ။

ယုံကြည်မှုတွေရှိလာအောင် လုပ်နည်းတွေက အမျိုးမျိုးရှိ။ အခုအစိုးရဟာ ဒီမိုက
ရေစီသမားတွေကို ဘယ်လောက်အထိ လွတ်လပ်ခွင့်ပေးသလဲ။ ဒီမိုကရေစီလှုပ်
ရှားမှုတွေကို ဘယ်လောက်အထိ အသိအမှတ်ပြုသလဲ။ ပြီးခဲ့တဲ့ကာလက အနှိမ်
နင်း အရက်စက်ခံခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အသိအမှတ်ပြုသလား။ ကျူးလွန်ခဲ့တဲ့အမှားတွေကို ၀န်ခံသလား။ နစ်နာသူတွေကို ဘယ်လိုဆက်ဆံသလဲ။
ကျူးလွန်ခဲ့သူတွေကို ဘယ်လိုအရေးယူသလဲ။

ဒီအစိုးရရဲ့သဘောထားအမှန်ကို ပြည်သူအများ ရှင်းရှင်းလင်းလင်းသိနိုင်အောင်
ဒီမိုကရေစီရေးလှုပ်ရှားမှုဆိုင်ရာ အထိမ်းအမှတ်နေ့တွေရောက်တိုင်း ဒီမိုကရေစီ
လိုလားသူတွေက အကဲစမ်ဖေါ်ထုတ်ရင်ကောင်းမယ်။ ပြည်သူတွေကို မလှိမ့်တ
ပတ်နဲ့ အုပ်ချုပ်နေတဲ့အစိုးရကို မလိုလားတဲ့အကြောင်း ပြသနိုင်မှ တော်ခါကျမယ်။

လာမယ့် သြဂုတ်လ ရှစ်ရက်နေ့ကျရင် မြန်မာပြည်မှာ ဘာတွေဖြစ်မလဲ ဘယ်သူမှ
မသိနိုင်။ ထွေထွေထူးထူးလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လူထုလှုပ်ရှားမှုကြီးတွေ
ပေါ်ပေါက်လာတိုင်းလည်း ကောင်းတာမဟုတ်။ ညိမ်နေလို့လည်း ကိစ္စက မပြတ်။
သူတို့ခေါ်ရာနောက် စွတ်လိုက်နေလို့လည်း မဖြစ်။ သရုပ်မှန်ပေါ်အောင်တော့ လုပ်
မှ။ ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်အခန်းအနားတွေ အတိုင်းအတာတခု
အထိ ကျင်းပခွင့်ရလာမယ်ဆိုဦးတော့ ကျေနပ်စရာမဟုတ်။ ရှစ်လေးလုံးလူထုလှုပ်
ရှားမှုကိုလက်ရှိအစိုးရက ဘယ်လိုသဘောထားသလဲဆိုတဲ့ သူတို့ရဲ့စိတ်ရင်းမှန်ကို
ဖေါ်ထုတ်နိုင်မှသာ ဒီလူတွေနဲ့ဒီမိုကရေစီခရီး အတူနှင်လို့ ဖြစ် မဖြစ်ဆိုတာ တွက်
ဆနိုင်မှာ။

စစ်အစိုးရလက်ထက် ဟိုနေ့ဒီနေ့နိုင်ငံရေးနေ့တွေမှာ အဖွဲ့အစည်းတွေရဲ့အလွယ်
တကူထုတ်တဲ့ အထိမ်းအမှတ်နေ့ ကြေညာချက်တွေ၊ တောင်းဆိုချက်တွေ၊ ချိန်း
ခြောက်ချက်တွေ၊ ညှိုးတေးချက်တွေကို တွေ့ခဲ့ရတယ်။ ပြည်ပရောက်တွေကလည်း
မြန်မာသံရုံးတွေရှေ့မှာ အထိမ်းအမှတ်နေ့ဆန္ဒပြပွဲတွေလုပ်ခဲ့ကြတယ်။ လာမယ့်
ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ မှတ်မှတ်ရရဖြစ်အောင် ဘယ်လိုလုပ်ကြမယ် မသိ။
ဒီအစိုးရက ဒီမိုကရေစီကိုသွားမယ့်အစိုးရ ဟုတ် မဟုတ်ဆိုတာ ဒီမိုကရေစီအခါကြီး
ရက်ကြီးနေ့တွေမှာ ကြုံတုန်းသွေးတိုးစမ်းသင့်တယ်။ ဆန္ဒတွေပြဖို့လှုန့်ဆော်တာ
မဟုတ်။ သူတို့ရဲ့သဘောထား ဘယ်လိုရှိတယ်ဆိုတာ တရားဝင်မေးခွန်းထုတ်ဖို့ပါ။

မြန်မာပြည်သူတရပ်လုံးနဲ့တကမ္ဘာလုံးကို ၀မ်းမြောက်ဝမ်းသာဖြစ်အောင်လုပ်မယ်ဆို
ရင်တော့။ လက်ရှိအစိုးရက ရှစ်လေးလုံးလူထုလှုပ်ရှားမှု ဒီမိုကရေစီရေးလှုပ်ရှားမှုအဖြစ်
အသိအမှတ်ပြုပြီး မှားခဲ့တာတွေကို ၀န်ခံ။ တောင်းပန်။ ကျူးလွန်ခဲ့သူတွေကို အရေးယူ အပြစ်ပေးမယ့်အကြောင်းကြေညာ။ ဒီမိုကရေစီအင်အားစုတွေသာ တိုင်းပြည်အာဏာ
ကို ရထိုက်သူတွေလို့ အသိအမှတ်ပြု။

ဒီလိုတွေးကြည့်တာဟာ လက်တွေ့နဲ့ဝေးလွန်းတဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲလို့
အပြစ်တင်ကြမယ့်သူတွေ ရှိလိမ့်မယ်။ ရှစ်လေးလုံးလှုပ်ရှားမှုကို ဘယ်လိုနည်းနဲ့မှ မမေ့နိုင်သူတဦးအတွက်တော့ အခုလိုတွေးကြည့်တာက (စိတ်ကူးယဉ်တယ်ပဲ ဆိုဆို) မလွန်ဘူးလို့ဆိုရမယ်။

(ရုပ်ပုံ၊ ဂူဂလ်)

Tuesday, July 17, 2012

အိပ်မွေ့ချခြင်း
















မျက်လုံးတွေ မှိတ်ထား
မှိတ်ထား....
မှိတ်ထား....
မျက် လုံး တွေ ကို   မှိတ် ထား

လက္ခံလိုက်.....လက္ခံလိုက်
အရှိတရားကို လက္ခံလိုက်

ဗိုလ်ချုပ်ကြီးကနေ
သမ္မတဂျီးဖြစ်သွားတာကို လက္ခံလိုက်
ကလိန်ကကျစ်ရွေးကောက်ပွဲကို လက္ခံလိုက်
သူတို့လွှတ်မှ
လွတ်ရတဲ့ဘ၀ကို လက္ခံလိုက်
သူတို့ပေးမှ
ရရမယ့်ဘ၀ကို လက္ခံလိုက်
လက်တွေ့ဘ၀ကို လက္ခံလိုက်
လွှတ်တော်ထဲက စစ်သားတွေကို လက္ခံလိုက်

သမ္မတဂျီးပြောသမျှ အကုန်ယုံ
ဒေါ်ဂျီးစုပြောသမျှ အကုန်ယုံ
အမေရိကန်ပြောသမျှ အကုန်ယုံ
အထက်လူကြီးပြောတာ အကုန်ယုံ
မီဒီယာတွေပြောသမျှ အကုန်ယုံ
အစိုးရပြောသမျှ အကုန်ယုံလိုက်

အစိုးရကို အစိုးရလို့ပဲသဘောထား
အခြေခံဥပဒေကို အခြေခံဥပဒေလို့ပဲသဘောထား
သမ္မတဂျီးကို စေတနာရှင်လို့သဘောထား
ဒေါ်ဂျီးစုကို ကယ်တင်ရှင်လို့သဘောထား
အမေရိကန်ကိုလည်း ကယ်တင်ရှင်လို့သဘောထား

ပြည်ပကို အားကိုး
တရုတ်ကို အပြစ်မမြင်နဲ့
ကုလားကိုလည်း မမုန်းနဲ့
ကြံ့ဖွတ်ကိုလည်း ဗွေမယူနဲ့
လျှော့ထား....
စိတ်ကို လျှော့ထား
စိတ် တွေ ကို  လျှော့ ထား

ဆန့်ကျင်ဖို့ မတွေးနဲ့
ဖွင့်ဖြိုးတိုးတက်ရေးပဲ စဉ်းစား
ပြုံးထား....
ပြုံးထား....
ကျေကျေနပ်နပ် ပြုံးထား

ပေးလိုက်....
ပေးလိုက်....
ပေး ပစ် လိုက် ....
လယ်ယာမြေတွေကို ပေးလိုက်
ချမ်းသာတဲ့လူတွေကို ပေးပစ်လိုက်
ကိုယ်ပိုင်ပစ္စည်းကို
သူပိုင်ပစ္စည်းဖြစ်အောင် ပေးပစ်လိုက်
ကိုယ့်အခွင့်အရေးကို
သူ့အခွင့်အရေးဖြစ်အောင် ပေးပစ်လိုက်

ဟော.....
အနေတတ်လို့ပဲ
ကျေနပ်စရာတွေ ကြုံနေပြီ
အစိုးရကောင်းနဲ့ ကြုံနေပြီ
အချိန်အခါကောင်းကို ရောက်နေပြီ

မေ့လိုက်....
မေ့လိုက်....
မေ့ ပစ် လိုက်
အတိတ်က ကံဆိုးခဲ့သမျှတွေ
မေ့ပစ်လိုက်
ကိုယ်ရှင်ဖို့ သူသေခဲ့တာတွေ
မေ့ပစ်လိုက်
ကိုယ်သာဖို့ သူနာခဲ့တာတွေ
မေ့သာပစ်လိုက်
ပြီးခဲ့တာတွေ ထားလိုက်တော့
အတိတ်မှာပဲ ထားလိုက်တော့

အနာဂတ်ကိုသာ အာရုံပြု
မကောင်းတာတွေကို မတွေးနဲ့
အခုအစိုးရလက်ထက်မှာ
အကုန်ကောင်းနေပြီ
ကံကောင်းလို့ ဒီအစိုးရနဲ့ကြုံရတာ
ကျေးဇူးတင်လိုက်
ကျေး ဇူး တင် လိုက်
သမ္မဒဂျီးနဲ့အပေါင်းအပါတွေကို
ကျေးဇူးတွေတင်လိုက်

ဖွင့်မကြည့်နဲ့
ဖွင့်မကြည့်နဲ့....
မျက်လုံးတွေ မှိတ်ထား
မှိတ်ထား.....
မျက်.... လုံး......လေး.... တွေ....ကို........
မှိ တ်........ သာ.........  ထား . .  .  .   .  .    .

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, July 15, 2012

ဝါဆိုစစ်တမ်း
















“ လက်ရှိမြန်မာ့နိုင်ငံရေးတွင် အာဏာအရှိဆုံးပုဂ္ဂိုလ် ”

(၁) သမဒ သိန်းစိန်
(၂) မှုးကြီးသန်းရွှေ
(၃) ဒေါ်ကြီးစု
(၄) ဗခ မင်းအောင်လှိုင်
(၅) ဒေါ်ကြိုင်ကြိုင်
(၆) မင်းကိုနိုင်
(၇) အပေါ်က တယောက်မှ မဟုတ်
(၈) အပေါ်က အကုန်ဟုတ်

“ မြန်မာပြည်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ”

(၁) ကိုတေဇ
(၂) လော်စစ်ဟန်
(၃) မှုးကြီးသန်းရွှေ
(၄) သမဒ သိန်းစိန်
(၅) ဒေါ်ကြီးစု
(၆)  ဦးညဏိဿရ
(ရ) အပေါ်က တယောက်မှ မဟုတ်
(၈) အပေါ်က အကုန်ဟုတ်

“ မြန်မာပြည်တွင် သြဇာအရှိဆုံးပုဂ္ဂိုလ် ”

(၁) မျိုးကြီး
(၂) ဦးဆေကိန္ဒ
(၃) ဒေါ်ကြီးစု
(၄) မှုးကြီးသန်းရွှေ
(၅) မင်းကိုနိုင်
(၆) သမဒ သိန်းစိန်
(၇) အပေါ်က တယောက်မှ မဟုတ်
(၈) အပေါ်က အကုန်ဟုတ် 

“ စင်္ကာပူကိုမီရန် မြန်မာပြည် (   ) နှစ်ခန့်လုပ်ရဦးမည် ”

(၁) ၁၀ နှစ်
(၂) အနှစ် ၂၀
(၃) အနှစ် ၅၀
(၄) နှစ်ပေါင်း ၁၀၀
(၅) တသက်လုံး လိုက်မီမှာ မဟုတ်
(၆) အပေါ်က တခုမှ မဟုတ်

“ (     ) နှစ်အတွင်း စစ်အာဏာပြန်သိမ်းနိုင်သည် ”

(၁) ၁ နှစ်
(၂) ၃ နှစ်
(၃) ၅ နှစ်
(၄) ၁၀ နှစ်
(၅) ဘယ်တော့မှ ပြန်မသိမ်းနိုင်
(၆) အပေါ်က တခုမှ မဟုတ်

“ မြန်မာပြည်တွင် စိတ်ပျက်စရာအကောင်းဆုံး ပုဂ္ဂိုလ် ”

(၁) ဒေါ်ကြီးစု
(၂) လျှပ်စစ်ဇော်မင်း
(၃)  သမ္မဒသိန်းစိန်
(၄) ပျံကျားရေးကျော်ဆန်း
(၅) လော်စစ်ဟန်
(၆) မှုးကြီးသန်းရွှေ
(၇) အပေါ်က တခုမှ မဟုတ်
(၈) အပေါ်က အကုန် ဟုတ်

“ မြန်မာ့မယ်များ ကမ္ဘာ့မယ်ဖြစ်ရန် (     ) နှစ်ခန့် ကြိုးစားရလိမ့်မည် ”

(၁) ၅ နှစ်
(၂) ၁၀ နှစ်
(၃) အနှစ် ၂၀
(၄) နှစ်ပေါင်း ၁၀၀
(၅) ဘယ်တော့မှ ဖြစ်မှာ မဟုတ်
(၆) အပေါ်က တခုမှ မဟုတ်

“ ငြိမ်းချမ်းရေး နိုဘလ်ဆု မြန်မာပြည်က ထပ်ရနိုင်သည့်ပုဂ္ဂိုလ်မှာ ”

(၁) ကျော်သူ
(၂) မီးရထားအောင်မင်း
(၃) ဒေါ်ကြီးစု
(၄) မင်းကိုနိုင်
(၅) ဒေါက်တာစင်သီယာမောင်
(၆) ကိုတေဇ
(၇) ဇာဂနာ
(၈) အပေါ်က တယောက်မှ မဟုတ်

“ မြန်မာ့လွှတ်တော်အတွင်း လိင်တူချစ်သူ (   ) ဦးရှိ ”

(၁) ၅ဦး
(၂) ၁၀ဦး
(၃) ၄၀ဦး
(၄) တယောက်မှ မရှိသေး
(၅) ဘယ်တော့မှ မရှိနိုင်
(၆) အပေါ်က တခုမှ မဟုတ်

“ မြန်မာပြည် ဒီမိုကရေစီ (     ) နှစ်အတွင်း ရမည် ”

(၁) ၅နှစ်
(၂) ၁၀နှစ်
(၃) အနှစ် ၃၀
(၄) အနှစ် ၅၀
(၅) နှစ်ပေါင်း တရာ
(၆) ဘယ်တော့မှ ရမှာ မဟုတ်
(၇) အပေါ်က တခုမှ မဟုတ်

“ စစ်အာဏာရှင်ကာလ လူ့အခွင့်အရေးချိုးဖေါက်ခဲ့သူများကို (    ) နှစ်အတွင်း 
တရားစီရင်နိုင်မည် ”

(၁) ၃နှစ်
(၂) ၅နှစ်
(၃) ၁၀နှစ်
(၄) အနှစ် ၂၀
(၅) ဘယ်တော့မှ မဖြစ်နိုင်
(၆) အပေါ်က တခုမှ မဟုတ်

“ အခုရေးတဲ့ ၀ါဆိုလ သဘောထားကောက်ယူမှုစစ်တမ်းကို ဖတ်ရတာ ”

(၁) သိပ်ပျင်းဖို့ကောင်း
(၂) စိတ်ဝင်စားစရာ
(၃) အာပလာပဲ
(၄) ဖြစ်နိုင်ချေသိပ်နည်းတယ်
(၅) အရေးကြီးတဲ့ အချက်တွေ
(၆) ဖတ်မိတာ မှား
(၇) အပေါ်က တခုမှ မဟုတ်
(၈) အပေါ်က အကုန်ဟုတ်

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, July 4, 2012

သတင်းခေါင်းစဉ်

















ကြောင်သူတော်ကြွက်သူခိုးနှင့် သူဌေးလိုလို ခွေးလိုလိုမိသားစုများ တချက်
ထဲ ကျင်းဝင်။ မြေယာတော်လှန်ရေးခေါင်းဆောင် ကိုထိပ်ပြောင် အိမ်ထောင်
ပြုတော့မည်။ လွှတ်တော်အတွင်း မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်သူ
သတိပေးခံရ။ သမ္မတမိန့်ခွန်း အလွတ်ကျက်သူ ရွှေတံဆိပ်ဆုရ။ အခြေခံဥပ
ဒေကို စိတ်နဲ့တောင်မပြစ်မှားရန် ကွယ်လွန်သူဗိုလ်ချုပ်ဟောင်းက အလေး
အနက်မှာကြား။

သတင်းခေါင်းစဉ်တွင် “ဟုဆို” မပါရဟုဆို။ ရှည်လျှားပေများသည့် သတင်း
ခေါင်းစဉ်များကို တရုတ်ပိုင်အထည်ချုပ်စက်ရုံက တ၀က်ဈေးဖြင့်ဝယ်ယူနေ။
ငွေစက္ကူအသစ်များထွက်လာ၍ မင်းသမီးလင်နောက်လိုက်သည့်သတင်း
စိတ်ဝင်စားခြင်း မခံရ။ လူတယောက်အတွက် မြေအကျယ် ခြောက်ပေခန့်
သာ လိုကြောင်း မီလျှံနာဆရာတော် ဟောကြား။ ဒေါ်စု၏ပုဝါများ မှတ်တမ်း
တင်ရုပ်ရှင် အကယ်ဒမီဆန်ကာတင်အဆင့်ဝင်။

ကချင်အဆိုတော်များ သေနပ်ခါးကြားထိုး၍ သီချင်းဆို။ ဘူးသီးတောင်နှင့်
မောင်တော၌ တရုတ်စားသောက်ဆိုင် မရှိ။ ပြည်ပအားကိုး ပုဆိန်ရိုးသံချပ်
အဖွဲ့ နာမည်ပြောင်းရန် အာဏာပိုင်များက ဖိအားပေး။ သမ္မတဦးသိန်းစိန်၏
စစ်သားဘ၀နောက်ခံဇတ်လမ်း ဆင်ဆာက ပြသခွင့်မပြု။ ဒုက္ခသည်ဖြစ်ရန်
အခွင့်အလန်းနည်းပါးလာသဖြင့် ငွေကြေးအဆင်ပြေသူတချို့ စိတ်ပျက်။ ခိုး
ကူးခွေ ခေတ်စား၊ အဆိုတော်လုပ်ချင်သူ နည်းပါး။ ဇရက်ကို ချိုးထင်မိသူများ
နှင့် ဇရက်တောင်ပံကျိုးများ လွှတ်တော်အတွင်း ရန်ဖြစ်ကြ။ ကြောင်ခံတွင်း
ပျက်သတင်းဌာနက လွှတ်တော်အတွင်းသတင်းများကို တစ်တစ်ခွခွ ဖေါ်ပြ။

လူလိမ်များသတိထားရန် အစိုးရက သတိပေး။ “ချမ်း”ပါသည့် မြို့နယ်များရှိ
သော မန္တလေးမြို့ကို တရုတ်မင်းသား ဂျက်ကီချမ်း အထူးစိတ်ဝင်စား။ ခေါင်း
ပေါင်းဆိုင်များ နေရာအနှံ့ပေါ်ပေါက်လာ။ ငယ်ရွယ်သည့် အမျိုးသမီးလွှတ်
တော်အမတ်များကို စစ်တပ်ကိုယ်စားလှယ်များက အထူးစိတ်ဝင်စား။ မိုးရွာ
တုန်း ရေခံ၊ မီးလာတုန်း မီးခံရန် သမ္မအကြံပေးများက ပြည်သူကိုအတင်း
အကျပ်တိုက်တွန်း။ ညအခါတွင် မိုးချုပ်မည်ဖြစ်ပြီး နေ့အခါတွင် မိုးလင်း
မည်ဆိုသည်မှာ မသေချာကြောင်း မိုးလေ၀သနှင့်ဇလဗေဒက ထုတ်ဖေါ်
ပြောကြား။ 

မြစ်ဆုံရေကာတာကိစ္စ သတင်းမီဒီယာများစိတ်ဝင်စားမှု ကျဆင်းလာ။ ဆင်းရဲ
သောမြန်မာပြည်၌ သူဌေးသူကြွယ်ဖြစ်နေသူများကို ကမ္ဘာ့ဘဏ်က ဆုချီးမြင့်
မည်။ ပြည်ပရောက်မြန်မာများ ပြည်တွင်းနေမြန်မာများကို သနားရန် ခဏတ
ဖြုတ် ပြည်တော်ပြန်ကြမည်။ ဒေါ်စုကိုဝေဖန်သူများအတွက် ပညာသင်ထောက်
ပံ့ကြေးပေးရန် ကြံခိုင်ဖွင့်ဖြိုးရေးပါတီက အဆိုတင်သွင်း။ ဘိန်းအထွက်တိုး၍
ကျေနပ်ကြောင်း အစိုးရထုတ်မပြော။ အမေရိကန်ကို အစိုးရအပါအ၀င် ပြည်သူ
တရပ်လုံးက အထူးနှစ်ချိုက်စွဲလန်းနေ။ ရွှေငန်းသဘင်၏ နေပြည်တော်ပျက်ခန်း
ဇတ်တော်ကြီး အထူးလူကြိုက်များ။

ဟစ်ဟော့ပ်သမားများ လွှတ်တော်ကို မျက်စောင်းထိုး။ နိုင်ငံတော်အလံကိစ္စ
စောတကတက်မည့်သူ တယောက်မှမရှိတော့ကြောင်း လွှတ်တော်ဥက္ကဌကြေ
ညာ။ ငြိမ်းချမ်းရေးပွဲစားများ ပါးစပ်မလုံသဖြင့် မီဒီယာက ဆုံးမ။ ရိုဟင်ဂျာဘက်
လိုက် ပြည်ပမီဒီယာများကို မြန်မာပြည်သူများက ဆုံးမ။ မြန်မာပြည်သူတရပ်
လုံးနီးပါး ပြည်ပသို့ထွက်ခွါချင်နေ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး
ဆိုသည်မှာ ပြည်ပ၌သာရှိသောအရာများဖြစ်ကြောင်း ပြည်သူတရပ်လုံးက လက်ခံ။
ဤတွင် သတင်းများကို ကြေညာလို့ ပြီးပါပြီဟုဆို။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, June 27, 2012

ဟုတ်မှလည်း လုပ်ကြ

ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးတို့မောင်နှမနှစ်ဦး အဆင်မပြေ
ဖြစ်နေတာ ကမ္ဘာသိကိစ္စ။ နှစ်ယောက်ထဲရှိတဲ့ မောင်နှစ်မအကြားမှာတောင်
အဆင်ပြေမှုကို (နှစ်တွေအတော်ကြာလာတဲ့အထိ) မထူထောင်နိုင်ပဲ မြန်မာ ပြည်ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဒေါ်စုကကြိုးစားမယ်ဆိုတာ ဖြစ်
နိုင်ပါ့မလား။

ကိုယ်ကျင့်တရားလည်း မကောင်း၊ ၀ိနည်းလည်း မလုံတဲ့ ဘုန်းတော်ကြီးက
အကျင့်သီလတွေအကြောင်း ဟောနေတာ အလုပ်ဖြစ်နိုင်ပါ့မလား။ ၀င်ငွေ
ကောင်းပြီး ချမ်းသာကြွယ်ဝနေတဲ့ ဘုန်းတော်ကြီးတွေကို ယုံကြည်သင့်
သလား။ ဘာသာရေးကနည်းနည်း လူမှုရေးကများများဘုန်းတော်ကြီးတွေ
ကို ကိုးကွယ်သင့်သလား။ အဟောကောင်းတဲ့ ဘုန်းကြီးနဲ့ အကျင့်ကောင်း
တဲ့ဘုန်းကြီး ဘယ်သူ့ကိုရွေးမလဲ။

ပြည်သူတွေကို ရက်စက်၊ ရွေးကောက်ပွဲမှာ မဲလိမ်ပြီးတက်လာတဲ့ အစိုးရဲ့
အုပ်ချုပ်မှုဥပဒေတွေကို တရားတယ်လို့ဆိုမလား။ ဒီလိုအစိုးရရဲ့ပြဌာန်းချက်
တွေကို လိုက်နာကျင့်သုံးသင့်သလား။ မတရားတဲ့ အမိန့်အာဏာဟူသမျှ
ဖီဆန်ရမလား။ မဲလိမ်ပြီး သမ္မတဖြစ်လာတဲ့သူရဲ့စကားတွေကို ယုံကြည်
သင့်သလား။ မတရားတဲ့သူက ဥပဒေစိုးမိုးရေးလို့ ပြောနေတာကို လက်ခံ
သင့်သလား။

ကိုယ်တိုင်ပြုပြင်ပြောင်းလဲရေး မလုပ်ပဲ သူများကို ပြုပြင်ပြောင်းလဲဖို့ ပြော
နေတာ အဓိပ္ဗါယ်ရှိပါ့မလား။ ကိုယ့်မိသားစုထဲမှာတောင် ညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သူက တိုင်းပြည်ငြိမ်းချမ်းရေးလုပ်
တာ အောင်မြင်နိုင်ပါ့မလား။ ကိုယ်ကျင့်တရားမကောင်းတဲ့ သတင်း
သမားရဲ့ သတင်းတွေဟာ စိတ်ချယုံကြည်ရပါ့မလား။ အပြောနဲ့ အလုပ်
ညီဖို့ လိုသလား။ ငါပြောသလို လုပ် ၊ ငါလုပ်သလို မလုပ်နဲ့ဆိုသူတွေကို
ဘယ်လို ဆက်ဆံသင့်လဲ။

တချို့ကိစ္စတွေက "Case by Case" စဉ်းစားသင့်တယ်။ ပြဿနာတွေကို
တခုချင်းစီ ခွဲခြားပြီး ဝေဖန်သင့်တယ်။ အနုပညာသမားရဲ့ အကျင့်စရိုက်နဲ့
သူ့ရဲ့အနုပညာကို မတိုင်းထွာနဲ့။ ထပ်တူ မချနဲ့။ စာရေးဆရာနဲ့ သူ့ရဲ့စာ
ကို ခွဲပြီးမြင်သင့်တယ်။ ၀ိနည်းက ၀ိနည်း။ တရားက တရား။ နိုင်ငံရေးနဲ့
လူမှုရေး၊ မိသားစုရေးကို ရောပြီးမဝေဖန်သင့်ဘူး။ စသည်အားဖြင့်။ သုံး
သတ်ပြောဆိုမှုတွေ ရှိတယ်။

အိမ်ထောင်ရေး အဆင်မပြေပေမဲ့လည်း တိုင်းပြည်ညီညွတ်ရေး၊ ငြိမ်းချမ်း
ရေးကို ထူထောင်နိုင်ခဲ့သူတွေရှိတယ်။ ၀ိနည်းမလုံပေမဲ့လည်း သူဟောတဲ့
တရားကိုနာပြီး ချမ်းသာမှုရသူတွေရှိတယ်။  အာဏာကို မတရားတဲ့နည်းနဲ့
ယူခဲ့ပေမဲ့ ပြည်သူတွေကို တရားသဖြင့်အုပ်ချုပ်သူတွေလည်းရှိတယ်။
စသည်အားဖြင့်။ တုန့်ပြန်မှုတွေ ရှိတယ်။

လူနဲ့ မူကို တွဲသင့်သလား၊ ခွဲသင့်သလား။ တွဲသင့်တဲ့နေရာမှာ တွဲပြီး ၊ ခွဲ
သင့်တဲ့နေရာမှာ ခွဲသင့်သလား။ တွဲချင်တဲ့နေရာမှာ တွဲ၊ ခွဲချင်တဲ့နေရာ
မှာ ခွဲသင့်သလား။ လူကို ယုံမလား ။ မူကို ယုံမလား။ ပုဂ္ဂိုလ်ခင်မှ တရား
မင်သလား။ ဒီလိုအငြင်းအခုံတွေက အရင်ကတည်းက ရှိနေခဲ့တာ အခု
ချိန်ထိပဲ။ မြန်မာပြည်မှာ အခုဖြစ်ပျက်နေတာတွေနဲ့ဆက်စပ်ပြီး ဘယ်လို
ကောက်ချက်ဆွဲကြမလဲ။

မိတ်ဆွေတို့ရဲ့ သဘောထားတွေကရော ဘယ်နဲ့ရှိပါစ။ ဆွေးနွေးကြပါဦး။
သဘောထားကွဲလွဲမှုတွေရှိတာကို သဘောတူတယ်ဆိုတဲ့ အယူအဆက
ဒီမိုကရေစီရဲ့ အခြေခံအချက်တခုဆိုပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, June 24, 2012

ကြည့်တတ်ရင် ကဗျာ


















တခါသား။ မိတ်ဆွေဘလော်ဂါတဦးဆီက အလန့်ထညက်မေးခွန်းတချို့
(ထန်းလျှက်လို့ရေးမှ မှန်ပါသတဲ့) ရောက်လာပါတယ်။ သူအလုပ်လုပ်နေ
တဲ့ အွန်လိုင်းမဂ္ဂဇင်းမှာ သုံးဖို့ပါတဲ့။ သူ့မေးခွန်းတွေထဲမှာ “မယ်ကမ္ဘာပြိုင်
ပွဲကို မြန်မာနိုင်ငံက ၀င်သင့်သလား” ။ (လက်တ၀ါးစာ ရေကူးဝတ်စုံနဲ့ ၀င်
ပြိုင်ရမှာနော်) အဲသလို မေးလာပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန် သမ္မတဖြစ်
လာစဉ်အချိန်က မေးခဲ့တဲ့ မေးခွန်းပါ။ မေးတဲ့သူက မေးလေတော့ ဖြေတဲ့
သူကလည်း ဖြေရသပေါ့။

“မယ်ကမ္ဘာပြိုင်ပွဲ မြန်မာဝင်နွှဲမှဖြစ်မယ်။ အစိုးရလည်း ကြိုက်၊ ရိုးရာလည်း
ထိမ်းသိမ်းပြီး ဖြစ်ရလေအောင် ချိတ်ထမီစကို ရေကူးဝတ်စုံချုပ်ပြီးဝတ်
ဆင်သင့်တယ်။ ဒီမိုကရေစီနဲ့ ဘီကီနီက ခွဲခြား၍မရပါ” လို့ ဖြေခဲ့ပါတယ်။
(ဘီကီနီဝတ်ခြင်းဟာ ဒီမိုကရေစီရဲ့ အင်္ဂါရပ်တခုလို့ ပြဌာန်းမထားပေမဲ့
အများကလက်ခံထားတဲ့ အချက်တော့ဖြစ်နေပါပြီ။)

အခုရက်ပိုင်း မြန်မာပြည်ဆိုင်ရာ သတင်းတွေထဲမှာ ဒေါ်စုရဲ့ဥရောပခရီး
နဲ့အပြိုင် ထိပ်တန်းပြေးနေတဲ့ သတင်းကတော့ ဘောင်းဘီတိုကပ်ကပ်၊
အင်္ကျီဂျိုင်းပြတ် ခပ်ကျပ်ကျပ်တွေဝတ်ထားတဲ့ မြန်မာအမျိုးသမီးတသိုက်
စင်ပေါ်တက်ပြီး အောက်ကလူတွေကို ဟိုလှည့်ဒီလှည့်လုပ်ပြတဲ့ သတင်း
ပါပဲ။ “ကာယကြံ့ခိုင်မှုပြိုင်ပွဲ”ပါတဲ့။ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ဖေါ်ပြခဲ့
ကြပြီး လူကြိုက်လည်းများခဲ့တဲ့ သတင်းပေါ့။















မြန်မာပြည်ရဲ့ အပြောင်းအလဲတွေထဲမှာ အမျိုးသမီးကာယကြံ့ခိုင်မှု
ပြိုင်ပွဲလည်း တခုအပါအ၀င်လို့ ဆိုရမယ်။ လူကြိုက်များတယ်ဆိုပေမဲ့
သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံအနှံ့ကျင်းပတာမျိုးတော့ မဟုတ်သေး။
အီစကို အပါအ၀င် အကိုကာလသားများကတော့ အခုလောက်မြင်ရ
တာကိုပဲ အတော်သဘောကျနေပြီ။

ဘီကီနီသို့ သွားရာလမ်းကို လှမ်းမြင်လိုက်ရသလို၊ ဒီမိုကရေစီရဲ့ ရနံ့ကို
လည်းအမှတ်မထင် ရှူရှိုက်မိသလိုဖြစ်မိသပေါ့။ ကောင်းလေစွ၊ ကောင်း
လေစွလို့ သာဓုများလည်း ခေါ်မိပါတယ်။ ဒီလိုပွဲမျိုးက ကြိုဆိုရမှာပေါ့။
အာဏာပိုင်တွေ အမြင်ကျယ်လာပြီလို့လည်း ဆိုရပါလိမ့်မယ်။

ကိုယ်ကာယအလှဆိုတာက ဖေါ်ပြမှ မြင်ရတာမျိုးပါ။ ဖုံးအုပ်ထားရင်
ဘယ်နေရာက ဘယ်လောက်လှမှန်း မသိနိုင်ပါ။ ကိုယ်ကာယကို လှ
အောင် လုပ်ထားတဲ့သူကလည်း ဖေါ်ပြရမှ ကျေနပ်တာပါ။ အမျိုး
သားတွေကို ကြည့်ပါ။ အပင်ပမ်းခံ၊ အချိန်ကုန်ခံပြီး အလေးအပင်
တွေ “မ”လို့ သူတို့ရဲ့ခန္တာကိုယ်အလှကို ထုဆစ်ထားကြရရှာတာပါ။

ကာယအလှပြိုင်ပွဲဆိုတာမျိုး ရှိလေမှပဲ သူတို့ရဲ့ကြွက်သားအဖုအထစ်
တွေကို အများသူငါ မြင်ရလေအောင် ပြသကြရတာပါ။ ဈေးလည်ခေါင်
သွားပြီး ကုန်းကုန်းကွကွနဲ့ ကြွက်သားတွေညှစ်ပြနေလို့ နေရာမကျလှ
ပါဘူး။ သူတို့ရဲ့ လက်တဆုပ်စာ နေရာလောက်ကိုပဲ မည်ကာမတ္တဖုံး
အုပ်ပြီး တကိုယ်လုံးမှာ ရှိသမျှကြွက်သားတွေကို ညှစ်ပြလေမှ ကာယ
အလှက ကြွလာ၊ ပေါ်လာရတာမျိုးကိုး။


















အမျိုးသမီးတွေလည်း ထိုနည်း၎င်းပါပဲ။ လေ့ကျင့်တည်ဆောက်ထား
တဲ့ ကာယအလှကို ဖေါ်ကာပြလေမှ မြင်ရတော့မပေါ့။ အလှဟာ အလှ
ပါပဲ။ အကြည့်မတတ်ရင်တော့ တဏှာ။ ကြည့်တတ်ရင်တော့ ကဗျာပါ။
တရားသဘောနဲ့ ကြည့်သူတွေအတွက်တော့ ဘ၀နာပေါ့လေ။ နိုင်ငံ
ရေးအမြင်နဲ့ကြည့်ရင်တော့ မြန်မာအမျိုးသမီးတွေ ကာယအလှကြံ့
ခိုင်လာတယ်။ အလှကို ထိထိမိမိဖေါ်ပြလာတယ်ဆိုတာက နိုင်ငံတော်
ကြီး ပွင့်လင်းတောင့်တင်းပြီး လှပထွန်းကားလာတဲ့သဘောပေါ့။

လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုမှာ ဘီကီနီလည်း ရှိရလိမ့်
မယ် ။ ပြောချင်၊ ပြချင်တာတွေကို လွတ်လွတ်လပ်လပ်နဲ့ လှလှပပ ပြော
ပါစေ၊ ပြပါစေ။ ရိုးရာယဉ်ကျေးမှုကို ထိခိုက်မှာ သိပ်ပြီး မစိုးရိမ်ကြပါနဲ့။
လုပ်တတ်ရင် ဖြစ်ပါတယ်။ ဂျပန်ကိုကြည့်ပါ။ ရိုးရာမပျက် ကီမိုနိုတွေကို
လည်း အခုထိ ၀တ်နေကြတုန်း။ ဘီကီနီတွေကိုလည်း သူ့နေရာနဲ့သူ
ဝတ်နေကြတာပဲ။ မြန်မာအမျိုးသမီးတွေကိုလည်း ဒီလိုဖြစ်စေချင်ပါတယ်။




















 မြန်မာအမျိုးသမီးတွေရဲ့ ကာယအလှပြိုင်ပွဲတွေ အခုထက်များများ ရှိ
လာဖို့လိုပါတယ်။ ကိုယ်ကာယအလှတွေကိုလည်း အခုထက်ပိုပြီး ပြဖို့
လိုပါတယ်။ အခုအဆင့်က စစ်ကြိုခေတ် အဆင့်ပဲရှိနေပါသေးတယ်။
အင်တာနက်ခေတ်မှာ ဖုံးလို့ဖိလို့ မလွယ်တော့ပါဘူး။ လှလှပပ ထုတ်
ဖေါ်ပြသကြတဲ့ခေတ် ရောက်နေပါပြီ။ (အရေးကြီးတဲ့နေရာကိုတော့
ဖုံးဖိထားသင့်တာပေါ့လေ။)

မြန်မာပြည်မှာ အမျိုးသမီး၊ အမျိုးသား အခွင့်အရေးတန်းတူ ရှိ၊ မရှိဆိုတာ
အခုလုပ်နေတဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွေကို ကြည့်တာနဲ့ သိသာနေပါပြီ။
အမျိုးသားတွေက သူတို့ရဲ့ ခန္တာကိုယ်အလှကို အမျိုးသမီးတွေထက် ဖေါ်
ပြခွင့်ရနေပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသားတွေ များလွန်းနေတာနဲ့
လည်း ဆက်စပ်နိုင်ပါတယ်။

နိုင်ငံတခုမှာ ဒီမိုကရေစီ ရှိ၊ မရှိ တိုင်းထွာတဲ့နည်းတွေ အများအပြားရှိပါ
တယ်။ အီစကိုကတော့ ဘီကီနီဝတ်ကာယအလှမယ်ပြိုင်ပွဲတွေ  ဘယ်လို
ကျင်းပကြသလဲဆိုတာနဲ့ တိုင်းထွာချင်ပါတယ်။ ဘီကီနီဝတ်တိုင်း လှတာ
မဟုတ်ပါ။ တချို့တွေက ဘီကီနီဝတ်လိုက်မှ ပိုဆိုးကုန်ပါတယ်။

ကိုရွှေသမ္မတက ဒီမိုကရေစီသွားမယ်တကဲကဲ ပြောနေယုံနဲ့တော့ မဖြစ်နိုင်
သေး။ တောင့်တင်းလှပတဲ့ ဘီကီနီဝတ်မြန်မာအမျိုးသမီးတွေ နိုင်ငံတကာ
အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ဆန့်လာနိုင်ပြီဆိုရင်တော့ မြန်မာ့ဒီမိုကရေစီ
အရေး “အတော်လေး ဟုတ်ကပြီ”လို့ ဆိုရမယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, June 18, 2012

အွန်လိုင်း အာလူး













  
(အာလူးသီချင်း)

တခေတ်တခါက “အာလူးလာမပေးနဲ့ လေနည်းနည်းလျှော့” ဟူသောသီချင်း
လူကြိုက်များခဲ့ဖူး၏။ အပိုစကားပြောတတ်သူ။ အပြောကြီးသူတို့အား ဆုံးမလို
သည့်သဘောဖြင့် ရေးဖွဲ့ထားသည့်သီချင်းဖြစ်သည်။ “လေယာဉ်ပျံကို ခဲနဲ့ပေါက်
ရင် ထိလိမ့်မယ်”ဆိုသည့်အပြောမျိုးဖြင့် “ညာပြီး လာမလှိမ့်နဲ့...လေနည်းနည်း
လျှော့”ဟု သတိပေးဆုံးမထားလေသည်။

အာလူးသည် မြန်မာ့အစားအစာ မဟုတ်တန်ရာ။ အာလူးဟူသည့် အခေါ်အဝေါ်
ကိုယ်၌က အိန္ဒိယဝေါဟာရ။ အာလူးဟင်းသည် အိန္ဒိယတိုင်းသားတို့၏ အစား
အစာဖြစ်သည်။ စကားကြုံ၍ပြောရလျှင် “ဂေါ်ဖီထုပ်”ဟုမြန်မာတို့ခေါ်ကြသော
အရာသည်လည်း အိန္ဒယတို့၏ “ဂိုဘီ”မှ လာခြင်းဖြစ်၏။ မယုံလျှင် အိန္ဒိယ စား
သောက်ဆိုင်တွင် Aloo Gobi ဟူသောဟင်းကို မှာစားကြည့်ပါလေ။

အပြောကြီးသူ။ လေထွားသူ။ အပိုစကားပြောသူ။ မမှန်မကန်ပြောသူတို့ကို
 “အာလူးပေးသူများ” အဖြစ်သရော်ခဲ့ကြသည်။ ဟင်းချက်ရန် အာလူးများ
လာပေးသူကို မဆိုလို။ အာပေါင်အာရင်းသန်သန်ဖြင့် ဖြီးဖြန်းတတ်သူကို
ဆိုလိုသည်။ ခေတ်ကာလ ပြောင်းလဲလာသောအခါ အာလူးပေးသူတို့အား
အဖျားဆွတ်၍ “အာသမားများ”ဟုခေါ်ခဲ့ကြပြန်သည်။ အပိုစကားပြောလျှင်
“အာ”သည်ဟုဆိုကြ၏။ “လာပြီး အာမနေနဲ့”ဟု ပြောကြ၏။

လေပေါသောလူကို အာလူးပေးသူဟု သမုတ်ခဲ့ကြသော်လည်း အာလူးကား
ဈေးပေါသော အရာမဟုတ်။ အာလူးပေးသူများသည် အလုပ်မဖြစ်။ အာလူး၏
ဂုဏ်သိက္ခာကို ထိခိုက်စေသူများဖြစ်သည်။ အာလူးပေးသူများကို လေလျှော့
စေချင်သလို၊ အာလူးဈေးကိုလည်း လျှော့ပေးနိုင်လျှင် အတော်အဆင်ပြေပေ
လိမ့်မည်။

ထူးဆန်းသည်မှာ မြန်မာပြည်နှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ၌ အာလူးသည်
ရှားပါးပစ္စည်းဖြစ်နေခြင်းပင်။ ထိုင်းလူမျိုးတို့သည် အာလူးကို မကြိုက်။ ထိုင်း
အစားအစာ၌ အာလူးဟင်းမရှိ။ တရုတ်ဟင်းလျှာများတွင်လည်း အာလူးပါသည့်
ဟင်း အတော်ရှားလေသည်။ တရုတ်တို့သည်လည်း အာလူးကို ကြိုက်ဟန်မတူ။
အနည်းဆုံးအနေဖြင့် အာလူးကြော်သည် ဘီယာနှင့်မြည်းရန် အကောင်းဆုံး
အစားအစာတခုဖြစ်ကြောင်း နိုင်ငံတကာက လက်ခံသလို တရုတ်နှင့် ထိုင်းက
လက်ခံသင့်သည်။ အာလူးကြိုက်သောနိုင်ငံများ၌ အာလူးသီချင်းရှိတတ်ကြ၏။
တရုတ်နှင့်ထိုင်း၌ အာလူးကို သီချင်းလုပ်၍ ဆိုကြမည်မထင်။


(အာလူး အွန်လိုင်း)

ယခင်ကာလက လူကိုယ်တိုင်မကြုံရလျှင် မည်သူသည် အာလူးပေးသူဖြစ်ကြောင်း
သိရန်မလွယ်။ လူမှုကွန်ယက် ဆက်သွယ်ရေးများ အလွယ်တကူဖြစ်လာသော
ယခုကာလ၌ကား အာလူးပေးသူများကို ယခင်ကထက် အလွယ်တကူ ပို၍မြင်
လာရလေသည်။ ၄င်းတို့သည် Facebook အစရှိသော အွန်လိုင်း၌ စာတိုပေစ
တကြောင်းစ နှစ်ကြောင်းစဖြင့် မှတ်ချက်ပေးရင်း ၀င်၍ “အာ”ကြလေသည်။
ဆောင်းပါး၊ သတင်း၊ အတင်း၊ အဖျင်း အတိုအထွာ ပုံတို ပတ်စ တပုဒ်စ နှစ်ပုဒ်စ
ရေးသားခြင်း စသည်ဖြင့် အာလူးများကို အလွယ်တကူ လှိုင်လှိုင်ပေးကြလေသည်။

အချိန်ပေါ၍ အာသူများ။ မအာလျှင် မနေနိုင်၍ အာသူများ။ အလုပ်များသည့်ကြား
က ၀ါသနာအရ အာသူများ။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အာသူများ။ လူမှုရေးရည်
ရွယ်ချက်ဖြင့် အာသူများ စသည်ဖြင့် အာလူးပေးသော ရွှေမြန်မာများ အတော်ပေါ
ကြောင်း Facebook ၌ အထင်းသားမြင်နေရလေသည်။ Facebookသည် သူအာ
ကိုယ်အာဖြင့် အာသူများကျက်စားရာ အရပ်ဖြစ်နေ၏။

မြန်မာဆိုရိုးစကားတခု၌ “လူပြော မသန် ၊ လူသန် မပြော” ဟူသော စကားဥပမာ
ရှိ၏။ အပြောကြီးတတ်သူသည် လက်တွေ့အလုပ်မဖြစ်တတ်။ လက်တွေ့လုပ်
သောသူသည်လည်း အပြောမကြီးတတ်ဟု ဆိုလိုရင်းဖြစ်သည်။ ထိုဆိုရိုးစကား
သည် မည်မျှမှန်သည် မသိ။ ဖြစ်တတ်သောသဘောကို ထောက်ပြသည့်စကား
ဖြစ်တန်ရာ၏။ အာလူးပေးသူများသည် အလုပ်မဖြစ်ကြောင်း သတိပေးသော
စကားဖြစ်တန်ရာ၏။

အဆိုတော် မာမာအေး၏ နာမည်ကျော်သီချင်းတပုဒ်ဖြစ်သော “စဉ်းစားရဦးမယ်”
ဟူသည့်သီချင်း၌ “လ၀န်းလေးနဲ့တူတယ် မေ့ကိုလားကွယ်”ဟုအစချီလေသည်။
ထိုသီချင်းကို မည်သူက ဖျက်၍ဆိုလိုက်သည်မသိ “အာလူးပေးတဲ့သူကို သိပ်ကို
မုန်းတယ်” ဟူ၍ ကျော်ကြားခဲ့ဖူးလေသည်။ မြန်မာလူမှုအသိုင်းအ၀ိုင်းက အာလူး
ပေးသူကို မကြိုက်သည့်အကြောင်း ထုတ်ပြောလိုက်သည့် သဘောဟု ယူသော်ရ၏။
တဘက်တွင်လည်း မြန်မာလူမှုအသိုင်းအ၀ိုင်းအတွင်း အာလူးပေးသူ အများအပြားရှိ
နေကြောင်း ထင်ရှားသည့်သဘောလည်း ဖြစ်သည်။ အာလူးပေးသူများသည် မဟုတ်
သည့်အရာများကို ပြောဆိုသူများ။ လိမ်လည်သောသူများ။ ညာဖြီးသောသူများဖြစ်
သည့်အတွက် မုန်းစရာကောင်းသည်မှာ အမှန်ပင်။

လူမှုဆက်သွယ်ရေးကွန်ယက်များ ထွန်းကားလာသဖြင့် လူဘောင်လောကတွင်
အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကိုတော့ ငြင်း၍မရ။ သို့သော် ပြောင်းလဲနေ
ပါပြီ။ အလားအလာကောင်းတွေ မြင်နေရပါပြီဟု ပြောဆိုနေကြသည့် မြန်မာနိုင်ငံ
တွင် “လူပြော မသန်”တွေ များနေ၍ မဖြစ် ။ “လူသန် မပြော”တွေ များရန် လိုနေ
သည်။ အာလူးလာမပေးနဲ့သီချင်း ခေတ်မမှီတော့သော်လည်း လေတွေတော့ နည်း
နည်းမက များများလျှော့ရန် လိုနေသည်။ အာလူးဈေးလည်း ကျဖို့လိုသည်။ ယခု
အတိုင်းဆက်သွားလျှင် မြန်မာပြည်သည် အာလူးပေးသူ များသည့်နိုင်ငံဟု ကျော်
စောနိုင်သည်။ အာလူးဈေးပေါသည့်နိုင်ငံ ဖြစ်လာလျှင်တော့ မဆိုး။

(ရုပ်ပုံ ။ ဂူဂလ်)

Saturday, June 9, 2012

ကယောင်ကတန်းကာလ













(တရားခံ)

ရှစ်လေးလုံးလူထုအုံကြွမှုကြီးနောက်ပိုင်း စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်ခဲ့တာ
ဟာ တိုင်းပြည်မှာရှိနေတဲ့ အရေးပေါ်ပြဿနာကို အင်အားသုံးနှိမ်နင်းပြီးဖြေရှင်း
ခဲ့တာပါ။ သူတို့အခေါ် “ငြိမ်ဝပ်ပိပြားရေး” လုပ်ခဲ့တာပါ။ တိုင်းပြည်ရဲ့ပြဿနာကို
ပြေလည်အောင်ဖြေရှင်းခဲ့တာ မဟုတ်ပါဘူး။

စစ်အုပ်ချုပ်ရေးနှစ်ပေါင်း၂၀ကျော်တလျှောက်လုံးမှာလည်း တိုင်းပြည်မှာရှိနေ
တဲ့ အဓိကပြဿနာတွေကို မဖြေရှင်းခဲ့ပါဘူး။ မီးတောင်မှန်အောင် မလုပ်ပေး
ခဲ့တာကိုပဲကြည့်ပါ။ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဆိုတာတော့ သိပ်ဝေးလွန်း
ပါတယ်။ အနှစ်၂၀ကျော်ကာလမှာ လမ်းတွေဖေါက်၊ တံတားတွေဆောက်တာ
တွေတော့လုပ်ပါတယ်။ ဒါပေမဲ့ လိုအပ်သလောက် ထိထိရောက်ရောက် မလုပ်
ခဲ့ပါဘူး။

လမ်းဖေါက် တံတားဆောက်ကိစ္စကိုပဲ အာရုံစိုက်ပြီး သေချာလုပ်ခဲ့မယ်ဆိုရင်
တောင် အဆိုးထဲကအကောင်းတခုအဖြစ် စစ်တပ်ရဲ့ကောင်းကွက်တခုအနေနဲ့
ကျန်နိုင်ပါတယ်။ အင်္ဂလိပ်ခေတ်က ဖေါက်ခဲ့တဲ့လမ်းတွေ အခုထိဆက်သုံးနေရ
တာကိုပဲ ကြည့်ပါ။

အနှစ်၂၀ကျော်ကာလမှာ မြန်မာ့တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းက ဘာကိုများ
အဓိကထားပြီး လုပ်ခဲ့တာပါလိမ့်။ သူတို့အာဏာတည်မြဲ ခိုင်ခန့်ရေးကိုပဲ အဓိက
ထားခဲ့တာပါ။ စစ်အုပ်စုခေါင်းဆောင်ပိုင်းရဲ့အကျိုးစီးပွါးသာ အဓိကပါ။ အောက်
ခြေအဆင့် တပ်မတော်သားတွေအတွက်တောင် ထည့်မစဉ်းစားခဲ့ပါဘူး။ တိုင်း
ပြည်နဲ့လူမျိုးရဲ့ အကျိုးစီးပွါးကို မျက်ကွယ်ပြုခဲ့တဲ့ စစ်အုပ်စုပါ။ တနည်းပြောရရင်
တိုင်းပြည်မှာရှိနေတဲ့ ပြဿနာတွေကို ပြေလည်အောင်မဖြေရှင်းပဲ အနာဟောင်း
တွေကို “ပုတ်သည်ထက် ပွအောင်” ဆက်ပြီးမွေးထားခဲ့တာပါ။

ရိုဟင်ဂျာကိစ္စအပါအ၀င် တိုင်းရင်းသားအရေးတွေကို မဖြေရှင်းပဲ ဥပက္ခာပြုခဲ့
တာပါ။ တိုင်းရင်းသားဒေသတွေ ဖွင့်ဖြိုးတိုးတက်ဖို့ မပြောနဲ့ ရန်ကုန်မြို့ကိုတောင်
အမှိုက်ပုံ ဖြစ်အောင်ဖန်တီးခဲ့တာပါ။ ပြဿနာဟောင်းတွေကို ဆက်မွေးခဲ့ယုံတင်
မက တရုတ်လွှမ်းမိုးမှုကိစ္စလို ပြဿနာအသစ်တွေကိုလည်း စစ်အုပ်စုက ဖန်တီး
ထားခဲ့ပါတယ်။

အတိုက်အခံအုပ်စု အားလုံးကိုလည်း အင်အားချိနဲ့အောင်လုပ်ခဲ့လို့ အတိုက်အခံ
တွေလည်း လွယ်လွယ်နဲ့ နာလန်မထူနိုင်ပဲဖြစ်နေပါတယ်။ စစ်အုပ်စုက မွေးမြူခဲ့
တဲ့ ကြံ့ဖွတ်ဆိုတာကလည်း လူများပြီး ပွဲမစည်တဲ့အုပ်စုသက်သက်ပါပဲ။ စစ်အုပ်
ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းရင် မွေးထားတဲ့အနာဟောင်း
တွေ ပြန်ပေါ်လာမယ်ဆိုတာ တွက်ပြီးသားပါ။ ပေါ်လာတဲ့အခါမှလည်း ရှင်းရခက်
ပြီး “စစ်အာဏာသိမ်းအုပ်ချုပ်တာကမှ တော်သေးတယ်” ဆိုတဲ့အပေါက်မျိုး ချိုး
လိမ့်မယ်ဆိုတာလည်း အများကတွက်ထားကြတာပါ။

(နည်းလမ်း)

စစ်အုပ်စုကို အပြစ်တင်နေလို့လည်း အခုချိန်မှာ သိပ်မထူးပါဘူး။ ရှိနေတဲ့ ပြဿ
နာကို အကောင်းဆုံး ဘယ်လိုဖြေရှင်းမလဲဆိုတာက အဓိကကျပါတယ်။ ပြဿ
နာတွေက တချိန်ထဲမှာပဲ ဟိုက ကြွလိုက်၊ ဒီက ထလိုက်နဲ့ဖြစ်နေတော့ ရှင်းဖို့
သိပ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ပြေလည်အောင် ဖြေရှင်းချင်စိတ်ရှိဖို့က အဓိက
ကျပါတယ်။ လောလောဆယ်မှာ အစိုးရရော အတိုက်အခံရော ပြဿနာတွေကို
ပြေလည်ရေး အလေးအနက်ထားတာ မတွေ့ရပဲဖြစ်နေပါတယ်။ ပြဿနာတွေကို
ထောက်ပြပြီး စစ်အာဏာ ပြန်သိမ်းမှာကိုစိုးရိမ်တဲ့စိတ်က ပိုများနေပုံရပါတယ်။

ပြဿနာတွေ အခုလိုဖြစ်နေရတာက အစိုးရကို အယုံအကြည် မရှိလို့ပါ။ ပြည်
သူတွေယုံကြည်တဲ့ အစိုးရပေါ်လာမှ ဥပဒေစိုးမိုးမှုလည်း ရှိလာမယ်။ ပြည်သူနဲ့
အစိုးရအကြား အပြန်အလှန် နားလည်မှုတွေရှိလာမယ်။ လက်တွဲဆောင်ရွက်မှု
တွေ ထိရောက်လာမယ်။ တိုးတက်မှုတွေ ရှိလာမယ်။

