Friday, April 30, 2010

ကွဲကြလေသတည်း











အချစ်အကြောင်း မဟုတ်။ လင်မယားကွဲတဲ့အကြောင်း မဟုတ်။
ဗုံးကွဲတဲ့အကြောင်း စာစီကုံးမလို့ပါ။ ဗုံးကွဲတာများ အဆန်းလုပ်ပြီးပြောမနေ
ပါနဲ့တော့။ ဒီအကြောင်းက ဒို့ဆီမှာရိုး ဟိုး ဟိုး ၀ိုး နေတဲ့ကိစ္စလို့ပြောရင်လည်း
တတ်နိုင်ဘူး။ ဗုံးတွေက ဒလစပ်ကိုပဲ ကွဲနေတော့တာကိုး။

အဟမ်း ။ တလအတွင်း ဗုံးပဒေသာကို ကြေညာပါတော့မယ်။ ဧပြီတလထဲမှာကိုပဲ
ဒို့မြန်မာပြည်တလွှား ကွဲလိုက်တဲ့ဗုံးတွေများ အလုံး၃၀လောက်တောင်ရှိမလားပဲ။
ကချင်ပြည်နယ် မြစ်ဆုံမှာကိုပဲ ၁၀လုံးတဲ့။ ရန်ကုန်သင်္ကြန်ဗုံးက ၃လုံး။ ကယားပြည်
နယ်မှာ လွိုင်ကော်။ မွန်ပြည်နယ်မှာ ကျိုက်မရော။ ကရင်ပြည်နယ်မှာ ကော့ကရိတ်။
ပဲခူးတိုင်းမှာဆို သောက်ရေခပ်ချောင်း စီမံကိန်းတဲ့။ တရုတ်နယ်စပ်ဂိတ်တွေနားမှာ
ရောတဲ့။ အကျေရော အညာရော စုံလို့။

ဘယ်သူတွေခွဲနေမှန်းလဲ မသိပါဘူး။ သေချာတာကတော့ အရပ်သူအရပ်သားတွေ
သေကျေ ဒဏ်ရာရကြတယ်ဆိုတာပါပဲ။ သေတဲ့အထဲ ကိုယ့်အမျိုးအဆွေတွေတော့
မပါသေးပါဘူး။ နေပြည်တော်ကလွဲလို့ မြို့ မှာလည်းကွဲ၊ နယ်မှာလည်းကွဲဆိုတော့
ဘယ်နေ့ ကိုယ့်လူတွေပါမယ်မသိဘူး။

အာဖဂန်စစ်ပွဲမှာ အမေရိကန်တွေနာမည်ပျက်နေတာလည်း ဒါကြောင့်ပဲ။ မမြင်
မကန်းနဲ့ ဗုံးတွေလှိမ့်ကျဲ။ မဆိုင်တဲ့လူတွေ သေ။ ဆိုင်တဲ့လူတွေ ရှင်။ တာလီဘန်
တွေလည်း ဘာထူးလဲ လုပ်လိုက်ရင် ကိုယ့်ပြည်သူတွေပဲခံရတယ်။ အီရတ်မှာလည်း
ထိုနည်း၎င်း။ အီး အီး ဘယ်သူပေါက်ဆိုရင် မောင်ပေါက်လို့ပြောကြတယ်မဟုတ်လား။
အီးပေါက်တဲ့ တရားခံကိုရှာတဲ့နည်းက ရှိပေမဲ့ ဗုံး ဗုံး ဘယ်သူဖေါက် မောင်ဖေါက်လို့
တော့ပြောလို့ရမယ် မထင်။

ဒီအရှိန်အတိုင်းဆို မြန်မာပြည်လည်း ပေါက်ပေါက်ဖေါက်သလို ဗုံးရှိန်တက်လာတော့
မယ့် သဘောလား။ သေနပ်နဲ့ပစ်ခပ်ကြတဲ့ခေတ်ကုန်သွားပြီထင်တယ်။ ဗုံးထောင်တဲ့
ခေတ်ပြန်ရောက်နေပြီလား။ ငယ်ငယ်က လောက်စာလုံးလုံးပြီးစစ်တိုက်ကြသလို
အိမ်မှာတင် ဗုံးတွေကိုအလွယ်တကူလုပ်ပြီး ဖေါက်နေကြပြီလား။ အသေခံဗုံးခွဲတဲ့
ယဉ်ကျေးမှုကမြန်မာ့ဗုံးသမားတွေဆီ ကူးဆက်လာလေမလား။ ဗုံးလန့်တယ်ဆိုတာ
ဒါကိုပြောတာနေမှာ။

ဘယ့်နဲ့ကြောင့်များ ပြည်သူတွေသေမှာကို ထည့်တွက်ပြီးလုပ်နေကြပါလိမ့်။
ဗုံးသမားများ ကြည့်လုပ်ကြပါဦး။ ကျုပ်နဖူးလည်း လာမှန်နေပါဦးမယ်။ ဖေါက်ရာ
တခြား၊ ပေါက်ရာတခြား။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး လက်ညှိုး
နံကြားထောက် အပျော်များဖေါက်နေကြသလား မောင်ရို့ ။

ဟုတ်မှလည်း လုပ်ကြပါဗျား။ သတိလေးများလည်းထားကြပါဦးလို့ သတိပေး
လိုက်ပါရစေ။ တောင်းပန်ပါတယ်။ အိမ်ခေါင်မိုးပေါ် သရက်သီးကြွေကျရင်ပဲ
ဗုံးကွဲပြီဟလို့ ထင်ရတဲ့ခေတ်ရောက်နေလို့ပါ။ အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ ထုံးစံအတိုင်း ဂူဂလ်)

Saturday, April 24, 2010

နိဗ္ဗာန်ကုန်သည်











စိန်ကုန်သည်။ ဆေးကုန်သည်။ လက်နက်ကုန်သည်။ ရောင်းလို့ရတာ ၀ယ်တယ်။
ဝယ်လို့ရတာရောင်းမယ်။ စီးပွါးရေးတော့ စီးပွါးရေးဆိုပေမဲ့ ဒါက ဘာသာရေးနဲ့ဆိုင်တဲ့
စီးပွါးရေး။ နာမည်ကိုက နိဗ္ဗာန်ကုန်သည်။ ဘယ်သူကများ စိတ်ကူးကောင်းကောင်းနဲ့
ဒီနာမည်ကိုပေးခဲ့ပါလိမ့်။ ဆီမရောင်း။ ဆေးမရောင်း။ စိန်မရောင်း။ ကျုပ်က ဘုရား
သခင်တွေကိုသာရောင်းတယ်။ ကြွခဲ့ပါ။ လှမ်းခဲ့ပါ။ နိဗ္ဗာန်ကိုသွားရာလမ်း မြန်းခဲ့ကြပါ။

ဘာဘုရားလိုချင်လဲ။ ခရစ်တော်ရေရှုလား။ ဗုဒ္ဓဘုရားလား။ လတ်ချမီးမယ်တော်။
ကွမ်ရင်မယ်တော်။ မယ်တော်မာရီလား။ ဘုရားတင်မက ဘိုးတော်လား၊ဘွားတော်လား။
အန်းကုန်းကြီးလား။ သူရဿတီလား။ တန်ခိုးရှင်တွေအကုန်ရမယ်။ စူပါမင်းတော့မရှိ။
ကလေးကစားစရာဆိုင်မှာ စူပါမင်းတင်မက လင်းနို့လူသားရော စပိုက်ဒါမင်းရောရှိကြပါ
သဗျား။ တန်ခိုးရှင်ခြင်းအတူတူ သူတို့က ကလေးကြိုက်တန်ခိုးရှင်၊ ဟောလီးဝုဒ်တန်ခိုးရှင်
တွေကိုး။

ကျန်သေးတယ်။ နတ်တွေကျန်သေးတယ်။ မြန်မာနတ်တွေထဲက ၃၇မင်းသောပုဂ္ဂိုလ်များ။
နှုတ်ခမ်းမွှေးပါတဲ့နတ်။ မှဲ့ပါတဲ့နတ်။ ခေါင်းပေါင်းနဲ့နတ်။အရက်မူးတဲ့နတ်။လောကနတ်။
ဒါးတွေလှံတွေကိုင်ထားကြတဲ့ တရုတ်နတ်။ကုလားနတ်။ တ ချင်တာသာ တ ။ ယုံယုံကြည်
ကြည် တ။ တကယ်ကြွလာကြမယ့် သူတွေဗျို့ ။

နတ်တင်မက ဘီလူးလည်းရှိသဗျ။ ဘီလူးထီး၊ ဘီၤလူးမ။ နတ္ဘီလူး။မြောက်ဘီလူး။
ဂဠုန်၊နဂါး၊တိုးနယားတွေလည်းရှိတယ်။ တစ္ဆေသရဲတော့မရှိဘူးဗျ။ ကြောက်လို့။
အဲ.. ဘုရားတွေဒီလောက်များနေမှတော့ သူရဲက ဘယ်နေရဲလိမ့်မလဲဗျနော့။

သင်္ဃန်းနဲ့ပရိက္ခရာတွေလည်းရပါတယ်။ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာပစ္စည်းတွေ။
ကိုရာမ်ကျမ်း။သမ္မာကျမ်းတွေလည်းရှိပါတယ်။ စိပ်ပုတီးမျိုးစုံ။ ဂုဏ်တော် မျိုးစုံ။
ယုံကြည်သလိုသုံးနိုင်အောင် ဘာသာမျိုးစုံက ဟောထား၊ ပြောထားကြတဲ့ တရားခွေ
တွေလည်းရှိ။ လူ့လောက ဘ၀အမောတွေကိုပြေလိုပြေငြား ဘာသာရေးထွက်ပေါက်
ကနေ လျှောလျှောရှူရှူထွက်နိုင်အောင် ကူညီပါရစေဗျား။အခက်အခဲတွေနဲ့ဘုရား
သခင်တွေ၊ တန်ခိုးရှင်တွေနဲ့က ဆက်စပ်နေတာကိုး။ ဒါမှမဟုတ် အဆက်အစပ်လုပ်
ထားကြတာကိုး။ အဲဒီအဆက်အစပ်လေးနဲ့ပဲ ကျုပ်တို့က လုပ်စားရတာပါ။ နော။

ဆေးပြင်းလိပ်ကြီးခဲနေတဲ့ ဘိုးမင်းခေါင်လား။ ဆေးလိပ်မပါတဲ့ ဘိုးမင်းခေါင်လား။ ကြိုက်တာ
ပြော။ အံ့ကျော်နဲ့တူတဲ့ ဘိုးမင်းခေါင်လည်းရှိတယ်။ ညွန့်ဝင်းလိုလိုရွှေဘလိုလို ဘိုးမင်းခေါင်
လည်းရှိတယ်။ဒီဘိုးဘိုးအောင်က ရဲအောင်နဲ့တူနေလို့လား ကိစ္စမရှိပါဘူး။ ဇော်ဝမ်းနဲ့တူတဲ့
ဘိုးဘိုးအောင်လည်းရှိပါတယ်။ ဘိုးဘိုးအောင်နှစ်ရုပ်ယူရင် ဇော်ဂျီတရုပ်ပါ လက်ဆောင်ပေး
လိုက်မယ်ဗျာ။ ဇော်ဂျီမကြိုက်လည်း ဆိုင်းဘာဘာယူသွားပေါ့။ လျှော့မတွက်နဲ့။ သူလည်းစွမ်း
တာပဲနော့။ ၀ိဇ္ဖာ၊ဇော်ဂျီ တပသီတွေအကုန်ရမယ်။ တန်ခိုးရှင်တွေ။ တန်ခိုးရှင်တွေ။

ဘုရားစုံဖူးချင်သူများ ကျွန်တော့်ဆိုင်ကိုသာ ကြွခဲ့လို့ပဲပြောလိုက်ပါရစေ။ ရပ်တော်မူ။
လျှောင်းတော်မူ။ ထိုင်တော်မူ။ပြုံးတော်မူ။တည်တော်မူ။ပုံစံအစုံရှိတယ်။ မို့မို့မြင့်အောင်နဲ့
တူတဲ့ကိုယ်တော်တွေလည်းရှိပ။ တချို့ ကိုယ်တော်တွေက နှုတ်ခမ်းနီပါးနီတွေနဲ့ဆိုတော့
မိန်းမလျှာနဲ့တောင်တူလိုက်သေး။ ပန်းပုဆရာရဲ့ သဘောနဲ့ ဘုရားတွေဖြစ်နေရရှာတာပါ။
လူတွေကလည်း ဘုရားဆို ချောမှကြိုက်ကြတာကိုး။ ဈေးကွက်ပေါ့ ။ ဈေးကွက်။

ဈေးကွက်ဆိုလို့ ဟိုတလောက ဗုဒ္ဓဘုရားတွေ တန်ခိုးကျတယ်ပဲပြောမလား။ အရောင်း
မလိုက်ဘူးဗျ။ အဲဒီကာလမှာ တန်ခိုးထွားကြတာကတော့ အန်းကုန်းကြီးနဲ့ကွမ်ရင်တို့ ပဲဗျို့ ။
အစိုးရကလည်း တရုတ်နဲ့ဆက်ဆံရေးက ခပ်ကောင်းကောင်းမဟုတ်လား။ ဒါမှမဟုတ်
တရုတ်လူမျိုးပဲ များလာတာလား။လူတွေကပဲ တရုတ်တန်းခိုးရှင်တွေကို ပိုပြီးယုံလာတာလား။
တခုခုတော့ တခုခုပဲ။ အိန္ဒိယဘိုးတော်ကြီးတွေလည်း တရုတ်ကိုယ်တော်တွေနဲ့ နင်လား
ငါလားပဲဗျို့ ။ အရောင်းသွက်ပုံများပြောပါတယ်။ ယေရှုကိုယ်တော်နဲ့မယ်တော်မာရီတို့ကတော့
ပုံမှန်ပါပဲ။ ခရစ္စမတ်နားနီးရင်တော့ ခရစ်တော်ဖွါးမြင်ခန်းအရုပ်တွေ နည်းနည်းရောင်းရတတ်
တယ်။ကျုပ်တို့ကတော့ ဈေးကွက်နောက်ကို လိုက်ရတာပ။ ဘယ်ဘုရားရယ်လို့မှ မဟုတ်ပါဘူး။
အကုန်လုံး သူတော်ကောင်းတွေချည်းပဲ မဟုတ်လား ။

ကျုပ်လား။ တွေ့ တဲ့အတိုင်းပဲလဗျာ။ ဘာသာစုံ ကိုးကွယ်သူပေါ့။ သူတို့တွေနဲ့ လုပ်စား
နေမှတော့။အကုန်၊အစုံကိုးကွယ်ရပြီပေါ့။ အားကိုးရပြီပေါ့။နော။ ခင်ဗျားတို့လည်း
ဝယ်သွားကြဦးလေဘုရားတဆူလောက်ဖြစ်ဖြစ်။ ဘိုးတော်တပါးလောက်ဖြစ်ဖြစ်။
ဘေးကင်းရန်ကင်းပေါ့။ ကုသိုလ်ရပါတယ်။ နော့ဗျာ။

(ဓါတ်ပုံ ဂူဂလ်)

Monday, April 19, 2010

မီးပြန်လာပြီ











မြန်မာပြည်နဲ့ပါတ်သက်ရင် လျှပ်စစ်မီးအကြောင်း ပြောပေါင်းလည်း များလှပြီ။
ပြောတိုင်းလည်း မရိုးနိုင်။ နေ့စဉ်ကြုံရတဲ့ ဒုက္ခကိုး။ နှစ်ပေါင်း၂၀ကျော်အတွင်း
မီးတောင် နပ်မှန်မှန်လာအောင် မလုပ်နိုင်တဲ့ ကိုယ်ရွှေစစ်ဗိုလ်ချုပ်များကိုလည်း
ပို့စရာ မေတ္တာက ကုန်တာကြာပြီ။

ရွေးကောက်ပွဲကိုသာ နောက်တကြိမ်ဖြစ်အောင်လုပ်ဖို့ တတ်နိုင်ကြတယ်။
မီးတော့လာအောင် မလုပ်နိုင်ရှာဘူး။ ပြည်သူတွေကို စေတနာမရှိမှန်း
သိပြီးသားပါ။ ဒီကြားထဲ နေပြည်တော်တခုထဲ ကွက်ပြီး မီးမှန်ကြောင်းလုပ်ပြ
နေသေးတယ်။ ထားပါတော့ ။

မြန်မာပြည်ကလာတဲ့ ၂နှစ်သားအရွယ် ကလေးပေါက်စတယောက်နဲ့သူ့အမေ
အိမ်မှာရောက်နေပါတယ်။ စကားပြောတတ်စပေါ့။ စရောက်တဲ့ရက်မှာပဲ သူပျင်းမှာ
စိုးလို့ ရုပ်မြင် သံကြားဖွင့်ပြလိုက်တော့ “ဟေး… မီးပြန်လာပြီဟေး” လို့ ထအော်ပါတယ်။
ပြီးမှ သူကြိုက်တဲ့ ကာတွန်းကားကိုဆက်ကြည့်ပါတယ်။

