Sunday, December 25, 2011

သင်္ကြန်မှာပျော်တဲ့ ခရစ္စမတ်သီချင်း


















ငယ်တုန်းကတော့ ပျော်ဖို့ကလွဲပြီး ဘာမှဂရုစိုက်တာ မဟုတ်ဘူး ။ သင်္ကြန်
နားနီးလေ ရင်ခုန်လေပဲ ။ အသားကုန် သောင်းကျန်းခွင့်ရှိတဲ့ ပွဲတော်လို့ပဲ
နားလည်တယ်။ အရွယ်မရောက်သေးပေမဲ့လည်း အရက်သောက်တာပဲ ။
မူးမှ ပိုပျော်တယ်လို့ အကိုကြီးများက ဆုံးမထားကြတာကိုး။ လူကြီးတွေ
မျက်ကွယ်မှာ လူငယ်သဘာဝ ထင်ရာဆိုင်းခဲ့ကြသပေါ့ ။ ပျော်ဖို့သာလျှင်
အဓိက ကာလကြီးပေပဲ ။

ခေတ်ကလည်း အဲဒီတုန်းက ဒစ္စကိုခေတ် ။ သင်္ကြန်မှာ ဘယ်ကိုသွားသွား
သင်္ကြန်သီချင်း မဟုတ်ရင် ဒစ္စကိုသီချင်းတွေ ဖွင့်ပြီး ပျော်ကြတယ်။ ဒစ္စကို
ခေတ်မှာ ကမ္ဘာကျော်တာ ABBA နဲ့ Boney M ။ သင်္ကြန်မှာ ရေကလည်း
ရွှဲ ။ အရက်ကလည်း တထွေထွေ ။ ဒစ္စကိုသီချင်းကလည်း မြူး။ ၀ူးဟူးဟူး ။

အသက်ကြီးမှ သတိထားမိတာက သင်္ကြန်မှာ ကဲခဲ့စဉ်အခါက Boney M
သီချင်းတွေဟာ ခရစ္စမတ်သီချင်းတွေပါလားဆိုတာပဲ ။ တကယ့်ကို မအပ်
မစပ် လှုပ်ရှားမှုပါလားဆိုပြီး မျက်ခုံးတွန့်မိတယ် ။ ဂီတဆို မြူးရင်ပြီးရော။
ဘာတွေပဲဆိုဆို ။ ကလို့ခုန်လို့ကောင်းရင် ဟုတ်နေပြီဆိုတဲ့ ကာလပေကိုး။
ဘာသာရေးသီချင်းနဲ့ သင်္ကြန်မှာ ကကြခုန်ကြတယ်ဆိုတာ ရယ်စရာတော့
အကောင်းသား ။

တကယ်တော့လည်း Boney M သီချင်းတွေက  ဘုရားကျောင်းထဲကနေ
လမ်းမတွေပေါ်ကို ဆင်းလာခဲ့တာပါ ။ တချို့ကလည်း ကျေးဇူးတင်ကြ
တယ်။ဘုရားသီချင်းတွေ ဒစ္စကိုဂီတနဲ့အတူ လူထုထဲရောက်လာလို့ ။
တချို့ကလည်း ရှုတ်ချကြတယ်။ ဘုရားသီချင်းတွေဟာ လမ်းဘေးရောက်
ကုန်တယ် ။ ညကပွဲထဲ ရောက်ကုန်တယ်ပေါ့။

ဂီတရဲ့စွမ်းအား ။ အနုပညာရဲ့စွမ်အား သိပ်ပြီး ကြီးမားတယ်။ ခရစ္စမတ်
သီချင်းနဲ့သောင်းကျန်းခဲ့တဲ့ ငယ်ငယ်တုန်းကသင်္ကြန်ကို သတိရမိလို့
ခရစ္စမတ်နေ့မှာ Boney M အဖွဲ့ကို မှတ်မှတ်ရရ ဂုဏ်ပြုလိုက်ပါတယ်။
အဖွဲ့သားတွေထဲက တချို့လည်း ကွယ်လွန်ခဲ့ပြီ ။

Boney M ကျန်းမာပါစေ ။ ဒစ္စကိုဂီတ အဓွန့်ရှည်ပါစေ ။ ဒစ္စကိုဘုရားသီ
ချင်းတွေနဲ့ သင်္ကြန်တပွဲလောက်တော့ ပြန်ပြီးနွှဲချင်သား ။ ဘုရားသခင်လည်း
သဘောကျလိမ့်မယ်ထင်ပါတယ် ။ Boney M အဖွဲ့ရဲ့ Oh My Lord သီချင်း
ကို နားဆင်တော်မူကြပါ ။

 

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, December 20, 2011

သာရေးနာရေး














ကင်ဂျုံအီးလ် ။ ဗားဆလဗ် ဟာဗဲလ် ။ ကဒါဖီ ။ စတိဗ် ဂျော့ဗ်စ် ။
ဘင်လာဒင် ။ အေမီ ၀ိုင်းဟောက်စ် ။  ဦးလွင် ။ လှသန်း ။ နတ်နွယ် ။
မောင်ဝဏ္ဏ ။ ဒီနှစ်ထဲမှာ နေခဲ့ကြသူများပေါ့ ။

တချို့လူတွေက သေမှ အေးတယ် ။ တချို့လူတွေကျ သေမှ ပူရတယ် ။
မပူမအေး လူတွေလည်း ရှိပါတယ် ။  ကိုယ်က ဘယ်အုပ်စုထဲ ပါသလဲ ။
ဘယ်အုပ်စုမှာ ပါမလဲ ။ ပူမှာလား အေးမှာလား ။ ခပ်နွေးနွေးထဲကလား ။

ဒီနှစ်က ထူးတယ် ။ အလ်ခိုက်ဒါးအဖွဲ့လည်း ဇတ်ပျက်သလိုဖြစ်ခဲ့တယ် ။
လစ်ဗျားစစ်ကလည်း ရုပ်ရှင်ဆန်ဆန် အံ့သြစရာ ။ မြောက်ကိုရီးယားမှာ
လည်း မျက်ရည်မိုးတွေရွာ ။ ကိုယ့်မိသားစုထဲက သေရင်တောင် ဒီလောက်
ဝမ်းနည်းကြရဲ့လား မသိ ။ ကင်ဂျုံအီးလ်တို့များ သေတာတောင် လူတွေကို
ချုန်းပွဲချ ငိုခိုင်းခဲ့သေးတယ် ။ အံ့ရော ။

ပန်းသီးကွန်ပြူတာဆိုင်တွေလည်း နတ်ကွန်းတွေလို ဖြစ်ခဲ့ရတယ် ။ ပစ္စည်း
ကောင်းကိုကြိုက်သူတွေက စတိဗ်ဂျော့ဗ်စ်ကို လွမ်းကြတယ် ။ ကြိုးစင်ပေါ်
ရောက်ပြီးကာမှ ကြိုးမိန့်က လွတ်ခဲ့သူလို ဧရာဝတီမြစ် ဒီနှစ်ထဲ ကံဇာတာ
တက်ခဲ့တယ် ။ တတ်လည်းတတ်နိုင်တဲ့ ကိုသိန်းစိန် ။ ဗိုလ်သိန်းစိန်ဘ၀မှာ
တုန်းက သူပဲ မြစ်ဆုံဆည်ကြီး တဟည်းဟည်းဖြစ်အောင်လုပ်ဖို့ သွားပြီး
အားပေးခဲ့တယ်။ သမ္မတဘ၀လည်းရောက်ရော ပြည်သူ့စကားကိုပဲ နား
ထောင်ပါ့မယ်ဆိုလို့  ပြည်သူ့အချစ်တော်ကြီးတောင် ဖြစ်လိုက်သေး ။

ဒီနှစ်ထဲမှာ ကံတက်လာသူတွေထဲ ကိုသိန်းစိန်လည်းပါတယ် ။ အပြောင်း
အလဲများကို ဖန်တီးသူပေါ့ ။ ယုံတဲ့သူတွေကလည်း ယုံတယ် ။ မယုံတဲ့သူ
တွေကလည်း မယုံဘူး ။ ကိုသိန်းစိန်ကို ယုံတဲ့အထဲ ဒေါ်စုတို့အုပ်စုလည်း
ပါပုံရတယ် ။ အခုဆို လွှတ်တော်ထဲကို ၀င်ကြတော့မယ် ။ ၉၀ရွေးကောက်ပွဲ
ရလာဒ်က ကိုသိန်းစိန်တို့အုပ်စု မိုက်ကြေးခွဲလိုက်လို့ မြောင်းထဲရောက်သွား
တယ် ။ အရည်မရ အဖတ်မရ ဖြစ်ခဲ့တဲ့ ၉၀နောက်ကို လိုက်ကြရင်း ဒေါ်စုတို့
အုပ်စု လွတ်တဲ့ခုံမှာ ၀င်ထိုင်တော့မယ် ။ အရည်ပဲဖြစ်ဖြစ် အဖတ်ပဲဖြစ်ဖြစ်
ရလိုရငြားပေါ့ ။

အားလုံး တိတ်တိတ်နေ ဒေါ်စုကို မဝေဖန်နဲ့ ။ သူလုပ်တာ အကုန်မှန်တယ် ။
အဲသလို အုပ်စုလည်း ရှိတယ် ။ ဒီတိုင်းပြည် ဒေါ်စုမပိုင်ဘူး အားလုံးပိုင်တယ် ။
မကြိုက်ရင်တော့ မကြိုက်ဘူးပြောမှာပဲ ။ ဒီလိုအုပ်စုလည်း ရှိတယ် ။ အပြောင်း
အလဲကာလ မပီဝိုးတ၀ါးမှာ အပြစ်တင် မစောနဲ့၊ အချီးကျူး မစောနဲ့၊ သတိထား
စောင့်ကြည့်။ ကောင်းရင်လည်း သတိနဲ့ကြိုဆို၊ မကောင်းရင်လည်း သတိနဲ့ရှုတ်
ချ ။ ဘာမှ သေချာတာ မဟုတ်ဘူး ။ ဒီလိုအုပ်စုလည်း ရှိတယ် ။ ဒီနှစ်က လူတွေ
ကို ဒီလိုတွေ ဖြစ်စေခဲ့တယ် ။ ၈၈တွေလည်း ထောင်ထဲမှာ အခြေအနေကောင်း
ဆိုပဲ ။

ပြည်တော်ပြန်တွေ မြူးတဲ့နှစ် ။ ချိတ်ထမီနဲ့ခေါင်းပေါင်း အရောင်းသွက်တဲ့နှစ် ။
ဧရာဝတီမြစ် လူချစ်လူခင်ပေါတဲ့နှစ် ။ တိတ်နေတဲ့ ကချင်တွေ အသံထွက်တဲ့နှစ် ။
မြောက်ကိုရီးယားမှာ ကိုလူပျို ခေါင်းဆောင်ဖြစ်တဲ့နှစ် ။ အာရပ်ကမ္ဘာမှာ တော်
လှန်ရေးနတ် ဖမ်းစားတဲ့နှစ် ။ မြန်မာပြည်ကို ဟီလာရီတယောက် ကမန်းကတန်း
ရောက်တာတဲ့နှစ် ။ မိုက်ခရိုဖုန်းတွေ နေပြည်တော်မှာ အလုပ်ရှုပ်တဲ့နှစ် ။ ဆိုရှယ်
မီဒီယာတွေ ဖုန်တထောင်းထောင်း ထတဲ့နှစ် ။ စီးကရက်ကြိုက်သူ ဗားဆလဗ်
ဟာဗဲလ်နဲ့ ဆေးခြောက်ကြိုက်သူ အေမီဝိုင်းဟောက်စ်တို့ မီးခိုးငွေ့တွေလို အငွေ့
ပျံခဲ့တဲ့နှစ် ။ မြန်မာပြည်က ပရိတ်သတ်များလည်း ဘလော့ဂ်တွေကို ဖတ်ခွင့်ရတဲ့
နှစ် ။ ငါလည်း ဘလော့ဂ်မှာ စာအတော်ရေးဖြစ်ခဲ့တဲ့ နှစ်ပါလား ။

လာမယ့်နှစ်မှာ ကောင်းတာတွေ များများဖြစ်လာဖို့ ထုံးစံအတိုင်း ဆန္ဒပြုလိုက်ပါ
တယ် ။ ၀ူးဝူးဝါးဝါးတွေ သိပ်မလုပ်ကြပါနဲ့။ သဘောကောင်းရင် လူချစ်လူခင်ပေါ
ပါတယ် ။ အလုပ်ကြိုးစားကြပါ ။ ၂၀၁၂မှာ သေမှ အေးမယ့်သူတွေ များဖို့လည်း
ဆန္ဒပြုလိုက်ပါတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, December 16, 2011

ခေါင်းဆောင်အက














ခပ်ချောချော ထိုင်းဝန်ကြီးချုပ်က ခပ်ချောချော မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်နဲ့ မကြာခင်တွေ့ဖို့ရှိသတဲ့ ။ ချောတာနဲ့တင်ပဲ သတင်း
သမားတွေ၊ ဓါတ်ပုံ ဗီဒီယိုသမားတွေ သွားရည်ကျစရာ သတင်းတပုဒ်
ဖြစ်နေပြီ ။

ထိုင်းဝန်ကြီးချုပ် ယင်းလတ်က ဒေါ်စုထက် ငယ်တယ်ဆိုပေမဲ့ သူ
လည်း ကလေးအမေပဲ ။ အန္တရယ်များတဲ့နိုင်ငံရေးအကျပ်အတည်း
ကြားက တက်လာခဲ့တဲ့ ခေါင်းဆောင်တဦးပဲ ။ သူ့ကိုဆန့်ကျင်သူ
အမြောက်အများရှိသလို ထောက်ခံသူတွေလည်း အမြောက်အများပဲ ။

မကြာခင်က လာအိုနိုင်ငံကို မစ္စယင်းလတ် နိုင်ငံတော်ခရီးစဉ်နဲ့ အလည်
သွားတယ်။ ညစာစားပွဲတခုမှာ လာအိုဝန်ကြီးချုပ်နဲ့တွဲပြီး ကတယ် ။ ပုံမှန်
ရိုးယာဓလေ့ ဖြစ်မှာပေါ့ ။ မစ္စယင်းလတ်က အပီအပြင် ကပေမဲ့ လာအို
ဆရာသမားက မလှုပ်တလှုပ် ။ သိုင်းသမားလိုလို ဗန်ဒိုလိုလို လုပ်နေတယ်။
သိပ်ကြည့်မကောင်းတဲ့ ပွဲတခုဖြစ်ခဲ့ရတယ် ။ နှစ်နိုင်ငံ ချစ်ကြည်မှုကို ပြတဲ့
အနေနဲ့ နှစ်ယောက်သား ကွေးနေအောင် ကပြလိုက်ရင် နှစ်နိုင်ငံပြည်သူ
တွေတင်မက ကမ္ဘာကပါ ကြည်နှုးရမှာ ။

ကဲ အခုလည်း မစ္စယင်းလတ် မြန်မာပြည်ကို လာဦးမယ် ။ အရင်က
တခေါက်လာခဲ့ပေမဲ့ ဒေါ်စုနဲ့ မတွေ့ခဲ့ဘူး ။ ဒီတခေါက်တော့ တွေ့ကြ
မတဲ့ ။ ကတဲ့ အစီအစဉ် ရှိ မရှိတော့ မသိဘူး ။ ဒေါ်စုက က တတ်သလား
လည်း မသိဘူး ။ မစ္စယင်းလတ်ကတော့ ကတာ မဆိုးဘူးလို့ ဆိုရမယ် ။
မယုံရင် အောက်က ဗီဒီယိုမှာ ရှုစားတော်မူကြပါ ။


မြန်မာနဲ့ထိုင်းဟာ အိမ်နီးချင်းကပ်နေတဲ့ မိတ်ဆွေနိုင်ငံတွေပဲ ။ ရင်းရင်းနှီး
နှီးရှိရမှာပေါ့ ။ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့တုန်း ပျော်ပျော်ပါးပါး ကကြ
ခုန်ကြရင် မကောင်းပေဘူးလား ။ ဒေါ်စုကိုယ်တိုင်လည်း အနုပညာဝါသနာ
ပါတာကိုး။ ချွန်တွန်းလုပ်တာ မဟုတ်ဘူး ။ တကယ်ပြောတာ ။ ဒေါ်စုနဲ့ ယင်း
လတ်နဲ့သာ ပျော်တပြုံးပြုံနဲ့ တွဲပြီး ကကြည့်။ အနည်းဆုံး ထိုင်းနိုင်ငံရောက်
မြန်မာအလုပ်သမားတွေ အရင်ကထက် အသက်ရှုချောင်လာနိုင်တယ် ။

အရင်တခေါက်က မစ္စယင်းလတ်မြန်မာပြည်လာတုန်းက ဦးသိန်းစိန်နဲ့ပဲ
တွေ့ခဲ့တာ ။ ဒီလူက သမ္မတမို့ မျက်နှာကြီးရာ ဟင်းဖတ်ပါတာလားတော့
မသိဘူး။ နှစ်နိုင်ငံ အစိုးရချင်းဆက်ဆံရေးပုံစံအရ အတိုက်အခံကို မျက်နှာ
သာ မပေးရဆိုတဲ့ မူများ ရှိသလားမသိ ။ ထားပါတော့ ။ အဲဒီတုန်းက ဆရာ
သိန်းစိန်နဲ့ မစ္စယင်းလတ်တို့တွဲပြီး ကတယ် မကြားမိပါဘူး ။ ဒါပေမဲ့ ပန်းသီး
ဖျော်ရည်လိုလို၊ နာနတ်သီးဖျော်ရည်လိုလို၊ ရေနွေးကြမ်းလိုလို အရည်တွေ
ဝိုင်ခွက်ထဲထည့်ပြီး အတူသောက်ခဲ့ကြတာတော့ ဓါတ်ပုံမှတ်တမ်းရှိတယ် ။
(ရှန်ပိန်လည်း ဖြစ်နိုင်တာပဲ)

ဦးသိန်းစိန်နဲ့ မစ္စယင်းလတ်တို့ တွဲပြီး မကခဲ့တာလည်း တမျိုးတော့ ကောင်း
ပါတယ် ။ မဟုတ်ရင် မင်းသမီးကို လူပျက်က ပွဲထုတ်နေတယ်လို့ ထင်နေကြ
ဦးမယ်။

(မှတ်ချက် ။ နိုင်ငံ့ခေါင်းဆောင် လုပ်လိုသူများ ။ လိုရမယ်ရ အကသင်ထား
ကြပါရန်။)












(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, December 15, 2011

ရရှိခဲ့သော မှတ်ချက်များ















ဗိုလ်ချုပ်ကားလား ၊ ဟာသကားလား ။ ဟီလာရီက မီးစိမ်းပြခဲ့ပြီ ။
မီးပေးဖို့ မစဉ်းစား မီတာခတက်ဖို့ စဉ်းစားတယ် ။ မြန်မာတွေ
ကိုကာကိုလာ သောက်ဖို့ပြင် ။ အင်တာနက်နှေးသရွေ့ ဒီမိုက
ရေစီနှေးမယ် ။ စုသဘောနိုင်ငံရေး တော်သင့်ပြီထင်တယ် ။

လွင်မိုးက ဗိုလ်ချုပ်နဲ့ ဘာဆိုင်လို့လဲ ။ ဗမာမတွေ ချွတ်ကုန်ပြီ ။
အရှင်ဘုရားနောက်မှာ တပည့်တော်တို့ရှိတယ် ။ ရှမ်းတော့ပေါင်းပြီ
ကချင်ဘယ်လိုလဲ ။ ဥပဒေက ဥပဒေ ၊ ငါ့သဘောက ငါ့သဘော ။
သပိတ် သပိတ် ခဏနေမှ မှောက် ။ ကုန်တိုက်တွေဆောက်ဖို့ ပိုက်
ဆံစုထား ။

ခေတ်မီသွားအောင် မင်းကိုနိုင်ကို လွမ်းလိုက်ဦး ။ ဂျင်မီတို့လင်မယား
ကို သနားလိုက်ဦး ။ သမ္မတသိန်းစိန်ကို ချီးမွန်းလိုက်ဦး ။ အပြောက
တော့ ရွှေမန်းကို လက်ခုတ်သြဘာ ပေးလိုက်ဦး ။ အောင်သိန်းလင်း
ကိုလည်း ကူလိုက်ဦး ။ ဇာဂနာလုပ်သမျှ ဟုတ်သပ ဟုတ်သပလို့လုပ်
ကြဦး ။

ူဒုက္ခသည်ဗီဇာ ပိတ်သွားပြီ ။ ပြည်တော်ပြန်ဇတ်ခင်းဖို့ ကိုယ့်နေရာ
ကိုယ်ယူကြ ။ တရုတ်ကိုလည်း ဂရုစိုက် ။ အမေရိကန်လည်း ဂရုစိုက် ။
နေပြည်တော်လည်း ဂရုစိုက် ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက် ။ မီဒီယာ
မှာပါတိုင်း အမှန်လို့ မထင်နဲ့ ။ မိုးကောင်းမှ မီးလာတဲ့နိုင်ငံ ။ မိုးကုန်
တော့ မီးစက်ကို နှိုးဖို့ပြင် ။

ခရီးသည်တွေကိုတော့ မျှော် ။ အိမ်သာတော့ ကောင်းကောင်း မရှိ ။
ညောင်းတဲ့သူတွေ များလို့ အနှိပ်ခန်းတွေ ပေါတာ ။ ညောင်းသူမှာ
သာ အပြစ်ရှိ ။ ဗမာ့နျူကလီးယားစစ်သည်တော်များ လက်ကမြင်း
ကြော အတော်ထ ဆိုပဲ ။ သူတို့အတွက်ဗိမာန်က ဓါတ်ပေါင်းဖိုဆို
လား ။ မြန်မာ့နိုင်ငံရေးမှာ တတိယအင်အားစုက ပထမရနေပါတယ် ။

ငါ့သားရယ် ပြန်လာပါတော့ မြန်မာပြည်ကြီး တကယ်ပြောင်းရှာပြီဟဲ့ ။
ငါ့သမီး မြန်မာပြည်ကို မေ့လိုက်တော့။ ဒီမှာက အပြောပဲရှိတယ် ။ ဟုတ်
တာလည်း မဟုတ်ဘူး ။ နင်အဆင်ပြေရင် ငါ့ကိုပါ ခေါ်လိုက် ။

အကောင်းဘက်ကသာ ရှုမြင်ကြပါ ။ အပြုသဘောနဲ့ ကြည့်ကြပါ ။
အခုသမ္မတက သဘောကောင်းပါတယ်။ ဒီအချိန်မှာ မဝေဖန်ကြပါနဲ့။
လုပ်တာတွေ စောင့်ကြည့်ကြပါဦး ။ အပြစ်မြင်လို့ အလုပ်မဖြစ်ဘူးနော် ။
ဒေါ်စုတောင် အမတ်မင်းဖြစ်တော့မယ် ။ ၁၉၉၀ကတော့ ပြီးသွားပြီမို့
မေ့လိုက်ပါတော့ ။ ၈၈ဆိုတာ သိပ်ကြာသွားခဲ့ပြီ ။ ရန်ကုန်တောင်မှ စင်္ကာ
ပူဖြစ်တော့မှာ ။ ကောင်းရင် ကောင်းတယ်ပြောကြပါ ။ တကယ်ကောင်းမှ
လည်း ကောင်းတယ် လုပ်ကြပါ ။ ကျန်းမာပါစေ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, December 13, 2011

နယ်ဗိုလ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဦးသိန်းစိန် ဒီနှစ်မှာလည်း နိုဘလ်ဆုနဲ့
လွှဲပြန်ပြီ ။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ ။  အမျိုးသားတွေ ပြန်ပြီး
သင့်မြတ်အောင် ၊ စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းပြီး ပါတီစုံဒီမိုကရေစီ
စံနစ်ထွန်းကားအောင်၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရအောင်
ဦးသိန်းစိန် တဘ၀လုံး မနားမနေ အားထုတ်ကြိုးပမ်းနေတာ လူတိုင်း
အသိ ။

စားလည်း ဒီမိုကရေစီ၊ သွားလည်း ဒီမိုကရေစီ ။ ဒီမိုကရေစီကို လိုချင်
လွန်းလို့ ၊ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ ၊ စစ်အာဏာရှင်ကို မုန်းလို့
စစ်တပ်ထဲကို မရမက၀င်ခဲ့တဲ့ ဦးသိန်းစိန်။ လူသာဓုခေါ်နတ်သာဓုခေါ်
တဲ့ အခြေခံဥပဒေကိုလည်း ဖြစ်အောင်ရေးဆွဲခဲ့တယ်။ ဘယ်နိုင်ငံနဲ့မှ
မတူတဲ့ ရွေးကောက်ပွဲကြီးကိုလည်း အောင်အောင်မြင်မြင် ကျင်းပပေး
ခဲ့တယ် ။ အာစီယံဥက္ကဌလည်း ဖြစ်အောင်လုပ်ပေးခဲ့တယ် ။ ဒီမိုကရေစီ
နဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေကိုလည်း ထောင်အကြိမ်ကြိမ်
အကျခံပြီး လုပ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြဲကမ်းလှမ်း
ခဲ့တယ် ။

အာဏာရှင်တွေရဲ့ ဖိနှိပ်ကန့်ကွက်မှုတွေအမျိုးမျိုးကြားက ဒီမိုကရေစီမှ
ဒီမိုကရေစီဆိုပြီး အရဲစွန့် ချီတက်ခဲ့တဲ့ဦးသိန်းစိန် ။ နိုင်ငံရေးအကျဉ်း
သားတွေကို အကုန်လုံးပြန်လွှတ်ပေးဖို့ တဖွဖွတောင်းဆိုနေတဲ့ ဦးသိန်း
စိန် ဘာကြောင့် နိုဘလ်ဆု မရသလဲ ။ နားမလည်နိုင်အောင်ပဲ ။

ဦးသိန်းစိန်ကို သမ္မတဖြစ်နေလို့ ပေးရမှာ အားနာနေရင်လည်း သူ့လိုပဲ
ဒီမိုကရေစီအတွက် အသက်စွန့်ကြိုးပမ်းနေတဲ့ ဦးရွှေမန်းကို ပေးလိုက်ပါ
လား ။ ဦးရွှေမန်းကလည်း ဒီမိုကရေစီအတွက် မွေးဖွါးလာခဲ့သူပဲ ။ သူတို့
တွေ စစ်တပ်ထဲဝင်ခဲ့တာ ဒီမိုကရေစီရရှိရေးအတွက်ပေါ့ ။ စစ်သားဘ၀နဲ့
ဒီမိုကရေစီရော နိုဘလ်ဆုရောရဖို့ မလွယ်လောက်ဘူးထင်တာနဲ့ အရပ်
ဝတ်ကို လဲခဲ့ကြတာ ။ ခေါင်းပေါင်းတွေ ပေါင်းခဲ့ကြတာ ။ ချိတ်ထမီတွေ
ဝတ်ခဲ့ကြတာ ။ အခုတော့ ကောင်းကြသေးရဲ့လား ။ နိုဘလ်မပြောနဲ့
ဟီလာရီ လာတုန်းကတောင် အဖက်မခံခဲ့ရဘူး ။

ဘာလိုလိုနဲ့ စစ်အာဏာရှင်လိုလားတဲ့ ဒေါ်စုကြည်တောင်လွှတ်တော်ထဲ
ရောက်လာတော့မယ် ။ သူက ဒီမိုကရေစီအတွက် အကြီးမားဆုံး အန္တရာယ်
ပဲ ။ သူရှိနေလို့ကတော့ တိုင်းပြည် ကောင်းစားမှာကို မဟုတ်ဘူး။ သူ့ကို
ကျတော့ နိုဘလ်ဆုပေးတယ် ။ သူက ဘာမှလုပ်တာ မဟုတ်ဘူး ။ သူ့
အိမ်ထဲ သူနေနေတာ ။အနှစ်နှစ်ဆယ်ကျော်အတွင်း သူ့ခြံထဲက အပြင်
တောင် သိပ်ထွက်တာ မဟုတ်ဘူး ။ တိုင်းပြည်ရဲ့ဒုက္ခတွေကို ဥပက္ခာပြု
ထားတာ ။

ဦးသိန်းစိန်တို့ ဒီပဲရင်းဒေသ ဒီမိုကရေစီရေးသွားတုန်းကလည်း ဒေါ်စုတို့
အုပ်စုပဲ ညဖက်ကြီး ချောင်းပြီး ရိုက်ကြနှက်ကြတာ ။ ဦးသိန်းစိန်တို့ကံကြီး
ပေလို့ ။ ဒီမိုကရေစီကို စောင့်ရှောက်တဲ့နတ်ကောင်း နတ်မြတ်တွေ ကယ်
ပေလို့ ။ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာမှန်ပေလို့ အသက်ဘေးက လွတ်ခဲ့
ရတာ ။

မင်းကိုနိုင်တို့လို ၈၈ကျောင်းသားလေးတွေ ထောင်ထဲက မထွက်နိုင်တာ
လည်း သူ့ကြောင့်ပဲ ။ သနားပါတယ်။ ကိုယ့်သားသမီးအရွယ် သူတို့လေး
တွေ အမြန်ဆုံးပြန်လွတ်နိုင်အောင် ဦးသိန်းစိန်က ဘုရားရှိခိုးတိုင်းဆုတောင်း
တယ်။ သူ့အနေနဲ့ အနည်းဆုံး ဒါပဲလုပ်နိုင်တာ မဟုတ်လား ။ ဒေါ်စုကြည်
တို့ တိုင်းပြည်ကို နှိပ်စက်လွန်းတယ် ။

ဒီအမျိုးသမီးက အာဏာရှင် ။ မြန်မာ့တပ်မတော်ကို သူ့အဖေ ထောင်ခဲ့တာ
ပေါ့ ။ ဒီအရှိန်နဲ့ မိုက်လုံးကြီးနေတာ ။ ဒါပေမဲ့လည်း တိုင်းပြည်မျက်နှာကို
ကြည့်ပြီး ဦးသိန်းစိန်က သူနဲ့ ထမင်းအတူစားခဲ့ပါတယ် ။ ပြေရာပြေကြောင်း
ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့ပါတယ် ။ ဦးသိန်းစိန်က ဒီလို
မေတ္တာကြီးမားသူပါ ။

