4 years ago
Friday, September 30, 2011
တန်းလန်းကြီး ဖြစ်ရပေါ့
အခုတော့လည်း တန်းလန်းကြီးဖြစ်ရပေါ့ ။ တော်သေးတယ် ကိုရွှေသမ္မဒ ကယ်
ပေလို့။ သူ့ကို နိုဘလ်ဆု ပေးကြပါ ။ ကုလားထိုင်လှုပ်မယ့်အရေးမို့ သူ့ခင်မျာ
အကင်းပါးရှာတယ်။ အများတကာက ရပ်ဆိုတော့လည်း ရပ်လိုက်ရသပေါ့တဲ့။
ဒီလောက်နဲ့ပဲ သမ္မဒကို ရှဲရှဲနီနေကြပါပြီ။
တရုတ်ကို အလျှော်ပေးဖို့ မလိုပါဘူး။ မြန်မာမလေးတွေ ရထားပြီးပြီပဲ။ သစ်
တောကြီးတွေ ယူထားပြီးပြီပဲ။ ကျောက်စိမ်းတုံးတွေ သယ်ထားပြီးပြီပဲ။ ပေါ
ချောင်ကောင်းနဲ့။ ဒီ ဖုတ်လှိုက်ဖုတ်လှိုက် မြစ်ကလေး အသက်ဆက်ရဖို့
အရေး။ ဒီလို တန်းလန်းဖြစ်ဖို့အရေး။ သိုင်းလိုက်ရ ၀ိုင်းလိုက်ရ။
အနဂ္ဂရော၊ ရသရော၊ ဆောင်းဦးလှိုင်ရော၊ ပုတီးကုန်းရော၊ အော်ပီကျယ်ရော၊
ဒေါ်စုရော။ အမတ်မင်းရော။ မင်းသားကျော်သူ ဇနီးမောင်နှံရော။ ဖေ့စ်ဘုခ်ရော၊
ဂျီမေးလ်းရော။ ဘလော်ဂါရော။ တွစ်တာရော။ ကိုယ်ရော သူရော။ အားလုံးကို
ရှဲရှဲနီလိုက်ကြ။
ရိုးတွင်းချဉ်ဆီကို စုတ်ဖို့ တရုတ်က ပိုက်တွေတတ်ထားတာ အများကြီးကျန်သေး
တယ်။ Save The (..............) အဲဒီလို ပိုစတာတွေ၊ တီရှပ်တွေ၊ စတစ်ကာတွေ
များများသာ ကြိုလုပ်ထား။ တရုတ်လိုလည်း ဘာသာပြန်ထား။ 保存(.........)
အဲဒီလိုမျိုးပ။
လွယ်လွယ်ကူကူနဲ့ ငွေပေါ်တဲ့နည်းကတော့ ရှိတာထုတ်ရောင်းတဲ့နည်းပဲ။ အစိုးရ
မင်းများ ညဏ်ပြေးရှာတယ်။ အယုံအကြည်နည်းလို့ ထင်ပါ့။ ခေါ်ပေမဲ့လည်း ပြန်
လာတဲ့သူက မရဲတရဲ ခပ်နည်းနည်း။ ကိုအောင်ကြည်တို့လည်း ဧည့်ဂေဟာမှာ
ခပ်ပြုံးပြုံး။ ခေါင်းပေါင်းတွေတော့ ရောင်းအား မကျဘူးဆိုပဲ။ နေပြည်တော်နား
ရေကြီးနေတာလည်း မကျဘူးဆိုပဲ။
လွယ်တာကို ခက်အောင် လုပ်တတ်တာကလည်း နိုင်ငံရေးအနုပညာ တခုသာပ။
ဖမ်းထားရတာနဲ့ ။ ချီထားရတာနဲ့ ။ ချုပ်ထားရတာနဲ့ ။ ချိန်းလားချောက်လား လုပ်
ထားရတာနဲ့။ မီးစတဘက် ရေမှုတ်တဘက် ကိုင်ထားရတာနဲ့။ ကိုယ့်လိပ်ပြာလည်း
ကိုယ် မလုံ။ နောက်ကျောကလည်း မလုံ။ မလုံအစိုးရက လုံအောင်ဖုံးတဲ့ ပြဇတ်က
နေတော့ လူရယ်ရတာပေါ့။
ခေတ်မီအောင် အချိန်မီ မှတ်ပုံတင်ထားကြ။ မုန့်ဟင်းခါးဆိုင်။ အကြော်ဆိုင်။ အနှိပ်
ခန်း။ ဆယ်ရက်စခန်း။ ဒုက္ခသည်စခန်း။ နိုင်ငံရေးပါတီ။ ကလေးထိန်းကျောင်း။ တပ်
မတော်။ မြင်းလှည်းဂိတ်။ မှတ်ပုံတင်ရုံးလည်း အမြန်မှတ်ပုံတင်လိုက်ဦး။
ဆန့်ကျင်သူတွေကတော့ ဆန့်ကျင်တာပဲတတ်တာမို့ ဆက်ပြီးတော့သာ ဆန့်ကျင်ကြ။ ထောက်ခံသူတွေကလည်း ထောက်ခံတာပဲတတ်လို့ ဆက်ပြီးတော့သာ ထောက်ခံကြ။
ငြင်းဆန်သူတွေကလည်း ငြင်းဖို့ပဲတတ်လို့ ဆက်ပြီးတော့သာငြင်းဆန်ကြ။ ခေါင်းခါကြ။
ဘေးထိုင်ဘုပြောတွေကလည်း ဘေးမှာပဲဆက်ထိုင်။ ဘုတွေပဲဆက်ပြောကြ။ ရေနွေး
ကြမ်းလေးနဲ့။ ဆေးပေါ့လိပ်လေးနဲ့။
နိုင်ငံတော်ကြီး အလားအလာ ကောင်းပါတယ်။ မြစ်ဆုံတန်းလန်းကို ပြခန်းလုပ်ရင်
လောလောဆယ် ၀င်ငွေကောင်းနိုင်တယ်။ ဆုံဆို့နာ ကုသနည်းလည်း လေ့လာထား
ဦးမှ။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, September 29, 2011
ငါး (နှစ်)
ငါး(နှစ်)ဆိုတာ ငါးနှစ် မဟုတ်ဘူး။ ငါးဟင်းရဲ့ အနှစ်လည်း မဟုတ်ဘူး။
ငါးကို ရေနှစ်တာလည်း မဟုတ်ဘူး။ ငါးအကြောင်း အပိုင်းနှစ်ကို ဆိုလို
တယ်ဆိုတာ သဘောပေါက်ပြီးသား မဟုတ်လား။ သွားလေသူ ဦးနုက
ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ရေးခဲ့တယ်။ အဲဒီစာအုပ်မှာ ငါးအကြောင်း
တော့ မပါ။
ငါးအကြောင်းကို ရှေ့မှာလည်း ရေးပြီးသား ဘာထပ်လုပ်တာတုန်းလို့
မေးကြရင် (အဖြေ) တစ်ပိုင်းနဲ့ မ၀လို့ပါ။ ငါးစိမ်းကိုမြင်ရင် ငါးကင်ကိုတော့
မပစ်ကြပါနဲ့ ငါး (တစ်) ကိုလည်း ဖတ်ကြပါ။ ငါးအကြောင်းမို့ မကြိုက်ဘူး
ဆိုရင်တော့ မဖတ်ကြနဲ့ပေါ့။ ငါးကြော်မကြိုက်ရင် ကြောင်မိုက်လို့ ပြောကြ
လိမ့်မယ်။ ငါးခုံးမ တကောင်ကြောင့်တော့ တလှေလုံး အပုပ် မခံနိုင်ဘူး။
ငါးပွက်ရာ ငါးစာချတဲ့နည်းနဲ့ ဒီစာကို ရေးပါတယ်။ မကောင်းဘူး ဆိုရင်လည်း
ငါးတကာယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းမှာပဲ စုစေတော့။ အများစုကတော့
ရေလိုက် ငါးလိုက်နည်းနဲ့ စာတွေရေးကြတယ်။ ရေလိုက်လွဲတဲ့အခါ ငါးသိုင်း
တွေများပြီး ဟင်းတွေ ဟုံကုန်တယ်။ ရေးသမျှ အကုန်တော့ မကောင်းနိုင်
ဘူးပေါ့။ ငါးပိနဲ့ လောက် ၊ ရွှေနဲ့ ကျောက်ဆိုတာ ရှိသမို့လား။
ငါးရံ့ရ အတူတူ ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်းဆိုတာ မြန်မာ့နိုင်ငံရေးပြဇတ်မှာ အခု
ချိန်ကစပြီး ရှုစားနေရပြီ။ မရင့်ကျက်တဲ့သူတွေ။ အရေမထူတဲ့သူတွေက
အဝေဖန်ခံရရင် ငါးရံ့ပြာလူး ဖြစ်ကုန်ရော။ ငါးရံ့ကိုယ်လုံးလေးကိုတော့
ငါးရံ့ခြောက်ဖုတ်ထက် ပိုပြီးကြိုက်တဲ့အကြောင်း ၀န်ခံပါရစေ။
အရေးကြီးတာက ငါးရိုးမျက် လက်တို မဖြစ်စေဖို့ပဲ။ ကြာကြာဝါးမယ့် သွား
အရိုးကြည့်ရှောင်မှ ဖြစ်မယ်။ မဆင်မခြင်နဲ့ စားမိဝါးမိလို့ ငါးအရိုး စူးသွားရင်
ကိုယ့်လက်က ရှည်နေရင် တော်သေး။ တိုနေလို့ကတော့ အရိုးကို ပြန်မနှုတ်
နိုင်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို စောင်းပြောတာ မဟုတ်။
မစိုးရိမ်ပါနဲ့ လွတ်တဲ့ငါးများ မကြီးကြပါ။
ဆလ်မွန်ငါးတို့အပြန်သီချင်းက အခုတခါ တကြော့ပြန် ခေတ်စားနေပါလား။
အပြန်ကိစ္စတွေပေါ်နေသရွှေ့ ဒီသီချင်းက လူကြိုက်များနေမယ့်သီချင်းပေါ့။
ဆလ်မွန်ငါးက ကင်စားရင် သိပ်ကောင်းတယ်။ ဆူရှီနဲ့စားလည်း ကောင်း
တာပဲ။ အမေရိကန်ရောက် မြန်မာဆူရှီသမားတွေက ဆလ်မွန်ငါးတွေကို
လှီးကြတဲ့အခါ သွားလေသူ ကိုခင်ဝမ်းရဲ့ ဆလ်မွန်ငါးသီချင်းကို ဆိုမိတတ်
ကြပါသတဲ့။ ဆိုတဲ့အခါတိုင်းလည်း အိမ်ကို လွမ်းတတ်ကြပါသတဲ့။ လူစင်စစ်
က ငါးဖြစ်ခြင်းပေါ့။
ငထွေရူးနဲ့ ငလုံးလဖယ်ဆိုတာကတော့ ငါးတွေ မဟုတ်ပါ။ ကျန်စစ်သားရဲ့
ဘော်ဒါတွေ။ ဆူပါဟီးရိုးတွေပေါ့။ နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ် မြင်ရပါ
လိမ့်ဦးမယ်။ ခုန်မယ် ၊ ပျံမယ် ၊ တိုက်မယ် ၊ ခိုက်မယ် ပုဂံခေတ်နောက်ခံ
မြန်မာ့အက်ရှင် ဇတ်ကြမ်းတွေ။ ငရမန်ကန်းဆိုတာလည်း ငါးမဟုတ်ဘူး။
ကျန်စစ်သားနဲ့ ခေတ်ပြိုင်ပဲ။
မြန်မာစကားမှာ ငါးကိုလည်း င အသံထွက်တော့ ရှုပ်ကုန်ရော။ ငါးရဲကြီး
တယ်လို့ လုပ်လို့မရ။ ငရဲကြီးသွားမယ် ငနဲလေးရဲ့။ ငရဲမီးစာ မိသွားချင်လား
ငစနူလေး။ ဘယ်သူသေသေ ငါးတေမာရင် ပြီးရော မဟုတ်။ ဘုရားလောင်း
ငါးမင်းဆိုတာလည်း မကြားဖူး။
ငါးမင်းဆွေဆိုတာကတော့ ငကြောင်ပါ။ ငကြောင်ဆိုတာက ငါးနဲ့ ကြောင်နဲ့
ပေါင်းထားတဲ့ အကောင်။ အမေရိကန်တွေက ငါးခူကို ကြောင်ငါးတဲ့။ နှုတ်
ခမ်းမွှေးပါလို့ ဖြစ်လိမ့်မယ်။ နှုတ်ခမ်းမွှေးနဲ့ငါးက ၀င်းဦးနဲ့ တူနိုင်တယ်။ နှုတ်
ခမ်းမွှေးတိုရင် ငါးဟစ်တလာ။ ဒါမှမဟုတ် ငါးချာလီ။
ငါးလိုလိုဖါးလိုလို အကောင်တွေကိုတော့ ဖါးတပိုင်းငါးတပိုင်းတဲ့။ ရှင်းတယ်။
မရှင်းတာက လူနဲ့ငါးနဲ့ ပေါင်းထားတဲ့အရာ။ ရေသူမတဲ့။ ဤတွင် ငါးဇတ်သိမ်း၏ ။
(ရုပ်ပုံ ၊ ဂူဂလ်)
Wednesday, September 28, 2011
ငါး
ငါးတွေဟာ ရေထဲမှာ ပျံနေတဲ့ ငှက်တွေပေါ့။ ငှက်တွေကတော့ လေထဲမှာ
ကူးနေတဲ့ ငါးတွေ။ တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါးနဲ့ ရေထဲက ငါး ဘယ်ငါးက
အရင် ငါးလို့ အခေါ်ခံခဲ့ရသလဲ။ ငါးမရတဲ့အခါ ရေချိုးပြီး ပြန်ရုံပ။ ကျားဆိုမှ
ကျားတောင် ရှိသေးတာပဲ။ ငါးဆိုမှ ငါးလည်း ရှိရမှာပေါ့။ ကျားထက်သန်တဲ့
ငါးတွေ ရေထဲမှာ အများကြီး။
ငါးဂဏန်းက သင့်ကို အကျိုးပေးမယ်။ မမင်းဖြူ မှန်မှန်ပြောလိမ့်မယ်။ ငါးရာ့
ငါးဆယ်ဇတ်တော်တွေက ပျင်းဖို့ သိပ်ကောင်းတယ်။ ယစ်မူးပျော်မွေ့စေတဲ့
ချောင်းဆိုးပျောက်ဆေးရည်တမျိုးကိုလည်း သုံးစွဲသူတွေက ငါးလို့ခေါ်တယ်။
ငါးပါးသီလကို လုံအောင်ထိမ်းကြပါလို့ ဘူဘူချင်း တစ်လုပ်သူတွေက ပြော
နေတယ်။ ဒီလူတွေလုပ်တာနဲ့ ငါးပါးမှောက်ပေါင်း များလှပြီ။ ငါးကြင်းဆီနဲ့
ငါးကြင်းကို အကြော်ခံရတာလောက် ငါးရာဇ၀င်မှာရိုင်းတာ မရှိဘူး။ ငါးကို
အခြောက်လှမ်းတော့ ငါးခြောက်ဖြစ်ကရော။ ငါးပြီးတဲ့အခါမှာလည်း ခြောက်
ဆိုတာ ရောက်လာရော။ ငါးဆယ့်ခြောက်ဆိုတာ ငါးနဲ့ခြောက်နဲ့ပေါင်းထားတဲ့
အရာ။ ခြောက်နေတဲ့ ငါး မဟုတ်ပြန်ဘူး။
ငါးတစ် တတစ်ကို ဦးနေ၀င်းခေတ်မှာ ငါးတစ် တစ်တစ်လို့ ရေးမှ မှန်တယ်။
ကြာသပတေးနေ့မှာ ငါးမူးစေ့ကို လက်ငါးချောင်းနဲ့ ဆုပ်ကိုင်ထား။ ငါးဟင်း
ကို စားပြီး ငါးသီချင်းကို ဆိုပါ။ ဝေလငါးကို မြင်ဘူးလား။ ဝေလနယ်ကို ရောက်
ဖူးလား။ ဝေလုကျော် ငါးမွေးသလား။ ၀ီလျှံဆိုတာ လှည်းတန်းဈေးမှာ ငါး
ရောင်းတဲ့သူ။ ဝေးလုခါ ဝေးနေချိန်သီချင်းကို ၀ီလျှံက ဆိုတယ်။ အဲဒီဝီလျှံက
ငါးမရောင်းဘူး။
ချဉ်နေတဲ့ငါး မရှိပေမဲ့ ငါးချဉ်ဆိုတာတော့ ရှိတယ်။ သိုင်းတတ်တဲ့ ငါးကို ငါးသိုင်း
လို့ခေါ်တယ်။ အိန္ဒိယမှာ ပုဏ္ဏားတွေက ဇတ်မြင့်တယ်။ ငါးပုဏ္ဏားကတော့ ဈေး
မမြင့်ဘူး။ ပုတ်သင်ညိုနဲ့ငါးနဲ့ အိမ်ထောင်ကျတဲ့ဇတ်လမ်း ရှိခဲ့ပုံပဲ။ ငါးပုတ်သင်
ဆိုတာ မြစ်ငါးတမျိုးပါ။ ရွှေရောင်အဆင်းရှိသောငါးကို ရွှေငါးလို့ခေါ်ကြတယ်။
ရွှေရောင်တစက်မှ မပါတဲ့ ရွှေငါးတွေလည်း အများကြီး။ ငါးရွှေဆိုတာနဲ့ ရွှေငါး
ဆိုတာနဲ့လည်း မတူပြန်ဘူး။ ငါးရွှေဆိုတာက ရွေရောင်အဆင်းရှိတဲ့ ပင်လယ်ငါး။
လူရွှင်တော် ဦးရွှေငါးကတော့ အလှမွေးကန်ထဲမှာ နေတဲ့သူ မဟုတ်ပါ။
သေတ္တာထဲမှာ ငါးတွေရှိတယ်။ လူးနေတဲ့ ငါးတွေလည်း ရှိတယ်။ ရစ်နေတဲ့ ငါး
တွေ။ ဖိန်းနေတဲ့ ငါးတွေ။ ဖယ်နေတဲ့ ငါးတွေ။ ပျံနေတဲ့ ငါးတွေ။ ပိနေတဲ့ ငါးတွေ။
ပတ်နေတဲ့ ငါးတွေ။ လဲနေတဲ့ ငါးတွေ။ ထွေနေတဲ့ ငါးတွေ။ ဆူနေတဲ့ ငါးတွေ။
ရေထဲမှာ ငါးတွေ။ ရေကမ္ဘာဟာ ငါးတို့ရဲ့ ကမ္ဘာ။ အဖန်ငါးရာ ငါးကမ္ဘာနဲ့ မဆိုင်ဘူး။
အမျှားခံရတဲ့ ငါးတွေလို ငါတို့ဟာ တီကောင်တွေကို ကြိုက်ကြတယ်။ လှုပ်တုပ်
လှုပ်တုပ် ပိုးကောင်လေးတွေကို ကြိုက်ကြတယ်။ တီကောင်ကို အမိအရလှမ်း
အဟပ်။ စွိကနဲ လေထဲကို မြောက်သွားတော့တာပဲ။ လူနဲ့ငါး အမျှားခံရတာခြင်း
တူတယ်။ ငါးမျှားချိတ်ကို မမြင်တာ များတယ်။ လူသားစားတဲ့ ငါးတွေလည်း ရှိ
တာပဲ။ ငါးတွေကို လူတွေက စားကြသလိုပေါ့။
အပျင်းပြေအောင်၊ အပမ်းပြေအောင် လူတွေ ငါးမျှားထွက်ကြတယ်။ ငါးမိတဲ့
အခါ ပျော်ကြတယ်။ ပွဲခင်းတခုထဲမှာ၊ ရုပ်ရှင်ရုံထဲမှာ၊ အားကစားကွင်းထဲမှာ၊
ပြဇတ်ရုံထဲမှာ ပိုက်ကွန်ထဲမိနေတဲ့ ငါးတွေလို လူတွေ ။ အလုံးလိုက် အထွေး
လိုက်။ ဒို့တာဝန်က အရေးငါးပါး။ ရန်သူမျိုးကလည်း ငါးပါး။ ငါးညီမျှခြင်း ငါး။
အခုရေးတဲ့စာကို ငါးပိုဒ်မှာတင် ရပ်လိုက်ရင် ပိုပြီး ငါးသွားလိမ့်မယ်။ ဒါပေမဲ့ ငါး
ဟာမရပ်နိုင်ဘူး။ အာရုံငါးပါး ရှင်သန်နေသရွှေ့ ငါးဟာ ဆက်ပြီး ငါးနေလိမ့်ဦး
မယ်။ ရွှေငါးတွေကို ကြော်စားဖူးသလား။ ပင်လယ်ငါးကိုစားမှ ခေတ်မှီတယ်ဆိုပဲ။
