Wednesday, September 28, 2011

ငါး
















ငါးတွေဟာ ရေထဲမှာ ပျံနေတဲ့ ငှက်တွေပေါ့။ ငှက်တွေကတော့ လေထဲမှာ
ကူးနေတဲ့ ငါးတွေ။  တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါးနဲ့ ရေထဲက ငါး ဘယ်ငါးက
အရင် ငါးလို့ အခေါ်ခံခဲ့ရသလဲ။ ငါးမရတဲ့အခါ ရေချိုးပြီး ပြန်ရုံပ။ ကျားဆိုမှ
ကျားတောင် ရှိသေးတာပဲ။ ငါးဆိုမှ ငါးလည်း ရှိရမှာပေါ့။ ကျားထက်သန်တဲ့
ငါးတွေ ရေထဲမှာ အများကြီး။

ငါးဂဏန်းက သင့်ကို အကျိုးပေးမယ်။ မမင်းဖြူ မှန်မှန်ပြောလိမ့်မယ်။ ငါးရာ့
ငါးဆယ်ဇတ်တော်တွေက ပျင်းဖို့ သိပ်ကောင်းတယ်။ ယစ်မူးပျော်မွေ့စေတဲ့
ချောင်းဆိုးပျောက်ဆေးရည်တမျိုးကိုလည်း သုံးစွဲသူတွေက ငါးလို့ခေါ်တယ်။

ငါးပါးသီလကို လုံအောင်ထိမ်းကြပါလို့ ဘူဘူချင်း တစ်လုပ်သူတွေက ပြော
နေတယ်။ ဒီလူတွေလုပ်တာနဲ့ ငါးပါးမှောက်ပေါင်း များလှပြီ။ ငါးကြင်းဆီနဲ့
ငါးကြင်းကို အကြော်ခံရတာလောက် ငါးရာဇ၀င်မှာရိုင်းတာ မရှိဘူး။ ငါးကို
အခြောက်လှမ်းတော့ ငါးခြောက်ဖြစ်ကရော။ ငါးပြီးတဲ့အခါမှာလည်း ခြောက်
ဆိုတာ ရောက်လာရော။ ငါးဆယ့်ခြောက်ဆိုတာ ငါးနဲ့ခြောက်နဲ့ပေါင်းထားတဲ့
အရာ။ ခြောက်နေတဲ့ ငါး မဟုတ်ပြန်ဘူး။

ငါးတစ် တတစ်ကို ဦးနေ၀င်းခေတ်မှာ ငါးတစ် တစ်တစ်လို့ ရေးမှ မှန်တယ်။
ကြာသပတေးနေ့မှာ ငါးမူးစေ့ကို လက်ငါးချောင်းနဲ့ ဆုပ်ကိုင်ထား။ ငါးဟင်း
ကို စားပြီး ငါးသီချင်းကို ဆိုပါ။ ဝေလငါးကို မြင်ဘူးလား။ ဝေလနယ်ကို ရောက်
ဖူးလား။ ဝေလုကျော် ငါးမွေးသလား။ ၀ီလျှံဆိုတာ လှည်းတန်းဈေးမှာ ငါး
ရောင်းတဲ့သူ။ ဝေးလုခါ ဝေးနေချိန်သီချင်းကို ၀ီလျှံက ဆိုတယ်။ အဲဒီဝီလျှံက
ငါးမရောင်းဘူး။

ချဉ်နေတဲ့ငါး မရှိပေမဲ့ ငါးချဉ်ဆိုတာတော့ ရှိတယ်။ သိုင်းတတ်တဲ့ ငါးကို ငါးသိုင်း
လို့ခေါ်တယ်။ အိန္ဒိယမှာ ပုဏ္ဏားတွေက ဇတ်မြင့်တယ်။ ငါးပုဏ္ဏားကတော့ ဈေး
မမြင့်ဘူး။ ပုတ်သင်ညိုနဲ့ငါးနဲ့ အိမ်ထောင်ကျတဲ့ဇတ်လမ်း ရှိခဲ့ပုံပဲ။ ငါးပုတ်သင်
ဆိုတာ မြစ်ငါးတမျိုးပါ။ ရွှေရောင်အဆင်းရှိသောငါးကို ရွှေငါးလို့ခေါ်ကြတယ်။
ရွှေရောင်တစက်မှ မပါတဲ့ ရွှေငါးတွေလည်း အများကြီး။ ငါးရွှေဆိုတာနဲ့ ရွှေငါး
ဆိုတာနဲ့လည်း မတူပြန်ဘူး။ ငါးရွှေဆိုတာက ရွေရောင်အဆင်းရှိတဲ့ ပင်လယ်ငါး။
လူရွှင်တော် ဦးရွှေငါးကတော့ အလှမွေးကန်ထဲမှာ နေတဲ့သူ မဟုတ်ပါ။

သေတ္တာထဲမှာ ငါးတွေရှိတယ်။ လူးနေတဲ့ ငါးတွေလည်း ရှိတယ်။ ရစ်နေတဲ့ ငါး
တွေ။ ဖိန်းနေတဲ့ ငါးတွေ။ ဖယ်နေတဲ့ ငါးတွေ။ ပျံနေတဲ့ ငါးတွေ။ ပိနေတဲ့ ငါးတွေ။
ပတ်နေတဲ့ ငါးတွေ။ လဲနေတဲ့ ငါးတွေ။ ထွေနေတဲ့ ငါးတွေ။ ဆူနေတဲ့ ငါးတွေ။
ရေထဲမှာ ငါးတွေ။ ရေကမ္ဘာဟာ ငါးတို့ရဲ့ ကမ္ဘာ။ အဖန်ငါးရာ ငါးကမ္ဘာနဲ့ မဆိုင်ဘူး။

အမျှားခံရတဲ့ ငါးတွေလို ငါတို့ဟာ တီကောင်တွေကို ကြိုက်ကြတယ်။ လှုပ်တုပ်
လှုပ်တုပ် ပိုးကောင်လေးတွေကို ကြိုက်ကြတယ်။ တီကောင်ကို အမိအရလှမ်း
အဟပ်။ စွိကနဲ လေထဲကို မြောက်သွားတော့တာပဲ။ လူနဲ့ငါး အမျှားခံရတာခြင်း
တူတယ်။ ငါးမျှားချိတ်ကို မမြင်တာ များတယ်။ လူသားစားတဲ့ ငါးတွေလည်း ရှိ
တာပဲ။ ငါးတွေကို လူတွေက စားကြသလိုပေါ့။

အပျင်းပြေအောင်၊ အပမ်းပြေအောင် လူတွေ ငါးမျှားထွက်ကြတယ်။ ငါးမိတဲ့
အခါ ပျော်ကြတယ်။ ပွဲခင်းတခုထဲမှာ၊ ရုပ်ရှင်ရုံထဲမှာ၊ အားကစားကွင်းထဲမှာ၊
ပြဇတ်ရုံထဲမှာ ပိုက်ကွန်ထဲမိနေတဲ့ ငါးတွေလို လူတွေ ။ အလုံးလိုက် အထွေး
လိုက်။ ဒို့တာဝန်က အရေးငါးပါး။ ရန်သူမျိုးကလည်း ငါးပါး။ ငါးညီမျှခြင်း ငါး။

အခုရေးတဲ့စာကို ငါးပိုဒ်မှာတင် ရပ်လိုက်ရင် ပိုပြီး ငါးသွားလိမ့်မယ်။ ဒါပေမဲ့ ငါး
ဟာမရပ်နိုင်ဘူး။ အာရုံငါးပါး ရှင်သန်နေသရွှေ့ ငါးဟာ ဆက်ပြီး ငါးနေလိမ့်ဦး
မယ်။ ရွှေငါးတွေကို ကြော်စားဖူးသလား။ ပင်လယ်ငါးကိုစားမှ ခေတ်မှီတယ်ဆိုပဲ။
တော်ပြီ။ ဒီမှာပဲ ငါးလိုက်တော့မယ်။ င ရေးချ ငါ ။ ၀စ္စနှစ်လုံး ပေါက်တော့...ငါးးးးးးး ။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

Hmoo said...

အမေရိကန်သိုးဆောင်းလိုပြောရင်တော့၊
မင်းဟာကိုယ့် ရဲ့ ငါးလေးပါ၊ကိုဘီလူးရယ်.. :)

Hmoo said...

ဧရာဝတီထဲမှာတော့
အမိမဲ့ သားရေနဲငါးတွေဖြစ်တော့မယ်...

AH said...

ငါးဋီကာ ဖတ်သွားပါတယ်...