Thursday, December 24, 2009
အဖြူရောင် ခရစ္စမတ်
ရှေရှုခရစ်တော်ကို ဖွါးမြင်တာ ဒီဇင်ဘာ၂၅။ အေးမြတဲ့အချိန်။ နေရာက ဂျေရုဆလင်တ၀ိုက်
အရှေ့  အလယ်ပိုင်း ဒေသ။ ခြောက်သွေ့ တဲ့အရပ်။ ဆောင်းတွင်းကာလဆိုတော့ အဲဒီမှာ
နှင်းကျတယ်ပဲဆိုဦးတော့ အနည်းအကျဉ်းပေါ့။
ခရစ်ယန်ဘာသာဝင်တွေက ဥရောပနဲ့အမေရိကားမှာ အတော်များတယ်။ ဒီဒေသတွေရဲ့ 
ဆောင်းက နှင်းတွေနဲ့ဖွေးနေတတ်တာပါ။ သူတို့က ခရစ္စမတ်ကာလ နှင်းများကျပြီဆိုရင်တော့
အဲဒီခရစ္စမတ်ဟာ ရိုးရိုးခရစ္စမတ် မဟုတ်တော့ဘူးတဲ့ “အဖြူရောင်ခရစ္စမတ်” “White
Christmas” ပါတဲ့။ ပါတ်ဝန်းကျင် သဘာဝရှုခင်းကပါ ခရစ္စမတ်ကာလမှာပြောင်းလဲလာလို့
အေးမြဖွေးလှတဲ့ အခါတော်သမယ အထူး ကာလပါတဲ့ဗျား။
ရာသီဥတုဆိုတာကလည်း သိတဲ့အတိုင်း ပုံက မှန်တာမဟုတ်ဘူးလေ။ နှစ်တိုင်းအဖြူရောင်
ခရစ္စမတ် ဖြစ်ရတာ မဟုတ်ဘူးကိုး။ ခရစ္စမတ်ကာလ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေကျလာမှ
သာ “White Christmas” ဖြစ်ရတာကလား။ ခရစ်တော်ရေရှုတောင် အဖြူရောင်ခရစ္စမတ်
အကြောင်းသိသွားရှာမယ် မဟုတ်။ ခရစ်တော်ဖွါးမြင်ရာအရပ်က လူများလည်း အဖြူရောင်
ခရစ္စမတ်အကြောင်းနားလည် ခံစားနိုင်ဖို့လွယ်မယ်မထင်။
ကျွန်တော်တို့ချစ်လင်မယားကတော့ အမေရိကန်ကဒီနှစ် အဖြူရောင်ခရစ္စမတ်ကို ကောင်းကောင်း
ကြီးနားလည်ပြီး ခံစားခဲ့ကြရပါတယ်ဗျား။ ခရစ္စမတ်မတိုင်ခင်တပါတ်အလိုမှာ နှင်းမုန်တိုင်းကြီး
ကျခဲ့ပါရောလား။ မုန်တိုင်းလာမှာကို သတင်းမီဒီယာများကလည်းကြိုတင်အသိပေးရှာပါတယ်။
အန္တရာယ်ကြီးပုံကိုလည်းသတိပေးရှာပါတယ်။ ဒါပေတဲ့။ နှင်းတွေတဖွေးဖွေးကျနေတဲ့အထဲကို
တိုးဝင်ပြီး နှင်းတောထဲကိုလမ်းလျှောက်ချင်တဲ့စိတ်က ထိမ်းဖို့ခက်လှတယ်။ အထူးသဖြင့် ချစ်ဇနီး
က လွန်စွာမှပင် နှင်းပျော်ချင်သူပေတကား။ အပြင်ထွက်မယ် တကဲကဲလုပ်နေပါရော။
နောက်ဆုံးတော့ နှစ်ယောက်သား နှင်းတောထဲကိုရောက်ခဲ့ပါရောလား။ ပျော်စရာတော့ အကောင်း
သားဗျ။ အနီးစပ်ဆုံးဥပမာပေးရရင် မြန်မာပြည်မှာ မိုးရွာထဲလမ်းထွက်လျှောက်သလိုပ။ နှင်းတွေက
မိုးတွေလိုစိုရွှဲနေတာမဟုတ်တဲ့အပြင် ဗွက်လည်းမထဘူးဆိုတော့ ပိုလျှောက်လို့ကောင်းသပေါ့ဗျာ။
နှင်းကျတယ်ဆိုပေတဲ့ အေးစက်နေတာတော့မဟုတ်လေဘူး။ လမ်းလျှောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်
ကိုယ်ပေါ်မှာတင်လာတဲ့ နှင်းတွေကိုခါချလိုက်နဲ့ အိမ်နားက ဘူတာရုံကိုရောက်ခဲ့ပါလေရော။ နှင်းတွေ
က ၇လက်မလောက်ရှိနေပြီ။
မုန်တိုင်းရှိလို့ လမ်းမှာ ကားအသွားအလာမရှိတော့ပေမယ့် ရထားကတော့ဆွဲနေသဗျ။ အဲဒါနဲ့နှစ်ယောက်
သားရထားစီးကြပါလေရော။ ကုန်တိုက်ကြီးတခုရှိရာ ဘူတာအထိ။ ကုန်တိုက်ထဲမှာ စားလိုက်၊ သောက်
လိုက်၊ ငေးလိုက်လုပ်နေရင်း ဆိုင်တခုအရောက်မှာ ဈေးသည်က မင်းတို့ ကားနဲ့လာကြတာလားလို့မေး
ပါတယ်။ မဟုတ်ဘူးလို့ပြောတော့ ရထားနဲ့ဆိုရင်တော့ နောက်ကျ သွားလောက်ပြီ။ နေ့လည်တနာရီမှာ
ရထားတွေရပ်ကုန်ပြီလို့သတင်းတွေမှာကြေညာနေတယ်တဲ့။ နှင်းမုန်တိုင်းက ဆိုးလာနေလို့တဲ့။“ဟိုက်” ။
နာရီကိုကြည့်တော့ တနာရီခွဲနေပြီ။ ဘူတာရုံကိုအမြန်ပြေးတော့ ရထားက မြေအောက်ဘူတာ တွေကိုပဲ
ဆွဲတော့တယ်။ မြေပေါ်ဆိုရင် ရပ်နေပြီတဲ့။ အိမ်က မြေအောက်နဲ့မြေပေါ်နှစ်မျိုးပြောင်းစီးမှ ရောက်တာ။
ဒုက္ခနဲ့လှလှနဲ့တွေ့ ကြပြီ။ နောက်ဆုံးတော့ တဘူတာရှေ့ တိုးလည်း မနည်းဘူးဆိုပြီး အိမ်ဘက်ကို မြေ
အောက်တဘူတာစီးလိုက်ကြတယ်။ ရထားကအဲဒီမှာတင် ဂိတ်ဆုံးသွားတယ်။ ဘာဆက်လုပ်ရမလဲလို့
ဘူတာအရာရှိကိုမေးတော့ မြေပေါ်တက်ပြီး အငှားကားရှာစီးပေတော့တဲ့။
ဘူတာရုံပေါက်ကိုတက်သွားတော့ ကိုယ့်လိုလူတွေ မျက်ကလူး ဆန်ပျာနဲ့ ကားလမ်းမကို ငေးလို့။ လမ်း
မပေါ်မှာက နှင်းတွေကလွဲလို့ ဘာမှမရှိ။ တချက်တချက်ရောက်လာတဲ့ကားက ရဲကား။ သူတို့ကလည်း
ရာသီဥတုဆိုးတယ် သတိထားဆိုတာကလွဲပြီး ဘာအကူအညီမှ မပေးကြ။
ဒီလိုနဲ့ဘ၀တူအချင်းချင်းတိုင်ပင်ကြပြီး အနီးဆုံးလမ်းစုံကျတဲ့ မြေအောက်ဘူတာအထိလမ်း လျှောက်
ကြစို့လို့ ရဲရဲဝင့်ဝင့် ဆုံးဖြတ်လိုက်ကြတယ်။ ရဲရဲဝင့်ဝင့်လို့သာပြောရတာ စိတ်ထဲမှာတော့ တထင့်ထင့်။
နှင်းတွေက ကျနေတာတပေကျော်နေပြီ။ လေနဲ့အတူလွင့်နေတဲ့ နှင်းမှုန်တွေက မျက်နှာကိုလာရိုက်