၂၀၁၄ဆို မြန်မာပြည် အာစီယံဥက္ကဌဖြစ်ပြီ ။ အဲဒါ ဒီမိုကရေစီရတာပဲ ။ အခု
တောင် တော်တော်လေးရနေပါပြီလေ ။ အဲဒီအချိန်မှာ ဦးသိန်းစိန်ဖြစ်ဖြစ်
ဦးရွှေမန်းဖြစ်ဖြစ်၊ နှစ်ယောက်လုံး ပူးတွဲချံပီယံဖြစ်ဖြစ် နိုဘလ်ဆု မရဘူးဆို
ရင်တော့ အာစီယံဥက္ကဌဖြစ်တုန်း “နယ်ဗိုလ်” ဆုဆိုတာကို ထွင်ပြီး ကိုယ့်
ကိုယ်ကို ပေးပစ်မယ် ။ ဒီမိုကရေစီဖခင်ကြီးဖြစ်တဲ့ ဦးသန်းရွှေကိုလည်း ပေး
ပစ်မယ် ။ မြန်မာ့ဒီမိုကရေစီအစ သိန်းစိန်က ဖြစ်စေရမယ် ။

(မှတ်ချက် ။ ဤစာမူသည် မြန်မာ့အလင်းသတင်းစာတွင် ထည့်ရန်ဆုံးဖြတ်ချက်
ကျပြီးကာမှ ပယ်လိုက်သည့်စာမူဖြစ်ပါသည်။ မည်သူ့အမိန့်ဖြင့်ပယ်သနည်းကို
ယနေ့အထိ မသိရသေးပါ ။)

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, December 12, 2011

မိမိအကြောင်း




















သူငယ်ချင်းအမေရဲ့နာမည်က ဒေါ်ခင်မိမိတဲ့ ။ သူ့ကိုယ်သူတော့ “မိမိ မိမိ”
နဲ့ စကားပြောတိုင်း ထည့်ပြောတတ်တယ် ။ လွှတ်တော်ဥက္ကဌ ကိုရွှေမန်းက
လည်း သတင်းစာရှင်းလင်းပွဲမှာ သူ့ကိုယ်သူ “မိမိ မိမိ” နဲ့ ပြောနေလေတော့ ။
ဒေါ်ခင်မိမိကို သတိရမိတာပေါ့ ။ သူ့အမျိုးသားကတော့ သူ့ဇနီးကို မိမိရေ
မိမိရေလို့ ခေါ်သဗျ ။

စာရေးဆရာတွေထဲမှာ မိမိ မိမိနဲ့ ရေးတတ်တဲ့သူက နတ်နွယ်ပါ ။ ဆုံးရှာ
ပေါ့ ။ ဆရာနတ်နွယ်ကတော့ စကားပြောတဲ့အခါ သူ့ကိုယ်သူ မိမိ မိမိနဲ့
မသုံးပါဘူး ။ စာရေးတဲ့အခါပဲ မိမိကို သုံးတာပါ ။ စကားပြောတဲ့အခါ မိမိ
ထည့်ပြောသူဆိုလို့ ကိုရွှေမန်းနဲ့ ဒေါ်ခင်မိမိတို့ပဲ ရှိလိမ့်မယ်ထင်တာပဲ ။

မိမိဆိုတဲ့ လူနာမည်များ ကြားဖူးကြပါသလား။ မီမီကတော့ အတော်များ
တယ်။ မိမိကတော့ ရှားလိမ့်မယ်။ စာရေးဆရာမ ရွှေဘိုမိမိကြီး ဆိုတာ ရှိ
တယ်။ ဒေါ်မိမိလေး ဆိုတာလည်းရှိသေးတယ်။ တဦးကတော့ အခု
ထောင်ကျနေရှာတဲ့ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့မိခင်။
ဆုံးရှာပြီ။ နောက်တဦးက လယ်သမားအခွင့်အရေး တက်တက်ကြွကြွ
ကူညီနေတဲ့ ရှေ့နေဦးပိုးဖြူရဲ့မိခင် ။ သူလည်း ဒေါ်မိမိလေးပဲ။  မိမိပါရင်
အမျိုးသမီး ဖြစ်နေတယ်။ ဦးမိမိတို့ ကိုမိမိတို့ မကြားဖူးပေါင် ။

မြန်မာသတင်းစာတွေမှာလည်း “မိမိတို့အနေနဲ့” ဆိုတာတွေ သိပ်များ
တယ်။ မိမိဆိုတာ ကျားမ မရွေး သုံးနှုံးလို့ရတဲ့နပုလ္လိင်ပေကိုး ။ (နပုန်း
လိန်)လို့ အသံထွက်ပါသတဲ့ ။ ဘယ်ခေတ်ဘယ်အခါက မိမိကို မည်သူ
ကများ စတင်သုံးစွဲခဲ့ပါလိမ့် ။ ပညာရှိများ လမ်းပြကြပါ ။

ဆိုရှယ်လစ်ခေတ်အခါက ကျောင်းသီချင်းတပုဒ်မှာ မိမိကိုယ်ကို ကောင်း
အောင်ကြိုးစားမည်...မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်
လို့ ကျောင်းကောင်စီသီချင်း ကလေးတိုင်း ဆိုခဲ့ရသဗျ။ နောက်ဆုံးတော့
မိမိကိုယ်တိုင်လည်း ကောင်းမလာ ။ တိုင်းပြည်လည်း ကောင်းမလာ ။
မိမိသီချင်း အလုပ်မဖြစ်ပုံများ ပြောပါတယ် ။

မိ ဆိုတာက ဖမ်းဆီးရမိတာ ။ ထိရောက်တာ ။ ထိထိမိမိရှိတာ ။ မွန်အမျိုး
သမီးနာမည်တွေရဲ့ရှေ့မှာ မ မတတ်ဘူး ။ မိလို့ တတ်တယ်။ ဥပမာ မိကွန်
ထော။ (ထူးအိမ်သင်ရဲ့သမီး) ။ မိခင်။ မိကျောင်း။ မိဘ (အမိနဲ့ အဘ) ။ မိ
သားစု။ မိမွေးတိုင်း ဖမွေးတိုင်း ။ ဘယ့်နဲ့ကြောင့် မိနှစ်လုံးပေါင်းလိုက်တဲ့
အခါ ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့ မိမိ ဖြစ်သွားရတယ် မသိ ။ မြန်မာစာ
ကျွမ်းကျင်သူများ ရှင်းပြတော်မူကြပါ ။

ဒီနေရာမှာ မိမိအနေနဲ့ ပြောလိုတာကတော့ ကိုရွှေမန်းကလည်း မိမိ မိမိနဲ့
ဒေါ်ခင်မိမိကလည်း မိမိ မိမိနဲ့ ။ မိမိတွေကို စကားထဲထည့်ပြောတဲ့အလေ့
အထများ မကြာခင်မှာ ခေတ်စားလာလေမလားလို့ မိမိအနေနဲ့ သံသယ
ပွါးနေမိကြောင်းပါ ။ မြန်မာစစ်ဗိုလ်လူထွက်တွေ တမိထဲ မိနေကြသလား
မသိ ။

ကိုရွှေမန်းရဲ့မိမိကို နားဆင်ချင်သပဆိုရင်ဖြင့် ဤနေရာကို နှိပ်တော်မူ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, December 5, 2011

ဘုန်းဘုန်းတို့ပျော်ရာမြေ




















မြန်မာပြည်မှာ ဘုန်းဘုန်းပေါတာ လူတိုင်းအသိ ။ ဘယ်နှစ်ပါးရှိမှန်းတော့
မသိ ။ အစိုးရကတော့ ဘုန်းဘုန်းသန်းခေါင်စာရင်း လုပ်ထားပုံရတယ် ။
မထုတ်ပြန်တော့ မသိရ ။ ဘုန်းဘုန်းမှာလည်း နှစ်မျိုးရှိတယ် ။ အစိုးရစာရင်း
ပေါက် ဘုန်းဘုန်းနဲ့ ။ ဒုလ္လဘဘုန်းဘုန်း ။ အမြဲတန်းဘုန်းဘုန်းနဲ့ ယာယီဘုန်း
ဘုန်းပေါ့ ။ ကိုရင်လေးတွေလည်း အတော်များတယ် ။ လူတရာမှာ ဘယ်နှစ်
ယောက်က ဘုန်းဘုန်းဖြစ်နေသလဲ သိချင်သား ။

မြန်မာပြည်တခွင် လူစည်ကားတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်လိုက်ပြီဆိုရင် ပါ
လာတတ်တာတွေက အရပ်သူအရပ်သားတွေအပြင် ဘုန်းဘုန်း သို့မဟုတ်
ကိုရင် ။ စစ်သား သို့မဟုတ် ခွေးတွေပဲ ။ အလွယ်တကူမြင်တွေ့နိုင်သူတွေမို့
ပေါများတယ်လို့ ဆိုရင် ရနိုင်တယ်။ မယ်သီလရင်တွေလည်း မြန်မာပြည်တခွင်
မနည်းလှဘူး ။ ဆရာလေးတွေရော ၊ ဆရာကြီးတွေရော ၊ သီလရင်ပေါက်စ
လေးတွေရော အရွယ်စုံ ရှိတယ် ။

ဗုဒ္ဓဘာသာ ထွန်းကားရာ တိုင်းပြည်ကိုး ။ ဒီလောက်တော့ ရှိမှာပေါ့ ။ တိဘက်
မှာလည်း ဒီလိုပဲ ။  သီရိလင်္ကာလည်း ဒီလိုပဲ ။ ဘုန်းဘုန်းတွေ အတော်ပေါ ။
သီလရင်တွေလည်း အတော်ပေါ ။ ထိုင်းနဲ့ကမ္ဘောဒီးယားမှာတော့ ဘုန်းဘုန်း
တွေကိုပဲ အတွေ့များတယ် ။ သီလရင်နည်းတာ ဘာကြောင့်ရယ် မသိ ။ အိန္ဒိယ
မှာလည်း ဘုန်းဘုန်းတွေရှိတယ်။ ဗုဒ္ဓဘာသာ စပြီးထွန်းကားတဲ့ အိန္ဒိယမှာ မြန်
မာပြည်လောက် ဘုန်းဘုန်းတွေ မများတော့ဘူး ။ မြန်မာဗုဒ္ဓဘာသာလောကမှာ
အမျိုးသားတွေက ဒုလ္လဘတော့ အနည်းဆုံး တကြိမ်လောက် ခံလိုက်ရမှ ။ သာ
သနာ့ဘောင်မှာပျော်ရင် ပျော်သလောက် နေတတ်ကြတာကိုး ။

အခုဆို ပြည်ပမှာ မြန်မာတွေများလာတော့ မြန်မာဘုန်းဘုန်းတွေလည်း နိုင်ငံ
တကာမှာ အခြေစိုက်လာတာ အတော်များလာပြီ ။ ဘယ်နှစ်ပါးရှိမှန်းတော့
မသိ ။ ပြည်တွင်းမှာ သင်လို့မ၀နိုင်ပဲ နိုင်ငံခြားကို ပညာထွက်သင်ကြတဲ့ ပညာ
ရေးဘုန်းဘုန်းတွေလည်း များလာပြီ ။ လူမှုရေးလုပ်ငန်းတွေလုပ်တဲ့ ဘုန်းဘုန်း
တွေလည်း များလာပြီ။ နိုင်ငံရေးလှုပ်ရှားတဲ့ ဘုန်းဘုန်းတွေလည်း မနည်းဘူး ။

နိုင်ငံရေးအမြင်နဲ့ ဘုန်းဘုန်းတွေများတာကို ဝေဖန်တာတွေ ကြားဖူးတယ် ။ ဘုန်း
ကြီးတွေက ကုန်ထုတ်လုပ်မှု မရှိဘူး ။ အချောင်သမားတွေ ။ ဘာသာရေးဘန်းပြ
ပြီး လူညွန့်ခူးစားသူတွေ ။ လက်ကြောမတင်းသူတွေ၊ တရားကို တကယ်ကျင့်တဲ့
ကိုယ်တော်က နည်းနည်း။ လူတွေနဲ့ရောတဲ့ကိုယ်တော်က များများ စသဖြင့်ပေါ့ ။

စာသင်ကိုယ်တော်တွေရဲ့ဘ၀ကတော့ မလွယ်လှတာ အမှန်ပဲ ။ စာသင်တိုက်
ကြီးတွေ ရောက်ဖူးတယ် ။ ဆွမ်းလည်းခံရသေး ။ စာလည်းကျက်ရသေး ။
မချောင်လှဘူး ။ ဒကာကောင်း နောက်ခံရှိဖို့ကလည်း လိုသေးတယ် ။ ဘုန်းဘုန်း
အများစုက ကျေးလက်ဒေသက ။ ချို့တဲ့ကြတယ် ။ ဘုန်းကြီးဘ၀နဲ့ အောင်မြင်ဖို့
အတော်ကြိုးစားရတယ် ။ စာတတ်ရုံနဲ့ မပြီး ။ အဟောအပြော၊ အနေအထိုင် ၊
အစည်းအရုံး ကောင်းဖို့ကလည်း လိုသေးတယ် ။

၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှားမှုကတော့ အတော်အံ့သြဖို့ကောင်းတယ်လို့ ဆိုရမယ် ။
မြန်မာ့သမိုင်းမှာ ဒီလိုအဖြစ်မျိုး မရှိဘူးထင်တာပဲ ။ မိုးပြင်းတွေရွာနေတဲ့အထဲ
ထောင်နဲ့ချီတဲ့ ဘုန်းဘုန်းတွေ မေတ္တာပို့ရင်း ချီတက်ကြတဲ့ပွဲမျိုးက ကြက်သီးထဖို့
ကောင်းတယ်။ မြင်ရသူတွေ မျက်ရည်ကျရတဲ့အထိ ဖြစ်ခဲ့တယ် ။ အဲဒီတုန်းက ဗုဒ္ဓ
ဘာသာဝင် မဟုတ်သူတွေတောင် ဘုန်းဘုန်းတွေကို ကြည့်ပြီး မျက်ရည်ကျရသတဲ့ ။

အငြင်းပွါးစရာဖြစ်နေတာတခုက မြန်မာပြည်မှာ စေတီပုထိုးတွေလည်း လက်ညှိုး
ထိုး မလွဲ။ ဘုန်းဘုန်းတွေလည်း လက်ညှိုးထိုးမလွဲ ရှိနေပေမဲ့ တတိုင်းပြည်လုံး
ဒုစရိုက်တွေ ဘာကြောင့်ပေါများနေရသလဲ။ အစိုးရကအစ ၀န်ထမ်းတွေအဆုံး ။
တရားသူကြီးကအစ ဈေးသည်နဲ့ ကားစပယ်ယာအဆုံး စရိုက်တွေဘာကြောင့်
ကြမ်းတမ်းနေရသလဲ။ ကိုယ်ကျင့်တရားတွေ စိတ်ပျက်ဖို့ကောင်းအောင် ဆိုးရွား
နေရသလဲဆိုတာပါ ။ ဘာသာရေးအဆုံးအမဆိုတာ မြန်မာလူ့အဖွဲ့အစည်းအတွက်
ဘယ်လောက် ထိရောက်တဲ့ အရာလဲပေါ့ ။

တချို့ကလည်း သုံးသပ်တယ် ။ တိုးတက်ချမ်းသာတဲ့ တိုင်းပြည်တွေမှာ သာသနာ့
ဝန်ထမ်းတွေ နည်းသွားတယ်။ ဒီလိုဖြစ်ရတာကလည်း ပြည်သူတွေက ကိုယ့်အား
ကိုယ်ကိုးပြီး ရပ်တည်နိုင်လာလို့ ။ ကိုယ်တိုင်ယုံကြည်မှု ပိုရလာလို့ ။ ရုပ်ပိုင်းရော
နာမ်ပိုင်းပါ ခိုင်မာလာလို့ သာသနာ့အနွယ်ဝင် သူတော်စင်များ နည်းပါးသွားပါသတဲ့ ။
ဒါကလည်း လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတခုဖြစ်ပါသတဲ့ ။ ဆိုလိုတာက ဆင်းရဲလို့
ဖြစ်ရတဲ့ ကိစ္စတွေထဲမှာ ဘုန်းဘုန်းတွေများနေတာလည်း ပါနေတယ်ဆိုတဲ့သဘော ။

ဟုတ် မဟုတ် ။ ဆွေးနွေးကြပါဦး ။

(ပန်းချီ ၊ မင်းဝေအောင်)

Friday, December 2, 2011

ထစ်ကနဲဆို ရွှေတိဂုံ















ရွှေတိဂုံစေတီဟာ ကမ္ဘာ့အံ့ဖွယ်စေတီတခု မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့အံ့ဖွယ်
စေတီတခုဆိုတာတော့ သေချာပါတယ် ။ ရွှေတောင်ကြီးအလား ကြီးမားထည်ဝါ
တဲ့ စေတီကြီးတဆူပါ ။ ဗုဒ္ဓဘာသာဝင်တွေအတွက် အတော်ရင်ခုန်စရာကောင်း
တဲ့ စေတီကြီးပါပဲ ။ ရွှေတိဂုံကိုဖူးရရင်ပဲ သေပျော်ပါပြီဆိုသူတွေကို တွေ့ဖူးတယ်။

အိမ်နီးချင်းနိုင်ငံတွေထဲမှာ ထိုင်းကဗုဒ္ဓဘာသာဝင်တော်တော်များများက ရွှေတိဂုံ
စေတီကို သိကြတယ်။ သွားချင်ကြတယ်။ သူတို့အတွက်လည်း ရွှေတိဂုံဟာ အံ့ဖွယ်
စေတီတခုပဲ။ ရန်ကုန်မြို့ကိုရောက်လာတဲ့ ဧည့်သည်တွေအတွက်လည်း ရွှေတိဂုံ
ဘုရားက လည်ပတ်ရမယ့်စာရင်းထဲမှာ ထိပ်ဆုံးကပါတယ် ။

ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအတွက် ရွှေတိဂုံစေတီဟာ ဘယ်လိုသဘောရှိမလဲ ။
ကြည့်လို့ကောင်းတဲ့ ပိသုကာလက်ရာမြောက် ဗုဒ္ဓဘာသာ စေတီတခုပဲပေါ့ ။ အား
တဲ့အခါတိုင်း သွားလည်စရာနေရာ တခုတော့ မဟုတ်ဘူး ။ ရန်ကုန်မြို့နေ ဗုဒ္ဓဘာ
သာဝင်တွေအတွက်တော့ အားတဲ့နေ့တွေမှာ ဘုရားတက်မယ်ဟေ့ဆိုပြီး ရွှေတိဂုံ
ကို ရောက်တော့တာပဲ ။

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေမှာလည်း ရွှေတိဂုံက ပြေးမလွတ်
ပါဘူး ။ မြန်မာတို့အတွက် ဂုဏ်ယူစရာ ကိစ္စကြီးတခုပါ ။ မိတ်ဆွေဗမာ ခရစ်ယန်တဦး
က ဧည့်လမ်းညွှန်လုပ်ပါတယ် ။ ရယ်စရာကောင်းတာက ရွှေတိဂုံစေတီသမိုင်း၊ စေတီ
ရဲ့ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်အရုပ်က ဘာသဘော၊ ဘယ်အချိန်ဆိုရင် ဘာ
လုပ်သလဲ စတာတွေကို သာမန်ဗုဒ္ဓဘာသာဝင်တွေထက် ပိုသိနေပါတယ်။ ပုဂံဘုရား
တွေဆိုလည်း ဒီအတိုင်းပဲ ။ အလွယ်တကူ သိချင်ရင် သူ့ကိုမေးရတယ် ။ သူ့အလုပ်
ကိုက ဗုဒ္ဓဘာသာကိစ္စတွေ သိထားမှ လုပ်စားလို့ရမယ့် အဖြစ်ကိုး ။ သူကတော့ ခရစ်
ယန်ဘာသာကို အလေးအနက်ယုံကြည်လှုပ်ရှားသူ တဦးပါ ။

မြန်မာပြည်ကို နိုင်ငံတော်ဧည့်သည်အနေနဲ့ရောက်လာသူတွေကိုလည်း ရွှေတိဂုံစေ
တီ အလည်အပတ်သွားဖို့ မြန်မာအစိုးရက စီစဉ်ပါတယ်။ လောလောဆယ် ဟီလာရီ
ကလင်တန်ပေါ့ ။ သူကလည်း ဘုရားကျောင်းပုံမှန်တက်တဲ့ ခရစ်ယန်အမျိုးသမီးတဦး
ပါ ။ သူ့အရင် မစ္စတာ ဂမ်ဘာရီဆိုတဲ့ မူဆလင်ကြီးလည်း ရွှေတိဂုံဘုရားကို ဖူးခဲ့ရပါ
ပြီ။

သိရသလောက် တခြားနိုင်ငံတွေမှာ နိုင်ငံတော်ဧည့်သည်လာရင် သူတို့ဘုရားတွေ
ဆီ မဖြစ်မနေသွားဖို့ စီစဉ်တာတွေ မရှိပါဘူး ။ မြန်မာအစိုးရခေါင်းဆောင်တွေကို
တခြားနိုင်ငံတွေက ပလီတွေထဲ၊ ခရစ်ယန်ဘုရားကျောင်းတွေထဲ ခေါ်သွားရင် ဘယ်
လိုနေကြမယ်မသိဘူး ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, December 1, 2011

လက်ရှောင် ပေါက်ကောင်ဖွင့်မယ်




















လေးကောင်ဂျင်ဝိုင်းက အရေးတကြီးသတိပေးလိုက်တဲ့ စကားသံပါ။ ထိုးသား
လက်တွေရှုပ်နေရင် ပေါက်ကောင်ဖွင့်တဲ့အခါ အလွဲအချော်ဖြစ်သွားနိုင်တယ်။
အတိမ်းအစောင်း၊ အမှားအယွင်းဖြစ်သွားခဲ့ရင် အငြင်းအခုန်တွေဖြစ်လာနိုင်
တယ်။ အငြင်းအခုန်ကနေတဆင့် အသတ်အပုတ် အထိုးအခုတ်တွေအထိပါ
ရောက်လာလိမ့်မယ်။

ဒီလိုအခြေအနေရောက်လာရင် ၀ိုင်းပျက်မယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ
ကြုံရမယ်။ အဲဒါကြောင့် ပွဲမပျက်စေချင်ရင် အေးအေးနေကြ။ ရုပ်ရုပ် ရုပ်ရုပ်
မလုပ်ကြနဲ့လို့ ပေါက်ကောင်ကိုဖွင့်တော့မယ့်အခါတိုင်း လူအများကြားအောင်
ဒိုင်လုပ်သူက အော်ရတာ။ သတိပေးရတာ။ ဘေးနားက တယောက်တပေါက်
ဝင်ပြောနေသူတွေလည်း တိတ်တိတ်နေကြ။ ရပ်ကြည့်ယုံသက်သက်က ကိစ္စ
ၥမရွိဘူး။ ဆူနေရင် အာရုံပျက်တယ်။ ငြိမ်ငြိမ်သက်သက် အားပေးကြ။

မရိုးမသားလုပ်တာတွေက ဒိုင်ဘက်ကလည်းရှိနိုင်သလို ထိုးသားဘက်ကလည်း
ရှိနိုင်တယ်။ ဒါတွေကို မဖြစ်ရအောင် အာရုံစိုက်နိုင်ဖို့ လက်ရှောင်လို့ အော်တဲ့အသံ
က ထိုးသားအတွက်လည်း အရေးပါတဲ့ အချက်ပေးသံပဲ။ ဘေးကလူတွေကိုလည်း
တိတ်သွားစေတာပေါ့။ ဘေးကလူတွေကြောင့် ၀ိုင်းပျက်တာတွေလည်းရှိတတ်
သေးတယ်။ ဒါပေမဲ့ ရှားပါတယ်။

အစကတည်းက ကိုယ့်မှာ ၀ိုင်းကိုပျက်စေချင်တဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုရင်
တော့ တမျိုးပေါ့။ အဲသလိုဆိုရင်လည်း ရည်ရွယ်ချက်အတိုင်း တကယ်ပျက်အောင်
လုပ်ဖို့လိုလိမ့်မယ်။ မဟုတ်ရင်တော့ သက်သက် ၀င်ဖွတဲ့အဆင့်နဲ့ အလုပ်လည်း
မဖြစ် လူမုန်းလည်းခံရမယ်။ တခါတလေလည်း ဒိုင်ပဲဖြစ်ဖြစ်၊ ထိုးသားပဲဖြစ်ဖြစ်
ရှုံးတဲ့အခါ ပွဲပျက်စေချင်လို့ တမင်စီစဉ်တာတွေလည်း ရှိတတ်သေးတယ်။ တချို့
ပွဲတွေကလည်း ပျက်မှပဲကောင်းတာတွေ ရှိတတ်တယ်။ ပွဲမပျက်ပဲ မရိုးမသားနဲ့
တဘက်ဘက်က အနိုင်ရသွားတာထက် ပွဲပျက်မှ အဖြေမှန်ထွက်သွားတာမျိုး
လည်းရှိတတ်တယ်။

လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ သုံးဆယ့်ခြောက်ကောင် စတဲ့ လောင်းကစား
ဝိုင်းတွေမှာက အကြံနဲ့ကစားတဲ့သူရော၊ ညဏ်နဲ့ကစားတဲ့သူရော၊ အကြံအဖန်နဲ့
ကစားတဲ့သူရော၊ အပျော်သဘောနဲ့ ကံစမ်းချင်တဲ့သူရော အစုံရှိတယ်။ အားလုံးက
လောဘစိတ်ကို အဓိကထားလို့ ဒီလိုဝိုင်းတွေ လူစည်တာပေါ့။ ကိုယ်တိုင်မထိုးပဲ ဘေးကနေကြည့်ရတာတောင် တော်တော်အရသာ ရှိပါတယ်။ ဘောလုံးပွဲလောင်း
သူတွေလိုပေါ့။ လေထိုး လေလျော် အပျော်သဘောလည်း ရပါတယ်။

လောင်းကစားဝိုင်းတွေမှာ လူတွေရဲ့စရိုက်သဘာဝတွေကို ပီပီပြင်ပြင် မြင်ရတတ်
တယ်။ အတွင်းစိတ်တွေ ပေါ်လာတတ်တယ်။ တချို့ကလည်း ကိုယ့်ရဲ့သရုပ်မှန်ကို
မပေါ်အောင် ကျွမ်းကျွမ်းကျင်ကျင် ဖုံးနိုင်တယ်။ ထိုးတဲ့သူကလည်း နိုင်ချင်လို့ထိုး
တာ။ ဒိုင်ကိုင်တဲ့သူကလည်း နိုင်ချင်လို့ ၀ိုင်းထောင်တာ။ ပွဲသိမ်းတဲ့အခါ ဒိုင်ရှုံးတာ
လည်း ရှိတယ်။ ထိုးသားရှုံးတာလည်း ရှိတယ်။ သူမရှုံး ကိုယ်မရှုံးလည်း ရှိတယ်။
အဲဒီအခါ ကစားရတာ အမြတ်လို့ သဘောထားကြသူတွေလည်းရှိတယ်။ နိုင်ချင်
လို့ ကစားတာ မနိုင်ရင် အလကားပဲလို့ မကျေနပ်သူတွေလည်း ရှိတယ်။

ဒီအကြောင်းများ ဘာဆန်းလို့ရေးနေရသလဲ မေးကြလိမ့်မယ်။ ဘာမှ မဆန်းလို့
ရေးရတာလို့ပဲ ဖြေမယ်။ လောင်းကစားဆိုတာ လေးကောင်ဂျင်မှ မဟုတ်ဘူး။
စာမေးပွဲလည်း ဒီသဘောရှိတယ်။ အလုပ်လျှောက်တဲ့အခါလည်း ဒီသဘောရှိ
တယ်။ အိမ်ထောင်ပြုရင်လည်း ဒီသဘော။ နိုင်ငံရေးလည်း ဒီသဘော။ စီးပွါး
ရေးလည်း ဒီသဘော။ ဘာသာရေးမှာတောင် ဟိုဘုရားနဲ့တွက်ချေမကိုက်လို့
ဒီဘုရားကို ပြောင်းပြီး ကိုးကွယ်သူတွေတောင် ရှိသေး မဟုတ်လား။

မြန်မာ့နိုင်ငံရေးလောင်းကစားဝိုင်းမှာလည်း ထိုးတဲ့သူတွေ များလာပြီ။ ဒိုင်က
လည်း မက်လုံးပေးတာ၊ အလျော်အစားလုပ်တာ သွက်လာပြီ။ ဘေးကနေ
စိတ်ဝင်တစားကြည့်သူတွေနဲ့ လူစည်ကားလာပြီ။ ဒီပွဲကို အမှီပြုပြီး စီးပွါးရှာမယ့်
သူတွေလည်း ရှိနေပြီ။ ၀ိုင်းကိုပျက်စေချင်သူတွေလည်း ရှိနေပြီ။ ပြဿနာတတ်
ရင် ဖမ်းဖို့ဆီးဖို့ ရဲကလည်း အသင့်ပြင်ထားပြီ။ ဒိုင်ကလည်း အမြဲတန်းအနိုင်ရတဲ့
ဒိုင်လို့ နာမည်ကြီးတယ်။ ထိုးသားတွေကလည်း ရှိတာတွေပုံအောပြီး ထိုးနေကြ
ပြီ။ ပွဲကတော့ ကောင်းနေပြီ။ ကံကြမ္မာဟာ မှောက်ထားတဲ့ခွက် အောက်ထဲမှာ
ရှိနေလား။ အပြင်ဘက်မှာလား။

အရေးကြီးတာက ပေါက်ကောင်ဖွင့်တော့မယ့်အချိန်မှာ လက်ရှောင်ထားဖို့ပဲ။
ပွဲကိုပျက်အောင် လုပ်မယ့်သူတွေအတွက်တော့ ဒီအချိန်ကိုပဲရွေးပြီး ရှုပ်ဖို့လို
တာပေါ့။ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် လုပ်နေကြတဲ့လောကမှာ ရည်ရွယ်ချက်
အတိုင်းဖြစ်ဖို့ပဲ လိုတာပါ။ ဒို့လောကမှာက အလုပ်မဖြစ်တာတွေ သိပ်များတယ်
မှုတ်လား ။

(ရုပ်ပုံ ၊ ဂူဂလ်)