Saturday, January 17, 2009

ဖါးကျောကုန်းကို ပွတ်သူများ









မိုး မိုး ဘာကြောင့်ရွာ

ဖါးအော်လို့ရွာ။

ဖါး ဖါး ဘာကြောင့်အော်

မြွေကိုက်လို့အော်။

မြွေ မြွေ ဘာကြောင့်ကိုက်

ငါ့ဝမ်းပူစာ မနေသာလို့ကိုက်။

လူတိုင်းသိကြမယ့်ကဗျာလေးလို့ ထင်ပါတယ်။ မသိတာကတော့ ကဗျာ
ခေါင်းစဉ်နဲ့ ဘယ်သူစပ်ဆိုခဲ့ သလဲဆို တာပါပဲ။သိသူများ ကျေးဇူးပြု၍ပြော
ကြပါ။

ချင်းမိုင်မြို့ မှာ ညဖက်ဆို ဖါးတွေသိပ်အော်ပါတယ်။ မြွေကိုက်လို့တော့ မဟုတ်
ပါဘူး။ သူတို့ကျောကုန်းကို အပွတ်ခံကြရလို့ပါ။ ဖါးတွေအော်ပေမဲ့လည်း ချင်း
မိုင်မှာ မိုးတွေမရွာပါဘူး။ မိုးမရွာပေမဲ့လည်း ချင်းမိုင်ကအေးပါတယ်။ ကျွန်တော်
က အအေး ဓါတ်ကြိုက်သူပါ။ မွေးရပ်ဇာတိကလည်း မေမြို့ ကိုးခင်ဗျ။ ထားပါတော့။
အရင်ကမြန်မာတွေ ချင်းမိုင်ကိုဘာကြောင့်ဇင်းမယ်လို့ခေါ်ကြတယ် မသိ။ အယုဒ္ဓယ
ကိုလည်း ယိုးဒယားလို့ခေါ်ကြတယ်။ အခုတော့ အသံထွက်မှန်တိုင်းခေါ်နေကြပြန်
တယ်။

ချင်းမိုင်အဖွင့်
ချင်းမိုင်မြို့ ကိုသွားချင်တာအကြောင်း နှစ်ခုရှိပါတယ်။ အဲဒီက ရှမ်းခေါက်ဆွဲနဲ့တို့ဖူး
နွေး စားချင်လို့။ နောက်တခုက မြန်မာပန်းချီအရောင်းဆိုင်တွေကို ကြည့်ချင်လို့။
ချင်းမိုင်က ဘန်ကောက်ကနေ ကားနဲ့သွားရင် ဆယ်နာရီလောက်ကြာပါတယ်။
ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတယ်။ တောင်တွေပေါတော့ အေးတယ်။ ပန်းတွေ
ပွင့်တော့ မွှေးတယ်။ ချင်းမိုင်သူတွေက ချောတော့ ရင်ထဲမှာနွေးတယ်ပေါ့ဗျာ။

မနက်ဆယ်နာရီလောက် ဘန်ကောက်မြို့ က ခရီးစတယ်။ ချင်းမိုင်ကိုသွားတဲ့ခရီးက
စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုရမယ်။ လမ်းခရီးမှာထူးဆန်းတာတွေရှိ လို့တော့
မဟုတ်ဘူး။ ကိုယ်နဲ့အတူသွား ကြသူတွေက မြန်မာပြည်က မနေ့က ပဲရောက်လာ
သူတွေဆိုတော့ စကားတပြောပြောနဲ့ သွားရလို့ပါပဲ။ ကားတစီးကိုငှားပြီးသွားကြ
တာပါ။

မြန်မာပြည် အကြောင်း ခြေဆုံးခေါင်းဆုံးပြောကြပါတယ်။ ဘယ်ပြန် ညာပြန်ပြော
ကြပါတယ်။ မြန်မာပြည်နဲ့ဝေးနေတာကြာနေလို့ မေးစရာတွေကလည်း ကိုယ့်မှာ
တပုံကြီး။ သူတို့ကလည်း လွတ်လွတ်လပ်လပ်ပြောခွင့်ရတုန်း ဖေါက်သည်ချချင်
နေကြတာ တပုံကြီး။ တလမ်းလုံး ပြောသွားလိုက်ကြတာ တတိုင်းပြည်လုံးအကြောင်း
အကောင်းက မပါသလောက်ပဲ။ ပြောလိုက်သမျှ အကြောင်းအရာတွေရဲ့ အဆုံးမှာ သက်ပြင်းချရတာတွေချည်းပဲ။

ကြာလာတော့ မောလာတယ်။ မကောင်းတာတွေကိုပဲ ရွေးပြောနေတာလားလို့
တောင်စဉ်းစားမိတယ်။ ကောင်းမယ် ထင်တာ မေးတော့ လည်း စိတ်ညစ်ရတာပဲ။
ချင်းမိုင်ကိုရောက်ခါနီး တနာရီအလိုလောက်မှာ မြန်မာပြည်အကြောင်းဘာမှ ဆက်
မမေးတော့ဘူး။ ချင်းမိုင်နားကပ်လာတော့ အေးလာပြီ။ ချင်းမိုင်မြို့ ကိုဝင်တော့ ည
ရှစ်နာရီလောက်ရှိပြီ။ မေမြို့ ကိုတောင် သတိရသွားတယ်။ လမ်းမှာစတော်ဘယ်ရီ
တွေကိုလည်း မြင်ခဲ့ရတယ်။

ညဈေး
 
ချင်းမိုင်က ညဈေးဟာ ဧည့်သည်တွေအတွက် စိတ်ဝင်စားစရာပေါ့။ ထိုင်းအမှတ်တရ
ဒေသထွက် ကုန်ပစ္စည်းတွေနဲ့စည်ကားနေတတ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးအခြေ
အနေနဲ့ ကမ္ဘာ့စီးပွါးရေးအခြေအနေတွေ မကောင်းလို့ အခုနှစ်သစ်ကူးကာလ ဧည့်သည်
အလာကျဲတယ်။ ပြောချင်တာက အခုမှပဲရောက်လာပါတယ်။ ဖါးကျောကုန်းကိစ္စပါ။

ချင်းမိုင်ညဈေးမှာ ဖါးတွေသိပ်အော်ပါတယ်။ ရေကန်နဲ့နီးလို့ မဟုတ်ပါဘူး။ သူတို့ကျော
ကုန်း အပွတ်ခံရလို့ပါ။ တကယ့်ဖါး မဟုတ်ပါဘူး။ အရုပ်ဖါးပါ။ တွေ့ ဖူးကြမယ် ထင်ပါ
တယ်။ သစ်သားကိုထွင်းထားတဲ့ ဖါးရုပ်ကလေးတွေပါ။ ကျောမှာ ဖုလေးတွေ ပါပါတယ်။
အဲဒီဖုလေးတွေကို သစ်သားချောင်းလေးနဲ့ပွတ်လိုက်ရင် ဖါးအော်သံလိုထွက်ပါတယ်။

ကျွန်တော်စိတ်ဝင်စားတာက ဖါးမဟုတ်ပါဘူး။ ဖါးကျောကုန်းကို ပွတ်နေကြတဲ့သူတွေ
ကိုပါ။ သူတို့တွေက ထိုင်းလူမျိုးတွေမဟုတ်ကြပါဘူး။ အခါလို့ခေါ်တဲ့ တောင်ပေါ်တိုင်း
ရင်းသားတွေပါ။ မြန်မာပြည်နွယ်ဖွါးတွေလို့ ဆိုပါတယ်။ သူတို့ရဲ့ ရိုးရာဝတ်စုံကိုဝတ်ဆင်ပြီး ဖါးကျောကုန်းကိုပွတ်ကြရင်း ချင်းမိုင်ညဈေးတလျှောက် ဈေးလှည့်ရောင်းနေကြတာပါ။
သူတို့ရောင်းတာက အဲဒီဖါးလေးတွေရယ်။ တခြားထိုင်းအမှတ်တရပစ္စည်းလေးတွေရယ်
ပါပဲ။ ဆိုင်နဲ့ထိုင်ရောင်းကြတာ မဟုတ်ပါဘူး။ လမ်းလျှောက်ပြီး ရောင်းကြတာပါ။ အမျိုး
သမီးတွေချည်းပါပဲ။ အခါအမျိုးသားတွေက ဘာလုပ်ကြသလဲတော့ မသိပါဘူး။


တိုင်းရင်းသားဈေး
နောက်တခုထူးခြားတာက ချင်းမိုင်ညဈေးတန်းလမ်းမှာ လျှောက်တဲ့အခါ ဈေးဆိုင်တွေ
ဆီက တချက် တချက် မြန်မာလိုပြောတဲ့အသံ ထွက်လာတတ်တာပါပဲ။ ထွက်မှာပေါ့။
သူတို့က ကချင်တွေကိုး။ ချင်းမိုင်မြို့ မှာ ကချင်လူ မျိုး တော်တော်များများရှိပါတယ်။ ဘယ်လောက်များသလဲတော့ မသိပါ။ ညဈေးတန်းမှာတော့ များပါတယ်။ ထိုင်းမှာ
ကချင်တွေထက် များတာကရှမ်းနဲ့ ကရင်ပါပဲ။ ဒါပေမဲ့ ချင်းမိုင်ညဈေးမှာ သူတို့ကိုတော့
မတွေ့ ရပါဘူး။ နောက်တမျိုးက ပဒေါင်တိုင်းရင်းသားတွေပါပဲ။ သူတို့ကိုတော့ ဓါတ်ပုံနဲ့ပဲ
တွေ့ ခဲ့တာပါ။

ထိုင်းနိုင်ငံမှာက လည်ပင်းမှာကြေးကွင်းတွေပါတ်ထားတဲ့ ကယားပြည်နယ်က ပဒေါင် တိုင်းရင်းသားတွေဟာလည်း ကမ္ဘာလှည့်ဧည့်သည်တွေကို မြူဆွယ်တဲ့ ဈေးကွက် တခု
ပါပဲ။ သူတို့ကို တောင်ပေါ်ရွာလေးတွေမှာထားပါသတဲ့။ ထိုင်းနိုင်ငံရဲ့ ပို့စ်ကဒ်တွေ၊ ပြက္ခ
ဒိန်တွေ၊ နံရံကပ်ကြော်ညာတွေထဲမှာ။ ထိုင်းနိုင်ငံအမှတ်တရပစ္စည်းဆိုင်တွေထဲမှာ မြန်
မာပြည်က တိုင်းရင်းသား တချို့ ရဲ့ ပုံတွေ၊ အရုပ်လေးတွေကို အလွယ်တကူတွေ့ ရပါ
လိမ့်မယ်။

မြန်မာပြည်က လူနဲ့ဖါးတွေတင်မကပါဘူး ခင်ဗျား။ ကျန်ပါသေးတယ်။ ဆင်လည်း ပါပါ
တယ်။ ထိုင်းမှာရှိတဲ့ဆင် အများစုက မြန်မာ့ဆင်တွေဆိုပဲ။ ညဈေးတန်းမှာ ဆင်နဲ့ပိုက်ဆံ
ရှာစားသူတွေလည်းရှိပါတယ်။ ထိုင်းပစ္စည်းတွေနဲ့ အတူ မြန်မာ့ရွှေချည်ထိုးအထည်တွေ။
ရုပ်သေးရုပ်တွေ။ မြန်မာပြည်လုပ် ခြေညှပ်ဖိနပ်တွေ။ ကျွန်းသစ်နဲ့လုပ်တဲ့ မြန်မာ့ကနုတ်
ပန်းတွေ။ မြန်မာ့ရှေးဟောင်းပစ္စည်းတွေနဲ့ ချင်းမိုင်မြို့ ရဲ့  ညဈေးက ဧည့်သည်တွေကို ဆွဲ
ဆောင်ထား နိုင်ပါတယ်။

ဒို့ပစ္စည်းတွေနဲ့ ထိုင်းတွေလုပ်စားပြီး ကြီးပွါးနေတယ်လို့ အရင်တုန်းက မြင်ခဲ့ပေမဲ့ အခုတော့ အမြင်ပြောင်းထားပါတယ်။ အိမ်နီးချင်းတွေပဲ မဟုတ်လား။ ထိုင်းပစ္စည်းတွေ မြန်မာပြည်မှာ
များသလို မြန်မာပစ္စည်းတွေ လည်းထိုင်းမှာ များမှာပေါ့လေလို့ပဲ စိတ်သက်သာအောင်
သဘောထား ပြောင်းထားပါတယ်။ တန်ဖိုးချင်းကွာခြားတဲ့အကြောင်း၊ ဘာကြောင့်အခုလို ဖြစ်ရတယ်ဆိုတဲ့အကြောင်းကို စဉ်းစားရင် ကိုယ်ကလည်း ဘာမှမတတ်နိုင်တော့ စိတ်ပျက်
လို့ပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ ဖါးတွေလည်းအော်နိုင်ပါစေ။ ဆင်တွေလည်း က
နိုင်ပါစေ။ မြန်မာတိုင်းရင်းသားတွေလည်း ထိုင်းမှာပျော်ကြပါစေ။ ချင်းမိုင်ညဈေး စည်ကား
ပါစေဗျား။

စားပြီ
ကျွန်တော်က ရှမ်းခေါက်ဆွဲသိပ်ကြိုက်တယ်။ တို့ဖူးနွေးလည်း သိပ်ကြိုက်တယ်။ ချင်းမိုင်
မှာက ဒါတွေရတယ်။ ရှမ်းတွေပေါတယ်။ ရှမ်းခေါက်ဆွဲဆိုင် သုံးလေးဆိုင်ရှိတယ်။ စားလို့
ကောင်းတယ်။ ရှမ်းပြည်အတိုင်းပဲ။ အခါးရေလို့ခေါ်တဲ့ ရေနွေးကြမ်းလည်းရတယ်။ လက် ဖက်ခြောက်ကလည်း ရှမ်းပြည်က လက်ဖက်ခြောက်။ မေ့နေလို့။ ပလောင်လူမျိုးတွေလည်း
ထိုင်းမှာရှိတာပဲ။ တချို့ ဆို လက်ဖက်ခူးထွက်ရင်း ရောက်လာတာ မြန်မာပြည်မပြန် တော့
ဘူးတဲ့။ တို့ဖူးကြော်လည်းရတယ်။ နှစ်ပြန်ကြော်လည်းရတယ်။ ချင်းမိုင်က ဆောင်းတွင်းဆို
အေးတော့ ရှမ်းပြည်ရောက်နေတဲ့အတိုင်းပဲ။ ချင်းမိုင်မှာနေတဲ့မနက်ခင်းတိုင်း ရှမ်းခေါက်ဆွဲ
ဆိုင်ကို ရောက်တာပဲ။ ကျေနပ်စရာပါခင်ဗျား။


