Friday, April 20, 2012

သိပြီးသားတေးသွား
















အခြေအနေအရ
လူဖြစ်လာခဲ့ရသူပါ

အခြေအနေအရ
ဘ၀င်ကို မြှင့်ထားရ

အခြေအနေအရ
သင်္ချာနဲ့သိုင်းကို သင်ခဲ့ရ

အခြေအနေအရ
ထမင်းသိုးဟင်းသိုးဖြစ်ခဲ့ရ ။

အခြေအနေအရ
အိမ်စွန့်
ရွာစွန့်
နိုင်ငံစွန့်

အခြေအနေအရ
လူစွန့်စားဖြစ်ခဲ့ရ
ဘ၀တွေ ခြားခဲ့ရ ။

ကဗျာတွေမှာ
စကားထာဝှက်ရတာ
နွားနို့ထဲကို ရေရောတာ
ပြည်သူပိုင်ပစ္စည်း ခိုးတာ
ဘုရားရွှေ ခွါတာ
မီးရှို့
ဓါးပြတိုက်တာ
အခြေအနေအရပါ ။

အခြေအနေအရ နိုင်ငံရေးမှာ ၀င်ပါ
အခြေအနေအရ မင်္ဂလာဆောင်
အခြေအနေအရ ထောင်ကျ
အခြေအနေအရ ရိပ်ကြီးခို
အခြေအနေအရ စစ်ထဲဝင်
အခြေအနေအရ တပ်ပြေး
အခြေအနေအရ တောခို
အခြေအနေအရ ညီညွတ်
အခြေအနေအရ အညံ့ခံ
အခြေအနေအရ ပြည်တော်ပြန်

အခြေခံဥပဒေကို
အခြေအနေအရ  ထောက်ခံ
အခြေအနေအရ လွှတ်တော်တက်
ရွေးကောက်ပွဲရလာဒ်လည်း
အခြေအနေအရ အဆုံးခံခဲ့ရပြီ
စစ်တပ်က အာဏာသိမ်းတာလည်း
အခြေအနေအရပေါ့ ။

အခြေအနေအရ
ပြောသင့်တာတွေ မပြောတော့ပါ
အခြေအနေအရ နားလည်ပေးကြပါ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, April 17, 2012

ဟုတ်တုတ်တုတ်သင်္ကြန်















အခုတခေါက်သင်္ကြန်က နိုင်ငံရေးအရ ထူးခြားမှုရှိတဲ့သင်္ကြန်ပါ။ အရင်နှစ်တွေက
သင်္ကြန်ရောက်ပေမဲ့ အဖမ်းခံထားရလို့ မနွှဲနိုင်ခဲ့ကြသူတွေ အခုတခေါက်မှာတော့
အများနည်းတူ ပျော်နိုင်ခဲ့ကြပါတယ်။ ဒီတချက်တည်းနဲ့ပဲ သင်္ကြန်က တော်တော်
မင်္ဂလာရှိခဲ့တယ်လို့ ဆိုရမယ်။

တကယ်တော့ ။ သဘောကောင်းတယ်လို့ နာမည်ထွက်နေတဲ့ “ဖိုးစိန်ကြီးအစိုးရ”
က “နိုင်ကျဉ်း”တွေကို အကုန်ပြန်လွှတ်ပေးသေးတာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံ
ရေးနဲ့ပတ်သက်သူတွေ တင်းပြည့်ကျပ်ပြည့် မပျော်နိုင်တဲ့သင်္ကြန်လို့ ဆိုရမယ်။ ဒီလူ
တွေကို ဘာရည်ရွယ်ချက်နဲ့ ဖိုးစိန်ကြီးတို့က ဆက်ပြီးဖမ်းထားသလဲ။ လွှတ်စရာရှိတာ
မြန်မြန်လွှတ်ပေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။ လူတွေချီးမွှန်းတာ ခံရမှာစိုးလို့လား။
ဖိုးစိန်ကြီးတို့ကတော့ မရိုးသားတာ သေချာတဲ့အကြောင်း ကမ္ဘာကိုပြနေတုန်းပဲ။ နိုင်ငံ
ရေးအကျဉ်းသားတွေက ငါးရာကျော်တောင် ကျန်နေသေးတယ် ။

ဒီတခေါက်သင်္ကြန်မှာ သံချပ်တွေထိုးခွင့်ရလာတာကလည်း အတော်ထူးခြားတဲ့အချက်
ပဲ။ သင်္ကြန်နဲ့သံချပ် အခွဲခံထားရတာ ကြာပြီ။ အာဏာရှင်တွေဟာ သံချပ်ကိုပါ ဖမ်းချုပ်
ထားခဲ့တယ် ။ သံချပ်အဖွဲ့တွေ ပြန်ထွက်လာတယ်ဆိုပေမဲ့ နိုင်ငံရေးနဲ့ထိစပ်နေသူတွေပဲ
ဖြစ်နေတယ်။ သာမန်အရပ်သူအရပ်သားတွေရဲ့သံချပ်အသံတွေ မကြားရဘူး။ ကြောက်
နေသေးလို့ ဖြစ်မယ်။