ထမင်းစားချိန်ရောက်တော့ အမေဖြစ်သူက "ဟော…မီးပျက်သွားပြန်ပြီ "လို့ပြောပြီး
ရုပ်မြင်သံကြားကိုပိတ်၊ ထမင်းကြွေးပါတယ်။ ဆရာသမားက သူအင်မတန်ကြိုက်တဲ့
ကာတွန်းကား အပိတ်ခံလိုက်ရတာကို အေးအေးဆေးဆေးနဲ့လက်ခံပြီး ထမင်းစား
ရှာပါတယ်။

သားအမိနှစ်ယောက်လုပ်နေပုံက ဘာမှဖြစ်မနေတဲ့အတိုင်း ပုံမှန်ပါ။ မြန်မာပြည်မှာက
မီးပျက်တယ်ဆိုတာ ပုံမှန်ကိစ္စပဲကိုး။ လူတိုင်းက လက်မခံချင်လည်း ခံနေရတဲ့နေ့စဉ်
ကိစ္စကြီးကိုး။ နှစ်ပေါင်းများစွာ ဒီပုံမှန်ကြီးနဲ့ ရှင်သန်နေထိုင်ရတဲ့လူတွေနဲ့ ဆုံရတဲ့အခါ။
တိုင်းပြည်နဲ့လူမျိုးအတွက် စိတ်မကောင်းဖြစ်မိတယ်။

့" ဒီမိုကရေစီမရရင်နေ.. မီးပုံမှန်လာရင်ပြီးရော"ဆိုတဲ့ မိတ်ဆွေတဦး ဒေါသတကြီးနဲ့
ညည်းတွားတဲ့အသံကို ပြန်ကြားမိတယ်။

ငယ်စဉ်ဘ၀ကကြားခဲ့ဖူးတဲ့ “ဆန်တပြည် ဆယ်ပြား ဦးနုလာမှစား” ဆိုတဲ့ စကားကို
ရှစ်လေးလုံးကာလမှာ တခါပြန်ကြားခဲ့ရသေးတယ်။ ရွေးကောက်ပွဲကာလ မဲဆွယ်တဲ့အခါ
သုံးကြတဲ့စကားဖြစ်မှာပါ။ အခုလည်း ရွေးကောက်ပွဲထပ်လုပ်ကြလိမ့်ဦးမယ်။ ဆန်နဲ့
မဲဆွယ်ကြမယ့်အစား လျှပ်စစ်မီးနဲ့မဲဆွယ်ရင် ကောင်းလိမ့်မယ်လို့ အကြံပြုပါရစေ။

ဦးနုသာကွယ်လွန်သွားခဲ့တယ်။ ဆန်တပြည် ဆယ်ပြားခေတ်ဆိုတာက မြန်မာပြည်မှာ
မရှိခဲ့ပါဘူး။ လျှပ်စစ်မီးလည်း ဆန်ကြွေးကြော်သံလိုဖြစ်မှာ စိုးရပါသေးတယ်။

မြန်မာကလေးငယ်တွေ မီးပျက်တာကို သည်းခံတတ်တဲ့အဖြစ်မျိုး မြင်ရတာ စိတ်
မကောင်းပါဘူး။ ကိုယ့်မှာလည်း အပြစ်ရှိသလိုခံစားရပါတယ်။ မီးပြန်လာပြီဟေးလို့
ပျော်ပြီးအော်နေတဲ့ ကလေးတွေရဲ့ အနာဂါတ်က ဘယ်လိုအနာဂါတ်မျိုးပါလိမ့်။
စဉ်းစားပေးကြပါဦး။

(ရုပ်ပုံ ဂူဂလ်)

Sunday, April 18, 2010

နှစ်ကူးနှုတ်ဆက်











သင်္ကြန်အခါတွင်း ရွှေပြည်ဝေးမဏ္ဍပ်သို့လာရောက် ရေကစားကြသူများနှင့်သံချပ်ထိုး
သူများ အားလုံးနှစ်သစ်မှာ ဘေးဘယာ ဝေးကွာပြီး ငြိမ်းချမ်းပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်း၍ မေတ္တာများပို့ သလိုက်ပါသည်။

အထူးသဖြင့် နိုင်ငံတကာက လာရောက်ကြသော သံချပ်မောင်မယ် ဘလော်ဂါ
အဖေါ်သဟာများအား အထူးပင်ကျေးဇူးတင်၍ ၀မ်းသာမိကြောင်း အသိပေးအပ်ပါသည်။

အခက်အခဲ အကျပ်အတည်းများ မည်မျှပင်ရှိစေ သင်္ကြန်အခါရောက်ပြီဆိုမှဖြင့်
အပူအပင်များအား ဘေးသို့ ခဏဖယ်ရှား ပျော်ရွှင်ရေးကိုသာ အာရုံစိုက်၍ အားထုတ်
ကြကုန်သော ကျွန်ုပ်တို့ မြန်မာပြည်သားများ၏သဘာဝကား ချစ်ဖို့ကောင်းလေစွ။

တနှစ်တွင်တခါသာကြုံရသည့် ဤခဏတာပျော်ရွှင်မှုလေးကိုပင် အခွင့်ကောင်းယူ၍
အကျည်းတန်အောင် ဖျက်ဆီးလိုသူများသည်ကား မြန်မာနိုင်ငံသားများမှ ဟုတ်ပါလေစ။

မြန်မာပြည်တွင်းမှ သင်္ကြန်ကာလပျော်ရွှင်မှုများ ရွှေပြည်ဝေးသို့ကူးစက်၍ ပြည်ပတွင်
လည်းပျော်ရွှင်ကြရသလိုပြည်တွင်းသင်္ကြန် ဗုံးဒဏ်ခံရသောအခါ ရွှေပြည်ဝေးတို့သည်
လည်း တုန်လှုပ်ကြေကွဲခဲ့ကြကုန်၏။

သံချပ်များလည်း ဆက်၍မထိုးနိုင်ကြတော့။ အပျော်များလည်း ပျောက်။ အဖေါ်များလည်း
ပျောက်။တိတ်ဆိတ် ခြောက်ကပ်သွားကုန်၏။ ရွှေပြည်ဝေးလည်း X2Oမဏ္ဍပ်ကဲ့သို့ ကစင့်
ကလျားဖြစ်ခဲ့ရလေသည်။

ဗုံးခွဲခြင်းအကျိုးကား မည်သူတို့ရကြလေသနည်း။ မည်မျှရကြလေသနည်း။ ဗုံးခွဲခြင်းသည်
မြန်မာပြည်၌အလေ့အထတခု ဖြစ်လာလေပြီလော။

ရွှေပြည်ဝေးတို့သည်ကား ပြည်ပတွင်ပျော်သည်ထက် ပြည်တွင်း၌ပို၍ပျော်ချင်သူ၊ ပို၍
ပျော်စေချင်သူများပင်။သို့သော် ဤသို့သော ပြည်သူ့အကျိုးကိုထိခိုက်သည့် အကြမ်းဘက်မှု
များနှင့်ခရီးဆက်နေမည့် မြန်မာပြည်အား အဘယ်သောရွှေပြည်ဝေးတို့က ပြန်ဝံ့ကြမည်နည်း။

ရွှေပြည်ဝေးတို့သည်ကား ပညတ်သွားရာ ဓါတ်သက်ပါဆိုသကဲ့သို့ ဝေး၍ပင်နေရဦးမည်လော။

မည်သို့ပင်ဖြစ်စေကာမူ။ နောင်နှစ်သင်္ကြန်တွင်လည်း အဖေါ်သဟာ ဘလော်ဂါများ ရွှေပြည်ဝေး
မဏ္ဍပ်သို့ကြွခဲ့ကြပါရန် ကြိုတင်ဖိတ်ကြားလိုက်ပါသည်။

(မှတ်ချက် ။ ကျည်ကာအကျီ င်္များဝတ်လာကြပါကုန်။)

အားလုံး ကျန်းမာ ချမ်းသာကြစေဗျား ။

Sunday, April 4, 2010

ရွှေပြည်ဝေးမဏ္ဍပ် ၂၀၁၀သံချပ်များ












(အဖွင့်တီးလုံး)

တုံ ခြမ်း ချမ်း… တုန် ချန်း ခြန်း… တုမ် ချမ်း ခြမ်း….။

ဒို့လူလေးများ ဆိုသလေး… ဝေ လေလေ… ဝေ လေလေ..။

သင်္ကြန်တကြိမ် ရောက်ပြန်ပြီ… သံချပ်တွေနဲ့ နွှဲကြဦးစို့ ။

ရွှေပြည်ဝေးတို့ပျော်ကြမယ်ဘလော့ဂ်ပေါ်မှာပဲ သင်္ကြန်ပွဲနွဲစို့ ။


ရွှဲရွှဲစိုအောင်လောင်းပါဗျာရေမချိုးရတာ အတော်ကြာသမို့ ။

မီးမလာလို့ ရေမရှိပါ… လေနဲ့လောင်းမယ် ကျေနပ်မှာလား ။

ရေမလောင်းရင်လည်း ရပါတယ်လေရွှဲရွှဲသာ လောင်းလိုက်ပါဗျ။


မီးစက်တွေတော့ရှိပါတယ်…ဓါတ်ဆီဖိုးက မတတ်နို်င်ဘူး ။

ဓါတ်ဆီမရှိလည်း ရပါတယ်…. ကြက်ဆူပင်နဲ့ မီးစက်ဖွင့်စို့ ။

ကြက်ဆူပင်လည်း မရှိတော့ပါ… ဆူနေတာက ချုပ်ကြီးတို့ပဲ ။

ဆူဆူပူပူ မလုပ်နဲ့နော်ဗိုလ်ဂျုပ်ကြီးတွေ ကြိုက်ဖူး ကြိုက်ဖူး ။

မကြိုက်ရင်လည်း မတတ်နိုင်ပါ… ဆူစရာရှိရင် ဆူရမှာပဲ ။


ရွှေပြည်ဝေးတို့ သတိထားနော်… လမ်းပြမြေပုံ အထိအခိုက်မခံဘူး ။

မြေပုံကြိုက်တဲ့ ချုပ်ကြီးတွေမြေပုံထဲသာ ၀င်နေလိုက်တော့ ။

သန်းရွှေလားသိန်းစိန်လား...ခွေးပိန်လား....ဟေး...လား..မောင်..ရို့ ဝါး…။


ထုံချမ်ချမ်...ထုံချမ်ချမ်...ထုန်ခြမ်ခြမ်...ထုမ်ချန်ချန်...

၂၀၁၀ ရောက်လို့လာ…တိုင်းပြည်ထဲမှာ ပွစိ..ပွစိ ။

ရွေးကောက်ပွဲကြီး လုပ်လိမ့်မယ်လာပြန်ပြီလား ဒီရွေးကောက်ပွဲ ။








(Hmoo)

ရွေးကောက်ပွဲကြီးနိုင်မဲ့လူ.... သိပြီးသားပါ မစခင်က ။

ရွေးကောက်ပွဲကြီး ဘယ်သူပြိုင်ပြိုင်....အနိုင်ရသူ ကိုသန်းရွှေဘဲ ။

ဒုံချပ်ချပ်....ဒုံချပ်ချပ်....

ပြည်သူအားလုံး မြင်နေတာ.....မဲပုံးတွေမှာ သန်းရွှေပုံ ခွက် ။

လူတိုင်းလူတိုင်း နှမျောစွာ....ထည့်ပေးလိုက်တယ် ဖိနပ်တဖက် ။

ဒုန်းချပ်ချပ်...ဒုံးချပ်ချပ်...








( ကလူသစ် )

သံချပ်မောင်တို့.......လာချေပြီ.....ရွှေပြည်ဝေးမှာ.....ရင်ဖွင့်ကြစို့ ။

တနှစ်အတွင်းမှာ...ကောင်းဆိုးနှစ်ဖြာ.....ဆောင်ပါ ရှောင်ပါ....စဉ်းစားနိုင်ဖို့ ။

ရိုးရာယဉ်ကျေးမှု....ထိန်းသိမ်းပါ.....အာဏာရှင်တွေ....သံကောင်းဟစ်ကြ ။

ဥာဏ်နဲရှာတော့.....ဆတ်ဆတ်ခါနာ.....သံချပ်ဆရာတွေ....အင်းစိန်ကိုပို့ ။

သံချပ်ဆိုတာ..... မြန်မာ့ရိုးရာ.....သူမပါရင်....သင်္ကြန်မမည်ဘူး ။

သင်္ကြန်အပဲ့လေး....ညည်းရှာတယ်....သေသော်မှသည်...ကောင်းသေး၏ တဲ့ ။

ဒိန်း တတ်တပ်.....ဒိန်း တပ်တတ်...








(အမည်မသိ စာဆို)

ဗိုလ်ချုပ်ကြီးတို့ ပျင်းတဲ့အခါ....

နွှဲကြဦးမယ် ရွေးကောက်ပွဲအသစ် ။

ပြည်ပကလည်း မတတ်နိုင်ပါ.....

အော်ဟစ်ဆဲမယ် ဒီရွေးကောက်ပွဲ ။

အန်အယ်ဒီလည်း မ၀င်နိုင်တာ....

ဒီ အပေါစား ရွေးကောက်ပွဲပဲ ။

ရွေးကောက်ပွဲကြောင့် အသင်းပျက်ပြီ....

အသွင်ပြောင်းမယ် လူမှုအသင်း ။

သံချပ်မောင်တော့ မောရှာပြီ.....

တတ်နိုင်တာပဲ လုပ်ဦးမယ်ကွဲ့  ။

"ဆုတောင်းလိုက်တယ်... ဗိုလ်ရွှေသေဟဲ့ " ။

တုံတုံတုံ ချမ်း......









(သက်ဝေ)

သင်္ကြန်ချိန်ခါ ရောက်လို့လာ…. ရွှေပြည်ဝေးမှာ တူတူပျော်စို့…

သင်္ကြန်ချိန်ခါ ပျော်စရာ… သံချပ်ထိုးတာ ရိုးရာဓလေ့…

ရွှေပြည်ဝေးရဲ့ စေတနာ…. ကြွလာသူတွေ ပျော်ဖို့ ရွှင်ဖို့….

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ.… လူတိုင်း ကိုယ်စီ ရကြစေသား…

ရွှေပြည်ဝေးရဲ့ စေတနာ.… မုန့်လုံးရေပေါ် ကုလားအော်နဲ့…

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးတွေ ရှေ့ကို လာခဲ့…

(သင်္ကြန်ရေ အေးအေးလေး လောင်းမလို့ပါဗျာ… တလွဲမတွေးပါနဲ့…)

ရွှေပြည်ဝေးကို ချစ်တယ်ဆို…. ဂျော်နီအပြာ ယူလာခဲ့ကြ….

ရွှေပြည်ဝေးက မေတ္တာဝေ…. ကောင်မလေးတွေ အားလုံးအတွက်…

(ပိတောက်ပန်း လက်ဆောင် ဝေပေးမလို့ပါ… ခွိ… ခွိ…)

ဝိုင်းစုခိုင်သိန်း လာမယ်ဆို… အကိုတို့မှာ ရင်တွေခုန်ကြ…

ဝိုင်းစုခိုင်သိန်း လာမယ်ဆို… ရှေ့ဆုံးတန်းမှာ ဘယ်သူတွေလဲ…

(ဟာ… ဟိုမှာ ကလူသစ်ကြီးပါလားဗျို့…)

ကဲ… ကဲ… ရွှေပြည်ဝေးက အကိုတော်တွေ အကြိုက်တွေချည်း ပြောနေလို့ မဖြစ်သေးဘူး…

ကျွန်တော်တို့ ရွှေပြည်ကြီး အကြောင်းလေးလည်း သိရသလောက်လေး ဖေါက်သည်ချချင်

ပါသေးတယ်ဗျ…။


ဒုံခွပ်ခွပ်....ဒုံခွပ်ခွပ်....ဒုံ ခွပ်ခွပ်.....ဒုံ ဒုံ ခွပ်......

