Monday, June 28, 2010

မြေ













မြေပြဿနာဟာ လူ့သမိုင်းအစကတည်းက ရှိခဲ့တယ်။ သူ့မြေ ၊ ကိုယ့်မြေခွဲခြားလို့
သေဆုံးရတဲ့လူတွေ၊ ဘ၀ပျက်ရသူတွေ မရေတွက်နိုင်ဘူး။ အခုထိ ရှိနေတုန်း၊
ဖြစ်နေတုန်း။ မြေကြောင့်ဖြစ်ရတဲ့ စစ်ပွဲတွေ၊ မိသားစုတွင်း ရန်ပွဲတွေ၊ ဆွေမျိုးရေး
ပဋိပက္ခတွေ၊ မခေါ်နိုင်၊ မပြောနိုင်ဇတ်လမ်းတွေ မဆုံးနိုင်တော့ဘူး။ မြေကြီးပေါ်
မှာ လူတွေရှိနေသရွေ့  တက်နေမယ့်ပြဿနာပဲ။

မြန်မာနိုင်ငံတော်သီချင်းကိုပဲကြည့်။ ဒါ..ဒို့ပြေ..ဒါ...ဒို့မြေတဲ့။ မြေဟာ အရေးကြီး
သဟဲ့။ လူတယောက်အတွက် မြေဘယ်လောက်လိုသလဲဆိုတဲ့ မေးခွန်းက ဖြေရင်
အရှည်ကြီး။ ငါအပါအ၀င် သန်းနဲ့ချီတဲ့မြန်မာတွေ ကိုယ့်မြေကိုယ် စွန့်ခွါလာခဲ့ကြပြီ။
ငါ့အမျိုးတွေလည်း စွန့်ခွါလာနေကြပြီ။ နောက်ဆယ်နှစ်ဆို ပြည်ပရောက်မြန်မာတွေ
အဆမတန်တိုးလာတော့မယ်။ ဒီကိစ္စဟာ အခုချိန်မှာ အဆန်းမဟုတ်တော့။

ဆန်းတာကတော့ မြန်မာမြေကို ခဏတဖြုတ် ငါပြန်နင်းခဲ့ရတာပဲ။ ဆယ့်ငါးမိနစ်
လောက်နင်းခဲ့တယ်။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ က ဒို့ပိုင်တဲ့မြေကိုပေါ့။
ကြာကြာတော့ မနင်းရဲဘူးဗျ။ မြန်မာဘက်က စစ်လားဆေးလားလုပ်လာရင် လိုတာ
ထက်ပိုပြီး ရှင်းနေရဦးမယ်။ သိတဲ့အတိုင်း။ မြန်မာအာဏာပိုင်တွေက သူတို့ကိုရှင်း
ပြရင် မကြိုက်ဘူး။ (နားမလည်နိုင်တာလည်း ပါတယ်) သူတို့နဲ့ရှင်းရင် ရှုပ်တတ်တယ်။
ကိုယ့်မြေလား။ သူ့မြေလား။ ဒို့မြေလားဆိုတာ ရှင်းရင်းရှုပ်ကုန်မှာစိုးလို့ မသိမသာနင်း
ပြီး ပြန်ထွက်လာခဲ့တယ်။













ထိုင်းနဲ့မြန်မာနယ်စပ်ဆိုတာက မြေချင်းရေချင်းဆက်နေတော့ သူ့မြေကိုယ့်မြေ ထိဖို့
ဆိုတာ လွယ်သပေါ့။ ကိုယ့်အတွက်သာ မြန်မာမြေ ပြန်ထိဖို့ခက်နေတာ။ နယ်စပ်နေ
ပြည်သူတွေအတွက် ဒါဟာ ဘာမှစာဖွဲ့ စရာမဟုတ်။ ငါက နယ်စပ်နေပြည်သူတဦး
မဟုတ်တော့လည်း အခုလိုစာဖွဲ့ နေရသပေါ့ကွယ်။












မြန်မာမြေကိုမထိရတာ ဆယ်စုနှစ်တွေချီခဲ့ပြီ။ ကိုယ့်မြေကိုယ်ပြန်ထိရတာ ပျော်စရာ
လည်း မကောင်းပါဘူး။ မြန်မာပြည်ပြန်ရောက်သဟဲ့လို့ ပြောလို့ရရုံ။ စတိလောက်ပျော်
ရတာပါ။ ကြည့်လေ ငါနင်းခဲ့ရတဲ့မြန်မာမြေဆိုတာကလည်း နယ်စပ်ဂိတ်ကမြေ။ အဲဒီ
မှာက ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တွေချွေးတပ်ဆွဲပြီးဖေါက်ခဲ့တဲ့ သေမင်းတမန်လမ်း
ရဲ့ အဆုံး။ ဒို့မြန်မာတွေသောက်သောက်လဲ သေခဲ့ရတဲ့ ရထားလမ်းပြတ်ကြီးရှိတဲ့နေရာ။












နယ်စပ်မှာတွေ့ ရတဲ့ မြန်မာတွေအကြောင်း နောက်မှဆက်ရေးမယ်။

(ဓါတ်ပုံ၊ ကိုယ်တိုင်ရိုက်)

No comments: