Thursday, July 15, 2010

ကြားနေကျဇတ်လမ်း












ထိုင်းနိုင်ငံ စံကရဘူရီမွန်ရွာကြီးကနေ ဘုရားသုံးဆူမြန်မာနယ်စပ်ကို ကားနဲ့
သွားရင် နာရီဝက်လောက်ဆို ရောက်ရော။ ဟိုင်းလက်စ်ကားတွေက နာရီဝက်
တစီး အသွားအပြန်ရှိတယ်။ ဒီလိုနဲ့ ငါလည်း နယ်စပ်ကို သွားရောဆိုပါတော့။

ရွာကနေထွက်လို့ ဆယ်မိနစ်လောက်အကြာ လမ်းခုလတ်မှာ ကျွတ်ကျွတ်အိတ်
တလုံးကိုင်ထားတဲ့ အမျိုးသမီးတဦး ကားကိုတားလို့ ရပ်ပေးတယ်။ ဒီနယ်မှာက
ထိုင်းလို့သာပြောတာ အများစုက မြန်မာပြည်သားတွေ။ ၀တ်တာစားတာလည်း
မြန်မာပြည်အတိုင်း။ အခုအမျိုးသမီးကလည်း သနပ်ခါးနဲ့၊ ထမီနဲ့။ ထူးခြားတာ
တခုက သူငိုထားတယ်။

သူ့ရဲ့ သနပ်ခါးတချို့  ပျက်နေတယ်။ ငါလည်းမသိချင်ယောင် ဆောင်နေလိုက်ပါ
တယ်။ အမျိုးသမီးက ငါ့ဘေးနာမှာ ကပ်ရက်လာထိုင်တယ်။ အသက်လေးဆယ်
လောက်ရှိရောပေါ့။ ပိန်ပိန်ပါးပါး။ ညိုညိုသွယ်သွယ်။ ကားပေါ်မှာ ငိုမနေဘူးဆို
ပေမဲ့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝေ့လို့။ ကားကလည်း တားတဲ့သူရှိရင်
ရပ်ပေးလိုက်။ ဆင်းတဲ့သူရပ်ပေးလိုက်နဲ့ တဖြေးဖြေးဆက်သွားနေတယ်။ စိတ်ထဲ
မှာတော့ ငါ့ဘေးက အမျိုးသမီး ဘာကြောင့်ငိုထားရပါလိမ့်ဆိုတဲ့ မေးခွန်းက ရှိနေ
တယ်။

အလုပ်ရှင်နဲ့ အဆင်မပြေတာလား။ ယောက်ကျားကပဲ နှိပ်စက်လို့လား။ ဘာပြဿ
နာများ ငိုရလောက်အောင် တက်နေပါလိမ့်။ ငါတို့မြန်မာအမျိုးသမီးတွေအကြောင်း
ထိုင်းဘက်မှာ ကြားရတာတွေက ရင်လေးစရာတွေက ခပ်များများ။ ဘာများဖြစ်လို့
ပါလိမ့်။ ကြာကြာ အောင့်မထားနိုင်ဘူး။ ခဏကြာတော့ ငါကပဲစကား စလိုက်တယ်။

အမကြီး နယ်စပ်သွားမလို့လား ဆိုတော့။ မဟုတ်ဘူး မော်လမြိုင်ပြန်မလို့တဲ့။ အမေ
ဆေးရုံတင်ရတယ်ဆိုလို့ ချက်ချင်းပဲထွက်လာတာ။ ဒီမှာက အလုပ်အကိုင်ကလည်း
အဆင်မပြေ။ အလုပ်ရှင်ကလည်း လခနည်းနည်းနဲ့ခိုင်း။ တရားဝင် အလုပ်သမားဖြစ်
အောင် လုပ်ဖို့ကလည်း ငွေမတတ်နိုင်။ သားသမီးသုံးယောက်ကလည်း မြန်မာပြည်
မှာ ပညာရေးတပိုင်းတစ။ ယောက်ကျားကလည်း ဆုံးသွားတာကြာပြီ။ မော်လမြိုင်
အိမ်မှာ လူကြီးဆိုလို့အမေပဲရှိတာ။ အမေက အသက်ကိုးဆယ်ရှိပြီ။ အခုတခါဆေးရုံ
တင်တာ မျှော်လင့်ဖို့သိပ်မရှိဘူးဆိုတာ သိရတော့ ၀မ်းနည်းပြီး ငိုနေခဲ့တာလို့ ပြောပါ
တယ်။













ငါဘာပြောရမှန်း မသိဘူး။ သားသမီးတွေက တော်တော်ကြီးပြီလားလို့ မေးလိုက်
တယ်။ အကြီးဆုံးက သမီး။ သူက အခုသူနာပြုတက္ကသိုလ်မှာ တက်နေတယ်။ အဲ
ဒီကိုတက်နိုင်အောင် သမီးက တမင်ကြိုးစားခဲ့ရတာ။ သူ့အဖေဆုံးတုန်းက ဘယ်
ဆေးရုံကမှ လက်မခံခဲ့ဘူး။ ဆရာဝန်တွေ စေတနာထားရင် ရှင်နိုင်ရက်နဲ့ ငွေမရှိ
လို့ သေရတာ။ သမီးက အဲဒီကတည်းက ဆရာဝန် မဖြစ်ရင်တောင် သူနာပြုဖြစ်ရ
မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာ။

သမီးအတွက် ကျောင်းစရိတ်ကလည်း မသေးလှဘူး။ ရန်ကုန်မှာတက်နေရတော့
ပိုကုန်တယ်။ သမီးက လိမ္မာပါတယ်။ အမေ ဒီက မတန်တဆလုပ်ပြီး ရတဲ့ငွေကို
ချွေချွေတာတာ သုံးရှာပါတယ်။ သားနှစ်ယောက်ကတော့ အလယ်တန်းနဲ့အထက်
တန်းမှာ။ ကျမက ဒီဘက်မှာအလုပ်လုပ်နေတော့ မိသားစုကို အမေနဲ့ပဲထားခဲ့တာ။
အခုတော့ အမေဆုံးရင် ကျမ ဘာလုပ်ရမှန်းမသိဘူး။ မော်လမြိုင်မှာ ဘာမှရှာစား
လို့ မဖြစ်ဘူး။ ရတဲ့ငွေနဲ့ မလောက်နိုင်ဘူး။ အိမ်ကိုရောင်းမယ်ဆိုလည်း ကျမတို့အိမ်
ရှိတဲ့ရပ်ကွက်က ဈေးမရဘူး။

ဒုက္ခကတော့ ကိုယ်တယောက်ထဲ ကြုံနေရတာမဟုတ်ပါဘူး အမရယ်လို့ ခပ်ညံ့ညံ့
အားပေးစကား ပြောမိတယ်။ ကျမက ကျောင်းဆရာမ လုပ်ခဲ့တဲ့သူပါ။ မော်လမြိုင်
တက္ကသိုလ်က ဘွဲ့ ရပါတယ်။ ကျောင်းဆရာမ ဘ၀မှာတုန်းကလည်း ကိုယ့်အထက်
လူကြီးတွေ မဟုတ်တာလုပ်တာတွေကို ကြာကြာငြိမ် မခံနိုင်ဘူး။ ထိုင်းဘက်ကိုထွက်
လုပ်တာကမှ ပိုက်ဆံလည်းပိုရတယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုပြီး ထွက်လာတာ။
ကျမက မုဆိုးမဘ၀နဲ့ရုံးကန်ခဲ့တာ။ ဒုက္ခကိုကြောက်တဲ့သူ မဟုတ်ဘူး။ အခုတော့
အမေမရှိရင် ကလေးတွေကို ဘယ်သူနဲ့ထားရမှာလဲ။ ကျမ မော်လမြိုင်အိမ်မှာ နေ
တော့ရော ဒီမိသားစုက ဘာနဲ့စားကြမှာလဲ။ မျက်ရည် ၀ဲပြန်ပါတယ်။












စကားလမ်းကြောင်း ပြောင်းဖို့ ငါဆုံးဖြတ်လိုက်တယ်။ ဘုရားသုံးဆူကနေ မော်လမြိုင်
ကိုသွားရင် ဘယ်လောက်ကြာလဲဗျ ဆိုတော့။ တကယ်ဆို တရက်ခရီးလောက်ပဲသွား
ရတာပါ။ အခုဟာက မိုးတွင်း။ လမ်းတွေက မကောင်းဘူး။ ရေလမ်းလည်း မပေါက်။
ကားလမ်းကလည်း ပျက်ဆိုတော့။ သံဖြူဇရပ်ရောက်အောင် တောထဲကပဲ လမ်း
လျှောက်သွားရမယ်။ လမ်းမှာ နှစ်ညအိပ်ရမယ်။ အဲဒါကြောင့် ဓါးမတချောင်း ယူခဲ့ရ
တာလို့ သူ့ကျွတ်ကျွတ်အိတ်ထဲက ဓါးတပိုင်းတစကို ပြပါတယ်။

ပြောရင်းဆိုရင်း သူဆင်းရမယ့် နေရာနားကို ရောက်လာတယ်။ နယ်စပ်ထိ မလိုက်
ဘူးလားအမလို့ မေးတော့။ ကျမက လိုက်လို့မဖြစ်ဘူး။ နယ်စပ် မရောက်ခင် စစ်
ဆေးရေးဂိတ်ကို ဖြတ်ရမှာ။ ကျမက ဘာစာရွက်စာတမ်းမှ ရှိတဲလူမဟုတ်ဘူးလို့
ပြောပြီး ကားပေါ်က ဆင်းသွားပါတော့တယ်။ ကားပေါ်မှာကျန်ခဲ့တဲ့ငါက သူ့ကို
ပြုံးပြလိုက်တော့ သူကပြန်ပြုံးပြတယ်။ ပြီးတော့ သူ့ရဲ့ အိတ်ထဲက ဓါးမကိုထုတ်ပြီး
တောထဲကို ၀င်သွားပါတော့တယ်။

ဒီအကြောင်းကို မရေးဘူးလို့ စိတ်ကူးထားတာ။ မရေးချင်ရတဲ့ အကြောင်းက
စိတ်မကောင်းစရာ အကြောင်းတွေကိုရေးရင် ဖတ်မိတဲ့သူတွေအတွက် အပူ
အပင်ပေးသလိုဖြစ်မှာရယ်။ ဒီလိုအကြောင်းတွေက မြန်မာပြည်မှာ တနေ့
တခြားများများ လာနေတာကြောင့် မထူးဆန်းတော့သလို ဖြစ်နေတာရယ်။
သူတို့မိသားစုအကြောင်းကို ပြန်ရေးပြရမှာ အားနာတာရယ်။ ကိုယ်တိုင်ကလည်း
ဇတ်နာတဲ့ ဘ၀သရုပ်ဖေါ်ဝတ္ထုတွေကို သိပ်မကြိုက်တာတွေရယ်ကြောင့်ပဲ။

ဒါပေမဲ့ အခု အောင့်ထားလို့မရလို့ ရေးမိသွားပါပြီ။ အားလုံး ခွင့်လွှတ်ကြပါတော့။
ဒီအမျိုးသမီးနဲ့ သူ့ရဲ့ မိသားစု ရှေ့ ရေးကိုတော့ စာဖတ်သူတွေ ဆက်ပြီးမတွေး
စေချင်ဘူး။ ငါလည်း ဆက်မတွေးမိဖို့ သတိထားတယ်။

(ဓါတ်ပုံထဲက လူတွေဟာ အခုဇတ်လမ်းထဲက အမျိုးသမီးနဲ့ ဘာမှမဆိုင်။ စံခရဘူရီ
မွန်ရွာကြီးထိပ်က တံတားပေါ် ညနေခင်းလမ်းလျှောက်သူတွေကို ရိုက်ထားတာ။)

5 comments:

မောင်မျိုး said...

နယ်စပ်ဘက်တွေမှာ ဒီလိုပဲ တွေ့ရတတ်ပါတယ် ကျနော်လည်း ဒီလိုသူမျိုးတွေ မကြာမကြာ တွေ့ရတယ်။

ညီမလေး said...

ကြားနေကျ ဇာတ်လမ်းဆိုပေမဲ့ ....... ပြောစကားကိုနားထောင်လိုက်ပါ့မယ် ဆက်မတွေးတော့ဘူး

ကလူသစ် said...

ကလူသစ်သာဆို သွားတောင်မမေးဘူး။ ဘာလို့လဲဆိုတော့ ၀မ်းသာလို့ မျက်ရည်ကျနေတာမှမဟုတ်တာ။ သိသွားလို့လဲ ကိုယ့်လဲဘာမှတတ်နိုင်တာမဟုတ်ဘူး။ ဒီပုတ်ထဲက ဒီပဲ။ နဲနဲလေး အလုံးကြီးတာပဲကွာတာမဟုတ်လား။ မတတ်နိုင်တဲ့ကိစ္စ စိတ်ညစ်မခံဘူးဗျာ။ ဒါကြောင့်။

Anonymous said...

အဲ အမျိုးသမီး လမ်းခရီး မှာ အန္တရာယ် ကင်းကင်း နဲ့ မှ လိုရာခရီး ရောက်ရဲ့ လားလို့ ဘဲ အရင်ဆုံးသိချင်နေသေးတယ် ... ကိုယ်ကလည်း ဘာမှ လုပ်မပေးနိုင် ပေမယ့် မွန်းမွန်းကြပ်ကြပ် နဲ့ စိတ်ဝင်စားမိတယ် ....

mie nge

Anonymous said...

စိတ်ညစ်လိုက်တာ....