Monday, November 29, 2010

အကြံပေးအရာရှိ
















ငါ့မှာ မြွေတကောင်ရှိတယ်။ သူ့နာမည်က ဂေါ်ဇီလာ။ သူက
သတ်သတ်လွတ်သမား။ တီဗီဂီမ်းကြိုက်တယ်။ ဘီယာကြိုက်
တယ်။ အတင်းအဖျင်းမဂ္ဂဇင်းကြိုက်တယ်။ အွန်လိုင်း ချက်တင်
ကြိုက်တယ်။ ဂေါ်ဇီလာကို ငါမွေးထားတာ မဟုတ်ဘူး။ အလုပ်
သမားအဖြစ် ငှားထားတာ။ သူက ငါ့ရဲ့  စီးပွါးရေးအကြံပေး။

မြွေဆိုပေမဲ့ ဂေါ်ဇီလာမှာ အဆိပ်မရှိဘူး။ သူက ဘုရားနဲ့တရားနဲ့။
ဘာသာပေါင်းစုံ ကိုးကွယ်တယ်။ ဘုရားတွေအားလုံး ငြိမ်းချမ်းရေး
သမားမို့တဲ့။ သူက လိင်တူချင်းစုံမက်သူ။ ပျင်းတဲ့အခါ ငါနဲ့အံစာတုံး
လှိမ့်ပြီး မြွေကစားတယ်။ ငါမြွေမြိုခံရတဲ့အခါ သူ့အမြီးကိုနန့်ပြီး။ သူ
မြွေမြိုခံရတဲ့အခါတော့ ပါးပျဉ်းထောင်ပြတတ်တယ်။

မြွေအများစုက ဂျက်ဇ်ဂီတကိုကြိုက်ကြပေမဲ့ ဂေါ်ဇီလာကတော့
အမေရိကန်ကျေးလက်ဂီတကိုပဲ ကြိုက်တယ်။ သီချင်းတိုင်းမှာ
ဇတ်လမ်းရှိပြီး ရုပ်ရှင်ကြည့်ရသလိုပဲတဲ့။ သူ့ဇာတိကို လွမ်းလို့
လည်းဖြစ်မယ်။ သူကအမေရိကန်ဖွါး တက္ကဆက်နယ်သား။
မြန်မာပြည်အကြောင်းကို မသိဘူး။ စိတ်လည်း မ၀င်စားဘူး။
လက်တင်အမေရိကားကိုပဲ စိတ်ဝင်စားတယ်။ အမေဇုံတော
အုပ်ကြီး ရှိလို့ဖြစ်မယ်။

ဂေါ်ဇီလာရဲ့ နေ့စဉ်အလုပ်က စတော့ဈေးအတက်အကျကိုကြည့်
ပြီး ငါ့ငွေတွေကို အပြောင်းအရွှေ့ လုပ်ပေးတယ်။ စီးပွါးရေးသတင်း
တွေကိုဖတ်ပြီး ငါ့ကိုအစီရင်ခံတယ်။ ၀င်ငွေထွက်ငွေကိုတွက်ပြီး
ရှေ့ မှာလုပ်သင့်တဲ့ စီးပွါးကွက်တွေကို ငါ့ဆီအကြံပေးတယ်။
အချိန်ပိုရှိရင် ငါ့ရဲ့ စာရင်းကိုင်ကောင်မလေးနဲ့ ရန်ဖြစ်တယ်။
ကောင်မလေးက ရင်သားကြီးအောင် အတုထည့်ထားလို့တဲ့။
ဒီကောင်မလေး ကြိုးတချောင်းဘောင်းဘီ ၀တ်တာကိုတော့
လူကြားသူကြား ချီးမွန်းတတ်ပြန်တယ်။

နွေရာသီအားလပ်ရက်တွေမှာ ငါတို့နှစ်ကောင် ကယ်လီဖိုးနီးယား
ကို သွားတယ်။ အဲဒီမှာ ငါပိုင်တဲ့ စပျစ်ခြံရှိတယ်။ နေ့ရောညရော
ဝိုင်တွေသောက်တယ်။ မူးကြတယ်။ သူက ၀ိုင်အဖြူသမား။ ၀ိုင်နီက
သွေးနဲ့တူလို့ မကြိုက်ဘူးတဲ့။ တခါတလေ ပင်လယ်ကိုသွားတယ်။
ငါ့သင်္ဘောပေါ် ဘီယာတွေသယ်ပြီး သောက်ကြတယ်။ ဂေါ်ဇီလာဟာ
မြွေတကောင်ဖြစ်ပေမဲ့ လူလိုသူလိုနေတတ်တယ်။ အရက်မူးတဲ့အခါ
တော့ မြွေဇာတိ ပေါ်လာတတ်တယ်။ ဟိုခွေဒီခွေ လုပ်ချင်တယ်။
ဟိုပတ်ဒီပတ် လုပ်ချင်တယ်။ ဒါပေမဲ့ ဒီကောင်က မြွေအေးပါ။
အန္တရယ်မပေးတတ်ပါဘူး။ ငါ့ထက် လူကြီးလူကောင်းဆန်တယ်။

ဂေါ်ဇီလာရဲ့  မကောင်းတဲ့အကျင့်ကတော့ ငါ့ကိုဆရာလုပ်လွန်း
တာပဲ။ အကြံပေးအရာရှိဆိုတဲ့ ရာထူးနဲ့အာဏာကို အလွန်အကျွံ
သုံးစွဲတတ်တဲ့ ရောဂါပေါ့။ မလိုအပ်ပဲငါ့ကို အကြံပေးတာတွေ စာရင်း
လုပ်ထားတယ်။

(အေ) ဘာသာတရား ကိုးကွယ်တတ်သူဖြစ်လာရေး။

(ဘီ) ကျောရိုးမဲ့သတ္တ၀ါတွေနဲ့ လိင်တူချစ်သူတွေကို အမှန်တကယ်
နားလည်ပေးနိုင်ရေး။

(စီ) လူဖြူ မုန်းတီးရေး။

(ဒီ) ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ရေး။

(အီး) စီးပွါးရေးကို အနုပညာတရပ်အဖြစ် လက်ခံကျင့်သုံးရေး။

(အဖ်) လောကကြီးကို အကောင်းမြင်ရေး။

(ဂျီ) အပျင်းမထူရေး။

(အိခ်ျ) တနှစ်တကြိမ် သူ့ကို လခပုံမှန်တိုးပေးရေးနဲ့

(အိုင်) သေးပေါက်တဲ့အခါ ဘေးကို မစင်စေရေးတို့ပဲ။

ဂေါ်ဇီလာက လူစကားအပြင် မြွေဘာသာ ခြောက်မျိုးလည်းတတ်
တယ်။ လူတွေရဲ့ အကြောင်း မြွေဘာသာနဲ့ စာအုပ်တွေရေးပြီး
အလကားဝေတယ်။ သူ့ကလောင်နာမည်က အကြံပေးအရာရှိတဲ့။

လောလောဆယ်အထိတော့ သူ့ကိုအလုပ်ဖြုတ်ပြစ်ဖို့ ငါ့မှာ အစီ
အစဉ် မရှိသေးပါဘူး။ သူပေးတဲ့ အကြံတွေက ငါ့ကိုစီးပွါးတက်စေ
တာကိုး။ မြွေတွေဟာ ရတနာသိုက်ကို စောင့်ရှောက်သူ၊ မြွေရှိရင်
စီးပွါးတက်တယ်လို့ မြန်မာတွေ ယုံကြည်တတ်တဲ့အကြောင်း
အခုချိန်ထိ သူ့ကို ငါ မပြောဖြစ်သေးပါဘူး။
ဂေါ်ဇီလာ ကျန်းမာပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, November 23, 2010

တိုရှည်
















ခေတ်က သိပ်မြန်တယ်။ အချိန်မရှိဘူး။ မြန်မြန်လုပ်။ သတင်း
ခေတ်မှာ နှေးရင် ငတ်မယ်။ လူတိုင်း သတင်းသမားဖြစ်ကုန်ပြီ။
အခုဖြစ်၊ အခုသိ၊ အခုမြင်၊ အခုကြားရပြီ။ သုံးသပ်တာတွေ၊
ကုန်းဟပ်တာတွေ နောက်မှလုပ်။

ဘာဖြစ်သလဲ။ ဘာပြောချင်သလဲ။ ရေးစရာရှိတာ မြန်မြန်ရေး။
လိုရင်း၊ တိုရှင်း ရေး။ ဘခြောက်လုံးကုန်အောင် ရှောက်ရေးမနေနဲ့။
ဝေ့နေ ၀ိုက်နေရင် မဖတ်တော့ဘူး။ နင်ရှည်သမျှ လိုက်ဖတ်ဖို့ ငါ့မှာ
အချိန်မရှိဘူး။

တိုတိုနဲ့တုတ်တုတ်လုပ်ကြ။ တိုတာက ရှင်းတယ်။ တုတ်တာက
ဘာလဲ။ အချက်အလက်စုံအောင် ရေးခိုင်းတာဖြစ်မယ်။ ၀တ္တုတွေ
တောင် သတင်းပုံစံနဲ့ရေးကုန်ပြီ။ ရှည်လျှားပေများရင်ေ၀၀ါးမယ်။
အင်တာနက်ကြောင့် လူတိုင်းစာရေးဆရာဖြစ်ကုန်ပြီ။ သဘောပေါက်။
ဖွဲ့ နေ နွဲ့ နေရင် ရေးရတာလည်း ကြာတယ်။ ဖတ်ရတာလည်း ကြာ
တယ်။ ဒဲ့သာ ဆော်လိုက်တော့။ ရှည်မနေနဲ့။

တိုတိုင်းလည်း ကောင်းတာမဟုတ်ပြန်ဘူး။ ထိအောင်၊ မိအောင်
လည်း ရေးကြဦး။ ပေါ်တင်ကြီးရေးရင်လည်း အဆဲခံနေရဦးမယ်။
သတိထား။ ချစ်ရင်တော့ ချစ်တယ် မြန်မြန်ပြော။ တောင်တောင်အီ
အီ လုပ်မနေနဲ့။ ကြားကားဆွဲသွားမယ်။ နှလုံးသားကိစ္စမှာ တို၊ထိ၊မိ၊
ကောင်း ဆိုရင် လူတွေလက်ခံတယ်။

ဖတ်ရသွက်အောင် ရေး။ စိတ်ဝင်စားဖို့ကောင်းအောင် ရေး။ ဒါက
အနုပညာကိစ္စ။ ပါရမီနည်းရင် မြန်မြန်ဖြည့်။ စု၊တု၊ပြုတွေ မြန်မြန်
လုပ်။ အနုပညာနည်းရင် ဈေးကွက်မ၀င်ဘူး။ စိတ်ဝင်စားအောင်
မဖန်တီးတတ်ရင် လူတွေကျော်ဖတ်သွားလိမ့်မယ်။ နင်ရေးတာ
အလကားပဲ။

(ဒေါ်စုနဲ့သူ့သားငယ် ပြန်ဆုံ။ လက်မောင်းမှာ အလံနဲ့။ လူပျိုအပျို
ခိုက်ကြတယ်) သတင်းက ဒါပဲ။ ဖွဲ့ ကြ နွဲ့ ကြဦးမလား။ မြန်မြန်ဖွဲ့  ၊
မြန်မြန်နွဲ့ ကြ။ ဓါတ်ပုံတွေရော၊ ဗီဒီယိုတွေရော အကုန်မြင်နေရပြီ။
ဘာပြောချင်သေးလဲ။

ယူကျူ့ ကို ကိုးကွယ်။ ဖေ့စ်ဘုခ်နဲ့ မျက်နှာသစ်။ တွစ်တာနဲ့ နှစ်ပါးသွား။
လက်ကိုင်ဖုန်းက သတင်းပေး။ အားရင် ဘလော့ဂ်ရေး။ ဒါဟာ လူ
တကာလုပ်နေတဲ့ နေစဉ်ဘ၀။ ရှည်နေဖို့ အချိန်မရှိဘူး။ လို၊ တို၊ တုတ်၊
ရှင်း၊ မြန်၊ ကောင်း။ ဒါမှ နင့်ဟာကို လူဖတ်မယ်။ မဟုတ်ရင်တော့
ရေးမနေနဲ့ ။

ပိုက်ဆံမယူပဲ အကြံပေးရရင်။ မိန်းမအတွင်းခံဘောင်းဘီလို လှတ
ပတ၊ တိုတိုရှင်းရှင်းနဲ့ အရေးကြီးတာကို အုပ်မိအောင် ရေးနိုင်ရင်
အောင်မြင်မယ် မှတ်။

မရှည်ဖို့အကြောင်း ခပ်ရှည်ရှည်ပြောလိုက်တာ မောတောင်မော
သွားပြီ။ ငါရေးသလို လိုက်မရေးကြနဲ့နော်။ လူအမြင်ကပ်လိမ့်မယ်။
ငါလည်း ကျင့်နေတုန်း။ ဒါပဲဟေ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, November 21, 2010

မြင်ဖူးတယ်












ရွှေတိဂုံအထက်ပစ္စယံမှာ နိုင်ငံကူးလက်မှတ်ကိုထုတ် ပတ္တမြားမျက်ရှင်
ကိုယ်တော်ကြီးကိုပြပြီး အကြိမ်ကြိမ်ဆုတောင်းနေသူတဦးကို မြင်ဖူးတယ်။
(သူ့ ကို ဗီဇာပေးအောင်လို့တဲ့)

ခပ်ချောချောညီအမသုံးယောက်ရှိတဲ့အိမ်ကို ညနေကျရင် တရားသွား
ဟောရမှာမို့ အလွန်စိတ်လှုပ်ရှားနေတဲ့ သင်းအုပ်ဆရာလေးကိုလည်း
မြင်ဖူးတယ်။ (အဲဒီနေ့က သူဟောမဲ့ အကြောင်းအရာကို ရွေးရခက်နေသတဲ့)

ရန်ကုန်ဆေးရုံကြီးရှေ့ မှာ လူတွေထောင်နဲ့ချီပြီး အစာငတ်ခံ ဆန္ဒပြနေတာကို
မြင်ဖူးတယ်။ (မကြာခင်မှာပဲ စစ်အာဏာသိမ်းခဲ့တယ်)

ပြေးနေတဲ့ရထားရဲ့  ခေါင်မိုးပေါ်မှာ ခိုးပြေးလာကြတဲ့စုံတွဲ နမ်းနေကြတာ
မြင်ဖူးတယ်။ (သူတို့သိပ်ပျော်နေကြတယ်)

ဘုရားစောင်းတန်းတခုမှာ ဖေါက်သည်မလာလို့ ပျင်းပြီး ၀ဲကုတ်နေတဲ့
ဗေဒင်ဆရာတယောက်ကို မြင်ဖူးတယ်။ ( သူက ဒုက္ခတရားကို ယားနာ
တခုလို့ သဘောထားသူတဲ့)

ပန်းဆိုးတန်းကမ်းနားမှာ ကြမ်းကြားထဲညပ်နေတဲ့ ဆန်စေ့တွေကို
ပျော်ပျော်ပါးပါးနဲ့ အလုအယက် ကလော်ထုတ်နေကြတဲ့ ကလေး
ငယ်တွေကို မြင်ဖူးတယ်။ (အဲဒီဆန်တွေကို သူတို့ပြန်ရောင်းကြမှာ)

နိုင်ငံခြားမှာသန့်ရှင်းရေးအလုပ်ရလို့ တဆွေလုံးတမျိုးလုံး ပျော်နေကြ
တာကို မြင်ဖူးတယ်။ (ဒီလူက အိမ်မှာဆို တံပျက်ဆီးတောင် လှဲတဲ့သူ
မဟုတ်ဘူး)

ကျောင်းဝတ်စုံအဟောင်းလေးတွေနဲ့ ဘူတာမှာရေလိုက်ရောင်းနေတဲ့
မောင်နှမတသိုက် ရထားနဲ့အတူ အပြေးလိုက်ပြီးရောင်းတာကို မြင်ဖူး
တယ်။ (ဒီကလေးတွေက ဦးပုညရဲ့  ရေသည်ပြဇတ်ကို မသိဘူး)

မသာအိမ်မှာ ညက ဖဲနိုင်လို့ မနက်ခင်းအိမ်အပြန် မျက်နှာပန်းလှခဲ့တဲ့
အရုပ်ဆိုးဆိုး၊သဘောကောင်းကောင်း အိမ်ထောင်ရှင်မကြီးကိုလည်း
မြင်ဖူးတယ်။ (ဖဲရှုံးတဲ့နေ့တွေဆို အိမ်ဦးနတ်အမူးသမားက ဆောင့်ကန်
တတ်တယ်တဲ့)

မြန်မာပြည်ကို အလည်ပြန်ရလို့ ပျော်ပြီး မြန်မာပြည်ကပြန်လာတဲ့အခါ
စိတ်ဆင်းရဲနေတဲ့ သူကို မြင်ဖူးတယ်။ (နောက်နှစ်လည်း ထပ်သွားဦးမှာတဲ့)

သင်္ကြန်မှာ အရက်မူးလွန်ပြီး ဆံပင်အတုတွေပျောက်သွားတဲ့ ဦးဇင်းငယ်
နှစ်ပါးကိုလည်း မြင်ဖူးတယ်။ (သူတို့မှာ ရည်းစားတွေလည်း ရှိကြတယ်)

ဆန္ဒပြကျောင်းသားတွေ ပစ်အသတ်ခံရလို့ ရှိုက်ကြီးတငင်ငိုနေတဲ့
ကျောင်းသားခေါင်းဆောင်တယောက်ကို မြင်ဖူးတယ်။ (အဲဒီနေ့က
မိုးတွေလည်းရွာနေခဲ့တယ်)

ကျောင်းအုပ်ဆရာမကြီးရဲ့ သား စာခိုးချနေတာကို မမြင်ချင်ယောင်ဆောင်
ပေးတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ဆရာမလေးကို မြင်ဖူးတယ်။ (အခု
သူလည်း ကျောင်းအုပ်ဆရာမ ဖြစ်နေပြီတဲ့)

စစ်အာဏာမသိမ်းခင်က အလွန်ဆင်းရဲပြီး အာဏာသိမ်းပြီးမကြာခင်မှာပဲ
အလွန်ချမ်းသာလာတဲ့ စစ်ဗိုလ်လေးတဦးကို မြင်ဖူးတယ်။( အဲဒီတော့မှ
သူက တိုင်းပြည်ကို ချစ်တတ်တာတဲ့)

ရုပ်ရှင်ထဲမှာ ဟုတ်သလိုလိုနဲ့ အပြင်မှာ ချောလည်းမချော အဆင့်လည်း
သိပ်မရှိတဲ့ မင်းသမီးတဦးကို မြင်ဖူးတယ်။ ( အခုချိန်ထိတော့ အကယ်ဒမီ
ရသံ မကြားသေးဘူး)

စနေတနင်္ဂနွေအားလပ်ရက်မှ တနိုင်ငံက တနိုင်ငံကို လေယာဉ်နဲ့လာပြီး
ချစ်ရတဲ့ ကောင်မလေးကို မြင်ဖူးတယ်။ (သူတို့နှစ်ဦး မညားကြရှာဘူး)

ငါးမရလို့ ရေချိုးပြန်ခဲ့ကြသူတွေကိုလည်း မြင်ဖူးတယ်။ ( တချို့ ဆို တော်
တော်အောင်မြင်နေကြပြီ)

ငါ့ကိုယ်ငါ မြင်ဖူးတယ်။ (သိပ်မစွန်ပါဘူး)


မြင်ဖူးတာတွေ ရှိသေးတယ်။ (နောက်မှဆက်ပြောမယ်)

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, November 18, 2010

တန်ဆောင်မုန်းလဆန်း ၇ရက်












အချိန်။ ။ သီပေါမင်းပါတော်မူပြီး နှစ်ပေါင်းတရာ့အစိတ်အကြာ။
နေရာ။ ။ အရင်က မြို့ တော်။
အကြောင်းအရာ။ ။ အဒေါ်ကြီးဆီက လာတဲ့စာ ။


တကမ္ဘာလုံးက ၀ိုင်းပြီးပြောနေကြတဲ့ အကြောင်းကိုပဲ ငါပြောမှာပါ။
အခုတလော ပြောချင်စရာက ဒါပဲရှိတာကိုး။ သူလွတ်တဲ့နေ့ကဆို
သူနေတဲ့လမ်းထဲ လူအုပ်ကြီး အော်ဟစ် ကခုန်ပြီး ပြေးဝင်လာကြ
တာ ဘုရားပွဲမှာ ပိုက်ဆံကျဲတာကျနေတာပဲ။

အိမ်ထဲက သူထွက်လာတော့ ခြေလှမ်းကျဲကြီးနဲ့ ပြုံးပြုံးကြီးဟဲ့။ ခြံ
ထိပ်က သံချွန်တွေကိုကိုင်ပြီး လူတွေကိုနှုတ်ဆက်လိုက်တဲ့အချိန်
ကများ ကမ္ဘာကြီး တုန်သွားသလားမှတ်တယ်။ လူတွေ အော်ချက်
တော့ ကန်းကုန်ပဲ။ သူမကြား ကိုယ်မကြား အပြန်အလှန်ပြောနေ
လိုက်ကြတာများ။ ဘာတွေပြောလို့ ပြောမှန်းတောင် မသိရဘူး။

ပန်းကြိုက်တယ်ဆိုတဲ့သူက ထူးထူးခြားခြား အဲဒီနေ့မှာ ပန်း မပန်ခဲ့
ဘူးဟဲ့။ အောင်မယ်လေး တိုင်ပင်ထားသလား မှတ်ရတယ်နော်။
ပန်းစည်းတစည်း အောက်က တက်လာသဟဲ့။ သူကလည်း ပန်း
စည်းကို ဖြည်ပြီး ချက်ချင်းပဲ ထုတ်ပန်လိုက်တာ။ အဲဒီတော့မှပဲ
သူမှသူအစစ် ဖြစ်သွားတော့တယ်။ ၀တ်ထားတာက ဗေဒါရောင်
ဆိုတော့ ပန်းကိုလည်းပန်လိုက်ရော ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ
ဆိုတာ ဖြစ်သွားရော။

သူ့လူတွေကလည်း လွတ်မယ်ဆိုတာ တွက်ထားရဲ့ နဲ့ အော်လံလေး
ဘာလေး ကြိုပြီး စီစဉ်မထားကြဘူး။ လူတွေ အုတ်အော်သောင်းနင်း
ဖြစ်နေတဲ့ကြားက သူအော် ကိုယ်အော်ပြောခဲ့ရတယ်။ မတွေ့ ရတာ
ကြာပြီတဲ့။ ဟုတ်ပ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။
အသံချဲ့ စက်နဲ့ပြောမတဲ့။ မှတ်ကရော။ ရွေးကောက်ပွဲ ၀င်ပြိုင်ကြတဲ့
တရားဝင်နိုင်ငံရေးပါတီတွေတောင် သူ့လိုအသံချဲ့ စက် သုံးရဲကြတာ
မဟုတ်ဘူး။

ဒို့တိုင်းပြည်က သူများပြောလည်း ပြောစရာပဲဟဲ့။ လွန်ခဲ့တဲ့ တပါတ်
က တနိုင်ငံလုံးလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ လူမစည်ပဲ
အသက်၆၀ကျော် အမျိုးသမီးကြီး သူ့ခြံဝထွက်ရပ်တော့မှ ကြက်ပျံ
မကျ။

စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပေါ့ဟယ်။ ဒီပဲရင်းတုန်းက သူ့ကိုအသေ
သတ်ဖို့ လုပ်ခဲ့ကြတာမို့လား။ ကံကြီးပေလို့ပ။ အခုလည်း လူအုပ်ကြီးထဲ
အကာအကွယ်မပါပဲ သွားနေလိုက်တာ အသည်းယားစရာ။ ကြံ့ ဖွတ်ဆို
တာ ဂြိုလ်ပါတာမှတ်လို့။

နိုင်ငံရေးလုပ်တဲ့မိန်းမသားဆိုတာက ဒို့ဆီမှာ ရှားသမို့လား။ သူ့ဘဝ
ကလည်း ထူးပါတယ်အေ။ ခင်ပွန်းသည်ဆုံးတာတောင် မမြင်လိုက်
ရတဲ့ ဘ၀။ သားအငယ်လေးက သူ့အမေပြန်လွတ်တာကို တွေ့ ချင်
ရှာလို့ ဘန်ကောက်ထိလာပြီး စောင့်နေရှာတာ။ သေနာတွေက
ဗီဇာ မပေးဘူးဟဲ့။

သူ့ပါတီကလည်း အံ့ဖွယ်ပါတီပဲဟယ်။ သူ့တယောက်ထဲအပေါ် တပါ
တီလုံး မှီခိုနေသလား မှတ်ရတယ်။ ပါတီကိုဖျက်ဆိုတော့ နိုင်ငံရေး
ဆက်လုပ်မယ်ဆိုတာတောင် ပြတ်ပြတ်သားသား မပြောရဲကြဘူးဟဲ့။
တကယ်တော့ သူ့ပါတီမှ မဟုတ်ပါဘူးလေ။ တတိုင်းပြည်လုံးလိုလိုက
သူ့အပေါ်မှီပြီး မျှော်နေကြသလိုကြီးပါအေ။ သူ့ခမျာ ၀န်ထုပ်ဝန်ပိုးကြီး
ကို ဖြစ်လို့။ တတိုင်းပြည်လုံး သူ့အပေါ် ပိလို့။ မပြောကောင်း မဆို
ကောင်း။ သူမရှိ ဘယ့်နဲ့လုပ်ကြမလဲ။

ငါတော့ သူ့ကို သနားလည်းသနားတယ်။ အပြစ်မရှိပဲ အဖမ်းခံရ
တာလောက် ခံရခက်တာ ရှိဦးမှာလား။ မထူးပါဘူးဟယ်။ တခါထဲ
လူစုပြီး အစိုးရဖွဲ့ တယ်ဟေ့လို့ ကြေညာလိုက် ပြီးရောလို့ တခါတခါ
တွေးမိတယ်။ ဖြစ်ချင်ရာဖြစ်ပေါ့။ မဟုတ်လည်း တော်ယုံတန်ယုံလှုပ်
ရှားတာနဲ့ အကြာကြီး အဖမ်းခံနေရတာ မဟုတ်လား။ သူတို့လို နိုင်ငံ
ရေးတော့ နားမလည်ဘူးပေါ့ဟယ်။ ဒါပေမဲ့ သူတို့လုပ်နေတာတွေက
လည်းဖြစ်လာတာမှ မဟုတ်ပဲကိုးအေ့။ အသက်တွေပဲ ကြီးကုန်ပြီ။

လူတွေကလည်း လူတွေပဲဟဲ့။ ရဲရဲတင်းတင်း မထောက်ခံရဲကြရှာဘူး။
သူကိုချစ်တယ်၊ ထောက်ခံတယ်ဆိုတဲ့လူအရေအတွက်က အပြောင်း
အလဲဖြစ်လောက်အောင် အလုံအလောက်မှ ရှိရဲ့ လား။ ဒီပဲရင်းတုန်း
ကပဲ ကြည့်။ လူတွေအကုန် ထွက်ကြတော့မယ်ထင်တာ။ ဘယ်ဟုတ်
လိမ့်မလဲ။ လူတွေခင်မျာလည်း သူ့ကိုချစ်တာထက် ဟိုဟာတွေကို
ကြောက်ရတာက ပိုများနေကြတာကိုးအေ့။ ဒို့ဆီမှာက လွယ်တာ
မဟုတ်ဘူး။ နီးရာဓါးကို တကယ်ကြောက်ရတာဟဲ့။

ညည်းတို့ ပြည်ပရောက်တွေကတော့ အလုပ်မဖြစ်ပါဘူးအေ။ အသံပဲ
ရှိတာပါ။ ရေဒီယိုမှာ အင်တာဗျူးပါတာလောက်နဲ့ တိုင်းပြည်ကြီး ပြောင်း
လိမ့်မယ် ထင်နေကြတုန်းကိုး။ ရေဒီယိုကို လူတွေက လိုတဲ့အချိန်
လောက်ပဲ ခဏတဖြုတ် နားထောင်ကြတာအေ့။

ဒါပဲဟယ်။ ရပ်ကွက်ထဲက နင့်သူငယ်ချင်းတွေကတော့ တချက်တချက်
နင့်ကို မေးရှာပါတယ်။ ဒို့တွေလည်း ကံကြုံမှပဲ ပြန်ဆုံကြတာပေါ့ဟာ။
ငါလည်း အသက်ကြီးပြီ။ ဆုတောင်းတာတွေလည်း အလုပ်မဖြစ်ပါဘူးအေ။

မှတ်ချက် ။ ။ အဒေါ်ကြီးပြောသော အမျိုးသမီးမှာ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။
(ဟုတ်မှာပါ)


ရုပ်ပုံ ။ ဂူဂလ်

Wednesday, November 10, 2010

အကောင်းမြင်သမားနှင့် တွေ့ ဆုံခြင်း















အချိန်။ ။ ခရစ်တော်ကွယ်လွန်ပြီး နှစ်ပေါင်း နှစ်ထောင်ကျော်အကြာ။

နေရာ။ ။ မြ၀တီမြို့  (ကရင်ပြည်နယ်)

အကြောင်းအရာ။ ။ မြန်မာ့အရေး အထူးကျွမ်းကျင်သူတဦးနှင့် ဗျူးခန်း။

( စတင်းဘိုင်…သရီး…တူး…၀မ်း…ဂိုး )

မင်္ဂလာပါရှင်။ မြ၀တီ၂၀ သံ၊ရုပ်၊ဖုန်း အစီအစဉ်က ကြိုဆိုပါတယ်။
ကျမကတော့ နော်မိုးတိမ်ပါ။

ဒီကနေ့အစီအစဉ်မှာတော့ မြန်မာပြည်က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ
တွေကို အပီအပြင် သုံးသတ်နိုင်ဖို့ အထူးဧည့်သည်တော်တဦးကို ကျမတို့
ဖိတ်ခေါ်ထားပါတယ်။ သူကတော့ နိုင်ငံတကာအနှံ့ခြေဆန့််ပြီး မြန်မာ့အရေး
ကို မိုးမွှန်အောင် လှည့်ပါတ်ဟောပြောနေတဲ့ ဦးကောင်းမြင့်သူပဲဖြစ်ပါတယ်။
လာမယ့်နှစ်အတွက် နိုဘလ် ငြိမ်းချမ်းရေးဆုရနိုင်သူများ စာရင်းထဲမှာ
ထိပ်ဆုံးက ပါနေသူတဦးလည်းဖြစ်ပါတယ်ရှင့်။

တိမ် ။ ။ မင်္ဂလာပါ ဦးကောင်းမြင့်သူ…. နေကောင်းတယ်နော်။

ကောင်း။ ။ သိပ်ပြီးနေကောင်းပါတယ်…နော်မိုးတိမ်။ တခြားကိစ္စတွေ
မဆက်ခင် ရှင်းစရာလေးတခုကို ကြိုပြီးရှင်းလိုက်ပါရစေ။

တိမ်။ ။ အော်… အပေါ့သွားမလို့လား။ နောက်ဖေးပေါက်က ထွက်ပြီး
အပြင်မှာရှင်းလိုက်လို့ ရပါတယ်။

ကောင်း။ ။ နိုး…နိုး…နိုး.. မဟုတ်ပါဘူး။ နော်မိုးတိမ် ကျနော့်ကိုမိတ်ဆက်
တုန်းက အနည်းငယ်ချော်သွားတဲ့ကိစ္စလေးပါ။ ဒါက အရေးမကြီးဘူးလို့ထင်
ရပေမဲ့ တော်တော်လေး အရေးကြီးတဲ့ ကိစ္စမို့ပါ။

တိမ်။ ။ ဘာများပါလိမ့်ရှင့်။ ကျမ ဘာများချော်သွားလို့ပါလိမ့်။

ကောင်း။ ။ ဒီလိုုခင္မ်။ ကျနော့်နာမည်က ကောင်းမြင်သူပါ။
ကောင်းမြင့်သူ မဟုတ်ပါဘူး။ အကောင်းမြင်တတ်စေချင်လို့ မိဘများ
က တမင်မှည့်ထားတာပါ။ ဘုန်းကြီးပေးတဲ့နာမည်လည်း မဟုတ်ပါဘူး။
ဗေဒင်သမားပေးတဲ့နာမည်လည်း မဟုတ်ပါဘူး။ နာမည်ပေးတဲ့အလုပ်က
ဘုန်းကြီးအလုပ်လည်း မဟုတ်ပါဘူး။ အကောင်းကိုမြင်တတ်ဖို့
တကယ်လည်း ကျင့်ကြံခဲ့သူမို့ ကျနော့်ကို ကောင်းမြင်သူလို့ပဲခေါ်ပေးဖို့
အရင်ဆုံး မေတ္တာရပ်ခံလိုပါတယ်။

အဲ..နောက်တခုက ။ ဦးကောင်းမြင်သူဆိုတာထက် ကိုကောင်းမြင်သူ
လို့ခေါ်ရင် ပိုပြီးသင့်တော်ပါလိမ့်မယ်။ ကျနော်က အခုမှ ၃၃နှစ်ပဲရှိပါ
သေးတယ်။ ကချင်ပြည်နယ်မှာ အမတ်လောင်းဝင်ရွေးတဲ့ ကိုမာခါးနဲ့
အသက် အတူတူပါပဲခင်မျ။ ကျေးဇူးတင်ပါတယ်။ ဟဲ..ဟဲ..ဟဲ

တိမ်။ ။ အို…တောင်းပန်ပါတယ်ရှင်။ နောက်တကြိမ် ချော်ပြီး မခေါ်မိ
အောင် သတိကြီးကြီး ထားပါတော့မယ်။

ကောင်း။ ။ ဂွတ်…ဂွတ်…ဗဲရီးဂွတ်..။

တိမ်။ ။ ဦး…အဲ..ကိုကောင်းမြင်သူရှင့်။ မြန်မာပြည်တ၀ှမ်းမှာ ပြည်
သူတွေ ဒုက္ခမျိုးစုံကြုံနေရတဲ့အချိန်မှာ ကိုကောင်းမြင်သူက ဘာကြောင့်
ရယ်များ မြန်မာပြည်ကြီး ကောင်းနေပါတယ်လို့ လိုက်ပြောနေရတာလဲ
ရှင့်။

ကောင်း။ ။ ကြိုက်သွားပြီ။

တိမ်။ ။ ရှင်။

ကောင်း။ ။ မေးခွန်းကိုတော့ ကြိုက်သွားပြီလို့ပြောတာပါ။ သိပ်ကောင်း
တဲ့ မေးခွန်းပါပဲ။ ကျနော်လည်း ဒါကိုဖြေချင်နေတာပါ နော်မိုးတိမ်။

တိမ်။ ။ ဟုတ်ကဲ့။ ဒါဆိုလည်း ဖြေပါတော့ရှင့်။

ကောင်း။ ။ ကောင်းပါပြီ နော်မိုးတိမ်။ အခုကာလ အခါသမယဟာ
အင်မတန်မှ သာယာကြည်လင်ပြီး အေးချမ်းကြည်နှုးဖို့ကောင်းတဲ့
တန်ဆောင်မုန်းလရာသီဖြစ်တယ်..ဆိုတာကနေ စပြီးပြောချင်ပါတယ်။
ကျနော်တို့ အမိမြန်မာပြည်ကြီးကိုကြည့်လိုက်ပါ။ သိပ်ကိုသာယာလှပနေ
ပါတယ်။ ပူအိုက်တဲ့ကာလ ကုန်သွားခဲ့ပါပြီ။ ဗုဒ္ဓဘာသာဝင်တွေကလည်း
လက်ညှိုးထိုးလို့မလွဲတဲ့ စေတီပုထိုးတွေ၊ ကျောင်းကန်ဘုရားတွေမှာ ငြိမ်း
အေးမှုရဲ့ အရသာကို ခံစားပြီး ပီတသုခ ရနေကြပါတယ်။ ဘုရားတွေကို
ကြည့်လိုက်ပါ။ လူတွေစည်ကားမြဲ စည်ကားဆဲပါပဲ။

ခရစ်ယန် ဘာသာဝင်တို့ရဲ့  ဘုရားကျောင်းတွေ၊ အစ္စလမ်ဘာသာဝင်တို့ရဲ့ 
ပလီကျောင်းတွေ။ ဟိန္ဒူဘာသာဝင်တို့ရဲ့  ၀တ်ကျောင်းတွေကိုလည်း
ကြည့်လိုက်ပါဦး။ ယုံကြည်ရာကိုးကွယ်မှုတွေနဲ့ သာယာမှုရဲ့  ရနံ့တွေကို
ဖေါ်ကျူးနေကြတာကို စိတ်ကြည်နူးစရာတွေ့ ရပါလိမ့်မယ်။ ဒါ.. စကား
အဖြစ်ပြောတာ မဟုတ်ပါဘူး။ အချိန်မရွေး၊ နေရာမရွေး သွားကြည့်နိုင်
ပါတယ်။ ဘယ်လောက်ကောင်းတဲ့ အခြေအနေတွေပါလဲခင်ဗျာ။

အာရှတိုက်ထဲမှာပဲ ပါကစ္စတန်နိုင်ငံကို ကြည့်လိုက်ပါ။ သူတို့ရဲ့ ပလီကျောင်း
တွေမှာ ဗုံးတွေ တ၀ုန်းဝုန်း ကွဲနေတာပါ။ ဘုရားတောင် ဖြောင့်အောင်
မရှိခိုးနိုင်ကြရှာပါဘူး။ အာဖဂန်နစ္စတန်ကိုလည်း ကြည့်ပါဦး။ သတ်နေဖြတ်နေ
လိုက်ကြတာ မီးခိုးမဆုံး မိုးမဆုံးပါ။

အခုပြောနေတာက ဘာသာရေးရပ်ဝန်း ကွက်ကွက်လေးကိုပဲ မီးမောင်းထိုး
ပြလိုက်တာပါ။ နိုင်ငံရေးဘက်က ပြောပါ့မယ်။ အိမ်နီးချင်းတိုင်းပြည်တွေထဲမှာ
အိန္ဒိယကို ခဏဖယ်ထားပြီး ပါတ်ဝန်းကျင်နိုင်ငံတွေက အစိုးရတွေကို ကြည့်
လိုက်ပါဦး။ ဘယ်အစိုးရကိုများ ပြည်သူတွေက ကြိုက်နေကြလို့တုံး။

ထိုင်းအစိုးရဆိုတာလည်း အကြံအဖန်နဲ့တက်လာတဲ့အစိုးရ။ တရုတ်၊
ဗီယက်နမ်၊ လာအိုက ကွန်မြူနစ်အစိုးရတွေကရော ဘယ်ပြည်သူ
တွေက ရွေးကောက်တင်မြောက်ထားတာတုံး။ ကမ္ဘောဒီးယားက
ဟွန်ဆန်အစိုးရကလည်း ရာသက်ပန်ရှိနေမယ့်ပုံပဲ။ စင်္ကာပူအစိုးရကရော
ပြည်သူ့အသဲစွဲ ဒီမိုကရေစီအစိုးရ ဟုတ်လို့လား။ လူ့အခွင့်အရေးချိုးဖေါက်
နေကြတဲ့ အစိုးရတွေချည်းပဲ။ ဒီလိုအခြေအနေတွေကြားမှာ ကျနော်တို့
တိုင်းပြည်ကိုမှ ဘာကြောင့်ရွေးပြီး မျက်စောင်းခဲနေကြသလဲ။ ကျနော်
တော့ စဉ်းစားလို့ကို မတတ်နိုင်အောင်ပါပဲ နော်မိုးတိမ်ရယ်..။

မြို့ ပြရဲ့  ညနေခင်းတွေကို ကြည့်ဦးမလား။ လမ်းတွေမှာဆို လူတွေအပြည့်။
ညပိုင်းကျရင်ဖျော်ဖြေမယ့် လိုက်ရှိုးတွေကို ကြည့်ဖို့ လူတွေတက်ကြွနေပြီ။
ဘီယာဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ ညဈေးတန်းတွေမှာလည်း လူတွေ
ပျော်လို့။ အပြင်မထွက်တဲ့သူတွေကလည်း ကိုရီးယားကားနဲ့ အိမ်တွေထဲမှာ
ညိမ့်လို့။ အဖ်အမ်ရေဒီယိုတွေကို နားဆင်လို့။

ကျေးလက်ညနေခင်းတွေကိုတော့ ပြောမပြတော့ပါဘူး။ ဒီအလှတရား
တွေကို ကျနော်ရှင်းပြလိုက်ရင် မူရင်းအရသာ ပျက်စီးသွားမှာစိုးလို့ပါ။

တိမ်။ ။ ကိုကောင်းမြင်သူ ပြောခဲ့တဲ့ အစိုးရတွေက ပြည်သူတွေကို
တိုးတက်ကြီးပွါးအောင် လုပ်ပေးကြတယ်ရှင့်။

ကောင်း။ ။ ဟား..ဟား…ဟား။ ကျနော်တို့အစိုးရကလည်း ကောင်းအောင်
လုပ်ပေးနေပါတယ်ဗျာ။ တရုတ်တို့၊ ဗီယက်နမ်တို့၊ လာအိုတို့မှာ ရွေးကောက်
်ပွဲဆိုတာကို စာလုံးတောင် ပေါင်းတတ်ကြရဲ့ လား။ အရင်မေးကြည့်လိုက်ပါဦး။
ဒီတိုင်းပြည်ကလူတွေက ရွေးကောက်ပွဲဆိုတာ အထီးလား၊ အမလား။
အလုံးလား၊ အပြားလားတောင် သိကြတာမဟုတ်ဘူးဗျ။ ဟ..ဟား။

တိမ်။ ။ စစ်အစိုးရက ရွေးကောက်ပွဲတော့လုပ်ပေးပါရဲ့  မဲလိမ်၊မဲခိုးမှု
တွေပါလုပ်နေတော့ ဘာများထူးလို့တုံး။

ကောင်း။ ။ အော်..ဖြစ်ရလေဗျာ။ ကမ္ဘာပေါ်ကရွေးကောက်ပွဲ ဆယ်ခုမှာ
ဘယ်နှစ်ခုကများ မဲမခိုးတာရှိလို့တုန်း။ လူတွေ အထင်ကြီးနေတဲ့ အမေရိ
ကန်မှာတောင် ဘုရှ်လက်ထက်တုန်းက မဲတွေလိမ်ကြသေးတာ မဟုတ်လား။

တိမ်။ ။ စိတ်မရှိပါနဲ့ရှင်..။ ကျမတို့အစီအစဉ် အချိန်ပြည့်တော့မှာမို့ အခု စကားဝိုင်းကို
နောက်နေ့မှ ဆက်ပါရစေ။ ကိုကောင်းမြင်သူကိုလည်းမေးစရာတွေ တပုံကြီးကျန်ပါ
သေးတယ်။

ကောင်း။ ။ မေးပါ..မေးပါ..။ မေးခွန်းတွေကို ကြိုဆိုပါတယ်။ အစီအစဉ်
မဆုံးခင် ကျနော်က ပြန်မေးစရာလေးရှိနေလို့ အချိန်ရရင် ဖြေသွားပေးပါဦး
နော်မိုးတိမ်။

တိမ်။ ။ ဘာများပါလဲရှင့်။

ကောင်း။ ။ ခင်ဗျားတို့ သတင်းဌာနရဲ့  နာမည်က ထူးခြားနေသလားလို့ပါ။
မြ၀တီ၂၀ သံ၊ရုပ်၊ဖုန်း ဆိုတာလေး ရှင်းပေးခဲ့ပါဦး။

တိမ်။ ။ အော်..ဟော်…ဒါလား။ ကျမတို့က မြန်မာစစ်အစိုးရရဲ့  လှုံ့ဆော်
ရေးသတင်းဌာန မြ၀တီနဲ့ ရောမှာစိုးလို့ပါ။ သူတို့ ဌာနက မြ၀တီအတုရှင့်။
ကျမတို့က မြ၀တီအစစ်။ မြ၀တီမြို့ ကနေ ထုတ်လွှင့်နေတာ။ သံ၊ ရုပ် ဆို
တာကတော့ ရှင်းပါတယ်။ ကျမတို့က အရုပ်ထက်စာရင် အသံပဲကို ဦးစား
ပေးတာပါ။ ကျမတို့အားလုံးကလည်း အသံပဲစွာတာ ရုပ်မချောကြဘူး
မဟုတ်လား။ ဟင်း..ဟင်း..။