အခြေအနေတွေက အရင်ကထက်စာရင် လွတ်လပ်လာတယ်ဆိုပေမဲ့ အပြည့်အဝ
မလွတ်လပ်နိုင်သေးဘူး။ တစိတ်တပိုင်းလွတ်လပ်ရေးကနေ အပြည့်အ၀လွတ်လပ်ရေး
ရဖို့ လုပ်ကြရလိမ့်ဦးမယ်။ “ဥက္ကဌကြီးစု” လွှတ်တော်ထဲရောက်လာရင် အပြောင်းအလဲ
တွေက အရှိန်အဟုန်မြင့်လာလိမ့်မယ်လို့ အတော်များများက မျှော်လင့်နေကြတယ် ။
လွှတ်တော်တွင်းနိုင်ငံရေးက ပိုပြီးအသက်ဝင်လှုပ်ရှားလာလိမ့်မယ်လို့ ခန့်မှန်းနေကြ
တယ်။

ဥက္ကဌကြီးစုမှာ အံ့မခန်းစွမ်းအားတွေ ရှိနေတယ်လို့ အများကယုံကြည်ထားကြတယ်။
ဒီစွမ်းအားတွေကြောင့် လွှတ်တော်အတွင်း အပြောင်းအလဲတွေ အကြီးအကျယ်ပေါ်
လာလိမ့်မယ်လို့လည်း မျှော်လင့်နေကြတယ်။ နိုင်ငံတကာရဲ့အကူအညီ အဖေးအမ
တွေလည်း တထမ်းတပိုးကြီး ရလာလိမ့်မယ်လို့ တွက်ဆနေကြတယ်။ မြန်မာ့စီးပွါး
ရေးကလည်း ခေါင်းထောင်ရုံတင်မက ရင်ပါကော့လာမယ်လို့ ထင်ကြေးပေးနေကြ
တယ်။

မြန်မာ့နိုင်ငံရေးက မျှော်လင့်ချက်တွေ၊ ခန့်မှန်းချက်တွေ၊ တွက်ဆချက်တွေနဲ့ပဲ ခပ်ဖွဖွ
နင်းပြီး ဆက်လျှောက်ရမယ့် အခြေအနေပါ။ ခပ်ရဲရဲ မနင်းနိုင်သေးဘူး။ ရဲရဲတင်းတင်း
နင်းဖို့အခြေအနေတွေ မရှိသေးဘူး။ အခြေအနေတွေမကောင်းလို့ ကိုယ်ဖေါ့ပြီး ခပ်ဖွဖွ
နင်းခဲ့ရတဲ့နှစ်တွေ များလှပြီဆိုတော့လည်း မြန်မာပြည်သူတွေ ဆက်ပြီးကိုယ်ဖေါ့ထားဖို့
မခက်လောက်ဘူး ထင်ပါရဲ့။

ဘာပဲပြောပြော ပြီးခဲ့တဲ့သင်္ကြန်ကတော့ သံချပ်နဲ့ဘာနဲ့ဆိုတော့ ဟုတ်တုတ်တုတ်သင်္ကြန်
လို့ ဆိုရပါလိမ့်မယ်။ ဖိုးစိန်ကြီးတို့နဲ့ ဥက္ကဌကြီးစုတို့ အများကမျှော်လင့်ထားတဲ့အတိုင်း
(အမှန်တကယ်) ပြေလည်ကြမယ့် နှစ်သစ်ဖြစ်စေဖို့ ဆန္ဒပြုပါတယ်။ ၀မ်စွေ့....၀မ်စွေ့...
ဝမ် ၀မ် စွေ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, April 13, 2012

ကြီးကြလေသောအခါ

သမ္မတ ဦးသိန်းစိန်ကို (ဘာကြောင့်ရယ်မသိ) ဒေါ်စုကအစ “သမ္မတကြီး”လို့
ခေါ်ကြတယ်။ ဦးသိန်းစိန်ခင်မျာ ကြီးနဲ့ အကျိုးပေးရှာတယ်။ စစ်သားဘ၀မှာ
တုန်းကလည်း ဗိုလ်ချုပ်ကြီး။ သမ္မတဘ၀ရောက်တော့လည်း သမ္မတကြီးတဲ့။
စစ်တပ်မှာ ဗိုလ်နဲ့ ဗိုလ်ကြီး အဆင့်မတူဘူး။ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကြီးလည်း မတူ
ဘူး။ ကြီးချင်တိုင်း ကြီးလို့မရဘူး။ မယ်သီလရှင်လောကမှာလည်း ခပ်ငယ်ငယ်
တွေကို ဆရာလေး။ အသက်ကြီး၊ ၀ါကြီးတွေမှ ဆရာကြီး။ ကျောင်းဆရာလောက
လည်း ဒီလိုပဲ။ ဆရာဟာ ဆရာ၊ ဆရာကြီး မဟုတ်။ ဆရာမဟာ ဆရာမကြီး မဟုတ်။

အိန္ဒိယမှာ မဟတ္တမ ဂန္ဒီကို “ဂန္ဒီဂျီး”လို့ ခေါ်ကြတယ်။  ပုံမှန်က ဂန္ဒီပဲ။ ဘာကြောင့်
အနောက်မှာ ဂျီးထည့်ရသလဲဆိုတော့ ပုံမှန်ထက်ပိုပြီး ကြီးမြတ်သူအဖြစ် အများ
က သတ်မှတ်တဲ့သဘော။ မြန်မာတွေလည်း အန္ဒိယဆီက “ဂျီး”ကို လိုင်စင်မပါပဲ
သယ်လာပုံရတယ်။ မြန်မာပြည်ရောက်တော့ “ကြီး” ဖြစ်သွားတာများလား။ မြန်
မာတွေရဲ့ ကြီးတဲ့အဓိပ္ဗါယ်ကလည်း ပုံမှန်ထက် ပိုကြီးမားတာကို ဆိုလိုတာကိုး။
ဘာဘူကြီးတို့ မာမူကြီးတို့လည်း ကြားဖူးကြမှာပေါ့။ အဲဒါက အန္ဒိယမှာ ဘာဘူဂျီး။
မာမူဂျီးလို့ ခေါ်တာကို မြန်မာတွေက လိုက်ခေါ်ကြတာ။ အဓိပ္ဗါယ်က လူကြီးသူမ။
မြို့၊ ရွာမျက်နှာဖုံး ။ သဘောကောင်းပြီး အများအကျိုးကူညီသူကို ခေါ်ကြတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသစ်စက်စက် ဒေါ်အောင်ဆန်းစုကြည်ကို
လည်း “ဥက္ကဌကြီးဒေါ်စု”လို့ ခေါ်ကြပါစို့။ ဒါမှမဟုတ် “အမေစု”လို့ ခေါ်ကြသလို
“ဥက္ကဌကြီးစု”လို့ ခေါ်ကြစို့။ သူကပါတီရဲ့ လက်ရှိဥက္ကဌ မဟုတ်ပေလားဗျာ။ သူ့
အရင် ဦးအောင်ရွှေတုန်းကလည်း ဥက္ကဌကြီးလို့ ခေါ်ခဲ့ကြတာပဲ။ ဆိုရှယ်လစ်ခေတ်
တုန်းကလည်း အာဏာရှင်ဦးနေ၀င်းကို သမ္မတကြီး၊ ဥက္ကဌကြီးလို့ ခေါ်ခဲ့ကြတယ်။
ရိုးရိုးတောင် မဟုတ်ဘူး။ “လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေ၀င်း”တဲ့။ သတင်းစာတွေ
မှာရေးခဲ့ကြတာ။

တကယ့် ရာထူးသတ်မှတ်ချက်မှာ သမ္မတ။ ဥက္ကဌဆိုတာပဲရှိတယ်။ သမ္မတလည်း
မကြီးဘူး။ ဥက္ကဌလည်း မကြီးဘူး။ သတင်းမီဒီယာဆိုတာက ရာထူးကို အတိအကျ
ဖေါ်ပြရတာ။ မလိုအပ်ပဲ ၀ိုင်းပြီးကြီးပေးစရာ မလိုဘူး။ စေတနာပိုကဲသူတွေက စိတ်
မထိန်းနိုင်ပဲ ကြီးပေးနေကြတာ။ (ဖါးချင်တဲ့သဘောလည်း ပါပုံရတယ်) အခုလည်း 
 ပြည်တွင်းမီဒီယာတွေတင်မက ပြည်ပမီဒီယာတွေမှာပါ သမ္မတကြီး ဦးသိန်းစိန်နေ
ကြတယ်။ ကြီးမြတ်သောသမ္မတ ဦးသိန်းစိန်ပေါ့။ သာမန်ထက်ပိုပြီးကြီးမား ထူးခြား
လို့ ဂုဏ်မြှောက်ကြတဲ့သဘောနေမှာပေါ့။

ဗိုလ်ချုပ်အောင်ဆန်းလည်း ကြီးတာနဲ့ မလွတ်ခဲ့ဘူး။ ကျောင်းသားခေါင်းဆောင်
ကိုအောင်ဆန်း။ သခင်အောင်ဆန်း။ ဗိုလ်ချုပ်အောင်ဆန်း။ ဦးအောင်ဆန်းဘဝ
တွေမှာ မကြီးခဲ့ရပေမဲ့ လုပ်ကြံခံရပြီးနောက်ပိုင်းမှာတော့ လွတ်လပ်ရေးဖခင်ကြီး။
အာဇာနည်ကြီး တဦးဖြစ်ခဲ့ရတယ်။ ဒေါ်ခင်ကြည်ကိုလည်း တချို့က မိခင်ကြီးဒေါ်
ခင်ကြည်တဲ့။ 

ကွန်မြူနစ် ခေတ်ထချိန်အခါကလည်း Chairman Maoကို မြန်မာတွေက “ဥက္ကဌ
မော်”လို့ မခေါ်ဘူး။ “ဥက္ကဌကြီးမော်”တဲ့။ မော်စီတုံးလည်း မြန်မာနဲ့တွေ့မှပဲ ကြီး
ရရှာတယ်။ ကြီးတာနဲ့ပတ်သက်ပြီး သတိထားမိတာတခုက အညာသူအညာသား
တွေဟာ အကျေထက် ကြီးကို ပိုသုံးကြတယ်ဆိုတာပဲ။ မန္တလေးမှာ မဟာမြတ်မုနိ
ဘုရားကို ဒေသခံတွေက (ဘာကြောင့်ရယ်မသိ) “ဘုရားကြီး”တဲ့။ မန္တလေးက ရှိ
သမျှဘုရားတွေထဲမှာ တံခိုးအထွားဆုံး၊ အကြီးမားဆုံးလို့ ဆိုလိုချင်ပုံရတယ်။ ရွှေ
ကျောင်းကြီးဆိုတာလည်း ရှိသေးတယ်။ မီးအကြီးအကျယ်လောင်ခဲ့တဲ့နေရာက
ဦးကျားကြီးဝင်းတဲ့။ အဆိုတော်ဂျေမောင်မောင်ကိုလည်း မန္တလေးသားတွေက
“ဂျေကြီး” လို့ခေါ်ကြတယ်။ အရပ်ရှည်တဲ့သူကို အရှည်ကြီးလို့ ခေါ်ကြသလိုပေါ့။

အုပ်စုတခုထဲမှာ နာမည်တူတာ နှစ်ယောက်ရှိနေရင်လည်း တယောက်ကို ကြီး
ထည့်ပေးတတ်ကြတယ်။ ဆိုပါတော့ လှမောင်လေးနဲ့ လှမောင်ကြီး။ မြမြလေးနဲ့
မြမြကြီး။ မယားနှစ်ယောက်ယူထားရင်လည်း မယားကြီးနဲ့မယားငယ်တဲ့။ ကြီးဆို
တဲ့စကားကို အလွယ်တကူနဲ့ သုံးစွဲနေတဲ့အလေ့အထ မြန်မာတွေထဲမှာ စွဲနေတာ
သတိထားမိလို့ အခုလို ရေးလိုက်တာပါပဲ။ ဘာမှ အရေး “မကြီး”ပါဘူး။

အလွယ်တကူနဲ့ ကြီးရတာကိုပဲ ကြိုက်သပဆိုရင်လည်း လွတ်လွတ်လပ်လပ်ကြီး
ကြီးကြပါ။ လွတ်လပ်စွာကြီးပိုင်ခွင့် ရှိ မရှိတော့ မသိ။ သတိလေးထားပြီး ကြီးကြ
ရင်တော့ ပိုကောင်းမယ်ထင်တယ်။ “လူ့အခွင့်အရေးခေတ်” ဆိုတော့လည်း ကြီး
တဲ့အကြောင်းဝေဖန်မိတာ အပြစ်ဆိုပြီး ဆန္ဒတွေထပြကြမှာလည်း စိုးရသေးတယ်။
ကဲ...ကဲ..သိန်းဆုကြီးများလည်း ပေါက်ကြပါစေ။ ဒီမိုကရေစီကြီးလည်း ရကြပါစေ။
အာဏာရှင်ကြီးများနဲ့လည်း လွဲပါစေ။ ငြိမ်းချမ်းရေးကြီးလည်း ရပါကြစေ။ ကျန်းမာ
ရေးကြီးလည်း ကောင်းကြပါစေ။ စိတ်ကြီးများလည်း ချမ်းသာကြပါစေဗျား ။

(ရုပ်ပုံ ၊ ဂူဂလ်ကြီး)

Thursday, April 12, 2012

မြူးလည်းမြူး မူးလည်းမူး














အချိန်တန်တဲ့အခါ
သင်္ကြန်ဟာ
သူ့အလိုလို ရောက်လာတယ်

ရေရှားပေမဲ့ ရေကစားကြမယ်
ပူပေမဲ့လည်း မပူဘူး
လူတွေ ဆူနေတာ ပျော်စရာ
ပိတောက်တွေလည်း ဖွေးလို့ မွှေးလို့