တာ အိမ်ကအထွက်တုန်းကထက် ပိုပြင်းနေပြီ။ ကိုယ်တယောက်ထဲမှ မဟုတ်ပဲ အဖေါ်တွေလည်း
ပါတာပဲလို့ အားတင်းပြီး နှင်းတောထဲတိုးခဲ့တယ်။ ကိုယ်ကသာ စိုးရိမ်နေတာဗျား။ ချစ်ဇနီးကတော့
ပျော်လို့ နှင်းတောထဲမှာ ခုန်ဆွခုန်ဆွနဲ့။ သီချင်းတောင်မှ ဆိုနေလိုက်သေး။
မုန်တိုင်းခရီးဖေါ်တွေထဲမှာ အသက်ဂျာမန်မလေး တယောက်။ လက်တင်အမေရိကား နိုင်ငံတွေက
လူငယ်အမျိုးသားခြောက်ယောက်နဲ့ ကျွန်တော်တို့ ရွှေလင်မယားနှစ်ယောက် စုစုပေါင်း သူရဲကောင်း
ကိုးယောက် နှင်းမုန်တိုင်းထဲမှာ တရွေ့ ရွေ့ ခရီးနှင်ခဲ့ကြပါတယ်။ အဝေးပြေးကား လမ်းမပေါ်မှာ
ရဲကားတချို့ တလေကလွဲပြီးဘာမှမရှိ။ နေ့လည်ခင်းဆိုပေတဲ့ နှင်းတွေသိပ်ပြီးကျနေတော့ ပါတ်ဝန်း
ကျင်တခုလုံး မှုန်ဝါးဝါး။
လမ်းလျှောက်တာ နာရီဝက်ကျော်ကြာလာတော့ ရှေ့ က သွားနှင့်ကြတဲ့ ကိုယ်လိုဘ၀တူ လူတသိုက်နဲ့
ဘွားကနဲသွားဆုံပါတယ်။ တခြားအချိန်ဆိုရင် နှုတ်ဆက်ဖို့ နေနေသာသာ ပြုံးပြမှာ တောင်မဟုတ်ပေ
မယ့်။ အခုကျတော့လည်းမိတ်ရင်းဆွေရင်းတွေပမာ ဖေးဖေးမမနဲ့နှုတ်ဆက်ကြလို့။ လမ်းမမှားအောင်
လည်းသတိတွေပေးကြလို့။ မုန်တိုင်းထဲက နွေးထွေးမှုဆိုပါတော့။
နောက်ဆုံးမှာတော့ အိမ်ကိုပြန်ရောက်ကြတယ်ပေါ့ဗျာ။ နှင်းမုန်တိုင်းထဲ နှစ်နာရီလောက်လမ်း လျှောက်
လိုက်ရတယ်။ မသေကောင်း မပျောက်ကောင်းလို့ပြောရင်လည်း ရမယ်ထင်တယ်။ နှင်းတွေလည်း
တပေကျော်ကျော်ကျပြီးမုန်တိုင်းရပ်သွားပါတယ်။တချို့  နေရာတွေဆို နှစ်ပေလောက်ကျတာပါ။
အခုချိန်ထိကျထားတဲ့နှင်းတွေကဒီအတိုင်းခဲနေတုန်းပဲ၊ဖွေးနေတုန်းပဲ။ ခရစ္စမတ်နေ့ကျော်တဲ့အထိ
ဖွေးနေဦးမယ့်နှင်းတွေပေါ့။ ကိုင်း။ အားလုံးပဲမဲရီးခရစ္စမတ်ပါဗျား။ ဘုရားသခင် ကျန်းမာပါစေ။
(ဓါတ်ပုံ၊ကိုယ်တိုင်ရိုက်)
Subscribe to:
Post Comments (Atom)
2 comments:
ဘုရားသခင် ကျန်းမာပါစေ.. ဆုတောင်းလေး ကြိုက်တယ်။
ဘုရားသခင် ကျန်းမာမှ လူသားတွေကို ကယ်တင်နိုင်မှာမဟုတ်လား..
Merry X'Mas!
Happy new year !!!!!!!!!!!
Post a Comment