Thursday, June 30, 2011

ကဗျာဆရာ ဘာဘူ
















ပွဲခင်းထဲမှာ ကောင်မလေးကို “ ဖက်တဲ့သူက ဖက် ”
အဆင်မပြေလို့ နောက်တယောက်နား “ ကပ်တဲ့သူက ကပ် ”
လူကြားထဲမှာ ရည်းစားနဲ့ “ ပြတ်တဲ့သူက ပြတ်”
ဖုန်းနံပတ်ပေးလို့ “ မှတ်တဲ့သူက မှတ် ”

ရက်ပ်ပါတွေ စင်ပေါ်ကို “ တက်တဲ့သူက တက် ”
မိုက်ခရိုဖုန်း ကိုင်ပြီးတော့ “ ရှက်တဲ့သူက ရှက် ”
စီဒီထဲမှာ လူသံတွေကို “ ထပ်တဲ့သူက ထပ် ”
အော်တိုရေးဖို့ ရက်ပ်ပါတွေနား “ ကပ်တဲ့သူက ကပ် ”

စကပ်အနီနဲ့ ကောင်မလေးကို “ ချက်ခ်တဲ့သူက ချက်ခ် ”
နေ၀င်လည်း နေကာမျက်မှန် “ တပ်တဲ့သူက တပ် ”
ဘော်ဒါထမ်းပြီး ပွဲခင်းထဲက “ ထွက်တဲ့သူက ထွက် ”
မိုးချုပ်ရင် အိမ်ပြန်ဖို့ “ ခက်တဲ့သူက ခက် ”

ဝက်သားဒုတ်ထိုး ရောင်းပြီး “ မြတ်တဲ့သူက မြတ် ”
ဝယ်မစားခင် ဈေးမေးပြီးတော့ “ တွက်တဲ့သူက တွက် ”
ရေခဲချောင်းကို အရသာခံပြီး “ လျှက်တဲ့သူက လျှက် ”
သောက်ရေသန့်ဈေး မေးပြီး “ တက်တဲ့သူက တက် ”

(((ငါတို့ရဲ့ ဟစ်ပ်ဟော့ပ်ပွဲမှာ “ ဒီလို ဒီလိုမျိုး ”
ဟစ်ပ်ဟော့ပ်ကို မကြိုက်တဲ့လူတွေ “ အိမ်ကို အိမ်ကို ဂိုး ”
ရက်ပ်ပါတွေ အကုန်လုံး “ စင်ပေါ် စင်ပေါ် ဒိုး ”
ပွဲပြီးရင် အရှိန်မသေဘူး “ ဒစ္စကိုကို ဂိုး ”

ဆရာတို့ရဲ့ ဟစ်ပ်ဟော့ပ်ပွဲမှာ “ ဒီလို ဒီလိုမျိုး ”
အလှအပတွေ အများကြီးနဲ့ “ ငါနဲ့ ငါနဲ့ တိုး ”
သူတို့ဘေးမှာ ငါပျော်တယ် “ ဒီလို ဒီလိုမျိုး ”
ပွဲပြီးရင် အိမ်မပြန်ဘူး “ ကာရာအိုကေ ဂိုး ” )))

ရက်ပ်သီချင်းတွေ သံပြိုင် “ အော်တဲ့သူက အော် ”
အသစ်တယောက်ရလို့ “ ပျော်တဲ့သူက ပျော် ”
လူစုံတုန်း ဇတ်ရှုပ်တွေ “ ပေါ်တဲ့သူက ပေါ် ”
အော်ဒါကို လက်တို့ပြီးတော့ “ ခေါ်တဲ့သူက ခေါ် ”

လူကြည့်တော့ အိုက်တင်တွေ “ ခံတဲ့သူက ခံ ”
ပွဲမပြီးခင် အိမ်ကိုအမြန် “ ပြန်တဲ့သူက ပြန် ”
ပွဲပြီးရင် ကလပ်ကိုသွားဖို့ “ ကြံတဲ့သူက ကြံ ”
လေမရှိတဲ့ ကားဘီးကို “ ကန်တဲ့သူက ကန် ”

ပိုက်ဆံတွေ အများကြီးသုံးပြီး “ ကြွားတဲ့သူက ကြွား ”
မိန်းခလေးချင်း ၀တ်တာကြည့်ပြီး “ ဟားတဲ့သူက ဟား ”
ပေါက်ကရတွေ ၀ယ်ပြီးတော့ “ စားတဲ့သူက စား ”
နေမကောင်းလို့ ဆေးခန်းအမြန် “ သွားတဲ့သူက သွား ”

အမိုက်စားတွေ ၀တ်ပြီးတော့ “ ကဲတဲ့သူက ကဲ ”
အိတ်ထဲမှာ ဘာမှမရှိလို့ “ မွဲတဲ့သူက မွဲ ”
ယောက်ဖနဲ့တိုးမှာစိုးလို့ “ တချို့က လက်မတွဲ ”
စာမေးပွဲပြီးခါစဆို “ တချို့က တော်တော် ကဲ ”

ဟစ်ပ်ဟော့ပ် ဘိတွေ ကြားရင် “ ခေါင်းကို ဒီလိုလှုပ် ”
ခေါင်းကိုဒီလို လှုပ်လို့ပြီးရင် “ လက်ကို ဒီလို လှုပ် ”
လက်ကိုဒီလို လှုပ်လို့ပြီးရင် “ ခြေထောက်ကို ဒီလို လှုပ် ”
ခြေထောက်ကို ဒီလိုလှုပ်လို့ပြီးရင် “ လှုပ်ချင်တာကို လှုပ် ”

လှုပ်ချင်တာကို လှုပ်ပြီးကပါ “ ဒီလိုဒီလို က ”
လှုပ်ချင်တာကို လှုပ်ပြီးကပါ “ ဟိုလိုဟိုလို က ”
လှုပ်ချင်တာကို လှုပ်ပြီးကပါ “ ဟိုလိုဒီလို က ”
ဟိုနားက အရမ်းချောတဲ့ “ ကောင်မလေးတွေ က ”
က.....က.....က......က......က......က......က
ဒီနားက အရမ်းချောတဲ့ “ ကောင်မလေးတွေ က ”

ဘာဘူရဲ့သီချင်း....နားထောင်လို့ ကောင်းတယ်။ ကော်ပီ မဟုတ်ဘူးဆိုပဲ။
လေးစားပါတယ်။ မျှော်လင့်ထားရမယ့် လူပဲ။ လွတ်လပ်မှုသာ ရှိခဲ့ရင် လူထုရဲ့

အသံတွေကို တကယ်ရေးဖွဲ့နိုင်မယ့်လူ ဖြစ်လိမ့်မယ်။ ပြည်တွင်းဖြစ် ဟစ်ပ်
ဟော့ပ် သီချင်းတွေကို ဖန်တီးနိုင်လိမ့်မယ်။ မြန်မာလူထု
ရဲ့ခံစားချက်တွေကို
သီချင်းလုပ်ပြီး ဆိုတဲ့အခါ နိုင်ငံတကာဟစ်ပ်ဟော့ပ်သမားတွေလို ကမ္ဘာမှာ
“တန်း” ၀င်လာလိမ့်မယ်။
ကဗျာဆရာဘာဘူ ကျန်းမာပါစေဗျား။ သီချင်းကို
အောက်မှာ နားဆင်ပါ။

( သီချင်းခေါင်းစဉ် ၊ ဟစ်ပ်ဟော့ပ် ပွဲတော် )

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, June 28, 2011

ကဗျာကင်ဆိုင်
















(ပထမ အခန်း)

ကြွရောက်အားပေးလာကြတဲ့ ဧည့်ပရိတ်သတ် လူကြီးမင်းများခင်ဗျား..။
ကျနော့်နာမည် ချိုကြီးပါ။ ကျနော် ရွှေတူးပါတယ်။ ရွှေထွက်တယ်လို့ ကြား
တဲ့ နေရာမှန်သမျှမှာ ကျနော့်နာမည်ကို မေးကြည့်ပါ။ လူတိုင်းသိပါတယ်။

ကျနော်ချိုကြီး၊ ချိုကြီးကျနော် ရွှေကို ကျင်တယ်။ ရွှေကို တူးတယ်။ ရွှေကို
ဖမ်းတယ်။ မြှူတယ်၊ မျှားတယ်။ ရွှေရမယ့်အရေး ဘာမဆို လုပ်တတ်ပါတယ်။
ရွှေတောနဲ့ ချိုကြီး၊ ချိုကြီးနဲ့ ရွှေတော ခွဲလို့ကို မရပါဘူး။ လူလောကမှာ ချိုကြီး
ရွှေလာတူးတာပါ။ အဲဒါကြောင့် ချိုကြီးဟာ ကဗျာဆရာ စစ်စစ်ဖြစ်ကြောင်း
ရှင်းပြဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။

ကျနော့်ကို ကြည့်ပါ။ အမေမွေးတုန်းက ဖြူခဲ့တဲ့အသား အခုလို မည်းမှောင်
နေရတာ ရွှေကြောင့်ပါ။ မည်းနက်လှတဲ့ ဒီအရေပြားအောက်က ခန္တာကိုယ်ထဲ
မှာ ငှက်ဖျားပိုးတွေ အချိန်နဲ့အမျှ ပြေးလွှားနေကြပါတယ်။ ပရိတ်သတ်များ
ခင်ဗျား ကဗျာဆရာဆိုတာ ဝေဒနာသည်တဦးပါပဲ။

ပြင်းထန်တဲ့ ဘ၀။ ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ကဗျာဆရာချိုကြီး၊ ချိုကြီး
ကဗျာဆရာ ပူဇော်ထိုက်သူတွေကို ပူဇော်ပါတယ်။ သွားလေသူ ကဗျာဆရာ
မောင်ချောနွယ် ပြောခဲ့သလိုပေါ့။ ကျနော်တော့ လုံးဝ နောက်မဆုတ်ပေးနိုင်
တော့ပါဘူး လောကကြီးခင်ဗျား။

အခုချိန်ထိ ကဗျာ တပုဒ်မှ မရေးခဲ့ဖူးပေမဲ့ ရွှေတူးရတဲ့အဖြစ်၊ ရွှေရဖို့အရေး
ကြိုးပမ်းရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရွှေရအောင် ရင်းရတဲ့ ဘ၀၊ ရွှေရရင်
ပျော်ရတဲ့ အဖြစ်။ ရွှေသမားရဲ့ ရင်ခုန်သံ။ ရွှေဖြစ်အောင် ဖန်တီးရတာတွေ
က တော်ရုံတန်ရုံ ကဗျာဆရာဆိုသူတွေထက် ပိုပြီး ကဗျာဂုဏ်မြောက်တဲ့
အကြောင်း ပြောရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။


(ဒုတိယ အခန်း)

သပူရိသ အနွယ်ဝင် သူတော်စင် အပေါင်းတို့။ ဘုန်းဘုန်းရဲ့ ကဗျာတွေကို
ဖတ်ဖူးကြမှာပေါ့။ ဘုန်းဘုန်းကတော့ ကဗျာဆရာ “ကြယ်စင်ကိုကို” ပါ။
အရင်ကတော့ ဘုန်းဘုန်းလည်း လေးလုံးစပ်နဲ့ စခဲ့တာပါပဲ။ နောက်ပိုင်းမှာ
တော့ ခေတ်နဲ့အညီ မော်ဒန်၊ ပို့စ်မော်ဒန် ဖြစ်လာတာပေါ့လေ။ အဟင်း..ဟင်း

ဘုန်းဘုန်းက နိုင်ငံခြားကို မကြာခဏ ထွက်ပါတယ်။ နိုင်ငံခြားမှာ ဘုန်းဘုန်း
ရဲ့ တရားနာပရိတ်သတ်တွေရော၊ ကဗျာပရိတ်သတ်တွေရော အတော်များ
ပါတယ်။ ဘုန်းဘုန်းရဲ့ကဗျာပရိတ်သတ်တွေထဲမှာ အများစုက ကောင်မလေး
တွေပါ။ ဒကာမလေးတွေ ဘာကြောင့် ဘုန်းဘုန်းရဲ့ကဗျာကို အကြိုက်များရ
သလဲဆိုတာ အစပိုင်းမှာ သတိမထားမိခဲ့ဘူး။ ဘုန်းဘုန်းရဲ့ ကဗျာ့မိတ်ဆွေ
ကြီး အရှင်ကောဝိဒ ထောက်ပြမှပဲ သဘောပေါက်တော့တယ်။ ဟုတ်ပ။
ဘုန်းဘုန်းရဲ့ ကဗျာတွေက မေတ္တာဓါတ် အတော်များတာကိုး။ မေတ္တာဓါတ်
များ အစွမ်းကြီးပေတယ်။

လူဝတ်ကြောင်ကဗျာသမားတွေကို ကြုံတုန်း ဒီနေရာကနေ ဘုန်းဘုန်းတိုက်
တွန်းချင်တာ တခုရှိပါတယ်။ ကဗျာဆရာဆိုတာ မေတ္တာဓါတ်ကြီးရတယ်။
နှလုံးသား ကြီးရတယ်။ အရက် သိပ်မသောက်ကြပါနဲ့။ ဆဲရေးတိုင်းထွာတာ
တွေ မလုပ်ကြပါနဲ့။ ကဗျာကိုမေတ္တာထားမှ လူသားတွေကို မေတ္တာထားမှ
ကဗျာနဲ့လူတွေက ကိုယ့်ကို မေတ္တာပြန်ထားမယ်ဆိုတာ ကျပ်ကျပ်သတိရပါ
လေ။ ကိုင်း..ကိုင်း..ဦးချ..ဦးချ..ဘုန်းဘုန်းကြွမယ်နော်။ ဘုန်းဘုန်းရဲ့ဘလော့ဂ်
လိပ်စာက......။ ဖေ့စ်ဘုခ်ကတော့...ဂျီမေးလ်းဆိုရင်....။ သိုင်းခရူးနော်။


(တတိယ အခန်း)

သိုင်းခရူးပါ...။ သိုင်းခရူးပါ..။ အခုလို မီးရဲ့ပွဲကို လာပြီး အားပေးကြတာ
သိုင်းခရူး ဆိုးမာ့ခ်ျ ပါနော်။မီးက..ဟိုး..ငယ်ငယ်လေးကတည်းက ကဗျာ
တွေကို ချစ်ခဲ့တာပါ။ စာမရေးတတ်ခင်ကတည်းက ကဗျာကိုချစ်ခဲ့တဲ့သူပါ။
စာမတတ်ခင်မှာပဲ ကဗျာတတ်နေပြီလို့ ပြောရမှာပေါ့... ဟင်း...ဟင်း..။

အရင်ဆုံးအလွတ်ရတဲ့ ကဗျာကတော့ “ရောင်စုံဘောလုံး” ပေါ့နော်။ ဒီကဗျာ
ကို ဘယ်သူရေးသလဲဆိုတာ မီးလည်းမသိပါဘူး။ ကဗျာဝေဖန်ရေးလုပ်နေတဲ့
လူတွေက သူများကဗျာတွေကို လက်ညိုးထိုးနေမယ့်အစား လူအများစုကြိုက်
တဲ့ ရောင်စုံဘောလုံးလို ကဗျာတွေကို ဘယ်သူရေးသလဲဆိုတာ လေ့လာသင့်
တာပေါ့နော်။ မီးကတော့ ဝေဖန်ရေးသမားတွေကို မုန်းတယ်လို့ ဒီနေရာကနေ
ပြောလိုက်ပြစေ။

ထားပါတော့လေ။ မီးက နည်းနည်း အသက်ကြီးလာတော့ ၀ါဆိုဝါခေါင်ကို
အလွတ်ရတယ်။ အိမ်မက်တွေထဲအထိ ၀ါဆိုဝါခေါင်ကဗျာကို စွဲနေတတ်တာ။
အခုတော့ မီးက ဖက်ရှင်မယ်ပေါ့လေ။ ကာဗာဂဲလ်ပေါ့။ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်း
လာတာတွေ ရှိပေမဲ့ မီးက ကဗျာကိုပဲ ချစ်တယ်လေ။ ကဗျာဆိုတာ ဖက်ရှင်
ပါပဲ။ ဖက်ရှင်လောကမှာ ရှင်သန်နိုင်ဖို့ဆိုတာက လေးနက်ခမ်းနားတဲ့ကဗျာ
တပုဒ်ပါပဲလို့။

ဟိုတလောက သူ့ကိုယ်သူ ကဗျာဆရာပါလို့ ပြောတဲ့လူတယောက်နဲ့ ဆုံရ
တယ်။ ညှင်းသိုးသိုးနဲ့ပါ။ သနားစရာပေါ့။ သူ့ကို မီးရဲ့ဖက်ရှင် လိုက်ဖ် အကြောင်း
ရှင်းပြလိုက်တယ်။ သနားပါတယ်။ ပါးစပ်အဟောင်းသားနဲ့ အံ့တွေသြလို့။
ဟုတ်လား..ဟုတ်လား...နဲ့လုပ်နေတာ။ မီးရဲ့အကြောင်းကို ကဗျာဖွဲ့နိုင်ပါ့
မလားလို့ မေးတော့။ ကျနော် မရဘူးဗျာတဲ့။ ဟီး...ဟီး..။ အဲဒါကြောင့် ဒီပွဲကို
လာပြီး မီးက ကဗျာဆရာမ ဆိုတာ လာပြောတာပါ။ အော်.. မီးနာမည်လား
“လှကလေးစိန်စိန်” လေ။


(စတ္ထုထ အခန်း)

မင်္ဂလာပါ သောတရှင်များခင်ဗျား။ အဲ...ဆောရီး..ရေဒီယိုအင်တာဗျူးနဲ့
ရောသွားလို့ပါ။ လူကြီးမင်းများခင်ဗျား။ ကျနော်ကတော့ မဟာအနွယ်စစ်
တဲ့ ဂျာနယ်လစ်ပါ။ အားတဲ့အခါ ကဗျာရေးပါတယ်။ ဒါပေမဲ့ ကဗျာက ကျ
နော့ရဲ့ ငယ်ချစ်ပါ။ ဂျာနယ်လစ်ကတော့ ဘ၀ကပေးစားလို့ အလိုမတူပဲ
ပေါင်းသင်းနေရတဲ့ သူပေါ့လေ။ ဟဲ..ဟဲ..သိပ်ပြီး ကဗျာဆန်သွားလား။

ကျနော့သတင်းတွေ “ပေါက်” တာက ကဗျာဆန်လို့ပါပဲ။ ကျနော်က သတင်း
ကို ကာရံနဲ့ နဘေနဲ့ ရေးတာပါ။ တချို့တွေဆို ကျနော့်သတင်းတွေ အလွတ်ရ
ကြတယ်။ တချို့ကတော့ ကျနော့်သတင်းတွေကို သီချင်းလုပ်ဆိုကြပါတယ်။
အခုနောက်ပိုင်း ပို့စ်မော်ဒန်စတိုင်နဲ့ ကျနော်ရေးတဲ့ သတင်းတွေကို ဟစ်ပောာ့ပ်
ချာတိတ်တွေက သူတို့သီချင်းတွေထဲမှ ရက်ပ်လုပ်ပြီး ဆိုကြတယ်ဗျာ။

စာနယ်ဇင်းတွေမှာ ကဗျာရေးနကြတဲ့သူတွေကို ဒီနေရာကနေ ကြုံလို့ ပြောချင်
တာက ခင်ဗျားတို့ ကဗျာတွေ ပြောင်းကြပါတော့လို့။ ကဗျာဆိုတာ သတင်း၊
သတင်းဆိုတာ ကဗျာ။ ကဗျာဆိုတာ ရေးပြီး ဒီအတိုင်းထားရတာ မဟုတ်ဘူး။
မဂ္ဂဇင်းဂျာနယ်မှာ ပါရင်ပြီးရော မဟုတ်တော့ဘူး။ ကဗျာရေးပြီးရင် သီချင်းလို
ဆိုရတယ်။ ကဗျာကို ရွတ်တဲ့ခေတ် ကုန်ပြီ။ ကဗျာကိုတခါထဲ အင်တာနက်ထဲမှာ
ထည့်ရတယ်။ ကဗျာကို အရုပ်ရော အသံရော ပေါင်းရတယ်။ ကဗျာကို ဖေ့စ်ဘုခ်
မှာ လှုပ်အောင်လုပ်ပြီးမှ လူတွေဆီပို့ရတယ်။

ကဗျာတပုဒ်ကို သတင်းလိုက်သလို လိုက်ရတယ်။ ကဗျာထဲမှာ မေးခွန်းတွေပါ
ရမယ်။ ဘခြောက်လုံးမပါတဲ့ ကဗျာဟာ သတင်းမဟုတ်ဘူး။ အာဏာပိုင်တွေရဲ့
တုံ့ပြန်ချက်တွေလည်း ကဗျာထဲမှာ ပါအောင်ထည့်နိုင်ရမယ်။ အင်္ဂလိပ်စာသား
တွေလည်း ထည့်ရမယ်။ လိုအပ်ရင် ကိုရီးယားလို၊ ဂျပန်လိုတွေပါ ထည့်ပါ။

ဆိုင်ဘာခေတ်ကို ရောက်နေပြီ။ အင်တာနက် ကဖေးမှာ ကော်ဖီ မရဘူး။ အိုင်
ဖုန်း မကိုင်နိုင်ရင် ကဗျာဆရာ မလုပ်နဲ့။ ယူကျူ့တက္ကသိုလ်ကို တက်ပါ။ အွန်
လိုင်းကဗျာခေတ်မှာ သတင်းရေးတာဟာ ကဗျာပဲကိုယ့်လူတို့။ ဆီးယူ..။


(ဇတ်သိမ်း အခန်း)

အသားကင်ဆိုင်တွေ ခေတ်စားလာလို့ ကိုမင်းကျော်တယောက် ကေတုမတီ
တောင်ငူမြို့ကနေ ရန်ကုန်ကို ဆင်းလာပြီး ဘားလမ်းထဲမှာ “ကဗျာကင်ဆိုင်”
ဆိုပြီး ဖွင့်ပါတယ်။ သူငယ်ချင်း သတင်းသမားတချို့က စွန့်ဦးတည်ထွင် စီးပွါး
ရှင်ဆိုပြီး သူ့ကို အင်တာတွေ ဗျူး၊ သတင်းတွေ လုပ်ပါတယ်။ လပိုင်းအတွင်းမှာ
ပဲ ကိုမင်းကျော်ရဲ့ ကဗျာကင်ဆိုင် “ပေါက်” သွားပါတော့တယ်။ အဲဒီနောက်ပိုင်း
မြန်မာပြည်မှာ ကဗျာသမားတွေ လက်ညှိုးထိုးမလွဲ ပေါများလာတာပေါ့။

အခုဆို လွှတ်တော် အမတ်တွေကလည်း သူတို့ကိုယ်သူတို့ ကဗျာဆရာတွေပါ
တဲ့။ စစ်ဗိုလ်၊ စစ်သားများကလည်း ကဗျာဆရာတွေပါပဲတဲ့။ အတိုက်အခံ နိုင်ငံ
ရေးသမားတွေကလည်း ကဗျာဆရာတွေပါတဲ့။ ကဗျာကင်ဆိုင်တွေလည်း
ထပ်ပေါ်လာပြီး တော်တော် စီးပွါးဖြစ်ကြတယ်။ အဲဒီအချိန်ကစပြီး အရင်က
ကဗျာရေးနေကြတဲ့သူတွေ ဘယ်ပျောက်သွားကြမှန်း မသိတော့ဘူး။

(အဆစ်)

ကဗျာကင်ဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့။ အခန်းလွတ် တခု။
စင်မြင့် တခု။ မိုက်ခရိုဖုန်း တလုံး။ စပီကာ နှစ်လုံး။ ရေနွေးကြမ်းအိုး အလုံး
ငါးဆယ်။ အကြမ်းပန်းကန် အလုံးတရာ။ စားပွဲခုံ အလုံးသုံးဆယ်။ ခွေခြေ
အလုံးတရာ။ ဆေးလိပ်ပြာခွက် ခြောက်ဆယ်။ ထွေးခံ ခြောက်ဆယ်နဲ့
လုံခြုံရေးရဲ ငါးယောက်တို့ပဲ ဖြစ်ပါတယ်။ သိုင်းခရူးပါ။


(ရုပ်ပုံ ၊ ဂူဂလ်)

Monday, June 27, 2011

ရူးထူးမူးသီအိုရီ
















အမေရိကန်ပြည်ကြီးကို ရောက်ခါစက မိတ်ဆွေတယောက်ရဲ့ သတိ
ပေးချက်လိုလို၊ ဆုံးမစကားလိုလို၊ အပျော်သဘော နောက်တာလိုလိုနဲ့
ခပ်တည်တည် ပြောခဲ့တာကို သတိပြန်ရမိတယ်။ (အမေရိကန်ပြည်က
တကယ်ပဲ ကြီးလို့ “ပြည်ကြီး” လို့ သုံးခဲ့တာပါ) ထားပါတော့။

မိတ်ဆွေက ပြောတယ်။ ဒီတိုင်းပြည်က ထူးတဲ့သူနဲ့ ရူးတဲ့သူပဲ နေလို့
ကောင်းတဲ့ တိုင်းပြည်တဲ့။ မင်းက ရူးမှာလား၊ ထူးမှာလားတဲ့။ ဒီလူ
ဘာကြောင့်များ ငါ့ကိုဒီလိုပြောရတာလဲ။ ဒါဟာ ချိန်းချောက်တာလား။
အရင်လူက နောက်လူကို ဆရာလုပ်ချင်တဲ့ အပေါက်လားဆိုပြီး “တင်း”
မိပါတယ်။

သူ့မေးခွန်းကိုလည်း မဖြေချင်တာနဲ့ သူ့အရိုးနဲ့ပဲ သူ့ကိုပြန်ထိုးခဲ့ပါတယ်။
မင်းကရော ဒီတိုင်းပြည်မှာရောက်နေတာ ရူးနေလို့လား၊ ထူးနေလို့လား
လို့ ပြန်မေးလိုက်ပါတယ်။ ဒီတော့မှ သူက ငါကတော့ မရူးလည်း မရူးနိုင်။
မထူးလည်း မထူးနိုင်တဲ့ ကောင်ပါကွာတဲ့။ အဲဒါကြောင့် မူးနေတာပေါ့တဲ့။

ငါ့ကိုကြည့်ပြီး နမူနာယူစေချင်တယ်တဲ့။ ငါတို့လို မရူးနိုင်၊ မထူးနိုင်သူတွေက
အရက်သမား၊ ဆေးသမားလို အရသာရှိရှိ မမူးနိုင်ပဲ။ ခေါင်းမူး၊ ခေါင်းကိုက်
သမားတွေလို တဘ၀လုံး မူးနောက်နေအောင် ရှာရဖွေရနဲ့ ပတ်ချာလည်ပြီး
ပင်ပန်းနေရသတဲ့။ အီကြာကွေးစကားနဲ့ဆိုရင် ( ဟိုက်..ရှာလပတ်ရည်..ပေါ့)

သူဆိုလိုတဲ့အဓိပ္ဗါယ်က အထူးတလည် ကြိုးစားကြတဲ့သူတွေအတွက် ဒီနိုင်
ငံက နေရာအပြည့်၊ အခွင့်အရေး အပြည့်ရှိတဲ့ နိုင်ငံပါတဲ့။ ဒါမှမဟုတ် သူများ
နဲ့မတူ တမူထူးပြီး ရူးနိုင်ရင်လည်း အဲဒီထူးခြားမှုကို အောင်မြင်မှုလို့ သတ်မှတ်
တတ်လို့ နေရာကောင်းရနိုင်တဲ့ တိုင်းပြည်ပါတဲ့။ အမေရိကန်က ရူးသူ၊ ထူးသူ
များအကြောင်းတော့ ပိတ်သတ်ကြီးလည်း သိပြီးလောက်ရောမို့ အကျယ်မချဲ့
လိုတော့ပါ။ လတ်တလော အောင်မြင်နေကြသူတွေက ရူးသူ၊ ထူးသူများဟု
သာ မှတ်ယူကြပါလေကုန်။

မူးသူများကိစ္စကိုသာ ဆက်ကြပါစို့ရဲ့။ ဟုတ်ပ။ အနေကြာလာမှ နောင်တရ
ဆိုသလို။ “ဟိုအကောင်” ပြောခဲ့တုန်း ကတည်းက ကျကျနနသဘောပေါက်
ခဲ့ရင် ရူးရင်ရူး၊ မရူးရင်ထူးဆိုပြီး လုပ်ခဲ့ပါတယ်လို့ အခုမှပဲ စဉ်းစားမိရှာတော့
လေတယ်။ အခုတော့ ငါ့ခင်မျာ မူးရှာပေါ့။

မြန်မာတွေပြောကြတဲ့ “ဒုံရင်း ဒုံရင်းပဲ” ဆိုတာ ငါတို့လို မူးနေသူတွေကို
ခေါ်တာပါလား။ ဟိုမရောက် ဒီမရောက်။ တော်ရုံတန်ရုံ အလုပ်လေးနဲ့။
တော်ရုံတန်ရုံ ၀င်ငွေလေးနဲ့။ တော်ရုံတန်ရုံ ဘ၀လေးနဲ့ပဲ ကျေနပ်မယ်လေ
လို့ စိတ်ကူးယဉ်ခဲ့မိတာ စီးပွါးပျက်ကပ်နဲ့လည်း ကြုံရော။ ဟော..မူးပါလေ
ရောဗျာ။

ဟိုကုမ္ဗဏီက ပြုတ်။ ဒီကုမ္ဗဏီက ဖြုတ်။ ဟိုက အလုပ်လျှော့။ ဒီက လစာ
ဖြတ်။ အိမ်ကြွေးက မကျေခင် ဈေးပြုတ်ကျ။ ကားကြွေးက ပုံမှန်တောင်း။
ဟိုအကြွေး၊ ဒီအကြွေး ပုံမှန်ပေးဖို့အရေး အလုပ်က ပုံမမှန် ရှာလေတော့
ငါ့ခင်မျာ မူးရပါပေါ့လား။ ဒီကြားထဲ သားသမီးများလို့ကတော့ သံဃာစင်
ပါ မှောက်ပါလေရောပေါ့။ အဲဒီတော့ သားသမီး မိတ်ဆွေများကို ကိုယ့်လို
နောင်တ မရစေအောင် “ဟိုအကောင်” ပြောခဲ့တဲ့စကားကိုပဲ ပြန်ပြန် ပြော
နေမိတော့တယ်။

မင်းတို့ကောင်တွေ ထူးအောင်လုပ်ရင်လုပ် ။ မဟုတ်ရင်တော့ ရူးအောင်
သာ လုပ်ကြတော့။ ရူးသွားလို့ ၀မ်းမနည်းဘူးကွလို့ ဆုံးမတာ လိုလို၊ ချိန်း
ချောက်တာ လိုလို၊ သတိပေးတာ လိုလို၊ ခပ်တည်တည်နဲ့ ပြောနေရတော့
တယ်။

မိတ်ဆွေများခင်ဗျား။ ထူးနေသလား၊ ရူးနေသလား သတင်းပို့ကြပါ။ ရူးနည်း
ကောင်း၊ ထူးနည်းကောင်းများရှိရင်လည်း မျှဝေပေးကြပါလို့ မေတ္တာရပ်ပါ
တယ်။ အမေရိကန် နိုင်ငံကြီးမှာတော့ မူးရင်းနဲ့ ထူးဖို့ မလွယ်သလို၊ ရူးဖို့လည်း
မလွယ်လှပါကြောင်း။ ပါရီမီကောင်းကောင်းနဲ့ ထူးကြ၊ ရူးကြမှသာ လူပေါ်
လူဇော် လုပ်နိုင်မှာ ဖြစ်ပါကြောင်း။ စိတ်ရင်းကောင်းကောင်းနဲ့ အသိပေး
ကြေညာ လိုက်ရပါတယ်ခင်ဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, June 26, 2011

ကုလားကျော်ဟိန်း ဂျပန်ရန်အောင်နဲ့ တရုတ်မေသန်းနု










မြန်မာ့ရုပ်ရှင်နဲ့အဆက်ပြတ်နေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ မနေ့တုန်းက
“အဲဒါ ကုလားဒွေး မဟုတ်လား” လို့ အသိတယောက်ရဲ့ ပြောသံကို ကြား
လိုက်ရပြီး နောက်ပိုင်း မြန်မာ့ရုပ်ရှင်အကြောင်း စဉ်းစားမိတော့တာပါပဲ။
သူက အိန္ဒိယရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ဓါတ်ပုံတွေကိုကြည့်ပြီး ပြောနေ
တာပါ။

ဒွေးရဲ့ရုပ်ရှင်ကို တခါမှ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒွေးဆိုတာ ကျော်ဟိန်းနဲ့
အမျိုးတော်စပ်သူ။ လူကြိုက်များတဲ့ သရုပ်ဆောင်။ အသားညိုညိုနဲ့ ဗမာ
ဆန်သူတဦးလို့ သိထားပါတယ်။ ဒီပုဂ္ဂိုလ်နဲ့ရုပ်ချင်း ဆင်တဲ့ အိန္ဒိယ သရုပ်
ဆောင်တဦးကို ရွှေမြန်မာများက ကုလားဒွေးလို့ ကင်ပွန်းတတ်လိုက်ပုံ
ရပါတယ်။ ကျော်ဟိန်းတုန်းကလည်း ကုလားကျော်ဟိန်းဆိုပြီး ရှိခဲ့တယ်
မဟုတ်လား။

တခါကလည်း ဂျပန်ရုပ်သံဇတ်လမ်းတွဲတွေထဲမှာ အမျိုးသားသရုပ်ဆောင်
တဦးကို ဂျပန်ရောက်မြန်မာတွေက “ဂျပန်ရန်အောင်” လို့ခေါ်တာ ကြားခဲ့ဖူး
တယ်။ ရန်အောင်နှင့်တူသော ဂျပန်သရုပ်ဆောင်ပေါ့လေ။

နောက်တကြိမ်ကတော့ ရင်းနှီးတဲ့ မိတ်ဆွေတဦးနဲ့ အိမ်မှာအတူ ရုပ်ရှင်
ကြည့်ကြရင်း ကြားမိတာပါပဲ။ တရုတ်မင်းသမီး “ဂေါင်လီ” ပါဝင်တဲ့ဇတ်ကား
ပါ။ ဂေါင်လီကိုလည်း မြင်ရော မိတ်ဆွေက “ဟာ..တရုတ်မေသန်းနုပဲ”တဲ့။

ပြုံးရုံတင်မကပဲ ရယ်မိတဲ့အဆင့်ထိ ရောက်သွားပါတယ်။ မြန်မာမှုပြုတယ်
ဆိုတာ ဒါမျိုးကိုပါ ခေါ်လေမလားလို့လည်း စဉ်းစားမိပါတယ်။ မြန်မာသရုပ်
ဆောင်နာမည်တွေ အတတ်ခံရသူတွေကို ပြန်ကြည့်လိုက်တော့ အာရှသား
တွေချည်းပဲကိုး။ ဟုတ်မှာပေါ့။ အာရှသားတွေက ကိုယ်နဲ့ခပ်ဆင်ဆင်တွေ
ပဲလေ။

အမေရိကန်ကျော်ရဲအောင်တို့၊ ဗြိတိန်စိုးမြတ်သူဇာတို့ ဆိုတာတွေမှ မရှိကြ
ပဲ။ လူဖြူ၊ လူမည်း သရုပ်ဆောင်များ မြန်မာမှု အပြုမခံရရှာပါ။ ဒါတောင်
ကိုယ်က မြန်မာ့ရုပ်ရှင်နဲ့ အဆက်ပြတ်နေလို့။ မြန်မာမှုအပြုခံထားရတဲ့
အာရှသရုပ်ဆောင်သစ်တွေ ဘယ်လောက်ထပ်ရှိနေပြီလဲ မသိဘူး။

မကြာခင်ကြည့်ကြရတော့မယ့် ရုပ်ရှင်ဇတ်လမ်းထဲမှာတော့ တရုတ်မင်း
သမီး “မစ်ရှဲ ယို”က ဒေါ်အောင်ဆန်းစုကြည်နေရာမှာ သရုပ်ဆောင်ထား
တယ်။ ဒီအတိုင်းဆို “ တရုတ်ဒေါ်စု”လာတော့မယ်ပေါ့။ လောလောဆယ်
ထွက်နေတဲ့ ဓါတ်ပုံတွေမှာ မြင်ရတာတော့ မစ်ရှဲ ယိုက ဒေါ်စုနဲ့ အတော်
တူနေသကိုး။

တရုတ်သိန်းစိန်တို့၊ မလေးရှားသန်းရွှေတို့၊ စင်္ကာပူခင်ညွန့်တို့ ဆိုတာတွေ
လည်း နောက်ပိုင်း ရှိမလာဘူးလို့ မပြောနိုင်ဘူး။ နာမည် မကြီးအောင် နေ
ထားမှ တော်ခါကျမယ်။ မဟုတ်ရင် “အင်ဒိုနီးရှား ဘလူးစကိုင်း” ဆိုပြီး
ကင်ပွန်း အတတ်ခံနေရဦးမယ်။ မဖြစ်ချေဘူး...မဖြစ်ချေဘူး...။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, June 24, 2011

ဗုံးတွေကွဲတယ် အချစ်ရယ်















ဒို့ပြည် ဒို့ရွာ ဤကာလ၌ ၊ ဗုံးသံမစဲ တသဲသဲတည့်။ ဗုံးပင်ကိုပျိုး ဗုံးမိုး
ကိုဆင်။ ဗုံးသံတိတ်မှ အိပ်ပါကွယ်။ သူလည်းလေ လောကီသားပေမို့
ခွဲချင်လှ ပေလိမ့်မယ်။ ဗုံးတွေကွဲပြန်ပြီလေ...မှတ်မိသေးပါရဲလား...။
ဗုံးသံတွေကြားမှာ...ဗုံးသံတွေအောက်မှာ...စန္ဒယားတီးမယ်..စန္ဒယား..
တီးကြမယ်။ မေရေ...မောင်တို့ကြားမှာ...ထောင်ထားတဲ့...ဒီဗုံးဟာ..။
ဗုံးမာန် ပွါးလို့...ရက်စက်အားတဲ့သူ...အခုတော့ မောင့်ဗုံး တသက်လုံး..။

ဗုံးကင်းဂါဌာ နာနာရွတ်။ ဗုံးကြွင်းဗုံးကျန် သတိထား။ ထောင်ဗုံး၊ ပစ်ဗုံး
တအုန်းအုန်း။ နေပြည်တော်ဗုံး ၊ မေမြို့ဗုံး။ ဟိုမှာလည်း ဗုံး၊ ဒီလည်း ဗုံး။
လမ်းဘေးထောင်ဗုံး၊ ကားထောင်ဗုံး။ ဈေးဗုံး ရုံးဗုံး ရထားဗုံး။ နယ်ဗုံး
မြို့ဗုံး တ၀ုန်းဝုန်း။ လွှတ်တော်ထဲမှာ စက္ကူပုံး။ ချိတ်ထမီနဲ့ အုပ်ထာအုံး။

ဗုံးခေတ်ကိုတော့ ရောက်ရလေပြီ မလွဲပါ။ ကိုယ့်ဗုံးသံ ကိုယ်သာသိ။
ခွဲလေသမျှ ကွဲနေမှ။ ငါ့ဗုံး ငါခွဲ ဂတ်တဲပေါက်ပေါက်။ မျက်နှာလွှဲ ဗုံးပစ်။
ဗုံးခွံချည်းကျန် အလံမလှဲ။ လယ်ထွန်သွား ဗုံးမေ့။ ဗုံးလွန်မှ ထွန်ချ။
ရေများ ရေနိုင်၊ ဗုံးများ ဗုံးနိုင်။ ဗုံးတလုံးနဲ့ ဆီမဖြစ်။ မိုးရွာတုန်း ဗုံးခွဲ။
ဒီပုတ်ထဲက ဒီဗုံး။ ဗုံးသင့်မှ ဗုံး။ ဗုံးရှေ့ မှောက်ရက်လဲ။ ဘေးထိုင်
ဘုပြော ဗုံးထောင်။ ဒီကွေ့ရောက် ဒီဗုံးထောင်။ ဗုံးသာလျှင် အမိ၊
ဗုံးသာလျှင် အဖ။ ဗုံးအင်အားသည် ဗုံးတွင်းမှာသာ ရှိသည်။

ဗုံးသနားမှ နွားချမ်းသာ။ ကွဲချင်တဲ့ဗုံး ပြာပုံတိုး။ ဗုံးဖြူမကွဲ ဗုံးမည်း
ဗလာ။ ဗုံးတလုံးဆောင် အိုတောင် မဆင်းရဲ။ ဗုံးရဲရင်.. ဆောင်းရဲရမယ်။
အခုတဖန်.. အလှည့်ကျတဲ့ ဗုံးသံရှင်ကတော့...။ အနိုင်ဗုံးကို ခွဲသွားတာ
ကိုကိုပါ..။ အိမ်ကျရင် ဗုံးကွင်းစွပ်ကာ..ကြိုရမှာ။ ဗုံးဘေး ရှောင်လို့...
မထောင်ခင် တားကြပါ။ ချစ်စကို ရှည်စေ ၊ ဗုံးစကို တိုစေ။ ဗုံး..ဗုံး..ဘယ်
သူဖေါက် နင်ဖေါက်။ ဖေါက်တဲ့သူ မှန်မှန်ပြော။ ဗုံးရေးချ ဗုံး။ ဗုံးသတင်း
ဗုံးချင်ဆောင်။ ဗုံးဒဏ် သရဏံ ဂစ်ဆာမိ။ ဗုံးဖြစ်မှတော့ မစင်မကြောက်။

ဒို့ပြည်မှာ အခြေအနေ ဆိုးပေသမို့ ။ ပြည်သူတွေ အသေရေ ညှိုးပုံများ။
မန္တလေးလား၊ ဘက္ကဒက်လား။ မြစ်ကြီးနားလား၊ ကာဘူလ်းလား။ ဟိုမှာ
ကွဲမလား၊ ဒီမှာ ကွဲမလား။ ဘယ်သူခွဲခွဲ ဒို့မခွဲလား။ ပေါက်ကြတယ်လေ့၊
ပေါက်တယ်လေ့။ လန့်ကြတယ်ဟေ့ ၊ လန့်တယ်ဟေ့။

ဗုံးဝါဒီတို့ သိစေဖို့ ၊ ဗုံးသံသရာကြီး ရပ်စေဖို့ရာ။ ဗုံးမြုံဆေးကို ဖေါ်။
ဗုံးငုတ်နည်းကို ထုတ်။ ဗုံးချုပ်ဆေးကို သောက်။ ဗုံးအ လမ်းကို ထွင်။
ဗုံးသေသားကို စား။ ဗုံးခြောက်ကို မြေမှာ မြုတ်၊ ဗုံးစိုကို ရေမှာ မျော။
ဗုံးငွေ့ကိုလေမှာ လွှင့်။ ဗုံးပင်ခုတ် ဗုံးငုတ်၊ ဗုံးကင်း မကျန်ရလေအောင်။
ဗုံးခိုကျင်းထဲကနေ ဗုံးငိုချင်းလေး ချလိုက်မယ်။ ဗုံးသမားတို့ရယ်...
တအုံးအုံးနဲ့ ဗုံးနေကြမယ့်အစား၊ လူချင်းသာ ၀င်လုံးလိုက်ကြပါရော့လို့..။
မှုတ်လားဗျာ။ (ဤတွင် ဗုံးတော်ဘွဲ့ ပြီး၏)


(ရုပ်ပုံ ၊ ဂူဂလ်)

(Green Day ကိုတော့ အားနာပါတယ်။ သူ့ခင်မျာ..မဆီမဆိုင် ၀င်ပါရလေတယ်)

Thursday, June 23, 2011

တိုက်သစ်တန်းကြွ













တမနက်မှာ ဆင်းရဲသားတယောက် အိပ်ယာက ထပြီး အလုပ်သွားမယ်
လုပ်တော့ သူ့ဆီမှာ “အဖျား” ရောက်နေတာ တွေ့သတဲ့။

ဒါနဲ့ “ ဟေ့ကောင် အဖျား၊ ဘာလို့ ငါ့ဆီလာတာလဲကွ။ ငါက တနေ့လုပ်
မှ တနေ့စားရတဲ့ကောင်။ မင်းလာနေလို့ ဧည့်ခံနေရရင်၊ အလုပ်မသွားနိုင်
ရင်၊ ၀င်ငွေမရှိရင် ငတ်မှာ။ ငါက မင်းကို ဧည့်ခံတယ်ဆိုတာကလည်း
ထမင်းရည်လောက်နဲ့ပဲ ဧည့်ခံရမှာ။ ကံကောင်းမှ ဘယာကြော်လေး တခု
နှစ်ခု စားရမှာ” ။

“ မြို့သစ်ဘက်မှာ တိုက်သစ်တွေ အများကြီးဆောက်နေတာ တွေ့တယ်
မဟုတ်လား။ အဲဒီက လူတွေကတော့ မင်းကို ကောင်းကောင်း ဧည့်ခံနိုင်
လိမ့်မယ်။ ဟောလစ်တွေ၊ မိုင်လိုတွေ၊ ပန်းသီးတွေနဲ့ အဖျားကို ကောင်း
ကောင်း ကျွေးထားမှာကွ” ။

“ အဲဒီက ကျွေးရုံသာ မကဘူး ။ မင်းရောက်နေတယ် ကြားရင် တပည့်
တပန်းတွေ၊ ဆွေမျိုးသင်္ဂဟတွေကလည်း မုန့်ပုံးမျိုးစုံနဲ့ မင်းကို လာတွေ့
ကြဦးမှာ။ ပျော်စရာကြီး” လို့ ပြောတယ်။

အဖျားလည်း နားလည်သွားပုံရတယ်။ အဲဒီရက်က စပြီး ဆင်းရဲသားတွေ
ဘက် ခြေဦးသိပ်မလှည့်တော့ဘဲ တိုက်သစ်တွေဆီမှာသာ ကြာကြာပျော်
နေသတဲ့။

ဒါကို...ဆေးဆရာတွေကလည်း ကြိုက်ကြပါသတဲ့။

( ရေးသူ ၊ ဖေလင်းသစ် ။ စာအုပ် ၊ ဟောဒီလောကီ )

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, June 19, 2011

မယ်ခွေ
















ဘာကြောင့်ရယ် မသိ ။ အခုတလော ဆရာတော်ဘုရားက ထိုင်ဝမ်မလေး
တွေကို ဓါတ်ကျ နေရှာတယ်။ အရှေ့မှာ Teresa Teng အကြောင်းရေးခဲ့ပြီး
အခုတခါ Joanna Wang အကြောင်း ထပ်ရေးပြန်ပြီ။ တရုတ်နှစ်ကူးကာလ
လည်း လွန်ခဲ့တာ ကြာပါပြီ။ ဘယ့်နှယ်ကြောင့် တရုတ်သွေးကြွနေရသလဲ
မသိပါ။ ဆရာတော်ဘုရား အခုတလော ထိုင်ဝမ် တရုတ်မလေးတွေကို
အာရုံရပြီး တရုတ်သီချင်းတွေကို တွင်တွင်ကြီး နားထောင်နေတော့တာပါပဲ။


ဒီကနေ့ တင်ဆက်ပေးမယ့် သီချင်းလေးကတော့ ၁၉၄၀က အဆိုတော် Yao
Lee သီဆိုခဲ့တဲ့ တရုတ်ရိုးရာ သီချင်းတပုဒ်ပါ။ ကောင်းလွန်လွန်းလို့ ခေတ်
အဆက်ဆက်မှာ လူပေါင်းများစွာက ပျော်ပျော်ပါးပါးကြီး ဆိုလာလိုက်ကြတာ။
အမေရိကန်အဆိုတော်ကြီး Frankie Laine တောင်မှ ဗိုလ်မှုပြုခဲ့သေးတယ်။
တရုတ်သီချင်းကို ကော်ပီလုပ်တယ်ပေါ့။ ကော်ပီ အလွန် လုပ်လွန်းလှတဲ့ ဒို့
ရွှေမြန်မာတွေကလည်း ဒီသီချင်းကို ဘယ်ပစ်ထားလေလိမ့်မလဲ။ ဆိုသမှ
စုံတွဲတောင် ဆိုလိုက်သေး။ ဟေး..ဟေး..ဟေး..။

ထိုင်ဝမ်မလေး Joanna Wang အကြောင်း ဆက်ပါမယ်။ သူက ထိုင်ဝမ်မွေး
အမေရိကန်ကြီး။ သူနဲ့ Teresa Teng တူတာတွေထဲမှာ အထက်တန်း မပြီးခင်
ကျောင်းထွက်ကြတာလည်းပါတယ်။ ပိန်ရှည်ရှည်။ ပါးလျှားလျှား။ နားကား
ကား။ သွားပေါ်ပေါ်လေးနဲ့ အသံသြသြလေး။ ဒီအချက်တွေကပဲ ချစ်ဖို့အလွန်
ကောင်းနေလေတော့တယ်။

သူက သီချင်းတွေကို တရုတ်လိုရော၊ အင်္ဂလိပ်လိုရော ဆိုတယ်။ သီချင်း
လည်း ကိုယ်တိုင်ရေး။ ဂီတာလည်း တီးတယ်။ အခွေထုတ်တာ အခုမှသုံးခုပဲ
ရှိသေးတယ်။ ၂၀၀၈ခုနှစ်ကမှ သူ့သီချင်းခွေ စထွက်တယ်။ အလားအလာ
ကောင်းတဲ့ တရုတ်အဆိုတော်မလေးလို့ ဈေးကွက်က ဆိုတယ်။

Meigui ဆိုတာ တရုတ်လို ဘာအဓိပ္ဗါယ်မှန်း မသိပါ။ နားထောင်လို့ သိပ်
ကောင်းတဲ့ ပျော်စရာသီချင်းတပုဒ်ပေါ့။ မြန်မာဆန်ဆန် “မယ်ခွေ” လို့ပဲ
ချစ်စနိုးနဲ့ ခေါ်ကြပါစို့။ ကဲ ။ နဂါးမလေး Joanna Wang ဆိုထားတဲ့ မယ်
ခွေကို နားဆင်ကြရအောင်ပါ။ မယ်ခွေနဲ့ ထိုင်ဝမ်တရုတ် အဆိုတော်
မလေးများ ကျန်းမာပါစေဗျား။



(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, June 18, 2011

Teresa Teng ကို လွမ်းကြစို့
















ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၁၉၉၅ခုနှစ်က ကွယ်လွန်ခဲ့တယ်။ အပမ်းဖြေခရီးထွက်
နေတုန်း အပျိုပေါက်အရွယ်ကတည်းက စွဲကပ်လာခဲ့တဲ့ ပန်းနာရင်ကြပ်ရောဂါနဲ့
ကွယ်လွန်ခဲ့ရတာ။ ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သူကွယ်လွန်ခဲ့တာ ၁၆နှစ်ပြည့်
တယ်။ အသက်၄၂နှစ်မှာ ကွယ်လွန်ခဲ့တာဆိုတော့ အရွယ်ကောင်းမှာ ထွက်ခွါ
သွားသူပေါ့။

ထိုင်ဝမ်သူလေးပါ။ နိုင်ငံတော်ဈာပဏအဖြစ် သတ်မှတ်ခဲ့တဲ့ သူ့ရဲ့နောက်ဆုံး
ခရီးကို ထိုင်ဝမ်သမ္မတ လီတန်ဟွီးက သူ့ရဲ့ပရိတ်သတ်ထုကြီးနဲ့အတူ လိုက်ပို့
ခဲ့တယ်။ ၁၉၈၀ခုနှစ်တွေကနေ ကွယ်လွန်ချိန်အထိ သူ့ရဲ့တေးသံတွေက အာ
ရှတလွှား ဖုံးလွှမ်းနေခဲ့တယ်။ တရုတ်ရှိတဲ့နေရာမှန်သမျှ သူ့ရဲ့သီချင်းသံကို
ကြားရမယ်လို့ ပြောယူရတဲ့အထိ အောင်မြင်ခဲ့တာ။

တရုတ်ပြည်က ထိုင်ဝမ်နဲ့ နိုင်ငံရေးအရ မတည့်တော့ သူ့ရဲ့သီချင်းတွေကိုပါ
တရုတ်ပြည်ထဲ အ၀င်မခံပဲ ပိတ်ပင်ခဲ့တယ်။ အံ့သြဖို့ လုံးဝ မကောင်းတာကတော့
သူ့သီချင်းတွေကို တရုတ်တပြည်လုံး ကြိုက်နေကြတာပဲ။ အပိတ်ခံထားရတဲ့ သူ့
သီချင်းတွေက မှောင်ခိုဈေးကွက်မှာ ရောင်းအကောင်းဆုံး ပစ္စည်းတွေဖြစ်ခဲ့တယ်။
တရုတ်ပြည်ရဲ့ ညကပွဲ ခန်းမတွေကနေ အစိုးရအဆောက်အဦးတွေထဲအထိ သူ့ရဲ့ 
သီချင်းသံတွေက ပျံ့နှံ့နေခဲ့တယ်။

တရုတ်ပြည်မှာ သူ့ကို "Little Deng" တိန်လေးလို့ ချစ်စနိုးခေါ်ကြတယ်။ ဖြစ်ချင်
တော့ သူ့နာမည်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်နဲ့ အမျိုးနာမည်
ချင်း သွားတူနေတာပဲ။ သူအကြီးအကျယ် အောင်မြင်နေတဲ့ကာလမှာ တင်စားပြီး
ပြောကြတာက တရုတ်ပြည်ရဲ့နေ့ပိုင်းကို တိန့်ရှောင်ဖိန်က ကြီးစိုးပြီး ညပိုင်းကို
တိန်လေးက ကြီးစိုးထားတယ် ဆိုတာပဲ။

သူ့ရဲ့အောင်မြင်မှုမှာ ကြီးမားတဲ့ထူးခြားချက် တခုကတော့ ဂျပန်မှာအကြီး
အကျယ် အောင်မြင်မှုရခဲ့တာပဲ။ ဂျပန်လိုလည်း ပြောတတ်တယ်။ ဂျပန်လို
သီချင်းတွေလည်း ဆိုခဲ့တယ်။ သူ့ရဲ့ဂျပန်သီချင်းတွေကို လူမျိုးကြီးစိတ်ပြင်းတဲ့
ဂျပန်တွေကိုယ်တိုင် အကြီးအကျယ် ကြိုက်ခဲ့တာ။ ဂျပန်ကပေးတဲ့ တေးသီချင်း
ဆိုင်ရာ ဆုတွေလည်း အများကြီးရခဲ့တယ်။ ရှားရှားပါးပါး ဂျပန်တို့ရဲ့ အသည်းစွဲ
တရုတ်အဆိုတော်တဦး ဖြစ်ခဲ့တာပေါ့။

အထက်တန်းကျောင်းသူဘ၀နဲ့ ကျောင်းပညာရေးကို ရပ်ခဲ့တယ်။ သူ့မိဘက
လည်း ခွင့်ပြုတယ်။ သူက စစ်တပ်မိသားစုမှာ ကြီးပြင်းလာရတာ။ တိုင်းပြည်
ချစ်စိတ်လည်း သိပ်ပြင်းတယ်။ မြန်မာပြည်မှာလည်း သူ့သီချင်းတွေကို လူတွေ
သိကြပါတယ်။ မြန်မာလို ကော်ပီလုပ်ဆိုသူ တချို့ရှိခဲ့တယ်။

သူ့ရဲ့ချိုမြတဲ့အသံက သူ့ကိုအောင်မြင်စေခဲ့တာလို့ ပြောကြတယ်။ သီချင်း
ရေးဆရာ တဦးကတော့ သူ့ရဲ့အသံကို ၁၀ပုံ ပုံရင်။ ၇ပုံက ချိုမြမှုကို ရစေမယ်။
ကျန်တဲ့ ၃ပုံကတော့ ကြေကွဲမှုကို ရစေမယ်လို့ ဆိုတယ်။ သူ့သီချင်းတွေကို နား
ထောင်ကြည့်။ အခုချိန်ထိ ကောင်းနေတုန်းပဲ။ အာရှတလွှားတင်မက ကမ္ဘာကပါ
သတိထားမိခဲ့တဲ့ ထိုင်ဝမ်သူ တရုတ်မလေးပါ။

ကမ္ဘာတခြမ်းကျော်ကို သီချင်းတွေနဲ့ ထိမ်းထားနိုင်တယ်ဆိုတာ နည်းနည်း
နောနော ကိစ္စမဟုတ်ဘူး။ ပါရမီကြီးလို့သာ ဖြစ်ရတာ။ ထိုင်ဝမ်မှာ သူ့ရဲ့
နောက်ပိုင်း နာမည်ကြီး အနုပညာသည်တွေ အများကြီးထွက်လာတယ်။
အခုချိန်ထိ သူ့လောက် မအောင်မြင်ကြသေးဘူး။ သီချင်းချိုချိုလေးတွေ
ချန်ထားခဲ့တဲ့ Teresa Teng ကို ကျေးဇူးတင်ပါတယ်။ တိန်လေး ကျန်း
မာပါစေ။



(ကိုးကား ။ ၀ီကီ) (ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 16, 2011

မောင့်ကျက်သရေ











ခေါင်းပေါင်း ပေါင်းတဲ့အလေ့အထ စွဲကျန်နေသေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာ
လည်းပါတယ်။ ဒါပေမဲ့ အိန္ဒိယက ပန်ချာပီတွေလို၊ အာရပ်ကမ္ဘာက လူတွေလို
နေ့စဉ်မပျက် ခေါင်းပေါင်းကြီးတွေနဲ့တော့ မြန်မာတွေ မနေကြတော့ပါဘူး။
မြန်မြန်ပျောက်ကွယ်သွားမယ့် မြန်မာတို့ရဲ့ ၀တ်စား ဆင်ရင်မှုမှာ ခေါင်းပေါင်း
အလေ့အထလည်း ပါလိမ့်မယ်ထင်တယ်။

အပေါ်က ဓါတ်ပုံထဲမှာ လူရွှင်တော်ပါပါလေးတို့ ညီအကိုသုံးယောက် သဘင်
အ၀တ်အစားနဲ့ ဂိုက်ပေးနေကြတာပါ။ အပြင်မှာဆို သူတို့ ခေါင်းပေါင်းတွေ
မ၀တ်ကြပါဘူး။

ဘာကြောင့် မြန်မာတွေနေ့စဉ်နေ့တိုင်း ခေါင်းမပေါင်းတော့တာပါလိမ့်။ ဒီမေး
ခွန်းအတွက် အဖြေရနိုင်ဖို့ ခေါင်းပေါင်းရေးရာကျွမ်းကျင်သူ ဘယ်သူလဲဆိုတာ
အရင်သိဖို့ လိုလိမ့်မယ်။ မြန်မာတွေက နေ့တိုင်းခေါင်းပေါင်းခဲ့ကြသူတွေ ဟုတ်
ရဲ့လား ဆိုတာလည်း မေးဖို့လိုလိမ့်မယ်။ ခေါင်းပေါင်းတဲ့အလေ့အထ မြန်မာ
တွေဆီ စွဲကပ်လာတာ တရုတ်ဆီကလား။ အိန္ဒိယကလား။ ခေါင်းပေါင်း ပေါင်း
ခြင်းအစ မြန်မာကတော့ ဟုတ်လောက်မယ် မထင်ဘူးနော့။















ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကွယ်လွန်ချိန်အထိ ခေါင်းပေါင်းနဲ့ဆိုပဲ။
ဆရာကြီးကို အားကျလေးစားသူတွေ အများအပြားရှိကြပေမဲ့ သူ့ခေါင်းပေါင်း
အမွေတော့ ဆက်ခံကြတာ မတွေ့ရဘူး။ စကားမစပ်။ အပေါ်က ပုံဟာ ဆရာကြီး
မှိုင်းရဲ့ပုံ မဟုတ်ဘူးနော်။ အခုအချိန်ထိ နေ့စဉ်နေ့တိုင်းဆိုသလို ပေါင်းနေကြ
သူတွေက ဗမာတွေထက်ရှမ်းပြည်ဘက်က တိုင်းရင်းသားတွေ ပိုများလိမ့်မယ်။
အထူးသဖြင့် ပအိုဝ့်ပေါ့။











ဒီဓါတ်ပုံထဲက ပအိုဝ့်အမျိုးသမီးကတော့ ထူးခြားတယ်လို့ဆိုရမယ်။ သနပ်ခါး
ကို အပီအပြင်လိမ်းထားလို့။ တောင်ပေါ်နေ တိုင်းရင်းသားတချို့ အခုချိန်ထိ
ခေါင်းပေါင်းနေကြတာ ရာသီဥတုအေးတာ တခုထဲကြောင့် မဟုတ်နိုင်ဘူး။
ခေါင်းပေါင်း ဖက်ရှင်ကို ကြိုက်နေသေးလို့လည်း ဖြစ်နိုင်တယ်။

ဗမာတွေမှာတော့ အမျိုးသမီးထက် အမျိုးသားတွေက ခေါင်းပေါင်းကြတယ်။
အခုဆို မင်္ဂလာဆောင်တဲ့အခါနဲ့ လွှတ်တော်တက်တဲ့အခါလောက်ပဲ ပေါင်းကြ
တာတွေ့ရတယ်။ ဘာကြောင့် မြန်မာပြည်မှာ ခေါင်းပေါင်းယဉ်ကျေးမှု ခမ်းခြောက်
လာတာလဲ။ လုံချည်တွေလည်း ၀တ်နေတုန်း။ တိုက်ပုံတွေလည်း ၀တ်နေတုန်း။
ခေါင်းပေါင်းကို ဘာကြောင့် ခပ်ခွါခွါဆက်ဆံနေကြသလဲ။ ပြောတော့ “မောင့်
ကျက်သရေ” ဆို။












ပုံမှာမြင်ရတာ အိန္ဒိယက ခေါင်းပေါင်းသမားပါ။ သူတို့ကတော့ မောင့်ကျက်
သရေလို့ ခေါ် မခေါ် မသိဘူး။ လည်ပင်းညောင်းမှာတော့ သေချာတယ်။
လှချင်တော့လည်း လူတွေက အနာခံကြတယ်လေ။ မှုတ်ဘူးလား။

( ရုပ်ပုံ ၊ ဂူဂလ်)

Saturday, June 11, 2011

ဇွန်းအရေးတော်ပုံ











လူ့လောကမှာ တူနဲ့ ဇွန်းနဲ့ ဘယ်ဟာက အရင်ပေါ်ခဲ့တာပါလိမ့်။ တူဆိုတာ
ထုတဲ့အရာကို ပြောတာ မဟုတ်။ တရုတ်တွေ အစာစားရင် သုံးတဲ့ တုတ်နှစ်
ချောင်းကို ပြောတာပါ။ မြန်မာစကားမှာ ရွေးစရာရှားလို့ ဘယ့်နဲ့ကြောင့်
ထုတဲ့အရာလည်း တူ။ စားတဲ့အရာကိုလည်း တူ လို့ခေါ်ကြတယ်မသိ။
ဒီကြားထဲ တူနဲ့ တူမ ဆိုတာက ရှိလိုက်သေး။ ဟေး..ဟေး..။ တူပုံများ
ပြောပါတယ်။ တူချက်ကယ် နာ ဆိုတာမျိုးပေါ့။

သေချာတာကတော့ လူတွေဟာ အစားအစာကို လက်နဲ့စားတာက အရင်
ပေါ့ကွယ်။ လူ့သမိုင်းအစကတည်းက လက်နဲ့စားလာလိုက်ကြတာ ငါတို့
ရွှေမြန်မာတွေ အခုထိ သမိုင်းအမွေကို မြိန်မြိန်ကြီး ထိမ်းသိမ်းနေကြတုန်း။
ဒါဟာ ကောင်းသလား။ မကောင်းသလား။ ရွှေလွှတ်တော်အတွင်း ငြင်းခုံ
ကြဖို့ အဆိုတော် တင်သွင်းလိုက်ပါတယ်။ ရှေ့မှာရေးခဲ့တဲ့ ဘောင်းဘီဝတ်
ရေး
ကိစ္စလိုပ။

ဆုံးဖြတ်ချက် ကျအောင် ငြင်းခုံဆွေးနွေးကြပြီး လက်နဲ့စားတာ ရပ်။ ဇွန်းနဲ့စား
ကြစို့ ဆိုတဲ့ သဘောထားဖြစ်စေ။ ဘာမှလုပ်မနေနဲ့ အခုအတိုင်းပဲ ဇွန်းလိုလို၊
လက်လိုလို၊ တူလိုလို အဆင်ပြေသလိုသာ ဆက်သွားဆိုတဲ့ သဘောထားပဲ
ဖြစ်စေ။ အဖြေတခုထွက်အောင် ကိုယ်စားလှယ်တော်ကြီးများ ဆွေးနွေးကြ
စေချင်ပါတယ်။ မဟုတ်လည်း ပြည်သူတွေ စိတ်မ၀င်စားတဲ့ အကြောင်းအရာ
တွေ၊ အရည်မရ အဖတ်မရတွေ လွှတ်တော်ထဲ လျှောက်ပြောနေကြမယ့်
အတူတူ။ အရည်ဖြစ်ဖြစ်၊ အဖတ်ဖြစ်ဖြစ်ရအောင် အကြံတော် ပေးတာပါ။

သေချာတာ နောက်တခုကတော့ ဇွန်းနဲ့ပဲ စားစား။ လက်နဲ့ပဲ စားစား။ တူနဲ့
ပဲစားစား။ စားပြီးတဲ့အခါ ဆေးရမှာခြင်း အတူတူ။ ကျန်းမာရေးအတွက် ပို
အထောက်အကူဖြစ်မယ့် နည်းကို သုံးကြပါတော့လား။ ဒို့မြန်မာတွေ ပွင့်
ပွင်းလင်းလင်း ပြောတတ်ကြတာတခုက ဒို့ကတော့ လက်နဲ့စားမှ အားရ
သဟေ့ ဆိုပါလား။

ကမ္ဘာမှာ မြန်မာတနိုင်ငံထဲ လက်နဲ့စားနေတာတော့ မဟုတ်။ အိမ်နီးချင်း
တွေထဲကဆို အိန္ဒိယမှာ လက်နဲ့ကြိတ်နေသူများ ရှိနေသေး။ အာဖရိက
နိုင်ငံတချို့လည်း လက်သမားတွေ အများအပြားရှိနေသေး။ အဖေါ်တွေ
ရှိသေးလို့ ပျော်သလောက် ဆက်သွားဦးမယ်ဆိုလည်း နေခဲ့ပေါ့။ တကယ်
တော့ မြန်မာတွေရဲ့နေ့စဉ်ဘ၀မှာ ဇွန်းတွေရဲ့ပါဝင်ပတ်သက်မှုက ငါးဆယ်
ရာခိုင်နှုန်းလောက် ရှိလာနေပါပြီ။ နောက်ထပ် တ၀က်ပဲ ထပ်ဖြည့်ရမယ့်
ကိစ္စပါ။

ဇွန်းဆိုတာ အနောက်တိုင်းဟဲ့၊ ဗိုလ်ဆန်ဒယ်ဆိုပြီး ညစ်ကပ်ကပ်နဲ့ အနောက်
တိုင်း ဆန့်ကျင်ရေးလုပ်မယ်ဆိုလည်း အိမ်နီးချင်း တရုတ်ပြည်ကလို အရှေ့
တိုင်းဆန်ဆန် တူနဲ့စားကြပါတော့လား။ လက်နဲ့စားတော့ လက်ပေတာ
ပေါ့။ ပေတဲ့လက်ကို ဆေးလိုက်လို့ ပြောင်ရင်တောင်မှ အနံ့တွေက တော်
တော်နဲ့ မပျောက်ဘူး။

လက်မှာ အစားအစာတွေ ပေနေလေတော့ ထမင်းစားရင်း တခြားကိစ္စ
ပေါ်လာပြီဆို လက်ထဆေးရတာ အလုပ်တခု။ ဇွန်းနဲ့ဆိုတော့ ကိစ္စပေါ်
လာရင် ဇွန်းချထားပြီး လုပ်လိုက်ယုံပဲ။ အခုပဲကြည့်လေ။ ဒီစာကို ထမင်း
စားရင်း ရေးနေတာ။ ဇွန်းနဲ့စားရင်း ရေးနေတာ။ လက်နဲ့စားရင်း ဘယ်သူ
စားရေးကြသလဲ။ ဒို့ကတော့ လက်နဲ့မစားတာ အတော်ကြာခဲ့ပါပြီလေ။

ထိုင်းကိုရောက်တုန်းက ကြားဖူးတာတခု ပြန်ပြောမယ်။ ထိုင်းဘုရင်ကြီးက
သူ့ပြည်သူတွေကျန်းမာရေးအတွက်၊ ယဉ်ကျေးမှုမြင့်လာရေးအတွက် ဇွန်းနဲ့
စားရေးကို စီမံချက်ချပြီး ကိုယ်တိုင်လှုံ့ဆော်ခဲ့တာ ဆိုပဲ။ ထိုင်းတနိုင်ငံလုံး
ဘာကိုပဲ စားစား ဇွန်းနဲ့စားလာတာ ကြာလှပေါ့။ ဒို့ရွှေမြန်မာများက ထိုင်းကို
အထင်သေးလို့လား မသိ။ အတု မယူကြရှာဘူး။ တရုတ်ဆီကလည်း တူနဲ့
စားတာ အတုမယူကြဘူး။ ထမင်းတွေ၊ ဟင်းတွေကို လက်တွေနဲ့ တသွင်သွင်
နယ်ကာဖတ်ကာ လွေးနေကြလေရဲ့။

ဒို့မြန်မာတွေခင်မျာ အပြောင်းအလဲလုပ်ဖို့အရေး အထနှေးပုံ ရသကွယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလှုပ်
ရှားမှု မဟုတ်တဲ့ လူမှုရေးလှုပ်ရှားမှုတွေ အခုတလော စိတ်ပါနေတော့။
လွှတ်တော်ထဲမှာ ဇွန်းအကြောင်း မဆွေးနွေးရင် ဒေါ်စုကိုပဲ ဇွန်းလှုပ်ရှားမှု
လုပ်ဖို့ တိုက်တွန်းရင် ကောင်းမယ်ထင်တယ်။

ဒို့ပြည်မှာ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြလို့အဖမ်းခံရတဲ့သူတွေရှိတယ်။
ဇွန်းနဲ့ထမင်းစားဖို့ လှုံ့ဆော်သူတွေကို အစိုးရသစ်က ဖမ်းလိမ့်မယ်လို့ သင်
ထင်ပါသလား။ ကွန်ဒွန်တွေကို လူကြားထဲလိုက်ဝေသလို။ အဆိုတော်တွေ
မင်းသား မင်းသမီးတွေက လူကြားထဲ ဇွန်းတွေလိုက်ဝေပြီး ဇွန်းလှုပ်ရှားမှု
လုပ်ကြရင် မကောင်းပါလား အဆွေတော်တို့။

လူ့ယဉ်ကျေးမှု အဆင့်မြင့်မားလာတယ်ဆိုတာက လူတွေကျန်းမာရေးနဲ့
အညီ ဘယ်လိုတိုးတက်သာယာအောင် တွေးခေါ်နေထိုင်ကြသလဲဆိုတာ
ကို ခေါ်တာ မဟုတ်လား။ မြန်မာတွေလည်း ယဉ်ကျေးမှု မြင့်ချင်ကြတယ်
မဟုတ်လား။ အခုရှိနေတဲ့အနေအထားကိုပဲ မြင့်လှပြီလို့ ထင်နေရင်တော့
မပြောတတ်ဘူး။

ဒို့မြန်မာတွေ လက်နဲ့စားတာကို ရပ်ပြီး ဇွန်းနဲ့စားလာမယ်။ ဒါမှမဟုတ်
တူနဲ့စားလာမယ်။ လုံချည်တွေ ခဏ ခဏ ဖြန့်ဖြန့်ဝတ်နေကြတာတွေ
ရပ်ပြီး ဘောင်းဘီတွေကို ပြောင်းဝတ်လာကြမယ်ဆိုရင်။ နိုင်ငံရေးအရ
ထူးခြားတဲ့ ဒီမိုကရေစီအပြောင်းအလဲတွေ မပေါ်သေးခင်မှာ လူ့ယဉ်
ကျေးမှုဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ အရှိန်ယူရာ မရောက်ပေဘူးလား။

ပြောလို့ မရဘူးနော့။ ပိတ်နေတဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်း
ဇွန်းလှုပ်ရှားမှုကြောင့် ပွင့်သွားတယ်ဆိုပြီး မဖြစ်ဘူးလို့ မပြောနိုင်ဘူး။
စိတ်ဝင်စားသူများ စမ်းကြည့်ကြဖို့ လက်တို့ လိုက်ပါတယ်။ ခါးကို။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, June 10, 2011

မြစ်ချင်းပြီး ဘလော့ဂ်စာ












ကောင်းမွန်တဲ့ မနက်ခင်းတခုမှာ မြစ်ကမ်းနံဘေးက စားသောက်ဆိုင်တွင်
ချစ်ဇနီးနဲ့ မနက်စာထွက်စားစဉ် ရိုက်ခဲ့တဲ့ပုံပေါ့။ ပရိတ်သတ်များခင်ဗျား။
အခုဖတ်နေရတဲ့ စာကတော့ အခုရိုက် အခုရေးပြီး အခုတင်လိုက်တဲ့
ဘလော့ဂ်စာတပုဒ်ပါပဲ။ ပုံမှာ မြင်နေရတာကတော့ သင်္ဘောတွေပေါ့။ ဟေ ။
ဘာသဘောပါလိမ့်။ အော်..။ ချက်ချင်း ဘာပြောရမှန်းမသိတာနဲ့ တွေ့ရာ
ပြောမိတာပါ။ ပြောချင်တဲ့အကြောင်းကလည်း သင်္ဘောနဲ့ ဆက်စပ် နေလို့ပါ။

ဒီသင်္ဘောတွေက ကိုယ်ပိုင်အပျော်စီးသင်္ဘောတွေပါ။ အမေရိကန်များကတော့
ဒီလိုသင်္ဘောတွေကို ဒုတိယအိမ်လို့ သမုတ်ကြပါတယ်။ သူတို့ခင်မျာ အားတာနဲ့
သင်္ဘောပေါ် လာနေကြတော့တာပါပဲ။ အားတဲ့အခါ ရေပေါ်မှာနေပြီး ပျော်ရာ
ပျော်ကြောင်း ရှာဖွေကြတဲ့ ယဉ်ကျေးမှုလို့ပဲ ပြောကြပါစို့ရဲ့။ သင်္ဘောတစီးရဲ့
တန်ဘိုးကလည်း အိမ်တလုံးစာလောက် ကျတာပါ။ ဒို့ဆီက အင်းသူအင်းသား
တွေနဲ့တော့ ကွာပါ့။













အခုမြင်ရတဲ့ ပုံကတော့ မနေ့ညက အပြင်ထွက်ရင်း တရုတ်စားသောက်ဆိုင်
တခုထဲမှာ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး စံပယ်တော်မူနေတာ တွေ့
လိုက်လို့ ဖြတ်ကနဲ မှတ်တမ်းတင်လိုက်တဲ့အခါ လက်တုန်သွားလို့ မြင်တဲ့အတိုင်း
ထွက်လာပါတော့တယ်။ (စကားမစပ် အခုဖတ်ခဲ့ရတဲ့ ၀ါကျက အတော်ရှည်
သားနော့) လက်တုန်လို့ ပုံပျက်သွားတယ်ဆိုပေမဲ့ အရောင်စုံတွေ လှုပ်ရှားနေတဲ့
သဘော တမျိုးတဖုံ ကြည့်လို့ကောင်းသဟဲ့လို့ ယူဆပြီး ပရိတ်သတ်များကို ပြသ
တော်မူလိုက်ရခြင်း ဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့တန်ခိုးတော်ကြောင့် အခုလို
ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။












အခုမြင်ရတဲ့ပုံကတော့ မနက်စာစားတဲ့ စားသောက်ဆိုင် အပေါ်ထပ်ကနေ လှမ်း
မြင်ရတဲ့ ရှုခင်းပါ။ ဘာရယ်လို့မဟုတ်ပါဘူး။ ပြုတင်းပေါက်တွေ ကြီးတာနဲ့ လှမ်း
ရိုက်လိုက်တာပါ။ တခါတလေမှာ အဲဒီ ဘာရယ်လို့မဟုတ်တဲ့ ကိစ္စတွေက ကမ္ဘာ
ကျော်အောင် ဖြစ်တတ်တာတွေ ရှိခဲ့တယ်မဟုတ်လား။

အခန်းအနားအစီအစဉ် အမှတ်ငါးအရ နောက်ဆုံးပိတ်အနေနဲ့ နိဂုံးချုပ်ချင်တာက
တော့။ မြစ်ချင်းပြီးဆိုတဲ့ ကိစ္စပါပဲခင်ဗျား။ မြစ်ချင်းပြီးဆိုတာက ဗိန္တောဆေးလောက
သုံး စကားပါ။ လတ်တလောရှိနေတဲ့ ဆေးမြစ်တခုထဲနဲ့ ရောဂါသက်သာအောင်ကုသ
တဲ့ သဘောပါ။ ယခုလည်း ဘာထူးသတုံး။ ဓါတ်ပုံကို အခုရိုက်၊ စာကိုအခုရေးပြီး
မနက်စာစားရင်း စားသောက်ဆိုင်ထဲကနေ တခါထဲတင်လိုက်တဲ့ ဘလော့ဂ်စာမို့
မြစ်ချင်းပြီးစာတမ်းလို့ပဲ ဆိုလိုက်ပါရစေတော့။ ခေတ်ကာလတရားက လုပ်ချင်တိုင်း
လုပ်လို့ရတဲ့ ခေတ်ကို ရောက်နေပါပေါ့လား။ ဟား..ဟား..ဟား..။

Thursday, June 9, 2011

ဘောင်းဘီဝတ်ပြီး ရေးတဲ့စာ









ရှားရှားပါးပါး ပေါ်ပေါက်လာတဲ့ မြန်မာ့လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တော်ကြီးများ
ဘာတွေပြောနေကြပါလိမ့်။ ပြည်သူအများက စိတ်မ၀င်စားကြပါ။ ဘာကြောင့်ပါလိမ့်။
ပြည်သူတွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကိုမှ မပြောကြတာကိုး။ ဘာလို့
မပြောကြတာပါလိမ့်။ သူတို့က ပြည်သူတွေကိုမှ စိတ်မ၀င်စားပဲကိုး။ ဘာလို့များ စိတ်
မ၀င်စားကြတာပါလိမ့်။ ထားပါတော့လေ။ လူတိုင်းသိတဲ့ကိစ္စ ပေရှည်တာကို ဒီမှာရပ်
မယ်။

ဒီလူတွေ လွှတ်တော်ထဲမှာ ပျင်းဖို့ကောင်းတာတွေကို အတည်ပေါက်နဲ့ လျှောက်ပြော
နေမဲ့ အစား။ အကျိုးရှိတဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်အောင် မလုပ်ကြမယ့် အတူတူ။
နိုင်ငံရေးမဟုတ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ ဥပမာ ။
မြန်မာတွေ လုံချည်မ၀တ်တော့ပဲ ဘောင်းဘီ ပြောင်းဝတ်ကြရင် မကောင်းလား ဆိုတဲ့
ကိစ္စမျိုးပေါ့။

ဒီအဆိုတင်သွင်းမှုကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ လွှတ်တော်ထဲမှာ အငြင်းအခုံလုပ်ကြ
ရင် ဒီမိုကရေစီရဲ့အခြေခံလေ့ကျင်းခန်းလည်း လုပ်ဖြစ်သွားမယ်။ ပြည်သူတွေလည်း
အတိုင်းအတာတခုအထိ စိတ်ဝင်စားလာနိုင်တယ်။ အငြင်းအခုံဟာ ဒီမိုကရေစီရဲ့ အခြေ
ခံကိစ္စတခု မဟုတ်လားဗျာ။ ဒီလိုအကြောင်းအရာတွေက စပြီးလေ့ကျင့်ရင်း တဖြေးဖြေး
ချင်း လူထုနဲ့နီးစပ်လာအောင် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

အာရှမှာ ဘယ်နိုင်ငံက ဘောင်းဘီကို စပြီးဝတ်တယ် မသိပါ။ မြန်မာတွေ ကိုလိုနီခေတ်
မတိုင်မှီအထိ ဘောင်းဘီ မ၀တ်ကြသေး။ အဲဒီအချိန် ရှမ်းပြည်မှာတော့ အမျိုးသားတွေ
ရှမ်းဘောင်းဘီ ၀တ်နေလောက်ပြီ။ မသေချာပါ ။ “ဘောင်းဘီ” ဆိုတဲ့ စကားကိုတောင်
မြန်မာစကားအစစ်မှ ဟုတ်ရဲ့လားလို့ သံသယရှိပါတယ်။ အိမ်နီးချင်း တရုတ်ပြည်မှာ
ကျားရော၊ မ ရော ဘောင်းဘီတွေပြောင်းပြီး ၀တ်ပေမဲ့လည်း ဒို့ကတော့ လုံကွင်းပဲ။
တရုတ်ပြည်က ပြေးလာကြသူတွေလည်း မြန်မာပြည်ရောက်တော့ လုံကွင်း ပြောင်း
ကုန်ကြတယ်။

အခုဆို အာစီယံနိုင်ငံတွေ အားလုံးလိုလို လုံကွင်းတွေပျောက်ပြီး ဘောင်းဘီတွေ
ပြောင်းလာတာ ကြာပေါ့။ ဒို့ဆီမှာတော့ လုံကွင်းက လုံကွင်းပဲ။ ဘောင်းဘီဝတ်ခြင်း
ဟာ တိုင်းပြည်တိုးတက်မှုရဲ့ လက္ခဏာတရပ်လို့ပြောရင် ရနိုင်မယ်ထင်တယ်။ တိုး
တက်တဲ့နိုင်ငံအများစုက ဘောင်းဘီတွေနဲ့မို့ပါ။ ဘောင်းဘီဝတ်ပြီး ဆင်းရဲနေတဲ့
တိုင်းပြည်တွေလည်း ရှိတာပါပဲလေ။

ဘောင်းဘီဝတ်တာနဲ့ ဘာလို့ တိုးတက်ရမှာတုံး။ ထမီတွေ၊ ပုဆိုးတွေနဲ့ တိုးတက်တော့
ပိုပြီး မကောင်းဘူးလားလို့ အချက်နဲ့ အလက်နဲ့ ၀ိုင်းပြီး ခုခံချေပတာမျိုး ကြားချင်ပါတယ်။
ဘောင်းဘီဝတ်ခြင်း၏ အားသာချက်၊ အားနည်းချက်။ ကောင်းကျိုး၊ ဆိုးကျိုး။ လုံချည်
ဝတ်ခြင်း၏ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောကြဆိုကြ၊ ငြင်းကြခုံကြရင် ကောင်းမယ်
ထင်ပါတယ်။

ဒို့ကတော့ ဘောင်းဘီဝတ်ရေး အုပ်စုကပါ။ ဒီစာကိုတောင် ဘောင်းဘီဝတ်ပြီး ရေးပါတယ်။
အိမ်မှာ လုံချည်တထည်တော့ ရှိတယ်။ ၀တ်ဖို့ မဟုတ်။ စားပွဲမှာ အလှခင်းပါတယ်။ အမျိုး
သမီးချိတ်ထမီလည်း နံရံမှာ အလှကပ်ပါတယ်။ ဘုန်းနိမ့်မှာ လုံးဝ မကြောက်ပါ။ ဂျပန်မှာ
ရိုးရာအခန်းအနားစစ်စစ်ကျမှပဲ ကီမိုနို ၀တ်ကြပါတယ်။ ဂျပန်ကို ခေတ်မှီတဲ့နိုင်ငံအဖြစ်
တည်ဆောက်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ ကီမိုနိုတွေချွတ်ပြီး ဘောင်းဘီတွေစွပ်ကြတာ
လည်း အရေးကြီးတဲ့ အပြောင်းအလဲတရပ်ပါပဲ။ မြန်မာတွေလည်း ပြောသာပြောတာပါ။
လုံချည်ကြိုက်တယ်သာဆိုတယ် အတွင်းခံကျတော့ ဘောင်းဘီတွေနဲ့ မဟုတ်လား။

မြန်မာပြည်ရဲ့ လုံချည်ဝတ်ဓလေ့က တိုးလာသလား၊ လျှော့သွားသလားဆိုတာ ပြောရ
ခက်မယ် ထင်ပါတယ်။ လူငယ်တော်တော်များများ တောရော မြို့ပါ ဘောင်းဘီဝတ်ရ
တာကို ကြိုက်လာကြပါပြီ။ ကောင်မလေးတွေပါ ၀တ်ကုန်ကြပါပြီ။ အဆိုတော်အများစု
ဘောင်းဘီဝတ်ပြီး ဆိုနေကြပါပြီ။ အဲ့...လွှတ်တော်အတွင်းမှာတော့ ကိုယ်စားလှယ်တော်
ကြီးများက ချိတ်ထမီတွေ တကားကားနဲ့ခင်ဗျ။

ငယ်ငယ်က ကြားဖူးတာက အကြောင်းမညီညွတ်၍ ဘောင်းဘီချွတ်ရတယ် ဆိုလား။
ဒါဆိုရင် အကြောင်းညီညွတ်သော် ဘောင်းဘီဝတ်စို့လားလို့ လှုံ့ဆော်ချင်ပါသဗျား။
ဘောင်းဘီဝတ်တာ အနောက်တိုင်းဆန်တယ်ဆိုပြီး ပေကပ်ကပ်နဲ့တော့ မငြင်းစေချင်
ဘူး။ မြန်မာတွေရဲ့ခန္တာကိုယ်မှာ ဆံပင်ကနေ ခြေဖျားအထိ အနောက်တိုင်း ဆန်နေတာ
တွေ အများကြီး မဟုတ်လား။ အပြောင်းအလဲကို ရဲရဲသာ လုပ်ကြပါလို့ တိုက်တွန်းချင်
တာပါပဲ။ ပြောလို့ မရဘူးနော့။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဟာ ဘောင်းဘီဝတ်ရေး
ဆုံးဖြတ်ချက်က စတယ် ဆိုတာမျိုးဖြစ်ရင် ဖြစ်လာမှာ။

(ရုပ်ပုံ၊ ဂူဂလ်)

Tuesday, June 7, 2011

ကျေးဇူးပြု၍ ငါ့ကို သတ်ကြပါ
















ဤအရာကို “အမှု” ဟုခေါ်သည်။ အမျိုးသမီးများတွင်သာမက အမျိုးသားများ
တွင်လည်း “တင်ပါးဆုံ” ရှိကြသည်။ တင်ပါးဆုံကို ခေတ်ကာလအလျှောက်
အမျိုးမျိုး ခေါ်ကြ၏။ ဖင်၊ တင်၊ ကာတစ်၊ ဂျီ....စသဖြင့်။ သမာဒေ၀ နတ်ကောင်း
နတ်မြတ်များတွင်လည်း တင်ပါးဆုံရှိလိမ့်မည်။ သိပ်တော့ မသေချာလှ။

“တင်ပါးဆုံမဲ့ဘုရားသ္ခင်” ဟူသော အသုံးအနှုံးကို သင်တို့ ယခင်က ကြားဖူးခဲ့ပါစ။
မိတ်ဆွေတဦး တင်ပါးဆုံရိုးကျိုး၍ ဆေးရုံတင်ထားရသည်တဲ့။ ထိုမိတ်ဆွေမှာ
ဘုရားသ္ခင် ရှင်တော်မြတ် မဟုတ်ပါ။ ထိုမိတ်ဆွေ၏ ဇနီးသည် လူကောင်သေး
သော်ငြား တင်ပါးဆုံကား ကြီးမားသူဖြစ်လေ၏။

နာမည်ကျော်သီချင်းများကို ရေးဖွဲ့တတ်သူတဦး ကွယ်လွန်သွားခြင်းသည်
“သတင်း” ဖြစ်၏။ ထိုအကြောင်းကို သတင်းလုပ်၍ ငွေရှာသူတို့အတွက်ကား
ထမင်းလည်းဖြစ်၏။ ဟင်းလည်းဖြစ်၏။ အသောက်အစားဖြင့်ပျော်မွေ့သူများ
အတွက်ကား ထိုသီချင်းသမား ကွယ်လွန်မှုသည် အမြည်းကောင်းတခု ဖြစ်
လေ၏။

ထိုသူ ကွယ်လွန်ခြင်းကြောင့် လူတချို့ ငို၏။ လူတချို့ အိပ်ရေးပျက်၏။ လူတချို့
လေယာဉ်ပျံ စီးရ၏။ လူတချို့ငွေကုန်၏။ လူတချို့ ငွေဝင်၏။ လူတချို့ အလုပ်ရှုပ်
၏။ တချို့က ရှုပ်နေသောအလုပ်ကို ရပ်ရ၏။ တချို့က ပြန်ပြောင်း အောက်မေ့ကြ၏။
တချို့က စီးပွါးရေးအရ ဘာအမြတ်အစွန်းထွက်နိုင်သနည်း ဆိုသောမေးခွန်းဖြင့်
စဉ်းစားဆင်ခြင်ကြ၏။ တချို့က ငါ့အလှည့် ဘယ်တော့လဲ ဟူသောမေးခွန်းဖြင့်
စဉ်းစားဆင်ခြင်ကြ၏။

အချိန်တန်သော် နွားပိန်ကန်မည် ဆိုသောစကားသည်။ ဘာအဓိပ္ဗါယ်မျှ မရှိ။
နွားပိန် မကန်သေးလျှင် အချိန်မတန်သေးဟု မှတ်ယူရမည်လော။ နွား၀၀ ဖီးဖီး
ကြီးက ထကန်သော်လည်း အချိန်မတန်သေးဟု မှတ်ယူရမည်လော။ အချိန်နှင့်
နွားပိန် နဘေထပ်ခြင်းသည် နဘေထပ်ခြင်းမှလွဲ၍ ဘာအဓိပ္ဗါယ်မျှ မရှိ။ သို့သော်
လည်း လူတို့မှာ ထိုစကားကို တွင်တွင်ကြီး သုံးနေလေတော့သည်။

အဓိပ္ဗါယ်မရှိသော စကားများ၊ အဓိပ္ဗါယ်မရှိသော အလုပ်များကို လူတို့လုပ်နေ
ကြသည်မှာ ဘာဆန်းသနည်း။ လူ့လောက၏ သဘောသဘာဝ တမျိုးပင်
မဟုတ်လော။ ယခုလည်း ကြည့်ပါဦး။ အဓိပ္ဗါယ်မရှိသော အကြောင်းအရာများ
ကို ကဘောက်ကချာ ဘလော့ဂ်ဆရာက မောက်မာစွာဖြင့် ရေးနေပြန်လေပြီ။
တင်ပါးဆုံ၊သီချင်းသမား၊ နတ်ဘုရားနှင့် နွားပိန်တို့မှာ ဘာမျှ ဆိုင်ကြသည် မဟုတ်။

အို... အသင် စာရှုသူ..။ သင်တို့အား ငါ တောင်းပန်အံ့။ ကျေးဇူးပြု၍ လူကြီးမင်း
များ တင်ပါးဆုံလှုပ်ကြပါ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 2, 2011

ခရီး
















မှောင်နေတဲ့အိမ်ပေါ်
ကယ်တင်ရှင်မျှော်အတွေးနဲ့
ကိုယ့်သမိုင်းကို မရေးလိုဘူး ။

မရဏဆီသွားတဲ့ခရီးမှာ
ပိုးစုန်းကြူးတကောင်လို
ကိုယ့်အလင်း ကိုယ်စီးပြီး
သေခြင်းကို မြည်းမယ် ။

(ခိုင်မျိုး)
( ပန်းအလင်္ကာ စာပေမဂ္ဂဇင်း ၂၀၁၁ မတ်လ )

ဒီလိုပုံစံ ဒီလိုအဖွဲ့အနွဲ့တွေက မြန်မာ့ကဗျာလောကမှာ ဖန်တရာတေလွန်း
လှပြီ။ ဒါပေမဲ့ အခုပြန်ဖတ်မိတော့လည်း ဟုတ်နေတာပဲ။ ဒီကဗျာဟာ
ပုံသဏ္ဍန်ရော အကြောင်းအရာရော အသစ်မဟုတ်ဘူး။ တကယ်တော့
ကဗျာမှာ ( အနုပညာမှာ) အသစ်ဖြစ်ရေးက အဓိက မကျလှဘူး။ လှတ
ပတ ဖြစ်ဖို့က အဓိက ပိုကျတယ်။

“ခရီး” ကဗျာကို ဆရာခိုင်မျိုးက ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုခံစားချက်
နဲ့ ရေးခဲ့တယ် မသိ။ (ဒါက သူ့ကိစ္စ)။ ငါကတော့ ဒီလိုခံစားမိတယ်။ (ဒါက ငါ့ကိစ္စ)

မြန်မာပြည် ဒုက္ခမျိုးစုံ ကြုံနေရတာ ကြာပြီ။ (မှောင်နေတာ ကြာပေါ့) အမှောင်ထု
ကြီးကို လင်းလာအောင် လုပ်ကြမယ့်အရေးမှာ အမေရိကန်လို အနောက်ဒီမိုကရေ
စီ နိုင်ငံကြီးတွေရဲ့ အကူအညီနဲ့ အလင်းရလာနိုး မျှော်ကိုးပြီး မနေချင်ဘူး။

ပြည်ပကို သူရဲကောင်းဆန်ဆန် ထွက်ခွါသွားကြတဲ့ သူရဲကောင်းဆန်ဆန်တွေရဲ့
အကူအညီတွေနဲ့လည်း အလင်းဓါတ်ရနိုးနိုး မျှော်လင့်ပြီး မနေချင်ဘူးကွာ။

ကုလသမဂ္ဂလို၊ အာစီယံလို “ကရေကရာ” လောက်မှ မရေရာလှတဲ့ အဖွဲ့အစည်း
တွေရဲ့ ဖိအားလိုလို ညှိအားလိုလို အရာတွေနဲ့လည်း ဒို့ပြည်သူတွေအတွက်
အလင်းဓါတ်ရလာဖို့ အားမကိုးချင်ပါဘူး။

အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ အရှုံးချင်းထပ်လို့ တစက်မှ မမြတ်ရင် နေ။
ပြည်တွင်းမှာ ရှိတဲ့အားနဲ့ ငါတို့တွေ ခံတိုက်ရင်း တော်လှန်ရေးဆိုတဲ့ အရသာကို
ရေဆုံးရေဖျား မြည်းသွားစမ်းမဟေ့။

ကဗျာဆရာ ခိုင်မျိုး ကျေးဇူးတင်ပါတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)