Thursday, June 9, 2011

ဘောင်းဘီဝတ်ပြီး ရေးတဲ့စာ









ရှားရှားပါးပါး ပေါ်ပေါက်လာတဲ့ မြန်မာ့လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တော်ကြီးများ
ဘာတွေပြောနေကြပါလိမ့်။ ပြည်သူအများက စိတ်မ၀င်စားကြပါ။ ဘာကြောင့်ပါလိမ့်။
ပြည်သူတွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကိုမှ မပြောကြတာကိုး။ ဘာလို့
မပြောကြတာပါလိမ့်။ သူတို့က ပြည်သူတွေကိုမှ စိတ်မ၀င်စားပဲကိုး။ ဘာလို့များ စိတ်
မ၀င်စားကြတာပါလိမ့်။ ထားပါတော့လေ။ လူတိုင်းသိတဲ့ကိစ္စ ပေရှည်တာကို ဒီမှာရပ်
မယ်။

ဒီလူတွေ လွှတ်တော်ထဲမှာ ပျင်းဖို့ကောင်းတာတွေကို အတည်ပေါက်နဲ့ လျှောက်ပြော
နေမဲ့ အစား။ အကျိုးရှိတဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်အောင် မလုပ်ကြမယ့် အတူတူ။
နိုင်ငံရေးမဟုတ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ ဥပမာ ။
မြန်မာတွေ လုံချည်မ၀တ်တော့ပဲ ဘောင်းဘီ ပြောင်းဝတ်ကြရင် မကောင်းလား ဆိုတဲ့
ကိစ္စမျိုးပေါ့။

ဒီအဆိုတင်သွင်းမှုကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ လွှတ်တော်ထဲမှာ အငြင်းအခုံလုပ်ကြ
ရင် ဒီမိုကရေစီရဲ့အခြေခံလေ့ကျင်းခန်းလည်း လုပ်ဖြစ်သွားမယ်။ ပြည်သူတွေလည်း
အတိုင်းအတာတခုအထိ စိတ်ဝင်စားလာနိုင်တယ်။ အငြင်းအခုံဟာ ဒီမိုကရေစီရဲ့ အခြေ
ခံကိစ္စတခု မဟုတ်လားဗျာ။ ဒီလိုအကြောင်းအရာတွေက စပြီးလေ့ကျင့်ရင်း တဖြေးဖြေး
ချင်း လူထုနဲ့နီးစပ်လာအောင် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

အာရှမှာ ဘယ်နိုင်ငံက ဘောင်းဘီကို စပြီးဝတ်တယ် မသိပါ။ မြန်မာတွေ ကိုလိုနီခေတ်
မတိုင်မှီအထိ ဘောင်းဘီ မ၀တ်ကြသေး။ အဲဒီအချိန် ရှမ်းပြည်မှာတော့ အမျိုးသားတွေ
ရှမ်းဘောင်းဘီ ၀တ်နေလောက်ပြီ။ မသေချာပါ ။ “ဘောင်းဘီ” ဆိုတဲ့ စကားကိုတောင်
မြန်မာစကားအစစ်မှ ဟုတ်ရဲ့လားလို့ သံသယရှိပါတယ်။ အိမ်နီးချင်း တရုတ်ပြည်မှာ
ကျားရော၊ မ ရော ဘောင်းဘီတွေပြောင်းပြီး ၀တ်ပေမဲ့လည်း ဒို့ကတော့ လုံကွင်းပဲ။
တရုတ်ပြည်က ပြေးလာကြသူတွေလည်း မြန်မာပြည်ရောက်တော့ လုံကွင်း ပြောင်း
ကုန်ကြတယ်။

အခုဆို အာစီယံနိုင်ငံတွေ အားလုံးလိုလို လုံကွင်းတွေပျောက်ပြီး ဘောင်းဘီတွေ
ပြောင်းလာတာ ကြာပေါ့။ ဒို့ဆီမှာတော့ လုံကွင်းက လုံကွင်းပဲ။ ဘောင်းဘီဝတ်ခြင်း
ဟာ တိုင်းပြည်တိုးတက်မှုရဲ့ လက္ခဏာတရပ်လို့ပြောရင် ရနိုင်မယ်ထင်တယ်။ တိုး
တက်တဲ့နိုင်ငံအများစုက ဘောင်းဘီတွေနဲ့မို့ပါ။ ဘောင်းဘီဝတ်ပြီး ဆင်းရဲနေတဲ့
တိုင်းပြည်တွေလည်း ရှိတာပါပဲလေ။

ဘောင်းဘီဝတ်တာနဲ့ ဘာလို့ တိုးတက်ရမှာတုံး။ ထမီတွေ၊ ပုဆိုးတွေနဲ့ တိုးတက်တော့
ပိုပြီး မကောင်းဘူးလားလို့ အချက်နဲ့ အလက်နဲ့ ၀ိုင်းပြီး ခုခံချေပတာမျိုး ကြားချင်ပါတယ်။
ဘောင်းဘီဝတ်ခြင်း၏ အားသာချက်၊ အားနည်းချက်။ ကောင်းကျိုး၊ ဆိုးကျိုး။ လုံချည်
ဝတ်ခြင်း၏ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောကြဆိုကြ၊ ငြင်းကြခုံကြရင် ကောင်းမယ်
ထင်ပါတယ်။

ဒို့ကတော့ ဘောင်းဘီဝတ်ရေး အုပ်စုကပါ။ ဒီစာကိုတောင် ဘောင်းဘီဝတ်ပြီး ရေးပါတယ်။
အိမ်မှာ လုံချည်တထည်တော့ ရှိတယ်။ ၀တ်ဖို့ မဟုတ်။ စားပွဲမှာ အလှခင်းပါတယ်။ အမျိုး
သမီးချိတ်ထမီလည်း နံရံမှာ အလှကပ်ပါတယ်။ ဘုန်းနိမ့်မှာ လုံးဝ မကြောက်ပါ။ ဂျပန်မှာ
ရိုးရာအခန်းအနားစစ်စစ်ကျမှပဲ ကီမိုနို ၀တ်ကြပါတယ်။ ဂျပန်ကို ခေတ်မှီတဲ့နိုင်ငံအဖြစ်
တည်ဆောက်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ ကီမိုနိုတွေချွတ်ပြီး ဘောင်းဘီတွေစွပ်ကြတာ
လည်း အရေးကြီးတဲ့ အပြောင်းအလဲတရပ်ပါပဲ။ မြန်မာတွေလည်း ပြောသာပြောတာပါ။
လုံချည်ကြိုက်တယ်သာဆိုတယ် အတွင်းခံကျတော့ ဘောင်းဘီတွေနဲ့ မဟုတ်လား။

မြန်မာပြည်ရဲ့ လုံချည်ဝတ်ဓလေ့က တိုးလာသလား၊ လျှော့သွားသလားဆိုတာ ပြောရ
ခက်မယ် ထင်ပါတယ်။ လူငယ်တော်တော်များများ တောရော မြို့ပါ ဘောင်းဘီဝတ်ရ
တာကို ကြိုက်လာကြပါပြီ။ ကောင်မလေးတွေပါ ၀တ်ကုန်ကြပါပြီ။ အဆိုတော်အများစု
ဘောင်းဘီဝတ်ပြီး ဆိုနေကြပါပြီ။ အဲ့...လွှတ်တော်အတွင်းမှာတော့ ကိုယ်စားလှယ်တော်
ကြီးများက ချိတ်ထမီတွေ တကားကားနဲ့ခင်ဗျ။

ငယ်ငယ်က ကြားဖူးတာက အကြောင်းမညီညွတ်၍ ဘောင်းဘီချွတ်ရတယ် ဆိုလား။
ဒါဆိုရင် အကြောင်းညီညွတ်သော် ဘောင်းဘီဝတ်စို့လားလို့ လှုံ့ဆော်ချင်ပါသဗျား။
ဘောင်းဘီဝတ်တာ အနောက်တိုင်းဆန်တယ်ဆိုပြီး ပေကပ်ကပ်နဲ့တော့ မငြင်းစေချင်
ဘူး။ မြန်မာတွေရဲ့ခန္တာကိုယ်မှာ ဆံပင်ကနေ ခြေဖျားအထိ အနောက်တိုင်း ဆန်နေတာ
တွေ အများကြီး မဟုတ်လား။ အပြောင်းအလဲကို ရဲရဲသာ လုပ်ကြပါလို့ တိုက်တွန်းချင်
တာပါပဲ။ ပြောလို့ မရဘူးနော့။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဟာ ဘောင်းဘီဝတ်ရေး
ဆုံးဖြတ်ချက်က စတယ် ဆိုတာမျိုးဖြစ်ရင် ဖြစ်လာမှာ။

(ရုပ်ပုံ၊ ဂူဂလ်)

2 comments:

ကိုအာချောင် said...

ပုဆိုးဝတ်ထားလို့ အမြန်ပြန်လဲဝတ် လိုက်ပါတယ်... ဘောင်ဘီဝတ်ပြီးရေးတဲ့စာ ဆိုတော့.... ဘောင်းဘီနဲ့မှသင့်တော်မယ် ထင်လို့... ဘောင်းဘီဝတ်ပြီးဖတ်လိုက်ပါတယ်....
လေးစားတယ်ဗျာ...
ဘောင်းဘီ နဲ့ ဒီမိုကရေစီ ကို ချိတ်ဆက်ပြီးရေးသွားတာ....
ဖတ်ပြီးပြီ.........ဗျာ..။
ဘောင်းဘီချွတ်ပြီ...ဗျာ..။
ပုဆိုးပြန်ဝတ်ပြီ.....ဗျာ..။
ဟဲ..ဟဲ..အတွင်းခံ "ဘောင်းဘီ" လေးတော့... ...ဝတ်...ပါ...ရ...စေ...

anonymous said...

နာဂစ်လိုမျိုးအနေအထားမှာပေါ့ဗျာ မုန်တိုင်းက လဲကြမ်းတော့ ခထောင်းဂျိုက်ဖို့တောင်သတိရဖို့ မလွယ်၊ မုန်တိုင်လဲပြီးရော သတိရလာလို့ ထကြည့်တော့ လုံချည်ပျောက်နေတယ်၊ အဲဒီလိုအခြေအနေမှာ ဆိုရင်တော့
အရှက်နဲ့အသက်လဲရမလိုဖြစ်နေ....
ဘောင်ဘီဝက်တဲ့သူကတော့အနေသာကြီးပါ။
စပါးစိုက်တုန်းလဲဘောင်ဘီဝတ်ပြီးလုပ်ရင် ပုဆိုးလိုမကြာခဏပြန်ပတ်ရသက်သာပါတယ်။
မုန်တိုင်းနဲ့ပတ်သက်ပြီးအနာပြန်ဆွမိသလိုဖြစ်ရင်တောင်းပန်ပါတယ်၊ အခြေအနေတစ်ခုက်ုတင်ပြခြင်းဖြစ်ပါတယ်။