Sunday, November 21, 2010

မြင်ဖူးတယ်












ရွှေတိဂုံအထက်ပစ္စယံမှာ နိုင်ငံကူးလက်မှတ်ကိုထုတ် ပတ္တမြားမျက်ရှင်
ကိုယ်တော်ကြီးကိုပြပြီး အကြိမ်ကြိမ်ဆုတောင်းနေသူတဦးကို မြင်ဖူးတယ်။
(သူ့ ကို ဗီဇာပေးအောင်လို့တဲ့)

ခပ်ချောချောညီအမသုံးယောက်ရှိတဲ့အိမ်ကို ညနေကျရင် တရားသွား
ဟောရမှာမို့ အလွန်စိတ်လှုပ်ရှားနေတဲ့ သင်းအုပ်ဆရာလေးကိုလည်း
မြင်ဖူးတယ်။ (အဲဒီနေ့က သူဟောမဲ့ အကြောင်းအရာကို ရွေးရခက်နေသတဲ့)

ရန်ကုန်ဆေးရုံကြီးရှေ့ မှာ လူတွေထောင်နဲ့ချီပြီး အစာငတ်ခံ ဆန္ဒပြနေတာကို
မြင်ဖူးတယ်။ (မကြာခင်မှာပဲ စစ်အာဏာသိမ်းခဲ့တယ်)

ပြေးနေတဲ့ရထားရဲ့  ခေါင်မိုးပေါ်မှာ ခိုးပြေးလာကြတဲ့စုံတွဲ နမ်းနေကြတာ
မြင်ဖူးတယ်။ (သူတို့သိပ်ပျော်နေကြတယ်)

ဘုရားစောင်းတန်းတခုမှာ ဖေါက်သည်မလာလို့ ပျင်းပြီး ၀ဲကုတ်နေတဲ့
ဗေဒင်ဆရာတယောက်ကို မြင်ဖူးတယ်။ ( သူက ဒုက္ခတရားကို ယားနာ
တခုလို့ သဘောထားသူတဲ့)

ပန်းဆိုးတန်းကမ်းနားမှာ ကြမ်းကြားထဲညပ်နေတဲ့ ဆန်စေ့တွေကို
ပျော်ပျော်ပါးပါးနဲ့ အလုအယက် ကလော်ထုတ်နေကြတဲ့ ကလေး
ငယ်တွေကို မြင်ဖူးတယ်။ (အဲဒီဆန်တွေကို သူတို့ပြန်ရောင်းကြမှာ)

နိုင်ငံခြားမှာသန့်ရှင်းရေးအလုပ်ရလို့ တဆွေလုံးတမျိုးလုံး ပျော်နေကြ
တာကို မြင်ဖူးတယ်။ (ဒီလူက အိမ်မှာဆို တံပျက်ဆီးတောင် လှဲတဲ့သူ
မဟုတ်ဘူး)

ကျောင်းဝတ်စုံအဟောင်းလေးတွေနဲ့ ဘူတာမှာရေလိုက်ရောင်းနေတဲ့
မောင်နှမတသိုက် ရထားနဲ့အတူ အပြေးလိုက်ပြီးရောင်းတာကို မြင်ဖူး
တယ်။ (ဒီကလေးတွေက ဦးပုညရဲ့  ရေသည်ပြဇတ်ကို မသိဘူး)

မသာအိမ်မှာ ညက ဖဲနိုင်လို့ မနက်ခင်းအိမ်အပြန် မျက်နှာပန်းလှခဲ့တဲ့
အရုပ်ဆိုးဆိုး၊သဘောကောင်းကောင်း အိမ်ထောင်ရှင်မကြီးကိုလည်း
မြင်ဖူးတယ်။ (ဖဲရှုံးတဲ့နေ့တွေဆို အိမ်ဦးနတ်အမူးသမားက ဆောင့်ကန်
တတ်တယ်တဲ့)

မြန်မာပြည်ကို အလည်ပြန်ရလို့ ပျော်ပြီး မြန်မာပြည်ကပြန်လာတဲ့အခါ
စိတ်ဆင်းရဲနေတဲ့ သူကို မြင်ဖူးတယ်။ (နောက်နှစ်လည်း ထပ်သွားဦးမှာတဲ့)

သင်္ကြန်မှာ အရက်မူးလွန်ပြီး ဆံပင်အတုတွေပျောက်သွားတဲ့ ဦးဇင်းငယ်
နှစ်ပါးကိုလည်း မြင်ဖူးတယ်။ (သူတို့မှာ ရည်းစားတွေလည်း ရှိကြတယ်)

ဆန္ဒပြကျောင်းသားတွေ ပစ်အသတ်ခံရလို့ ရှိုက်ကြီးတငင်ငိုနေတဲ့
ကျောင်းသားခေါင်းဆောင်တယောက်ကို မြင်ဖူးတယ်။ (အဲဒီနေ့က
မိုးတွေလည်းရွာနေခဲ့တယ်)

ကျောင်းအုပ်ဆရာမကြီးရဲ့ သား စာခိုးချနေတာကို မမြင်ချင်ယောင်ဆောင်
ပေးတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ဆရာမလေးကို မြင်ဖူးတယ်။ (အခု
သူလည်း ကျောင်းအုပ်ဆရာမ ဖြစ်နေပြီတဲ့)