တော်ပြီ။ ဒီမှာပဲ ငါးလိုက်တော့မယ်။ င ရေးချ ငါ ။ ၀စ္စနှစ်လုံး ပေါက်တော့...ငါးးးးးးး ။
(ရုပ်ပုံ ၊ ဂူဂလ်)
Tuesday, September 27, 2011
ဦးနေ၀င်းကို ငါမသတ်ဘူး
ဘုမသိ ဘမသိနဲ့ ဦးနေ၀င်းခေတ်မှာ လူဖြစ်လာသူပါ။ ရဲဘော်သုံးကျိပ်ဝင်
ပုဂ္ဂိုလ်ကြီးမို့ သူရဲကောင်းတဦးလို့ မှတ်ခဲ့ရပါတယ်။ လမ်းစဉ်ပါတီဝင် မဖြစ်
ခဲ့ပေမဲ့လည်း အညမည သဘောတရားတွေ၊ ဆိုရှယ်လစ်စာပေတွေ ဟိုတစ
ဒီတစ ဖတ်ဖူး၊ မှတ်ဖူးခဲ့သပေါ့။
ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလား။ ကွန်မြူနစ်အနွယ်ဝင်တွေနဲ့
မိတ်ဆွေဖြစ်ခဲ့ရ။ တော်လှန်ရကောင်းမှန်း သိခဲ့ရ။ ဦးနေ၀င်းဟာ အာဏာရှင်
ကြီးမှန်း သိခဲ့ရ ။ သူ့ကိုဆန့်ကျင်။ တိုက်ပွဲဝင်။ “နေ၀င်း၊ စန်းယု အလိုမရှိ”
အဲဒီက စခဲ့ပါတယ်။
၈၈မှာ လူတွေသေတော့ နေ၀င်းကိုလည်း သေစေချင်ခဲ့တယ်။ လူထုအားနဲ့
အနိုင်ယူ။ နေ၀င်းကို ဖမ်း။ ခုံရုံးတင်။ သေဒဏ်ပေး။ စိတ်မှာ သိပ်နာခဲ့တယ်။
နောက်ဆုံးတော့လည်း ဦးနေ၀င်းက သူ့ဟာသူ လူကြီးရောဂါလေးနဲ့ပဲ အေး
အေးဆေးဆေး သေသွားခဲ့တာပါ။
စန်းယုကိုလည်း မုန်း၊ စိန်လွင်ကိုလည်း မုန်း။ မောင်မောင်ကိုလည်း မုန်း။
စောမောင်ကိုလည်း မုန်း။ သူတို့တွေလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ အေး
အေးဆေးဆေး သေဆုံးသွားခဲ့ကြ။ တရားဥပေဒရှေ့ကို ဘယ်သူကမှ မခေါ်
ဆောင်နိုင်ခဲ့ပါဘူး။ လောကကြီးက မတရားဘူးလို့ ခပ်စောစောကတည်းက
သဘောပေါက်ထားပြီးသားပါ။ သူတို့တွေကို မုန်းရင်း ငါကိုယ်တိုင်လည်း တိုင်း
ပြည်နဲ့ ဝေးသည်ထက် ဝေး။
သူတို့တွေလွန်တော့ လာပြန်ပြီ နောက်တဦး။ ကျောက်ဆည်သား သန်းရွှေ။
ငါ့လိုပဲ တရုတ်သိုင်းကားကြိုက် ဆိုပဲ။ သူ့ကိုလည်း ဆက်ပြီးမုန်းပါတယ်။ ခုံ
ရုံးတင်ပြီး သတ်ချင်နေတုန်းပါပဲ။ အခြေအနေတွေကြည့်ရတာ သူလည်း သူ့
စရိတ်နဲ့သူ အေးအေးချမ်းချမ်း သွားမယ့်ပုံပါပဲ။
ခင်ညွန့်ကိုလည်း မုန်းတာပဲ။ ထောင်ကျနေလည်း တစက်မှ မသနားဘူး။ အခု
တော့ ဖြစ်နေကြပုံများ။ ခေတ်သစ်မြန်မာ့သမိုင်းမှာ အရက်စက်ဆုံး စစ်ထောက်
လှန်းရေးတွေကိုပဲ မိတ်ဆွေကောင်းလို့ မှတ်ရမလိုလို အသံတွေညံလို့။ ခုံရုံးကို
တက်စေချင်တဲ့သူတွေက တခြား။ တက်နေရတဲ့သူတွေက တခြား။ “ဖြစ်မှ ဖြစ်
ရလေ” ဆိုတာ ဒါကိုပြောတာပေါ့။
အခုလည်း ခွေးပါးစပ်က နတ်စကားထွက်။ ရွှေမန်းက လွှတ်တော်ထဲမှာ
“ ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျား...” တဲ့။ ဖြစ်ရပုံက။ အင်တာနက်
တွေပြန်ဖွင့်ပေးလို့ ကိုရွှေကျော်ဆန်းကပဲ သဘောကောင်းတဲ့ ကျောင်းတကာ
ကြီးလိုလို။ ဒေါ်စုနဲ့တနာရီလောက် ထိုင်စကားပြောလို့ ကိုရွှေသိန်းစိန်ကိုပဲ
ကျေးဇူးရှင်စာရင်း သွင်းရတော့မလိုလို။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်
ပေးတဲ့အခါကျရင်လည်း ကောင်းမှုကုသိုလ် လုပ်ပေးရှာတယ်ဆိုပြီး သာဓု
အကြိမ်ကြိမ် ခေါ်ရတော့ မလိုလို။ ချည်ထားတဲ့ကြိုးတွေ တရစ်ချင်း ပြန်ဖြည်
ပေးနေတာကိုပဲ နိုင်ငံတကာအလိုက် ၀မ်းသာပေးနေရ။ ဒို့အဖြစ်က ဒီလို။
အခုတော့လည်း ဒီမိုကရေစီဆိုတာ တောင်းယူလို့ မရ။ တိုက်ယူလို့လည်း မရ။
သူတို့ပေးမှ ရမယ့်အရာ ဖြစ်နေပါပေါ့လား။ အို...ဘယ်လိုပဲ ရရ ။ ရရင် ပြီးရော
မဟုတ်ဘူးလား။ ရရင် ရ ၊ မရရင် ချလို့ အော်ခဲ့တာ။ ရမှ မရပဲကိုး။
တိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေ၊ ထောင်တွေထဲ နေပေးခဲ့သူတွေ။ ဘဝ
ပျက်ခဲ့ရသူတွေ။ သူတို့တွေ ရင်းပေးရတာ တန်၏ မတန်၏။ မစဉ်းစားရဲတော့ပါ။
သွားလေသူ ဦးနေ၀င်းကတော့ အထက်ပုံမှာ မြင်ရတဲ့အတိုင်း ပြုံး၍သာ နေပေ
ဦးတော့မည်။
ဦးနေ၀င်းသေတာ ငါ့ကြောင့် မဟုတ်ပါ ။
(ရုပ်ပုံ ၊ ဂူဂလ်)
Monday, September 26, 2011
မေမြို့
လမ်းအတက်မှာ
စိမ်းကနဲ...စိမ်းကနဲ
လေအတိုးမှာ
အေးကနဲ...အေးကနဲ
အဝေးကနေပဲ
စိတ်ကူးနဲ့ ပြန်ရောက်တယ် ။
ဇာတိမြေဟာ
စိမ်းစို မွှေးမြပြီး
အေးစက် ခြောက်ကပ်လို့
အားလုံးဟာ အရင်အတိုင်း
စိတ်ထဲမှာ အရင်အတိုင်းပဲ ရှိတယ် ။
မြေနီနီတွေ
အရာရာမှာ စွန်းပေ
စိုက်တဲ့ပန်းရော ၊ မစိုက်တဲ့ပန်းရော
စိုက်တဲ့အသီးရော ၊ မစိုက်တဲ့အသီးရော
ပေါက်လွန်း၊ ပွင့်လွန်း၊ သီးလွန်းတဲ့မြို့ ။
မက်မန်းသီး
ဂေါ်ရခါးအရက်
ဆေးခြောက်ပင်
မုန့်ညှင်းချဉ်
ရထားလုံးသံ တခွပ်ခွပ်နဲ့
ဆွယ်တာအင်္ကျီဝတ်ထားတဲ့မြို့ ။
သမိုင်းဝင်ဒဏ်ရာတွေလည်း
သူလိုကိုယ်လို ရှိတဲ့မြို့ပေါ့ ။
သူပစ် ကိုယ်ပစ်
ပစ်ထားခဲ့တာ ကြာပြီ
ဘယ်သူ့ကိုမှ
အပြစ် မတင်လိုတော့ပါ ။
ငါပြန်လာတဲ့အခါ
အရင်လိုပဲ
မှုန်ကုပ်ကုပ်နဲ့
စိမ်းပြီး အေးနေရင် ပြီးရော ။
မတိုးတက်တာလေးကပဲ
အခုတော့
အရသာ ဖြစ်ရပြန်ပေါ့
ငါ့မှာ ။
(ဓါတ်ပုံ ၊ National Geographic)
Thursday, September 22, 2011
ကုလားထိုင်
ကုလားအကြောင်း ခေါင်းစဉ်တတ်လိုက်တော့ မကောင်းတဲ့အကြောင်းတွေ
ရေးလိမ့်မယ်လို့ မထင်ပါနဲ့။ ကုလားကောင်းကြောင်း ရေးမယ်လို့လည်း မထင်
ပါနဲ့။ မြန်မာပြည်နဲ့ကပ်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုအကြားမှာ
မြန်မာတွေက အိန္ဒိယဘက်ကို ပိုယိမ်းတဲ့အကြောင်း ပြောချင်လို့ပါ။ ဒါများ ငါ
သိပြီးသားဆိုလည်း ဆက်ဖတ်မနေပါနဲ့တော့။
သမိုင်းသမားလို အထောက်အထားအခိုင်အလုံနဲ့ သမိုင်းစဉ်နဲ့ချီပြီး အချက်ကျကျ
တင်ပြနိုင်မှာ မဟုတ်ပါ။ သေချာတာကတော့ ဗုဒ္ဓဆိုတာ ကုလားကြီးပါပဲ။ ဒီကုလား
ကြီးကိုပဲ ဘုရားအဖြစ် တရုတ်ကလည်း ကိုးကွယ်။ မြန်မာကလည်း ကိုးကွယ်။