သီချင်းတွေကို ရေနဲ့ရော
ရေတွေကို အရက်နဲ့ရော
အရက်တွေကို မုန့်လုံးရေပေါ်နဲ့ရော
မုန့်လုံးရေပေါ်ကို သကြားမင်းနဲ့ရော
သကြားမင်းကို တရားစခန်းနဲ့ရော
တရားစခန်းကို မီးသတ်ပိုက်နဲ့ရော
မီးသတ်ပိုက်ကို စတုဒီသာနဲ့ရော
စတုဒီသာကို ဘီယာနဲ့ရော
ဘီယာကို အိုးမည်းနဲ့ရော
အိုးမည်းတွေကို နင်ရော ငါရော
ရေရောထားတဲ့ သီချင်းအရက်နဲ့ရော

ခုန်လိုက် ကလိုက်နဲ့
အလွန်မြူးပြီး
အမူးလွန်နေတဲ့ သင်္ကြန်

ရေများများလောင်းလိုက်
ရေများများလောင်းလိုက်
ရေတွေ အများကြီးနဲ့ လောင်းချလိုက်

ချမ်းမှာစိုးလို့
ကောင်မလေးကို ဖက်ထားလိုက်

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, April 6, 2012

ရွှေပြည်ဝေးသင်္ကြန် ( မဏ္ဍပ်အသစ်)













အတာသင်္ကြန်ကာလမှာ အဝေးရောက် ဘလော်ဂါတွေ အဖေါ်သဟာဖွဲ့လို့
ပျော်ကြဖို့ “ရွှေပြည်ဝေးမဏ္ဍပ်”ကို ၂၀၀၉ခုနှစ်သင်္ကြန်မှာ စတင်ထူထောင်
ခဲ့ပါတယ်။ အသိမိတ်ဆွေတချို့ကိုလည်း ရွှေပြည်ဝေးမှာပျော်ပါးဖို့ လက်တို့
ခဲ့ပါတယ်။ ဘလော်ဂါတွေဆိုတော့ သံချပ်တွေထိုးကြတယ်။ သင်္ကြန်စကား
တွေပြောကြတယ်။ အချင်းချင်း စကြ နောက်ကြတယ်။ ပျော်စရာပါပဲ။

၂၀၀၉၂၀၁၀၂၀၁၁ ။ သုံးနှစ်ဆက်တိုက် ရွှေပြည်ဝေးကို ဒီဘလော့ဂ်
မှာပဲ နွှဲခဲ့ပါတယ်။ ၂၀၁၀တုန်းက ရန်ကုန်သင်္ကြန်မှာ ဗုံးကွဲတော့ ရွှေပြည်
ဝေးလည်း ဗုံးလန့်ပြီး တို့လို့တန်းလန်းနဲ့ ရပ်ခဲ့ရသေးတယ်။ တနှစ်ထက်
တနှစ် ဘလော်ဂါအရေအတွက်လည်း များလာလို့ထင်ပါရဲ့ ရွှေပြည်ဝေး
သင်္ကြန်လည်း လူပိုစည်လာပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ Facebook သုံးစွဲမှုက ကမ္ဘာတ၀ှမ်းမှာ အကြီးအကျယ်
ထွန်းကားလာခဲ့ပြီး မြန်မာဘလော်ဂါတွေ သီးသန့်စုဝေးရာ Facebook တခု
လည်းရှိလာခဲ့ပါတယ်။ ဒီလိုဖြစ်လာအောင် “ဘလော်ဂါသက်ဝေ” ကမက
ထလုပ်ခဲ့တာပါ။ (အဲဒီကတည်းက သက်ဝေကို လူစွမ်းကောင်းအဖြစ် သတိ
ထားမိ နေခဲ့တယ်)

တကယ်တော့ Blueskyforest မှာ သင်္ကြန်မဏ္ဍပ်ထောင်တယ်ဆိုတာက လူ
မစည်တဲ့အရပ်မှာ အလှူခံမဏ္ဍပ်ထောင်မိသလိုပါပဲ။ သိပ်မအောင်မြင်ပါဘူး။
သက်ဝေက(ဆုတောင်းကောင်းသူမို့ ထင်ပါရဲ့) လူချစ်လူခင် ပေါလှပါတယ်။
သူက Facebookနဲ့ လူစုလာတော့ ဘလော့ဂါတွေ ပိုပြီးဆုံလာပါတယ်။ အဲဒါ
ကြောင့် သက်ဝေကို ဒေါ်လာငါးထောင်နဲ့ ရွှေပြည်ဝေးမဏ္ဍပ် ရောင်းလိုက်ပါ
တယ်။ (နောက်တာ မဟုတ်ပါ)  (အခုဆို သူဈေးတင်ထားလောက်ပြီ)

သက်ဝေကပဲ ကြီးမှုးပြီး ရွှေပြည်ဝေးကို ကျင်းပမယ်ဆိုရင် ပိုပြီးစည်ကားမယ်
လို့ ယုံကြည်တာကြောင့် သက်ဝေရဲ့အကူအညီကိုရဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အလုပ်တွေများတဲ့ကြားကပဲ အကူအညီပေးဖို့ သက်ဝေက သဘောတူခဲ့လို့
ဝမ်းသာရပါတယ်။ ရွှေပြည်ဝေးကို သီးသန့် ဘလော့ဂ်တခုလုပ်ပြီး သင်္ကြန်ပွဲ
နွှဲကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ (သက်ဝေကပဲ လုပ်မှာပါ)

အစပိုင်း ကမ်းလှမ်းတုန်းက သက်ဝေတင်မက “ဘလော်ဂါပန်ဒိုရာ” လည်း
ဝိုင်းကူပေးဖို့ပါ။ ဒါပေမဲ့ ပန်ဒိုရာက သူရှေ့တန်းထွက်နေရတယ်။ ရှေ့တန်းမှာ
အင်တာနက်က မကောင်းဘူး။ တိုက်ပွဲတွေက ပြင်းထန်တယ်ဆိုတဲ့ အကြောင်း
ပြချက်နဲ့ တိုက်စစ်မှုးပန်ဒိုရာ လှလှပပလေး လက်ရှောင်သွားခဲ့ပါတယ်း))

အခုတော့ “ရွှေပြည်ဝေးသင်္ကြန်မဏ္ဍပ်” ဆိုပြီး သက်ဝေရဲ့အကူအညီနဲ့ ဘလော့ဂ်
အသစ်တခု သီးသန့်ရှိလာခဲ့ပါပြီ။ (အားလုံး လက်ခုပ်တီးကြပါ။ လက်ခေါက်တွေ
လည်း မှုတ်ကြပါ) ရွှေပြည်ဝေးဘလော့ဂ်အသစ်ကို သင်္ကြန်မကျခင် အချိန်မီသွား
လည်ကြပါ။ ဒီနှစ်သင်္ကြန်မှာ ထူးထူးကဲကဲလုပ်နိုင်အောင်လို့ အကြံကောင်းတွေ
လည်း ပေးကြပါ။ ရွှေပြည်ဝေးမဏ္ဍပ်ထောင်ရတဲ့ မူလရည်ရွယ်ချက်က ဘလော်
ဂါတွေစုဝေးပြီး ချစ်ချစ်ခင်ခင် ပျော်ရွှင်နိုင်ကြဖို့။ သံချပ်ထိုးတဲ့အစဉ်အလာ ပြည်
တွင်းမှာ မှေးမှိန်နေချိန် အဝေးရောက်ဘလော်ဂါတွေက အစဉ်အလာမပျက်ရ
အောင် ၀ိုင်းပြီးထိမ်းထားကြဖို့ပါ ။

၁၀၁၂ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်သစ်ကြီးမှာ ဘလော်ဂါ အဖေါ်သဟာများ
ထူးထူး ကဲကဲ ၊ မြူးမြူး သဲသဲ၊ ၀ူးဝူး ၀ဲဝဲနဲ့ ဃူးဃူး ဃဲဃဲ ပျော်နိုင်ကြစေကြောင်း
ဆန္ဒပြုလိုက်ပါတယ် ။ အားလုံး ကျန်းမာကြစေဗျား ။ ( ပုံ ။ ရပ်ကွက်လူကြီး )

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, April 2, 2012

ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး














(Hip Hop သံစဉ်ဖြင့် ရွတ်ဆိုရန်)

Yeah.....Yeah.....What's Up.....Baby.....Yeah.....Yeah.

ရွေးကောက်ပွဲကြီးက...လွတ်လပ်ပြီးတော့ တရားမျှတ 

NLDလည်း အနိုင်ရ...အနိုင်ရ

ကြံ့ဖွတ်တွေကတော့ ကုန်း ကွ ကွ

ပြည်သူတွေအားလုံး ပျော်ကြ ရွှင်ကြ

အမေရိကန်နဲ့ အီးယူကလည်း အားရ

အကူအညီတွေလည်းပေးတော့ မဟ

ဘန်ကီမွန်းကြီးလည်း ၀မ်းသာရ

အာစီယံလည်း သဘောကျ

သမ္မတဂျီးကတော့ ပြုံးစစ....Yeah...Yeah....ကိုရွှေသမ္မတကတော့ ပြုံးစစ

Oh...Yeah....Baby....Yeah.....Yeah....

ဒီသီချင်းခေါင်းစဉ်ကို “ပြုံးစစ”လို့ပဲ ပေးလိုက်မယ် ။


( သတင်းကောင်းတွေ ဆိုပါလားဟေ့ )

ဒီကနေ့ မြန်မာ့နိုင်ငံရေးက ပိတ်ရာကနေ ပွင့်လာတဲ့အခြေအနေလို့ (ပြောချင်
ရင်) ပြောလို့ရပါတယ်။ စစ်အုပ်စုက ပိတ်ထားတာကို စစ်အုပ်စုကပဲ (အရပ်
ဝတ်လဲပြီး) ဖွင့်ပေးတာပါ ။ ခေတ်ပြိုင်နိုင်ငံရေးအင်အားစု အားလုံးက စစ်အုပ်
စုဖွင့်ပေးထားတဲ့ တံခါးပေါက်ကနေပဲ နိုင်ငံရေးကစားကွင်းထဲကို ၀င်လာရပါ
တယ်။ (တခြားအပေါက်လည်း သူတို့က မဖွင့်နိုင်ခဲ့ကြဘူးကိုး) စစ်အုပ်စုတံခါး
ပေါက်က ၀င်လာကြသူအားလုံးဟာ စစ်အုပ်စု ခင်းတဲ့လမ်းကိုပဲ ဆက်ပြီး
လျှောက်နေရပါတယ်။

စစ်အုပ်စုရဲ့လမ်းကို လျှောက်မယ်ဆိုရင် ( ကြိုက်ကြိုက် မကြိုက်ကြိုက် ) လက်ရှိ
အခြေခံဥပဒေကို လက်ခံရတယ်။ ဒါမှ နိုင်ငံရေးကို တရားဝင် လှုပ်ရှားခွင့်ရမယ်။
၁၉၉၀ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့အနိုင်ရခဲ့တဲ့ NLD ပါတီဟာ
ခလုတ်ကံသင်းပေါတဲ့ နိုင်ငံရေးခရီးကြမ်းကို အစွမ်းရှိသလောက် နှင်လာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်အကြာမှာ ရွေးကောက်ပွဲကို နောက်တကြိမ်ပြန်ပြီး နွှဲခဲ့
ရတယ်။ ဒီတခါလည်း စစ်အုပ်စုဖွင့်ပေးတဲ့ တံခါးပေါက်ကနေ ၀င်ခဲ့ရတာဖြစ်ပြီး
စစ်အုပ်စုက ခင်းထားတဲ့လမ်းမှာပဲ (အခြေခံဥပဒေကို သဘောတူပြီး) NLD က
ဆက်လျှောက်နေတယ်။

“ဒီတကြိမ်လည်း နိုင်တာပဲ” ဆိုပေမဲ့ ဒီတခါကတော့ စစ်အုပ်စုက ပေးသလောက်
နဲ့သာ ကျေနပ်ရတာမျိုးပါ။ (အဲဒါကြောင့် ဒကာစိန်က“ပြုံးစစ” ဖြစ်နေတာပေါ့) ဒီ
ကနေ့ မြန်မာ့လွှတ်တော်ဆိုတာက ကြံ့ဖွတ်တွေလွှမ်းမိုးကြီးစိုးထားတဲ့ လွှတ်တော်
ပါ။ အဲဒီအထဲမှာ စစ်ဗိုလ်အစိတ်သားကလည်း မိန့်မိန့်ကြီးထိုင်လို့။ စစ်အုပ်စုကပဲ
အသာစီးနဲ့ (နိုင်ငံရေးကို ညှပ်ပူးညှပ်ပိတ် ကစားနိုင်အောင်) အသေအချာ ဆင်ထား
တဲ့ ကစားပွဲထဲကို NLD က ၀င်လာရတဲ့ အဖြစ်ပါ။ ဒီလမ်းကိုလိုက်ဖို့ ရွေးချယ်ခဲ့တဲ့
အတွက် လုံလောက်တဲ့လက်ခုပ်သံတွေ NLD ရခဲ့တယ်။

နှစ်တွေအတော်ကြာအောင် နိုင်ငံရေးအကျပ်ဆိုက်ပြီး အလုပ်မဖြစ်တဲ့ ရေဒီယိုနိုင်
ငံရေး၊ ကြေညာချက်နိုင်ငံရေးတွေလောက်ပဲ လုပ်နေရတာထက်စာရင်။ စစ်အုပ်စု
အသွင်ပြောင်း ဗိုလ်သိန်းစိန်အစိုးရ ခင်းတဲ့လမ်းကိုလိုက်ပြီး မီးစင်ကြည့်ကတာမှ
ဟုတ်တုတ်တုတ်ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ ရလာဒ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲမှာ
NLDက နေရာလေးဆယ်ကျော်ရခဲ့ပြီ။ (ကြိုဆိုချင်သူများ ကြိုဆိုကြပါ) NLD နိုင်ငံ
ရေး နလံပြန်ထူလာတဲ့အတွက် လက်ခုပ်သြဘာများ (ပေးချင်ရင်) ပေးကြပါ။ စစ်
အုပ်စု ဖန်တီးထားတဲ့ နိုင်ငံရေးပုံစံသစ်အထဲမှာ NLD လှုပ်ရှားခွင့်ရလာတာကို
“ကောင်းသတင်း”လို့ အများက ယူဆကြပါတယ်။ (အနည်းကတော့ မယူဆကြ
ပါဘူး)

(အစကို စဖို့.....စတင်ခြင်း)

တကယ်တော့ နိုင်ငံရေးကစားပွဲ အသစ်တခုအတွက် ဖွင့်ပွဲအခန်းအနားက အခုမှ
စယုံပဲ ရှိပါသေးတယ်။ ကမ္ဘာမှာ ဘိန်းအထွက်ဆုံး ဒုတိယနိုင်ငံ ။ စစ်အုပ်စု ကြီးစိုး
ထားတဲ့နိုင်ငံ ။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့နိုင်ငံ ။ လူ့အခွင့်အရေးချိုးဖေါက်
မှုတွေ ရှိနေတဲ့နိုင်ငံ။ လွတ်လပ်မှု မရှိတဲ့နိုင်ငံ။ ပြည်တွင်းစစ် ဖြစ်နေတဲ့နိုင်ငံ။ နိုင်ငံ
ရေးအင်အားစုတွေအကြား (အလုပ်ဖြစ်လောက်အောင်) ယုံကြည်မှု မရှိသေးတဲ့
နိုင်ငံ။

စီးပွါးရေး။ ကျန်းမာရေး။ ပညာရေး။ (ရုပ်ပိုင်းရော၊ နာမ်ပိုင်းရော) ချွတ်ခြုံကျနေတဲ့
နိုင်ငံ အဖြစ်ကနေ နလံပြန်ထူဖို့ဆိုတာက ပြောဖို့လည်း မလွယ်ဘူး။ လုပ်ဖို့လည်း
မလွယ်ဘူး။ ဒါပေမဲ့ အဆိုးထဲက အကောင်း မြင်အောင်ကြည့်နိုင်ပြီး တူတာတွေကို
(တကယ်ပဲ) တွဲပြီး လုပ်လာနိုင်ကြမယ်ဆိုရင်တော့ မဆိုးဘူး။ အဲသလိုဖြစ်လာမယ်
ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနိုင်ရတာက (အနိုင်ပေးခံခဲ့ရတာက)
အစကောင်းတဲ့ လမ်းကြောင်းတခုလို့ ဆိုရလိမ့်မယ်။ သတိထားရမှာက အစကောင်း
တိုင်းလည်း အနှောင်းက သိပ်သေချာတာ မဟုတ်ဘူးဆိုတာပဲ။

(ဘာမှ မဖြစ်ရင်.... ဘာမှ မဖြစ်)

နားလည်မှု မရှိရင် ချစ်လို့ယူထားတဲ့ လင်မယားကြားမှာတောင် ပြေပြေလည်လည်
မရှိနိုင်ဘူး။ မိဘနဲ့ သားသမီးအကြားမှာလည်း နားလည်မှုမရှိရင် ပြဿနာများတယ်။
ရေရှည်ပြေလည်မှု ရှိချင်ရင် နားလည်မှုတွေ ခိုင်ခိုင်မာမာရှိဖို့လိုတယ်။ မြန်မာပြည်
နိုင်ငံရေးပြဿနာမှာလည်း နားလည်မှုရဖို့ သိပ်အရေးကြီးတယ်။ နားလည်မှုတွေရဖို့
အလုပ်အတူတူ တွဲလုပ်။ ရင်းရင်းနီးနီး ဆက်ဆံ။ အပြန်အလှန် အပေးအယူလုပ်တဲ့
လေ့ကျင့်ခန်းတွေ လုပ်ရလိမ့်မယ်။ နားလည်မှုရှိမှ ယုံကြည်မှုရှိလာမယ် ။ နားလည်မှု
ရှိရင် ရန်သူဟာ မိတ်ဆွေဖြစ်လာမယ်။ အခုကနေစပြီး ကြုံရမယ့် အခြေအနေသစ်
တွေဟာ အပြန်အလှန် နားလည်မှုတွေရလာအောင် လေ့ကျင့်ဖို့ အခွင့်ကောင်းပဲ။

နားလည်မှုရှိမှ ၀န်ခံရဲလာမယ်။ နားလည်မှုရှိမှ ခွင့်လွှတ်ရဲလာမယ်။ နားလည်မှုရှိမှ
လွတ်လပ်မှုရမယ်။ ငြိမ်းချမ်းမှုရမယ်။ ပြောသာ ပြောတာပါ။ နားလည်မှုရဖို့ ဆိုတာ
ကလည်း လောကမှာ အခက်ဆုံးအလုပ်တခုပဲ မဟုတ်လား။ ဒီအဆင့် မရောက်သေး
သရွေ့တော့ ဘာတွေပဲဖြစ်ဖြစ် ဘာမှမဖြစ်ဘူးလို့ပဲ ဆိုရမယ်။ ဘာမှ မဖြစ်ရင်တော့
ဘာမှ ဖြစ်မှာ မဟုတ်ဘူးပေါ့။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နိုင်တာ (မဆိုးပါဘူး)
ကောင်းပါတယ်။ ဟဲ..ဟဲ..ဟဲ ။

(ရုပ်ပုံ ၊ ဂူဂလ်)