ဖုန်းဆိုတာကတော့ အစီအစဉ်အားလုံးကို လက်ကိုင်တယ်လီဖုန်း တခုထဲနဲ့
ဖြစ်သလိုရိုက်ကူး ထုတ်လွှင့်နေလို့ပါပဲ။ အိုင်ဖုန်းလေး တလုံးရှိရင် ရိုက်လို့
လည်းရ။ ပြီးရင် ယူကျူ့ တို့၊ ဖေ့စ်ဘုခ်တို့မှာ တင်။ အဲဒါတွေကို နိုင်ငံတကာ
ရုပ်သံလွှင့်ဌာနတွေက သဘောကျပြီး တဆင့်ပြန်လွှင့်ပေး။

အဲ..စကားကြုံလို့ အွန်လိုင်းကနေ ကြည့်ရှုလိုသူတွေအတွက် ဒဘလျှူ
ဒဘလျှူ ဒဘလျှူ ဒေါ့ ။၂၀သံရုပ် ဒေါ့ အိုအားဂျီမှာ အဆင်သင့်ပါပဲရှင်။
လက်ကိုင်ဖုန်းရှိရင်ကိုပဲ ကျမတို့ထုတ်လွှင့်ချက်တွေကို လူမျိုးမရွေး၊
ဘာသာမရွေး၊ လူကြီး၊ လူငယ်၊ ကျားမ မရွေး နားဆင်ကြည့်ရှုလို့
ရနေပါပြီလို့...။

အော်..၂၀ဆိုတာကတော့ တခြားမဟုတ်ပါဘူးရှင်။ အလှူရှင်၂၀ရဲ့ ထောက်ပံ့
ကြေးနဲ့ ကျမတို့ ထုတ်လွှင့်နေရလို့ပါ။ ဟင်း..ဟင်း...ဟင်း..။

ကောင်း။ ။ အော်… ဒီလိုလား။ ခင်ဗျားတို့အားလုံး ရုပ်မချောကြဘူးဆို
တာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ရုပ်ဆိုးတယ်ဆိုတာကိုက အလှ
တရားတခုလို့ ကျနော်က လက်ခံထားတဲ့သူပါ။ ဟဲ..ဟဲ..ဟဲ။

တိမ်။ ။ အော်…အဲလိုလား။ ကိုကောင်းက နာမည်နဲ့တကယ် လိုက်တယ်နော်။
အော်…ဟုတ်ကဲ့။ ကျမတို့ရဲ့  မြ၀တီ၂၀ ရုပ်သံဖုန်းကို အခုလို အားပေးကြည့်ရှုကြတဲ့
အတွက် နိုင်ငံတကာပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်လှပါတယ်လို့…။

(စတင်းဘိုင်….သရီး…တူး…၀မ်း…အောက်)

မှတ်ချက်။ ။ မြ၀တီ၂၀ဌာန၏ အပြင်ဘက်တွင် ကောင်းမြင်သူကို ဆန္ဒပြ
မည့်သူများ တခဲနက်စောင့်မျှော်နေကြသည်။ အတိုက်အခံ စွမ်းအားရှင်
တချို့ လည်း ကောင်းမြင်သူကို ရိုက်နှက်ကြရန် အသင့်ပြင်ထားကြလေသည်။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, November 4, 2010

အကောင်းမြင်သမား













ရွေးကောက်ပွဲ မရှိတာထက် ရှိတာပိုကောင်းတယ်။ အစိုးရထဲမှာ
စစ်သားတွေ၊ ကြံ့ ဖွတ်တွေ ရာနှုန်းပြည့်ပါမှာထက် တ၀က်ကျော်
လောက်ပဲပါတာ ပိုကောင်းတယ်။ ရွေးကောက်ပွဲမှာ NLD မပါလို့
တစညတွေ ထောင်ထောင် ထောင်ထောင် လုပ်မှာထက် ကြံ့ ဖွတ်
အရှိန်ကြောင့် တစည အမြီးကုပ်နေတာလည်း ကောင်းတယ်။
ရွေးကောက်ပွဲအနီး မုန်တိုင်းကျလို့လူတွေ ဒုက္ခရောက်တာ
နာဂစ်လောက်မဆိုးလို့ တော်သေးတယ်။

အင်တာနက်လိုင်းတွေ မကောင်းတော့ ပိုက်ဆံကုန် သက်သာတာပေါ့။
လုံခြုံရေးတင်းကျပ်တော့ ပိုပြီးလုံခြုံတာပေါ့။ ထိုင်းပစ္စည်းတွေ အ၀င်
နည်းတော့ ဈေးသက်သာတဲ့တရုတ်ပစ္စည်းတွေ သုံးရတာပေါ့။ ဘန်ကီ
မွန်းကြီးက ဘာမှမပြောပဲနေတာထက်စာရင် စိုးရိမ်ဖေါ်ရ နည်းလား။
နောင်လာမယ့် အစိုးရကိုလည်း အမေရိကန်က ဆက်ဆံမယ်တဲ့။
ပစ်ထားတာထက်စာရင် တော်သေး။

ရွေးကောက်ပွဲမတိုင်ခင် ဒေါ်စုလွတ်လာရင် ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ပြီး
ဒီပဲယင်းတုန်းကလို ထပ်အရိုက်ခံနေရဦးမယ်။ ထပ်အဖမ်းခံနေရဦးမယ်။
အခြေအနေအေးဆေးဖြစ်မှ လွတ်လာတော့ စိတ်ချရတာပေါ့။ အကျဉ်း
သားတွေလည်း အများကြီးလွတ်တော့မယ်လို့ သတင်းကောင်းတွေ ထွက်
နေပါလား။ စိတ်ချမ်းသာစရာ။ အတိုက်အခံတွေက အသံပဲရှိတော့တာတဲ့။
အသံကျန် နည်းလား။ အတိုက်အခံဆိုတာ စက္ကူကျားပဲတဲ့။ စက္ကူကြွက်
မဟုတ်ရင် ပြီးရော။

ကြိုတင်မဲတွေ အတင်းကောက်နေတယ်ဆိုပဲ။ ရွေးကောက်ပွဲနေ့ အလုပ်
မရှုပ်တော့ဘူးပေါ့။ လူများစုက အခုရွေးကောက်ပွဲကို စိတ်မ၀င်စားကြဘူးတဲ့။
စိတ်ဝင်စားလို့ လှုပ်လှုပ်ရွရွဖြစ်ရင် ဖမ်းလားဆီးလား ဖြစ်နေဦးမှာ။ မြို့ နယ်
တွေအများကြီး မဲပေးစရာမလိုဘူးတဲ့။ ဘုရားမတာပဲ။ မဲပေးရမယ်ဆို
အလုပ်ပျက်နေဦးမှာ။ ကြံ့ ဖွတ်ပဲနိုင်မှာပါတဲ့။ နိုင်လည်းခဏပါ။ လွှတ်တော်
ထဲမှာ သူတို့ချည်း မဟုတ်ပါဘူး။

ပါလီမန်တောင်မပေါ်သေး ပါတီတွေ ကွဲကြ၊ ချဲကြပြီတဲ့။ ဒါမှ ဒီမိုကရေစီကွ။
တပါတီထဲကွဲနေရင်သာ ရှက်စရာ။ ပေါင်ဖေါ်တဲ့မင်းသမီး သပိတ်မှောက်ခံရ
ဆိုပဲ။ ပေါင်ပဲဖေါ်ပေလို့ မဟုတ်ရင် ဒီထက်ပိုဆိုးတာ ကြုံရနိုင်တယ်။
နိုင်ငံခြားသတင်းထောက်တွေ ရွေးကောက်ပွဲကို မလာနဲ့တဲ့။ လေယာဉ်
လက်မှတ်ဖိုး ကုန်မှာစိုးလို့။

စင်္ကာပူကို အရင်ကလောက် မြန်မာတွေဝင်ဖို့ မလွယ်တော့ဘူးတဲ့။ တော်
သေးတာပေါ့။ မဟုတ်ရင် မြန်မာပညာတတ်တွေ တိုင်းပြည်ထဲ ကျန်မှာ
မဟုတ်ဘူး။ စင်္ကာပူမရလည်း ထိုင်းကိုသွားပေါ့။ ထိုင်းမလေးတွေက
ပိုတောင်ချောသေး။ မြန်မာ့ပညာရေးက အလကားပဲတဲ့။ ဈေးပေါတာတော့
ထည့်မပြောဘူး။ နိုင်ငံခြားမှာပညာသင်ရတာ ကုန်သလားမမေးနဲ့။

မြန်မာပြည်မှာရောဂါထူလို့ လူတွေအသေမြန်သတဲ့။ နိုင်ငံတကာ
ဗဟုသုတ နည်းကြရှာတယ်။ မြန်မာပြည်ထက် ရောဂါထူတဲ့နိုင်ငံတွေ
ကမ္ဘာမှာအများကြီး။ ဘုန်းကြီးတွေလည်း လိုတာထက်အလွန်များပြီး
တိုင်းပြည်အတွက် အားသိပ်မဖြစ်ဘူးတဲ့။ ၂၀၀၇ ရွှေဝါရောင်ကို
ဘယ်သွားထားမလဲ။ ဘုန်းကြီးတွေ နိုင်ငံရေးပါတီမထောင်ဘူးလို့
ဘယ်သူပြောနိုင်သလဲ။ ဘာသာရေးသမားတွေသာများနေတာ
လူလိမ်တွေက လျှော့မသွားဘူးတဲ့။ အိန္ဒိယကို သွားကြည့်ပါဦး။

မြန်မာပြည်မှာ ပြည်တွင်းစစ်က မပြီးနိုင်ဘူးတဲ့။ အရှေ့ အလယ်ပိုင်း
ဘယ်သွားထားမလဲ။ အာဖရိကနိုင်ငံတွေ ဘာဖြစ်နေလဲ မသိကြဘူးလား။
မြန်မာပြည်မှာ အခြေအနေတွေ ကောင်းနေတာပဲ။ လူတွေက အကောင်းကို
မမြင်နိုင်ကြဘူး။ ရွေးကောက်ပွဲတိုင်း လွတ်လပ်ပြီးတရားမျှတာ မဟုတ်ဘူး။

တိုင်းပြည်မှာ စစ်အာဏာရှင်အုပ်ချုပ်တာထက် အရပ်သားအစိုးရအုပ်ချုပ်တာ
ပိုကောင်းတယ်။ စစ်ဗိုလ်တွေ သေနပ်တကားကားနဲ့ နေရာတကာတွေ့ နေရ
တာထက် စစ်တပ်ထဲပြန်ရောက်သွားတာ ကောင်းတယ်။ မြန်မာပြည်မှာ
နျူကလီးယားမရှိတာထက် ရှိတာပိုကောင်းတာပေါ့။ တကယ်တော့
ဒီစာကို ဖတ်နေတာထက် မဖတ်တာက ပိုကောင်းပါတယ်။ (မဟုတ်ဘူးလား)

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, October 24, 2010

ခင်မောင်မြင့်ရဲ့ နိုင်ငံတော် (ဇတ်သိမ်း)














နယ်စပ်တိုက်ပွဲတခုမှာ ခင်မောင်မြင့် မိုင်းထိတယ်။ မျက်လုံးတဖက်
ကန်းတယ်။ ခြေထောက်တဖက် ဒဏ်ရာရပြီး အကြောတွေသေသွားတယ်။
ဆေးရုံကတဆင့် ဒုက္ခသည်စခန်းကို ရောက်တယ်။ ဒုက္ခသည်စခန်းကတဆင့်
အမေရိကန်ကို ရောက်တယ်။ အခုဆို ခင်မောင်မြင့်အမေရိကန်ကိုရောက်တာ
ဆယ်နှစ်ကျော်ရှိပြီ။

မျက်လုံးတဖက်က ပြန်မမြင်ရတော့ပေမဲ့ ခြေထောက်ကတော့ ချိုင်းထောက်
အကူအညီနဲ့ပြန်လျှောက်နိုင်ခဲ့တယ်။ ဒုက္ခိတဆိုပေမဲ့ ခင်မောင်မြင့်က အား
လျှော့တတ်သူ မဟုတ်ဘူး။အမေရိကန်မှာ ကျောင်းပြန်တက်လို့ မဟာဘွဲ့ တခု
တောင်ရထားပြီ။

မြမြမင်းနဲ့အဆက်အသွယ်ဖြတ်လိုက်တာပဲကောင်းမယ်လို့ ခင်မောင်မြင့်က
ဆုံးဖြတ်တယ်။ ဒုက္ခသည်စခန်းမှာဆုံတဲ့ ပိုးကရင်မလေးနဲ့အိမ်ထောင်ပြုတယ်။
အခုဆိုသူ့မှာ သားနှစ်ယောက်နဲ့သမီးတယောက်ရှိနေပြီ။

ခင်မောင်မြင့်က အမေရိကန်မှာ ရုပ်ရှင်ပညာကို အထူးပြုလေ့လာတယ်။
ဒီပညာနဲ့ပဲသူ့ရဲ့ အိပ် မက်ကို အသက်သွင်းမယ်လို့ ဆုံးဖြတ်ထားတယ်။
သမိုင်းနောက်ခံရုပ်ရှင်တွေကို အာရုံစိုက် လေ့လာပြီး မြန်မာ့သမိုင်းနောက်ခံ
ရုပ်ရှင်တွေဖန်တီးဖို့ ပြင်ဆင်နေတယ်။

အနောက်တိုင်းက ရောမခေတ်နောက်ခံ သူရဲကောင်းဇတ်လမ်းတွေ။
ဥရောပနိုင်ငံတွေက ဘုရင်ခေတ်နောက်ခံ နန်းလုပွဲဇတ်လမ်းတွေ။ အာရှက
တရုတ်၊ အိန္ဒယ သမိုင်းနောက်ခံ ဇတ်လမ်းတွေ။ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းက
ကွန်ဖူးသမား။ မွေထိုင်းလက်ဝှေ့ သမား။ ဒါးသမား၊ လှံသမား၊ လေးသည်
တော်လူစွမ်းကောင်းတွေ။ ရှေးဟောင်း စစ်ပွဲရုပ်ရှင်တွေကို အပြန်ပြန်အလှန်
လှန် လေ့လာတယ်။ ဇတ်ညွှန်းတွေကို အသေးစိတ်ဖတ်တယ်။ ဒီရုပ်ရှင်တွေရဲ့ 
ရိုက်ကူးရေးအတွေ့  အကြုံတွေကို စုံစမ်းတယ်။ ဒါတွေကို စု၊ တ၊ု ပြုပြီး မြန်မာ့
သမိုင်းနောက်ခံဇတ်လမ်းကို ဖန်တီးမယ်။ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်
ဖေါ်မယ်။ ဒါဟာ သူ့ရဲ့  ဘ၀ပေးတာဝန်။ သူ့ရဲ့  သမိုင်းပေးတာဝန်။

ဇတ်လမ်းလည်းရေးထားပြီ။ ဇတ်ညွှန်းလည်းခွဲထားပြီးပြီ။ ဟောလီးဝုဒ်က
ထုတ်ဝေသူတွေကို ချဉ်းကပ်ပြီးရုပ်ရှင်ဖြစ်လာရေး ကြိုးပမ်းနေတယ်။
အာရှနိုင်ငံတချို့ ကိုသွားပြီး တရုတ်ရုပ်ရှင် ထုတ်လုပ်သူတွေနဲ့လည်းဆွေး
နွေးဖို့ စီစဉ်ထားတယ်။ မြန်မာ့အရေးက ကမ္ဘာမှာလူသိများလာတော့
ရုပ်ရှင်လောကမှာ မြန်မာဇတ် လမ်းကို စိတ်ဝင်စားတဲ့ ထုတ်လုပ်သူတချို့ 
ရှိနေတယ်။ ဒါကိုအခွင့်ကောင်းယူပြီး သူ့ ရဲ့ ဇတ်လမ်းကို ရောင်းမယ်။ မြန်မာနဲ့
ပါတ်သက်ပြီး ရမ်ဘိုလည်း ထွက်ပြီးပြီ။ Beyond Rangoon လည်းထွက်ခဲ့တယ်။
ဒေါ်စုအကြောင်းရိုက်ထားတဲ့ဇတ်လမ်း တခုလည်းရှိတယ်။

သူ့ဇတ်လမ်းကို ထုတ်လုပ်သူတချို့ က သဘောကျနေတယ်လို့တော့ ဆိုတာပဲ။
ဇတ်လမ်းအကြမ်းကိုတော့ ကျနော်ဖတ်ဖူးတယ်။ တကယ့်သမိုင်းအဖြစ်အပျက်
တွေက ၇၀ရာခိုင်နှုန်းလောက်ထည့်ထားတယ်။ ကျန်တဲ့၃၀ရာခိုင်နှုန်းကတော့
ခင်မောင်မြင့်ဖြစ်ချင်တဲ့ မြန်မာနိုင်ငံတော်သစ်ကို ပုံဖေါ်ထားတာ။ သူ့ဇတ်လမ်း
ကိုရုပ်ရှင်ရိုက်ရင် အပိုင်းသုံးပိုင်းခွဲပြီး ထုတ်ရလိမ့်မယ်။ နိုင်ငံတကာပရိတ်သတ်က
လက်ခံအောင်(ဈေးကွက်ဝင်အောင်၊ ဖျော်ဖြေမှုလည်းဖြစ်အောင်) ရေးထားတာ
တွေ့ ရတယ်။ Action Drama ဇတ်ကားပေါ့။

သူ့ ဇတ်လမ်းထဲမှာ (သူ့ ရဲ့ နိုင်ငံတော်ထဲမှာ) ဗမာလူစွမ်းကောင်းတွေ၊ မွန်
လူစွမ်းကောင်း၊ ရခိုင်လူစွမ်းကောင်း၊ ရှမ်းလူစွမ်းကောင်းစတဲ့ တိုင်းရင်းသား
လူစွမ်းကောင်းတွေ၊ အိမ်နီးနိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေနဲ့ လူစွမ်း
ကောင်းတွေ။ သတ္တိကောင်းလှတဲ့ ခရစ်ယန်သာ သနာပြုတွေ၊ ဗုဒ္ဓဘာသာ
သံဃာတော်တွေ။ အကြံကြီးတဲ့ပေါ်တူဂီ၊ အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့ တွေ။
စစ်ပွဲတွေ၊ ပျောက်ကြားတိုက်ပွဲတွေ၊ သစ္စာဖေါက်တွေ၊ အာဏာရူးတွေ၊
သူရဲကောင်းတွေ၊ အခွင့်အရေးသမားတွေ။ ရက်စက်မှုတွေ၊ ရုန်းကန်မှုတွေ၊
အောင်မြင်မှုတွေ။ ပဒေသရာဇ်ခေတ်ကနေ ဒီကနေ့ စစ်အာဏာရှင်တော်
လှန်ရေးခေတ်အထိ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့လူပုဂ္ဂိုလ်တွေနဲ့ အဖြစ်
အပျက်တွေကို လှလှပပ ဆက်စပ်ပြီးဖန်တီးထားတာ တွေ့ ရတယ်။

ခင်မောင်မြင့်ရဲ့ နိုင်ငံတော်ဟာ လူတွေကြိုက်မယ့် စိတ်ကြည်နူးဖွယ်ဇတ်သိမ်း
ခန်းနဲ့ အဆုံးသတ်ထားတယ် ဆိုတာကိုတော့(သူ့ရဲ့ ခွင့်ပြုချက်နဲ့) ကြိုတင်
ဖေါက်သည်ချပါရစေ။ ဇတ်လမ်း အစအဆုံးကိုတော့ ငွေရောင်ပိတ်ကားပေါ်
မှာပဲဆက်ပြီးကြည့်နိုင်ဖို့ မျှော်လင့်ရလိမ့်မယ်။ (ဆုတောင်းရလိမ့်မယ်) ကျနော်
ကတော့ ခင်မောင်မြင့်ရဲ့ အရည်အချင်းကို ယုံကြည်ပါတယ်။ သူ့ဇတ်လမ်းအတိုင်း
မြန်မာပြည်လည်း ဇတ်သိမ်းကောင်းလိမ့်မယ်လို့ မျှော်လင့်နေမိတယ်။
သူငယ်ချင်းခင်မောင်မြင့် အောင်မြင်ပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, October 7, 2010

ခင်မောင်မြင့်လမ်းခွဲ














ရှစ်လေးလုံးလူထုအုံကြွမှုနဲ့အတူ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ အပြောင်းအလဲ
တချို့  ရှိခဲ့တယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေရဲ့  လောကအမြင်တွေ တိုးတက်ပြောင်း
လဲလာခဲ့တာလည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်
ရောက်လာခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုလို့ ခေါ်ကြပေမဲ့ ကျောင်းသူတွေလည်း
သိသိသာသာ ပါဝင်ခဲ့တာပါ။ ရှစ်လေးလုံး ကျောင်းသူခေါင်းေးဆာင်တွေရှိ ခဲ့သလို
တောခိုကြတဲ့အထဲမှာလည်း ကျောင်းသူတွေ ပါဝင်ခဲ့ကြတယ်။ နိုင်ငံရေးအကျဉ်းသူ
ူတွေလည်း ရှိလာခဲ့တယ်။ ဆေးတက္ကသိုလ်ကျောင်းသူ မြမြမင်းလည်း တက်ကြွတဲ့
ရှစ်လေးလုံးကျောင်းသူတဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့တယ်။

လူထုချီတက်ပွဲတွေ၊ အစာငတ်ခံဆန္ဒပြပွဲတွေ၊ အကြမ်းဘက်မှုတွေမှာ ဒဏ်ရာအနာ
တရဖြစ်တဲ့သူ၊ နေထိုင်မကောင်းဖြစ်တဲ့သူတွေကို ဆေးတက္ကသိုလ် ကျောင်းသူကျောင်း
သားတွေက ကူညီခဲ့ကြတယ်။ ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေဖွဲ့ ပြီးလှုပ် ရှားခဲ့
ကြတယ်။ မြမြမင်းနဲ့ခင်မောင်မြင့်တို့ချစ်သူနှစ်ဦး ရှစ်လေးလုံးကာလအတွင်း အဆက်
အသွယ် မပြတ်ခဲ့ကြပါဘူး။ သူတို့နှစ်ဦးအကြား နားလည်မှုအသစ်တွေလည်း ပိုရလာခဲ့
ကြ သလို နိုင်ငံရေးအသိအမြင်သစ်တွေလည်း ရခဲ့ကြတယ်။

စစ်တပ်က လူထုလှုပ်ရှားမှုကို အကြမ်းဘက်ခြေမှုန်းပြီး အာဏာသိမ်းလိုက်တဲ့အခါ
ခင်မောင်မြင့်က တောခိုမယ်ဆိုတော့ မြမြမင်းက အံ့လည်း သြတယ်။ အံ့လည်း မသြ
ဘူး။ မလုပ်နဲ့လို့လည်း မတားချင်ဘူး။ လုပ်ပါလို့လည်း မတိုက်တွန်းချင်ဘူး။ သေချာ
တာကတော့မြမြမင်းက တောမခိုချင်ဘူး။ မြမြမင်းကိုလည်း ခင်မောင်မြင့်က တော
မခိုစေချင်ဘူး။ အခိုက်အတန့် ခွဲခွါကြတဲ့သဘောလို့ နားလည်ကြတယ်။ သူတို့နှစ်ဦး
ထဲကြုံတွေ့ ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြတယ်။ ဒီလိုနဲ့ပဲ ချစ်သူ
နှစ်ဦး ဝေးခဲ့ကြတယ်။

ခင်မောင်မြင့်နဲ့အဆက်အသွယ် ပြတ်သွားပြီးနောက်ပိုင်း မြမြမင်းရဲ့ ဘ၀မှာ ထူးခြား
တဲ့ ပြောင်းလဲမှုတွေ ရှိလာခဲ့တယ်။ ဆေးတက္ကသိုလ်တက်နေတာကို ရပ်ပစ်တယ်။
မိဘရဲ့  စီးပွါးရေးလုပ်ငန်းကို ၀ိုင်းကူပေးရင်း တဘက်မှာ မြေပေါ်မြေအောက် နိုင်ငံ
ရေးလှုပ်ရှားတဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီထောက်ပံ့တယ်။ နိုင်ငံရေး
အကျဉ်းသားတွေနဲ့ သူတို့ရဲ့  မိသားစုတွေကို ကူညီထောက်ပံ့တယ်။ သူကိုယ်တိုင်
လည်း မြေအောက်လှုပ်ရှားမှုတချို့ လုပ်တယ်။

တနှစ်လောက်အကြာမှာ ခင်မောင်မြင့်နဲ့အဆက်အသွယ်ပြန်ရတယ်။ ခင်မောင်မြင့်
က တိုင်းရင်းသားဒေသတွေက လူမှုဘ၀တွေအကြောင်း၊ တိုင်းရင်းသားလက်နက်
ကိုင်တွေရဲ့  လွတ်မြောက်ရေးခံယူချက်တွေအကြောင်း၊ မျိုးဆက်အဆင့်ဆင့် နွဲခဲ့
ကြတဲ့ တိုက်ပွဲတွေ အကြောင်း ရှင်းပြတယ်။ ခင်မောင်မြင့်တို့ရဲ့ ကျောင်းသားတပ်မ
တော်အကြောင်းနဲ့ သူ့ရဲ့  တောခိုကျောင်းသားဘ၀အကြောင်း ရှင်းပြတယ်။ ကမ္ဘာ
သစ်တခုအကြောင်း ကြားရသလိုမြမြမင်း တအံ့တသြဖြစ်ခဲ့ရတယ်။ အချိန်ကြာလာ
တာနဲ့ အမျှသူတို့ နှစ်ဦးဆုံနိုင်ဖို့ မလွယ်ဘူးဆိုတာ သိလာရတယ်။ တဘက်မှာလည်း
မြမြမင်းမိသားစုက ခင်မောင်မြင့်လိုလူနဲ့ ဆက်စပ်နေတာကို လက်မခံနိုင်ကြောင်း
အတိအလင်းပြောလာတယ်။

မြန်မာပြည်နိုင်ငံရေးက တဖြည်းဖြည်းနဲ့ ပိုပြီး ခါးသီးနာကျင်ဖို့ ကောင်းလာတယ်။
စစ်အာဏာရှင်ရဲ့ စရိုက်သဘာဝက ဘာလဲဆိုတာကို ပီပီပြင်ပြင် သဘောပေါက်လာ
တယ်။ တောခိုကျောင်းသားတွေ ပြန်လာကြတဲ့အထဲ ခင်မောင်မြင့်တယောက် ပါမလာ
တော့ မြမြမင်းအတွက် မျှော်လင့်ချက် ပိုနည်းလာတယ်။ နာကျင်မှုတွေ ပိုများလာတယ်။
ခင်မောင်မြင့်နဲ့ အဆက်အသွယ်မရတာ နှစ်နှစ်ကျော်ကြာသွားတယ်။ သေလား ရှင်လား
ဘာသတင်းမှ မကြား။ ဒီလိုအခြေအနေတွေက မြမြမင်းကို တခုခုထပ်ပြီး ဆုံးဖြတ်ရွေး
ချယ်ဖို့ တွန်းပို့လာခဲ့တယ်။

ရွေးကောက်ပွဲပြီးလို့ သုံးနှစ်လောက်အကြာမှာ မြမြမင်း ထိုင်ဝမ်နိုင်ငံကို ထွက်ခဲ့တယ်။
ခင်မောင်မြင့်နဲ့ အဆက်အသွယ် လုံးဝပြတ်သွားတယ်။ အမျိုးမျိုးကြိုးစား ဆက်သွယ်ခဲ့
ပေမဲ့ သေချာတဲ့သတင်း တခုမှ မရခဲ့ဘူး။ တချို့ က သေပြီလို့ ပြောတယ်။ တချို့ က
ဒုက္ခသည်စခန်းထဲမှာလို့ ပြောတယ်။ တချို့ က တခြားနိုင်ငံကို ရောက်သွားတယ်လို့
ပြောတယ်။ ရှစ်ဆယ့်ရှစ်လှုပ်ရှားမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာ ချစ်သူချင်းကွဲ
ကွာရတဲ့အဖြစ်တွေ အများကြီးရှိခဲ့ပါတယ်။ မြမြမင်းကတော့ အရှုံးတွေထဲကနေ အမြတ်
ထွက်အောင် ကြိုးစားနိုင်တဲ့သူတယောက်ပါ။ အခုတော့ နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်
တခုမှာ အောင်မြင်တဲ့ပါမောက္ခတဦး ဖြစ်နေပါပြီ။

(ဇတ်သိမ်းခန်းကို ရောက်ပါပြီ။ နောက်မှဆက်ရေးမယ်။)

( ရုပ်ပုံ ၊ ဂူဂလ် )

Saturday, September 18, 2010

ရဲဘော်ခင်မောင်မြင့်

















၁၉၈၈ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ မြန်မာပြည်ရဲ့ 
အလှည့် အပြောင်းတခုပါ။ သိန်းနဲ့သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ဘ၀ဟာ
အဲဒီ လူထုအုံကြွမှုကြီးနဲ့အတူ အနည်းနဲ့အများ ပြောင်းလဲခဲ့ကြရတယ်။ ဒီအပြောင်း
အလဲဟာ ကောင်းတဲ့ အပြောင်းအလဲလား၊ မကောင်းတဲ့ အပြောင်းအလဲလားဆို
တာ အစပိုင်းမှာ ရှင်းရှင်းလင်းလင်း သိဖို့ မလွယ်ခဲ့ဘူး။ ဒါပေမဲ့ အချိန်ကြာလာ
တာနဲ့အမျှဒါဟာ ကောင်းတဲ့အပြောင်းအလဲ မဟုတ်ဘူးဆိုတာကို မြန်မာပြည်သူတွေ
ဘ၀နဲ့ရင်းပြီး နားလည်လာခဲ့ကြရတယ်။ လက်မခံချင်ပေမဲ့ ဒီအပြောင်းအလဲကို
ရင်ဆိုင် ဖြတ်သန်းခဲ့ကြရတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ရှစ်လေးလုံးလှုပ်ရှားမှုတုန်းက အတက်ကြွဆုံး
ပါဝင်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ဘ၀မှာ မျှော်လင့်မထားတာတွေ
ကြုံလာခဲ့ရတယ်။ ကျောင်းတွေအကြာကြီး ပိတ်တယ်။ မိဘတွေရဲ့ အလုပ်အကိုင်
ပျက်စီးတယ်။ မိသားစုဝင်ငွေ ကမောက်ကမ ဖြစ်တယ်။ ထောင်နဲ့ချီတဲ့ ကျောင်းသူ
ကျောင်းသားတွေ တောခိုကြတယ်။ ထောင်ကျတယ်။ တချို့ တွေ စာရင်းမဲ့အင်းမဲ့
ပျောက်ဆုံးကုန်တယ်။ တချို့ တွေက စစ်တပ်လက်ချက်နဲ့ သေဆုံးရတယ်။


ထီးသွေးနန်းသွေး မကင်းတဲ့ မန္တလေးသား ခင်မောင်မြင့်လည်း သပိတ်မှောက်ကျောင်း
သားအဖြစ်ကနေ တောခိုကျောင်းသားဖြစ်လာခဲ့တယ်။ ချစ်ရသူ မြမြမင်းနဲ့ ဝေးခဲ့တယ်။
(ဒီအဖြစ်က သူတယောက်ထဲကြုံရတာမဟုတ်ဘူးဆိုတာ တောထဲရောက်တော့ ကောင်း
ကောင်း သိလာရတယ်။ ဖြေသိမ့်နိုင်လာတယ်။)

ခါးသီးမှု ဆိုတဲ့ ဝေါဟာရချင်း တူပေမဲ့ ကြုံတွေ့ရတဲ့ နာကျင်မှုချင်း မတူတဲ့ အဖြစ်
အပျက်တွေကို တောခိုကျောင်းသားတွေရော၊ ထောင်ကျကျောင်းသားတွေရော တအံ့
တသြနဲ့ ဖြတ်သန်းခဲ့ကြရတယ်။ တောတွေ တောင်တွေအကြား သေနပ်တလက်နဲ့
လပေါင်းများစွာ ငတ်တလှည့် ပြတ်တလှည့် ဖြတ်သန်းရင်း ခင်မောင်မြင့်နဲ့ကျောင်း
သားရဲဘော်တွေဟာ လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှင်သန်နိုင်အောင်
ကျင့်ကြံခဲ့ကြတယ်။ (ကျဆုံးခဲ့ရသူတွေလည်း ရှိတာပေါ့)

ကျောင်းသားစစ်သည်တွေဟာ ကျောင်းသားတပ်မတော်ဖွဲ့ပြီး တောထဲမှာရှိနေနှင့်တဲ့
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ
ရရှိရေးကို အသက်စွန့်ပြီးတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ မြန်မာပြည်
တွင်းက အပြောင်းအလဲဟာ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဘဝ
တွေကိုပါ လှုပ်ရမ်းစေခဲ့တယ်။ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ကြတယ်။ အပစ်
အခပ်တွေ ရပ်ကြတယ်။ ဒီအခြေအနေတွေဟာ ကျောင်းသားစစ်သည်လေးတွေရဲ့ 
ဘ၀ကို တနေရာရောက်အောင် ထပ်ပြီး တွန်းပို့ခဲ့ပြန်တယ်။

ခင်မောင်မြင့်က စစ်တိုက်တာကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ သူတိုက်နေတဲ့ ပွဲတွေက
အောင်ပွဲရဖို့ မလွယ်ကူတဲ့ အခြေအနေ။ ရန်သူစစ်တပ်က အားသာလွန်းတဲ့ အခြေအနေ။
ကိုယ့်ဘက်မှာရှိတဲ့ အားနည်းချက်တွေကလည်း အားကောင်းလာဖို့ မလွယ်ကူတဲ့ အခြေ
အနေ။ ကျောင်းသားရဲဘော်တွေထဲမှာလည်း မြန်မာပြည်ကို ပြန်သူပြန်။ တောထဲကနေ
နယ်စပ်။ နယ်စပ်ကနေ တဘက်နိုင်ငံ။ တချို့ ကလည်း ဒုက္ခသည်စခန်းတွေဆီကို ရွှေ့ 
ပြောင်းနေကြတယ်။ ဒီလိုပြောင်းလဲမှုတွေထဲမှာ ကျောင်းသားတပ်မတော် ထိပ်တန်း
ခေါင်းဆောင်တွေပါ ပါဝင်နေတယ်။ ခေါင်းဆောင်တချို့ ဆို အနောက်နိုင်ငံတွေအထိ
ပြောင်းရွှေ့ ကုန်ကြပြီ။

ဒီလိုလှိုင်းကြမ်းတွေအောက်မှာ ခင်မောင်မြင့်လည်း နောက်ထပ်လမ်းတခုကိုရွေးချယ်ဖို့
စဉ်းစားလာရပြီ။ ဒီလိုနဲ့ တိုက်ပွဲဝင်ကျောင်းတော်သား ခင်မောင်မြင့်ဟာ ဒုက္ခသည်
ခင်မောင်မြင့်အဖြစ် ကုလသမဂ္ဂရဲ့ အကူအညီကို စောင့်မျှော်ခဲ့ရတယ်။ အမေရိကန်နိုင်ငံ
ကို ရွှေ့ ပြောင်းလာရတယ်။ အခုတော့ အမေရိကန်နိုင်ငံသား ခင်မောင်မြင့် ဖြစ်နေပါပြီ။

ခင်မောင်မြင့်တယောက် တောထဲ တောင်ထဲ၊ နယ်စပ် ၀ဲဂယက်တွေထဲ၊ ဒုက္ခသည်စခန်း
တွေထဲမှာ ဘ၀ကိုဖြတ်သန်းနေတုန်း မြမြမင်းတယောက် ဘယ်မှာလဲ။ ဘာဖြစ်နေသလဲ။
ဘာလုပ်နေသလဲ ဆိုတာကို ဆက်ပြီးပြောပြရပါဦးမယ်။


(ရုပ်ပုံ ဂူဂလ်)

Monday, August 30, 2010

ခင်မောင်မြင့်ဒဿန
















ခင်မောင်မြင့်က အထက်တန်းကျောင်းသား ဘ၀မှာကတည်းက တက္ကသိုလ်
ရောက်ရင်ဘာကိုလေ့လာမယ်ဆိုတာ ရွေးချယ်ပြီးသား။ အဲဒါကြောင့် ဆယ်
တန်းအောင်တဲ့အခါ သူရတဲ့အမှတ်က ဆေးတက္ကသိုလ်ကိုဝင်ပေမဲ့ သူလေ့လာ
ချင်တဲ့ ဒဿနိကဗေဒကိုပဲ ယူခဲ့တယ်။ အရှေ့ တိုင်းနဲ့ အနောက်တိုင်း ဒဿန
တွေကို လေ့လာတယ်။ အတွေးအခေါ် အယူအဆတွေဟာ နိုင်ငံရေးမှာ ဘယ်
လိုလွှမ်းမိုးမှုရှိတယ်ဆိုတာကို လေ့လာတယ်။ နိုင်ငံတွေပေါ်ပေါက် လာတာ၊
ပျက်စီးသွားတာတွေနဲ့ ဒဿနတွေ ဘယ်လိုဆက်စပ်ခဲ့သလဲ ဆိုတာတွေကို
လေ့လာတယ်။ သူက နိုင်ငံထူထောင်ချင်သူကိုး။

အထူးသဖြင့် အိန္ဒိအတွေးအခေါ်နဲ့ တရုတ်အတွေးအခေါ်တွေကို ခင်မောင်မြင့်
အထူးလေ့လာတယ်။ သမိုင်းအားဖြင့်လည်း အစဉ်အလာကြီးတာရယ်။ မြန်မာ
ပြည်နဲ့ကပ်ရက်တိုင်း ပြည်ကြီးတွေဖြစ်တာရယ်။ အာရှတိုက်မှာ အယူအဆရေး
ရာအရ အဓိကလွှမ်းမိုးထားတဲ့ နိုင်ငံကြီးတွေဖြစ်တာရယ်ကြောင့်ပဲ။ ဒီနှစ်နိုင်ငံ
လုံးရဲ့  သမိုင်းက ရှုပ်ထွေးရှည်လျှားသလို ပြောင်းလဲမှုတွေနဲ့ စိတ်ဝင်စားစရာ
တွေကလည်း များလွန်းလှတယ်။

ရှုပ်ထွေးတာတွေကို အချိန်ပေးပြီး လေ့လာခဲ့တာကြောင့် ရှုပ်ထွေးမှုတွေကို
ခင်မောင်မြင့် ရင်ဆိုင်ရဲလာတယ်။ မြန်မာပြည်ဖြစ်စဉ်ကလည်း ခပ်ရှုပ်ရှုပ်
မဟုတ်လား။ နိုင်ငံကသိပ်မကြီးလှပေမဲ့ ရှုပ်တဲ့ဇတ်က ကြီးတယ်။ လူမျိုးရေး
ရော၊ ဘာသာရေးရော၊ နိုင်ငံရေးရောရှုပ်ထွေးလာခဲ့တဲ့ တိုင်းပြည်။ ဒီဇတ်ရှုပ်
ကို ဘယ်လိုရှင်းရမလဲဆိုပြီး စဉ်းစားတွေးခေါ်ရတာက ခင်မောင်မြင့်ရဲ့  အလုပ်။
ကမ္ဘာ့နိုင်ငံ အသီးသီးက ဇတ်ရှုပ်တွေကို ဘယ်လိုရှင်းခဲ့ကြသလဲ။ ဘယ်လို ရှင်း
နေကြသလဲ။ ဘယ်လို အယူအဆနဲ့ အတွေးအခေါ်တွေက ရှုပ်တဲ့ဇတ်ကိုရှင်းနိုင်
သလဲ။ မရှင်းနိုင်ပဲဖြစ်နေတာ ဘယ်လို အယူအဆတွေကြောင့်လဲ ဆိုတာကို
လေ့လာတယ်။

ရှင်းရခက်တဲ့ဇတ်ရှုပ်တွေကို လေ့လာရတာပျော်ပိုက်သူ ခင်မောင်မြင့်နဲ့ ရှားရှား
ပါးပါးကိစ္စကိုမှ လုပ်ချင်ကိုင်ချင်သူ မြမြမင်းတို့သမီးရည်းစားဖြစ်ကြတာ ဆန်း
သလား၊ မဆန်းသလားတော့ မသိဘူး။ သူတို့နှစ်ဦးကတော့ တကယ်ပဲ လေး
လေးနက်နက် ချစ်ခဲ့ကြတာပါ။ တယောက်ရဲ့  အိပ်မက်ကို တယောက်က နား
လည်တယ်။ ဘာသာပြန်နိုင်တယ်။ ခံစားပေးနိုင်တယ်။ အိပ်မက်ကို အကောင်
အထည်ဖေါ်နိုင်အောင်လည်း တယောက်နဲ့တယောက် အမြဲတန်း အားပေးတတ်
ကြတယ်။

သူတို့နှစ်ဦးရဲ့ အိပ်မက်တွေက မတူညီသလို သွားမယ့်လမ်းကြောင်းတွေလည်း
မတူကြဘူး။ အခြေခံအားဖြင့် တူညီတာဆိုလို့ ပြဿနာတရပ်ကို အလေးအနက်
အာရုံစိုက်ပြီးဖြေရှင်းတတ်တာနဲ့ ဘာသာတရားကိစ္စ ကင်းရှင်းကြတာရယ်ပဲ။
ဘာသာရေးကို မလေ့လာပဲအလွယ်တကူ ပစ်ပယ်ခဲ့ကြတာတော့ မဟုတ်ဘူး။
လေ့လာ စဉ်းစားပြီးတော့မှ သူတို့အတွက် မလိုအပ်တဲ့အရာလို့ ယုံကြည်လို့
အယူအဆရေးရာ လွတ်လပ်သူတွေအဖြစ် ခံယူထားတဲ့သူတွေပါ။ ဘာသာတရား
ရှိတယ်လို့ ပြောတဲ့သူတိုင်း လူကောင်းမဖြစ်နိုင်သလို၊ ဘာသာတရားကင်းရှင်း
သူတွေဟာလည်း လူဆိုးတွေ မဟုတ်ဘူးဆိုတာကို သူတို့က လက်တွေ့ ကျကျ
သဘောပေါက်ထားကြ သူတွေပေါ့။

လွတ်လွတ်လပ် လပ်တွေးခေါ်စဉ်းစားသူ နှစ်ဦးရဲ့  အချစ်ဇတ်လမ်းက ရုပ်ရှင်
တွေ၊ ၀တ္တုတွေထဲကလို အံ့သြစရာတွေနဲ့ ပြည့်နေတာတော့ မဟုတ်ဘူး။ အေး
အေးသက်သာပဲ နားလည်မှုပေးပြီး ချစ်ခင်ခဲ့ကြတာပါ။ ကြည်နှုးဖို့တော့ ကောင်း
မယ့်ပုံပါပဲ။ဒါပေမဲ့ သူတို့နှစ်ဦး မပေါင်းကြရရှာပါဘူး။ ချစ်တိုင်းလည်းမညားဆိုတဲ့
စကားက တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီး ခိုင်ခိုင်မာမာ ရှိနေတဲ့စကား
ဆိုတာ ကြုံဖူးတဲ့သူတိုင်း နားလည်ကြပါလိမ့်မယ်။ နားလည်ကြတဲ့သူတိုင်း လက်ခံ
ကြပါလိမ့်မယ်။

သူတို့နှစ်ဦး ဘာကြောင့် ဝေးခဲ့ရသလဲဆိုတာတော့ ထုံးစံအတိုင်း နောက်မှ ဆက်
ကြသေးတာပေါ့လေ။

(အခုတလော စာမရေးဖြစ်တာက နေမကောင်းခဏ ဖြစ်တာရယ်။ ခရီးတိုလေးတွေ
များနေတာရယ်။ ကွန်ပြူတာက ဘာဖြစ်မှန်းမသိတာရယ်။ ပျင်းတာရယ် တွေကြောင့်
ပါ။ မျက်စိလည်ပြီး ရောက်လာတတ်ကြတဲ့ သူများကို ကျေးဇူးတင်ပါတယ်။)

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, August 4, 2010

ခင်မောင်မြင့်ပြတိုက်













မြမြမင်းကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးတဦးပဲ။ သူက
ဆေးကျောင်းသာတက်နေတာ ဆရာဝန်တော့လုပ်ချင်တာ မဟုတ်ဘူး။
သူ့စိတ်ဝင်စားတာက ငါးတွေရယ်၊ ပန်းတွေရယ်။ ပြတိုက်တွေရယ်။
သူဖြစ်ချင်တာက သုတေသီ။