ဒါပေမဲ့ မြန်မာတွေရဲ့ကိုးကွယ်မှုပုံစံက တရုတ်ထက်စာရင် အိန္ဒိယဘက်ကို သိသိ
သာသာ ပိုပြီးယိမ်းပါတယ်။
ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက တရုတ်နဲ့ရော အိန္ဒိယနဲ့ပါ မြန်မာက
အဆက်အစပ်ရှိခဲ့တာပါ။ ဘယ်ဘက်ကို ဆက်ဆံရေး ပိုများသလဲတော့ မသိပါ။
အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းတဲ့အခါ မြန်မာဟာ အိန္ဒိယနိုင်ငံထဲ အလိုလိုရောက်
သွားပါတော့တယ်။ အဲဒီမှာ မြန်မာနဲ့အိန္ဒိယက ပီပီပြင်ပြင်ကြီး လုံးလားထွေးလား
ဖြစ်သွားတော့ တာပါပဲ။ နောက်ဆုံးမတော့ မြန်မာတွေရဲ့နန်းကျဘုရင် သီပေါလည်း
အိန္ဒိယမှာ ဇတ်သိမ်းရတဲ့အဖြစ်။ သူ့ရဲ့မျိုးဆက်လည်း အိန္ဒိအနွယ်ဝင်တွေဘ၀ ရောက်
ရတဲ့အဖြစ်။
အိန္ဒိယနဲ့ အဲဒီလောက် အဆက်အစပ်ရှိခဲ့လို့လည်း အိန္ဒိယရဲ့အရိပ်အရောင်တွေက
မြန်မာတွေဆီမှာ ပိုများနေတာပေါ့။ မြန်မာဝေါဟာရတွေမှာကိုပဲ “ကုလား” ဆိုတဲ့
စကားက “တရုတ်”ဆိုတာထက် ပိုများပါတယ်။ စာရင်းလုပ်ကြည့်ရအောင်။
ကုလားကာ။ ကုလားကျောင်း။ ကုလားတက်။ ကုလားတည်။ ကုလားထိုင်။ ကု
လားပဲ။ ကုလားဖန်ထိုး။ ကုလားဖြူ။ ကုလားမခြေထောက်။ ကုလားမျက်စိ။ ကု
လားရွှေ။ ကုလားသေ ကုလားမော။ ကုလားဟင်း။ ကုလားအော်။ ကုလားအုတ်။
ကုလားအုံးဆောင်းထပ်။ ချစ်တီးကုလား။ ကုလားတန်မြစ်။ ကုလားကျမင်း။
ကုလားသိုက် ကျားကိုက်။ ကုလားဒိန်။ ကုလားမခြင်းဆွဲနို့ဆီ။ တပေကုလားရွာ။
ကုလားလေး မဆလာ။ ကုလားကျော်ဟိန်း။ ကုလားပလီ။ ကုလားကင်ပွန်းသီး။
ဦးကုလားရာဇ၀င်။ ကျန်တာရှိရင် ဆက်ကြပါဦး။
တရုတ်နဲ့ပတ်သက်လို့ကတော့... ။
တရုတ်ကတ်။ တရုတ်စံကားပန်း။ တရုတ်မြောင်း။ တရုတ်အိမ်။ တရုတ်ပြေးမင်း။
တရုတ်ဘုံကျောင်း။ တရုတ်တန်း။ တရုတ်မန်ကျီးသီး။ ဒီလောက်ပဲ တွေ့ရတယ်။
မြန်မာပြည်မှာတရုတ်နဲ့ကုလား လူအရေအတွက်ကဘယ်ဟာက ပိုများသလဲ မသိ
ပါ။ လူဝင်မှုကြီးကြပ်ရေးက စာရင်းထုတ်သော် မကောင်းလော။
ကုလားဆိုတဲ့ ဝေါဟာရကို မြန်မာအဘိဓာန်မှာ ဒီလိုရှင်းပါတယ်။
(၁) အိန္ဒိယတိုက်ငယ်မှလာသော လူမျိုးများ။ (၂) သာမန်အားဖြင့် မြန်မာနိုင်ငံ
၏ အနောက်ဘက်ရှိ တိုင်းနိုင်ငံများမှ လာသူများ။ (၃) စက္ကူဖဲတွင် ဂျက်၊ ကွင်း၊
ကင်း ဖဲချပ်ကို ခေါ်သောစကား။ နိုင်ငံခြားမှ လာသော။ နိုင်ငံခြားမှ ဖြစ်သော။
အဲဒီလို ဆိုပါတယ်။ ဒါဆိုရင် တရုတ်ကို ဘာလို့ ကုလားလို့ မခေါ်လဲ။ သူလည်း
နိုင်ငံခြားက လာတာပဲ။
အဘိဓာန်ရဲ့ရှင်းလင်းချက်အတိုင်းဆိုရင် ကုလားနဲ့ပတ်သက်ပြီး နာစေ၊ သာစေ
တခုမှ မပါပါဘူး။ ဒါပေမဲ့ တချက်တချက် မြန်မာတွေက ကုလား..ကုလားနဲ့ခေါ်
နေကြတာ လူအချင်းချင်း နှိမ်ပြီးပြောသလို ခံစားနေရတာ ကြာပါပြီ။ အဲလိုတော့
မဖြစ်သင့်ပါဘူး။ နှိမ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပြောမိနေတာ အကျင့်ပါနေပြီဆိုရင်
ပြင်ဖို့ ကောင်းပါတယ်။ အိန္ဒိယန်းလို့ခေါ်ရင် ကောင်းမလား။ အိန္ဒိယနိုင်ငံသားတွေ
က သူတို့ကို ဘယ်လိုခေါ်စေချင်တာလဲ။ ကုလားကို နှိမ်ရအောင် ကိုယ်က ဘာမို့
လဲ။
တရုတ်ကိုရော မြန်မာတွေက ဘာကြောင့် တရုတ်လို့ခေါ်ကြသလဲ။ နာစေ၊ သာစေ
သဘောပါနေသလား။ ဒီလိုဆိုရင် မကောင်းဘူး။ မြန်မာတွေကို နှိမ်တဲ့သဘောနဲ့
နာမည်တမျိုးပေးပြီး ခေါ်နေရင် ကြိုက်မလား။ ကိုယ်ချင်းစာစိတ်နဲ့ နေထိုင်ဆက်ဆံ
ကြတာ ကောင်းတယ်။ ယဉ်ကျေးတယ်လို့ ခေါ်တယ်။ မြန်မာတွေ ယဉ်ကျေးသလား။ ဘယ်လောက်ယဉ်ကျေးတာလဲ။ ဒီမေးခွန်းတွေက မကြာခဏမေးနေရမယ့် မေးခွန်း
တွေပါ။ အဲဒါမှလည်း ကောင်းတဲ့ဘက်ကို ပိုရောက်လာမှာ။ ရေးတာ သိပ်ရှည်သွားပြီ။
ကုလားဇတ်ဆိုတော့လည်း ဒီလောက်တော့ ရှည်မပေါ့လေ။ မှုတ်ဘူးလား။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, September 15, 2011
ဆင်းရဲမှုက အကုန်ဖန်တီးတယ်
ဆင်းရဲမှုဟာ ဘုရားသခင်ကိုတောင် အယုံအကြည်မဲ့ စေတယ်။ ဒုက္ခရောက်တဲ့
အခါ ဘုရားသခင် ဘယ်မှာရောက်နေသလဲ။ ဆင်းရဲတဲ့အခါ ဘုရားလူကြီးလည်း
အလှူခံပုံးထဲက ပိုက်ဆံတွေ ခိုးတယ်။ နိုင်ငံ့ခေါင်းဆောင်လည်း သူခိုးခေါင်းဆောင်
ဖြစ်တယ်။ ရှာဖွေ စုဆောင်းထားသမျှ ဆင်းရဲမှုက အကုန်သုံးလိုက်တယ်။ ချစ်လို့
ယူထားတဲ့ လင်မယားလည်း ကွဲ။ သားတကွဲ ။ မယားတကွဲ။ သေကွဲ မကွဲ ၊ ရှင်ကွဲ
ကွဲ ။ ဆင်းရဲပြီဆိုမှတော့ အကုန်ဖြစ်တော့တာပဲ။
ဆင်းရဲတဲ့အခါ ကျောင်းအုပ်ဆရာကြီးလည်း သူခိုးကြီးဖြစ်ကရော။ ကျောင်းဆရာမ
လေးလည်း သူခိုးလေးဖြစ်ရော။ မလောက်ငတဲ့အခါ ကလေးတွေဆီက အေးဓါးပြ
တိုက်ကြရတယ်။ ဆရာတော်ဘုရားကလည်း များများလှူမှ ကြိုက်တော်မူတယ်။
ဆင်းရဲမှုက ဖြောင့်နေတဲ့အရာတွေကို ကွေးစေတယ်။ ဆင်းရဲတဲ့အခါ အတ္တစိတ်က
ပိုထင်ရှားတယ်။ အသက်ရှူ မ၀တော့ ကိုယ်အသက်ရှူနိုင်ရေး ၊ အသက်ဆက်နိုင်
ရေး သူများရဲ့ခေါင်းကို နင်းကြတယ်။ မိတ်ဆွေတွေကို ရန်သူဖြစ်အောင် ဆင်းရဲမှု
က ဖန်တီးတယ်။
ဆင်းရဲတဲ့အခါ သွေးကလည်း ဈေးကြီးသွားတယ်။ အသက်ကို လွယ်လွယ်နဲ့
မ၀ယ်နိုင်တော့ဘူး။ ခရီးတွေကလည်း ပိုပြီးဝေးသွားတယ်။ အချိန်တွေကလည်း
ပိုပြီးကြာသွားတယ်။ ဆင်းရဲခြင်း ကြီးတဲ့အခါ ဒေါသတွေလည်း ပိုကြီး။ မျှော်လင့်
ချက်တွေ ပျောက်။ စိတ်ဓါတ်တွေ ကျ။ ကျတဲ့စိတ်ဓါတ်တွေ နာကျင်။ နာကျင်တဲ့
စိတ်ဓါတ်တွေ ပျက်စီး။ ပျက်စီးတဲ့စိတ်ဓါတ်တွေ ပေါက်ကွဲ။ ပေါက်ကွဲတဲ့ စိတ်ဓါတ်
အပျက်တွေက ပတ်ဝန်းကျင်ကို ထိမှန်။ ပတ်ဝန်းကျင်တခုလုံး ပျက်သုန်း။ ဆင်းရဲ
