Saturday, June 18, 2011

Teresa Teng ကို လွမ်းကြစို့
















ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၁၉၉၅ခုနှစ်က ကွယ်လွန်ခဲ့တယ်။ အပမ်းဖြေခရီးထွက်
နေတုန်း အပျိုပေါက်အရွယ်ကတည်းက စွဲကပ်လာခဲ့တဲ့ ပန်းနာရင်ကြပ်ရောဂါနဲ့
ကွယ်လွန်ခဲ့ရတာ။ ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သူကွယ်လွန်ခဲ့တာ ၁၆နှစ်ပြည့်
တယ်။ အသက်၄၂နှစ်မှာ ကွယ်လွန်ခဲ့တာဆိုတော့ အရွယ်ကောင်းမှာ ထွက်ခွါ
သွားသူပေါ့။

ထိုင်ဝမ်သူလေးပါ။ နိုင်ငံတော်ဈာပဏအဖြစ် သတ်မှတ်ခဲ့တဲ့ သူ့ရဲ့နောက်ဆုံး
ခရီးကို ထိုင်ဝမ်သမ္မတ လီတန်ဟွီးက သူ့ရဲ့ပရိတ်သတ်ထုကြီးနဲ့အတူ လိုက်ပို့
ခဲ့တယ်။ ၁၉၈၀ခုနှစ်တွေကနေ ကွယ်လွန်ချိန်အထိ သူ့ရဲ့တေးသံတွေက အာ
ရှတလွှား ဖုံးလွှမ်းနေခဲ့တယ်။ တရုတ်ရှိတဲ့နေရာမှန်သမျှ သူ့ရဲ့သီချင်းသံကို
ကြားရမယ်လို့ ပြောယူရတဲ့အထိ အောင်မြင်ခဲ့တာ။

တရုတ်ပြည်က ထိုင်ဝမ်နဲ့ နိုင်ငံရေးအရ မတည့်တော့ သူ့ရဲ့သီချင်းတွေကိုပါ
တရုတ်ပြည်ထဲ အ၀င်မခံပဲ ပိတ်ပင်ခဲ့တယ်။ အံ့သြဖို့ လုံးဝ မကောင်းတာကတော့
သူ့သီချင်းတွေကို တရုတ်တပြည်လုံး ကြိုက်နေကြတာပဲ။ အပိတ်ခံထားရတဲ့ သူ့
သီချင်းတွေက မှောင်ခိုဈေးကွက်မှာ ရောင်းအကောင်းဆုံး ပစ္စည်းတွေဖြစ်ခဲ့တယ်။
တရုတ်ပြည်ရဲ့ ညကပွဲ ခန်းမတွေကနေ အစိုးရအဆောက်အဦးတွေထဲအထိ သူ့ရဲ့ 
သီချင်းသံတွေက ပျံ့နှံ့နေခဲ့တယ်။

တရုတ်ပြည်မှာ သူ့ကို "Little Deng" တိန်လေးလို့ ချစ်စနိုးခေါ်ကြတယ်။ ဖြစ်ချင်
တော့ သူ့နာမည်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်နဲ့ အမျိုးနာမည်
ချင်း သွားတူနေတာပဲ။ သူအကြီးအကျယ် အောင်မြင်နေတဲ့ကာလမှာ တင်စားပြီး
ပြောကြတာက တရုတ်ပြည်ရဲ့နေ့ပိုင်းကို တိန့်ရှောင်ဖိန်က ကြီးစိုးပြီး ညပိုင်းကို
တိန်လေးက ကြီးစိုးထားတယ် ဆိုတာပဲ။

သူ့ရဲ့အောင်မြင်မှုမှာ ကြီးမားတဲ့ထူးခြားချက် တခုကတော့ ဂျပန်မှာအကြီး
အကျယ် အောင်မြင်မှုရခဲ့တာပဲ။ ဂျပန်လိုလည်း ပြောတတ်တယ်။ ဂျပန်လို
သီချင်းတွေလည်း ဆိုခဲ့တယ်။ သူ့ရဲ့ဂျပန်သီချင်းတွေကို လူမျိုးကြီးစိတ်ပြင်းတဲ့
ဂျပန်တွေကိုယ်တိုင် အကြီးအကျယ် ကြိုက်ခဲ့တာ။ ဂျပန်ကပေးတဲ့ တေးသီချင်း
ဆိုင်ရာ ဆုတွေလည်း အများကြီးရခဲ့တယ်။ ရှားရှားပါးပါး ဂျပန်တို့ရဲ့ အသည်းစွဲ
တရုတ်အဆိုတော်တဦး ဖြစ်ခဲ့တာပေါ့။

အထက်တန်းကျောင်းသူဘ၀နဲ့ ကျောင်းပညာရေးကို ရပ်ခဲ့တယ်။ သူ့မိဘက
လည်း ခွင့်ပြုတယ်။ သူက စစ်တပ်မိသားစုမှာ ကြီးပြင်းလာရတာ။ တိုင်းပြည်
ချစ်စိတ်လည်း သိပ်ပြင်းတယ်။ မြန်မာပြည်မှာလည်း သူ့သီချင်းတွေကို လူတွေ
သိကြပါတယ်။ မြန်မာလို ကော်ပီလုပ်ဆိုသူ တချို့ရှိခဲ့တယ်။

သူ့ရဲ့ချိုမြတဲ့အသံက သူ့ကိုအောင်မြင်စေခဲ့တာလို့ ပြောကြတယ်။ သီချင်း
ရေးဆရာ တဦးကတော့ သူ့ရဲ့အသံကို ၁၀ပုံ ပုံရင်။ ၇ပုံက ချိုမြမှုကို ရစေမယ်။
ကျန်တဲ့ ၃ပုံကတော့ ကြေကွဲမှုကို ရစေမယ်လို့ ဆိုတယ်။ သူ့သီချင်းတွေကို နား
ထောင်ကြည့်။ အခုချိန်ထိ ကောင်းနေတုန်းပဲ။ အာရှတလွှားတင်မက ကမ္ဘာကပါ
သတိထားမိခဲ့တဲ့ ထိုင်ဝမ်သူ တရုတ်မလေးပါ။

ကမ္ဘာတခြမ်းကျော်ကို သီချင်းတွေနဲ့ ထိမ်းထားနိုင်တယ်ဆိုတာ နည်းနည်း
နောနော ကိစ္စမဟုတ်ဘူး။ ပါရမီကြီးလို့သာ ဖြစ်ရတာ။ ထိုင်ဝမ်မှာ သူ့ရဲ့
နောက်ပိုင်း နာမည်ကြီး အနုပညာသည်တွေ အများကြီးထွက်လာတယ်။
အခုချိန်ထိ သူ့လောက် မအောင်မြင်ကြသေးဘူး။ သီချင်းချိုချိုလေးတွေ
ချန်ထားခဲ့တဲ့ Teresa Teng ကို ကျေးဇူးတင်ပါတယ်။ တိန်လေး ကျန်း
မာပါစေ။



(ကိုးကား ။ ၀ီကီ) (ရုပ်ပုံ ၊ ဂူဂလ်)

5 comments:

ပန်ဒိုရာ said...

သိပ်ကြိုက်တဲ့ အဆိုတော်ပါ
အဲဒါ အကြိုက်ဆုံးသီချင်း (အလွတ်တောင် ကျက်ကြည့်တယ် တစ်ပိုဒ်.. နောက်ကြုံတော့ ဆိုပြမယ်လေ)
ဟိုတလောကတောင် သူ့သီချင်းတွေ ယူကျူမှာရှာကြည့်သေးတယ်
စိုင်းဆိုင်မောဝ် ပြန်ဆိုထားတာ သူ့သံစဉ်တချို့

အပြုံးပန်း said...

သီချင်းလာနားထောင်ပါတယ်၊

blueskyforest said...

ပန်ဒိုရာဆိုမယ့် တရုတ်သီချင်း စောင့်မျှော်နားဆင်နေပါ တယ်။ သီချင်းလာနားထောင်သူ အပြုံးပန်း ရှဲရှဲ့နီပါခင်ဗျား။

khin oo may said...

လာဖတ်၏။

ngenge said...

သူ့သီချင်းတွေထဲမှာ အကြိုက်ဆုံး တမ်းတမ်းစွဲဖြစ်တာကတော့ 我只在乎你 .. ခဏခဏနားထောင်ဖြစ်၊ အမြဲလိုက်ဆိုဖြစ်တယ်...
အခု ဒီသီချင်းကိုလည်း ကြိုက်တယ်..း)