တိုင်းပြည်တခုမှာ ပြည်သူက မယုံကြည်တဲ့ အစိုးရတရပ် ရှိနေတယ်ဆိုတာက
အဲဒီအစိုးရဟာ မူမှန်တဲ့နည်းနဲ့ အာဏာကို မယူခဲ့လို့။ ပြည်သူတွေရဲ့အာဏာ
ကို မမှန်ကန်တဲ့နည်းနဲ့ ယူခဲ့လို့ပါပဲ။ ဒီလိုအစိုးရမျိုး တိုင်းပြည်မှာဆက်ပြီး အုပ်
ချုပ်နေသမျှ။ ပြဿနာအဟောင်းတွေရော၊ အသစ်တွေရော အပြိုင်အဆိုင်တက်
နေဦးမှာပါ။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာလည်း အိုးနင်းခွက်နင်း
နဲ့ ကယောင်ကတန်းတွေ ဖြစ်နေဦးမှာပါ။

ကယောင်ကတန်းကာလကို အဆုံးသတ်ဖို့ဆိုရင်တော့ ပြည်သူတွေယုံကြည်
စိတ်ချရမယ့် အစိုးရတရပ်ပေါ်ထွန်းအောင် အရင်လုပ်ရပါလိမ့်မယ်။ ဒီလိုအစိုး
ရဖြစ်အောင် ဘယ်လိုလုပ်မှာလဲ။ လက်ရှိအစိုးရကို ဖျက်သိမ်း။ စစ်မှန်တဲ့ရွေး
ကောက်ပွဲကို အမြန်ဆုံးကျင်းပ။ တက်လာတဲ့အစိုးရက အရည်အချင်းရှိတဲ့
သူတွေကို လူမှန်နေရာမှန် ထား။ အခြေခံဥပဒေကို ခပ်မြန်မြန်အသစ်ပြန်ဆွဲ။

အစိုးရလွဲရင် ပြည်သူတွေက ထောက်ပြ။ ပြည်သူတွေလွဲရင် အစိုးရကထောက်
ပြ။ အပြန်အလှန် ပြုပြင်ပြောင်းလဲကြ။ စစ်တပ်က စစ်တပ်နေရာမှာ နေ။ ဘုန်း
ကြီးက ဘုန်းကြီးနေရာမှာ နေ။ ကျောင်းသားက ကျောင်းသားနေရာမှာ နေ။
ဒါဆိုရင် ကယောင်ကတန်းအခြေအနေက လွတ်မြောက်နိုင်ပါတယ်။

ကယောင်ကတန်းဖြစ်နေရတာကိုပဲ အရသာတွေ့နေပြီဆိုရင်တော့ အခုဖြစ်နေ
တာတွေက ပုံမှန်အခြေအနေတွေပါ။ ဘာမှ စိတ်လှုပ်ရှားစရာ မရှိပါဘူး။ အားလုံး
“အေးဆေး” ပါပဲ။

(ရုပ်ပုံ ။ ဂူဂလ်)

Tuesday, June 5, 2012

ဂဠုန်နီစီးပွါးရေးနှင့် ယုတ်မာသောဆိုင်ရှင်















မြန်မာတွေ ဘိုဆန်ကြတာ မဆန်းတဲ့အရာဖြစ်နေပါပြီ။ စကားပြောတဲ့အခါ
ဘိုလိုလေး တလုံးစ၊နှစ်လုံးစ ညှပ်ပြီးပြောလိုက်ရမှ အာတွေ့တတ်ကြတယ်။
ထူးဆန်းတာက စကားပြောတဲ့အခါပဲ မြန်မာတွေက ဘိုဆန်ကြတာ အနေ
အထိုင် အတွေးအခေါ်နဲ့ အကျင့်စရိုက်တွေကတော့ ဘိုမဆန်တတ်ကြဘူး။

အိန္ဒိယ။ ပါကစ္စတန်။ ဘင်္ဂလားဒေ့ခ်ျနဲ့ အရှေ့အလည်ပိုင်းသားတချို့လည်း
မြန်မာတွေလိုပဲ ဘိုလိုညှပ်ပြီးပြောကြတယ်။ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တဲ့နိုင်ငံ
တွေမှာ ဒီလိုဖြစ်ကုန်ကြတယ်ထင်ရဲ့။ ထိုင်း။ တရုတ်နဲ့ ဂျပန်နိုင်ငံတွေက
အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူတွေ သူတို့အချင်းချင်းစကား
ပြောတဲ့အခါ ဘိုလို တလုံးမှ ညှပ်မပြောကြဘူး။

ကိုယ့်စကားရှိရဲ့နဲ့ သူများစကားကို အလွယ်တကူယူသုံးတာ ပျင်းလို့ပဲဖြစ်
မယ်။ စကားလုံးအသစ်ဆိုရင်လည်း ကိုယ့်ဘာသာစကားနဲ့ အများနားလည်
အောင် အဓိပ္ဗါယ်ဖလှယ်သင့်တယ်။ အလိုလိုကမှ မြန်မာပြည်မှာ ဘာသာ
စကားပြဿနာ ကြီးနေရတဲ့အထဲ။ ဒီအတိုင်းဆက်သွားရင် ကြာလေ ရှုပ်
လေဖြစ်ဦးမယ်။

(ကြုံလို့ပြောရရင်။ KNU ကရင်အမျိုးသားအစည်းအရုံးမှာ ဆွေးနွေးပွဲလုပ်ရင်
ဗမာလိုပဲပြောကြသတဲ့။ ကရင်ထဲမှာပဲ စကောကရင်နဲ့ ပိုးကရင် မတူဘူး။ ဘာ
သာစကားလည်း မတူဘူး။ ဗမာကိုမကျေနပ်လို့ ဘိုလိုပြောကြမယ်ဆိုရင်လည်း
အားလုံးက နားမလည်ပြန်ဘူး။ အဲဒီတော့ ဘုံစကားအဖြစ် ဗမာလိုပဲ မပြောချင်
ပေမဲ့ ပြောကြရသတဲ့။)

ကိုယ်အပါအ၀င် လျှာအရသာခံပြီး ဘိုဆန်တတ်ကြတဲ့ မြန်မာတွေအကြောင်း
ရေးချင်စိတ် မရှိတော့ပေမဲ့ ပြည်တော်ပြန်မိတ်ဆွေတဦးနဲ့ စကားပြောမိရာက
ရေးရမယ့်အကြောင်း ပေါ်လာပြန်တယ်။ မိတ်ဆွေရဲ့ဘကြီးက ပြည်ပရေဒီယို
တွေရဲ့ ပုံမှန်သောတရှင်တဦးပါ။ အဲဒီရေဒီယိုတွေရဲ့ ထုတ်လွှင့်ချက်တွေမှာ
နားမလည်တာတွေ အတော်များများပါနေလို့ ဘ၀င်မကျနိုင် ဖြစ်နေရပါသတဲ့။

ပြည်တော်ပြန် တူတော်မောင်နဲ့တွေ့မှပဲ သူမရှင်းတာတွေကို မေးရသပေါ့။

ဘကြီး။     ။ “ မင်းတို့တွေပြောပြောနေတဲ့ ဂဠုန်နီစီးပွါးရေးဆိုတာ ဘာလဲဟ”

တူတော်မောင်။     ။ “ဗျာ” ။ “ဂဠုန်နီ” ။ ဘကြီးကလည်း ကြံကြံဖန်ဖန်။ ဂဠုန်
နီဆိုတာ ရှစ်လေးလုံးကာလက မန္တလေးသံဃာတော်တွေရဲ့ သပိတ်တပ်ဖွဲ့ကို
ခေါ်တာ။ ဘယ်လိုလုပ် သူတို့က စီးပွါးရေးလုပ်ရမှာတုန်း။

ဘကြီး။     ။ အဲဒါကြောင့်မေးရတာပေါ့ကွ။ မင်းတို့ပြည်ပရောက်တွေထဲမှာ
ဂဠုန်နီတပ်ဖွဲ့ဝင်တွေပါပြီး စီးပွါးရေးတွေများ လုပ်နေကြသလားလို့။

တူတော်မောင် ။     ။ (ခေါင်းကုတ်တချီ၊ ခေါင်းခါတလှည့်နဲ့ စဉ်းစားရကျပ်နေ
သတဲ့။)

ဘကြီး ။     ။ နောက်တခုရှိသေးတယ်။ “ဆိုင်ရှင်ယုတ်တယ် ဆိုတာကရော”

တူတော်မောင်။     ။ “ဗျာ”

ဘကြီး။     ။ မင်းကလည်းကွာ နိုင်ငံခြားမှာနေပြီး ရေဒီယိုနားမထောင်ဘူး
ထင်တယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲသိချင်ရင် ပြည်ပရေဒီယိုကို
နားထောင်ရတယ်ဟ။ ဒါပေမဲ့ အဲဒီရေဒီယိုတွေက တချက်တချက်ဘာတွေ
ပြောနေမှန်း နားမလည်တာ ခက်တယ်။ ဘိုလိုတွေလည်း သိပ်ပြောကြသကွာ။

တူတော်မောင်။     ။ ဟား...သိပြီ။ ဘကြီးပြောတဲ့ ဂဠုန်နီဆိုတာ Cronyကို ပြော
တာဖြစ်မယ်။ ဘကြီးနားကြားလွဲနေတာ။

ဘကြီး။     ။ မလွဲပါဘူးကွာ။ ရေဒီယိုတွေမှာ နေ့တိုင်းလိုလို ဂဠုန်နီလို့ပဲပြော
နေကြလို့ ငါတို့ကိုယ်တော်တွေ ပြည်ပမှာ စီးပွါးရေးအတော်ဟုတ်နေပြီလို့
ထင်နေတာ။

တူတော်မောင်။     ။ Cronies ဆိုတာက အာဏာပိုင်နဲ့ပေါင်းပြီး စီးပွါးရေးလုပ်
စားတဲ့သူတွေကိုပြောတာ ဘကြီးရဲ့။ ဦးတေဇတို့၊ ဦးခင်ရွှေတို့၊ လော်ဆစ်ဟန်
တို့လိုလူတွေကို ပြောတာဗျ။ တိုင်းပြည်ပျက်တုန်း အာဏာပိုင်နဲ့ပေါင်းပြီး
မတရားတဲ့နည်းနဲ့ စီးပွါးရှာကြတဲ့သူတွေကိုခေါ်တာ။ ဒီလူတွေက အများပြည်
သူကောင်းစားရေး ထည့်တွက်ကြတဲ့သူတွေ မဟုတ်ဘူး။ အာဏာရှင်ကို အား
ပေးအားမြှောက်ပြုတဲ့လူတွေ။ အာဏာရှင်တွေ သက်ဆိုးရှည်ရတာ သူတို့
ကြောင့်လည်းပါတယ်ဗျ။

ဘကြီး။     ။ အော်...ဒီလိုလား။ မင်းအခုလို ရှင်းပြတော့လည်း ဟုတ်နေသားပဲ။
ရေဒီယိုကလူတွေက မြန်မာစကားကို မင်းလောက် မတတ်ကြတော့ဘူးထင်
တယ်နော့။ အဲဒီရေဒီယိုတွေမှာ မင်းအသိတွေရှိရင် ပြောပြလိုက်ပါကွာ ခရိုနီ
ဆိုတာ အာဏာပိုင်နဲ့ပေါင်းပြီး စီးပွါးရှာသူတွေလို့။

ဒါနဲ့ ဆိုင်ရှင်ယုတ်တယ်ဆိုတာကရော။ ဘာကိုပြောနေကြတာလဲကွ။ ငါတို့
ဆီမှာတော့ ဆိုင်ရှင်အတော်များများက အကျင့်ကောင်းကြတာမဟုတ်ဘူး။
ခပ်ယုတ်ယုတ်တွေပဲ။ ဆီတွေထဲမှာ ဟိုဟာရော၊ ဒီဟာရော။ အလေးခိုး။ ဈေး
နှုန်းကို ပုံမှန်မရောင်း။ လူကိုကြည့်ပြီး ဈေးက အမျိုးမျိုးပြောင်းတတ်တယ်။
ဆိုင်ရှင်တွေယုတ်တာတော့ ငြင်းစရာမရှိဘူးဟေ့။ ဒါပေမဲ့ ရေဒီယိုတွေမှာက
ဆိုင်ရှင် ယုတ်သင့် မယုတ်သင့်ဆွေးနွေးခန်းတွေလုပ်နေတော့ နားရှုပ်သကွာ။

တူတော်မောင်။     ။ ဆိုင်ရှင် မဟုတ်ဘူး ဘကြီးရဲ့။ Sanction ကိုပြောတာ။
အာဏာရှင်တွေကို ဒဏ်ခတ်တဲ့အနေနဲ့ ပိတ်ဆို့အရေးယူတာ။ Sanctions
တွေ ရုတ်သိမ်းသင့် မသင့် ဆွေးနွေးကြတာပါ။

ဘကြီး။     ။ အဲဒါဆိုလည်း မြန်မာလိုပြောလိုက်ရောပေါ့ကွာ။ သူတို့က
ဆိုင်ရှင်လို့ပြောပြောနေတော့ အဝေးကနားထောင်ရတဲ့ငါတို့က ဆိုင်ပိုင်
ရှင် ယုတ်မာတဲ့အကြောင်း ပြောနေတယ်ပဲ ထင်တာပေါ့။

တူတော်မောင်။     ။ ဘကြီးကလည်းဗျာ ။ ကျနော်တို့ မြန်မာတွေ အလကား
နေရင်း ဘိုဆန်ချင်နေကြတာ အသိပဲ မဟုတ်လား။ အခုတော့ ကျနော်ရှင်းပြ
လို့ အိုကေသွားပြီ မဟုတ်လားဘကြီး။

ဘကြီး။     ။ အေးကွာ ။ အိုကေသွားပြီ။ သိုင်းကျူးပဲ ငါ့တူရေ။

(ရုပ်ပုံ ။ ဂူဂလ်) ( သူကြွယ်တေဇ ဂိုက်ထွားနေပုံ)

Friday, May 25, 2012

အတွယ်အဖဲ့နဲ့ အပြောင်းအလဲ















(အပြောင်းအလဲ)

ပုဂ္ဂိုလ်ရေးကို အားပြုတဲ့နိုင်ငံရေးသဘာဝ မြန်မာပြည်မှာပြောင်းလဲဖို့
လေ့ကျင့်သင့်ပြီ။ ပြုပြင်ပြောင်းလဲရေးကိစ္စတွေထဲမှာ ဒါကလည်း အရေး
ကြီးတယ်။ ဒေါ်စုလည်း အသက်ကြီးပြီ မဟုတ်လား။ သူ့ကိုသဘောကျ
လို့ ထောက်ခံတာထက် သူ့ပါတီရဲ့လုပ်ရပ်ကို သဘောကျလို့ထောက်ခံ
တာမျိုး ဖြစ်သင့်ပြီ။ ဒေါ်စုကို ယုံကြည်တာထက် သူ့ပါတီကို ယုံကြည်တာ
မျိုးဖြစ်သင့်ပြီ။ ဒေါ်စုမရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းက ပေါ်
နေတာကြာပြီ။ အခုချိန်ထိ အဖြေက ကျကျနန မရှိသေး။

မြန်မာ့နိုင်ငံရေးက လူပုဂ္ဂိုလ်တဦးတယောက်အပေါ် မှီတည်ပြီးဖြစ်နေခဲ့
တာ ဒီကနေ့အထိပဲ။ စစ်တပ်မှာလည်း ဗိုလ်ချုပ်မှုးကြီးမှ ဗိုလ်ချုပ်မှုးကြီး။
ဒီမိုကရေစီဘက်မှာလည်း ဒေါ်စုမှ ဒေါ်စု။ အခုလည်း သမ္မတကြီးမှ သမ္မ
တကြီးဆိုတဲ့ အသံတွေ ညံနေပြန်တယ်။ အာဏာကိုချုပ်ကိုင်ထားသူ
ဗိုလ်ချုပ်မှုးကြီးက ဘုရင်တပါးလို အာဏာရှိလာသလို။ တရားဝင်အာ
ဏာ မရှိပေမဲ့လည်း သူ့လောကမှာတော့ ဒေါ်စုက ဘုရင်မတပါးလို
နေရာရခဲ့တယ်။

ဒေါ်စုကိုထောက်ခံသူတွေထဲမှာလည်း ဒေါ်စုဘာလုပ်လုပ်၊ ဘာပြောပြော
အကုန်မှန်တယ်ဆိုပြီး မျက်စိမှိတ်ထောက်ခံသူတွေ အတော်များတယ်။
နိုင်ငံရေးအရ ထောက်ခံတာမျိုးမဟုတ်ပဲ ပုဂ္ဂိုလ်ရေးအရ ကိုယ်းကွယ်သလို
ဖြစ်နေတယ်။ အဲဒါကြောင့်လည်း ဒေါ်စုဟာ သာမန်နိုင်ငံရေးသမားထက်
သာလွန်တဲ့ အဆင့်မှာရောက်ခဲ့ရတယ်။

စစ်အုပ်စုကလည်း ဒီမိုကရေစီသမားမှန်သမျှ ထောင်ချ ရက်စက်ခဲ့ပေမဲ့
ဒေါ်စုကိုတော့ နေအိမ်အကျယ်ချုပ်ပဲ ချခဲ့တယ်။ ဒါကလည်း စေတနာနဲ့
သက်ညှာတာမျိုး မဟုတ်နိုင်ဘူး။ ဒေါ်စုကို အများနည်းတူ အင်းစိန်ထောင်
ထဲပို့လိုက်ရင် ပြည်တွင်းပြည်ပက ဖိအားတွေ အုံကြွလာနိုင်လို့ဖြစ်လိမ့်မယ်။
ဒီလိုနဲ့ဒေါ်စုဟာ (အခွင့်ထူးခံ) ကံကောင်းတဲ့နိုင်ငံရေးသမားဖြစ်ခဲ့တယ်။
စစ်တပ်က ဒေါ်စုနဲ့ဒီမိုကရေစီသမားတွေအကြား ခွဲခြားဆက်ဆံခဲ့ပေမဲ့ ဒီမို
ကရေစီသမားတွေက ဒေါ်စုကိုယုံကြည်မှု မလျှော့ခဲ့ဘူး။

(အတွယ်အဖဲ့)

စစ်အစိုးရလက်ထက်မှာ ဒေါ်စုကို ရစရာမရှိအောင် နိုင်ငံရေးအရ တိုက်
ခိုက်ခဲ့တယ်။ နိုင်ငံတော်ပိုင် သတင်းမီဒီယာအစုံက ထိုးနှက်တိုက်ခိုက်ခဲ့
တာ။ နိုင်ငံရေးတင်မက ပုဂ္ဂိုလ်ရေးကိစ္စတွေကိုပါ အပီအပြင် “တွယ်”ခဲ့
တာ။ ပြည်သူအများက ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့သူကို အဲ့သလို
“တွယ်”ရမလားဆိုပြီး အတော်“ဒေါပွ”ခဲ့ကြတယ်။ နိုင်ငံပိုင်သတင်းစာမှာ
အဆင့်အတန်းမရှိတဲ့ ဝေဖန်ရေးတွေပါလာတာဟာ တိုင်းပြည်သိက္ခာကို
ထိခိုက်စေတယ်လို့ စစ်အုပ်စုက မသိရှာဘူး။ သူတို့က ရန်သူဆိုရင် “တွယ်”
ဖို့နဲ့ “ဆော်”ဖို့ပဲ သိရှာတယ်။

စစ်အစိုးရခေါင်းဆောင်တွေက အရပ်ဝတ်လဲပြီး တရားဝင်အစိုးရဖွဲ့လှုပ်ရှား
လာတဲ့နောက်ပိုင်း ဒေါ်စုကို“တွယ်”တဲ့ဇတ်လမ်း တခန်းရပ်သွားခဲ့တယ်။
ဒါပေမဲ့ ဒေါ်စုကရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တက်ဖို့ဆုံးဖြတ်ခဲ့တဲ့နောက်
ပိုင်းမှာတော့ ဒေါ်စုကို “ဖဲ့”တဲ့အသံတွေ အွန်လိုင်းလောကမှာ ကြားလာရ
တယ်။စစ်အုပ်စု လိုလားသူတွေသာမက စစ်အုပ်စုမလိုလားသူ (ဒီမိုကရေစီ
ရေးထောက်ခံသူတွေထဲကပါ) ဒေါ်စုကို တိုက်ခိုက်လာကြတယ်။ နိုင်ငံရေး
တင်မက ပုဂ္ဂိုလ်ရေးအရပါ အပီအပြင်“ဖဲ့”လာကြတယ်။ ဒီလူတွေက ဒေါ်စု
ကို အရင်က ယုံကြည်ထောက်ခံခဲ့သူတွေ။ အခုတော့ မုန်းရင် အပြတ်မုန်း။
ချစ်ရင် အပြတ်ချစ်ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။

တကယ်ဆို နိုင်ငံရေးအရ မှားတယ်၊ လွဲတယ်လို့မြင်ရင် နိုင်ငံရေးဆန်ဆန်
အဆင့်အတန်းရှိရှိ ဝေဖန်သင့်တယ်။ ဒီလိုသာဝေဖန်ကြရင် အပြစ်တင်စော
တဲ့အသံတွေနဲ့အတူ ဂရုစိုက်ခံရမှုနဲ့ လေးစားမှုတွေလည်း ရလာနိုင်တယ်။
ဝေဖန်ချက်က ပိုပြီးထိရောက်နိုင်တယ်။ အစွန်းတဘက်ထိရောက်အောင်
သွားပြီး ပုဂ္ဂိုလ်ရေးအရ“ဖဲ့”ကြတော့ အဆင့်မရှိတဲ့ရန်ဘက်တွေပဲ တိုးလာ
တယ်။ ထောက်ပြတဲ့အချက်က ကောင်းပေမယ့် ပြောပေါက်ဆိုပေါက်က
“ဖဲ့”သလိုဖြစ်နေတော့ စေတနာမမှန်ဘူးလို့ အမြင်ခံရတယ်။ အလုပ်မဖြစ်
ဘူးပေါ့။ ကိုယ့်ဝေဖန်ချက် တန်ဘိုးလျှော့တာပေါ့။ ထိရောက်တဲ့ ဝေဖန်မှုတွေ
ထွန်းကားလာစေချင်လို့ ပြောနေတာပါ။ တိုင်းပြည်ကောင်းကျိုးအတွက်
အစိုးရတင်မက ဒေါ်စုနဲ့သူ့ပါတီကိုလည်း ဝေဖန်ထောက်ပြတာတွေ တာဝန်
အရကို လုပ်ဖို့လိုတယ်။