မြန်မာပြည်က မြစ်ချောင်းအင်းအိုင်တွေမှာ သဘာဝအတိုင်း ပေါက်ဖွါးကြ
တဲ့ ငါးမျိုးနွယ်စုတွေထဲ အလှမွေးငါးအဖြစ် သတ်မှတ်နိုင်တဲ့ ငါးတွေ ရှိသတဲ့။
ဒီငါးတွေက ကမ္ဘာ့အလှမွေးငါးစာရင်းထဲမှာ မ၀င်သေးဘူး။ ဒေသအလျှောက်
အမည်ပေးထားတဲ့ငါးတွေ။ ဒီငါးတွေကို သေချာမွေးမြူပြီး ကမ္ဘာ့အလှမွေးငါး
စာရင်းဝင်အောင် လုပ်ချင်တယ်။

ပန်းတွေလည်း ဒီအတိုင်းပဲ။ မြန်မာပြည်မှာ ကမ္ဘာကမသိတဲ့ ပန်းမျိုးနွယ်
တွေရှိသတဲ့။ ဒါတွေကိုလည်း ကမ္ဘာသိအောင်လုပ်ချင်တယ်။ မြန်မာပြည်
မှာ ပြတိုက်တွေထောင်ပြီး သုတေသနလုပ်ထားတဲ့ ငါးတွေ၊ ပန်းတွေကို
ပြမယ်။ နိုင်ငံတကာက ရှားပါးတဲ့ငါးတွေ၊ ပန်းတွေကိုလည်း သူ့ရဲ့ ပြတိုက်
မှာ အလဲအလှယ်အနေနဲ့ မြန်မာပြည်ကလူတွေ သိအောင်ပြမယ်။ မြစ်တွေ
ချောင်းတွေ၊ တောတွေတောင်တွေမှာ လှည့်လည်နေချင်တဲ့ မြမြမင်းပါ။

ဒီအိပ်မက်က လက်တွေ့ ဘ၀မှာ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ဘူး။
သူ့အိပ်မက်ကို ယုံယုံကြည်ကြည်နဲ့ အားပေးတဲ့သူ နှစ်ယောက်ပဲရှိတယ်။
တယောက်က ခင်မောင်မြင့်။ နောက်တယောက်က ဟောင်ကောင်မှာရှိ
တဲ့ သူ့အဖိုးလေး တ၀မ်းကွဲ။ မြမြမင်းတို့အမေရဲ့  အမျိုးတွေက ဟောင်ကောင်
ဘက်က ကွမ်တုံးတရုတ်အနွယ်ဝင်တွေ။ သူ့အမေရဲ့ အဘေးက မြန်မာပြည်
ကို လှေနဲ့ရောက်လာခဲ့တာ။ ကော့သောင်းဘက်က ၀င်လာတယ်ဆိုပဲ။

ဟောင်ကောင်က အဖိုးလေးက ငှက်မွေးတာ ၀ါသနာပါတယ်။ လိပ်ပြာတွေ
စုတယ်။ လှမယ်ထင်တဲ့ ပိုးကောင်တွေ စုတယ်။ မြမြမင်းအတွက် နိုင်ငံတကာ
က ရှားပါးတဲ့ အလှမွေးငါးတွေအကြောင်း၊ ရှားပါးတဲ့ ပန်းတွေအကြောင်း စာအုပ်
တွေ ပို့ပေးတယ်။ မြမြမင်းကလည်း အိမ်ကနေ လစ်ရင်လစ်သလို ချောင်းတွေ
မြောင်းတွေဆီ သွားတယ်။ ငါးဖမ်းတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့ထားတယ်။ထူးဆန်းတဲ့
ငါးတွေ၊ ရေသတ္တ၀ါတွေတွေ့ ရင် ဈေးကြီးကြီးပေးဝယ်တယ်။ အိမ်မှာလှောင်ကန်
မျိုးစုံနဲ့ မွေးတယ်။ မှတ်တမ်းတွေ သုတေသနပြုချက်တွေလုပ်တယ်။ ပန်းတွေကို
လည်း ဒီလိုနည်းနဲ့စုဆောင်းတယ်။

မြမြ၀င်းက မိန်းကလေးဆိုပေမဲ့ အလှအပ မမက်ဘူး။ သူ့ပုံက ချစ်စရာကောင်း
ပြီးသား။ နည်းနည်းပြင်လိုက်၊ ဆင်လိုက်ရင်ပဲ ခပ်ချောချောကောင်မလေး ဖြစ်
သွားတာ။ သူက ငါးနဲ့ပန်းကလွဲပြီး တခြားဘာကိစ္စအတွက်မှ ငွေမသုံးဘူး။ အိမ်
က လူကြီးတွေအကြိုက် စာကြိုးစားပေးတယ်။ ဆေးကျောင်းတက်ပေးတယ်။
သူတောင်းဆိုတာက အိမ်ဘေးက နေရာကျယ်ကျယ် ကွက်လပ်တခု။ အဲဒီမှာ
ဂိုဒေါင်လိုဆောက်ပြီး ပန်းပင်တွေထားတယ်။ ငါးကန်တွေထားတယ်။ ဒါပဲ။ ဒါဟာ
သူ့ရဲ့  ဘ၀အစစ်။ ကျန်တာက ဘ၀အတု။ အဲဒီခြံထဲကို အဖေနဲ့အမေက လွဲလို့
ဘယ်သူမှ အ၀င်မခံဘူး။

ဒါပေမဲ့ သူ့ဘ၀အစစ်ထဲကို ပထမဆုံး ၀င်ခွင့်ပေးလိုက်တဲ့သူကတော့ ခင်မောင်
မြင့်။ မြမြမင်းဟာ ခင်မောင်မြင့်ကို ရှားပါးတဲ့ အလှမွေးငါးတကောင်လို တန်ဘိုး
ထားတယ်။ ရှားပါးတဲ့ပန်းပင် တပင်လို ဂရုတစိုက်ရှိတယ်။ ခင်မောင်မြင့်ဟာ
မြမြမင်းအတွက် ပြတိုက်ကြီးတခုပဲ။

( ဆက်သေးတာပေါ့။ ပုံက ဂူဂလ် )

Sunday, August 1, 2010

ခင်မောင်မြင့်နိုင်ငံတော်













အခန့်မသင့်လို့ ခင်မောင်မြင့် ဘုရင် မဖြစ်ရတာပါ။ တကယ်ဆို သူက
မင်းနံ့စိုးနံ့ မကင်းဘူး။ မင်းသွေး မကင်းဘူး။ သူ့အမေဘက်က အဘွား
ဆိုလား မြန်မာမင်းသားတပါးနဲ့ တိတ်တိတ်ပုန်းညားခဲ့ပြီး မျိုးဆက်ပွါး
လာခဲ့တာ ခင်မောင်မြင့်တို့ အထိပေါ့။

ခင်မောင်မြင့်တို့ခေတ်ကျတော့ သူတို့အမျိုးက ပျက်နေပြီ။ ပျက်တယ်
ဆိုတာက အမျိုးစုံသွားတာကို ပြောတာ။ မင်းသားနဲ့ညားတယ်ဆိုတဲ့ သူတို့
အဘွားကိုယ်တိုင်က အမရပူရနယ်က ကသည်း ကပြား။ မြန်မာတ၀က်၊
မဏိပူရ ကသည်းတ၀က်။

ကပြားဆိုတော့ ချောဆိုကိုး။ မင်းတုန်းမင်းရဲ့ မြောက်များစွာသော မိဖုရား
တွေကနေ ပေါက်ဖွါးလာကြတဲ့ မင်းသားတွေထဲက တပါးနဲ့ သူ့အဘွားနဲ့
ညိခဲ့ကြတာတဲ့။ ခင်မောင်မြင့်အလှည့်လည်းရောက်ရော သူ့အမေက
မန္တလေးမြို့ ပေါက် ယူနန်တရုတ်အမျိုးသားနဲ့ညားတော့ သူရုပ်က မြန်မာရုပ်
လုံးဝ မထွက်တော့ဘူး။

နံမည်ကသာ ခင်မောင်မြင့် ရုပ်ရည်က တရုတ်ပုံ။ ခင်မောင်မြင့်က မန္တလေး
သား။ နန်းတော်ရှေ့  အောင်တော်မူအရပ်မှာ မွေးတယ်။ ဆိုရှယ်လစ်ခေတ်
တုန်းကပေါ့။ သူ့အဖေက ပဲငံပြာရည်ရောင်းပြီး ချမ်းသာတယ်။ သူ့အဖေဘက်
ကလည်း ခေကြတာတော့ မဟုတ်ဘူး။ အရင်က ယူနန်နယ်မှာ နယ်စားပယ်
စား အမျိုးအနွယ်တွေတဲ့။

စာရင်းချုပ်လိုက်တော့ တရုတ်ကပြား ခင်မောင်မြင့်မှာ ဘုရင်ရူးစိတ် ၀င်နေ
တယ်။ သူကြီးပြင်းတဲ့ခေတ်က ဆိုရှယ်လစ်ခေတ်ဆိုတော့ ရူးခွင့်မသာဘူး။
တရုတ်ပြည်မှာကလည်း မော်စီတုံးရဲ့ ကွန်မြူနစ်ခေတ်။ တရုတ်လိုလည်း ရူးဖို့
မလွယ်၊ မြန်မာလိုလည်း ရူးဖို့မလွယ်။ ခင်မောင်မြင့်ရဲ့  ဘုရင်ရူးစိတ်ကို လူမသိ
သူမသိ မြိုသိပ် ဖုန်းကွယ်ထားခဲ့ရတယ်။

တကယ်တော့ ဘုရင်ရူးစိတ်ဝင်တယ်ဆိုတာ ခင်မောင်မြင့်အတွက် ၀င်ခွင့်ရှိတဲ့
ကိစ္စပါ။ သူ့မှာက မင်းသွေးမကင်းဘူး မဟုတ်လား။ ရာဇ၀င်ကို အခွင့်သာရင်
ပြန်ဖေါ်ထုတ်သင့်တာပေါ့။ ဘုရင်ရူး တယ်လို့ပြောတာက ခေတ်အခြေအနေ
အရ မအပ်စပ်လို့ ရယ်စရာ စကားလုံးဖြစ်နေတာပါ။ ပဒေသရာဇ်ခေတ်သာ
ဆက်ဖြစ်နေမယ်ဆိုရင် ခင်မောင်မြင့်ရဲ့  ဘုရင်ဖြစ်လိုစိတ်ဟာ အင်မတန်
လျှော်ကန်သင့်မြတ်တဲ့ စိတ်ပေါ့။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တာ မကောင်း
တဲ့ကိစ္စမှ မဟုတ်ပဲ။

ခင်မောင်မြင့်ရဲ့  ရှင်ဘုရင်စိတ်ကူးဟာ ခေတ်အခြေအနေအရ နိုင်ငံရေးမှာစိတ်ဝင်
စားသူအဖြစ် အသွင်ပြောင်းလာခဲ့တယ်။ ဆိုရှယ်လစ်ခေတ်တုန်းကဆို ခင်မောင်
မြင့်က တေဇလူငယ်ကနေ လမ်းစဉ်လူငယ်ခေါင်းဆောင် အဆင့်အထိ ရောက်ခဲ့
တယ်။ ဆိုရှယ်လစ်ဝါဒ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်။ အညမည သဘောတရား။
ကွန်မြူနစ်ကြေညာစာတမ်း။ မော်စီတုံးရဲ့ စာအုပ်နီ။ အရည်ကျိုသောက်ထားသလို
ခင်မောင်မြင့် အကုန်သိတယ်။

တကယ်တော့ ခင်မောင်မြင့်က လူအေးပါ။ သဘောကောင်းတယ်။ နုညံ့တယ်။
အများအကျိုးကို ကြည့်တယ်။ ပန်းချီဆွဲတာ ၀ါသနာပါတယ်။ ပန်းချီကိုသာ အာရုံ
စိုက်ပြီးလုပ်ရင် ခင်မောင်မြင့်ဟာ နိုင်ငံကျော်ပန်းချီသမားတယောက် ဖြစ်လာနိုင်
တယ်။ သူ့အဖေက သူ့ကို ငယ်ငယ်ကတည်းက တရုတ်ကျောင်းမှာ တရုတ်စာနဲ့
အတူ တရုတ်ရိုးရာပန်းချီကိုပါ လေ့လာစေခဲ့တာ။ ကိုယ်တိုင်ကလည်း ၀ါသနာပါ
တော့ သူ့လက်ရာတွေကို ဆရာတွေကပါ အံ့သြခဲ့ရတယ်။ ဒါပေမဲ့ ခင်မောင်မြင့်က
ပန်းချီထက် နိုင်ငံရေးကို ပိုလေ့လာခဲ့တယ်။ နိုင်ငံရေးလုပ်တာကလည်း ပန်းချီဖန်
တီးရသလိုပဲလို့ ယူဆတယ်။

ပန်းချီက ပိတ်စတခုအပေါ်မှာ လိုချင်တဲ့ပုံကို ဆွဲယူတဲ့အနုပညာ။ နိုင်ငံရေးလုပ်
တယ်ဆိုတာက တိုင်းပြည်တခုကို ကိုယ်လိုချင်တဲ့ပုံ သွင်းယူတဲ့ အနုပညာ။ ဒီလိုနဲ့
ခင်မောင်မြင့် နိုင်ငံရေးသမား ဖြစ်ချင်ခဲ့တယ်။ ဒါမှမဟုတ် နိုင်ငံရေးပညာရှင်၊
နိုင်ငံရေး သုခမိန် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဆိုရှယ်လစ်ခေတ်မှာ လမ်းစဉ်ပါတီက
လွဲလို့ တခြားနိုင်ငံရေးလုပ်ဖို့ အခွင့်အလမ်းမရှိခဲ့။ ဒါကြောင့်လည်း လမ်းစဉ်လူ
ငယ်ခေါင်းဆောင် ခင်မောင်မြင့်အဆင့်မှာပဲ ဂိတ်ဆုံးခဲ့တယ်။

အချစ်ကိစ္စလား။ ခင်မောင်မြင့်လည်း လူပဲ။ အချစ်ရှိတာပေါ့။ သူများတွေထက်
တောင် ပိုချစ်တတ်တဲ့သူလို့ (သူ့ကိုယ်သူ) ထင်တယ်။ လမ်းစဉ်လူငယ်ခေါင်း
ဆောင်သင်တန်းမှာ ဆုံခဲ့ဖူးတဲ့ မြမြမင်းကို သူချစ်တယ်။ မြမြမင်းကလည်း သူ့လို
တရုတ် ကပြားလေး။ ရန်ကုန်က ဆေးကျောင်းသူ။


(ဆက်သေးတာပေါ့ ။ ရုပ်ပုံ ဂူဂလ်)

Friday, July 30, 2010

အနှိပ်သည်မလေးရဲ့ မွေးနေ့












ထိုင်းနိုင်ငံကို လာလည်ကြသူတွေ မလုပ်မဖြစ် လုပ်ကြတဲ့ကိစ္စတွေထဲမှာ
အနှိပ်ခံတာလည်း ပါသပေါ့။ ညောင်းကြသကိုးဗျ။ ခရီးသွားရတာ ပင်ပမ်း
ကြတယ်မို့လား။ ဒို့ကလည်း သိပ်ပြီး ညောင်းတတ်သူပါ။ ထိုင်းလူမျိုးတွေက
လည်း သိပ်ပြီး နှိပ်ချင်သူတွေပါ။ လမ်းမတိုင်းမှာ အနှိပ်ဆိုင်ရှိတယ်။ ညောင်း
သူများနဲ့ နှိပ်သူများ ဆုံကြပြီး တရုန်းရုန်းဖြစ်နေတဲ့ ဘန်ကောက်မြို့ ကြီးမှာ
အီစကိုလည်း တက်ကြွသူတဦးအဖြစ် ပါဝင်ဆင်နွှဲနေပါကြောင်း။

ဒီလိုနဲ့ သူလေးနဲ့ဆုံခဲ့ပါတယ်။ (ဒီအရေးအသားက နည်းနည်း အန္တရယ်ရှိတယ်)
သူ့နာမည်က " ပါ " တဲ့။ နာမည်ရင်းတော့ မသိဘူး။ ထိုင်းမှာက အလွယ်ခေါ်
လို့ကောင်းတဲ့ နာမည်တွေ သိပ်ပေးတတ်ကြတယ်။ သူ့ စကား ကိုယ်မသိ၊
ကိုယ့်စကား သူမသိနဲ့ လက်ဟန်ခြေဟန် (ခြေဟန်တော့မပါပါဘူး) ပြောကြ
ဆိုကြရင်း အနှိပ်သမများနဲ့ ခင်ကြပါလေရော။ ပါ ဆိုတဲ့ ကလေးမက သူများ
တွေထက် ပိုပြုံးပြီး ချစ်ဖို့ကောင်းအောင် မကြာခဏ ရယ်တတ်သူလေးပါ။

သူတို့ဆိုင်က အီစကိုကြီးတည်းတဲ့နေရာနဲ့ အနီးဆုံးဆိုင်။ မကြာခဏ အနှိပ်
ခံနေတတ်တော့ ဆိုင်ရှင်နဲ့ရော တဆိုင်လုံးက အနှိပ်သမတွေနဲ့ပါ ခင်နေပြီ။
အောင်မယ် တခါတခါ ထမင်းတောင် အတူစားကြသေး။ အီစကိုကလည်း
ထိုင်းမှာ တကိုယ်တော်ဆိုတော့ ပျင်းရှာသပေါ့။ သူတို့ဆိုင်ဘေးမှာက ကော်ဖီ
ဆိုင်ကလေးလည်း ရှိဆိုတော့ ကော်ဖီသောက်ရင်းလည်းဆုံ။ သူတို့ဆိုင်လူပါး
တဲ့အချိန်၊ ကိုယ်ကလည်း အားတဲ့အချိန်ဆိုလည်း ဆုံနဲ့ အတော်ရင်းနှီးလာကြ
ပါတယ်။












သူတို့အထဲမှာ အင်္ဂလိပ်လို အနည်းအကျဉ်းပြောတတ်သူ တဦးသာ ရှိလေရဲ့ ။
သူ့အားကိုးနဲ့ပြောလိုက်ကြတာ ကိုယ့်အကြောင်းသူသိ။ သူ့အကြောင်းကိုယ်သိ
ဖြစ်ကုန်ရော။ သူတို့အားလုံးက ဘန်ကောက်က မဟုတ်ဘူး။ မြန်မာပြည်ကဆို
ချင်းပြည်နယ်လိုမျိုး။ သိပ်ပြီး တိုးတက်ထွန်းကားမှုမရှိတဲ့( အစိုးရအဆက်ဆက်
ပြစ်ပယ်ထားခံရတဲ့) နိုင်ငံရဲ့ အရှေ့  မြောက်ပိုင်း လာအိုနယ်စပ်က။ သူတို့အရပ်
မှာစီးပွါးရေး မထွန်းကားတော့ မြို့ တက်ပြီး ရှာစားရတဲ့ သူလေးတွေပါ။ ခင်ဖို့
ကောင်းကြပါတယ်။

ထားပါတော့ မွေးနေ့ရှင် ပါ အကြောင်း စပါတော့မယ်။ အခုသူက အလုပ်ထွက်
သွားပါပြီ။ ဘာကြောင့်လဲဆိုတာ သူတို့ရှင်းပြပေမဲ့ နားမလည်ဘူး။ ငါ့မှာတော့
စိတ်မကောင်းဖြစ်လို့။ စိတ်မကောင်းရတာက ဒီလို။ တညနေ အလုပ်က အပြန်။
သူတို့ဆိုင်ရှေ့ က အဖြတ်။ ပါ ကထွက်ပြီး ခေါ်ပါလေရော။ ညကြရင် လာခဲ့ပါတဲ့။
Tonight.... Happy Birthday တဲ့။ သူ့ကိုယ်သူလည်း လက်ညိုး တထိုးထိုးနဲ့။
အတော် ပျော်နေပုံရတယ်။

ဖြစ်ချင်တော့ အဲဒီညက ရွာလိုက်တဲ့မိုး။ ညနေထဲက မပြီးနိုင်ဘူး။ သူ့အတွက်
မွေးနေ့လက်ဆောင် ထွက်ဝယ်မလို့ စိတ်ကူးတာ အဆင်မပြေခဲ့ဘူး။ ဒါနဲ့
ကင်မရာစွဲပြီး မွေးနေ့ပွဲဆီ ထွက်ခဲ့တယ်။ သူကလည်း ဘာလက်ဆောင်မှ
မျှော်နေပုံ မရပါဘူး။ ငါလာတယ်ဆိုရင်ပဲ ဧည့်သည်တော်ကြီးကြွလာတဲ့အတိုင်း
ပျော်လို့။ မုန့်တွေလည်း ၀ယ်ထားတယ်။ ဘီယာတွေ၊ ၀ီစကီတွေတောင် ပါလိုက်
သေး။ မိုးကောင်းနေတော့ အနှိပ်ခံသူတွေလည်း မလာကြဘူး။ အဲဒါကိုက သူ့
အတွက် မွေးနေ့လက်ဆောင်တခုကို ဖြစ်လို့။ လူလာရင် ထွက်နှိပ်ကြရဦးမှာကိုး။
သူတို့ဆိုင်က ညသန်းခေါင်မှ ပိတ်တာ။

မိုးရွာနေလို့ လက်ဆောင်မပါခဲ့ဘူး။ နောက်မှပေးမယ်လို့ပြောရတယ်။ သူက
မလိုပါဘူးတဲ့။ ဒီလိုဆုံပြီး မွေးနေ့လုပ်ရတာ သိပ်ပျော်နေပါသတဲ့။ စားကြသောက်
ကြရင်း သီချင်းတွေ ဆိုကြပါလေရော တယောက်တပေါက်။ ငါ့ကိုလည်း အတင်းဆို
ခိုင်းတော့ မြနန္ဒာ ဆိုပြလိုက်တယ်။ အစအဆုံးတော့ မရဘူး။ အော်လို့ကောင်းတဲ့
နေရာလောက်ပေါ့။ လက်ခုပ်တီးကြပါတယ်။ ဒါပေမဲ့ ဒီသီချင်းကို သူတို့နားမလည်
ဘူးတဲ့။ အင်္ဂလိပ်သီချင်း ဆိုပြပါတဲ့။ ရယ်စရာပဲ။