ကြည့်ပြီ
ကျွန်တော်က ပန်းချီကြိုက်တယ်။ အခုဆိုချင်းမိုင်မြို့ မှာ မြန်မာ့ပန်းချီအရောင်းဆိုင် သုံးဆိုင်ရှိ
နေပြီ။ မြန်မာတွေကိုယ်တိုင် ဖွင့်ကြတာနော်။ ထိုင်းတွေရောင်းတဲ့မြန်မာ့ပန်းချီဆိုင်လည်း ရှိ
သေးတယ်။ သုံးဆိုင် လုံးကိုသွားကြည့် ခဲ့ပါတယ်။ အောင်မြင်တဲ့အခြေအနေထိတော့ မရောက်
ကြသေးဘူး။ ဒါပေမဲ့ လမ်းကြောင်းတော့ပွင့်နေပြီဆိုတဲ့သဘော။ နှစ်ဆိုင်က ၂၀၀၈နှစ်ကုန်ပိုင်း
ကမှ ဖွင့်တာ။ တဆိုင်က ဖွင့်တာလေး နှစ်လောက်ရှိပြီ။ ကမ္ဘာလှည့်တွေကို ပစ်မှတ်ထားပြီး
ရောင်းတာပါ။ မြန်မာပန်းချီဆရာတွေရဲ့ လက်ရာ အစုံတွေ့ ခဲ့ရပါတယ်။ ရိုးရာ၊ခေတ်ပေါ်၊ ရေဆေး၊ ဆီဆေး၊ပန်းပုလက်ရာတွေ ရှိပါတယ်။ မြန်မာပြည် မှာထက်ဝင်ငွေကောင်းလို့ ချင်းမိုင်ကိုပြောင်း
လာကြတဲ့သဘော။ နောက်ပိုင်းပိုများပြီး ပိုကျယ်ပြန့်လာဖို့ရှိတယ်။ အရင်းအနှီးကြီးကြီးနဲ့လုပ်ကြ
မယ့်သူတွေ ရှိနေတယ်။ ချင်းမိုင်ကမြန်မာ့ပန်းချီပြခန်းတွေ ကြည့် ပြီးတော့ အရင်ကကြားဖူးတဲ့ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ ဆောင်ပုဒ်ကိုတောင် သတိရသွားပြီး ပြုံးမိသေးတယ်။ ထားပါတော့။ မြန်မာ့ပန်းချီလက်ရာတွေ မညံ့ပါဘူး။ ကမ္ဘာ့ပန်းချီဈေးကွက်မှာ နေရာကောင်းရတဲ့ အခြေအနေမျိုးတော့ မရောက်နိုင်သေးဘူးပေါ့။ ကိစ္စမရှိပါဘူး။ မြန်မာပဲ။ အေးဆေးပေါ့။ ဒီလောက်
ဖြစ်ရင်ပဲ အတော်ဟုတ်နေပြီ။

ချင်းမိုင်အပိတ်
ချင်းမိုင်မြို့ က ဆောင်းတွင်းအခါ နေလို့ကောင်းပါတယ်။ အလည်အပါတ်သွားလို့ ကောင်းပါတယ်။
တရားမ၀င်တဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးပါ။ မြန်မာ့ဒီမိုကရေစီရေး လုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ။ အဖွဲ့  အစည်းတွေလည်း အများကြီးပါ။ မြန်မာသတင်းသမားတွေနဲ့ သတင်းဌာနတချို့ 

လည်း ချင်းမိုင်မှာရှိပါတယ်။ “သတင်းကျောင်း”ဆိုတာတောင် ရှိလိုက်သေးဗျား။ သူတို့တွေအားလုံး
ကလည်း ချင်းမိုင်မြို့ လေးကို နှစ်သက်စွဲလမ်းနေကြပါသတဲ့။ ဟုတ်မှာပါ။ ဖါးအော်သံတွေတော့ အခု 
ထိ နားထဲမှာကြားနေရတုန်းပဲ။ နေကောင်းကြပါစေ။

(ဓါတ်ပုံ ၊ ကိုယ်တိုင်ရိုက်)

No comments: