Thursday, November 4, 2010

အကောင်းမြင်သမား













ရွေးကောက်ပွဲ မရှိတာထက် ရှိတာပိုကောင်းတယ်။ အစိုးရထဲမှာ
စစ်သားတွေ၊ ကြံ့ ဖွတ်တွေ ရာနှုန်းပြည့်ပါမှာထက် တ၀က်ကျော်
လောက်ပဲပါတာ ပိုကောင်းတယ်။ ရွေးကောက်ပွဲမှာ NLD မပါလို့
တစညတွေ ထောင်ထောင် ထောင်ထောင် လုပ်မှာထက် ကြံ့ ဖွတ်
အရှိန်ကြောင့် တစည အမြီးကုပ်နေတာလည်း ကောင်းတယ်။
ရွေးကောက်ပွဲအနီး မုန်တိုင်းကျလို့လူတွေ ဒုက္ခရောက်တာ
နာဂစ်လောက်မဆိုးလို့ တော်သေးတယ်။

အင်တာနက်လိုင်းတွေ မကောင်းတော့ ပိုက်ဆံကုန် သက်သာတာပေါ့။
လုံခြုံရေးတင်းကျပ်တော့ ပိုပြီးလုံခြုံတာပေါ့။ ထိုင်းပစ္စည်းတွေ အ၀င်
နည်းတော့ ဈေးသက်သာတဲ့တရုတ်ပစ္စည်းတွေ သုံးရတာပေါ့။ ဘန်ကီ
မွန်းကြီးက ဘာမှမပြောပဲနေတာထက်စာရင် စိုးရိမ်ဖေါ်ရ နည်းလား။
နောင်လာမယ့် အစိုးရကိုလည်း အမေရိကန်က ဆက်ဆံမယ်တဲ့။
ပစ်ထားတာထက်စာရင် တော်သေး။

ရွေးကောက်ပွဲမတိုင်ခင် ဒေါ်စုလွတ်လာရင် ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ပြီး
ဒီပဲယင်းတုန်းကလို ထပ်အရိုက်ခံနေရဦးမယ်။ ထပ်အဖမ်းခံနေရဦးမယ်။
အခြေအနေအေးဆေးဖြစ်မှ လွတ်လာတော့ စိတ်ချရတာပေါ့။ အကျဉ်း
သားတွေလည်း အများကြီးလွတ်တော့မယ်လို့ သတင်းကောင်းတွေ ထွက်
နေပါလား။ စိတ်ချမ်းသာစရာ။ အတိုက်အခံတွေက အသံပဲရှိတော့တာတဲ့။
အသံကျန် နည်းလား။ အတိုက်အခံဆိုတာ စက္ကူကျားပဲတဲ့။ စက္ကူကြွက်
မဟုတ်ရင် ပြီးရော။

ကြိုတင်မဲတွေ အတင်းကောက်နေတယ်ဆိုပဲ။ ရွေးကောက်ပွဲနေ့ အလုပ်
မရှုပ်တော့ဘူးပေါ့။ လူများစုက အခုရွေးကောက်ပွဲကို စိတ်မ၀င်စားကြဘူးတဲ့။
စိတ်ဝင်စားလို့ လှုပ်လှုပ်ရွရွဖြစ်ရင် ဖမ်းလားဆီးလား ဖြစ်နေဦးမှာ။ မြို့ နယ်
တွေအများကြီး မဲပေးစရာမလိုဘူးတဲ့။ ဘုရားမတာပဲ။ မဲပေးရမယ်ဆို
အလုပ်ပျက်နေဦးမှာ။ ကြံ့ ဖွတ်ပဲနိုင်မှာပါတဲ့။ နိုင်လည်းခဏပါ။ လွှတ်တော်
ထဲမှာ သူတို့ချည်း မဟုတ်ပါဘူး။

ပါလီမန်တောင်မပေါ်သေး ပါတီတွေ ကွဲကြ၊ ချဲကြပြီတဲ့။ ဒါမှ ဒီမိုကရေစီကွ။
တပါတီထဲကွဲနေရင်သာ ရှက်စရာ။ ပေါင်ဖေါ်တဲ့မင်းသမီး သပိတ်မှောက်ခံရ
ဆိုပဲ။ ပေါင်ပဲဖေါ်ပေလို့ မဟုတ်ရင် ဒီထက်ပိုဆိုးတာ ကြုံရနိုင်တယ်။
နိုင်ငံခြားသတင်းထောက်တွေ ရွေးကောက်ပွဲကို မလာနဲ့တဲ့။ လေယာဉ်
လက်မှတ်ဖိုး ကုန်မှာစိုးလို့။

စင်္ကာပူကို အရင်ကလောက် မြန်မာတွေဝင်ဖို့ မလွယ်တော့ဘူးတဲ့။ တော်
သေးတာပေါ့။ မဟုတ်ရင် မြန်မာပညာတတ်တွေ တိုင်းပြည်ထဲ ကျန်မှာ
မဟုတ်ဘူး။ စင်္ကာပူမရလည်း ထိုင်းကိုသွားပေါ့။ ထိုင်းမလေးတွေက
ပိုတောင်ချောသေး။ မြန်မာ့ပညာရေးက အလကားပဲတဲ့။ ဈေးပေါတာတော့
ထည့်မပြောဘူး။ နိုင်ငံခြားမှာပညာသင်ရတာ ကုန်သလားမမေးနဲ့။