ရန်ကုန်မြို့ကြီး မီးမလာ.... နေပြည်တော်မှာ လင်းလို့ ထိန်လို့…

တိရိစ္ဆာန်ရုံ ဟိုပြောင်းတာ… နေပြည်တော်မှာ လင်းလို့ ထိန်လို့…

ရန်ကုန်မြို့ကြီး မီးမမှန်…
မီးစက်ကိုသာ အားကိုး အားကိုး…

သင်္ကြန်ရက်လည်း ရေမလာ… မီးစက်ကိုသာ အားကိုး အားကိုး…

ဈေးဆိုင်ကြီးတွေ မီးတွေလောင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…

တဲပေါ်ကလူ တိုက်ပေါ်တင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…

(တို့မီး ရှို့မီး… အလို မရှိ…. တို့မီး ရှို့မီး… အလို မရှိ.…)

ဂုဏ်ထူးဆောင်တဲ့ ချုပ်ကြီးတွေ… နေပြည်တော်ဆို ပိုက်ဆံဖြုန်းကြ…

လက်လုပ်လက်စား လူများမှာ… ဆန်ပြုတ်ကိုတောင် နပ်မမှန်တဲ့…

သံရုံးတွေမှာ အခွန်ဆောင်… နေပြည်တော်ကို လှူဖို့ တန်းဖို့…

တလ တခါ အခွန်ဆောင်… လူကြီးလာရင် ဆေးဘိုး ဝါးခ…


( ပြောရအုံးမယ်ဗျ…. ကျွန်တော်တို့ ရန်ကုန်မြို့ကြီး မှာလေ… )

သုံးနိုင်သူတွေ မိုဘိုင်းလ်ဝယ်… ဖုန်းပြောနေရင် ခေါင်းမလှုပ်နဲ့…

မိုဘိုင်းလ်ဖုန်းတွ ကိုယ်စီကိုင်လမ်းမပေါ်မှာ ထွက်အော်ပြောကြ…

(မကြားရဘူးဗျို့… ကျယ်ကျယ်ပြောပါ…)

ဖုန်းဘိုးတသောင်းပေးရရင်… ဟဲလို အတွက် ခုနှစ်ထောင်တဲ့…

ဖုန်းဘိုးတသောင်း ပေးရရင်… ကြားလား အတွက် ခုနှစ်ထောင်တဲ့…

(ဟဲလို… ဟဲလို… ကြားလား… ကြားရလား…)

Without ကားတွေ သိပ် တွင်ကျယ်…
နံပါတ် လှတာ ရွေးကာ စီးကြ…

ကားပါမစ်တွေ ချပေးမည်… ပြောနေကြတာ ကြာ.. ကြာလှပေါ့…

ရွေးကောက်ပွဲကြီး နီးလို့လာ
တခါလာလည်း မဲပြာ ပုဆိုး…

ရွေးကောက်ပွဲကြီး နီးလို့လာ… ပြောကြစမ်းပါ ဘာထူးမှာလဲ…

နောက်နှစ်သစ်ကို မကူးခင်
ကောင်းမှု ကုသိုလ် အထူးပြုကြ

နောက်နှစ်သစ်ကို မကူးခင်… မကောင်းတာတွေ ဖယ်ကာရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်
တောထုတ်ကြတာ မြန်မာဓလေ့…

ရွေးကောက်ပွဲကြီး နီးလာပြီ… တောထုတ်ကြတာ မြန်မာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ
သံပုံးတီးကာ တောထုတ်ကြစို့…

ရွေးကောက်ပွဲကြီး နီးလာပြီ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ
သံပုံးတီးကာ တောထုတ်ကြစို့…

သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်… … …)









(အမည်မဖေါ်လိုသူ "ပန်ဒိုရာ" )

ဒုံချပ်ချပ်....ပလုံစွပ်စွပ်....ဒုံချပ်ချပ်....ပလုံစွပ်စွပ်..

(ချင်ကာပူမှာ ရေချွေတာရသဖြင့် သင်္ကြန်သံက "ပလုံစွပ်" သာထွက်ပါသည်။)

နှစ်သစ်ကူးချိန်ရောက်လို့လာ ..... ရွှေပြည်ဝေးမှာ လူပေါင်းမှားပေါ့ ။ (အဲလေ.. )

နှစ်သစ်ကူးချိန်ရောက်လို့လာ.... ရွှေပြည်ဝေးမှာ ဆုံကြပါစို့။

သံချပ်ရေးရင်း ကြောက်ဒူးတုန်....နိုင်ငံရေးဆို ဝေးဝေးရှောင်မှ ။

နှစ်ထောင့်တစ်ဆယ် အလွန်မှာ....ပွင့်လာတဲ့အခါ ပြန်ချင်လို့ပေါ့ ။

(ဟော.. ပွင့်လာပြီ ၊ ပွင့်လာပြီ……(((((( ဗွမ်း))))) )

(ဟဲဟဲ.. မကြောက်ပါနဲ့ ရေသေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တာပါ)


ဒုံချပ်ချပ်....ပလုံစွပ်စွပ်...ဒုံချပ်ချပ်....ပလုံစွပ်စွပ်..

စီးပွားဈေးကွက် ခေတ်ပြောင်းမှာ....လုပ်ခွင့်မရမှာ ကြောက်လှတာပေါ့ ။

ပုဂ္ဂလိက ရွှေခေတ်မှာ....ပါမစ်မရမှာ စိုးရိမ်တာပေါ့ ။

ဆေးရုံ၊ကျောင်း၊လမ်း၊ဆိပ်ကမ်းတွေ....အနော်တို့ကိုလည်း ခွဲပေးဦးနော့ ။

လယ်ယာ၊သစ်တော စက်ရုံတွေ....အနော်တို့ကိုလည်း ခွဲပေးဦးနော့ ။

(ဟဲဟဲ.. ဟဲဟဲ.. မျက်နှာချိုသွေးထားတာ)

တိုးတက်ဖွံ့ဖြိုး မြန်မာပြည်....ချီတက်နေပြီ ရှေ့သို့ရှေ့သို့ ။

စီးပွားပိတ်ဆို့ တို့မမှုပါ....ဘဏ်ထဲမှာလေ အပြည့်အပြည့် ။

(ဘယ်သူ့ ဘဏ်အကောင့်မှာတုန်း)

(တယ်.. တိတ်တိတ်နေစမ်း)

ဓာတ်ငွေ့ထွက်တာ တို့မမှုပါ....ရောင်းပလိုက်စမ်းပါ တရုတ် ကုလား ။

သဘာဝမြစ်ချောင်း ပိတ်ဆို့လေ....ရေအားလျှပ်စစ် လာတော့မှာပဲ ။

၂၄နာရီ ကျေးရွာတခွင်....မီးလင်းချင်ရင် မဲ..သာပေးကြ ။

လမ်းပန်းဆက်သွယ် ဖြောင့်ဖြူးရွှင်....စည်ပင်ချင်ရင် မဲ…သာပေးကြ ။

(အဲဒါ.. အကြပ်ကိုင်တာလားဟင်…)

( ဟဲ့.. ရှူး.. တိုးတိုး)

ကဲပါလေ… ဗိုလ်ချုပ်တို့အကြောင်း ဝေးဝေးရှောင်....

ခေါင်းဆောင်တွေဘက် လှည့်ကြပါစို့ ။


ဒုံချပ်ချပ်....ပလုံစွပ် စွပ်..

ခေါင်းဆောင်တွေလည်း အသက်ရှည်....လုပ်နိုင်ပါစေ တော်လှန်ရေးကြီး ။

တော်လှန်ရေးကြီးလည်း အသက်ရှည်....လုပ်နိုင်ပါစေ ခေါင်းဆောင်ကြီးများ ။

(အဲ.. ဒါကတော့ သိပ်ဟုတ်သေးဘူးထင်တယ်)

နီးရာဓါးလည်း ကြောက်ပါသဗျို....သူတို့ကိုလည်း ပြောရဲပါဘူး ။

ရဲရဲတောက်တို့ အမြင်မကြည်....ရန်သူဖြစ်မည် ကြောက်လှချည်ရဲ့ ။

(ဘာ.. ဘာ.. မင်းက ဘာကောင်လဲကွ… ဟိုမှာ ပါဖူးလို့လား.. ဟိုထဲ ၀င်ဖူးလို့လား ။ သမိုင်းရှိသလား။အုတ်ကျင်းရှိသလား ။ အင်းစိန်ရှိသလား.. ဟမ်)


သံချပ်ဆိုတာ ရယ်စရာ....အမြင်မတော် ထောက်ပြဖို့တဲ့ ။

ဒါပေမဲ့လည်း ပြည်သူခမျာ....ဆူးကြားထဲက ဘူးခါးတွေပေါ့ ။

(အနော်တို့က သာမန်ပြည်သူတွေပါ)

ခေတ်ကျပ်ထဲက သင်္ကြန်မှာ....သံချပ်ရေးစရာ ရှိတော့ပါဘူး ။

သံချပ်ရေးစရာ ရှိတော့ပါဘူး......။

ဘူး..ဟူး..ဟူး.. ဘူးဟူးဟူး....

(ငိုသံများဖြင့်အဆုံးသတ်.. အဟတ်)

ဒုံချပ်ချပ် ....ပလုံစွပ်စွပ်..

ဒုံချပ်ချပ်.... ပလုံစွပ်စွပ်..


( အမည်မဖေါ်လိုသူ ပါဒိုရန် က ရုပ်ဖျက်ရေးသားပါသည်။ )








(ကောင်းကင်ပြာတောအုပ်)

ဒုံ ခွပ်ခွပ်...ဒုံဒုံ ခွပ်...ဒုံ..ဂတ်ဂတ်....ဒုံဒုံ ဂတ်...

ပူသလားဟေ့ မောင်တို့ရေ...ပူတယ်ဟေ့...ပူတယ်ဟေ့..။

ပူသလားကွယ့်...မယ်တို့ရေ...ပူတယ်လေ့...ပူတယ်လေ့...။

မြန်မာပြည်မှာ လူဖြစ်တာ...ပူစရာတွေ အတော်များသား

နွေရာသီမို့ ပူတာပါ....စိတ်မစိုးပါနဲ့..အဒေါ်ဂျီးရာ..

ရာသီဒဏ်ကြောင့် ကိုယ်တွေပူ....အရိပ်ထဲမှာတောင် တရှိန်ရှိန်နဲ့

ကမ္ဘာကြီးနွေးလို့ ပူတာပါ...စိတ်မပျက်ပါနဲ့ အန်တီဂျီးရဲ့ ..

မီးစက်သံကြောင့် နားတွေပူ.....ဖွတ်ချက်သံတွေ တချိန်လုံးညံသကွဲ့ 

အသံတိတ်မီးစက် ထွင်ပါ့မယ်....သီးခံစောင့်ပါ အဒေါ်ဂျီးရဲ့ 

မျက်လုံးတွေလည်း ပူရတယ်....ကလေးမတွေ စကပ်တိုလို့

သီးခံလိုက်ပါအန်တီရယ်....ရွှေပြည်ဝေးတို့ လာခဲ့မယ်ခင်မျ ။

နိုင်ငံရေးလည်း ပူသကွယ်.... စစ်ဗိုလ်တွေက သမ္မတလုပ်မတဲ့

သီးခံစောင့်ပါအဒေါ်ဂျီးရယ်....ရွှေပြည်ဝေးတို့လာခဲ့မယ်ဗျ ။

အဲဒါကိုလည်း ပူရတယ်....နင်တို့ကရော ကောင်းမှာမို့လား

ကောင်းမယ်လို့တော့ ထင်ရတယ်...အခုချိန်ထိတော့ မသေချာဘူးခင်ဗျ။

ဒုံ ခွပ်ခွပ်...ဒုံဒုံ ခွပ်...ဒုံ..ဂတ်ဂတ်....ဒုံဒုံ ဂတ်...။








(ကိုရင်နော်)

(((ဒုံးဂျမ်းဂျမ်း ဒုံးဂျမ်းဂျမ်းးး))) (စိတ်ရှိလက်ရှိတီးသံ)

သင်္ကြန်ပွဲကြီး ကျင်းပတာ....ရွှေပြည်ဝေးမှာ သံချပ်တွေနဲ့..

ရွှေပြည်ဝေးမှာ သံချပ်တွေနဲ့....ဒို့သင်္ကြန်ပွဲ ကျင်းပမှာ..

မြန်မာ့ရိုးရာ သင်္ကြန်မှာ....တူးပို့သံတွေ ပျောက်လုပြီပဲ..

ဟေ့ တူးပို့သံတွေ ပျောက်ကုန်ပြီပဲ....မြန်မာရိုးရာ သင်္ကြန်မှာ..

Hip Hop သံတွေ ဆူညံလာ....DJ ပွတ်တာ ဒို့ရိုးရာပွဲ..

DJ ပွတ်တာ ဒို့ရိုးရာတဲ့......Hip Hop သံတွေ ဆူညံလာ..

Rapper ကြီးတွေ ဆဲကြတာ....မိုးမွန်နေတာ ဒို့ရိုးရာပွဲ..

မွန်းမွန်လိုက်တာ နားရှက်စရာပဲ.....Rapper ကြီးတွေ ဆဲလိုက်တာ..

ဟိုကောင်မလေး လန်းလိုက်တာ....လန်လေ လန်းလေ ဒို့ရိုးရာပွဲ..

လန်လေ လန်းလေ ဒို့ရိုးရာပွဲ....ဟိုကောင်မလေး ဝတ်ထားတာ..

ဖင်ပေါ်ခေါင်းပေါ် ဝတ်ကျတာ....ခေတ်နဲ့အညီ ဒို့ရိုးရာပွဲ..

ခေတ်နဲ့အညီ ဒို့ရိုးရာပွဲ.....ဖင်ပေါ်ခေါင်းပေါ် ဝတ်ကျတာ....

ရိုက်ပွဲ ရန်ပွဲ ချဲကြတာ....အထိ မခံတာ ဒို့ရိုးရာပွဲ..

အထိမခံတာ ဒို့ရိုးရာပွဲ....ထိုးကြ ကြိတ်ကြ မူးကြတာ..

အဲ့ဒီအကြောင်းတွေ ရေးထာတာ....ကိုရင့်ဘလော့မှာ တင်ထားတာပဲ..
ကိုရင့်ဘလော့မှာ တင်ထားတာပဲ..
(ဟဲဟဲ.. ကြော်ငြား)

နှဲ့နှဲ နှယ်နှဲ့ နှယ်နဲ့နှယ့်နယ်..

တနဲ့နဲ့ တနဲ့နဲ့.. အဲ့နှယ် အဲ့နှယ် အဲ့ နှဲ့ နယ် နယ်...(နှဲမှုတ်သံ)

သံချပ်ဆိုတာ ပြည်သူတွေရဲ့ ရင်ထဲက အသံ..
အမှန်တရာ ဖွင့်ဟချက်တွေကို အလေးထားနားထောင်ပြီး ပြုပြင်သင့်တာ ပြုပြင်သင့်တယ်..

သံချပ်ဆိုတာ သင်္ကြန်ရဲ့ ပြယုဂ်တစ်ခု.. ရိုးရာ အမွေးအနှစ်ကို ထိန်းသိမ်းတဲ့ အနေနဲ့ ပြန်လည် ဖော်ထုတ်သင့်တယ်..

ခုနောက်ပိုင်း သင်္ကြန်တွေကတော့ ငရုပ်သီးထည့်ထားတဲ့ မုံ့လုံးရေပေါ်လို စပ်ဖျဉ်းဖျဉ်း..။

( နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ..)








(မိုးမောင်)

ယခုရေးစပ်သော သံချပ်အား (4/4)beat ဖြင့် "ရေပုံးထု" သီဆိုရန်

// B X BB X / B X BB X....B X BB X / B X BB X //

လမ်းထိပ်နားက ဆူဆူညံ....ဘာသံလဲဟေ့ ကြည့်စမ်းပါဟ..

ဟိုလူဒီလူ ၀ိုင်းလို့အော်....ခေတ်မြင်ကွင်းနဲ့ ရင်တွင်းနာများ..

ရွှေပြည်ဝေးတဲ့ ဒီနေရာ.....မဏ္ဍပ်တဲ့လား လူတွေပြောကြ..

မဏ္ဍပ်ဆိုတာ အမှန်မှာ.....စကတ်လေးတွေ တိုကြကပ်ကြ..

အခုဟာဖြင့် မဟုတ်သေးပါ....ဒိုးပတ်တီးမှ သင်္ကြန်တဲ့လားဗျ..

ဒီဂျေဆွဲမှ ကဲရမှာ.....နောင်ကြီးတို့လည်း အသိပါပဲ..

ဒို့ခေတ်ကိုက ပျော်စရာ....အရှက်အကြောက်ဆိုတာ ငှဲ့စရာလား..

ဒီိလိုဝတ်လို့ ရှက်စရာဆိုရင်....လာကြည့်ပါလား ဒို့များမဏ္ဍပ်..

ကိုကိုမမ အားလုံးဟာ.....မချွတ်ခင်က ကျွတ်ချင်နေကြ...(အဟိ)

ဒီလိုဂွင်မျိုး ကြုံခဲ့ရင်....ကိုရင်နော်ကြီးလည်း အပြတ်ကဲမှာပဲ..

ကြာသလားဟေ့ မောင်တို့ရေ....ခေတ်ပျက်မှတော့ ကဲသာကဲလိုက်..

