Monday, September 17, 2012

ပြောင်းဖူးပြုတ်














စစ်အုပ်စုရဲ့ဥာဉ်ဆိုးက တိုင်းပြည်ကို သူတို့ပိုင်တယ်လို့ယုံကြည်နေတာပဲ။
လွတ်လပ်ရေးရပြီးကတည်းက အရပ်ဝတ်လဲလိုက်၊ စစ်ဝတ်လဲလိုက်နဲ့တချိန်
လုံးလိုလို သူတို့ပဲ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ။

အခုလည်း ဒီမိုကရေစီသွားမယ် လုပ်ပြန်ပြီ။ ငြိမ်းချမ်းရေးလုပ်မယ် ပြောပြန်ပြီ။
ငြိမ်းချမ်းရေးကော်မရှင်ဆိုလား ဖွဲ့ဦးမတဲ့။ သူတို့ပေးမှ ရမယ့်ငြိမ်းချမ်းရေး။
သူတို့ပေးမှ ရမယ့်ဒီမိုကရေစီ။ သူတို့ပေးမှ ရမယ့်လူ့အခွင့်အရေး။ သူတို့
ပြုမှ နုရမယ့်တိုင်းပြည်။

တိုင်းရင်းသားတွေကို အခုချိန်ထိ အပေါ်စီးက ဆက်ဆံနေတုန်း။ ပြောတော့
ငြိမ်းချမ်းရေးညှိနှိုင်းမှု။ လုပ်တော့ ငါပေးသလောက်ပဲယူ။ ဒီမိုကရေစီအင်အားစု
ကိုလည်း ဒီအတိုင်းပဲ။ ဓါးမိုးပြီးအုပ်ချုပ်ခဲ့သူတွေရဲ့ဥာဉ်က မဖျောက်နိုင်သေး
ဘူး။ သေနပ်ကိုင်ပြီး အနိုင်ယူခဲ့သူတွေဆိုတော့ အားလုံးကို သူ့အောက်ကလို့
ထင်တယ်။

ငါတို့က အနိုင်သမား။ နင်တို့က အရှုံးသမား။ ကျားသနားမှ နွားချမ်းသာမယ့်
အရေးလို့ သဘောထားနေတုန်း။ သူတို့က ကျား။ ပြည်သူက နွား။ ဇတ်ကို
သူတို့က ဒီလိုခင်းပြီး ကနေတာ။ အပြောင်းအလဲကို တကယ်လုပ်ချင်ရင် အခြေ
ခံကျတဲ့ အဲဒီ“ကျား ၊ နွားဆက်ဆံရေး”သဘောထားကို အရင်ပြောင်းရလိမ့်မယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့လည်း မလှိမ့်တပတ်လုပ်
ခဲ့ကြသေးတယ်။ တပ်မတော်ပဲ အင်အားရှိလာတယ် ပြည်သူတွေကတော့ ငတ်
မတတ်၊ ပြတ်မတတ်၊ အသက်ရှူကျပ်။ တိုင်းပြည်ကို စစ်တပ်ကပဲ အမြဲကယ်တင်
လာတာဆိုတဲ့ အယူအဆကိုလည်း ပြောင်းရမယ်။ စစ်တပ်ကို စစ်တပ်လို့သဘော
မထားနိုင်သရွေ့။ စစ်တပ်ကို ကယ်တင်ရှင်လို့သဘောထားနေသရွေ့။ ဒီလူတွေ
ဟာ စစ်အုပ်စုထဲက မထွက်သေးဘူး။ အရပ်ဝတ်လဲပြီး အယောင်ဆောင်နေတုန်း။

စစ်ဗိုလ် စစ်သားတွေက အခုချိန်ထိ ပြည်သူတွေကို ဗိုလ်ကျချင်နေတုန်း။ ငါတို့မှာ
အာဏာရှိတယ်လို့ ယုံကြည်နေတုန်း။ လုပ်ပိုင်ခွင့်၊ မိုက်ကြေးခွဲပိုင်ခွင့် ရှိနေတယ်
လို့ယုံကြည်နေတုန်း။ လွှတ်တော်ထဲမှာလည်း ဒီလိုပဲ။ အရပ်ဝတ်ပဲ ပြောင်းထားတာ
စိတ်ဓါတ်နဲ့ အပေါ်စီးကဆက်ဆံမှုတွေ မပြောင်းသေးဘူး။ ယူနီဖေါင်းချွတ်အချင်း
ချင်းကြားမှာကိုပဲ အခုချိန်ထိ အလေးထပြုချင်နေတုန်း။ ကိုယ့်ထက် ကိုယ်ပိုင်နံပတ်
စောတဲ့သူကို အရိုအသေပေးချင်နေတုန်း။ သမ္မတမို့လေးစားတာထက် စစ်တပ်မှာ
တုန်းက ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လို့လေးစားနေကြတာ။ ဒါတွေကိုမပြောင်းနိုင်ကြသေးဘူး။