ခြင်းဟာ သူရဲကောင်းတွေ၊ သစ္စာဖေါက်တွေ၊ အာဇာနည်တွေကို ဖန်တီးတယ်။
ဆင်းရဲမှုဟာ အကျဉ်းထောင်တွေမှာ လူစည်ကားအောင်လည်း ဖန်တီးတယ်။
လမ်းမတွေပေါ်မှာ သူတောင်းစားတွေ တိုးမပေါက်အောင်လည်း ဖန်တီးတယ်။
လူသတ်မှုစာရင်း တိုးလာအောင်လည်း ဖန်တီးတယ်။ လင်ငယ်၊ မယားငယ်ဇတ်
လမ်းတွေလည်း ဖန်တီးတယ်။ ကလေးပြည့်တန်ဆာတွေကိုလည်း ဖန်တီးတယ်။
ကိုယ်မွေးထားတဲ့ ကလေး ကိုယ်ပြန်ရောင်းစားရတဲ့အဖြစ်ကိုလည်း ဖန်တီးတယ်။
ကိုယ်တိုင် သေကြောင်းကြံစည်မှုတွေကိုလည်း ဖန်တီးတယ်။ ဆင်းရဲတဲ့အခါ
အသက်ကို အရှက်နဲ့ လဲကြတယ်။ အရှက်ကိုလည်း အသက်နဲ့ လဲကြတယ်။
သဘာဝ နိယာမတရားအရ အဆိုးထဲမှာလည်း အကောင်းက ရှိနေတတ်ပြန်တယ်။
ဆင်းရဲမှုကြောင့် ကောင်းတာတွေ ဘာဖြစ်သလဲ။ ဆင်းရဲခြင်းဟာ အပြောင်းအလဲကို
လည်း ဖန်တီးတယ်။ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အခါ ဆင်းရဲရတဲ့ အကြောင်း
အရင်းကို ရှာဖွေလာသူတွေ ရှိတယ်။ ဆင်းရဲခြင်းဘေးက လွတ်မြောက်အောင်
အဖြေထုတ်လာသူတွေ ရှိတယ်။ ဆင်းရဲသူတွေကို ကယ်တင်မယ့်သူတွေ ရှိလာ
တတ်တယ်။ ဆင်းရဲခြင်းပြဿနာကို ဖြေရှင်းကြဖို့အရေးမှာ အချင်းချင်း ယုံကြည်မှု
တွေ တိုးစေတတ်ပြန်တယ်။ ဆင်းရဲခြင်းကို အားတခုအဖြစ် အသုံးချနိုင်တဲ့အခါ
လွတ်မြောက်မှုကို ရတတ်ပြန်တယ်။
မြန်မာပြည်ဟာ ရုပ်ရော၊ နာမ်ရော ဆင်းရဲနေရှာတဲ့ တိုင်းပြည်။ လွတ်မြောက်မှုကို
ရှာဖွေနေတဲ့ တိုင်းပြည်။ ဆင်းရဲခြင်းနဲ့ နပမ်းလုံးနေရတဲ့ တိုင်းပြည်။ “ဆင်းရဲခြင်း
လွတ်ကင်းအောင်” စာသားနဲ့ အစချီတဲ့သီချင်း အခုချိန်ထိ အောင်မြင်နေတဲ့ တိုင်း
ပြည်။ ဆင်းရဲခြင်းကို “အား” အဖြစ် အသုံးချနိုင်မယ့်အချိန် ရောက်လုနီးပြီလား
ဆိုတဲ့ မေးခွန်းအတွက် အဖြေတော့ ရှိနိုင်ကောင်းပါရဲ့။
ဆင်းရဲခြင်းဟာ အောင်မြင်မှုကိုလည်း ဖန်တီးတတ်တယ်။ ဆင်းရဲခြင်းဟာ နိဂုံး
လည်းဖြစ်တယ်။ နိဒါန်းလည်းဖြစ်တယ်။ ဆင်းရဲခြင်းက အရာရာကို ဖန်တီးတယ်။
ဘုရားသခင်တွေကို ဖန်တီးတဲ့သူဟာလည်း ဆင်းရဲခြင်းပဲဖြစ်တော့တယ်။
(ရုပ်ပုံ၊ ဂူဂလ်)
Monday, September 12, 2011
မီးတောက်မယ့် မြစ်
“လက်ရုံးမီးတောက်” ဆိုတဲ့စကား ကြားဖူးကြမှာပေါ့။ လက်ရုံးဆိုတာက
လက်မောင်း။ လက်မောင်းကို ဘယ်သူက မီးလာရှို့လို့ မီးတောက်ရသလဲ။
တင်စားချက်သဘော ပြောကြပုံရပါတယ်။ အလကားနေရင်းတော့ လက်
မောင်းကြီး မီးထ မတောက်ပါဘူး။
ဘုန်းတန်ခိုးကြီးမားတဲ့သူမို့ လက်ရုံးက မီးတောက်တယ်လို့ ဟိုးအရင်
အခါက ယုံကြတယ်။ လက်မောင်းကြွက်သား အားကောင်းတော့ မီးထ
တောက်မတတ် သန်စွမ်းတယ်လို့ တင်စားတာဖြစ်မယ်။ လျှပ်စစ်ဓါတ်
အား မပေါ်ခင်ခေတ်တုန်းကပေါ့။ မီးတချက် တောက်ဖို့အရေး ခက်ခဲ
နေသေးပုံရပါတယ်။
ဟော..။ အခုအခါမတော့ ဧရာဝတီမြစ်ကြီး မီးထတောက်မတတ် အသံ
တွေ ထွက်နေပြန်ပါပကော။ ဘယ်နဲ့ကြောင့်ပါတုံး။ အစိုးရမင်းများက
ဧရာဝတီကို လည်မျိုကနေ ညှစ်ပြီး လျှပ်စစ်ဓါတ်တွေ ထုတ်မလို့ ဆိုကိုး။
ဧရာဝတီက မီးမတောက်ခင် ပြည်သူတွေရဲ့ ဒေါသမီးကအရင် တောက်
နေကြပြီ။ အင်း....ရွှေပြည်ကြီးမှာ ပြဿနာတခုတော့ စလာပြန်ပေါ့လား။
စကားစပ်လို့ လူအများသိတဲ့ ပျက်လုံးတခုကို ကြားညှပ်ပြီး ပြောလိုက်ပါဦး
မယ်။ “သတင်းစာကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ်” ဆိုတာလိုပေါ့။
အခုလည်း ဧရာဝတီမြစ်ကြီး ဓါတ်တွေလိုက်နေပြီ။ လျှပ်စစ်ဝန်ကြီး ဦးဇော်
မင်း ဆိုသူကလည်း မလျှော့ဘူးတဲ့။ ဧရာဝတီမြစ်တရိုး လျှပ်စစ်တွေ ဖြိုးစေ
မတဲ့။ လျှပ်စစ်ဓါတ်နဲ့ပတ်သက်ရင် မြန်ပြည်တခွင် လာမယှဉ်လေနဲ့ သူသာ
လျှင် အသိဆုံးပါတဲ့။ သူ့ခင်မျာလည်း ဓါတ်အတော် လိုက်နေရှာတယ်။
“ဧရာဝတီကို ကယ်တင်ကြ” ဆိုတဲ့ ကြုံးဝါးသံနဲ့ သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းလိုသူတွေကလည်း တဘက်မှာ လက်မောင်းကြွက်သား ညှစ်
ပြနေကြပြီ။ အခုဆို နံပတ်ဆယ့်တစ် သတင်းဂျာနယ်ကလည်း သတ္တိ
ကောင်းကောင်းနဲ့ ဧရာဝတီကို မထိလေနဲ့ ကလောင်နဲ့တွယ်မဟဲ့ ဆိုပြီး
ရှေ့ကို တလှမ်းတိုးလာနေပြီ။ စာပေအနုပညာသမားတွေလည်း ဧရာ
ဝတီအရေး ရှေ့ကိုတိုးကြပြီ။
လွှတ်တော်ထဲမှာလည်း မပွင့်တပွင့်နဲ့ ပြောဆိုသံတွေ ကြားနေရပြီ။ အွန်
လိုင်း လှုမှုကွန်ယက်တွေမှာလည်း ဧရာဝတီချင်း မိုးမွှန်နေပြီ။ ဒေါ်စုက
လည်း တချက်ဝင်“ကစ်”ထားတယ်။ ပြည်ပမှာ တရုတ်သံရုံးကို ဆန္ဒပြတာ
တွေ ရှိလာပြီ။ ပြည်တွင်းမှာလည်း “ရိုးရိုးပြောမရရင် လမ်းပေါ်တက်ပြောရ
လိမ့်မယ်” ဆိုတဲ့ လေသံတွေ ပစ်နေကြပြီ။ လက်မောင်းလှဲတဲ့ အားစမ်းပွဲ
တခုတော့ ဧရာဝတီမြစ်ပေါ်မှာ ကျင်းပနေလေပြီ။
ဘယ်သူ့ လက်ရုံးက မီးထတောက်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
လောလောဆယ်တော့ ဧရာဝတီမြစ်ခင်မျာ လည်မျိုကို အညစ်ခံနေရရှာ
တယ်။ မြစ်ဆုံက ရေကာတာ ဖွင့်ပွဲကိုပဲ မြင်ရမလား။ ဘာလင်တံတိုင်းကို
ဖြိုသလို ရေကာတာ ဖြိုပွဲကိုပဲ ကြုံရမလား။ ဟိုမရောက် ဒီမရောက်နဲ့
တို့လို့တန်းလန်းကြီးပဲ ဖြစ်နေမလား။
ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ပြောတာတခုနဲ့ နိဂုံးချုပ်လိုက်ပါ
တော့မယ်။ “တတိုင်းပြည်လုံးမှာ လျှပ်စစ်မီးတွေလင်းပြီး ဧရာဝတီမြစ်
ကြီး ပျောက်သွားမယ့်အရေးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ အမှောင်ထဲ
မှာပဲ ဆက်နေသွားမယ်။ ဧရာဝတီတော့ အပျောက်မခံနိုင်ဘူး” တဲ့။ အော်...
လျှပ်စစ်....လျှပ်စစ် ။ ဧရာဝတီမြစ် မီးထတောက်မယ့် အဖြစ်ပါကလား။
(ရုပ်ပုံ ၊ ဂူဂလ်)
Sunday, September 11, 2011
အော်သံများ
အခုတလော ပြန်သံတွေ ကြားနေရပါပြီ။ ပြန်သူတွေကို အသံထွက်ပြီး အား
ပေးကြတဲ့ အသံရော၊ အသံတိတ်နည်းနဲ့ အားပေးကြတဲ့ အသံရော၊ အဆင်း
ဘီးတတ်တဲ့ အသံရော၊ သူများ အပြန်ကို ခြေထိုးခံလိုက်တဲ့ အသံရော စုံလို့..
စုံလို့ ။ ရှေ့မှာ ဒီအသံတွေ ဆက်ပြီး ကြားနေရဦးမယ်။
အခုလည်း မြန်မာမိတ်ဆွေတဦးက အတင်းဖိတ်လို့ သူတို့အိမ် အလည်သွားရ
တော့ ဒီအသံတွေကိုပဲ တချိန်လုံး ကြားခဲ့ရတယ်။ သူ့အိမ်မှာ တခြားမြန်မာတွေ
လည်း ရောက်နေတာကိုး။ ထုံးစံအတိုင်းပါပဲဗျား။ ဟိုလူကတော့ ပြန်တော့မယ်။
ဟိုလူကတော့ ရောက်တောင် ရောက်သွားပြီ။ သူကတော့ အာဏာရှင် ရှိနေ
သရွှေ့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ် ဆိုတာမျိုးတွေ နားပူအောင် ကြားခဲ့ရ
ပါတယ်။
တခြားအကြောင်း စကားပြောင်းကြည့်လည်း မရပါဘူး။ မြန်မာတွေ စုံတော့
လည်း မြန်မာအကြောင်းပြောကြတာ တကယ်တော့ မဆန်းဘူးပေါ့လေ။
ခေတ်စားနေတဲ့အကြောင်း အဓိကထားပြီး ပြောကြတော့မှာပေါ့။ ဘယ်လို
ဖြစ်သွားတယ် မသိ။ အဲဒီအိမ်မှာ အမျိုးသားတွေက တစု ၊ အမျိုးသမီးတွေက
တစု ဖြစ်သွားကြတယ်။
အမျိုးသမီး၊ အမျိုးသား တနေရာစီမှာ အုပ်စုကွဲပြီး ပြောဆိုနေကြပေမဲ့ ပြောတဲ့
အကြောင်းကတော့ ဒါပါပဲ။ အပြန်လမ်း အကြောင်းပါပဲ။ အမျိုးသမီးဝိုင်းမှာ စိတ်
ဝင်စားမိတာ တခုက သူတို့တွေမြန်မာပြည်ကို လွမ်းတဲ့အကြောင်း ခံစားချက်ပါ
တဲ့ အသံတွေ ပိုထွက်နေတာပါ။
မနက်မိုးလင်းတာနဲ့ ပဲပြုတ်သည်အသံ မကြားရပဲ အိပ်ရာထခဲ့ရတဲ့ အဖြစ်ကို
ငိုမိတဲ့သူလည်း ပါရဲ့။ မနက်တိုင်း အလှပြင်ပြီး မုန့်ဟင်းခါးထွက်စားရတဲ့ အရ
သာ စသဖြင့် ခံစားချက်တွေ အလုအယက်ကို ထုတ်ပြောနေကြတာပါ။ အချုပ်
ကို ဆိုရသော်။ သူတို့တွေ ပြန်ချင်နေတယ်။ ဒီမှာ မရနိုင်တဲ့ အရသာတွေကို
ပြန်ပြီး ခံစားချင်နေတယ်။ တကယ်တော့ မဆန်းပါဘူး။ ဇာတိမြေလွမ်းသူတိုင်း
ဒီလိုပဲ ဖြစ်ရမှာပေါ့။
ပြောချင်တာက အသံတွေအကြောင်းပါ။ အမျိုးသမီးတွေက ဈေးသည်တွေရဲ့
အော်သံ၊ ရောင်းသံတွေကိုပါ အကြီးအကျယ် လွမ်းနေကြပါတယ်။ ပါးစပ်က
လည်း သူတို့လွမ်းတဲ့ ဈေးသည်အော်သံတွေအတိုင်း အော်ပြကြပါတယ်။
သူတို့တွေက ဈေးရောင်းသလို အော်ကြတော့ အမျိုးသားဝိုင်းကလည်း စိတ်
ဝင်စားသွားတယ်။ သူတို့ကလည်း သတိရတဲ့ ဈေးသည်အော်သံတွေ အော်ပြ
ကြပြန်တယ်။
မိတ်ဆွေရဲ့အိမ်ဟာ ဈေးသည်အော်သံ မျိုးစုံနဲ့ ညံနေပါလေရော။ ကားသမားက
အော်တဲ့အသံ။ အိုးတိုက်ဖွဲပြာသည် အော်သံ။ မုန့်လက်ဆောင်းသည်ရဲ့အသံ။
အညာသား မိသားတစုလည်း ပါသမို့ သူတို့ဒေသက ဈေးသည်တွေရဲ့ အသံ။
မော်လမြိုင်သားကလည်း မော်လမြိုင်ဈေးသည်သံ။ ရွှေတိဂုံဘုရားက ပန်းသည်
မလေးတွေရဲ့ အသံ။ အပ်ချည်လုံးရောင်းသူရဲ့ အသံ။ သင်္ဘောပေါ်မှာ ဆေးလိုက်
ရောင်းတဲ့ အသံ။ ရထားဘူတာတွေက ဈေးသည်တွေရဲ့အသံ။ ဓါးသွေးသမားရဲ့
အသံ။ ကြက်တွေ အပြိုင်တွန်ပြီး ခွေးတွေ အပြိုင်အူကြသလို ဈေးသည်သံတွေနဲ့
မွှန်ထူသွားပါတယ်။ သူတို့လည်း ဒီလိုအော်ကြပြီး ကျေနပ်သွားပုံရတယ်။ ပြုံးလို့။
အိမ်ပြန်ရောက်တဲ့အထိ အဲဒီအော်သံတွေ နားထဲမှာ ကြားမိနေတယ်။ သူတို့တွေ
လွမ်းလည်း လွမ်းလောက်ပါပေရဲ့။ ဈေးသည်တွေခင်မျာမှာ သူ့ကုန်ပစ္စည်းလေး
ရောင်းရဖို့အရေး လူအများ စိတ်ဝင်စားလောက်မယ့် အသံကို ဖန်တီးပြီး အော်
ဟစ်ရတာလေ။ အော်နေရုံနဲ့တင် မပြီးဘူး။ ရပ်ကွက်တကာ၊ လမ်းတကာ လှည့်ပြီး
ရောင်းကြရရှာတာ။ နေပူ၊ မိုးရွာ၊ လမ်းဆိုး လမ်းကျိုးတွေကြားမှာ အော်ဟစ်ပြီး
ဈေးရောင်းနေကြရတာ။ ဒီအော်သံလေးကို အားပြုပြီး လူတွေဝယ်ချင်အောင်
လုပ်ကြရတာကိုး။
ကြုံဖူးတာတွေရှိတယ်။ ငယ်ငယ်က လမ်းထဲကိုဝင်လာတဲ့ ဈေးသည်ကြီးတဦး
အ၀တ်အစားဟောင်းတွေနဲ့ ပလပ်စတစ်ပစ္စည်းတွေလဲတာ။ သူ့ခေါင်းမှာရွက်
ထားတဲ့ တောင်းကလည်း အကြီးကြီး။ အမြင့်ကြီး။ တဖြေးဖြေးချင်း လမ်းထဲ
ကို အော်ရင်း ၀င်လာတုန်း။ ဗြုန်းဆို ခွေးတကောင်က ၀င်ဆွဲပါလေရော။ ထိမ်း
မရ သိမ်းမရနဲ့။ ခွေးကိုက်ခံရတဲ့အပြင် သူ့တောင်းကြီးလည်း မှောက်သွားလို့
ပစ္စည်းတချို့ ပျက်သွားခဲ့တယ်။ သနားလိုက်တာ။ အိမ်က သူ့ကိုခေါ်ပြီး ဆေး
ထည့်၊ ရေတိုက် လုပ်ပေးလိုက်ပါတယ်။
ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး။ ဒို့ပြည်မှာက ဇတ်နာတာတွေ သိပ်များ
တယ်။ ပြောမယ်ဆိုရင် ရင်နင့်စရာဇတ်လမ်းတွေ အများကြီးရှိတယ်။ လမ်း
တကာလှည့်ပြီး ဈေးသည်တွေ အော်ရောင်းနေတဲ့အဖြစ်က ဆင်းရဲတဲ့ တိုင်း
ပြည်တွေမှာပဲ ရှိတာ။ အခုနောက်ပိုင်း တိုက်တွေများလာတော့ လမ်းထဲမှာ
လျှောက်ပြီး ရောင်းရုံတင်မက လှေကားကျဉ်းကျဉ်းတွေကိုပါ တက်ပြီးရောင်း
ကြရရှာသတဲ့။
ဈေးသည်တွေရဲ့အသံကို လွမ်းတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့
အဖြစ်တွေကို ကိုယ်ချင်းစာမိစေချင်တယ်။ ဘယ်သူက ဒီလို ရောင်းချင်ပါ့မလဲ။
ပြည်တော်ပြန်များ ဒီအချက်လောက်ကိုပဲ ကောင်းကောင်းစဉ်းစားမိရင် ပြည်သူ
တွေအတွက် အကျိုးရှိလိမ့်မယ် ထင်ပါရဲ့ ။
(ရုပ်ပုံ ၊ အေပီ)
Friday, September 9, 2011
မော်စီတုန်းအား သတိရခြင်း
မော်စီတုန်းဟာ ဘော်လုံးဝါသနာပါတယ်။ အသားညိုညို။ စကားနည်း
နည်း။ သူများတွေလို အရက်လည်း မကြိုက်။ ဆေးလိပ်လည်း မကြိုက်။
လက်ဘက်ရည်ဆိုင် ထိုင်တာလည်း မကြိုက်။ ရယ်စရာလည်းသိပ် မပြော
ဘူး။ သူ့အဖေနာမည်က ဦးကျော်ရင်။ အများကခေါ်တော့ “မီးပုံးပျံ”တဲ့။
သူ့အမေက ချင်းနဲ့ရှမ်းနဲ့ စပ်တယ်။ (နာမည်တော့ မေ့နေပြီ)
ငါတို့ကတော့ ကိုယ့်ထက်အသက်ကြီးလို့ မော်စီတုန်းကို “ကိုစီတုန်း”လို့
ခေါ်တယ်။ သူ့အဖေကိုတော့ “ဦးမီးပုံး”လို့ခေါ်တယ်။ မော်စီတုန်း အိမ်က
နေ ပျောက်သွားရင် သူ့အမေက “စီတုန်းရေ...စီတုန်းရေ”လို့ တလမ်းလုံး
ကြားအောင် အော်ခေါ်တတ်တယ်။ ဦးမီးပုံးက ချင်းစပ်တဲ့ အမျိုးသမီးကို
ကြိုက်ရုံမက ခြင်းခပ်တာကိုလည်း ကြိုက်တယ်။ ညနေဆို မီးပုံပျံကြီး ခြင်း
ဝိုင်း ရောက်နေပြီ။
မော်စီတုန်းမှာ အကိုတယောက်ရှိတယ်။ “သံချောင်း“ တဲ့။ အပြေးသမားပါ။
တိုင်းနဲ့ပြည်နယ်အဆင့်ရောက်အောင် အပြေးသန်တဲ့ ကိုသံချောင်း။ သီချင်း
ဆိုလည်း ကောင်းတယ်။ မေ့နေလို့။ ကိုသံချောင်းတို့အဖေ ဦးမီးပုံးက မယ်ဒ
လင်လည်း တီးသဗျ။
မော်စီတုန်း။ သံချောင်း။ မီးပုံးပျံဆိုပြီး နာမည်တွေကသာ ဆန်းနေကြတာပါ။
လူတွေက ခပ်အေးအေး သမားတွေ။ ကိုယ်စိတ်ပါရာ လုပ်ပြီး သူ့အရှိန်နဲ့သူ
ဟုတ်နေကြတဲ့သူတွေပါ။ ရပ်ကွက်ထဲ ဘယ်သူ့ကိုမှ အညိုအညင်ပေးနေကြ
တာ မဟုတ်။
မော်စီတုန်းတို့အိမ်မှာ ၀က်နှစ်ကောင် မွေးထားတယ်။ တိုက်ကြက်တွေလည်း
ငါးကောင် ခြောက်ကောင်လောက် ရှိတယ်။ မော်စီတုန်းရဲ့ထူးခြားချက်တခုက
အားရင် ၀က်တွေကြက်တွေဆီ သွားပြီး ပွတ်လား သပ်လားနဲ့ စကားတွေပြော
နေတတ်တာပဲ။ သူ့အကောင်တွေကလည်း မော်စီတုန်းစကား နားလည်ကြပုံ
ရတယ်။ ခေါင်းတညိမ့်ညိမ့်နဲ့ ငြိမ်လို့။
မော်စီတုန်းဟာ အပျော်တန်းအဆင့် ကြက်တိုက်သမားလည်းဖြစ်တယ်။ သူ
အလယ်တန်းကျောင်းသားဘ၀က တခြားရပ်ကွက်မှာ ပိုက်ဆံကြေး ကြက်
သွားတိုက်တုန်း အဲဒီကြက်ဝိုင်း အဖမ်းခံရပါလေရော။ မိဘတွေက ရဲစခန်းမှာ
လိုက်ရွေးရပြီးကတည်းက မော်စီတုန်း ကြေးစားကြက်သမား မလုပ်တော့ဘူး။
သူ့အမေကလည်း သူ့ကြက်တွေကို “ဟင်းချက်ပစ်မယ်”လို့ ရာဇသံ ပေးထား
တာကိုး။
တရုတ်ပြည်မှာ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း ခေတ်စားနေချိန် မွေးလို့
လား မသိ။ မိဘများကလည်း အလွယ်တကူ၊ အပျော်သဘော၊ ချစ်စနိုးနဲ့ မော်
စီတုန်းလို့ခေါ်ကြရာက နာမည်ရင်း “ကျော်ဇင်”ဆိုတာတောင် သိတဲ့သူ မရှိသ
လောက်ဖြစ်ရတယ်။ မော်စီတုန်းကတော့ ကွန်မြူနစ်ဆိုတာလည်း စိတ်မ၀င်စား။
တကယ့် မော်စီတုန်းအကြောင်းကိုလည်း မသိ။ တရုတ်နဲ့လည်း တစက်မှ မတူ။
ငယ်ငယ်က မတူဘူးလို့ မှတ်ထားတာ အခုပြန်ကြည့်လိုက်တော့မှ ရဲဘော်ကြီး
မော်နဲ့ ကိုစီတုန်းနဲ့က နဖူးပြောင်တာချင်းလည်း တူ။ ပါးဖေါင်းတာချင်းလည်း
တူလို့ပါလား။ အပေါ်ကပုံမှာ ကိုစီတုန်းနဲ့ အတော်တူနေတာ တွေ့ရတယ်။
အခုတော့ ကိုစီတုန်းတယောက် ဘာဖြစ်နေတယ် မသိဘူး။ ဆယ်တန်းကို
သုံးခါလောက်ကျလို့ ဆက်မဖြေတော့ပဲ ၀ပ်ရှော့မှာပဲ ၀င်လုပ်သလိုလို။ အဝေး
ပြေးကားပဲ မောင်းနေသလိုလို။ သင်္ဘောပဲ လိုက်သွားသလိုလို။ စစ်ထဲပဲ ၀င်
သွားသလိုလို။ အပြေးသမား ကိုသံချောင်းရော၊ ခြင်းသမားကြီး မီးပုံးပျံရော
မော်စီတုန်းအမေ ဒေါ်ချင်းစပ်ရော ဘယ်လိုအခြေအနေ ရှိနေကြတယ် မသိ။
ခင်ဖို့ကောင်းတဲ့ မိသားစုမို့ သတိရနေတတ်ပါတယ်။ မနေ့တုန်းက တရုတ်
ခေါင်းဆောင် မော်စီတုန်းအကြောင်း ရုပ်ရှင်ကြည့်မိရာက သတိတွေရပြီး
ဒီစာကို ထရေးလိုက်မိတာ။
မော်စီတုန်း မဟုတ်တဲ့သူတွေက တရုတ်ပြည်အကြောင်း၊ ဥက္ကဌကြီး မော်
အကြောင်းနဲ့ ကွန်မြူနစ်ဝါဒကို စိတ်ဝင်တစား ပြောဆိုနေကြတာ တွေ့ရတိုင်း
ကိုစီတုန်းကို သတိရနေတတ်ပါတယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, September 8, 2011
မိုးတအုံ့အုံ့
ဘာကြောင့်ရယ်မသိ စာကလေးတွေ အနိမ့်ပျံ ။ ဒို့မြို့ပြင်တခိုမှာ
မိုးတွေက တအုံ့အုံ့ ။ တညလုံး ရွာခဲ့တဲ့ မိုး။ မြေတခွင်လုံး ရွှဲရွှဲစို။
သစ်ရွက်စိမ်းစိမ်းတွေမှာ မိုးရေစက်တွေ တလက်လက်။ စိမ်းစိမ်း
ရယ်တဲ့မှ စိုနေတဲ့ မနက်ခင်း ။ ခဲပုပ်ရောင်တိမ်ထုကြီး ကောင်းကင်
မှာ ညိမ်လို့။ ဒီမနက်ခင်း ခပ်မှိန်မှိန်မှာ။
အော်နေကျ ငှက်တွေ ဒီမနက်တော့ အသံတိတ်။ ငါ့လိုပဲ အိပ်ရာ
ထဲမှာ ကွေးနေကြသလား။ ငါ့ရဲ့ပြုတင်းပေါက်ကြီး။ ဒီပြုတင်းပေါက်
ကြီးကပဲ ငါငေးနေ။ ငါမြင်တာ ငါချရေး။ လေအေးတွေ နှေးနှေးတိုက်။
သစ်ရွက်တွေ ဖြေးဖြေးလှုပ်။ မိုးစက်တွေ ပြုတ်ကျသွား။
သစ်ပင်အောက်က ရှဥ့်နှစ်ကောင် ကယောင်ချောက်ခြား ထလို့ ခုန်။
မိုးတအုံ့အုံ့ မနက်ခင်း။ ကော်ဖီကလည်း သောက်လို့ကောင်း။ မနက်
စာကို ပလာတာစားတယ်။ သကြားနဲ့ပါဘုရား။
ပြောရင်းဆိုရင်း မိုးတွေရွာ။ မိုးသံက တရှဲရှဲ ။ ငှက် သုံးလေးကောင်
ထလို့ အော်။ မိန်းမကြီးတယောက် ထီးဆောင်းရင်း ခွေးကျောင်းထွက်။
ခွေးနှစ်ကောင်။ မြေစိုစိုမှာ ပျော်ပါး။ ကားတစီး မောင်းထွက်သွား။ ရေသံ
တွေ ရှဲကနဲ ကြား။ မိုးတဖွဲဖွဲ မနက်ခင်း။ ငါ့လောကကြီး ရွှဲရွှဲစို။ သီချင်း
တပုဒ်တော့ ဖွင့်ထားဦးမှ။ ဒီစာကို ဒီမှာရပ်မယ်။ ဖုန်းခေါ်သံ ကြား။
(ရုပ်ပုံ ၊ ဂူဂလ်)
Sunday, September 4, 2011
နှစ်အိမ်ကျော်က တယောမယ်
သူ့နာမည်ကား ယနေ့တိုင် မသိနိုင်သေး။ ကိုယ်နေဟန်ထား ရှည်
သွယ်လျှား၍ ဆံကေသာ နက်မှောင်၊ နှာတံက ချွန်ချွန်၊ လမ်းလျှောက်
လျှင် သွက်သွက်၊ လူချင်းဆုံသော် အမြဲပြုံးပြ နှုတ်ဆက်ကြလျှင် သူ၏
အသံကား ခပ်သြသြတည့်။
ညနေ ညနေ။ အားကစားရုံ၌ စက်ပေါ်တက်၍ ပုံမှန်ပြေးသော ထိုမိန်း
ကလေးအား ခင်မင်မတတ် သတိထားမိတာ ကြာနေပါပေါ့။ အတော်
ကြည့်ကောင်း၍ တွေ့သည့်အခါတိုင်း ပျော်မိကြောင်း။
လွန်လေသော တနှစ်ကျော်။ ဆောင်းဦးပေါက် တရက်၌ လမ်းဒေါင့်
တွင်တကြိမ် ဆုံကြစဉ်က သေတ္တာနက်တလုံး လက်မှာဆွဲလျှက် ခပ်
သွက်သွက်ပင် ပြုံးကာနှုတ်ဆက် ကားပေါ်ကိုတက် ၀ူးကနဲ မောင်း
ထွက်သွားသည်မှာ ရုပ်ရှင်လေလား... တကယ်လား။
မကြာပါချေ။ သူ၏အိမ်ရှေ့ ဖြတ်မိသည်၌ သေတ္တာနက်အကြောင်း
ကောင်းကောင်းသိမြင် “တအင်အင်” မြည်သော တယောထိုးသံ
သူ့အိမ်အတွင်းမှ လျှံထွက်လာသည် ကြောင်အော်သည်ထက် ဆိုး
လေသတတ်။
ပုံမှန်ဆိုသလို သူ့အိမ်ရှေ့အဖြတ် နေ့စဉ်နီးပါး ကြားရတတ်သည်
တယောကို ထိုး၍ တယောက အော်သံ နားမခံသာသော်ငြား အနု
ပညာအမှုကို ကြိုးစားပြုနေသည်ပဲဟု သူမမြင်အောင် ပြုံး၍ အားပေး
ခဲ့ပါသည်။
တဆောင်းကျော်လို့ နှစ်ဆောင်းအ၀င်။ မနေ့က မနက်ခင်းတွင်ကား ။
အားပါးပါး..။ သူ့အိမ်နားအရောက် လျှောက်နေသည့်ခြေလှမ်း ရပ်၍
သွား၏ ။ သီချင်းတပိုဒ်အသံ လျှံကျလာသည် ဂန္တ၀င်တေးသွား အပီ
တည်း။
ဤမိန်းကလေးကား လျှော့တွက်၍ မရ။ ဘယ်နေ့ ဘယ်အချိန်၌ သူ့တ
ယောသံအား ငွေအတော်ပေးကာ စင်ပေါ်တွင် သွား၍ငေးရမည် မသိ။
နောင်ဝယ်တနေ့ လမ်း၌တွေ့သော် ပြုံးရုံတင်မက မိတ်ပါဆက်၍ ခင်မင်
အောင်ပင် ပေါင်းတော့မည်ဟု စိတ်မှာသုံးသတ် ဆုံးဖြတ်ထားသည်
ကောင်း၏ မဟုတ်လား အဆွေတော် ။
(ရုပ်ပုံ ၊ ဂူဂလ်)
Saturday, September 3, 2011
မိုးဘွဲ့
အမှတ်မထင်မိုးတွေကြောင့်
စွယ်တော်ပန်းလေး ကြွေရ
ဆရာတော်ဘုရား ခရီးဝေးကိုကြွ
မိသားစုတချို့ ကွဲကွာရ
ဝေးနေသူတချို့ ပြန်ဆုံရ
မရှောင်နိုင်သူတို့ ရွှဲရပြီ ။
မိုးတွေက ဗြုန်းဆို ရွာချတော့
လမ်းဘေးဆိုင်တွေ အမြန်သိမ်း
ကားတွေ ဟွန်းတီး မီးဖွင့်မောင်းကြ
အခန်အနားအစီအစဉ်လည်း နောက်ကျ
လူတချို့က မိုးကို မြည်တွန်တောက်တီး
မိုးရွာတာကိုပဲ တအံ့တသြဖြစ်
မစောင့်နိုင်သူတို့ စိုကြပြီ ။
အမှတ်မထင်မိုးတွေကြောင့်
အရက်သောက်ချင်စိတ်ပေါက်
ဆေးလိပ်ဖွါချင်စိတ်ပေါက်
မိုးရေအောက်မှာ
လမ်းလျှောက်ချင်စိတ်ပေါက်
မိုးတွေကိုငေးရင်း
အိပ်ရာမှာ တက်ခွေ
ဟိုဟာကိုပဲ လွမ်းသလို
ဒီဟာကိုပဲ လွမ်းသလို
ငါ့ရှုခင်းတွေ ရေစိုကုန်ပေါ့ ။
အမှတ်မထင်မိုးတွေဟာ
ကြည့်နေရင်း
အမှတ်မထင် တိတ်သွားတယ် ။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, September 1, 2011
ပင်လယ်စာ
ပင်လယ်အောက်မှာ
ကံကြမ္မာက နှစ်မြှုပ်လိုက်တဲ့ သင်္ဘောတွေ
သင်္ဘောတွေထဲမှာ
ကံကြမ္မာခေါ်ရာ လိုက်ခဲ့တဲ့ ခရီးသည်တွေ
ခရီးသည်တွေမှာ
ကံကြမ္မာအတွက် ပေးချေခဲ့တဲ့
သင်္ဘောလက်မှတ်တွေ ကိုယ်စီနဲ့
ပင်လယ်အောက်မှာ ငြိမ်သက်လို့ ။
ပင်လယ်ပေါ်မှာ
ပျားရည်ဆမ်းကြမယ့်သူတွေ
အပျော်ခရီး သင်္ဘောစီးလာကြသူတွေ
ဟိုပစ္စည်း ဒီကိုပို့
ဒီပစ္စည်း ဟိုကိုပို့တဲ့ ကုန်တင်သင်္ဘောတွေ
ငါးပဲရရ ဖါးပဲရရ ဖမ်းဟ ဖမ်းဟဆိုတဲ့
ပင်လယ်မုဆိုး သင်္ဘောတွေ
အဆီတ၀င်းဝင်းနဲ့ သင်္ဘောအလာ
လုယက်ဖို့ ချောင်းနေတဲ့
ပင်လယ်ဓါးပြတွေ
ဘေးမသန်းပဲ အေးချမ်းလှသည်သီချင်းနဲ့
ရေသူမကို ရှာဖို့
ရွက်လွှင့်လို့ လာသူတွေ
ငါးမန်းတောင်ဟင်းချို သောက်မှ
အားရှိတယ်လို့ ထင်သူတွေ
လင်းပိုင်ကို ကယ်မှ
လူရာဝင်မယ် ထင်သူတွေ
ကံကြမ္မာကို ဖဲတချပ်လို သဘောထား
ဖြန်းကနဲ ရိုက်ချမယ့်သူတွေ
ပင်လယ်ပေါ်မှာ
ခရီးနှင်နေကြ ။
ပင်လယ်ဘေးမှာ
ဟေးလားဝါးလားနဲ့
ထွားကြိုင်းနေတဲ့ ကမ်းခြေမြို့တွေ
အေးရာအေးကြောင်း
ရှိတာနဲ့ပဲ လှအောင်ဝတ်ထားတဲ့
ကမ်းခြေရွာတွေ
ဒီမြို့ ဒီရွာတွေ
ကံကြမ္မာကို ပုံမှန်အခွန်ဆောင်ဖို့
တခါတလေ မေ့ ။
ပင်လယ်ပြင်ကြီး အစာမကြေ
ရင်ပြည့်ရင်ကယ် ဖြစ်တဲ့အခါ
မုန်တိုင်းတွေကို အန်ထုတ်
ပတ်ဝန်းကျင်ကို ရန်လုပ်
ကံကြမ္မာဓါး အချွှန်အထက်တွေနဲ့
မြင်မြင်ရာ ထိုးခုတ်ပစ်တော့တယ် ။
မိုးလေ၀သ သတင်းက
“သာယာတဲ့နေ့ပါရှင်”လို့ ကြေညာတဲ့အခါ
ဒီပင်လယ်ကိုပဲ
လူတွေက
ငယ်ရည်းစားလို
အားမနာ ပါးမနာ ပေါင်းသင်းလို့ ။
ပင်လယ်ကြီးကလည်း
ခရီးထွက်သွားတဲ့ သူ့လင်သား
အိမ်ပြန်အလာကို ကြိုသလို
အလှဆုံး ဖြီးလိမ်းပြင်ဆင်လို့
လူတွေကို ဧည့်ခံနေပြန်ရော ။
ဇတ်လိုက်ကျော် ကံကြမ္မာကတော့
အရက်မူးလွန်တယ်ဆိုပြီး
လစာမဲ့ခွင့် ယူထားသတဲ့ ။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Posts (Atom)