ခေတ်ပျက်မှတော့ ကဲသာကဲလိုက်..။

//B X BB X/B X BB X....B X BB X/B X BB X//

( နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ )









(ခင်ခင်)

ရွှေပြည်ဝေးတို့ ပျော်နေတာ.....စိတ်ချမ်းသာစရာ ။

နှစ်စဉ်နှစ်စဉ် ပျော်စေဖို့ .....ဒို့ဆုမတောင်းဗျို့ ။

ဆုတောင်းချင်တာ တခုတည်းပါ....ပြည်သူများအတွက်ပါ ။

ပြည်တွင်းမှာသာ သံချပ်ညံဖို့......ရွှေပြည်ဝေးတို့ ဆုတောင်းကြဗျို့။


( ပီတိ )

သင်္ကြန်ရေနဲ့ ဖြန်းပက်တာ ....အညစ်အကြေးတွေ ကင်းစင်စေဖို့ ။

စလုံး ငပေါတွေထင်နေတာ....သင်္ကြန်ရေဟာ ရေဖြုန်းတာတဲ့ ။

သူတို့ပြောတာ ရေချွေရန်....ကမ်းခြေမှာသာ ဖြန်းပက်ဖို့တဲ့ ။

သန့်စင်ရေသာ တို့သုံးတာ....ကိုယ်စိတ်နှစ်ပါး ရွှင်လန်းစေဖို့ ။

ဘယ်လို သန့်သန့် စင်္ကာပူမှာ....သောက်နေတာတောင် အိမ်သာရေတဲ့ ။

အိမ်သာရေနဲ့ ပက်တာလောက်တော့ ... ... ... ...







( ခရေဖြူ )

ဒုံချမ်: ... ဒုံချမ်: ...ဒုံချမ်:

သင်္ကြန်နှစ်ကူး ရောက်လို့လာ .....ရှူလိုက်စမ်:မယ် သင်္ကြန်အငွေ့အသက် ။

City Hall လည်း သွားအုန်းမယ်.....Tophyo ပါ ချန်မထားဘူး ။

ခြေလေးရယ်တဲ့  ဆက်လို့ရှည် .....Sembawang ပါ ရောက်ခဲ့တာပေါ့ ။

မြင်ခဲ့တာလေး ပြောပြမယ်.....မကြားချင်ရင် နားပိတ်ထားကြ ။

သင်္ကြန်ငွေ့ လေး ရှူခဲ့တယ်.....ဟိုမှာဒီမှာ အံဖတ်တွေနဲ့ ။

ဘုန်းကြီးကျောင်းရှေ့ မနေရပါ.....ကွမ်းယာရောင်းကာ စီးပွါးရှာကြ ။

မမလေးများ တိုကျပ်ပေါ်.....အကိုတော်တို့ ရှုလို့မဝ ။

သင်္ကြန်ပီးရင် ငွေစုပါ..... E passport က ငါးရာ ငါးရာ ။

ဒုံချမ်: ... ဒုံချမ်: ...ဒုံချမ်:...ဒုံချမ်:

သင်္ကြန်နှစ်ကူး ရောက်လို့လာ.....ပြောလိုက်စမ်းမယ် သံချပ်အထဲ ။

မျိုးချစ်ကြီးများ နေရာတကာ .....လာမထိနဲ့နော် ခံဘူးခံဘူး ။

နွှဲလိုက်ကြတဲ့ရန်ပွဲတွေ..... internet မှာပလူပျံပေါ့ ။

စလုံးပြောင်းတဲ့လူဆိုရင် .....သတ်မှတ်လိုက်မယ် သစ္စာဖောက်ပဲ ။

အပြင်ထွက်ပြီးအော်သူတွေ.....အထဲမှာတော့ ငကြောက် ငကြောက် ။

အထဲမှာများ အော်ဖို့ပြင်.....taxi မလိုဘူး အင်းစိန်စီပဲ ။

အင်းစိန်ကိုလား အနီးလေးထင်....ပို့ပစ်လိုက်မယ် ပူတာအိုထိ ။

ထောင်ကျသူလဲ မနေရပါ....ပြောကြတာက တဖက်စွန်:ရောက်သတဲ့ ။

တို့မြန်မာများ ချစ်တတ်သည်....အင်တာနက်မှာ နေ့ရောညရော ။

ဟေ့စိန်လား... ဟေ့သန်:လား... ဟေ လာ မောင် တို့ ဝါး ။

ဒုံချမ်: ... ဒုံချမ်: ...ဒုံချမ်:...ဒုံချမ်:း )








( ချစ်ကြည်အေး )

ဒုံချပ် ဒုံဒုံချပ်.... ဒုံချပ် ဒုံဒုံချပ်.....

ရွှေပြည်ဝေးက သံချပ်မောင်မယ်တို့ရေ....ဝေ...!

ညီစေနော်...စမယ်....လာပြီ... ။

ဒုံချပ် ဒုံဒုံချပ်.... ဒုံချပ် ဒုံဒုံချပ်.....

ဟေ့ တို့ မြန်ပြည်မှာ ပျော်စရာ.....မီးလာပြန်လည်း လက်ခုပ်တီးရ....

တို့ မြန်ပြည်မှာ အော်စရာဗျ.....ရေလာပြန်လည်း လက်ခုပ်တီးကြ....

ဂိမ္မာန်နွေတွင်း ရောက်လို့ လာ.....မီးဘေးကိုရှောင် မလောင်ခင်တားကြ....

မီးကပ် မီးချိတ် သဲအိတ်တွေ.....ကိုယ့်ဘာသာကိုယ် ဝယ်ကြ ဝယ်ကြ...
(ဟာ ဟုတ်သေးဘူးလကွာ ဒီမှာ....)

မီးကပ် မီးချိတ် သဲအိတ်တွေ.....ရဝတ က အလကားပေးနေသတဲ့....
(ဪ...စေတနာတွေ စေတနာတွေ...ဒီလိုလား...)

မီးကပ် မီးချိတ် သဲအိတ်တွေ....ရဝတ က အလကားပေးနေသတဲ့....

အတိုအထွာဝတ်တဲ့ ညီမလေးတွေ.....ရဝတ က အလကားပေးနေသတဲ့....
(ဟ မင့်ဂျီးတော်ကြီး ပေးလိုက်ပါလား အလကား...)

အတိုအထွာဝတ်တဲ့ ညီမလေးတွေ.....ရွှေပြည်ဝေး မေတ္တာ ရကြစေသား...
( ဪ ဒီလို...အကိုတို့ရဲ့မေတ္တာတွေ.. မေတ္တာတွေ.... )

ရွှေပြည်ဝေးက တောင်းဆုချွေ.....အပျိုလေးတွေ မာကြစေသား...

အိမ်တွင်းပုန်းတဲ့ အပျိုတွေ.....တူးပို့သံကြား ပွစိ ပွစိ...

ဟေ့ သိကြားမင်းကြီး ဆင်းလို့လာ.....တူးပို့သံကြား ပွစိ ပွစိ....
(လုပ်ချလိုက်ပြန်ပြီ....သိကြားမင်းက ပွစိမလားဟ...)

သိကြားမင်းကြီး ဆင်းလို့လာ....ဟန်းဖုန်းကိုင်ကာ ဟဲလို ကြားလား...

ခွေးရေ ပုရပိုက် မလောက်ငှပါ.....ချိုကုတ်တွေကို မှတ်ဖို့ သားဖို့...

(အမယ်မင်း လုပ်ချလိုက်ပဟ ဒီတခါတော့ သွားရှာပေါ့..အင်း အဲ...

သင်္ကြန်တွင်းမှာ ချိုကုတ်ရှိရာ ချိုကုတ်လာတဲ့ အရူး အမူးသမားတွေကို

ပြောတာပါဟ...ညှင်း ညှင်း ညှင်း)

ကဲပါလေ အစဉ်အလာ မပျက် သံချပ်သိမ်းကြရအောင်....

အပျိုပိန်ပိန် ရေမှာ စိမ်တော့.....မုန့်ကျိုးလိမ် မုန့်ကျိုးလိမ်....

အပျို ဝဝ ရေမှာချတော့.....ပဲရေပွ ပဲရေပွ.....

ဟေ့ ချိုကုတ်ရေ.....ဟ ဒူးကြီးလား ....ဟ ဒူးကြီးလား ဟေ့ ချိုကုတ်ရေ....

ဟေ လာ မောင် တို့ ဝါး.....

( ဤသံချပ်အား " ဘေတိုးဘေ တပ်ဗေ ဒိုင်း ဒိုင်း " ဟု တုံးတိတိ သိမ်းရန်...)