အခြေခံကျတဲ့၊ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ဓါတ်နဲ့သဘောထားကို မပြောင်းနိုင်
လို့လည်း ဥပဒေတွေက မတရားသဖြင့် ရှိနေတာ။ ဥပဒေတွေကို ပြောင်းလာခဲ့
ရင်တောင် တကယ်ကျင့်သုံးမှ ဖြစ်မှာ။ ဒီမိုကရေစီကျတဲ့ ဥပဒေကျင့်သုံးမှုမရှိသရွေ့
အပြောင်းအလဲဆိုတာ မရှိဘူး။ တကယ့်အပြောင်းအလဲ မဖြစ်ပဲ ဘာကြောင့် ပြောင်း
သဟဲ့ ပြောင်းသဟဲ့လို့ လေဖန်းဒန်းစီး လုပ်နေကြသလဲ။ ပြောင်းချင်လွန်းလို့ဖြစ်နေ
တဲ့ရောဂါပေါ့။

ဆိုရှယ်လစ်ခေတ် ၀န်ထမ်းလောကမှာ ခေတ်စားခဲ့တာ တခုရှိတယ်။ မြို့မှာရှိတဲ့
သူတွေက နယ်တွေကို မပြောင်းချင်ဘူး။ စားပေါက်ချောင်တဲ့သူကလည်း စားပေါက်
မရှိတဲ့နေရာကို (ရာထူးတိုးသည့်တိုင်အောင်) မပြောင်းချင်ဘူး။ မပြောင်းရအောင်
ကြိုးစားကြတဲ့ နည်းတွေထဲမှာ ပြောင်းဖူးတွေကို လက်ဆောင်ပေးတာလည်းပါတယ်။ ပြောင်းဖူးနဲ့ချဉ်ပေါင်နဲ့တွဲပြီး ချက်စားတာလည်းပါတယ်။ သဘောကတော့ (ပြောင်း
ချဉ်ပေါင်) မပြောင်းချင်ဘူးပေါ့။

အဲဒီလို ဗေဒင်လိုလို၊ ယတြာလိုလိုတွေလုပ်လာကြတော့ ခပ်နောက်နောက် အရာ
ရှိတဦးက သူလက်ဆောင်ရတဲ့ပြောင်းဖူးတွေကို ပြုတ်ပြီး လက်ဆောင်ပေးတဲ့
(ယတြာချေတဲ့) သူတွေကို ပြန်ကြွေးပါသတဲ့။ သဘောကတော့ မပြောင်းဘူး၊
မပြောင်းချင်ဘူးဆိုတဲ့သူတွေ ပြုတ်မယ်ဆိုတဲ့သဘောပေါ့။

အခုလည်း စိန်စိန်ခေါင်းဆောင်တဲ့ အစိုးရကို ပြောင်းဖူးပြုတ်တွေ ကြွေးရမလို
ဖြစ်နေပြီ။ အတိုက်အခံပါတီတွေရဲ့ အဓိကလုပ်ငန်းက လွှတ်တော်ထဲမှာ ကုန်း
ကွကွလုပ်နေကြမယ့်အစား။ အစိုးရ၊ ကြံ့ဖွတ်နဲ့ စစ်တပ်ကိုယ်စားလှယ်တော်
ကြီးများကို ပြောင်းဖူးပြုတ်ပူပူလေးတွေ ကြွေးကြဖို့ပါပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

a said...

စောင့်ဖတ်ရကျိုးနပ်သွားပြီ၊အခြေခံကျတာတွေဘာမှမပြောင်းလဲတာကိုသိသိကြီးနဲ့ပြောင်းတယ်လို့ကိုယ့်ဟာကိုယ်လိမ်ပြီးထင်နေသူတွေကိုအမြင်မှန်ရအောင်ဒါမျိုးများများရေးပေးပါ။