Monday, June 27, 2011

ရူးထူးမူးသီအိုရီ
















အမေရိကန်ပြည်ကြီးကို ရောက်ခါစက မိတ်ဆွေတယောက်ရဲ့ သတိ
ပေးချက်လိုလို၊ ဆုံးမစကားလိုလို၊ အပျော်သဘော နောက်တာလိုလိုနဲ့
ခပ်တည်တည် ပြောခဲ့တာကို သတိပြန်ရမိတယ်။ (အမေရိကန်ပြည်က
တကယ်ပဲ ကြီးလို့ “ပြည်ကြီး” လို့ သုံးခဲ့တာပါ) ထားပါတော့။

မိတ်ဆွေက ပြောတယ်။ ဒီတိုင်းပြည်က ထူးတဲ့သူနဲ့ ရူးတဲ့သူပဲ နေလို့
ကောင်းတဲ့ တိုင်းပြည်တဲ့။ မင်းက ရူးမှာလား၊ ထူးမှာလားတဲ့။ ဒီလူ
ဘာကြောင့်များ ငါ့ကိုဒီလိုပြောရတာလဲ။ ဒါဟာ ချိန်းချောက်တာလား။
အရင်လူက နောက်လူကို ဆရာလုပ်ချင်တဲ့ အပေါက်လားဆိုပြီး “တင်း”
မိပါတယ်။

သူ့မေးခွန်းကိုလည်း မဖြေချင်တာနဲ့ သူ့အရိုးနဲ့ပဲ သူ့ကိုပြန်ထိုးခဲ့ပါတယ်။
မင်းကရော ဒီတိုင်းပြည်မှာရောက်နေတာ ရူးနေလို့လား၊ ထူးနေလို့လား
လို့ ပြန်မေးလိုက်ပါတယ်။ ဒီတော့မှ သူက ငါကတော့ မရူးလည်း မရူးနိုင်။
မထူးလည်း မထူးနိုင်တဲ့ ကောင်ပါကွာတဲ့။ အဲဒါကြောင့် မူးနေတာပေါ့တဲ့။

ငါ့ကိုကြည့်ပြီး နမူနာယူစေချင်တယ်တဲ့။ ငါတို့လို မရူးနိုင်၊ မထူးနိုင်သူတွေက
အရက်သမား၊ ဆေးသမားလို အရသာရှိရှိ မမူးနိုင်ပဲ။ ခေါင်းမူး၊ ခေါင်းကိုက်
သမားတွေလို တဘ၀လုံး မူးနောက်နေအောင် ရှာရဖွေရနဲ့ ပတ်ချာလည်ပြီး
ပင်ပန်းနေရသတဲ့။ အီကြာကွေးစကားနဲ့ဆိုရင် ( ဟိုက်..ရှာလပတ်ရည်..ပေါ့)

သူဆိုလိုတဲ့အဓိပ္ဗါယ်က အထူးတလည် ကြိုးစားကြတဲ့သူတွေအတွက် ဒီနိုင်
ငံက နေရာအပြည့်၊ အခွင့်အရေး အပြည့်ရှိတဲ့ နိုင်ငံပါတဲ့။ ဒါမှမဟုတ် သူများ
နဲ့မတူ တမူထူးပြီး ရူးနိုင်ရင်လည်း အဲဒီထူးခြားမှုကို အောင်မြင်မှုလို့ သတ်မှတ်
တတ်လို့ နေရာကောင်းရနိုင်တဲ့ တိုင်းပြည်ပါတဲ့။ အမေရိကန်က ရူးသူ၊ ထူးသူ
များအကြောင်းတော့ ပိတ်သတ်ကြီးလည်း သိပြီးလောက်ရောမို့ အကျယ်မချဲ့
လိုတော့ပါ။ လတ်တလော အောင်မြင်နေကြသူတွေက ရူးသူ၊ ထူးသူများဟု
သာ မှတ်ယူကြပါလေကုန်။

မူးသူများကိစ္စကိုသာ ဆက်ကြပါစို့ရဲ့။ ဟုတ်ပ။ အနေကြာလာမှ နောင်တရ
ဆိုသလို။ “ဟိုအကောင်” ပြောခဲ့တုန်း ကတည်းက ကျကျနနသဘောပေါက်
ခဲ့ရင် ရူးရင်ရူး၊ မရူးရင်ထူးဆိုပြီး လုပ်ခဲ့ပါတယ်လို့ အခုမှပဲ စဉ်းစားမိရှာတော့
လေတယ်။ အခုတော့ ငါ့ခင်မျာ မူးရှာပေါ့။

မြန်မာတွေပြောကြတဲ့ “ဒုံရင်း ဒုံရင်းပဲ” ဆိုတာ ငါတို့လို မူးနေသူတွေကို
ခေါ်တာပါလား။ ဟိုမရောက် ဒီမရောက်။ တော်ရုံတန်ရုံ အလုပ်လေးနဲ့။
တော်ရုံတန်ရုံ ၀င်ငွေလေးနဲ့။ တော်ရုံတန်ရုံ ဘ၀လေးနဲ့ပဲ ကျေနပ်မယ်လေ
လို့ စိတ်ကူးယဉ်ခဲ့မိတာ စီးပွါးပျက်ကပ်နဲ့လည်း ကြုံရော။ ဟော..မူးပါလေ
ရောဗျာ။

ဟိုကုမ္ဗဏီက ပြုတ်။ ဒီကုမ္ဗဏီက ဖြုတ်။ ဟိုက အလုပ်လျှော့။ ဒီက လစာ
ဖြတ်။ အိမ်ကြွေးက မကျေခင် ဈေးပြုတ်ကျ။ ကားကြွေးက ပုံမှန်တောင်း။
ဟိုအကြွေး၊ ဒီအကြွေး ပုံမှန်ပေးဖို့အရေး အလုပ်က ပုံမမှန် ရှာလေတော့
ငါ့ခင်မျာ မူးရပါပေါ့လား။ ဒီကြားထဲ သားသမီးများလို့ကတော့ သံဃာစင်
ပါ မှောက်ပါလေရောပေါ့။ အဲဒီတော့ သားသမီး မိတ်ဆွေများကို ကိုယ့်လို
နောင်တ မရစေအောင် “ဟိုအကောင်” ပြောခဲ့တဲ့စကားကိုပဲ ပြန်ပြန် ပြော
နေမိတော့တယ်။

မင်းတို့ကောင်တွေ ထူးအောင်လုပ်ရင်လုပ် ။ မဟုတ်ရင်တော့ ရူးအောင်
သာ လုပ်ကြတော့။ ရူးသွားလို့ ၀မ်းမနည်းဘူးကွလို့ ဆုံးမတာ လိုလို၊ ချိန်း
ချောက်တာ လိုလို၊ သတိပေးတာ လိုလို၊ ခပ်တည်တည်နဲ့ ပြောနေရတော့
တယ်။

မိတ်ဆွေများခင်ဗျား။ ထူးနေသလား၊ ရူးနေသလား သတင်းပို့ကြပါ။ ရူးနည်း
ကောင်း၊ ထူးနည်းကောင်းများရှိရင်လည်း မျှဝေပေးကြပါလို့ မေတ္တာရပ်ပါ
တယ်။ အမေရိကန် နိုင်ငံကြီးမှာတော့ မူးရင်းနဲ့ ထူးဖို့ မလွယ်သလို၊ ရူးဖို့လည်း
မလွယ်လှပါကြောင်း။ ပါရီမီကောင်းကောင်းနဲ့ ထူးကြ၊ ရူးကြမှသာ လူပေါ်
လူဇော် လုပ်နိုင်မှာ ဖြစ်ပါကြောင်း။ စိတ်ရင်းကောင်းကောင်းနဲ့ အသိပေး
ကြေညာ လိုက်ရပါတယ်ခင်ဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

ကိုအာချောင် said...

ရူးထူးမူးသီအိုရီ.....
ကောင်းတယ်ဗျာ....
ရင်ထဲစွဲအောင် မှတ်ထားမယ်....

Moe Cho Thinn said...

ဆရာသမား စကား မှတ်သားသွားပါကြောင်းး။

မရူး မထူး မမူး တဲ့သူ

သက်ဝေ said...

ကြေငြာချက်ကတော့ ထူးခြားရှား ပါပဲ...း))

blueskyforest said...

(ကိုအာချောင်ရေ့ )မှတ်ထားရုံနဲ့မရဘူးဗျ ။ ရူးအောင် လုပ်ရင်လုပ် မဟုတ်ရင် ထူးအောင်လုပ်ထားပေရော့။
(ဆရာချိုသင်း) မရူးမထူးမမူးဆိုတော့ အီလည်လည် ကြီးပေါ့း) စကားမစပ်။ စာမရေးတော့ဘူးလား။ ငုပ် နေတာ ကြာပေါ့။ (မက်မပြေတဲ့ သက်ဝေ)ထူးမလား မူးမလား ယူးမလား... ၀ါးဟားဟားးးး