စစ်အာဏာမသိမ်းခင်က အလွန်ဆင်းရဲပြီး အာဏာသိမ်းပြီးမကြာခင်မှာပဲ
အလွန်ချမ်းသာလာတဲ့ စစ်ဗိုလ်လေးတဦးကို မြင်ဖူးတယ်။( အဲဒီတော့မှ
သူက တိုင်းပြည်ကို ချစ်တတ်တာတဲ့)

ရုပ်ရှင်ထဲမှာ ဟုတ်သလိုလိုနဲ့ အပြင်မှာ ချောလည်းမချော အဆင့်လည်း
သိပ်မရှိတဲ့ မင်းသမီးတဦးကို မြင်ဖူးတယ်။ ( အခုချိန်ထိတော့ အကယ်ဒမီ
ရသံ မကြားသေးဘူး)

စနေတနင်္ဂနွေအားလပ်ရက်မှ တနိုင်ငံက တနိုင်ငံကို လေယာဉ်နဲ့လာပြီး
ချစ်ရတဲ့ ကောင်မလေးကို မြင်ဖူးတယ်။ (သူတို့နှစ်ဦး မညားကြရှာဘူး)

ငါးမရလို့ ရေချိုးပြန်ခဲ့ကြသူတွေကိုလည်း မြင်ဖူးတယ်။ ( တချို့ ဆို တော်
တော်အောင်မြင်နေကြပြီ)

ငါ့ကိုယ်ငါ မြင်ဖူးတယ်။ (သိပ်မစွန်ပါဘူး)


မြင်ဖူးတာတွေ ရှိသေးတယ်။ (နောက်မှဆက်ပြောမယ်)

(ရုပ်ပုံ ၊ ဂူဂလ်)

9 comments:

Anonymous said...

nice one! plz continue!

TD

Anonymous said...

လူများများမြင်လို့ငါဟုတ်လှပြီထင်ပြီးငါမှငါ ငါ့တယေါက်ထဲသါ။ ငါ့ကိုသါအါဏါလွှဲ ငါ့ကိုလါဆွေးနွေးကြအထင်ကြီးတလုံးဖြစ်တဲ့သူများကေါမြင်ဘူးလါး။ ပြောဆိုဆွေးနွေးခွင့်ငါတယေါက်ဆိုပြီးပြီ။ငါ့နာမည် ကိုသါလက်မှတ်ထိုးလွှဲလိုက်ကြလို့ပြောခံခဲံ၇တဲ့ပါတီဝင်များကိုကေါမြင်ဘူးလါး

ကလူသစ် said...

အခြေအနေမကောင်းဘူး ။ ပုန်းနေမှ

kay said...

မမြင်ဖူး တဲ့ သူတွေက.မြင်ရတာ မှ ထူးဆန်းတာ..း)

Mr. Z said...

ဂေါတမဘုရားကို မြင်ဖူးတယ် (ပန်းချီ ပန်းပု အဖြစ် မြင်ဖူးတာကို ပြောတာ၊ ဆံပင်ကို သပ်သပ်ယပ်ယပ် ထုံးထားတယ်)
ယေရှုကိုလည်း မြင်ဖူးတယ် (ပန်းချီကားထဲမှာပါပဲ၊ ဆံပင် မသပ်မယပ်နဲ့  )

[အဆဲခံရအောင် ပြီးတော့ ငရဲကြီးအောင် ကော်မန့် ပေးသလို ဖြစ်သွားပြီ ထင်တယ်]

zarny win

blueskyforest said...

ငရဲမကြီးပါဘူး မစ္စတာဇီ။ ဘုရားတွေက သဘော ကောင်းကြပါတယ်။ သဘောမကောင်းတာက ဘုရားတွေကို ကိုးကွယ်သူတွေပါ။ ဘုရားတွေအကုန်လုံး သူ့နည်းသူ့ဟန်နဲ့ကြည့်ကောင်းကြတာပါပဲ။ ယေရှုက ရော့ခ်အဆိုတော်နဲ့တူတယ်။ ၀ါဝါ၀င်းရွှေနဲ့တူတဲ့ ဂေါတမဘုရားကိုလည်း မြောက်ဥက္ကလာမှာမြင်ဖူးတယ်။ နှုတ်ခမ်းနီတွေဆိုး၊ မျက်တောင်တွေလည်း ကော့လို့။ မယ်လမုဘုရားမှာထင်တာပဲ။ ကြုံရင်သွားကြည့်..အဲ့.. သွားဖူးလိုက်ပါဦး။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဖတ်သွားပါတယ်။ ကြိုက်တယ်။

အဲလိုလေး ကိုယ်ကြုံတွေ့တာ ရေးဖို့ အိုင်ဒီယာ ရသွားတယ်။

ကျေးဇူး။

နန္ဒာ

မြတ် said...

မြင်ဖူးတာတွေ ဖတ်ဖူးအောင် .. စောင့်နေမယ် အကိုရေ..း)

ye lin aung said...

မြင်​ဘူးတာ​တွေတင်​​လေ
ဖက်​ကြည့်​တာ​ပေါ့