Friday, July 30, 2010

အနှိပ်သည်မလေးရဲ့ မွေးနေ့












ထိုင်းနိုင်ငံကို လာလည်ကြသူတွေ မလုပ်မဖြစ် လုပ်ကြတဲ့ကိစ္စတွေထဲမှာ
အနှိပ်ခံတာလည်း ပါသပေါ့။ ညောင်းကြသကိုးဗျ။ ခရီးသွားရတာ ပင်ပမ်း
ကြတယ်မို့လား။ ဒို့ကလည်း သိပ်ပြီး ညောင်းတတ်သူပါ။ ထိုင်းလူမျိုးတွေက
လည်း သိပ်ပြီး နှိပ်ချင်သူတွေပါ။ လမ်းမတိုင်းမှာ အနှိပ်ဆိုင်ရှိတယ်။ ညောင်း
သူများနဲ့ နှိပ်သူများ ဆုံကြပြီး တရုန်းရုန်းဖြစ်နေတဲ့ ဘန်ကောက်မြို့ ကြီးမှာ
အီစကိုလည်း တက်ကြွသူတဦးအဖြစ် ပါဝင်ဆင်နွှဲနေပါကြောင်း။

ဒီလိုနဲ့ သူလေးနဲ့ဆုံခဲ့ပါတယ်။ (ဒီအရေးအသားက နည်းနည်း အန္တရယ်ရှိတယ်)
သူ့နာမည်က " ပါ " တဲ့။ နာမည်ရင်းတော့ မသိဘူး။ ထိုင်းမှာက အလွယ်ခေါ်
လို့ကောင်းတဲ့ နာမည်တွေ သိပ်ပေးတတ်ကြတယ်။ သူ့ စကား ကိုယ်မသိ၊
ကိုယ့်စကား သူမသိနဲ့ လက်ဟန်ခြေဟန် (ခြေဟန်တော့မပါပါဘူး) ပြောကြ
ဆိုကြရင်း အနှိပ်သမများနဲ့ ခင်ကြပါလေရော။ ပါ ဆိုတဲ့ ကလေးမက သူများ
တွေထက် ပိုပြုံးပြီး ချစ်ဖို့ကောင်းအောင် မကြာခဏ ရယ်တတ်သူလေးပါ။

သူတို့ဆိုင်က အီစကိုကြီးတည်းတဲ့နေရာနဲ့ အနီးဆုံးဆိုင်။ မကြာခဏ အနှိပ်
ခံနေတတ်တော့ ဆိုင်ရှင်နဲ့ရော တဆိုင်လုံးက အနှိပ်သမတွေနဲ့ပါ ခင်နေပြီ။
အောင်မယ် တခါတခါ ထမင်းတောင် အတူစားကြသေး။ အီစကိုကလည်း
ထိုင်းမှာ တကိုယ်တော်ဆိုတော့ ပျင်းရှာသပေါ့။ သူတို့ဆိုင်ဘေးမှာက ကော်ဖီ
ဆိုင်ကလေးလည်း ရှိဆိုတော့ ကော်ဖီသောက်ရင်းလည်းဆုံ။ သူတို့ဆိုင်လူပါး
တဲ့အချိန်၊ ကိုယ်ကလည်း အားတဲ့အချိန်ဆိုလည်း ဆုံနဲ့ အတော်ရင်းနှီးလာကြ
ပါတယ်။












သူတို့အထဲမှာ အင်္ဂလိပ်လို အနည်းအကျဉ်းပြောတတ်သူ တဦးသာ ရှိလေရဲ့ ။
သူ့အားကိုးနဲ့ပြောလိုက်ကြတာ ကိုယ့်အကြောင်းသူသိ။ သူ့အကြောင်းကိုယ်သိ
ဖြစ်ကုန်ရော။ သူတို့အားလုံးက ဘန်ကောက်က မဟုတ်ဘူး။ မြန်မာပြည်ကဆို
ချင်းပြည်နယ်လိုမျိုး။ သိပ်ပြီး တိုးတက်ထွန်းကားမှုမရှိတဲ့( အစိုးရအဆက်ဆက်
ပြစ်ပယ်ထားခံရတဲ့) နိုင်ငံရဲ့ အရှေ့  မြောက်ပိုင်း လာအိုနယ်စပ်က။ သူတို့အရပ်
မှာစီးပွါးရေး မထွန်းကားတော့ မြို့ တက်ပြီး ရှာစားရတဲ့ သူလေးတွေပါ။ ခင်ဖို့
ကောင်းကြပါတယ်။

ထားပါတော့ မွေးနေ့ရှင် ပါ အကြောင်း စပါတော့မယ်။ အခုသူက အလုပ်ထွက်
သွားပါပြီ။ ဘာကြောင့်လဲဆိုတာ သူတို့ရှင်းပြပေမဲ့ နားမလည်ဘူး။ ငါ့မှာတော့
စိတ်မကောင်းဖြစ်လို့။ စိတ်မကောင်းရတာက ဒီလို။ တညနေ အလုပ်က အပြန်။
သူတို့ဆိုင်ရှေ့ က အဖြတ်။ ပါ ကထွက်ပြီး ခေါ်ပါလေရော။ ညကြရင် လာခဲ့ပါတဲ့။
Tonight.... Happy Birthday တဲ့။ သူ့ကိုယ်သူလည်း လက်ညိုး တထိုးထိုးနဲ့။
အတော် ပျော်နေပုံရတယ်။

ဖြစ်ချင်တော့ အဲဒီညက ရွာလိုက်တဲ့မိုး။ ညနေထဲက မပြီးနိုင်ဘူး။ သူ့အတွက်
မွေးနေ့လက်ဆောင် ထွက်ဝယ်မလို့ စိတ်ကူးတာ အဆင်မပြေခဲ့ဘူး။ ဒါနဲ့
ကင်မရာစွဲပြီး မွေးနေ့ပွဲဆီ ထွက်ခဲ့တယ်။ သူကလည်း ဘာလက်ဆောင်မှ
မျှော်နေပုံ မရပါဘူး။ ငါလာတယ်ဆိုရင်ပဲ ဧည့်သည်တော်ကြီးကြွလာတဲ့အတိုင်း
ပျော်လို့။ မုန့်တွေလည်း ၀ယ်ထားတယ်။ ဘီယာတွေ၊ ၀ီစကီတွေတောင် ပါလိုက်
သေး။ မိုးကောင်းနေတော့ အနှိပ်ခံသူတွေလည်း မလာကြဘူး။ အဲဒါကိုက သူ့
အတွက် မွေးနေ့လက်ဆောင်တခုကို ဖြစ်လို့။ လူလာရင် ထွက်နှိပ်ကြရဦးမှာကိုး။
သူတို့ဆိုင်က ညသန်းခေါင်မှ ပိတ်တာ။

မိုးရွာနေလို့ လက်ဆောင်မပါခဲ့ဘူး။ နောက်မှပေးမယ်လို့ပြောရတယ်။ သူက
မလိုပါဘူးတဲ့။ ဒီလိုဆုံပြီး မွေးနေ့လုပ်ရတာ သိပ်ပျော်နေပါသတဲ့။ စားကြသောက်
ကြရင်း သီချင်းတွေ ဆိုကြပါလေရော တယောက်တပေါက်။ ငါ့ကိုလည်း အတင်းဆို
ခိုင်းတော့ မြနန္ဒာ ဆိုပြလိုက်တယ်။ အစအဆုံးတော့ မရဘူး။ အော်လို့ကောင်းတဲ့
နေရာလောက်ပေါ့။ လက်ခုပ်တီးကြပါတယ်။ ဒါပေမဲ့ ဒီသီချင်းကို သူတို့နားမလည်
ဘူးတဲ့။ အင်္ဂလိပ်သီချင်း ဆိုပြပါတဲ့။ ရယ်စရာပဲ။

အင်္ဂလိပ်လိုဆိုရင် သူတို့နားလည်မှာကျလို့။ ဒါကိုက ပျော်စရာပါ။ ဒါနဲ့ ငါလည်း
အားလုံးသိနိုင်လောက်မယ့် မိုက်ကယ်ဂျက်ဆင်ရဲ့  Heal The World ကိုဆိုပြ
လိုက်ရတယ်။ မွေးနေ့နဲ့တော့ သိပ်မအပ်စပ်တဲ့ သီချင်းပါ။ ဒီသီချင်းလည်း အော်
ကောင်းတဲ့နေရာ တပိုင်းတစ ရသလောက် ဆိုပြလိုက်တော့။ အောင်မယ်လေး
သဘောတွေကို ကျလို့။ ကောင်းကောင်းကြီးပဲ နားလည်ကြတဲ့ အတိုင်း။ ပျော်
လိုက်ကြတာ။ ကတဲ့သူက ကလို့။ တယ်လီဖုန်းထဲမှာရှိတဲ့ ထိုင်းသီချင်းတွေဖွင့်
ပြ။ ဆိုကြ ကကြ။ အမှတ်မထင် ပျော်စရာကောင်းတဲ့ အနှိပ်ဆိုင်ထဲက မွေးနေ့
ပွဲလေးပါ။












အဲဒီအချိန် မိုးထဲလေထဲမှာ ဆိုင်တံခါးကို ဆိုင်ကယ်သမား တယောက်က လာ
ခေါက်လို့ အားလုံးမျက်နှာ ပျက်သွားကြသေးတယ်။ အထုပ်တခု လာပေးတာပါ။
သူ့ကို လူတယောက်က ပို့ခိုင်းလို့ပါတဲ့။ အထုပ်ကိုဖွင့်ကြည့်တော့ နှင်းဆီပန်းတခိုင်
နဲ့ မွေးနေ့ကိတ်မုန့် တလုံး။ အားလုံး ဝေးကနဲ ၀ိုင်းအော်ကြပါလေရော။ မွေးနေ့ရှင်
လေးလည်း ပျော်မဆုံးပေါ့။

ကိတ်မုန့်မှာလည်း ထိုင်းလိုရေးထားတာ စုံလို့။ ဘာမှန်းတော့ မသိဘူး။ ခဏ
ကြာတော့ သူ့သူငယ်ချင်း ကောင်မလေးတယောက် (ကိတ်မုန့်ပို့သူ) ဖုန်းဆက်
လာပါတယ်။ မွေးနေ့ဆုတောင်း နှုတ်ဆက်စကားပြောပါတယ်။ ကောင်မလေးက
ဝမ်းသာပြီး မျက်ရည်တောင် ၀ဲလို့။ ဒါဟာ သူ့ဘ၀မှာ ပထမဆုံးရတဲ့ မွေးနေ့ကိတ်
မုန့်ပါတဲ့။ သူ့ရဲ့  ၂၁နှစ်ပြည့်မွေးနေ့ပါ။ သူအနှိပ်သည်ဖြစ်တာ ၆နှစ်ရှိပါပြီတဲ့။

ငါကလည်း ဓါတ်ပုံတွေရိုက်ပေါ့။ ပြီးရင် အီးမေးပို့ပေးမယ်ဆိုတော့။ မပို့ပါနဲ့တဲ့။
သူ့မှာ အီးမေး မရှိဘူးတဲ့။ ကိုင်း ဒါဆို မွေးနေ့လက်ဆောင်အဖြစ် အီးမေးလည်း
လုပ်ပေးမယ်။ Face book လည်းလုပ်ပေးမယ်လို့ ပြောလိုက်တယ်။ အနည်းအ
ကျဉ်းတော့ ပျော်သွားပုံရပါတယ်။ တကယ့်ဓါတ်ပုံကိုလည်း သတ်သတ် ပေးပါဦး
မယ်လို့ ပြောရတယ်။ သူက တကယ့်ဓါတ်ပုံကို ပိုလိုချင်တယ်။ ရွာက သူ့အမေဆီ
ပို့ချင်လို့တဲ့။

ဒီလိုနဲ့ တပါတ် နီးပါးလောက် သူတို့နဲ့မဆုံဖြစ်ဘူး။ ဓါတ်ပုံတွေလည်း မကူးဖြစ်ဘူး။
မနေ့က သူတို့ဆိုင်ရောက်တယ်။ ကောင်မလေးကို မတွေ့ လို့ မေးကြည့်မှ အလုပ်
ထွက်သွားပြီတဲ့။ အော်...ငါ့မှာတော့ သူ့ဆီ အကြွေးတွေ တင်လို့။












သူ့ကိုပေးမယ့်ဓါတ်ပုံလေးတွေ ဒီစာနဲ့အတူပဲ ထားလိုက်ပါတော့မယ်။ နောင်နှစ်တွေ
မှာလည်း ဒီနှစ်ထက် အဆပေါင်းများစွာပျော်ရတဲ့ မွေးနေ့တွေနဲ့ ကြုံစေချင်ပါတယ်။
အောင်မြင်ပါစေ....ပါ ။

4 comments:

pandora said...

ဖတ်ရတာ ရင်ထဲ ထိထိခိုက်ခိုက်လေးဖြစ်ရတယ်။
အကြွေးတင်သွားတော့ အမှတ်ရစရာဖြစ်သွားပြီ။ လမ်းမှာပြန်တွေ့ရင်တော့ ဓာတ်ပုံလေး ပေးလိုက်ပါဗျာ။ ဒါမဟုတ်လည်း ဆိုင်က သူ့အပေါင်းအသင်းတွေကို ပေးထားပေါ့။

Hmoo said...

Happy birthday 2 her :)

သက်ဝေ said...

အမှန်ကတော့ တဝက်လောက် ဖတ်အပြီးမှာ ကိုဘလူးစကိုင်းကို နှိပ်ကွပ်မလို့ စာလုံးတွေ တန်းစီနေတာ...

အဆုံးအထိဖတ်ပြီးတော့ စိတ်မကောင်းဖြစ်သွားလို့ ကိုဘလူးစကိုင်း ကံကောင်းသွားတယ် မှတ်ပါ...။

အပေါ်က အန်ကယ်ကလဲ ဘယ်သူ ဘယ်ဝါမှန်းလဲ မသိပဲနဲ့ Happy Birthday to her ဆိုပဲ...း((

ညီမလေး said...

ဘာပြောပေးရမှန်းတောင်မသိဘူး ။ သမုဒ္ဒရာ ဝမ်းတထွာမို့ တော်တော့်တယ်..ရုန်းရကန်ရတာ မလွယ်ဘာလား.......