4 years ago
Tuesday, August 16, 2011
ရုရှားနှင်းဆီ
လေတချက် အဝေ့မှာ နှင်းဆီတခင်းလုံး ငြိမ့်ကနဲ လှုပ်ယမ်းသွား။ သွေးတွေ
ဖြန်းကနဲ ဖြာထွက်သွားသလို။ အနီရဲရဲ နှင်းဆီပန်းတွေ။ တခင်းလုံး ဝေ့ကနဲ။
ဒီနှင်းဆီခင်းဟာ ခေတ်အဆက်ဆက် စစ်တလင်းဖြစ်ခဲ့တဲ့ နေရာ။ နှင်းဆီ
ပင်တွေရဲ့အောက်က မြေကြီးထဲမှာ စစ်ကြောင့် သေဆုံးခဲ့သူတွေ ရာနဲ့
ထောင်နဲ့ ချီပြီးရှိတယ်။ သူတို့ရဲ့သွေးတွေကြောင့်များ ဒီနှင်းဆီတွေ ရဲရဲ
နီနေရသလား။
ကရင်မလင်နန်းတော်နဲ့ မိုင်ခြောက်ဆယ်လောက် အကွာ။ နာမည်ကျော်
အော်သိုဒေါ့က်စ် ရှေးဟောင်း ဘုရားကျောင်းကြီးရဲ့ နံဘေး။ နှင်းဆီပန်း
တွေ။ နှင်းဆီပန်းတွေ။ နှင်းဆီပန်းတွေ။ တခင်းလုံး နီရဲ လင်းလက်လို့။
ခရီးသွားဧည့်သည်တွေ အမြဲလာကြည့်ကြတဲ့ နေရာ။ တချို့ကလည်း
တကယ်ယုံကြတယ်။ နှင်းဆီတွေ နီရဲနေတာ တိုက်ပွဲဝင်စစ်သည်တွေရဲ့
သွေးတွေကြောင့်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ နာကျင်မှု၊ သတ္တိနဲ့ မျှော်လင့်ချက်
မဲ့နေတဲ့ သူတို့ရဲ့ ကြေကွဲမှုတွေကို နှင်းဆီပန်းတွေအဖြစ် အစွမ်းကုန်
ပွင့်ပြီး ပြနေသတဲ့။
ဟုတ် ဟုတ်၊ မဟုတ် ဟုတ်။ နှင်းဆီးခင်းကြီး သိပ်ကြည့်လို့ကောင်းတယ်။
တချို့က နှင်းဆီးခင်ကို ဆေးလိပ်ဖွါရင်း ကြည့်ကြတယ်။ တချို့က ဗော့ဒ်
ကာ သောက်ရင်း။ ၀ိုင်သောက်ရင်း။ တချို့ကလည်း အတင်းပြောရင်း။
သတင်း နှောရင်း။ တချို့ကလည်း ချစ်ရင်းကြိုက်ရင်း။ တချို့ကလည်း
လွမ်းရင်း ဆွေးရင်း။ ငေးမောလို့ ကြည့်ကြတယ်။ လေအဝေ့မှာပါလာတဲ့
နှင်းဆီနံ့ကို တအံ့တသြ ရှူကြတယ်။ နှင်းဆီနံ့မှ ဟုတ်ရဲ့လား။ သွေးညှီ
နံ့များ ဖြစ်လေမလား။
ရာသီ အပြောင်း။ နှင်းဆီတွေ ကြွေတဲ့အခါ။ မြေပြင်မှာ သွေးခြောက်တွေ
ကပ်နေသလို ချောက်ချားဖွယ် အလှတခု မြင်ရပြန်တယ်။ နှင်းဆီပွင့်ဖတ်
တွေ တလွင့်လွင့်နဲ့ အနှေးကြွေကျ။ ကြည့်နေသူတွေရဲ့အာရုံတွေလည်း
မြေပြင်ပေါ်ကို လွင့်ကျ ကြေမွ။
ပွင့်ဖတ်တွေ ကြွေအပြီး နှင်းဆီရွက်တွေ ကြွေတဲ့အခါ။ မဲနက်နေတဲ့ မြေ
သားပေါ် အရိုးငေါငေါနဲ့ နှင်းဆီခင်းကြီး။ စစ်မြေပြင်နေရာဟောင်းမှန်း
သိသာလွန်းလှတယ်။ အဲဒီအချိန် ဘုရားကျောင်းကြီးကလည်း ချောက်
ချားဖွယ်။ နှင်းဆီခင်းကြီးဟာ ခန်းနားတယ်။ဆန်းပြားတယ်။ ဖမ်းစားတယ်။
လွမ်းသွားမယ်။
နတ်မောက်မြို့သား ဗိုလ်ကြီး ခင်မောင်ထွေး။ ရဲရဲလှုပ်နေတဲ့ နှင်းဆီခင်းကို
ငေးကြည့်နေတာ အတော်ကြာပြီ။ အံ့တွေသြလို့။ ငေးမော ရီဝေ။ ဗိုလ်ကြီးခင်
မောင်ထွေးက ရုရှားမှာ နျူကလီးယားပညာ လာသင်တဲ့သူ။ အမျိုးစပ်ရင်
အဖေဘက်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးတော်တယ်။ သူ့မှာ ရည်းစား
လည်း မရှိဘူး။ တက္ကသိုလ် ဆက်မတက်နိုင်လို့ စစ်ထဲဝင်ခဲ့သူ။ နတ်မောက်
မြို့လေးကို လွမ်းနေသလား။ အမေ့ကို လွမ်းနေသလား။ လွမ်းစရာ မရှိတဲ့
ဘ၀ကိုပဲ လွမ်းနေသလား။ နှင်းဆီခင်းကြီး နီရဲလို့။ ဗိုလ်ကြီးခင်မောင်ထွေး
နှင်းဆီတွေကို ငေး။ နှင်းဆီတွေကို ငေး။ နှင်းဆီတွေကို ငေး။
ဟိုတနေ့က ၀ယ်ထားတဲ့ ကင်မရာအသစ်လေးနဲ့ နှင်းဆီခင်းကို ဓါတ်ပုံတွေ
ရိုက်တယ်။ ရှုဒေါင့်မျိုးစုံ။ ပုံစံမျိုးစုံ။ နှင်းဆီမျိုးစုံ။ အဆောင်ကို ပြန်ရောက်တဲ့
ညက သူ့ရဲ့Face book မှာ နှင်းဆီပန်းတွေ တင်လိုက်တယ်။ နောက်တပတ်
အကြာမှာ သူငယ်ချင်းအဖြစ် လက်ခံဖို့ ဆွေဆွေနွယ် ဆိုသူက နှုတ်ဆက်လာ
တယ်။ ဗိုလ်ကြီး ခင်မောင်ထွေး ချက်ချင်းပဲ သူငယ်ချင်းဖြစ်လိုက်တယ်။
နောက် သုံးလေးရက် အကြာ။ ဆွေဆွေနွယ်က စာရေးလာတယ်။ နှင်းဆီပန်း
တွေ လှလိုက်တာ...တဲ့။ ဗိုလ်ကြီးခင်မောင်ထွေး ချက်ချင်းပဲ စာပြန်ပါတယ်။
နှင်းဆီပန်းတွေ ဆွေဆွေနွယ့်အတွက်..တဲ့။ ဆွေဆွေနွယ်က တောင်ဥက္ကလာ
အထက်တန်းကျောင်းက အလယ်တန်းပြ ကျောင်းဆရာမလေးပါ။ မကြာခင်
သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်သွားကြပါလိမ့်မယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment