Tuesday, June 28, 2011

ကဗျာကင်ဆိုင်
















(ပထမ အခန်း)

ကြွရောက်အားပေးလာကြတဲ့ ဧည့်ပရိတ်သတ် လူကြီးမင်းများခင်ဗျား..။
ကျနော့်နာမည် ချိုကြီးပါ။ ကျနော် ရွှေတူးပါတယ်။ ရွှေထွက်တယ်လို့ ကြား
တဲ့ နေရာမှန်သမျှမှာ ကျနော့်နာမည်ကို မေးကြည့်ပါ။ လူတိုင်းသိပါတယ်။

ကျနော်ချိုကြီး၊ ချိုကြီးကျနော် ရွှေကို ကျင်တယ်။ ရွှေကို တူးတယ်။ ရွှေကို
ဖမ်းတယ်။ မြှူတယ်၊ မျှားတယ်။ ရွှေရမယ့်အရေး ဘာမဆို လုပ်တတ်ပါတယ်။
ရွှေတောနဲ့ ချိုကြီး၊ ချိုကြီးနဲ့ ရွှေတော ခွဲလို့ကို မရပါဘူး။ လူလောကမှာ ချိုကြီး
ရွှေလာတူးတာပါ။ အဲဒါကြောင့် ချိုကြီးဟာ ကဗျာဆရာ စစ်စစ်ဖြစ်ကြောင်း
ရှင်းပြဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။

ကျနော့်ကို ကြည့်ပါ။ အမေမွေးတုန်းက ဖြူခဲ့တဲ့အသား အခုလို မည်းမှောင်
နေရတာ ရွှေကြောင့်ပါ။ မည်းနက်လှတဲ့ ဒီအရေပြားအောက်က ခန္တာကိုယ်ထဲ
မှာ ငှက်ဖျားပိုးတွေ အချိန်နဲ့အမျှ ပြေးလွှားနေကြပါတယ်။ ပရိတ်သတ်များ
ခင်ဗျား ကဗျာဆရာဆိုတာ ဝေဒနာသည်တဦးပါပဲ။

ပြင်းထန်တဲ့ ဘ၀။ ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ကဗျာဆရာချိုကြီး၊ ချိုကြီး
ကဗျာဆရာ ပူဇော်ထိုက်သူတွေကို ပူဇော်ပါတယ်။ သွားလေသူ ကဗျာဆရာ
မောင်ချောနွယ် ပြောခဲ့သလိုပေါ့။ ကျနော်တော့ လုံးဝ နောက်မဆုတ်ပေးနိုင်
တော့ပါဘူး လောကကြီးခင်ဗျား။

အခုချိန်ထိ ကဗျာ တပုဒ်မှ မရေးခဲ့ဖူးပေမဲ့ ရွှေတူးရတဲ့အဖြစ်၊ ရွှေရဖို့အရေး
ကြိုးပမ်းရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရွှေရအောင် ရင်းရတဲ့ ဘ၀၊ ရွှေရရင်
ပျော်ရတဲ့ အဖြစ်။ ရွှေသမားရဲ့ ရင်ခုန်သံ။ ရွှေဖြစ်အောင် ဖန်တီးရတာတွေ
က တော်ရုံတန်ရုံ ကဗျာဆရာဆိုသူတွေထက် ပိုပြီး ကဗျာဂုဏ်မြောက်တဲ့
အကြောင်း ပြောရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။


(ဒုတိယ အခန်း)

သပူရိသ အနွယ်ဝင် သူတော်စင် အပေါင်းတို့။ ဘုန်းဘုန်းရဲ့ ကဗျာတွေကို
ဖတ်ဖူးကြမှာပေါ့။ ဘုန်းဘုန်းကတော့ ကဗျာဆရာ “ကြယ်စင်ကိုကို” ပါ။
အရင်ကတော့ ဘုန်းဘုန်းလည်း လေးလုံးစပ်နဲ့ စခဲ့တာပါပဲ။ နောက်ပိုင်းမှာ
တော့ ခေတ်နဲ့အညီ မော်ဒန်၊ ပို့စ်မော်ဒန် ဖြစ်လာတာပေါ့လေ။ အဟင်း..ဟင်း

ဘုန်းဘုန်းက နိုင်ငံခြားကို မကြာခဏ ထွက်ပါတယ်။ နိုင်ငံခြားမှာ ဘုန်းဘုန်း
ရဲ့ တရားနာပရိတ်သတ်တွေရော၊ ကဗျာပရိတ်သတ်တွေရော အတော်များ
ပါတယ်။ ဘုန်းဘုန်းရဲ့ကဗျာပရိတ်သတ်တွေထဲမှာ အများစုက ကောင်မလေး
တွေပါ။ ဒကာမလေးတွေ ဘာကြောင့် ဘုန်းဘုန်းရဲ့ကဗျာကို အကြိုက်များရ
သလဲဆိုတာ အစပိုင်းမှာ သတိမထားမိခဲ့ဘူး။ ဘုန်းဘုန်းရဲ့ ကဗျာ့မိတ်ဆွေ
ကြီး အရှင်ကောဝိဒ ထောက်ပြမှပဲ သဘောပေါက်တော့တယ်။ ဟုတ်ပ။
ဘုန်းဘုန်းရဲ့ ကဗျာတွေက မေတ္တာဓါတ် အတော်များတာကိုး။ မေတ္တာဓါတ်
များ အစွမ်းကြီးပေတယ်။

လူဝတ်ကြောင်ကဗျာသမားတွေကို ကြုံတုန်း ဒီနေရာကနေ ဘုန်းဘုန်းတိုက်
တွန်းချင်တာ တခုရှိပါတယ်။ ကဗျာဆရာဆိုတာ မေတ္တာဓါတ်ကြီးရတယ်။
နှလုံးသား ကြီးရတယ်။ အရက် သိပ်မသောက်ကြပါနဲ့။ ဆဲရေးတိုင်းထွာတာ
တွေ မလုပ်ကြပါနဲ့။ ကဗျာကိုမေတ္တာထားမှ လူသားတွေကို မေတ္တာထားမှ
ကဗျာနဲ့လူတွေက ကိုယ့်ကို မေတ္တာပြန်ထားမယ်ဆိုတာ ကျပ်ကျပ်သတိရပါ
လေ။ ကိုင်း..ကိုင်း..ဦးချ..ဦးချ..ဘုန်းဘုန်းကြွမယ်နော်။ ဘုန်းဘုန်းရဲ့ဘလော့ဂ်
လိပ်စာက......။ ဖေ့စ်ဘုခ်ကတော့...ဂျီမေးလ်းဆိုရင်....။ သိုင်းခရူးနော်။


(တတိယ အခန်း)

သိုင်းခရူးပါ...။ သိုင်းခရူးပါ..။ အခုလို မီးရဲ့ပွဲကို လာပြီး အားပေးကြတာ
သိုင်းခရူး ဆိုးမာ့ခ်ျ ပါနော်။မီးက..ဟိုး..ငယ်ငယ်လေးကတည်းက ကဗျာ
တွေကို ချစ်ခဲ့တာပါ။ စာမရေးတတ်ခင်ကတည်းက ကဗျာကိုချစ်ခဲ့တဲ့သူပါ။
စာမတတ်ခင်မှာပဲ ကဗျာတတ်နေပြီလို့ ပြောရမှာပေါ့... ဟင်း...ဟင်း..။

အရင်ဆုံးအလွတ်ရတဲ့ ကဗျာကတော့ “ရောင်စုံဘောလုံး” ပေါ့နော်။ ဒီကဗျာ
ကို ဘယ်သူရေးသလဲဆိုတာ မီးလည်းမသိပါဘူး။ ကဗျာဝေဖန်ရေးလုပ်နေတဲ့
လူတွေက သူများကဗျာတွေကို လက်ညိုးထိုးနေမယ့်အစား လူအများစုကြိုက်
တဲ့ ရောင်စုံဘောလုံးလို ကဗျာတွေကို ဘယ်သူရေးသလဲဆိုတာ လေ့လာသင့်
တာပေါ့နော်။ မီးကတော့ ဝေဖန်ရေးသမားတွေကို မုန်းတယ်လို့ ဒီနေရာကနေ
ပြောလိုက်ပြစေ။

ထားပါတော့လေ။ မီးက နည်းနည်း အသက်ကြီးလာတော့ ၀ါဆိုဝါခေါင်ကို
အလွတ်ရတယ်။ အိမ်မက်တွေထဲအထိ ၀ါဆိုဝါခေါင်ကဗျာကို စွဲနေတတ်တာ။
အခုတော့ မီးက ဖက်ရှင်မယ်ပေါ့လေ။ ကာဗာဂဲလ်ပေါ့။ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်း
လာတာတွေ ရှိပေမဲ့ မီးက ကဗျာကိုပဲ ချစ်တယ်လေ။ ကဗျာဆိုတာ ဖက်ရှင်
ပါပဲ။ ဖက်ရှင်လောကမှာ ရှင်သန်နိုင်ဖို့ဆိုတာက လေးနက်ခမ်းနားတဲ့ကဗျာ
တပုဒ်ပါပဲလို့။

ဟိုတလောက သူ့ကိုယ်သူ ကဗျာဆရာပါလို့ ပြောတဲ့လူတယောက်နဲ့ ဆုံရ
တယ်။ ညှင်းသိုးသိုးနဲ့ပါ။ သနားစရာပေါ့။ သူ့ကို မီးရဲ့ဖက်ရှင် လိုက်ဖ် အကြောင်း
ရှင်းပြလိုက်တယ်။ သနားပါတယ်။ ပါးစပ်အဟောင်းသားနဲ့ အံ့တွေသြလို့။
ဟုတ်လား..ဟုတ်လား...နဲ့လုပ်နေတာ။ မီးရဲ့အကြောင်းကို ကဗျာဖွဲ့နိုင်ပါ့
မလားလို့ မေးတော့။ ကျနော် မရဘူးဗျာတဲ့။ ဟီး...ဟီး..။ အဲဒါကြောင့် ဒီပွဲကို
လာပြီး မီးက ကဗျာဆရာမ ဆိုတာ လာပြောတာပါ။ အော်.. မီးနာမည်လား
“လှကလေးစိန်စိန်” လေ။


(စတ္ထုထ အခန်း)

မင်္ဂလာပါ သောတရှင်များခင်ဗျား။ အဲ...ဆောရီး..ရေဒီယိုအင်တာဗျူးနဲ့
ရောသွားလို့ပါ။ လူကြီးမင်းများခင်ဗျား။ ကျနော်ကတော့ မဟာအနွယ်စစ်
တဲ့ ဂျာနယ်လစ်ပါ။ အားတဲ့အခါ ကဗျာရေးပါတယ်။ ဒါပေမဲ့ ကဗျာက ကျ
နော့ရဲ့ ငယ်ချစ်ပါ။ ဂျာနယ်လစ်ကတော့ ဘ၀ကပေးစားလို့ အလိုမတူပဲ
ပေါင်းသင်းနေရတဲ့ သူပေါ့လေ။ ဟဲ..ဟဲ..သိပ်ပြီး ကဗျာဆန်သွားလား။

ကျနော့သတင်းတွေ “ပေါက်” တာက ကဗျာဆန်လို့ပါပဲ။ ကျနော်က သတင်း
ကို ကာရံနဲ့ နဘေနဲ့ ရေးတာပါ။ တချို့တွေဆို ကျနော့်သတင်းတွေ အလွတ်ရ
ကြတယ်။ တချို့ကတော့ ကျနော့်သတင်းတွေကို သီချင်းလုပ်ဆိုကြပါတယ်။
အခုနောက်ပိုင်း ပို့စ်မော်ဒန်စတိုင်နဲ့ ကျနော်ရေးတဲ့ သတင်းတွေကို ဟစ်ပောာ့ပ်
ချာတိတ်တွေက သူတို့သီချင်းတွေထဲမှ ရက်ပ်လုပ်ပြီး ဆိုကြတယ်ဗျာ။

စာနယ်ဇင်းတွေမှာ ကဗျာရေးနကြတဲ့သူတွေကို ဒီနေရာကနေ ကြုံလို့ ပြောချင်
တာက ခင်ဗျားတို့ ကဗျာတွေ ပြောင်းကြပါတော့လို့။ ကဗျာဆိုတာ သတင်း၊
သတင်းဆိုတာ ကဗျာ။ ကဗျာဆိုတာ ရေးပြီး ဒီအတိုင်းထားရတာ မဟုတ်ဘူး။
မဂ္ဂဇင်းဂျာနယ်မှာ ပါရင်ပြီးရော မဟုတ်တော့ဘူး။ ကဗျာရေးပြီးရင် သီချင်းလို
ဆိုရတယ်။ ကဗျာကို ရွတ်တဲ့ခေတ် ကုန်ပြီ။ ကဗျာကိုတခါထဲ အင်တာနက်ထဲမှာ
ထည့်ရတယ်။ ကဗျာကို အရုပ်ရော အသံရော ပေါင်းရတယ်။ ကဗျာကို ဖေ့စ်ဘုခ်
မှာ လှုပ်အောင်လုပ်ပြီးမှ လူတွေဆီပို့ရတယ်။

ကဗျာတပုဒ်ကို သတင်းလိုက်သလို လိုက်ရတယ်။ ကဗျာထဲမှာ မေးခွန်းတွေပါ
ရမယ်။ ဘခြောက်လုံးမပါတဲ့ ကဗျာဟာ သတင်းမဟုတ်ဘူး။ အာဏာပိုင်တွေရဲ့
တုံ့ပြန်ချက်တွေလည်း ကဗျာထဲမှာ ပါအောင်ထည့်နိုင်ရမယ်။ အင်္ဂလိပ်စာသား
တွေလည်း ထည့်ရမယ်။ လိုအပ်ရင် ကိုရီးယားလို၊ ဂျပန်လိုတွေပါ ထည့်ပါ။

ဆိုင်ဘာခေတ်ကို ရောက်နေပြီ။ အင်တာနက် ကဖေးမှာ ကော်ဖီ မရဘူး။ အိုင်
ဖုန်း မကိုင်နိုင်ရင် ကဗျာဆရာ မလုပ်နဲ့။ ယူကျူ့တက္ကသိုလ်ကို တက်ပါ။ အွန်
လိုင်းကဗျာခေတ်မှာ သတင်းရေးတာဟာ ကဗျာပဲကိုယ့်လူတို့။ ဆီးယူ..။


(ဇတ်သိမ်း အခန်း)

အသားကင်ဆိုင်တွေ ခေတ်စားလာလို့ ကိုမင်းကျော်တယောက် ကေတုမတီ
တောင်ငူမြို့ကနေ ရန်ကုန်ကို ဆင်းလာပြီး ဘားလမ်းထဲမှာ “ကဗျာကင်ဆိုင်”
ဆိုပြီး ဖွင့်ပါတယ်။ သူငယ်ချင်း သတင်းသမားတချို့က စွန့်ဦးတည်ထွင် စီးပွါး
ရှင်ဆိုပြီး သူ့ကို အင်တာတွေ ဗျူး၊ သတင်းတွေ လုပ်ပါတယ်။ လပိုင်းအတွင်းမှာ
ပဲ ကိုမင်းကျော်ရဲ့ ကဗျာကင်ဆိုင် “ပေါက်” သွားပါတော့တယ်။ အဲဒီနောက်ပိုင်း
မြန်မာပြည်မှာ ကဗျာသမားတွေ လက်ညှိုးထိုးမလွဲ ပေါများလာတာပေါ့။

အခုဆို လွှတ်တော် အမတ်တွေကလည်း သူတို့ကိုယ်သူတို့ ကဗျာဆရာတွေပါ
တဲ့။ စစ်ဗိုလ်၊ စစ်သားများကလည်း ကဗျာဆရာတွေပါပဲတဲ့။ အတိုက်အခံ နိုင်ငံ
ရေးသမားတွေကလည်း ကဗျာဆရာတွေပါတဲ့။ ကဗျာကင်ဆိုင်တွေလည်း
ထပ်ပေါ်လာပြီး တော်တော် စီးပွါးဖြစ်ကြတယ်။ အဲဒီအချိန်ကစပြီး အရင်က
ကဗျာရေးနေကြတဲ့သူတွေ ဘယ်ပျောက်သွားကြမှန်း မသိတော့ဘူး။

(အဆစ်)

ကဗျာကင်ဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့။ အခန်းလွတ် တခု။
စင်မြင့် တခု။ မိုက်ခရိုဖုန်း တလုံး။ စပီကာ နှစ်လုံး။ ရေနွေးကြမ်းအိုး အလုံး
ငါးဆယ်။ အကြမ်းပန်းကန် အလုံးတရာ။ စားပွဲခုံ အလုံးသုံးဆယ်။ ခွေခြေ
အလုံးတရာ။ ဆေးလိပ်ပြာခွက် ခြောက်ဆယ်။ ထွေးခံ ခြောက်ဆယ်နဲ့
လုံခြုံရေးရဲ ငါးယောက်တို့ပဲ ဖြစ်ပါတယ်။ သိုင်းခရူးပါ။


(ရုပ်ပုံ ၊ ဂူဂလ်)

5 comments:

သက်ဝေ said...

ရည်လည်မိုက်တယ်... ကြိုက်တယ်...

ဒါနဲ့ ကဗျာကင်ဆိုင်ဖွင့်မယ်ဆိုရင် please let me know နော်...။ share ထည့်ချင်လို့ပါ...

ပြီးတော့ ဆိုင်အဝင်ဝမှာ "ဒါဟာ ကဗျာတပုဒ်ပေါ့... ဘယ်သူငြင်းမလဲ" ဆိုတဲ့ စကားကို စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တခုပါ လက်ဆောင်ပေးပါအုံးမယ်... ဘယ်လိုလဲ ပြော......း)))

blueskyforest said...

ကောင်းသပ သက်ဝေရယ် အတူကင်ကြတာပေါ့ကွယ်။း)

Hmoo said...

ကောင်းတယ်ဟ၊အခုရေးထားတာကကော၊ခေါင်းစဉ်က "ကဖျာဘဲလားဟင်" ?

ABC said...

ကဗျာကင်ဆိုင်ဖွင့်ဖို. မြို.လည်မှာအခန်းလွတ် ဆိုရင်တော်တော်ဈေးကြီးလိမ့်မယ်၊

ကောင်းတာက သီချင်းလေးဖွင့်ဖို. ကက်ဆက်လေးတစ်လုံး၊ လက်ဘက်ခြောက်၊ ကော်ဖီမှုန်.၊ နို.ဆီလေး ထပ်ထည့်လိုက်ရင် ကဗျာကင်ဆိုင်နဲ.အတူ လက်ဘက်ရည်ဆိုင် ဖွင့်လို.ရပြီ၊

Amber said...

very nice. love the way you write. :D