Sunday, August 1, 2010

ခင်မောင်မြင့်နိုင်ငံတော်













အခန့်မသင့်လို့ ခင်မောင်မြင့် ဘုရင် မဖြစ်ရတာပါ။ တကယ်ဆို သူက
မင်းနံ့စိုးနံ့ မကင်းဘူး။ မင်းသွေး မကင်းဘူး။ သူ့အမေဘက်က အဘွား
ဆိုလား မြန်မာမင်းသားတပါးနဲ့ တိတ်တိတ်ပုန်းညားခဲ့ပြီး မျိုးဆက်ပွါး
လာခဲ့တာ ခင်မောင်မြင့်တို့ အထိပေါ့။

ခင်မောင်မြင့်တို့ခေတ်ကျတော့ သူတို့အမျိုးက ပျက်နေပြီ။ ပျက်တယ်
ဆိုတာက အမျိုးစုံသွားတာကို ပြောတာ။ မင်းသားနဲ့ညားတယ်ဆိုတဲ့ သူတို့
အဘွားကိုယ်တိုင်က အမရပူရနယ်က ကသည်း ကပြား။ မြန်မာတ၀က်၊
မဏိပူရ ကသည်းတ၀က်။

ကပြားဆိုတော့ ချောဆိုကိုး။ မင်းတုန်းမင်းရဲ့ မြောက်များစွာသော မိဖုရား
တွေကနေ ပေါက်ဖွါးလာကြတဲ့ မင်းသားတွေထဲက တပါးနဲ့ သူ့အဘွားနဲ့
ညိခဲ့ကြတာတဲ့။ ခင်မောင်မြင့်အလှည့်လည်းရောက်ရော သူ့အမေက
မန္တလေးမြို့ ပေါက် ယူနန်တရုတ်အမျိုးသားနဲ့ညားတော့ သူရုပ်က မြန်မာရုပ်
လုံးဝ မထွက်တော့ဘူး။

နံမည်ကသာ ခင်မောင်မြင့် ရုပ်ရည်က တရုတ်ပုံ။ ခင်မောင်မြင့်က မန္တလေး
သား။ နန်းတော်ရှေ့  အောင်တော်မူအရပ်မှာ မွေးတယ်။ ဆိုရှယ်လစ်ခေတ်
တုန်းကပေါ့။ သူ့အဖေက ပဲငံပြာရည်ရောင်းပြီး ချမ်းသာတယ်။ သူ့အဖေဘက်
ကလည်း ခေကြတာတော့ မဟုတ်ဘူး။ အရင်က ယူနန်နယ်မှာ နယ်စားပယ်
စား အမျိုးအနွယ်တွေတဲ့။

စာရင်းချုပ်လိုက်တော့ တရုတ်ကပြား ခင်မောင်မြင့်မှာ ဘုရင်ရူးစိတ် ၀င်နေ
တယ်။ သူကြီးပြင်းတဲ့ခေတ်က ဆိုရှယ်လစ်ခေတ်ဆိုတော့ ရူးခွင့်မသာဘူး။
တရုတ်ပြည်မှာကလည်း မော်စီတုံးရဲ့ ကွန်မြူနစ်ခေတ်။ တရုတ်လိုလည်း ရူးဖို့
မလွယ်၊ မြန်မာလိုလည်း ရူးဖို့မလွယ်။ ခင်မောင်မြင့်ရဲ့  ဘုရင်ရူးစိတ်ကို လူမသိ
သူမသိ မြိုသိပ် ဖုန်းကွယ်ထားခဲ့ရတယ်။

တကယ်တော့ ဘုရင်ရူးစိတ်ဝင်တယ်ဆိုတာ ခင်မောင်မြင့်အတွက် ၀င်ခွင့်ရှိတဲ့
ကိစ္စပါ။ သူ့မှာက မင်းသွေးမကင်းဘူး မဟုတ်လား။ ရာဇ၀င်ကို အခွင့်သာရင်
ပြန်ဖေါ်ထုတ်သင့်တာပေါ့။ ဘုရင်ရူး တယ်လို့ပြောတာက ခေတ်အခြေအနေ
အရ မအပ်စပ်လို့ ရယ်စရာ စကားလုံးဖြစ်နေတာပါ။ ပဒေသရာဇ်ခေတ်သာ
ဆက်ဖြစ်နေမယ်ဆိုရင် ခင်မောင်မြင့်ရဲ့  ဘုရင်ဖြစ်လိုစိတ်ဟာ အင်မတန်
လျှော်ကန်သင့်မြတ်တဲ့ စိတ်ပေါ့။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တာ မကောင်း
တဲ့ကိစ္စမှ မဟုတ်ပဲ။

ခင်မောင်မြင့်ရဲ့  ရှင်ဘုရင်စိတ်ကူးဟာ ခေတ်အခြေအနေအရ နိုင်ငံရေးမှာစိတ်ဝင်
စားသူအဖြစ် အသွင်ပြောင်းလာခဲ့တယ်။ ဆိုရှယ်လစ်ခေတ်တုန်းကဆို ခင်မောင်
မြင့်က တေဇလူငယ်ကနေ လမ်းစဉ်လူငယ်ခေါင်းဆောင် အဆင့်အထိ ရောက်ခဲ့
တယ်။ ဆိုရှယ်လစ်ဝါဒ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်။ အညမည သဘောတရား။
ကွန်မြူနစ်ကြေညာစာတမ်း။ မော်စီတုံးရဲ့ စာအုပ်နီ။ အရည်ကျိုသောက်ထားသလို
ခင်မောင်မြင့် အကုန်သိတယ်။

တကယ်တော့ ခင်မောင်မြင့်က လူအေးပါ။ သဘောကောင်းတယ်။ နုညံ့တယ်။
အများအကျိုးကို ကြည့်တယ်။ ပန်းချီဆွဲတာ ၀ါသနာပါတယ်။ ပန်းချီကိုသာ အာရုံ
စိုက်ပြီးလုပ်ရင် ခင်မောင်မြင့်ဟာ နိုင်ငံကျော်ပန်းချီသမားတယောက် ဖြစ်လာနိုင်
တယ်။ သူ့အဖေက သူ့ကို ငယ်ငယ်ကတည်းက တရုတ်ကျောင်းမှာ တရုတ်စာနဲ့
အတူ တရုတ်ရိုးရာပန်းချီကိုပါ လေ့လာစေခဲ့တာ။ ကိုယ်တိုင်ကလည်း ၀ါသနာပါ
တော့ သူ့လက်ရာတွေကို ဆရာတွေကပါ အံ့သြခဲ့ရတယ်။ ဒါပေမဲ့ ခင်မောင်မြင့်က
ပန်းချီထက် နိုင်ငံရေးကို ပိုလေ့လာခဲ့တယ်။ နိုင်ငံရေးလုပ်တာကလည်း ပန်းချီဖန်
တီးရသလိုပဲလို့ ယူဆတယ်။

ပန်းချီက ပိတ်စတခုအပေါ်မှာ လိုချင်တဲ့ပုံကို ဆွဲယူတဲ့အနုပညာ။ နိုင်ငံရေးလုပ်
တယ်ဆိုတာက တိုင်းပြည်တခုကို ကိုယ်လိုချင်တဲ့ပုံ သွင်းယူတဲ့ အနုပညာ။ ဒီလိုနဲ့
ခင်မောင်မြင့် နိုင်ငံရေးသမား ဖြစ်ချင်ခဲ့တယ်။ ဒါမှမဟုတ် နိုင်ငံရေးပညာရှင်၊
နိုင်ငံရေး သုခမိန် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဆိုရှယ်လစ်ခေတ်မှာ လမ်းစဉ်ပါတီက
လွဲလို့ တခြားနိုင်ငံရေးလုပ်ဖို့ အခွင့်အလမ်းမရှိခဲ့။ ဒါကြောင့်လည်း လမ်းစဉ်လူ
ငယ်ခေါင်းဆောင် ခင်မောင်မြင့်အဆင့်မှာပဲ ဂိတ်ဆုံးခဲ့တယ်။

အချစ်ကိစ္စလား။ ခင်မောင်မြင့်လည်း လူပဲ။ အချစ်ရှိတာပေါ့။ သူများတွေထက်
တောင် ပိုချစ်တတ်တဲ့သူလို့ (သူ့ကိုယ်သူ) ထင်တယ်။ လမ်းစဉ်လူငယ်ခေါင်း
ဆောင်သင်တန်းမှာ ဆုံခဲ့ဖူးတဲ့ မြမြမင်းကို သူချစ်တယ်။ မြမြမင်းကလည်း သူ့လို
တရုတ် ကပြားလေး။ ရန်ကုန်က ဆေးကျောင်းသူ။


(ဆက်သေးတာပေါ့ ။ ရုပ်ပုံ ဂူဂလ်)

3 comments:

ကူးလွေ့ said...

ဆက်ပါဦးဗျာ...။ ဘာတွေများ ဖြစ်လာမလဲ လို့ဆံ့တငင်ငင် နဲ့။

pandora said...

သူများတကာကို အားကျလို့ အတွဲလိုက် ရေးတော့မယ်ပေါ့.. :)

ညီမလေး said...

စိတ်ဝင်စားစရာ...ကောင်း၏ မကောင်း၏ အဆုံးသတ်မှ မှတ်ချက်ချမည်း)