အင်္ဂလိပ်လိုဆိုရင် သူတို့နားလည်မှာကျလို့။ ဒါကိုက ပျော်စရာပါ။ ဒါနဲ့ ငါလည်း
အားလုံးသိနိုင်လောက်မယ့် မိုက်ကယ်ဂျက်ဆင်ရဲ့  Heal The World ကိုဆိုပြ
လိုက်ရတယ်။ မွေးနေ့နဲ့တော့ သိပ်မအပ်စပ်တဲ့ သီချင်းပါ။ ဒီသီချင်းလည်း အော်
ကောင်းတဲ့နေရာ တပိုင်းတစ ရသလောက် ဆိုပြလိုက်တော့။ အောင်မယ်လေး
သဘောတွေကို ကျလို့။ ကောင်းကောင်းကြီးပဲ နားလည်ကြတဲ့ အတိုင်း။ ပျော်
လိုက်ကြတာ။ ကတဲ့သူက ကလို့။ တယ်လီဖုန်းထဲမှာရှိတဲ့ ထိုင်းသီချင်းတွေဖွင့်
ပြ။ ဆိုကြ ကကြ။ အမှတ်မထင် ပျော်စရာကောင်းတဲ့ အနှိပ်ဆိုင်ထဲက မွေးနေ့
ပွဲလေးပါ။












အဲဒီအချိန် မိုးထဲလေထဲမှာ ဆိုင်တံခါးကို ဆိုင်ကယ်သမား တယောက်က လာ
ခေါက်လို့ အားလုံးမျက်နှာ ပျက်သွားကြသေးတယ်။ အထုပ်တခု လာပေးတာပါ။
သူ့ကို လူတယောက်က ပို့ခိုင်းလို့ပါတဲ့။ အထုပ်ကိုဖွင့်ကြည့်တော့ နှင်းဆီပန်းတခိုင်
နဲ့ မွေးနေ့ကိတ်မုန့် တလုံး။ အားလုံး ဝေးကနဲ ၀ိုင်းအော်ကြပါလေရော။ မွေးနေ့ရှင်
လေးလည်း ပျော်မဆုံးပေါ့။

ကိတ်မုန့်မှာလည်း ထိုင်းလိုရေးထားတာ စုံလို့။ ဘာမှန်းတော့ မသိဘူး။ ခဏ
ကြာတော့ သူ့သူငယ်ချင်း ကောင်မလေးတယောက် (ကိတ်မုန့်ပို့သူ) ဖုန်းဆက်
လာပါတယ်။ မွေးနေ့ဆုတောင်း နှုတ်ဆက်စကားပြောပါတယ်။ ကောင်မလေးက
ဝမ်းသာပြီး မျက်ရည်တောင် ၀ဲလို့။ ဒါဟာ သူ့ဘ၀မှာ ပထမဆုံးရတဲ့ မွေးနေ့ကိတ်
မုန့်ပါတဲ့။ သူ့ရဲ့  ၂၁နှစ်ပြည့်မွေးနေ့ပါ။ သူအနှိပ်သည်ဖြစ်တာ ၆နှစ်ရှိပါပြီတဲ့။

ငါကလည်း ဓါတ်ပုံတွေရိုက်ပေါ့။ ပြီးရင် အီးမေးပို့ပေးမယ်ဆိုတော့။ မပို့ပါနဲ့တဲ့။
သူ့မှာ အီးမေး မရှိဘူးတဲ့။ ကိုင်း ဒါဆို မွေးနေ့လက်ဆောင်အဖြစ် အီးမေးလည်း
လုပ်ပေးမယ်။ Face book လည်းလုပ်ပေးမယ်လို့ ပြောလိုက်တယ်။ အနည်းအ
ကျဉ်းတော့ ပျော်သွားပုံရပါတယ်။ တကယ့်ဓါတ်ပုံကိုလည်း သတ်သတ် ပေးပါဦး
မယ်လို့ ပြောရတယ်။ သူက တကယ့်ဓါတ်ပုံကို ပိုလိုချင်တယ်။ ရွာက သူ့အမေဆီ
ပို့ချင်လို့တဲ့။

ဒီလိုနဲ့ တပါတ် နီးပါးလောက် သူတို့နဲ့မဆုံဖြစ်ဘူး။ ဓါတ်ပုံတွေလည်း မကူးဖြစ်ဘူး။
မနေ့က သူတို့ဆိုင်ရောက်တယ်။ ကောင်မလေးကို မတွေ့ လို့ မေးကြည့်မှ အလုပ်
ထွက်သွားပြီတဲ့။ အော်...ငါ့မှာတော့ သူ့ဆီ အကြွေးတွေ တင်လို့။












သူ့ကိုပေးမယ့်ဓါတ်ပုံလေးတွေ ဒီစာနဲ့အတူပဲ ထားလိုက်ပါတော့မယ်။ နောင်နှစ်တွေ
မှာလည်း ဒီနှစ်ထက် အဆပေါင်းများစွာပျော်ရတဲ့ မွေးနေ့တွေနဲ့ ကြုံစေချင်ပါတယ်။
အောင်မြင်ပါစေ....ပါ ။

Saturday, July 17, 2010

အပျော်အပါးသက်သက်













ဒီတခါတော့ ပျော်ရာပျော်ကြောင်းလေးပဲ ရေးမယ်စိတ်ကူးတယ်။ ပြီးခဲ့တဲ့
စနေ၊ တနင်္ဂနွေက ကျွန်းကလေးတခုဆီ အလည်သွားတဲ့အကြောင်း။
ဘန်ကောက်ကနေ လေးနာရီလောက် ကားစီး။ ပြီးရင် နာရီဝက်လောက်
သင်္ဘောစီး။ အဲဒီကျွန်းကို ရောက်ကရော။

ကျွန်းနာမည်က Ko Samet လို့ခေါ်တယ်။ ထိုင်းပင်လယ်ကွေ့ မှာ ရှိတဲ့ကျွန်း။
ရေတွေက ကြည်စိမ်းနေတဲ့အပြင် ကမ်းခြေမှာ သဲဖြူတွေနဲ့ဆိုတော့ ကျွန်းက
သာယာတယ်။ သစ်ပင်တွေလည်း စိမ်းစိမ်းစိုစိုရှိတယ်။ ဘန်ကောက်ရောက်
ဧည့်သည်တွေအတွက် နှစ်ရက်စာ အပမ်းပြေခရီးထွက်လို့ကောင်းတဲ့ ကျွန်းပါ။

ကျွန်းပေါ်ရောက်တာနဲ့ ဆိုင်ကယ်ငှားတဲ့ဆိုင်တွေ တန်းစီလို့။ ဈေးလည်းပေါ
တယ်။ တရက်စာ ဆယ်ဒေါ်လာတောင် မကျဘူး။ ဓါတ်ဆီလည်း ဖြည့်ပေးတယ်။
ဆိုင်ကယ်တစီးနဲ့ငါ ကျွန်းကိုပါတ်ပါလေရော။ ဝေး ဟေး ဟေးပဲ။ ဘန်ကောက်
မှာဆို ဆိုင်ကယ်မစီးရဲဘူး။ ပလေးစတေရှင် ဆော့တာကမှ လွယ်ဦးမယ်။












တည်းခိုခန်းခလည်း ပေါသကွဲ့ ။ ကမ်းခြေနဲ့အနီးဆုံး ဘန်ဂလိုလေးကို ငှားလိုက်
တယ်။ စားသောက်ဆိုင်တွေ၊ လေဟာပြင်ဒစ္စကိုတွေကလည်း ကမ်းခြေနဲ့ကပ်လို့။
ဝေးဝေး ၀ါးဝါး လူတွေပျော်သံတွေကလည်း မပြတ်ဘူး။ အပျော်စီး မော်တော်တွေ၊
အမြန်ရေယဉ်လေးတွေ။ Speed Boat ကိုပြောတာ။ တ၀ူးဝူး တဝေါဝေါ။ လှိုင်း
ပုတ်သံကလည်း တသောသောနဲ့။ သာယာပေစွ Ko Samet.

နေ့လည်ခင်းကတည်းက ဆိုင်ကယ်တစီးနဲ့ပါတ်လိုက်တာ ညနေစောင်းမှ
အခန်းကို ပြန်ရောက်တယ်။ ရေကူးမယ်လေ။ ဒီတချက်တော့ သိပ်ပြီး
ခံတွင်းမတွေ့ ချင်ဘူးကွဲ့ ။ ရေက နွေးနွေးကြီး။ ကြာကြာကူးလို့ မကောင်းဘူး။
ခဏနေတော့ ကုန်းပေါ်ပြန်တက်။ ကင်မရာယူပြီး ကမ်းခြေတလျှောက်
စိတ်ကူးပေါက်ရာ လျှောက်ရိုက်ပါလေရော။












နေ၀င်ချိန်ဆိုတော့ ကမ်းခြေက တမျိုးကြည့်ကောင်းတယ်။ ညပိုင်းမှာရောင်းဖို့
ဆိုင်တွေကလည်း ပြင်ကြပြီ။ သဲပြင်ပေါ်မှာပဲ ဖျာတွေခင်းပြီး ရောင်းတာ။ မှီစရာ
ခေါင်းအုံးလေးတွေနဲ့။ ဇိမ်ပဲ။ ဧည့်သည်တွေက နိုင်ငံခြားသားထက် ထိုင်းလူမျိုး
တွေပိုများတယ်။ ထိုင်းတွေက ငွေကြေးချောင်လည်လာကြပြီလေ။ ခရီးထွက်တာ
ကို အပမ်းဖြေမှုအဖြစ် ဇိမ်ယူနိုင်တဲ့အဆင့် ရောက်လာကြပြီ။












ပြောရဦးမယ်။ ဒီကျွန်းမှာလည်း မြန်မာတွေရှိသဗျ။ ကိုဟူစိန်တဲ့။ ပလာတာ ရောင်း
ပါတယ်။ လှည်းကလေးနဲ့ ပလာတာသည်ပေါ့။ မော်လမြိုင်သားပါ ခင်ဗျား။ ပြုံးပြုံး
ပြုံးပြုံးနဲ့။ ခင်တတ်တယ်။ ပျော်တတ်တယ်။ အသက်သုံးဆယ်ကျော်။ ကွမ်းကလေး
တမြမြနဲ့။ ဘောလီးဝုဒ်မင်းသားနဲ့တောင် ခပ်ဆင်ဆင်။ ထွေရာလေးပါး ကိုဟူစိန်နဲ့
ပွါးကြတယ်။

ကိုဟူစိန် ထိုင်းမှာ ပျော်တယ်။ တရားဝင်အလုပ်သမားကဒ်လည်း လုပ်ထားတယ်။
နှစ်နှစ်တကြိမ်လောက် မော်လမြိုင်ကိုပြန်တယ်။ အမေကို သိပ်ချစ်တဲ့သား။ အမေက
လည်းသူ့ကို အချစ်ဆုံးတဲ့။ အမေက မိန်းမပေးစားချင်လှပြီ။ သူပေးစားတဲ့ မိန်းမကိုပဲ
ယူရမယ်လို့ အမိန့်ထုတ်ထားတယ်။ ချွေးမလောင်းကို အမေ့စိတ်ကြိုက် ရှာထားပြီးသား။
အမေ့ဆန္ဒကို မငြင်းချင်ဘူး။ ဒါပေမဲ့ ကိုဟူစိန်က မြန်မာပြည်ကထက် ထိုင်းမလေးတွေ၊
ထိုင်းကိုလာတဲ့ အရှေ့ အလယ်ပိုင်းသူလေးတွေကို သဘောကျနေတယ်။ သူတို့က
စဉ်းစားတွေးခေါ်တာ ခေတ်မှီလို့တဲ့။ လွတ်လပ်လို့တဲ့။

Ko Samet ကျွန်းမှာ ပလာတာလာရောင်းတဲ့ ကိုဟူစိန်။ အချဉ် မဟုတ်။ အိမ်ထောင်
ရေးကိစ္စဖြေရှင်းဖို့ သူ့မှာ နည်းလမ်းကောင်း ရှိပြီးသား။ အမေပေးစားတာကိုလည်း
ယူမယ်။ ထိုင်းမှာလည်း တယောက် ယူထားမယ်လေတဲ့။ ဟဲ...ဟဲ။ ကိုဟူစိန် ထိုင်းမှာ
ပျော်ပါတယ်။ ညနေလေးနာရီလောက်မှ အလုပ်စတယ်။ ကမ်းခြေမှာ တညလုံးရောင်း
တယ်။ မနက်ခင်း သုံးနာရီလောက်ဆို ဆိုင်သိမ်းပြီ။ ထိုင်းလိုလည်း လည်လည်ဝယ်ဝယ်
ပြောတတ်။ အရွှတ် အနောက်ကလေး ကလည်းရ။ ပလာတာကြိုက်တဲ့ ထိုင်းပျိုဖြူတွေ
ကိုဟူစိန်ကို ပြုံးစိပြုံးစိနဲ့။ သူ့ပလာတာကလည်း တကယ်ကောင်းပါတယ်။












ကိုဟူစိန်က ကမ်းခြေဒစ္စကိုရဲ့ ဒေါင့်မှာ သူ့လည်းကိုထိုးပြီး ပလာတာရောင်းတယ်။ ဒစ္စကို
ကလည်း သိကြတဲ့အတိုင်း တအုံးအုံးနဲ့။ ညနက်လေ ပိုဆူလေပဲ။ လူတွေကလည်း အော်
ဟစ် ကခုန်။ သောက်စား ပျော်ပါး။ ကိုဟူစိန်ကလည်း ဒစ္စကိုကထွက်လာတဲ့ ဒီဂျေတီးလုံး
ကို နောက်ခံထားပြီး ခြေလှုပ်ခေါင်းလှုပ်နဲ့ ပလာတာတွေကို တချပ်ပြီးတချပ် ပျော်ပျော်
ကြီးကြော်။ မကြာခဏ ထွက်လာတဲ့သီချင်းကလည်း လတ်တလောခေတ်စားနေတဲ့ ၀ါကာ
ဝါကာ အေး အေ။ ကိုဟူစိန်ကလည်း ဘောလုံးပွဲဆို အသေကြိုက်။ ၀ါကာ ၀ါကာကိုလည်း
ကြိုက်။

ကဲ ပျော်စရာမကောင်းဘူးလား။ မိတ်ဆွေတို့လည်း ထိုင်းကိုရောက်လို့ Ko Samet
ကျွန်းကို သွားလည်ရင် ကိုဟူစိန်ကို ရှာကြည့်ပါလား။ တွေ့ ရင် ဒို့က နှုတ်ဆက်တယ်
လို့ ပြောပေးပါ။ သူ့အိမ်ထောင်ရေးအခြေအနေကို စိတ်ဝင်စားရင်လည်း မေးကြည့်ပေါ့။
ကိုဟူစိန်က သဘောကောင်းတယ်။












(ဓါတ်ပုံတွေက ငါ့လက်ချက်ပေါ့)

Thursday, July 15, 2010

ကြားနေကျဇတ်လမ်း












ထိုင်းနိုင်ငံ စံကရဘူရီမွန်ရွာကြီးကနေ ဘုရားသုံးဆူမြန်မာနယ်စပ်ကို ကားနဲ့
သွားရင် နာရီဝက်လောက်ဆို ရောက်ရော။ ဟိုင်းလက်စ်ကားတွေက နာရီဝက်
တစီး အသွားအပြန်ရှိတယ်။ ဒီလိုနဲ့ ငါလည်း နယ်စပ်ကို သွားရောဆိုပါတော့။

ရွာကနေထွက်လို့ ဆယ်မိနစ်လောက်အကြာ လမ်းခုလတ်မှာ ကျွတ်ကျွတ်အိတ်
တလုံးကိုင်ထားတဲ့ အမျိုးသမီးတဦး ကားကိုတားလို့ ရပ်ပေးတယ်။ ဒီနယ်မှာက
ထိုင်းလို့သာပြောတာ အများစုက မြန်မာပြည်သားတွေ။ ၀တ်တာစားတာလည်း
မြန်မာပြည်အတိုင်း။ အခုအမျိုးသမီးကလည်း သနပ်ခါးနဲ့၊ ထမီနဲ့။ ထူးခြားတာ
တခုက သူငိုထားတယ်။

သူ့ရဲ့ သနပ်ခါးတချို့  ပျက်နေတယ်။ ငါလည်းမသိချင်ယောင် ဆောင်နေလိုက်ပါ
တယ်။ အမျိုးသမီးက ငါ့ဘေးနာမှာ ကပ်ရက်လာထိုင်တယ်။ အသက်လေးဆယ်
လောက်ရှိရောပေါ့။ ပိန်ပိန်ပါးပါး။ ညိုညိုသွယ်သွယ်။ ကားပေါ်မှာ ငိုမနေဘူးဆို
ပေမဲ့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝေ့လို့။ ကားကလည်း တားတဲ့သူရှိရင်
ရပ်ပေးလိုက်။ ဆင်းတဲ့သူရပ်ပေးလိုက်နဲ့ တဖြေးဖြေးဆက်သွားနေတယ်။ စိတ်ထဲ
မှာတော့ ငါ့ဘေးက အမျိုးသမီး ဘာကြောင့်ငိုထားရပါလိမ့်ဆိုတဲ့ မေးခွန်းက ရှိနေ
တယ်။

အလုပ်ရှင်နဲ့ အဆင်မပြေတာလား။ ယောက်ကျားကပဲ နှိပ်စက်လို့လား။ ဘာပြဿ
နာများ ငိုရလောက်အောင် တက်နေပါလိမ့်။ ငါတို့မြန်မာအမျိုးသမီးတွေအကြောင်း
ထိုင်းဘက်မှာ ကြားရတာတွေက ရင်လေးစရာတွေက ခပ်များများ။ ဘာများဖြစ်လို့
ပါလိမ့်။ ကြာကြာ အောင့်မထားနိုင်ဘူး။ ခဏကြာတော့ ငါကပဲစကား စလိုက်တယ်။

အမကြီး နယ်စပ်သွားမလို့လား ဆိုတော့။ မဟုတ်ဘူး မော်လမြိုင်ပြန်မလို့တဲ့။ အမေ
ဆေးရုံတင်ရတယ်ဆိုလို့ ချက်ချင်းပဲထွက်လာတာ။ ဒီမှာက အလုပ်အကိုင်ကလည်း
အဆင်မပြေ။ အလုပ်ရှင်ကလည်း လခနည်းနည်းနဲ့ခိုင်း။ တရားဝင် အလုပ်သမားဖြစ်
အောင် လုပ်ဖို့ကလည်း ငွေမတတ်နိုင်။ သားသမီးသုံးယောက်ကလည်း မြန်မာပြည်
မှာ ပညာရေးတပိုင်းတစ။ ယောက်ကျားကလည်း ဆုံးသွားတာကြာပြီ။ မော်လမြိုင်
အိမ်မှာ လူကြီးဆိုလို့အမေပဲရှိတာ။ အမေက အသက်ကိုးဆယ်ရှိပြီ။ အခုတခါဆေးရုံ
တင်တာ မျှော်လင့်ဖို့သိပ်မရှိဘူးဆိုတာ သိရတော့ ၀မ်းနည်းပြီး ငိုနေခဲ့တာလို့ ပြောပါ
တယ်။













ငါဘာပြောရမှန်း မသိဘူး။ သားသမီးတွေက တော်တော်ကြီးပြီလားလို့ မေးလိုက်
တယ်။ အကြီးဆုံးက သမီး။ သူက အခုသူနာပြုတက္ကသိုလ်မှာ တက်နေတယ်။ အဲ
ဒီကိုတက်နိုင်အောင် သမီးက တမင်ကြိုးစားခဲ့ရတာ။ သူ့အဖေဆုံးတုန်းက ဘယ်
ဆေးရုံကမှ လက်မခံခဲ့ဘူး။ ဆရာဝန်တွေ စေတနာထားရင် ရှင်နိုင်ရက်နဲ့ ငွေမရှိ
လို့ သေရတာ။ သမီးက အဲဒီကတည်းက ဆရာဝန် မဖြစ်ရင်တောင် သူနာပြုဖြစ်ရ
မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာ။

သမီးအတွက် ကျောင်းစရိတ်ကလည်း မသေးလှဘူး။ ရန်ကုန်မှာတက်နေရတော့
ပိုကုန်တယ်။ သမီးက လိမ္မာပါတယ်။ အမေ ဒီက မတန်တဆလုပ်ပြီး ရတဲ့ငွေကို
ချွေချွေတာတာ သုံးရှာပါတယ်။ သားနှစ်ယောက်ကတော့ အလယ်တန်းနဲ့အထက်
တန်းမှာ။ ကျမက ဒီဘက်မှာအလုပ်လုပ်နေတော့ မိသားစုကို အမေနဲ့ပဲထားခဲ့တာ။
အခုတော့ အမေဆုံးရင် ကျမ ဘာလုပ်ရမှန်းမသိဘူး။ မော်လမြိုင်မှာ ဘာမှရှာစား
လို့ မဖြစ်ဘူး။ ရတဲ့ငွေနဲ့ မလောက်နိုင်ဘူး။ အိမ်ကိုရောင်းမယ်ဆိုလည်း ကျမတို့အိမ်
ရှိတဲ့ရပ်ကွက်က ဈေးမရဘူး။

ဒုက္ခကတော့ ကိုယ်တယောက်ထဲ ကြုံနေရတာမဟုတ်ပါဘူး အမရယ်လို့ ခပ်ညံ့ညံ့
အားပေးစကား ပြောမိတယ်။ ကျမက ကျောင်းဆရာမ လုပ်ခဲ့တဲ့သူပါ။ မော်လမြိုင်
တက္ကသိုလ်က ဘွဲ့ ရပါတယ်။ ကျောင်းဆရာမ ဘ၀မှာတုန်းကလည်း ကိုယ့်အထက်
လူကြီးတွေ မဟုတ်တာလုပ်တာတွေကို ကြာကြာငြိမ် မခံနိုင်ဘူး။ ထိုင်းဘက်ကိုထွက်
လုပ်တာကမှ ပိုက်ဆံလည်းပိုရတယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုပြီး ထွက်လာတာ။
ကျမက မုဆိုးမဘ၀နဲ့ရုံးကန်ခဲ့တာ။ ဒုက္ခကိုကြောက်တဲ့သူ မဟုတ်ဘူး။ အခုတော့
အမေမရှိရင် ကလေးတွေကို ဘယ်သူနဲ့ထားရမှာလဲ။ ကျမ မော်လမြိုင်အိမ်မှာ နေ
တော့ရော ဒီမိသားစုက ဘာနဲ့စားကြမှာလဲ။ မျက်ရည် ၀ဲပြန်ပါတယ်။












စကားလမ်းကြောင်း ပြောင်းဖို့ ငါဆုံးဖြတ်လိုက်တယ်။ ဘုရားသုံးဆူကနေ မော်လမြိုင်
ကိုသွားရင် ဘယ်လောက်ကြာလဲဗျ ဆိုတော့။ တကယ်ဆို တရက်ခရီးလောက်ပဲသွား
ရတာပါ။ အခုဟာက မိုးတွင်း။ လမ်းတွေက မကောင်းဘူး။ ရေလမ်းလည်း မပေါက်။
ကားလမ်းကလည်း ပျက်ဆိုတော့။ သံဖြူဇရပ်ရောက်အောင် တောထဲကပဲ လမ်း
လျှောက်သွားရမယ်။ လမ်းမှာ နှစ်ညအိပ်ရမယ်။ အဲဒါကြောင့် ဓါးမတချောင်း ယူခဲ့ရ
တာလို့ သူ့ကျွတ်ကျွတ်အိတ်ထဲက ဓါးတပိုင်းတစကို ပြပါတယ်။

ပြောရင်းဆိုရင်း သူဆင်းရမယ့် နေရာနားကို ရောက်လာတယ်။ နယ်စပ်ထိ မလိုက်
ဘူးလားအမလို့ မေးတော့။ ကျမက လိုက်လို့မဖြစ်ဘူး။ နယ်စပ် မရောက်ခင် စစ်
ဆေးရေးဂိတ်ကို ဖြတ်ရမှာ။ ကျမက ဘာစာရွက်စာတမ်းမှ ရှိတဲလူမဟုတ်ဘူးလို့
ပြောပြီး ကားပေါ်က ဆင်းသွားပါတော့တယ်။ ကားပေါ်မှာကျန်ခဲ့တဲ့ငါက သူ့ကို
ပြုံးပြလိုက်တော့ သူကပြန်ပြုံးပြတယ်။ ပြီးတော့ သူ့ရဲ့ အိတ်ထဲက ဓါးမကိုထုတ်ပြီး
တောထဲကို ၀င်သွားပါတော့တယ်။

ဒီအကြောင်းကို မရေးဘူးလို့ စိတ်ကူးထားတာ။ မရေးချင်ရတဲ့ အကြောင်းက
စိတ်မကောင်းစရာ အကြောင်းတွေကိုရေးရင် ဖတ်မိတဲ့သူတွေအတွက် အပူ
အပင်ပေးသလိုဖြစ်မှာရယ်။ ဒီလိုအကြောင်းတွေက မြန်မာပြည်မှာ တနေ့
တခြားများများ လာနေတာကြောင့် မထူးဆန်းတော့သလို ဖြစ်နေတာရယ်။
သူတို့မိသားစုအကြောင်းကို ပြန်ရေးပြရမှာ အားနာတာရယ်။ ကိုယ်တိုင်ကလည်း
ဇတ်နာတဲ့ ဘ၀သရုပ်ဖေါ်ဝတ္ထုတွေကို သိပ်မကြိုက်တာတွေရယ်ကြောင့်ပဲ။

ဒါပေမဲ့ အခု အောင့်ထားလို့မရလို့ ရေးမိသွားပါပြီ။ အားလုံး ခွင့်လွှတ်ကြပါတော့။
ဒီအမျိုးသမီးနဲ့ သူ့ရဲ့ မိသားစု ရှေ့ ရေးကိုတော့ စာဖတ်သူတွေ ဆက်ပြီးမတွေး
စေချင်ဘူး။ ငါလည်း ဆက်မတွေးမိဖို့ သတိထားတယ်။

(ဓါတ်ပုံထဲက လူတွေဟာ အခုဇတ်လမ်းထဲက အမျိုးသမီးနဲ့ ဘာမှမဆိုင်။ စံခရဘူရီ
မွန်ရွာကြီးထိပ်က တံတားပေါ် ညနေခင်းလမ်းလျှောက်သူတွေကို ရိုက်ထားတာ။)

Wednesday, July 7, 2010

မွန်ရွာကြီးကို ရောက်ခဲ့တယ်












ငါက မွန်လူမျိုးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်။ ဒါပေမဲ့ မွန်အကြောင်း
နည်းနည်းပြောမယ်။ ငါ့မှာ မွန်သွေးတမတ်သားပါတယ်။ ဒါကြောင့် အနည်း
အကျဉ်းတော့ ပြောဖို့တာဝန်ရှိတယ်။

မွန်တွေရဲ့ သမိုင်းက ရှည်လျှားတယ်။ သိပ်တော့ မရှုပ်လှဘူး။ မြန်မာပြည်
က လက်ရှိနိုင်ငံရေးပြဿနာတွေ ဖြေရှင်းကြတဲ့အခါ တိုင်းရင်းသားအရေး
ဟာ ရှင်းရအခက်ဆုံးဖြစ်မယ်။ ဒါက အားလုံးသဘောပေါက်ပြီးသား။ တိုင်း
ရင်းသား အရေးဖြေရှင်းကြတဲ့အခါ မွန်နဲ့ရခိုင်က ရှင်းရအခက်ဆုံးဖြစ်လိမ့်
မယ်လို့ ဆိုကြတယ်။ အကြောင်းကတော့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ ရှည်လျှား
တဲ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေ ခိုင်ခိုင်မာမာရှိခဲ့ကြလို့ပဲ။ ထားတော့။

ငါပြောချင်တာ မွန်သမိုင်းမဟုတ်။ ဒီကနေ့မွန်တွေရဲ့ ကိစ္စ။ ဒီကနေ့မွန်တွေ
ဘယ်မှာလဲ။ မွန်တို့ရဲ့ မူရင်းဌာနေ ရာမညမှာတင်မက ကမ္ဘာမှာပြန့်နေကြ
ပြီ။ မြန်မာ ပြည်အပြင်ဘက်မှာဆို ပထမအများဆုံးက ထိုင်း။ ဒုတိယက
မလေးရှား။ နောက် စင်္ကာပူ။ အမေရိကားမှာလည်း ရာနဲ့ချီပြီးရှိနေပြီ။ သြစ
တေးလျှမှာလည်း ရှိနေပြီ။ ဥရောပမှာလည်း ရှိနေပြီ။ ပြည်ပရောက်မွန်
အရည်အတွက်ခန့်မှန်းဖို့ခက်တယ်။ သိန်းနဲ့ချီရှိတာတော့သေချာတယ်။












မွန်တို့ရဲ့ ဒုတိယအိမ်လို့ပြောရင်ရမယ့် ထိုင်းနိုင်ငံက စံခရဘူရီ အရပ်ကို
ဟိုတနေ့ကပဲ ငါရောက်ခဲ့တယ်။ အဲဒီမှာ မွန်ရွာကြီးတရွာရှိတယ်။ ဘုရားသုံး
ဆူနယ်စပ်နဲ့ နီးတယ်။ မွန်မြန်မာစစ်ပွဲတွေနောက်ပိုင်း ထိုင်းဘက်ကို ထွက်
ပြေးလာခဲ့တဲ့ ရှေးမွန်ကြီးတွေက အခြေစချခဲ့တဲ့ အရပ်ပေါ့။

သာယာတယ်။ အေးချမ်းတယ်။ တောင်တွေ၊ တောတွေ ၀ိုင်းထားတဲ့အရပ်။
ဒီဒေသရောက် မွန်တွေဟာ အခုထိသူတို့ ဘာသာစကားကို ထိမ်းထားနိုင်
ကြတုန်း။ ထိုင်းပေါက် မွန်ကလေးတွေလည်း ထိုင်းနိုင်ငံသားတွေဖြစ်ပေမဲ့
အိမ်မှာ မွန်လိုပဲပြောတယ်။ မွန်လိုပဲ ၀တ်ကြ၊ စားကြတယ်။ မွန်ဘုရားကျောင်း
ကိုသွားတယ်။ ဒီအရပ်မှာ ထိုင်းဘုရင်က ကိုးကွယ်တဲ့ မွန်ဘုန်းတော်ကြီး
တပါးရှိခဲ့ဖူးတယ်။ ဒီကိုယ်တော်ကြီးရဲ့  အရှိန်အ၀ါတချို့  အခုချိန်ထိ ကျန်
နေတုန်း။

မွန်တွေဟာ ရှမ်းတွေလိုပဲဗုဒ္ဒဘာသာကို အလွန်ယုံကြည်တယ်။ တိုးတက်တဲ့
နိုင်ငံရေး အမြင်ရှိသူ လူငယ်တချို့ ကတော့ ဒီအချက်ကို အားနည်းချက်လို့
မြင်တယ်။ ဘာသာရေးအစွဲအလန်း သိပ်ကြီးတယ်ပေါ့။ မွန်လူမျိုးတယောက်
ဆီမှာ လူမျိုးရေး၊ နိုင်ငံရေးအတွက် အကူအညီပေးဖို့တောင်းရတာ ခက်သ
လောက် ဘာသာရေးအတွက်ဆို အလွယ်တကူ (သိပ်မစဉ်းစားပဲ) အကူအညီ
ပေးတတ်သတဲ့။

ငါပုဂံကိုရောက်တုန်းက မနူဟာဘုရားကို ရောက်ခဲ့တယ်။ စစ်ရှုံးဘုရင် မနူဟာ
က တည်ထားခဲ့တဲ့ ဘုရား။ သူ့ရဲ့ မွန်းကျပ်မှု၊ ဆုံးရှုံးမှု၊ မကျေမနပ်ဖြစ်မှုတွေကို
အလွယ်တကူမြင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တည်ထားတဲ့ဘုရား။ ပိသုကာ
ပညာ၊ အနုပညာဖန်တီးမှု အားကောင်းတဲ့ဘုရားတဆူပါပဲ။ ဒီဘုရားထဲရောက်
သွားရင် မွန်းကျပ်မှုကိုအလွယ်တကူ ခံစားရတယ်။ စစ်ရှုံးခဲ့ရသူကိုး။












ထိုင်းမြန်မာနယ်စပ်က ဘုရားသုံးဆူဒေသဟာ။ ဘုရားသုံးဆူရှိနေတာကို အစွဲ
ပြုပြီး ခေါ်ကြတာ။ အဲဒီ ဘုရားသုံးဆူဆိုတာကလည်း မွန်မြန်မာစစ်ပွဲကြောင့်
ထွက်ပြေးလာကြသူ စစ်ပြေးဒုက္ခသည်တွေက တည်ထားခဲ့ကြတာတဲ့။

တကယ်တော့ မွန်မြန်မာစစ်ပွဲဟာ ပြီးသွားပြီလို့ပြောရင်လည်း ရတယ်။ မပြီး
သေးဘူးလို့ပြောရင်လည်း ရတယ်။ မွန်ပြည်သစ်ပါတီဆိုတာက စစ်အစိုးရနဲ့
အပစ်ရပ်ထားတယ်ဆိုပေမဲ့ ဆက်ဆံရေးက မခိုင်မာလှဘူး။ လက်နက်လည်း
ချသေးတာ မဟုတ်ဘူး။ ပြည်တွင်းစစ်က မြန်မာပြည်မှာ မပြီးသေးဘူး။

ကရင်ကလည်း ကရင့်အခွင့်အရေး တောင်းနေတုန်း။ ရှမ်းကလည်း ရှမ်းအခွင့်
အရေး တောင်းနေတုန်း။ မွန်ကလည်း မွန်အခွင့်အရေးကို တောင်းနေတုန်း။
တောင်းလို့မရရင် တိုက်မယ်ဆိုတဲ့စိတ်ဓါတ်တွေက ရှိနေကြတုန်း။ ဆိုတော့
ငြိမ်းချမ်းရေးဟာ ဘယ်မှာတုံး။ ပြည်တွင်းစစ်ရဲ့ နိဂုံး ဘယ်တော့ စမှာတုံး။

မွန်ရွာကြီးကိုရောက်တော့ မွန်ကလေးငယ်တယောက်ကို မေးကြည့်တယ်။
မွန်တွေရဲ့ မူရင်းဒေသက ဒီနေရာမဟုတ်ဘူးဆိုတာ သိလားဆိုတော့ သိ
တယ်တဲ့။ ဘယ်မှာလဲဆိုတော့ ဟိုးမြန်မာပြည်မှာတဲ့။ အဲဒီကိုပြန်ပြီး နေချင်
လားဆိုတော့ မသိဘူးတဲ့။ မနေချင်ဘူးတဲ့။ ပြုံးပြုံးလေးပဲ ပြောပါတယ်။

ငါလည်း ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။ မူရင်းဒေသကို တကယ်ပဲ ပြန်ပြီး
နေချင်သေးတုန်းပဲလားလို့။ ပြုံးပြုံးလေးတော့ မဟုတ်ပေမဲ့။ အဖြေချင်းက
တော့ အတူတူပဲ။












အခြေအနေတွေ ပြောင်းလာရင်တော့ အဖြေကလည်း ပြောင်းလာမယ်လို့
ထင်ရတယ်။ ခက်တာက အခြေအနေတွေ ပြောင်းလာဖို့ပဲ။ မိတ်ဆွေတို့ရော
ဘယ့်နဲ့လဲ။ တကယ်ပဲမူရင်းအရပ်ကို ပြန်ချင်နေကြသေးလား။

မွန်အကြောင်းရေးတာ နိုင်ငံရေးတွေ များသွားတယ်။ နိုင်ငံရေးဆို မျက်စိကျိန်း
နေသူများ သည်းခံပြီးသာဖတ်ကြပါကုန်။

( ဓါတ်ပုံတွေကတော့ ငါ့ဟာတွေချည်းပဲ )

Tuesday, June 29, 2010

ကိုယ်ဖေါ့ထားသူများ













ဒို့မြန်မာတွေ ဒုက္ခရောက်တာ ကြာပြီ။ ဒါဟာ အသစ်အဆန်း မဟုတ်။
ကမ္ဘာသိကိစ္စ။ မြန်မာတွေရဲ့ ထူးခြားချက်တခုက ဘယ်လောက်ဒုက္ခ
ရောက်ရောက် ခပ်ပြုံးပြုံးပဲတဲ့။ မြန်မာပြည်ရောက်ဖူးတဲ့ မိတ်ဆွေနိုင်ငံ
ခြားသားတွေကလည်း ဒီသဘောပြောကြတယ်။ ဒီကိစ္စ ဟုတ်၊ မဟုတ်ဆို
တာတော့ စဉ်းစားစရာ။

ဘယ်သူ့အဆိုအမိန့်မှန်းမသိတဲ့ ဆောင်ပုဒ်တခုကလည်း ဒို့မြန်မာတွေ
အတော်လက်ခံထားတာ သတိထားမိတယ်။ ရောက်တဲ့အရပ်မှာ ပျော်
အောင်နေ.. ဆိုပဲ။ ရတာလေးနဲ့ပဲ လောက်အောင်သာစားပါ..တဲ့။ ရှိတာ
လေးနဲ့ သာ လှအောင်ဝတ်ပါကွာ..တဲ့။ အပြိုင်အဆိုင်ရှိလာရင်လည်း
အရှုံးသာပေးလိုက်တဲ့။ ဆိုရှယ်လစ်ခေတ်က ပေါ်ခဲ့တဲ့ဆောင်ပုဒ်ပါ။ မတိုး
တက်ရင်လည်းနေ။ တင်းတိမ်နိုင်အောင် ကျင့်ကြံကြ ဆိုတဲ့သဘော။ ဒါဟာ
အငြင်းအခုံလုပ်သင့်တဲ့ကိစ္စ။ တိုးတက်ရေးအတွက် တော်တော်အနှောက်
အယှက်ဖြစ်စေတဲ့ အယူအဆလို့ပြောပါရစေ။

ဒို့မြန်မာတွေ ခပ်ပြုံးပြုံးဖြစ်ရတဲ့အကြောင်းက ဒီအယူအဆတွေနဲ့များ အဆက်
အစပ်ရှိနေမလား။ မြန်မာဒုက္ခသည်စခန်းအချို့ ကို ရောက်ဖူးတယ်။ ကိုယ့်ရပ်
ကိုယ့်ရွာမှာနေသလို တော်တော်များများက အေးအေးသက်သာနဲ့။ ကိုယ့်
မြေကိုယ့်ရေမှာထက် လုံခြုံနေတာလည်းပါမယ်။ ခပ်ပြုံးပြုံးပဲ။ ဈေးတန်းနဲ့၊
ပွဲလမ်းနဲ့။

ဘုရားသုံးဆူနယ်စပ်မှာ တနေ့လုပ်၊ တနေ့စား အလုပ်လုပ်နေကြတာ မြန်မာ
လူငယ် အများစု။ သူတို့လည်း ခပ်ပြုံးပြုံးပဲ။ အပူအပင် နည်းကြပုံရတယ်။
လူကြီး အချို့ ရဲ့ မျက်နှာမှာတော့ ရုန်းကန်ရတဲ့ဘ၀က ပင်ပန်းလှတဲ့ အရိပ်
တွေ မြင်ရတယ်။












မြန်မာတွေ ဒုက္ခရောက်တာ မဆန်းဘူးလို့ အစချီခဲ့တာကို ပြန်ကောက်ချင်
တယ်။ မြန်မာ့ဒုက္ခတွေအကြောင်း မြင်ခဲ့၊ တွေ့ ခဲ့၊ ခံစားခဲ့ရပေမဲ့ ဒီအကြောင်း
တွေကို ပြောမပြချင်တော့ဘူး။ ဆန်းလည်း မဆန်းတော့ဘူးကိုး။ တတိုင်းပြည်
လုံးလိုလိုက ဇတ်နာနေပြီးသား။ မြန်မာတဦးချင်းစီမှာကို ကြေကွဲနာကျင်ဖွယ်
ဇတ်လမ်းတွေ များပြီးရင်း များရင်း။ နေ့စဉ်နဲ့အမျှ။

မီးမမှန်၊ ရေမမှန်။ ကုန်ဈေးနှုန်းတွေ မြင့်တဲ့ဒဏ်။ ပညာရေး၊ ကျန်းမာရေးချို့ 
တဲ့လွန်းတဲ့ဒဏ်။ ဥပဒေရဲ့  အကာအကွယ် မရတဲ့ဒဏ်။ အာဏာပိုင်တွေရဲ့ 
မတရားတဲ့ဒဏ်။ ဟိုဒဏ်၊ ဒီဒဏ်တွေကို ရင်ဆိုင်ရင်း နှစ်ပေါင်းများစွာ ဖြတ်
သန်းနေကြတာကိုက အံ့သြစရာ။ ဗိုလ်သန်းရွှေကလည်း မကြည့်။ ဒေါ်စုက
လည်း မကယ်နိုင်။ ပြည်ပရောက်တော်လှန်သူများကလည်း မကူနိုင်။ ဆယ်
နှစ်လည်း မဟုတ်၊ ဆယ့်ငါးနှစ်လည်း မဟုတ်။ အနှစ်နှစ်ဆယ်လည်း မဟုတ်။
ဒီကြားထဲမှာ ပြုံးနေကြတုန်းပဲဆိုတာဟာ သာမန်ကိစ္စမဟုတ်။ အထူးတဆန်း
ကိစ္စဖြစ်ရပြီ။












ဒို့မြန်မာတွေ ဒုက္ခပင်လယ်ထဲမှာ ကိုယ်ဖေါ့တတ်လွန်းနေသလား။ စဉ်းစား
စရာ။ ကိုယ်ဖေါ့ထားတဲ့အကြောင်းတွေကိုပဲ ရွေးပြီးရေးတော့မယ်လို့ စိတ်ကူး
ထားတယ်။ အဲဒါကိုက ကိုယ်ဖေါ့နည်းတမျိုးပဲ ဖြစ်လိမ့်မယ်ထင်တယ်။
မိတ်ဆွေတို့ရော ကိုယ်ဖေါ့ထားကြတာ ဘယ်လောက်ကြာပြီလဲ။

အခုရေးတဲ့စာတွေကို နယ်စပ်ဖြတ်ကျော်ပြီး ရှာဖွေစားသောက်ကြရတဲ့
ဒို့မြန်မာတွေ၊ မြန်မာပြည်ထဲမှာပဲ လှော်ရင်းနစ်နေရတဲ့သူတွေ မဖတ်မိပါ
စေနဲ့လို့ ဆုတောင်းတယ်။ သူတို့သာ ဖတ်မိရင်။ နင်သိတာက နည်းနည်း
လေးလို့ အပြစ်တင်ကြမှာ။












ဓါတ်ပုံတွေက ထိုင်းမြန်မာနယ်စပ်မှာ ကိုယ်ဖေါ့ထားကြသူလေးတွေပါ။
ရိုက်တာကိုခွင့်တောင်းခဲ့ပေမဲ့ ဒီဘလော့ဂ်မှာ တင်ဖို့ခွင့်မတောင်းမိခဲ့ဘူး။
ကိုယ်ဖေါ့ထားသူများ အားလုံးကို လေးစားပါတယ်။

Monday, June 28, 2010

မြေ













မြေပြဿနာဟာ လူ့သမိုင်းအစကတည်းက ရှိခဲ့တယ်။ သူ့မြေ ၊ ကိုယ့်မြေခွဲခြားလို့
သေဆုံးရတဲ့လူတွေ၊ ဘ၀ပျက်ရသူတွေ မရေတွက်နိုင်ဘူး။ အခုထိ ရှိနေတုန်း၊
ဖြစ်နေတုန်း။ မြေကြောင့်ဖြစ်ရတဲ့ စစ်ပွဲတွေ၊ မိသားစုတွင်း ရန်ပွဲတွေ၊ ဆွေမျိုးရေး
ပဋိပက္ခတွေ၊ မခေါ်နိုင်၊ မပြောနိုင်ဇတ်လမ်းတွေ မဆုံးနိုင်တော့ဘူး။ မြေကြီးပေါ်
မှာ လူတွေရှိနေသရွေ့  တက်နေမယ့်ပြဿနာပဲ။

မြန်မာနိုင်ငံတော်သီချင်းကိုပဲကြည့်။ ဒါ..ဒို့ပြေ..ဒါ...ဒို့မြေတဲ့။ မြေဟာ အရေးကြီး
သဟဲ့။ လူတယောက်အတွက် မြေဘယ်လောက်လိုသလဲဆိုတဲ့ မေးခွန်းက ဖြေရင်
အရှည်ကြီး။ ငါအပါအ၀င် သန်းနဲ့ချီတဲ့မြန်မာတွေ ကိုယ့်မြေကိုယ် စွန့်ခွါလာခဲ့ကြပြီ။
ငါ့အမျိုးတွေလည်း စွန့်ခွါလာနေကြပြီ။ နောက်ဆယ်နှစ်ဆို ပြည်ပရောက်မြန်မာတွေ
အဆမတန်တိုးလာတော့မယ်။ ဒီကိစ္စဟာ အခုချိန်မှာ အဆန်းမဟုတ်တော့။

ဆန်းတာကတော့ မြန်မာမြေကို ခဏတဖြုတ် ငါပြန်နင်းခဲ့ရတာပဲ။ ဆယ့်ငါးမိနစ်
လောက်နင်းခဲ့တယ်။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ က ဒို့ပိုင်တဲ့မြေကိုပေါ့။
ကြာကြာတော့ မနင်းရဲဘူးဗျ။ မြန်မာဘက်က စစ်လားဆေးလားလုပ်လာရင် လိုတာ
ထက်ပိုပြီး ရှင်းနေရဦးမယ်။ သိတဲ့အတိုင်း။ မြန်မာအာဏာပိုင်တွေက သူတို့ကိုရှင်း
ပြရင် မကြိုက်ဘူး။ (နားမလည်နိုင်တာလည်း ပါတယ်) သူတို့နဲ့ရှင်းရင် ရှုပ်တတ်တယ်။
ကိုယ့်မြေလား။ သူ့မြေလား။ ဒို့မြေလားဆိုတာ ရှင်းရင်းရှုပ်ကုန်မှာစိုးလို့ မသိမသာနင်း
ပြီး ပြန်ထွက်လာခဲ့တယ်။













ထိုင်းနဲ့မြန်မာနယ်စပ်ဆိုတာက မြေချင်းရေချင်းဆက်နေတော့ သူ့မြေကိုယ့်မြေ ထိဖို့
ဆိုတာ လွယ်သပေါ့။ ကိုယ့်အတွက်သာ မြန်မာမြေ ပြန်ထိဖို့ခက်နေတာ။ နယ်စပ်နေ
ပြည်သူတွေအတွက် ဒါဟာ ဘာမှစာဖွဲ့ စရာမဟုတ်။ ငါက နယ်စပ်နေပြည်သူတဦး
မဟုတ်တော့လည်း အခုလိုစာဖွဲ့ နေရသပေါ့ကွယ်။












မြန်မာမြေကိုမထိရတာ ဆယ်စုနှစ်တွေချီခဲ့ပြီ။ ကိုယ့်မြေကိုယ်ပြန်ထိရတာ ပျော်စရာ
လည်း မကောင်းပါဘူး။ မြန်မာပြည်ပြန်ရောက်သဟဲ့လို့ ပြောလို့ရရုံ။ စတိလောက်ပျော်
ရတာပါ။ ကြည့်လေ ငါနင်းခဲ့ရတဲ့မြန်မာမြေဆိုတာကလည်း နယ်စပ်ဂိတ်ကမြေ။ အဲဒီ
မှာက ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တွေချွေးတပ်ဆွဲပြီးဖေါက်ခဲ့တဲ့ သေမင်းတမန်လမ်း
ရဲ့ အဆုံး။ ဒို့မြန်မာတွေသောက်သောက်လဲ သေခဲ့ရတဲ့ ရထားလမ်းပြတ်ကြီးရှိတဲ့နေရာ။












နယ်စပ်မှာတွေ့ ရတဲ့ မြန်မာတွေအကြောင်း နောက်မှဆက်ရေးမယ်။

(ဓါတ်ပုံ၊ ကိုယ်တိုင်ရိုက်)

Thursday, June 17, 2010

ဘောပွဲကြည့်ရ ငါ့ဘဝ












အီဖေကိုက ဘောပွဲခရေဇီ မဟုတ်။ သို့သော် ဘောခရေဇီတိုင်းပြည်တခုမှာ
ရောက်နေတုန်း ကမ္ဘာ့ဘောပွဲကြီးနဲ့ကြုံနေပါလေရော။ အခုထိုင်းဝန်ကြီးချုပ်
အဘီဆစ်ကိုယ်တိုင်ကလည်း ဘောခရေဇီတဲ့။ သူ့ထက်ပိုပြီး ခရေဇီသူကတော့
သူ့အရင်ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဆရာသတ်ဆင်ပဲ။ အခု ပြည်ပြေးဖြစ်နေရသူ
ပေါ့။ အင်္ဂလန်က ဘောလုံးအသင်းကိုတောင် ၀ယ်ခဲ့သေးတာတဲ့ဗျား။

ထိုင်းတွေကမ္ဘာ့ဖလားမှာ ၀င်ကန်ကြရင်တော့ နေလို့ကိုရမှာမဟုတ်တော့ဘူး။
ဘယ်လောက်များ ရူးလိုက်ကြမယ်မသိ။ နိုင်ငံအလိုက် ဘောလုံးအသင်း အကျီ င်္
တွေရောင်းတဲ့ဆိုင်တွေလည်း မနည်းဘူး။ ၀တ်တဲ့လူတွေလည်း မနည်းဘူး။ ဘာ
ပဲပြောပြော အာရှသားတွေ အားကစားကို ခရေဇီဖြစ်တာတော့ အီဖေကိုကြီး
အားပေးသကွယ်။

ဟိုတနေ့ကပဲ အာရှသားတွေနဲ့လက်တင်အမေရိကန်တွေ ကန်တဲ့ပွဲမှာ ဘောပွဲ
အကြောင်း ကောင်းကောင်းမသိတဲ့ငါ။ အာရှသားကိုပဲ မျက်စိမှိတ်ပြီး အားပေး
ခဲ့သေးတယ်။ မြောက်ကိုရီးယားနဲ့ ဘရာဇီးလ်ပွဲပေါ့။ ဖြစ်ချင်တော့ ကိုယ်အား
ပေးခါမှသူ့ခမျာ ရှုံးရရှာတယ်။

ဒါပေမဲ့ ဘရာဇီးလ်လို ဘော်လုံးဖက်မွေးလာတဲ့ နိုင်ငံကို ၂ဂိုး၁ဂိုးနဲ့ရှုံးရတာကိုပဲ
ပြန်ပြီးဂုဏ်ယူလိုက်ပါတယ်လေ။ ဘရာဇီလ်းကိုတလုံးပြန်သွင်းနိုင်တာ နည်းတာ
မှတ်လို့။ ဒါမှငါတို့ရဲ့ မြောက်ကိုရီးယားကွ။ အချဉ် မဟုတ်ဘူးဟေ့။ အာရှသားတဲ့
နော်။ နျူကလီးယားလည်း ရှိသဟ။ ညိမ်ညိမ်နေကြ။












ပြောခဲ့တယ်မဟုတ်လား။ ဘောပွဲစိတ်မပါသူက အခုဘောပွဲ ကြည့်နေရတယ်ဆို
တာကို။ အဲဒီအကြောင်းရှင်းပြချင်လို့ ဒီစာကိုရေးရတာ။ ကြည့်ချင်လွန်းလို့ တက်
ကြွပြီးကြည့်နေတာ မဟုတ်။ တနိုင်ငံက တနိုင်ငံကိုပြောင်းနေရတာဆိုတော့
အချိန်ကွာသမို့လား။Jet Lag ဖြစ်နေတာ။ အချိန်နဲ့အညီခန္တာကိုယ်က လိုက်မ
ပြောင်းနိုင်တာပေါ့။













ညသန်းခေါင်ဆို နိုးပြီ။ နေ့လည်ခင်းဆို ငိုက်ပြီ။ ဆိုတော့ ကမ္ဘာ့ဘောပွဲကြီးနဲ့
အီဖေကို တည့်တည့်ကြီးကို တိုးကြလေသတည်းပေါ့။ အဆိုးထဲက အကောင်း
ပြန်တွက်ပြီး ကမ္ဘာ့ဖလားပွဲကြည့်ရ နည်းသလားဆိုတဲ့ စိတ်နဲ့ အားပေးနေရ
ကြောင်းပါဗျား။ အောင်မယ်။ ကိုယ်လိုလူ(နေ့ငိုက် ညပြူး)သမားတွေက အများ
သားနော့။ သူတို့ကတော့ Jet Lag သမားတွေမဟုတ်ဘူးဗျို့ ။ ဘောပွဲကြည့်ချင်
လွန်းလို့ကို အိပ်ရေးအပျက်ခံပြီး တက်ကြွရရှာသူတွေပေါ့။ အော်...ဘောပွဲ...
ဘောပွဲ..။ စွဲသူတွေလည်း ရူးလောက်အောင် စွဲကြပေသကိုး။

(ရုပ်ပုံ၊ အီဖေကိုနဲ့ဂူဂလ်တို့ ပူးတွဲတင်ဆက်သည်) (ငါ့ဟာ ၂ပုံ ။ ဂူဂလ် ၁ပုံ)

Tuesday, June 15, 2010

ဘော်လုံး၊ အိုးပုတ်နဲ့ -ါ ဆို လာ
















ဒီအလုံးတလုံးကြောင့် တကမ္ဘာလုံး အုံးအုံးကျက်ကျက်ဖြစ်နေတာကိုက စိတ်ဝင်
စားစရာ။ တကယ်ဆို အီစကိုက ဘော်လုံးကို သိပ်ပြီးစိတ်ဝင်စားလှတာမဟုတ်။
ဂိုးလေး တလုံးတလေ၀င်နိုင်ဖို့အရေး ဖြစ်နေလိုက်ကြတာ တရုန်းရုန်းနဲ့။ ဒါကိုပဲ
ကမ္ဘာက ရူးမတတ်ကြိုက်လှပြီ။

အီစကိုက လောလောဆယ် အမေရိကန်ရဲ့  NBA ဘတ်စကက်ဘောကို ကြိုက်နေ
ရှာတယ်။ ဘောလုံးပွဲနဲ့များ တခြားစီ။ သွင်းလိုက်ကြတာ သောက်သောက်လဲ။ နှစ်
စက္ကန့်၊ သုံးစက္ကန့်နဲ့တောင် တလုံးဝင်အောင်သွင်းနိုင်တာများ အံ့ကိုသြလို့။ ဘော
လုံးခင်မျာမှာတော့ တခါတခါ နှစ်ဘက်လုံး အကြိတ်အနယ်ကန်ကြတာတောင်
တလုံးမှ မ၀င်နိုင်ရှာဘူး။ ဒီလောက်ဆိုရင် ဘောလုံးဝါသနာအိုးတွေ ဒေါပွလောက်ပြီ။












ထိုင်းက အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တဲ့နိုင်ငံမဟုတ်ပေမဲ့ ဘောလုံးတော့ အတော်လေး စိတ်
ဝင်စားကြရှာတယ်။ ဘုရင်စံနစ်ရှိတာချင်း တူလို့များလား။ ဘယ်နေရာသွားသွား
ကမ္ဘာ့ဖလားရူးသွပ်မှုနဲ့ ကင်းတာ ခပ်ရှားရှား။ လူစည်ကားတဲ့ တနေရာမှာ ရုပ်သံလိုင်း
နှစ်ခုပေါင်းပြီး ဘောလုံးဇတ်ခင်းနေတာကို အီစကိုက ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်
လိုက်တယ်။












ရုံနဲ့ပြနေတာ။ ပွဲစဉ်တွေနဲ့အချိန်ဇယားနဲ့ ဖြတ်သွားဖြတ်လာတွေ ရုံထဲဝင်ပြီး ဘောပွဲ
ကြည့် နိုင်အောင်လုပ်ပေးထားလေရဲ့ ။ တိုက်ရိုက်လည်းလွှင့်။ သွယ်ဝိုက်လည်းလွှင့်။
(သွယ်ဝိုက်ဟူသည်မှာ...ပြီးခဲ့တဲ့ပွဲတွေကို ပြန်ပြနေတာကို ဆိုလို၏)

ရုံထဲမှာကြည့်လို့ အားမရရင် အပြင်မှာ ကိုယ်တိုင်ထွက်ပြီးကန်နိုင်ဖို့တောင် လုပ်ထားပေး
တယ်။ ဒါပေတဲ့ ဒီဘောပွဲက လက်နဲ့ကန်တဲ့ပွဲ။ ဘာပဲဖြစ်ဖြစ် ထိုင်းတွေကတော့ ဘောဆို
တာနဲ့ ကန်ပြီးသားပဲ။












ဒီနေ့ခေတ်မြန်မာကလေးငယ်တွေ အိုးပုတ်ဆိုတာ ဆော့ကြသေးရဲ့ လား။ အီစကိုတို့
တုန်းကတော့ ဆော့ခဲ့ကြရသဗျား။ စိတ်ကူးတည့်ရာ အရွက်တွေခူး။ အိုးပုတ်ထဲကို
ထည့်ပြီး ဟင်းချက်တမ်း၊ထမင်းချက်တမ်း ကစားခဲ့ရပါတယ်။ အီစကိုတို့ခေတ် မြန်မာ
ကလေးငယ် တို့ရဲ့ ရိုးရာ ကစားနည်းတခုပေါ့။ လူကြီးတွေကလည်း လိုလိုလားလား
ဆော့ခွင့်ပေးတဲ့ ကစားနည်းပါ။












ဟော။ အဲဒီအိုးပုတ်လိုမျိုး မြေအိုးလေးတွေ ဘန်ကောက်မြို့ လည်ခေါင်က
သားသား နားနားကုန်တိုက်ကြီးထဲမှာ အကျအန ရောင်းချနေသဗျား။(သူက
ပိုလှအောင် အရုပ်လေးတွေ ဖေါ်ထားတာပေါ့) မြင်တဲ့အတိုင်း ကောက်ရိုးလေး
တွေအောက်မှာခင်းလို့။ နှီးတောင်းလေးထဲမှာချစ်စရာ အိုးပုတ်လေးတွေ။
ဝင့်လို့ ၊ ထည်လို့။ အင်း....ဈေးကွက်...ဈေးကွက် ။












ဒါကတော့ ဂျပန်လေဆိပ်ထဲက အခွန်လွတ်ဆိုင်တခုပါ။ ဘာများလဲလို့ သေချာအောင်
ဖတ်ကြည့်ရသေးတယ်။ ဂျပန်အသံထွက်ကိုများ အင်္ဂလိပ်လိုရေးထားတယ် ထင်လို့။
ဘယ်ဟုတ်လိမ့်မလဲ။ အတည်ရေးထားတာပါ။ နောက်တာ မဟုတ်ဘူး။

ဂီတသံစဉ်လေးကို လှလို့ ဆိုင်နာမည်ပေးထားတာဖြစ်မှာပေါ့။ အီစကိုကတော့ ဆိုင်နာ
မည်ဖတ်ကြည့်ပြီး အထဲကို မ၀င်ခဲ့ပါဘူး။ အထဲရောက်နေပြီးသား လူတွေကိုပဲ အပြင်က
ထိုင်ကြည့်ခဲ့ပါတယ်။ သူတို့တွေလည်း ရိုးရိုးဈေးဝယ်တွေဖြစ်ကြပုံ ရပါတယ်။ အခွန်လွတ်
ဈေးမဟုတ်လား။












ဟိုးအပေါ်ဆုံးက ပုံကတော့ ၀ိုင်ခွက်တွေကို ဆေးပြီးမှောက်ထားတာမဟုတ်ပါဘူး။
မီးလုံးမီးဆိုင်းတွေနေရာမှာ အလှဖြစ်အောင် အင်စတော်လေးရှင်း လုပ်ထားတာပါ။
တတ်ဆင်မှု အနုပညာဆိုပါတော့။ အိုးပုတ်ဆိုင်နားမှာပဲ။

(ဓါတ်ပုံ ၊ ဂူဂလ်က မဟုတ်ဘူးကွ ၊ ငါ့ဟာ... ငါ့ဟာ)

Monday, June 14, 2010

အပျင်းပြေ












ပြင်းနေတာကို ပျော့သွားအောင်လုပ်တာမဟုတ်။ ပြေပြေလည်လည်
ပျင်းရအောင်လည်း မဟုတ်။ ပျင်းတာကို ပြေလျှော့သွားအောင်(အပျင်း
ကို ဖြေလိုက်လို့ ပြေသွားတာကို) အပျင်းပြေလို့ခေါ်သကွဲ့ ။ မသိရင်မှတ်
ထားကြ။ အရေးထဲ သတ်ပုံက မှန်ရဲ့ လားမသိ။ ဖြေတာလား၊ ဖြည်တာလား။
ပြေတာလား၊ ပြီတာလား၊ ပြည်တာလား။ သိတဲ့လူများ ဆုံးမကြပါဦး။

ခရီးရှည်တခုထွက်မှာဆိုတော့ (အဲဒီခရီးမှာလည်း ပျင်းမှာဆိုတော့) ပေါ့ပေါ့
ပါးပါး အပျင်းဖြေနိုင်အောင် ကင်မရာအသေးတလုံး ထပ်ဝယ်လိုက်တယ်။
Canon. G 11. Power Shot. အပျင်းဖြေနည်းကား ရောက်တတ်ရာရာ
အကုန်ရိုက်။ ဘလော့ဂ်မှာတင်။ အဲဒီအစီစဉ်သစ်ကြီးကို အခုပဲ စတင်လိုက်
ပါပြီခင်ဗျား။












ပထမဆုံးသတိထားမိတာကတော့ ပိတောက်ပန်းပဲ။ ဇွန်လထဲရောက်နေပြီ
ပိတောက်တွေက ပွင့်နေတုန်းပဲလားဆိုပြီး ရိုက်လိုက်တာပါ။ ကိုယ်ပိုင်ပိတောက်
ပန်းလည်းရှိသွားရအောင်ပေါ့။ ဘန်ကောက်ပိတောက်ပါ။ ရိုက်ခါနီးမှပဲ အလင်း
ရောင်က နည်းသွားရှာတယ်။ ပိတောက်ပန်းကို မမြင်ရတာ နှစ်တွေအတော်ကြာ
လေပြီ။ အော်... ရွှေပြည်ကြီး....ရွှေပြည်ကြီး။ ဝေးနေတာပဲ အေးတယ်လို့မှတ်ရ
မလား။












လမ်းကြိုလမ်းကြားတခုမှာ အမှတ်မထင် စိန်ပန်းပင်ကိုတွေ့ လိုက်တော့
တနေရာရာကို လွမ်းသွားသလိုပဲ။ စိန်ပန်းပွင့်တွေနဲ့အတူ အဖူးစိမ်းစိမ်းလေး
တွေကိုတွေကိုတွေ့ ရတော့လည်း ငယ်ငယ်က ကြက်ဖခွပ်တန်းကစားတာကို
သတိရပြန်တယ်။ ကြက်ဖခွပ်တယ်ဆိုတာ မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ပြီး
ခုန်ဆွခုန်ဆွလုပ်တာ မဟုတ်ဘူး။ စိန်ပန်းအဖူးကိုဖွင့်။ အထဲမှာရှိတဲ့ ၀တ်တန်
လေးတွေကို ထုတ်။ ၀တ်တန်လေးတွေက ရှည်ရှည်။ လက်နဲ့ကိုင်လို့ရတယ်။
ဝတ်တန်ရဲ့ ထိပ်မှာ ၀တ်ဆံရှိတယ်။ ၀တ်တန်လေးကို သူတချောင်း ကိုယ်တ
ချောင်းကိုင်ပြီး ၀တ်ဆံချင်းချိတ်။ အပြိုင်ဆွဲ။ ပြုတ်ထွက်သွားသူက အရှုံး။
အဲသဟာကို ကြက်ဖခွပ်တယ်လို့ ခေါ်သတဲ့။

စိန်ပန်းပင်အောက်ရောက်နေတုန်း စိန်ပန်းရွက်လေးတွေ ကြွေကျလာတော့
ကိုချောနွယ်ရဲ့ ကဗျာကို သတိရသွားပြန်ရော။ သူက မန်ကျည်းရွက်တွေ ကြွေတာ
ကိုဖွဲ့ တာပါ။ ရေကန်ထဲကို မန်ကျည်းရွက်တွေ အနှေးကြွေကျနေတာကို မြင်ပြီး
ခံစားရလွန်းလို့တဲ့လေ။ အခုတော့ စိန်ပန်းရွက်သေးသေးလေးတွေ ငါ့အပေါ်ကို
ကြွေကျနေပေါ့။












ကော်ဖီဆိုင်တခုမှာထိုင်ရင်း အပေါ်ကိုမော့ကြည့်လိုက်တော့။ တရုတ်စကားပန်း
တွေ။ ဘယ်နှယ်ကြောင့် တရုတ်စကားလို့ခေါ်တာလဲဆိုတာ ဖတ်ဖူးပေမဲ့ မေ့သွား
ပြီ။ဒီအပင်က ရာသီမရွေးပွင့်ပုံရတယ်။ (မှားရင် ဆုံးမပါဦး) ဒီအပင်မှာ ကြိုက်တာ
က ပန်းပွင့်တွေနဲ့ သူ့ရဲ့ အရွက်တွေက ထင်ရှားပြီး ခိုင်ခန့်တာကိုပဲ။ အရောင်က
လည်းရှင်းတယ်။ အဖြူနဲ့အစိမ်းဆိုပေတဲ့ ပန်းပွင့်ရဲ့ အလယ်မှာ အ၀ါရောင်နုနု
လေးတွေရှိတတ်တယ်။ ဒီအပင်ကို မြင်ရတော့ ငယ်စဉ်က ကျောင်းတက်ခဲ့တာကို
သတိရသွားပြန်ရော။ အဖြူနဲ့အစိမ်းကို ၀တ်ကြရသမို့လား။

ဒီနေ့တော့ ပန်းသုံးမျိုးနဲ့ပဲ အစီအစဉ်သစ်ရဲ့ ပထမပိုင်းကို အဆုံးသတ်လိုက်ပါ
မယ်။ နောက်နေ့မှာ ပန်းမဟုတ်တာတွေ လာမယ်။

အပေါ်ဆုံးက လူသုံးယောက်က ဘယ်သူတွေတုံးဟဲ့လို့ မမေးကြပါနဲ့။ အီစကို
လည်းမသိဘူး။ သူများတွေ တရုန်းရုန်းနဲ့ရိုက်နေကြလို့ ဘာများတုံးဆိုပြီး ၀င်
ရိုက်တာ။ ဘန်ကောက်သူတဦးနဲ့ ဘန်ကောက်သားနှစ်ဦးလို့သာ မှတ်လိုက်
ကြပေရော့။ အားလုံး ပျော်ဇေဗျား။

(ရုပ်ပုံ၊ ဂူဂလ် မဟုတ်။ ငါ့ဟာတွေ)