Thursday, September 15, 2011

ဆင်းရဲမှုက အကုန်ဖန်တီးတယ်














ဆင်းရဲမှုဟာ ဘုရားသခင်ကိုတောင် အယုံအကြည်မဲ့ စေတယ်။ ဒုက္ခရောက်တဲ့
အခါ ဘုရားသခင် ဘယ်မှာရောက်နေသလဲ။ ဆင်းရဲတဲ့အခါ ဘုရားလူကြီးလည်း
အလှူခံပုံးထဲက ပိုက်ဆံတွေ ခိုးတယ်။ နိုင်ငံ့ခေါင်းဆောင်လည်း သူခိုးခေါင်းဆောင်
ဖြစ်တယ်။ ရှာဖွေ စုဆောင်းထားသမျှ ဆင်းရဲမှုက အကုန်သုံးလိုက်တယ်။ ချစ်လို့
ယူထားတဲ့ လင်မယားလည်း ကွဲ။ သားတကွဲ ။ မယားတကွဲ။ သေကွဲ မကွဲ ၊ ရှင်ကွဲ
ကွဲ ။ ဆင်းရဲပြီဆိုမှတော့ အကုန်ဖြစ်တော့တာပဲ။ 

ဆင်းရဲတဲ့အခါ ကျောင်းအုပ်ဆရာကြီးလည်း သူခိုးကြီးဖြစ်ကရော။ ကျောင်းဆရာမ
လေးလည်း သူခိုးလေးဖြစ်ရော။ မလောက်ငတဲ့အခါ ကလေးတွေဆီက အေးဓါးပြ
တိုက်ကြရတယ်။ ဆရာတော်ဘုရားကလည်း များများလှူမှ ကြိုက်တော်မူတယ်။
ဆင်းရဲမှုက ဖြောင့်နေတဲ့အရာတွေကို ကွေးစေတယ်။ ဆင်းရဲတဲ့အခါ အတ္တစိတ်က
ပိုထင်ရှားတယ်။ အသက်ရှူ မ၀တော့  ကိုယ်အသက်ရှူနိုင်ရေး ၊ အသက်ဆက်နိုင်
ရေး သူများရဲ့ခေါင်းကို နင်းကြတယ်။ မိတ်ဆွေတွေကို ရန်သူဖြစ်အောင် ဆင်းရဲမှု
က ဖန်တီးတယ်။

ဆင်းရဲတဲ့အခါ သွေးကလည်း ဈေးကြီးသွားတယ်။ အသက်ကို လွယ်လွယ်နဲ့
မ၀ယ်နိုင်တော့ဘူး။ ခရီးတွေကလည်း ပိုပြီးဝေးသွားတယ်။ အချိန်တွေကလည်း
ပိုပြီးကြာသွားတယ်။ ဆင်းရဲခြင်း ကြီးတဲ့အခါ ဒေါသတွေလည်း ပိုကြီး။ မျှော်လင့်
ချက်တွေ ပျောက်။ စိတ်ဓါတ်တွေ ကျ။ ကျတဲ့စိတ်ဓါတ်တွေ နာကျင်။ နာကျင်တဲ့
စိတ်ဓါတ်တွေ ပျက်စီး။ ပျက်စီးတဲ့စိတ်ဓါတ်တွေ ပေါက်ကွဲ။ ပေါက်ကွဲတဲ့ စိတ်ဓါတ်
အပျက်တွေက ပတ်ဝန်းကျင်ကို ထိမှန်။ ပတ်ဝန်းကျင်တခုလုံး ပျက်သုန်း။ ဆင်းရဲ
ခြင်းဟာ သူရဲကောင်းတွေ၊ သစ္စာဖေါက်တွေ၊ အာဇာနည်တွေကို ဖန်တီးတယ်။

ဆင်းရဲမှုဟာ အကျဉ်းထောင်တွေမှာ လူစည်ကားအောင်လည်း ဖန်တီးတယ်။
လမ်းမတွေပေါ်မှာ သူတောင်းစားတွေ တိုးမပေါက်အောင်လည်း ဖန်တီးတယ်။
လူသတ်မှုစာရင်း တိုးလာအောင်လည်း ဖန်တီးတယ်။ လင်ငယ်၊ မယားငယ်ဇတ်
လမ်းတွေလည်း ဖန်တီးတယ်။ ကလေးပြည့်တန်ဆာတွေကိုလည်း ဖန်တီးတယ်။
ကိုယ်မွေးထားတဲ့ ကလေး ကိုယ်ပြန်ရောင်းစားရတဲ့အဖြစ်ကိုလည်း ဖန်တီးတယ်။
ကိုယ်တိုင် သေကြောင်းကြံစည်မှုတွေကိုလည်း ဖန်တီးတယ်။ ဆင်းရဲတဲ့အခါ
အသက်ကို အရှက်နဲ့ လဲကြတယ်။ အရှက်ကိုလည်း အသက်နဲ့ လဲကြတယ်။

သဘာဝ နိယာမတရားအရ အဆိုးထဲမှာလည်း အကောင်းက ရှိနေတတ်ပြန်တယ်။
ဆင်းရဲမှုကြောင့် ကောင်းတာတွေ ဘာဖြစ်သလဲ။ ဆင်းရဲခြင်းဟာ အပြောင်းအလဲကို
လည်း ဖန်တီးတယ်။ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အခါ ဆင်းရဲရတဲ့ အကြောင်း
အရင်းကို ရှာဖွေလာသူတွေ ရှိတယ်။ ဆင်းရဲခြင်းဘေးက လွတ်မြောက်အောင်
အဖြေထုတ်လာသူတွေ ရှိတယ်။ ဆင်းရဲသူတွေကို ကယ်တင်မယ့်သူတွေ ရှိလာ
တတ်တယ်။ ဆင်းရဲခြင်းပြဿနာကို ဖြေရှင်းကြဖို့အရေးမှာ အချင်းချင်း ယုံကြည်မှု
တွေ တိုးစေတတ်ပြန်တယ်။ ဆင်းရဲခြင်းကို အားတခုအဖြစ် အသုံးချနိုင်တဲ့အခါ
လွတ်မြောက်မှုကို ရတတ်ပြန်တယ်။

မြန်မာပြည်ဟာ ရုပ်ရော၊ နာမ်ရော ဆင်းရဲနေရှာတဲ့ တိုင်းပြည်။ လွတ်မြောက်မှုကို
ရှာဖွေနေတဲ့ တိုင်းပြည်။ ဆင်းရဲခြင်းနဲ့ နပမ်းလုံးနေရတဲ့ တိုင်းပြည်။ “ဆင်းရဲခြင်း
လွတ်ကင်းအောင်” စာသားနဲ့ အစချီတဲ့သီချင်း အခုချိန်ထိ အောင်မြင်နေတဲ့ တိုင်း
ပြည်။ ဆင်းရဲခြင်းကို “အား” အဖြစ် အသုံးချနိုင်မယ့်အချိန် ရောက်လုနီးပြီလား
ဆိုတဲ့ မေးခွန်းအတွက် အဖြေတော့ ရှိနိုင်ကောင်းပါရဲ့။

ဆင်းရဲခြင်းဟာ အောင်မြင်မှုကိုလည်း ဖန်တီးတတ်တယ်။ ဆင်းရဲခြင်းဟာ နိဂုံး
လည်းဖြစ်တယ်။ နိဒါန်းလည်းဖြစ်တယ်။ ဆင်းရဲခြင်းက အရာရာကို ဖန်တီးတယ်။
ဘုရားသခင်တွေကို ဖန်တီးတဲ့သူဟာလည်း ဆင်းရဲခြင်းပဲဖြစ်တော့တယ်။

(ရုပ်ပုံ၊ ဂူဂလ်)

2 comments:

Hmoo said...

ဆင်းရဲလို့သူခိုးခေါင်းဆောင်တွေကလည်း
တခြားစီးပွါးပြောင်းမပြောင်းနိုင်တော့ဘူး

kay said...

ချမ်းသာမူ က..ဖန်တီး တာတွေ ကိုလည်း ရေးပါအုံး..