Monday, March 28, 2011

တော်လှန်ရေးခရီး












ဤရပ်ကွက်ကို တော်လှန်ရေးရပ်ကွက်ဟု ခေါ်သည်။ ထိုရပ်ကွက်တွင် တော်လှန်လို
သူတို့သာ နေကြ၏။ သူတို့က ဘာတွေကို တော်လှန်ကြသနည်း။ မြင် မြင်သမျှ ။
ကြား ကြားသမျှ ။ သိ သိသမျှ။ တွေ့ တွေ့သမျှတို့ကို တော်လှန်ကြကုန်၏။ ရပ်ကွက်၏
အ၀င်ဝ၌ ၎င်းတို့၏ ကြွေးကြော်သံများကို အများမြင်သာအောင် ထင်ထင်ရှားရှား ထွင်းထု ရေးသားထားလေသည်။

“ အကုန်ရရင် ရ ၊ မရရင် ဘာမှမလိုချင်ဘူး ” ဟု တမျိုး။ “ အခွင့်အရေးဟာ တောင်းယူလို့
မရ တိုက်ယူမှ ရ” ဟု တဖုံ။ “ ရန်၊ငါ မပြတ်ပဲ ရပ်ကွက်ထဲ မ၀င်နဲ့ ” ဟု တသွယ် ။“ တော်
လှန်ရေးသည် အဖ၊ တော်လှန်ရေး သည်အမိ” ဟု တနည်း။ ၎င်းကြွေးကြော်သံများ၏ ဗဟို၌
အင်္ဂလိပ်လို စာလုံးကြီးဖြင့် “ NO ” ဟူ၍လည်းကောင်း “CHANGE ” ဟူ၍လည်းကောင်း ရေးသားထားလေသည်။

တော်လှန်ရေးရပ်ကွက်သို့ အလည်အပါတ်သဘော သင်သွားမည် ဆိုငြားအံ့။ ရပ်ကွက်၏
အ၀င်ဝ၌ ထမင်းအိုး တလုံးချက်ခန့်အကြာ စစ်ဆေးမေးမြန်းခြင်းအမှု သင့်ကိုပြုကြပေလိမ့်
မည်။သံသယ ကင်းရှင်းကြောင်း အောင်မြင်စွာ စစ်ဆေးတွေ့ရှိပြီးသော် သင့်ကိုလက်ဆွဲ
နှုတ်ဆက်ပေလိမ့်မည်။ ပြီးလျှင် စစ်ဆေးသူက သင်၏အနားသို့ တိုးကပ်လျှက်မကျယ်လွန်း၊ မတိုးလွန်းသောအသံဖြင့် “ တော်လှန်ရေးမှာ လုံခြုံရေးက အခြေခံအကျဆုံးအချက်ပဲ ရဲဘော်”
ဟု ပြောပေလိမ့်မည်။

ထိုစကားကို ကြားရပြီးသော် ဧည့်လမ်းညွှန်က တော်လှန်ရေးရပ်ကွက်အတွင်းသို့ အပူအပင်
ကင်းစွာ သင်သွားနိုင် ပြီဖြစ်ကြောင်းနှင့် ၀င်ကြေးအဖြစ် တော်လှန်ရေးရံပုံငွေ အမေရိကန်
ဒေါ်လာ ငါးဆယ်ထည့်ဝင်ရန် တိုက်တွန်းပေလိမ့်မည်။ မကြာမီ သေနပ်များကို နောက်ကျော
တွင် စလွယ်သိုင်းလွယ်ထားပြီး လက်ပစ်ဗုံးအချို့ ခါးတွင်ချိတ်စွဲထားသော တော်လှန်ရေးလုံ
မေချောများက သင့်ကို အမှတ်တရရင်ထိုးများ ပြုံရွှင်စွာလာရောက် ထိုးတတ် ပေးကြလိမ့်ဦး
မည်။

တော်လှန်ရေးရပ်ကွက်၏ ပုံပန်းသဏ္ဍန်ကား အသို့နည်း။ အိမ်တိုင်း အိမ်တိုင်း၏ ရှေ့နောက်
ဝဲယာတွင် သစ်ငုတ်ချွန်များ ထောင်၍ ထားလေ၏။ အိမ်နံရံများ၌လည်း ဒါး၊လှံ၊လေး၊ မြား၊
ပုဆိန်၊ ငါးမန်းစွယ်၊ သေနပ်၊ လက်ပစ်ဗုံး၊ မြေမြုတ်မိုင်းများနှင့်အတူ မျက်မှောင်ကြုတ်ထား
သည့် လူတချို့၏ ဓါတ်ပုံများ။ ခေါင်းမော့နေသော လူတချို့၏ ဓါတ်ပုံများနှင့် ငှက်တချို့၏
ပုံများ၊ နီမောင်းသော အလံများ၊ လက်သီးဆုပ်ထားသည့်ပုံများကို ချိတ်ဆွဲထားကြလေသည်။

လမ်းမပေါ်၌ ပြေးလွှားဆော့ကစားနေကြသည့် ကလေးငယ်တို့ကလည်း ၀ါးလုံးလေးများ၊
စက္ကူများဖြင့် စစ်တိုက်တမ်း၊ ချီတက်တမ်း၊ ဆန္ဒပြတမ်း၊ မိန့်ခွန်းပြောတမ်း၊ ရွေးကောက်ပွဲ
နှင့် အစည်းအဝေးကျင်းပတမ်း၊ အပစ်ပေး အရေးယူတမ်းတို့ကို ပျော်ရွှင်စွာ ကစားနေ
ကြလေသည်။

အိမ်များ၊ ရုံးများအတွင်းမှလည်း တော်လှန်ရေးကို ဖွဲ့ဆိုသော ