Wednesday, August 26, 2009

ပြည်ပပျော်ခေတ်









ရှေ့ မှာပြောခဲ့တဲ့အထဲ လန်ဒန်ရောက်မော်ဒန်ပန်းချီသမား ထိန်လင်းအကြောင်းရေးဖို့ကျန်ခဲ့တယ်။ သူက ပန်းချီသာမက ပါဖေါင်းမင့်အတ် ဆိုတာကြီးလည်းလုပ်လိုက်သေး။ အင်စတော်လေးရှင်း အတ်ဆိုတာ ကလည်းလုပ်လိုက်သေး။ အငြိမ့်ထောင်ပြီး လူရွှင်တော်လည်း လုပ်လိုက်သေး။ အွန်လိုင်း မဂ္ဂဇင်းလည်း လုပ်လိုက်သေး။ သူတယောက်နဲ့တင် အင်္ဂလန်ရောက် မြန်မာတွေအတွက် ပွဲလမ်း သဘင် ရေးရာမှာ အတော်လုံလောက်သွားလိမ့်မယ်။ အင်္ဂလန်မှာပဲ မြန်မာအမျိုးသမီး ပန်းချီ သမား နောက်ထပ် နှစ်ဦးရှိသေးတယ်။ ဒေါ်တင်တင်ဆန်းနဲ့ ဒေါ်ခင်မြင့်မြင့်တဲ့။ နောက် ဥရောပရောက် မြန်မာ့ အနုပညာ သည်တဦးကတော့ အဆိုတော်မွန်းအောင်ပါဗျား။ ကိုယ်ပိုင်သံစဉ်သမားကြီးပါ။ နော်ဝေမှာနေ ပါတယ်။ အဲဒီမှာပဲ ကဗျာသမား နေဇော်နိုင်တဲ့သူက ရေဒီယိုသမား လည်းလုပ်လေရဲ့ ။ လောလော လတ်လတ် အမေရိကန်ကို ရော က်နေတဲ့ ချောအိသိန်းဆိုတဲ့ ပန်းချီသမား၊ ပါဖေါင်းမင့်အတ် သမားလည်း ရှိသေးတယ်။ ကိုင်း။ စာပေလောက်ကဘက်လှည့်ကြစို့ရဲ့ ။

မောင်စွမ်းရည်ပါတဲ့ဗျား။ ကဗျာလည်းရေး။ ဝေဖန်ရေးလည်းလုပ်။ ရေဒီယိုမှာလည်းဝင်ပြော။ ဆရာစွမ်းတဲ့။ သူ့သူငယ်ချင်းကြီး ဆရာဂျမ်းခေါ် ကဗျာသမားကြီးတင်မိုးကတော့ အမေရိကန် အနောက်ဘ က်ခြမ်းက ကော်ဖီဆိုင်လေးတခုမှာပဲ ကဗျာဆရာဆန်ဆန်နဲ့ကွယ်လွန်သွားခဲ့ရှာပြီ။ ကဗျာသမားဘ၀နဲ့ပဲအားကျလောက် အောင်နေထိုင်သွားခဲ့တဲ့ပုဂ္ဂိုလ်ကြီး။ ကမ္ဘာပါတ်ပြီး ကဗျာစပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ လူချစ်လူခင် အင်မတန်ပေါပြီး တကယ်ပဲပျော်ပျော်နေတတ်တဲ့ ချစ်စရာမြန်မာကဗျာ ဆရာကြီးပါ။ သူကွယ်လွန်ခဲ့တဲ့ အရပ်မှာက သူနေထိုင်ကြီးပြင်းခဲ့တဲ့ အညာလိုပဲ ထန်းပင်တွေပေါက်ပြီး လွင်တီးခေါင်ဆန်တဲ့အရပ်ဖြစ်လို့ လော့စ် အိန်ဂျယ်လီးစ်ကို အညာမြို့ တမြို့ လို သူကသဘောကျပါသတဲ့။

အမေရီကန်ကို နောက်ဆုံးရောက်လာတဲ့ ကဗျာသမားကတော့ အောင်ဝေးပါတဲ့။ ကဗျာရွတ်သိပ် သန်သူပေါ့။ စာရေးဆရာတွေထဲကဆို မောင်သာရ။ စောလူ။ ကြည် အေး။ မောင်သစ်ဆင်း။ တင်မောင်သန်း။ နောက်ရှိသေးတယ် မေငြိမ်းတဲ့။ လောလောဆယ်ရောက်နေတာက ခက်မာတဲ့။ အမေရိကားမှာပါ။ သြစတေးလျှမှာလည်း အဆိုသမားတွေ၊ အရေးသမားတွေ တခြားအနု ပညာသမားတွေရှိကြပါတယ်။ အဆိုတော်ပုလဲတို့သန်းနိုင်တို့အုပ်စု။ စာရေးဆရာထဲကဆို မြင့်သန်းတဲ့။ နောက်ရှိသေးတယ်။ နာမည်တွေမမှတ်မိလို့။

ဒါက အနောက်နိုင်ငံကြီးတချို့ ကိုပြောနေတာ။ အာရှမှာ ကိုပဲ မနည်းဘူး။ မလေးရှား။ စင်္ကာပူ။ ထိုင်း။ အရှေ့ အလယ်ပိုင်းနိုင်ငံတွေအထိ မြန်မာတွေရောက်ကုန်ကြပြီ။ ပြည်တွင်းအကျပ်အတည်းမျိုးစုံ ကြောင့် ထွက်လာလိုက် ကြတဲ့မြန်မာနိုင်ငံသားတွေ မရေနိုင် မတွက်နိုင်။ နေ့စဉ်နဲ့နေ့တိုင်း နည်းမျိုး စုံနဲ့ကိုထွက် နေတာ။
မြင်းလှည်းမောင်းတဲ့သူ။ နတ်ကတော်။ ရေတွင်းတူးသမား။ တက္ကသိုလ်ပါမောက္ခ။ စစ်ဗိုလ် လူထွက်။ ပလီဆရာ။ လူရွှင်တော်။ ၀ရမ်းပြေး။ ခေါင်းရွက်ဗျက်ထိုးဈေးသည်။ ဘုန်းကြီးလူထွက်။ ကားစပါယ်ရာ။ ကဗျာသမား။ အကြော်သည်။ လယ်သမား။ ဆံပင်ညပ်ဆရာ။ အငြိမ့်သမ။ နိုင်ငံတော် လက်ရွေးစင် ဘော်လုံး သမား။

ဆရာဝန်မျိုးစုံ။ အင်္ဂျင်နီယာမျိုးစုံ။ တိုင်းရင်းသားမျိုးစုံ။ ဆိုင်းဆရာ။ တပ်ပြေး။ သင်းအုပ်ဆရာ။ အုတ် ဖုတ်သမား။
သူနာပြု။ ဂျူဒိုလက်ရွေးစင်။ ၀မ်းဆွဲဆရာမ။ ဘုရားကိုးဆူနဲ့ဘိတ်သိတ်ဆရာ။ ဗေဒင် ဆရာ။ ကုန်တိုက်အရောင်း စာရေး။ ကျောက်ပွဲစား။ ပန်းတိမ်ဆရာ။ သင်္ဘောသား။ ဓါတ်ပုံဆရာ။ အိမ်ဖေါ်။ ဒါတွေက စိတ်ထဲပေါ်ရာလျှောက်ရေးနေတာမဟုတ်ဘူး။ ဒီလူတွေကို အကုန်တွေ့ဖူးတယ်။ ဒီထဲမှာ စစ်ပြေးဒုက္ခ သည်တွေမပါသေးဘူး။

လူစုံတက်စုံအကုန်ထွက်လာကြတဲ့ခေတ်။ နိုင်ငံစုံရောက်မြန်မာများ။ နိုင်ငံခြားမှာ တဖြေးဖြေးနဲ့ အနေကြာ။ အခြေချဖို့ကြိုးစား။ အရွယ်ရောက်သူများ အိမ်ထောင်ကျ။ နိုင်ငံခြားမှာ သားသမီးထွန်း ကား။ အိမ်ထောင်ကျပြီး ထွက်လာသူများ မိသားစုကိုပါ ခေါ်ထုတ်။ အချိန်ကြာကြာခွဲနေရတဲ့ မိသားစု အများစုပြိုကွဲ။ ဖရိုဖရဲ။ တိုင်း ပြည်ကိုပြန်ဖို့အရေး ငရဲ ကျမတတ်ရင်လေး။ ဆွေမျိုးတွေကိုခေါ်ထုတ်ဖို့ ကြိုးစား။ ဒီလိုနဲ့ သိန်းနဲ့သန်းနဲ့ ချီတဲ့မြန်မာတွေ ဆယ်စုနှစ် တခုကျော်၊ တချို့ က နှစ်ခုကျော်ပြည်ပမှာ အနေကြာလာတဲ့အခါ။ မြန်မာပြည်ကို လွမ်းရင်းလွမ်းရင်း မေ့တေ့တေ့ဖြစ်လာတတ်ကြတဲ့အခါ။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေစိတ်ဓါတ်နဲ့ ဖြတ်သန်းတဲ့ကာလ ကြာလာတဲ့အခါ။ သူလိုကိုယ်လို လူတွေများသထက်များများလာတဲ့အခါ။ ပျော်အောင်နေ ကြရင်း ပျော်လာကြတယ်ဆိုတာပါပဲ။ တော်ရာမှာ ပျော်အောင်နေတတ်လာကြသူများပေါ့။

ပြည်ပ မှာပျော်တာဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ပျော်တာဟာ ပျော်တာပါပဲ။ ပြည်ပပျော်တို့များ လာတော့ ပိုပြီးပျော်ဖို့ကောင်းတာပေါ့။ ခေတ်ကိုက ဒီလိုမျိုးခေတ်ပဲလေ။ တခြားတိုင်းပြည်တွေက လူတွေလည်း ဒီလိုပါပဲ။ သူလိုကိုယ်လိုဆင်းရဲကြတဲ့တိုင်းပြည်ကလူတွေလည်း ဒီလိုနည်းတွေနဲ့ ရှင်သန်ပျော်ရွှင်နေကြတာ လက်တွေ့ ပဲ။ ပြည်ပမှာပျော်တာကို မျိုးချစ်စိတ်နည်းတယ်လို့ပြောမယ့် သူများရှိရင်တော့။ မျိုးချစ် ပုဂ္ဂိုလ် ဆိုသူများ၊ ပြည်ချ စ်ပုဂ္ဂိုလ်ဆိုသူများ၊ တိုင်းပြည်အတွက်နိုင်ငံခြား ကိုထွက်လာရတယ်ဆိုသူများရဲ့  ပြည်ပ အနေ အထိုင်တွေ ကိုလည်း လေ့လာကြည့်ကြဦးလို့ ဆိုလိုက် ပါမယ်။ သူတို့လည်း တော်တော်ပျော် နေကြ တယ်ခင်ဗျ။ ပျော်တာဟာ ကောင်းတဲ့ကိစ္စပါ။

ကိုယ့်တိုင်းပြည် ကိုယ့်ဇာတိသာ ဘူမိနက်သန်။ ပျော်ရွှင်ခြင်းအစစ်ရှိတဲ့နေရာမှန်လို့တကယ်ပဲယုံကြည် ကြရင် ဒီထက်မကတဲ့ အားထုတ်မှုတွေ အများကြီးလုပ်ဖို့လိုနေသေးတယ်ဆိုတာကတော့ ရှင်းနေပါ တယ်ခင်ဗျား။
မဟုတ်ရင်တော့ ပြည်ပမှာသာပျော်ပေရော့ တသက်လုံး။

(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)

6 comments:

pandora said...

ဟုတ်တယ်... ပွင့်လန်းနေတဲ့ အနုပညာပန်းတွေရော ပွင့်ခွင့်မရတဲ့ အဖူးအငုံလေးတွေပါ မိခင်ပင်စည်ကနေ လွင့်လာလိုက်တာ...။. အနုပညာတင် မကပြန်ဘူး။ လူစုံတက်စုံ နယ်ပယ်စုံ..။ ရေခြားမြေခြားမှာ ကိုယ့်စိတ်ဝင်စားမှု ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုက်ညီထိုက်တန်တဲ့ အလုပ်ကို လူတိုင်း လုပ်ခွင့်ရကြပါစေ လို့ပဲ ဆုတောင်းလိုက်ပါတယ်။

"ကိုယ့်တိုင်းပြည် ကိုယ့်ဇာတိသာ ဘူမိနက်သန်။ ပျော်ရွှင်ခြင်းအစစ်ရှိတဲ့နေရာမှန်လို့တကယ်ပဲယုံကြည် ကြရင် ဒီထက်မကတဲ့ အားထုတ်မှုတွေ အများကြီးလုပ်ဖို့လိုနေသေးတယ်ဆိုတာကတော့ ရှင်းနေပါ တယ်ခင်ဗျား။ မဟုတ်ရင်တော့ ပြည်ပမှာသာပျော်ပေရော့ တသက်လုံး."

ဒါလည်း ဟုတ်ပါတယ်။ လူဆိုတာကတော့ rational သတ္တ၀ါဖြစ်သလို ရောက်လေရာမှာ ဆီလျော်ကိုက်ညီအောင် ကြိုးစားနေကြရင်းနဲ့ အချိန်ကြာလာလို့ နေသားတကျ ပျော်စရာဖြစ်လာတဲ့အခါ ပျော်မွေ့သွားကြ သူတွေ ရှိမှာပါပဲ။ ကိုယ့်နေရာမှန်လို့ထင်(ခဲ့)တဲ့ နေရာကို ပျော်စရာဖြစ်လာအောင် ဖန်တီးဖို့ အများကြီးလုပ်ဖို့ လိုနေသေးတယ် ဆိုတာ တကယ်ကို ရှင်းပါတယ်။ တဘက်ကကြည့်ပြန်တော့လည်း ရောက်ရာအရပ်မှာ ပျော်အောင်နေရင်း ပျော်လာတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်တွေရော ... ဘယ်လိုဖြစ်လာမလဲပေါ့။

ကလူသစ် said...

လူတောင်တော်တော်စုံနေပြီပဲဗျ။ မြန်မာပြည်လုပ်ဖို့ နေရာရှာကြရအောင်ဗျာ။

chaw ei thein said...

်တကယ်တော့ မပျော်ရပါဘူး အစ်ကိုရာ။

ကောင်းကင်ကို said...

ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့အခါ တော်ရာကိုပဲ ပျော်စ၇ာဖြစ်အောင် ကြိုးစားရတော့တာကိုးဗျ။

ဓရ်အံင်ဇျာန် ထင်အောင်ဈာန် said...

"ကုသိုလ်၊ ပညာ၊ ဥစ္စာ ရဖို့ သင့်ရာဒေသအမြဲနေ" လို့တော့ ရွတ်ဖူးတာပဲ... ငယ်ငယ်တုန်းက။ ဘာရယ်မဟုတ်ပါဘူး... သတိရလို့။ "(ကို) ကလူသစ်" မန့်းသွားတာ မိုက်တယ်။ ဟီး မြန်မာပြည်လုပ်ဖို့ နေရာရှာကြရအောင်တဲ့။ မြန်မာပြည်ရဲ့ အခြေအနေကို Common Fate လို့ ကျောင်းက သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ မြန်မာပြည်ထဲမှာ "တစ်ဦးကောင်း၊ တစ်ယောက်ကောင်း" နေလို့ မရလောက်အောင်ကို အခြေအနေက အားလုံးနဲ့ (တစ်နိုင်ငံသားလုံးနဲ့) ဆက်စပ်နေတယ်။ ရွေးချယ်စရာက (မရှိလောက်အောင်) နဲပါးတယ်။ ဒီတော့ အပြောင်းအလဲ တစ်ခု (ဒါမှ မဟုတ်လည်း ၂ ခု ၃ ခု အခုတွေအများကြီး) လိုချင်၊ လုပ်ချင်တဲ့ သူတွေအဖို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ထီးရိပ်အောက်ကနေ ရုန်းထွက်ကြတယ်ဆိုတာ ရွေးချယ်စရာ လမ်းတစ်ခု ဖြစ်လာထာပေါ့။ Common Fate ဆိုတော့ ခင်ဗျားတစ်ယောက်တည်း ခေတ်ကို ပြောင်းလို့မရဘူးပေါ့ဗျာ။ အဲ ခင်ဗျားဆိုလို့ ဒီဘလော့(ဂ်)ပိုင်ရှင်ကို ပြောတာမဟုတ်ပါ။ (ကျနော် အပါအဝင်) အားလုံးကို ရည်ညွှန်းချင်ထာပါ။

Raymond.Kyaw Minn Naing said...

Lack of "Legacy"