Saturday, September 18, 2010

ရဲဘော်ခင်မောင်မြင့်

















၁၉၈၈ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ မြန်မာပြည်ရဲ့ 
အလှည့် အပြောင်းတခုပါ။ သိန်းနဲ့သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ဘ၀ဟာ
အဲဒီ လူထုအုံကြွမှုကြီးနဲ့အတူ အနည်းနဲ့အများ ပြောင်းလဲခဲ့ကြရတယ်။ ဒီအပြောင်း
အလဲဟာ ကောင်းတဲ့ အပြောင်းအလဲလား၊ မကောင်းတဲ့ အပြောင်းအလဲလားဆို
တာ အစပိုင်းမှာ ရှင်းရှင်းလင်းလင်း သိဖို့ မလွယ်ခဲ့ဘူး။ ဒါပေမဲ့ အချိန်ကြာလာ
တာနဲ့အမျှဒါဟာ ကောင်းတဲ့အပြောင်းအလဲ မဟုတ်ဘူးဆိုတာကို မြန်မာပြည်သူတွေ
ဘ၀နဲ့ရင်းပြီး နားလည်လာခဲ့ကြရတယ်။ လက်မခံချင်ပေမဲ့ ဒီအပြောင်းအလဲကို
ရင်ဆိုင် ဖြတ်သန်းခဲ့ကြရတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ရှစ်လေးလုံးလှုပ်ရှားမှုတုန်းက အတက်ကြွဆုံး
ပါဝင်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ဘ၀မှာ မျှော်လင့်မထားတာတွေ
ကြုံလာခဲ့ရတယ်။ ကျောင်းတွေအကြာကြီး ပိတ်တယ်။ မိဘတွေရဲ့ အလုပ်အကိုင်
ပျက်စီးတယ်။ မိသားစုဝင်ငွေ ကမောက်ကမ ဖြစ်တယ်။ ထောင်နဲ့ချီတဲ့ ကျောင်းသူ
ကျောင်းသားတွေ တောခိုကြတယ်။ ထောင်ကျတယ်။ တချို့ တွေ စာရင်းမဲ့အင်းမဲ့
ပျောက်ဆုံးကုန်တယ်။ တချို့ တွေက စစ်တပ်လက်ချက်နဲ့ သေဆုံးရတယ်။


ထီးသွေးနန်းသွေး မကင်းတဲ့ မန္တလေးသား ခင်မောင်မြင့်လည်း သပိတ်မှောက်ကျောင်း
သားအဖြစ်ကနေ တောခိုကျောင်းသားဖြစ်လာခဲ့တယ်။ ချစ်ရသူ မြမြမင်းနဲ့ ဝေးခဲ့တယ်။
(ဒီအဖြစ်က သူတယောက်ထဲကြုံရတာမဟုတ်ဘူးဆိုတာ တောထဲရောက်တော့ ကောင်း
ကောင်း သိလာရတယ်။ ဖြေသိမ့်နိုင်လာတယ်။)

ခါးသီးမှု ဆိုတဲ့ ဝေါဟာရချင်း တူပေမဲ့ ကြုံတွေ့ရတဲ့ နာကျင်မှုချင်း မတူတဲ့ အဖြစ်
အပျက်တွေကို တောခိုကျောင်းသားတွေရော၊ ထောင်ကျကျောင်းသားတွေရော တအံ့
တသြနဲ့ ဖြတ်သန်းခဲ့ကြရတယ်။ တောတွေ တောင်တွေအကြား သေနပ်တလက်နဲ့
လပေါင်းများစွာ ငတ်တလှည့် ပြတ်တလှည့် ဖြတ်သန်းရင်း ခင်မောင်မြင့်နဲ့ကျောင်း
သားရဲဘော်တွေဟာ လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှင်သန်နိုင်အောင်
ကျင့်ကြံခဲ့ကြတယ်။ (ကျဆုံးခဲ့ရသူတွေလည်း ရှိတာပေါ့)

ကျောင်းသားစစ်သည်တွေဟာ ကျောင်းသားတပ်မတော်ဖွဲ့ပြီး တောထဲမှာရှိနေနှင့်တဲ့
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ
ရရှိရေးကို အသက်စွန့်ပြီးတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ မြန်မာပြည်
တွင်းက အပြောင်းအလဲဟာ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဘဝ
တွေကိုပါ လှုပ်ရမ်းစေခဲ့တယ်။ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ကြတယ်။ အပစ်
အခပ်တွေ ရပ်ကြတယ်။ ဒီအခြေအနေတွေဟာ ကျောင်းသားစစ်သည်လေးတွေရဲ့ 
ဘ၀ကို တနေရာရောက်အောင် ထပ်ပြီး တွန်းပို့ခဲ့ပြန်တယ်။

ခင်မောင်မြင့်က စစ်တိုက်တာကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ သူတိုက်နေတဲ့ ပွဲတွေက
အောင်ပွဲရဖို့ မလွယ်ကူတဲ့ အခြေအနေ။ ရန်သူစစ်တပ်က အားသာလွန်းတဲ့ အခြေအနေ။
ကိုယ့်ဘက်မှာရှိတဲ့ အားနည်းချက်တွေကလည်း အားကောင်းလာဖို့ မလွယ်ကူတဲ့ အခြေ
အနေ။ ကျောင်းသားရဲဘော်တွေထဲမှာလည်း မြန်မာပြည်ကို ပြန်သူပြန်။ တောထဲကနေ
နယ်စပ်။ နယ်စပ်ကနေ တဘက်နိုင်ငံ။ တချို့ ကလည်း ဒုက္ခသည်စခန်းတွေဆီကို ရွှေ့ 
ပြောင်းနေကြတယ်။ ဒီလိုပြောင်းလဲမှုတွေထဲမှာ ကျောင်းသားတပ်မတော် ထိပ်တန်း
ခေါင်းဆောင်တွေပါ ပါဝင်နေတယ်။ ခေါင်းဆောင်တချို့ ဆို အနောက်နိုင်ငံတွေအထိ
ပြောင်းရွှေ့ ကုန်ကြပြီ။

ဒီလိုလှိုင်းကြမ်းတွေအောက်မှာ ခင်မောင်မြင့်လည်း နောက်ထပ်လမ်းတခုကိုရွေးချယ်ဖို့
စဉ်းစားလာရပြီ။ ဒီလိုနဲ့ တိုက်ပွဲဝင်ကျောင်းတော်သား ခင်မောင်မြင့်ဟာ ဒုက္ခသည်
ခင်မောင်မြင့်အဖြစ် ကုလသမဂ္ဂရဲ့ အကူအညီကို စောင့်မျှော်ခဲ့ရတယ်။ အမေရိကန်နိုင်ငံ
ကို ရွှေ့ ပြောင်းလာရတယ်။ အခုတော့ အမေရိကန်နိုင်ငံသား ခင်မောင်မြင့် ဖြစ်နေပါပြီ။

ခင်မောင်မြင့်တယောက် တောထဲ တောင်ထဲ၊ နယ်စပ် ၀ဲဂယက်တွေထဲ၊ ဒုက္ခသည်စခန်း
တွေထဲမှာ ဘ၀ကိုဖြတ်သန်းနေတုန်း မြမြမင်းတယောက် ဘယ်မှာလဲ။ ဘာဖြစ်နေသလဲ။
ဘာလုပ်နေသလဲ ဆိုတာကို ဆက်ပြီးပြောပြရပါဦးမယ်။


(ရုပ်ပုံ ဂူဂလ်)

3 comments:

ကူးလွေ့ said...

အားပေးနေတယ်ဗျို့..။ တစ်ခန်းပြီးတစ်ခန်း..။ပျော်ရွှင်ကျန်းမာ ရှိပါစေခင်ဗျား။

ကူးလွေ့ said...

ခင်မောင်မြင့်ရဲ့ နိုင်ငံတော်ထဲ ဝင်ပြီး ခင်မောင်မြင့်ပြတိုက် ထဲက ရဲဘော်ခင်မောင်မြင့်ရဲ့ ဒဿနတွေကို ပြန်လာကြည့်တယ်ဗျာ။
ခင်မောင် မြင့် ပြတိုက်ရဲ့ အခင်းအကျင်းလေးကို အတော် လေး စိတ်ထဲစွဲနေလို့ အဲဒါလေးကို ခဏခဏ ဖတ်မိသဗျ။

ညီမလေး said...

စစ်ဆို မုန်းတယ် ။ ငြိမ်းချမ်းရေး ရဖို့ စစ်တိုက်ရတယ်ဆိုတဲ့ သီအိုရီ ကို ဘယ်သူကများ စထွင်လိုက်သလဲ ??? အုပ်ချုပ်သူတွေကကော ဘာလို့များ တရားမျှတစွာ အုပ်ချုပ်ဖို့ရာ အဲ့လောက်ခဲယဉ်းနေကြသလဲ ??? ဖြေရှင်းလို့ရရဲ့နဲ့ ဖြေရှင်းလို့ မရချင်ယောင်ဘာကြောင့်ဆောင်နေကြသလဲ ???
ဖြစ်နိုင်လျှက်နဲ့ မလုပ်ကြတော့ ???တွေ များလာတာပေါ့လေ ။။။။။။။