မြန်မာပြည်မှာရောဂါထူလို့ လူတွေအသေမြန်သတဲ့။ နိုင်ငံတကာ
ဗဟုသုတ နည်းကြရှာတယ်။ မြန်မာပြည်ထက် ရောဂါထူတဲ့နိုင်ငံတွေ
ကမ္ဘာမှာအများကြီး။ ဘုန်းကြီးတွေလည်း လိုတာထက်အလွန်များပြီး
တိုင်းပြည်အတွက် အားသိပ်မဖြစ်ဘူးတဲ့။ ၂၀၀၇ ရွှေဝါရောင်ကို
ဘယ်သွားထားမလဲ။ ဘုန်းကြီးတွေ နိုင်ငံရေးပါတီမထောင်ဘူးလို့
ဘယ်သူပြောနိုင်သလဲ။ ဘာသာရေးသမားတွေသာများနေတာ
လူလိမ်တွေက လျှော့မသွားဘူးတဲ့။ အိန္ဒိယကို သွားကြည့်ပါဦး။

မြန်မာပြည်မှာ ပြည်တွင်းစစ်က မပြီးနိုင်ဘူးတဲ့။ အရှေ့ အလယ်ပိုင်း
ဘယ်သွားထားမလဲ။ အာဖရိကနိုင်ငံတွေ ဘာဖြစ်နေလဲ မသိကြဘူးလား။
မြန်မာပြည်မှာ အခြေအနေတွေ ကောင်းနေတာပဲ။ လူတွေက အကောင်းကို
မမြင်နိုင်ကြဘူး။ ရွေးကောက်ပွဲတိုင်း လွတ်လပ်ပြီးတရားမျှတာ မဟုတ်ဘူး။

တိုင်းပြည်မှာ စစ်အာဏာရှင်အုပ်ချုပ်တာထက် အရပ်သားအစိုးရအုပ်ချုပ်တာ
ပိုကောင်းတယ်။ စစ်ဗိုလ်တွေ သေနပ်တကားကားနဲ့ နေရာတကာတွေ့ နေရ
တာထက် စစ်တပ်ထဲပြန်ရောက်သွားတာ ကောင်းတယ်။ မြန်မာပြည်မှာ
နျူကလီးယားမရှိတာထက် ရှိတာပိုကောင်းတာပေါ့။ တကယ်တော့
ဒီစာကို ဖတ်နေတာထက် မဖတ်တာက ပိုကောင်းပါတယ်။ (မဟုတ်ဘူးလား)

(ရုပ်ပုံ ၊ ဂူဂလ်)

8 comments:

ကလူသစ် said...

"တကယ်တော့
ဒီစာကို ဖတ်နေတာထက် မဖတ်တာက ပိုကောင်းတယ်။ "

ဒီစာကြောင်းကို အပေါ်ဆုံးမှာရေးထားတာထက် အောက်ဆုံးမှာရေးထားတာက ပိုကောင်းသေး ဟေး ဟေး

pandora said...

ဒီလိုအကောင်းမြင်သမားတွေ ပေါ်ထွန်းလာတာ သိပ်ကောင်းတာပေါ့။ :P

kay said...

သဘောကျမိတယ်။း)

Moe Cho Thinn said...

:D
စိတ်ချမ်းသာစရာကြီးး

Hmoo said...

ဝဝ၊ပြုံးပြုံး နဲ့လူကိုစောင်းပြောလား၊ထောင့်တွေအများဂျီး ချိုးချင်းတဲ့လူတွေကိုစောင်းပြောနေလား၊
ခွိခွိ.... :)

Moe Cho Thinn said...

တခေါက်ပြန်လာဖတ်တယ်။ မဖတ်တာ ပိုကောင်းတယ် ဆိုလို့ လာဖတ်တာ..:)

ဒါပေမဲ့ တချို့ကိစ္စတွေမှာ အဲဒီလို မနေနိုင်တာ အမှန်ပဲ။ ကိုယ်စိတ်ချမ်းသာဖို့ထက် နစ်နာနေတဲ့လူတွေကို မျက်နှာလွဲ ခပ်အေးအေးနေရမှာ အားနာမိလို့..

သက်ဝေ said...

အစကနေ အဆုံး တပြုံးပြုံးနဲ့ ဖတ်ပြီးကာမှ ဒီစာကို ဖတ်နေတာထက် မဖတ်တာက ပိုကောင်းတယ် ဆိုတာတွေ့တော့ ငိုရမလို ရယ်ရမလို ဖြစ်သွားတယ်...
ဒါကြောင့် ကော်မန့် ရေးမသွားဘူးလားလို့ နေနေတာ... သို့သော်လည်း ဒီလိုလေး ရေးသွားတာက မရေးသွားတာထက်စာရင် ပိုများ ကောင်းမလားလို့...

ပုံ/
အကောင်းမြင်ဖို့ ကြိုးစားနေသူတဦး

Anonymous said...

ဟုတ်တယ် မဖတ်မိတာ ပိုကောင်းတယ် :) ဆက်ရေးပါဦးဗို.ဟာသမဟုတ်သောဟာသ