(အချစ်အမုန်း)

မြန်မာ့နိုင်ငံရေးလောကမှာ ပုဂ္ဂိုလ်ရေး အစွန်းရောက်ယုံကြည်မှုတွေ ရှိနေ
တာက နိုင်ငံရေးအင်အားစုကို ယုံကြည်အောင် မကြိုးစားပဲ လူတဦးထဲကို
အလွယ်တကူယုံကြည်ခဲ့တဲ့ အကျင့်ကြောင့်ပါ။ ဒီအလေ့အထက မကောင်း
ဘူး။ ဒီမိုကရေစီကိုသွားတဲ့အခါမှာ ဒီလိုအလေ့အထကို ခပ်စောစောကတည်း
က ဖြတ်ထားနိုင်မှ။ (ဒေါ်စုကို မယုံနဲ့လို့ ပြောတာမဟုတ်ဘူးနော်) ဘာကိုမဆို
အလွယ်တကူ ကိုးကွယ်ယုံကြည်တတ်တာက မြန်မာတွေရဲ့ဓလေ့လိုဖြစ်နေ
တယ်။ ဝေဖန်ဆန်းစစ်တဲ့အသိနဲ့ နိုင်ငံရေးအမြင်ကို ထူထောင်ရမယ့်အချိန်
ရောက်ပြီ။ ဒီလိုမဟုတ်ရင် လူစွမ်းကောင်းမျှော်တဲ့အကျင့်က မြန်မာတွေထဲ
ဆက်ပြီးစွဲနေလိမ့်မယ်။

ဒေါ်စုလည်း သနားပါတယ်။ အမုန်းလွန်အစွန်းနဲ့ အချစ်လွန်အစွန်းရောက်
သမားတွေရဲ့ နှစ်ဘက်ခွဆွဲတာ တောက်လျှောက်ခံနေရတယ်။ ဒီအတိုင်း
ဆက်သွားရင် သူလည်း မလွယ်ဘူး။ ငါလည်း မလွယ်ဘူး။ နင်လည်း မလွယ်
ဘူး။ အလုပ်မဖြစ်တဲ့ အကျင့်တွေ၊ စံနစ်တွေကို အခုချိန်မှာ မပြောင်းရင် ဘယ်
အချိန်ကျမှ ပြောင်းကြမလဲ။ အလိုလိုကမှ အရာရာမှာ နောက်ကျနေရတဲ့ အထဲ။
မီးတွေပျက်နေရတဲ့ အထဲ။ သမ္မတဂျီး နေမကောင်းဖြစ်နေရတဲ့ အထဲ။ သမ္မတ
အကျန်ပေးက ဖရောင်းတိုင်မီး ပူဇော်ခိုင်းနေရတဲ့ အထဲ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, May 22, 2012

မီးပျက်တာများ အဆန်းလုပ်လို့














ဖရောင်းတိုင်မီးတွေနဲ့ လူတွေ လမ်းပေါ်ထွက်ကုန်ကြပြီတဲ့ဆိုလို့ ဘာများလဲ
မှတ်တယ်။ မီးမလာလို့ ဆန္ဒပြကြတာကိုး ။ မြန်မာပြည်မှာ မီးမလာတာများ
အဆန်းလုပ်ပြီး ဆန္ဒပြရတယ်လို့ ။ အရင်တုန်းက မီးမလာတဲ့အဖြစ်မျိုး မကြုံ
ဖူးတာကျနေတာပဲ။ “ဒီမိုကရေစီ နောက်မှလုပ်၊ မီးလာအောင်အရင်လုပ်” ဆို
လား။ ဆန္ဒပြသူတဦးရဲ့ကြွေးကြော်ချက်ပါ ဓါတ်ပုံကလည်း အတော်ပြန့်နှံ့နေ
ပါရောလား ။ ဒီပုဂ္ဂိုလ်က လူ့ဘ၀မှာ ဒီမိုကရေစီထက် လျှပ်စစ်မီးက ပိုအရေး
ကြီးပါလားလို့ သဘောပေါက်ထားပုံရတယ်။ မြန်မာပြည်မှာ ပြောင်းလဲနေတာ
တော့ အမှန်ပဲ။ ဆန်းဆန်းပြားပြား မီးမလာလို့ ဆန္ဒပြကြသတဲ့။ အံ့ရော။

အစိုးရမင်းများကလည်း ပြည်သူတွေကို ကြောက်ပဲကြောက်နေကြတာလား။
သဘောပဲ ကောင်းလွန်းနေတာလား။ ဘယ်လောက်အထိ လုပ်ကြမလဲဆိုပြီး
စောင့်ကြည့်နေတာလား။ အာဏာထပ်သိမ်းနိုင်အောင်များ လွှတ်ပေးထား
တာလား။ ဒီမိုကရေစီကို တကယ်ပဲကျင့်ကြံနေတာလား။ လူယုံအောင်သဘော
ထားကြီးပြနေတာလား။ တခုခုတော့ တခုခုပဲ။

အရင်ကဆို ကုန်ဈေးနှုန်းကြီးနေလို့ ကျအောင် လုပ်ပေးပါလို့ လူတစုက တောင်း
ဆိုမိပါတယ်။ ဖမ်းလိုက် ဆီးလိုက်တာ ဘာပြောကောင်းမလဲ။ အခုအစိုးရလုပ်နေ
တဲ့သူတွေပဲ ဖမ်းခဲ့ကြတာပေါ့။ အခုတော့လည်း သောင်းကျန်းသူတွေလက်ချက်
ကြောင့် မီးပေးချင်လှပေမဲ့ မပေးနိုင်တဲ့အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြည်
သူအများကို အထူးမေတ္တာပန်ကြားလိုက်ပါသတဲ့။ ဒီအစိုးရတဖွဲ့လုံး နိုဘလ်ဆု
ရတော့မယ်ထင်တယ်။ သမ္မတကလည်း သဘောကောင်းလိုက်တာတဲ့။ သမ္မတ
ကြီး သမ္မတကြီးနဲ့ ဖူးဖူးမှုတ်နေကြလေရဲ့။

မြန်မာပြည်မှာ လျှပ်စစ်မီးပြဿနာတက်နေတာ ကြာပေါ့။ သမိုင်းတလျှောက်လုံး
တက်နေတဲ့ပြဿနာ။ လျှပ်စစ်ထုတ်တဲ့ လောပီတနယ်မှာ မီးမရှိဘူးဆိုကတည်းက
သဘောပေါက်။ နောက်ပိုင်းမှာထွက်လာတဲ့ သဘာဝဓါတ်ငွေ့ကိုလည်း ပြည်သူ
တွေသုံးဖို့က နည်းနည်း။ နိုင်ငံခြားရောင်းစားဖို့က များများလုပ်ခဲ့တာ မဟုတ်လား။
ထိုင်းနိုင်ငံရောက် မြန်မာတွေကြားမှာ အပျော်အပျက်ပြောတတ်ကြတဲ့စကားတခု
ရှိတယ်။ အခုမှပဲ ကိုယ့်မီးနဲ့ကိုယ် ၂၄နာရီမပြတ် နေနိုင်တော့တယ်တဲ့။ ထိုင်းမှာသုံး
တဲ့လျှပ်စစ်ဓါတ်အတော်များများက မြန်မာပြည်ကလာတာကိုး။ အဲဒါကြောင့် မြန်မာ
ပြည်မှာ မီးမရဘူးဆိုရင် ထိုင်းဘက်ကိုလာခဲ့ကြပါလားလို့ ဖိတ်ခေါ်ရမလိုဖြစ်နေပြီ။

အရင်ခေတ်တွေတုန်းကတော့ ဆန္ဒပြကြတဲ့အခါ “မီးဒုတ် မီးဒုတ် ရှို့ရှို့”လို့ အော်
ကြတယ်။ အဲဒီအချိန်က လျှပ်စစ်မီးဆိုတာ မရှိသေးဘူးကိုး။ အဲ့ဒီလိုအော်တာက
လည်း မီးမလာလို့ မဟုတ်ဘူး။ ကိုလိုနီစံနစ်ကို တိုက်ထုတ်ဖို့ လှုန့်ဆော်တဲ့အသံ။
အခုကာလမှာ မီးဒုတ် မီးဒုတ် ရှို့ရှို့ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း
ရေးသမားတွေက စိတ်ဆိုးကြလိမ့်မယ်။ အလိုလိုကမှ သစ်တောတွေပြုန်းလို့
တောင်တွေ ကတုံးဖြစ်နေရတဲ့အထဲ။ ဘယ်လိုပဲဖြစ်ဖြစ် မူလဘူတဓါတ်ကြီးလေး
ပါးမှာ မီးဟာလည်းအရေးကြီးပေသမို့ ဆန္ဒတွေပြကြလို့ မီးတွေလာရင်တော့
ကောင်းသပေါ့လေ။

အစိုးရက ဆန္ဒပြတာတွေကို ခွင့်ပြုလာတာတော့ ဟုတ်ပါပြီ။ ဆန္ဒတွေပြည့်အောင်
လုပ်ပေးဖို့က ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်ရဲ့လားမသိ။ အခုတကြိမ်
မီးမလာတာ ဓါတ်တိုင်လေးခု မိုင်းခွဲခံရလို့ဆိုတော့ မိုင်းထောင်သူကိုပဲ အပြစ်တင်
ရမလိုလို။ အမေရိကန်ကုမ္ဗဏီအကူအညီနဲ့ မီးလာအောင်လုပ်နေတယ်ဆိုလို့ အမေ
ရိကန်ကိုပဲ ကျေးဇူးတင်ရမလိုလို။ ရေကာတာစီမန်ကိန်းတွေကို ကန့်ကွက်မိတာပဲ
မှား သလိုလို။ သဘောကောင်းတဲ့ အစိုးရကိုပဲ အားနာရမလိုလို။ ဟိုလိုလို ဒီလိုလိုနဲ့
အဆုံးမရှိဖြစ်နေတဲ့ ဇတ်လမ်းတွေက မြန်မာပြည်မှာ ခပ်များများ မဟုတ်လား။

ဒီမိုကရေစီရရှိရေးဆိုပြီး ဆန္ဒတွေပြခဲ့ကြတာ နှစ်တွေကြာပေမဲ့လည်း အာဏာရှင်
တွေက မပေးတော့ မရဘူး။ အဲဒီတော့ အညာဆန္ဒပြပွဲက မီးအခွင့်အရေးတောင်း
သူလို ဒီမိုကရေစီကို နောက်မှလုပ် မီးလာအောင် အရင်တောင်း ။ မီးရရင် ရေရ
အောင် ထပ်တောင်း။ ရေရရင် အလုပ်ရအောင် ထပ်တောင်း။ ဒီလိုနဲ့ ဟိုဟာတောင်း
လိုက် ဒီဟာတောင်းလိုက်နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုပါ တဆက်ထဲတောင်း
သွားရင်းနဲ့ရလည်း ကောင်းရော မှုတ်လား။ ဒီနည်းက ပိုပြီးမြန်လေမလားပဲ။ ကိုင်း....
မီးဒုတ်...မီးဒုတ်....ရှို့...ရှို့ ။ ဆန္ဒ...ဆန္ဒ..ပြ...ပြ ။ မီး..မီး..မြန်မြန်ပေး ။ ရရင် ရ... မရရင်...
ချ ။ ရရ... မရရ.... ချ ။

(ရုပ်ပုံ ။ ဂူဂလ်)