( ဆြာယော )

ဝုန်း ဒိုင်း အုန်း ဂွမ်း... ဂျိမ်း ဂျိမ်း ဂျမ်း

ဂျိမ်း ဂျိမ်း ဂျမ်း.... ဂျိမ်း ဂျိမ်း ဂျမ်း (ဘန်ကောက်မှလာသော အသံများ)

ဘန်ကောက်သင်္ကြန်လည်ခဲ့တယ်....ဟောဟဲ ဟောဟဲ... ဂျိမ်း ဂျိမ်း ဂျမ်း၊ ဂျိမ်း ဂျိမ်း ဂျမ်း ။

ဂျိမ်း ဂျိမ်း ဂျမ်း၊ ဂျိမ်း ဂျိမ်း ဂျမ်း....ဘန်ကောက်သင်္ကြန်လည်ခဲ့တယ် ။

ဘန်ကောက်သင်္ကြန် စည်တယ်ဆို....ဒီနှစ် ရေပက်ပုံ က တမျိုးဆန်း ။

ကြမ်းကြမ်းရမ်းရမ်း ပက်ကြတယ်.....သွေးတွေရဲရဲ မျက်ရည်ရွှဲရွှဲ ။

သွေးတွေရဲရဲ မျက်ရည်ရွှဲရွှဲ .....ကြမ်းကြမ်းရမ်းရမ်း ပက်ကြတယ် ။

သကြားမင်းလည်း ရုပ်ဖျက်ကာ....အနီဝတ်ကာ ဘန်ကောက်ဆင်းရ ။

ကြံဖန်ဂုဏ်ယူရင် ဖြစ်ပါတယ်.. ဂျပန်သတင်းထောက်သေတာ တို့ဆီ ပထမ ။

ဂျပန်သတင်းထောက်သေတာ တို့ဆီ ပထမ....ကြံဖန် ဂုဏ်ယူတာ ပြောပါတယ် ။

ရွှေပြည်ဝေးတို့ ဖိတ်လို့သာ..... ဆြာယောမှာ ရောက်လာခဲ့ရ ။

ဆြာယောမှာ ရောက်လာခဲ့ရ... ငိုချင် လက်တို့ ရောက်ခဲ့တာ.. ။

ရွှေပြည်ဝေးမဏ္ဍပ် စည်ပင်နေ ....မြင်ရသူလည်း ကြည်နူးပါရဲ့  ။

မြင်ရသူလည်း ကြည်နူးပါရဲ့  ....ရွှေပြည်ဝေးမှာ စည်ပင်နေ ။

ခမ်းခမ်းနားနား ဆင်ထားတာ....စပွန်ဆာကြီးတွေ ရထားထင်ရဲ့  ။

စပွန်ဆာကြီးတွေ ရထားထင်ရဲ့  ....နေပြည်တော်လို ဆင်ထားတာ ။

မစ္စတာမူး (hMOO) လည်း မြူးနေတယ်....ဆန်ရေစပါး ပေါတော့မှာပဲ ။

ဆန်ရေစပါး ပေါများပေလိမ့်....ဆရာမူးတယောက် မြူးနေတယ် ။

အရွယ်ထောက်လို့ ဆင်ခြင်ကာ ....ဆြာယော... ခဏနေကာ ပြန်ပါရစေဦး ။

ခဏတော့နေကာ ပြန်ပါရစေဦး....အရွယ်ထောက်လို့ ဆင်ခြင်ကာ ။

မျက်စေ့တွေလည်း နောက်ပါတယ်....အပြာလေးက ဘူယေးဒဲ့လဲ ။

အပြာလေးက ဘူယေးဒဲ့လဲ....မျက်စေ့တွေလည်း နောက်တယ်နော် ။

ဘန်ကောက်မှာဆူလို့ ဒီလာတယ်....စားစရာတွေလည်း မကျန်တော့ဘူး (ပြန်ပြီ)







(အောင်သာငယ်)

တူး… …. ပို့…
တူး…. ပို့… တူး… ပို့…
တူး… …. ပို့…
တူး…. ပို့… တူး… ပို့… ။

တရေးအိပ်ပြီး နိုးလို့လာ….ဘယ်သူလဲဗျာ… ပြောကြပါဦး…။

တရေးအိပ်ပြီး နိုးလို့လာ… ဘယ်သူလဲဗျာ… ပြောကြပါဦး…။
(ဘိုလုပ်… သိနိုင်မှာလဲနော်… ဘူလဲ-လို့… ခက်ထှာ….း)

ဘယ်သူလဲဗျာ ပြောကြပါဦး… တရေးအိပ်ပြီး… နိုးလို့လာ…။

ဘယ်သူလဲဗျာ… ပြန်အိပ်ပါဦး…။
(အာ… အတိုင် အဖောက်တွေ ရှုပ်ကုန်ပြီ… ဘိုတွေလုပ်ပြီး… တိုင်… ဖောက်…နေကြတာလဲ… မသိရင်… နားမလည်ရင်… အမည်မဖော်ချင်သူ… ပန်ဒိုရာ-ဆီမှာ သွားလေ့လာကြဦး…။ ဒွတ်ခပဲ…ဗမာတွေ… အဲလေ… ရွှေတွေဖြစ်ပြီး… သံချပ်ကိုလည်း အတိုင်…အတိုင်မှန်း… မသိ… အဖောက်… အဖောက်မှန်း… မသိ… ကဲ… စင်ပေါ်က… အဲလေ… ဆင်ပေါ်က… အာ… မဟုတ်သေးဘူး… မဏ္ဍပ်ကနေ… အားလုံးပြန်ကြ… ကိုယ်တယောက်ထဲ… တိုင်မယ်… ဖောက်မယ်… ဟဲ…ဟဲ…)

(ကဲ… ကဲ… ပြန်စမယ်… ပြန်စမယ်… )

တရေးအိပ်ပြီး နိုးလို့လာ… ဘယ်သူလဲဗျာ… ပြောကြပါဦး…

ဘယ်သူလဲဗျာ… ပြောကြပါဦး…တရေးအိပ်ပြီး နိုးလို့လာ…
အေတီအဲန်ပါ… သူပဲ… သူပဲ…။

သူပဲ… သူပဲ… အေတီအဲန်…သံချပ်ထိုးမလို့… နိုးလာဆိုပဲ…။
သံချပ်ထိုးမလို့… နိုးပြီးရင်….ရွှေပြည်ဝေးမှာ တရေးအိပ်မလို့…း))

သံချပ်ထိုးဖို့လာချေပြီ… အေတီအဲန်ကို… ကြိုလှညှ့်… ဆိုလှည့်…။
ကြိုလှည့်… ဆိုလှည့်… အေတီအဲန်… အမှန်အကန်ကို လာချေပြီမို့…။

အေတီအဲန်-တို့ လာချေပြီ… ပျိုမဒီတွေ… ဟိုကြည့်... သည်ကြည့်…။
ဟိုကြည့် … သည်ကြည့် … ပျိုမဒီတွေ… အေတီအဲန်-တို့ လာချေပြီမို့… ။

ကြိုလှည့်… ဆိုလှည့်… ပျိုမဒီတွေ… အေတီအဲန်ကို… အဲ.. အဲ… အဲ… အဲ…
(အဲ… ဟုတ်သေးပါဘူး… မွှားကုန်ဘီ…း))

( ပြန်ပြင်ဆိုတယ်…)
အေတီအဲန်-တို့ လာချေပြီ… ရွှေပြည်ဝေးက… ကြိုလှည့်… ဆိုလှည့်…

ကြိုလှည့်… ဆိုလှည့်… အေတီအဲန်… အမှန်အကန်ကို … တေးဆိုမှာမို့…။

ဟေ့… မောင်ရေ့… ဟေ့… အေတီအဲန်ရေ့…

ဟေ့... ရွှေပြည်ဝေး…ဟေ့… လာ… မောင်ရို့… ၀ါး…

ဗေပုံ… ထိပုံ… ပတ်… ဗေဗေ… ဂျိ…။

(တရေးနိုးပြီး သံချပ်ထိုးရတာမို့...ဒါက ပထမပိုင်းပါ...ခုတော့ ပြန်အိပ်လိုက်ပါဦးမယ်... နောက်နေ့မှ ဒုတိယပိုင်းကို ဆက်ကြတာပေါ့...ပျော်ပျော်ပါးပါးပေါ့... -ဒေါက်တာမောင်မောင်လေသံနှင့်ပြောသွားသည်-း)) (အားလုံးပဲ… ၀န်ဒါရှိရင်… လွန်ဒါမိပါဗျာ…း)


(ဆက်ကြပါဦး)