Monday, August 1, 2011

ဇတ်သိမ်းကောင်းရေးမူဝါဒဆိုင်ရာ အကြံပြုစာတမ်း (ကန့်သတ်)















ကဗျာ၏ ပိုင်ရှင်မှာ “စကားပြေ” ဖြစ်ပါသည်။ စကားပြေသည် အဖို မဟုတ်
အမ ဖြစ်၏။ စကားပြေမသည် ကိုယ်ဝန် နှစ်ကြိမ်ပျက်ကျဖူးသူပြီး သားသမီး
သုံးဦး မွေးမြူထားသည့် အသက်လေးဆယ်ကျော် ခပ်ချောချော ခပ်တောင့်
တောင့် တခုလတ် အမျိုးသမီးဖြစ်၏။ ၄င်းတို့အိမ်၌ ကဗျာဟုအမည်ရသော
ကုန်စုံဆိုင်ကလေးဖွင့်ကာ စီးပွါးရှာကြလေသည်။

သားအကြီးဆုံး၏ အမည်မှာ “စာညွန့်”ဖြစ်ပြီး အလတ်ကောင်ကို “စာစီကုံး”
ဟုခေါ်ပါသည်။ အငယ်ဆုံးသမီးမှာ “သဒ္ဒါ” ဖြစ်လေသည်။ စကားပြေ၏
သားသမီး သုံးဦးသည် လွန်စွာမှ ကမြင်းကျောထတတ်ကြပြီး တဦးကိုတဦး
အမြဲရန်ရှာနေလေ့ရှိသည်။ ညအိပ်ရာဝင်ချိန်၌ စကားပြေသည် သားသမီး
တို့အား ပုံပြင် ပြောပြရ၏။ ထိုအချိန်သာလျှင် ကလေးများ ငြိမ်နေတတ်လေ
သည်။

စကားပြေ၏ ပုံပြောနည်းမှာ အများနှင့်မတူ မေးခွန်းများ ပါဝင်နေတတ်
သည်။ “မိုးလင်းခါနီး ရေတွေထဲမှာ တဗွမ်းဗွမ်းနဲ့ ကြားနေရတယ် ဘာများ
တုံးဟဲ့” ဟု မေးသော်။ အလတ်ကောင် စာစီကုံးက “အဲဒါ အမတ်ကြီးဦးပေါ်ဦး
စိတ်ညစ်ညစ်နဲ့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးနေတာပေါ့ဗျ” ဟု ဖြေလေသည်။
အကြီးကောင် စာညွန့်ကတော့ “ ဘယ်ကလာ...တဗွမ်းဗွမ်းနဲ့ အသံထွက်နေ
တာက မစ္စပီမြစ်ထဲကို မြန်မာဒုက္ခသည်တွေ ဒိုင်ဗင်ထိုးနေကြတာဗျ” ဟု
ပြောလေ၏။ အငယ်မ သဒ္ဒါကတော့ “တဗွမ်းဗွမ်းအသံက ဂင်္ဂါမြစ်ထဲမှာ
အာနန္ဒာ ငါးကြီးတွေ ပွက်နေတဲ့အသံပါ အမေရယ်”လို့ပြော၏။ ထိုအခါ အမေ
လုပ်သူက ဇတ်ကို လှပစွာ ပေါင်းလေ၏။

“အမေရိကားရောက် မြန်မာဒုက္ခသည်တွေက စပွန်ဆာနဲ့ လှမ်းခေါ်လို့
မင်းကွန်းကနေ အမတ်ကြီး ဦးပေါ်ဦး တကူးတကနဲ့ ရေကူးလို့အလာ။
လမ်းမှာ အာနန္ဒာဆိုတဲ့ ငါးကြီးနဲ့ ဆုံကြတယ်။ အမေရိကားခရီး မြည်းစမ်း
ကြည့်ရေး ဆွေးနွေးတိုင်ပင်ကြတယ်။ နောက်ဆုံး သဘောတူညီချက်တခု
ထွက်လာပြီး ဦးပေါ်ဦးက အာနန္ဒာကြီးကို ခွစီးလိုက်တယ်။ ဒီလိုနဲ့မစ္စစပီမြစ်
ထဲကို သူတို့တွေ ရောက်လာပါလေရော” လို့ အမေ စကားပြေက သူ့၏ ပုံပြင်
ကို စလေသည်။ ထိုထိုသော ပုံပြင်မျိုးများဖြင့် ရှည်လျှားသည့် ညများကို
ကျော်ဖြတ်ရင်း ဘ၀တွေကို ဆွဲဆန့်၍ လာခဲ့ရလေသည်။

၎င်းတို့၏ ဘေးအိမ်တွင် “ဂီတ” မိသားစုရှိလေသည်။ ဂီတဆိုသည့် အသက်
ငါးဆယ်ခန့် အရက်သမားသည် ဒေါသကြီးသော အလုပ်လက်မဲ့တဦးဖြစ်
၏။။ သူ့တွင် “သီချင်း” ဟုဆိုသော သမီးတဦးနှင့် “သံစဉ်”ဆိုသော သား
တဦးရှိ၏။ အဖေက ဆိုးသော်လည်း သားသမီးများက တော်ကြ၊ ကောင်းကြ၏။
ရိုးသား ကြိုးစားကြ၏။ သီချင်းက ရွှေချည်ထိုးအလုပ်ကို နေ့ရောညပါ လုပ်ပြီး
ငွေရှာ၏။ အိမ်အတွက် ချက်ပြုတ်၏။ သားသံစဉ်က မြင်းလှည်းမောင်းပြီး အား
သည့်အခါ ရေထမ်းရောင်းလေသည်။

ကဗျာ မိသားစုနှင့် ဂီတမိသားစုတို့ အိမ်ချင်းသာ ကပ်ကြသည် အစေးက သိပ်
ကပ်လှသည်တော့ မဟုတ်။ သို့သော်လည်း စာရေးသူ ဘလော်ဂါ အိပ်ငိုက်လာ
၍ ဇတ်ကို ပေါင်းသော်။ စကားပြေနှင့်ဂီတ ဘာကြောင့်ရယ်မသိ ညားကြပါလေ
သတည်း။ အကြီးကောင် စာညွန့်ကား ဘုန်းကြီး အပြီးဝတ်လေသည်။ သမီး
သီချင်းကား သူ့အလုပ်ရှင်လူမျိုးခြား၏ မယားငယ် ဖြစ်ရရှာလေသည်။ စကား
ပြေ၏သမီးဖြစ်သူ သဒ္ဒါသည် အဖေါ်ကောင်း၍ ထိုင်းတွင် အလုပ်သွားလုပ်ရာက
အမျိုးသမီးချင်း အိမ်ထောင်ပြု၍ ထိုင်းနိုင်ငံ၌ အခြေချနေတော့သည်။

ဇတ်သိမ်းခန်းကို အပျော်နှင့်ဆုံးမည်ဟု မူလကတည်းက ရည်ရွယ်ထား၏။
ထို့ကြောင့် မြင်းလှည်းသမားလေး သံစဉ်ကို ထီပေါက်ခိုင်းလိုက်မည်။ ဦးဇင်း
စာညွန့်၏ တရားချမှုကြောင့် ဦးဂီတလည်း အရက်ပြတ်သည်။ သီချင်း၏
ယောက်ျားနှင့် မယားကြီးတို့နှစ်ဦး သင်္ဘောမှောက်၍ တပြိုင်တည်း ဆုံးသော
ကြောင့် သီချင်းလည်း လုပ်ငန်းရှင် တခုလတ် သူဌေးမလေး ဖြစ်လာ၏။

ဟိုအကောင် စာစီကုံး ဘယ်ရောက်နေပါသနည်း။ သူ့ကိုတော့ အဆင်ပြေ
သလို ကြည့်လုပ်လိုက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ စစ်ထဲကိုတော့
မသွင်းလိုက်ကြပါနှင့်။ ကျေးဇူးတင်ပါသည်။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

TML said...

He is Food ball player at Yangon United team... he is rich now..:-)