Friday, September 9, 2011
မော်စီတုန်းအား သတိရခြင်း
မော်စီတုန်းဟာ ဘော်လုံးဝါသနာပါတယ်။ အသားညိုညို။ စကားနည်း
နည်း။ သူများတွေလို အရက်လည်း မကြိုက်။ ဆေးလိပ်လည်း မကြိုက်။
လက်ဘက်ရည်ဆိုင် ထိုင်တာလည်း မကြိုက်။ ရယ်စရာလည်းသိပ် မပြော
ဘူး။ သူ့အဖေနာမည်က ဦးကျော်ရင်။ အများကခေါ်တော့ “မီးပုံးပျံ”တဲ့။
သူ့အမေက ချင်းနဲ့ရှမ်းနဲ့ စပ်တယ်။ (နာမည်တော့ မေ့နေပြီ)
ငါတို့ကတော့ ကိုယ့်ထက်အသက်ကြီးလို့ မော်စီတုန်းကို “ကိုစီတုန်း”လို့
ခေါ်တယ်။ သူ့အဖေကိုတော့ “ဦးမီးပုံး”လို့ခေါ်တယ်။ မော်စီတုန်း အိမ်က
နေ ပျောက်သွားရင် သူ့အမေက “စီတုန်းရေ...စီတုန်းရေ”လို့ တလမ်းလုံး
ကြားအောင် အော်ခေါ်တတ်တယ်။ ဦးမီးပုံးက ချင်းစပ်တဲ့ အမျိုးသမီးကို
ကြိုက်ရုံမက ခြင်းခပ်တာကိုလည်း ကြိုက်တယ်။ ညနေဆို မီးပုံပျံကြီး ခြင်း
ဝိုင်း ရောက်နေပြီ။
မော်စီတုန်းမှာ အကိုတယောက်ရှိတယ်။ “သံချောင်း“ တဲ့။ အပြေးသမားပါ။
တိုင်းနဲ့ပြည်နယ်အဆင့်ရောက်အောင် အပြေးသန်တဲ့ ကိုသံချောင်း။ သီချင်း
ဆိုလည်း ကောင်းတယ်။ မေ့နေလို့။ ကိုသံချောင်းတို့အဖေ ဦးမီးပုံးက မယ်ဒ
လင်လည်း တီးသဗျ။
မော်စီတုန်း။ သံချောင်း။ မီးပုံးပျံဆိုပြီး နာမည်တွေကသာ ဆန်းနေကြတာပါ။
လူတွေက ခပ်အေးအေး သမားတွေ။ ကိုယ်စိတ်ပါရာ လုပ်ပြီး သူ့အရှိန်နဲ့သူ
ဟုတ်နေကြတဲ့သူတွေပါ။ ရပ်ကွက်ထဲ ဘယ်သူ့ကိုမှ အညိုအညင်ပေးနေကြ
တာ မဟုတ်။
မော်စီတုန်းတို့အိမ်မှာ ၀က်နှစ်ကောင် မွေးထားတယ်။ တိုက်ကြက်တွေလည်း
ငါးကောင် ခြောက်ကောင်လောက် ရှိတယ်။ မော်စီတုန်းရဲ့ထူးခြားချက်တခုက
အားရင် ၀က်တွေကြက်တွေဆီ သွားပြီး ပွတ်လား သပ်လားနဲ့ စကားတွေပြော
နေတတ်တာပဲ။ သူ့အကောင်တွေကလည်း မော်စီတုန်းစကား နားလည်ကြပုံ
ရတယ်။ ခေါင်းတညိမ့်ညိမ့်နဲ့ ငြိမ်လို့။
မော်စီတုန်းဟာ အပျော်တန်းအဆင့် ကြက်တိုက်သမားလည်းဖြစ်တယ်။ သူ
အလယ်တန်းကျောင်းသားဘ၀က တခြားရပ်ကွက်မှာ ပိုက်ဆံကြေး ကြက်
သွားတိုက်တုန်း အဲဒီကြက်ဝိုင်း အဖမ်းခံရပါလေရော။ မိဘတွေက ရဲစခန်းမှာ
လိုက်ရွေးရပြီးကတည်းက မော်စီတုန်း ကြေးစားကြက်သမား မလုပ်တော့ဘူး။
သူ့အမေကလည်း သူ့ကြက်တွေကို “ဟင်းချက်ပစ်မယ်”လို့ ရာဇသံ ပေးထား
တာကိုး။
တရုတ်ပြည်မှာ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း ခေတ်စားနေချိန် မွေးလို့
လား မသိ။ မိဘများကလည်း အလွယ်တကူ၊ အပျော်သဘော၊ ချစ်စနိုးနဲ့ မော်
စီတုန်းလို့ခေါ်ကြရာက နာမည်ရင်း “ကျော်ဇင်”ဆိုတာတောင် သိတဲ့သူ မရှိသ
လောက်ဖြစ်ရတယ်။ မော်စီတုန်းကတော့ ကွန်မြူနစ်ဆိုတာလည်း စိတ်မ၀င်စား။
တကယ့် မော်စီတုန်းအကြောင်းကိုလည်း မသိ။ တရုတ်နဲ့လည်း တစက်မှ မတူ။
ငယ်ငယ်က မတူဘူးလို့ မှတ်ထားတာ အခုပြန်ကြည့်လိုက်တော့မှ ရဲဘော်ကြီး
မော်နဲ့ ကိုစီတုန်းနဲ့က နဖူးပြောင်တာချင်းလည်း တူ။ ပါးဖေါင်းတာချင်းလည်း
တူလို့ပါလား။ အပေါ်ကပုံမှာ ကိုစီတုန်းနဲ့ အတော်တူနေတာ တွေ့ရတယ်။
အခုတော့ ကိုစီတုန်းတယောက် ဘာဖြစ်နေတယ် မသိဘူး။ ဆယ်တန်းကို
သုံးခါလောက်ကျလို့ ဆက်မဖြေတော့ပဲ ၀ပ်ရှော့မှာပဲ ၀င်လုပ်သလိုလို။ အဝေး
ပြေးကားပဲ မောင်းနေသလိုလို။ သင်္ဘောပဲ လိုက်သွားသလိုလို။ စစ်ထဲပဲ ၀င်
သွားသလိုလို။ အပြေးသမား ကိုသံချောင်းရော၊ ခြင်းသမားကြီး မီးပုံးပျံရော
မော်စီတုန်းအမေ ဒေါ်ချင်းစပ်ရော ဘယ်လိုအခြေအနေ ရှိနေကြတယ် မသိ။
ခင်ဖို့ကောင်းတဲ့ မိသားစုမို့ သတိရနေတတ်ပါတယ်။ မနေ့တုန်းက တရုတ်
ခေါင်းဆောင် မော်စီတုန်းအကြောင်း ရုပ်ရှင်ကြည့်မိရာက သတိတွေရပြီး
ဒီစာကို ထရေးလိုက်မိတာ။
မော်စီတုန်း မဟုတ်တဲ့သူတွေက တရုတ်ပြည်အကြောင်း၊ ဥက္ကဌကြီး မော်
အကြောင်းနဲ့ ကွန်မြူနစ်ဝါဒကို စိတ်ဝင်တစား ပြောဆိုနေကြတာ တွေ့ရတိုင်း
ကိုစီတုန်းကို သတိရနေတတ်ပါတယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment