Thursday, September 29, 2011
ငါး (နှစ်)
ငါး(နှစ်)ဆိုတာ ငါးနှစ် မဟုတ်ဘူး။ ငါးဟင်းရဲ့ အနှစ်လည်း မဟုတ်ဘူး။
ငါးကို ရေနှစ်တာလည်း မဟုတ်ဘူး။ ငါးအကြောင်း အပိုင်းနှစ်ကို ဆိုလို
တယ်ဆိုတာ သဘောပေါက်ပြီးသား မဟုတ်လား။ သွားလေသူ ဦးနုက
ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ရေးခဲ့တယ်။ အဲဒီစာအုပ်မှာ ငါးအကြောင်း
တော့ မပါ။
ငါးအကြောင်းကို ရှေ့မှာလည်း ရေးပြီးသား ဘာထပ်လုပ်တာတုန်းလို့
မေးကြရင် (အဖြေ) တစ်ပိုင်းနဲ့ မ၀လို့ပါ။ ငါးစိမ်းကိုမြင်ရင် ငါးကင်ကိုတော့
မပစ်ကြပါနဲ့ ငါး (တစ်) ကိုလည်း ဖတ်ကြပါ။ ငါးအကြောင်းမို့ မကြိုက်ဘူး
ဆိုရင်တော့ မဖတ်ကြနဲ့ပေါ့။ ငါးကြော်မကြိုက်ရင် ကြောင်မိုက်လို့ ပြောကြ
လိမ့်မယ်။ ငါးခုံးမ တကောင်ကြောင့်တော့ တလှေလုံး အပုပ် မခံနိုင်ဘူး။
ငါးပွက်ရာ ငါးစာချတဲ့နည်းနဲ့ ဒီစာကို ရေးပါတယ်။ မကောင်းဘူး ဆိုရင်လည်း
ငါးတကာယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းမှာပဲ စုစေတော့။ အများစုကတော့
ရေလိုက် ငါးလိုက်နည်းနဲ့ စာတွေရေးကြတယ်။ ရေလိုက်လွဲတဲ့အခါ ငါးသိုင်း
တွေများပြီး ဟင်းတွေ ဟုံကုန်တယ်။ ရေးသမျှ အကုန်တော့ မကောင်းနိုင်
ဘူးပေါ့။ ငါးပိနဲ့ လောက် ၊ ရွှေနဲ့ ကျောက်ဆိုတာ ရှိသမို့လား။
ငါးရံ့ရ အတူတူ ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်းဆိုတာ မြန်မာ့နိုင်ငံရေးပြဇတ်မှာ အခု
ချိန်ကစပြီး ရှုစားနေရပြီ။ မရင့်ကျက်တဲ့သူတွေ။ အရေမထူတဲ့သူတွေက
အဝေဖန်ခံရရင် ငါးရံ့ပြာလူး ဖြစ်ကုန်ရော။ ငါးရံ့ကိုယ်လုံးလေးကိုတော့
ငါးရံ့ခြောက်ဖုတ်ထက် ပိုပြီးကြိုက်တဲ့အကြောင်း ၀န်ခံပါရစေ။
အရေးကြီးတာက ငါးရိုးမျက် လက်တို မဖြစ်စေဖို့ပဲ။ ကြာကြာဝါးမယ့် သွား
အရိုးကြည့်ရှောင်မှ ဖြစ်မယ်။ မဆင်မခြင်နဲ့ စားမိဝါးမိလို့ ငါးအရိုး စူးသွားရင်
ကိုယ့်လက်က ရှည်နေရင် တော်သေး။ တိုနေလို့ကတော့ အရိုးကို ပြန်မနှုတ်
နိုင်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို စောင်းပြောတာ မဟုတ်။
မစိုးရိမ်ပါနဲ့ လွတ်တဲ့ငါးများ မကြီးကြပါ။
ဆလ်မွန်ငါးတို့အပြန်သီချင်းက အခုတခါ တကြော့ပြန် ခေတ်စားနေပါလား။
အပြန်ကိစ္စတွေပေါ်နေသရွှေ့ ဒီသီချင်းက လူကြိုက်များနေမယ့်သီချင်းပေါ့။
ဆလ်မွန်ငါးက ကင်စားရင် သိပ်ကောင်းတယ်။ ဆူရှီနဲ့စားလည်း ကောင်း
တာပဲ။ အမေရိကန်ရောက် မြန်မာဆူရှီသမားတွေက ဆလ်မွန်ငါးတွေကို
လှီးကြတဲ့အခါ သွားလေသူ ကိုခင်ဝမ်းရဲ့ ဆလ်မွန်ငါးသီချင်းကို ဆိုမိတတ်
ကြပါသတဲ့။ ဆိုတဲ့အခါတိုင်းလည်း အိမ်ကို လွမ်းတတ်ကြပါသတဲ့။ လူစင်စစ်
က ငါးဖြစ်ခြင်းပေါ့။
ငထွေရူးနဲ့ ငလုံးလဖယ်ဆိုတာကတော့ ငါးတွေ မဟုတ်ပါ။ ကျန်စစ်သားရဲ့
ဘော်ဒါတွေ။ ဆူပါဟီးရိုးတွေပေါ့။ နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ် မြင်ရပါ
လိမ့်ဦးမယ်။ ခုန်မယ် ၊ ပျံမယ် ၊ တိုက်မယ် ၊ ခိုက်မယ် ပုဂံခေတ်နောက်ခံ
မြန်မာ့အက်ရှင် ဇတ်ကြမ်းတွေ။ ငရမန်ကန်းဆိုတာလည်း ငါးမဟုတ်ဘူး။
ကျန်စစ်သားနဲ့ ခေတ်ပြိုင်ပဲ။
မြန်မာစကားမှာ ငါးကိုလည်း င အသံထွက်တော့ ရှုပ်ကုန်ရော။ ငါးရဲကြီး
တယ်လို့ လုပ်လို့မရ။ ငရဲကြီးသွားမယ် ငနဲလေးရဲ့။ ငရဲမီးစာ မိသွားချင်လား
ငစနူလေး။ ဘယ်သူသေသေ ငါးတေမာရင် ပြီးရော မဟုတ်။ ဘုရားလောင်း
ငါးမင်းဆိုတာလည်း မကြားဖူး။
ငါးမင်းဆွေဆိုတာကတော့ ငကြောင်ပါ။ ငကြောင်ဆိုတာက ငါးနဲ့ ကြောင်နဲ့
ပေါင်းထားတဲ့ အကောင်။ အမေရိကန်တွေက ငါးခူကို ကြောင်ငါးတဲ့။ နှုတ်
ခမ်းမွှေးပါလို့ ဖြစ်လိမ့်မယ်။ နှုတ်ခမ်းမွှေးနဲ့ငါးက ၀င်းဦးနဲ့ တူနိုင်တယ်။ နှုတ်
ခမ်းမွှေးတိုရင် ငါးဟစ်တလာ။ ဒါမှမဟုတ် ငါးချာလီ။
ငါးလိုလိုဖါးလိုလို အကောင်တွေကိုတော့ ဖါးတပိုင်းငါးတပိုင်းတဲ့။ ရှင်းတယ်။
မရှင်းတာက လူနဲ့ငါးနဲ့ ပေါင်းထားတဲ့အရာ။ ရေသူမတဲ့။ ဤတွင် ငါးဇတ်သိမ်း၏ ။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment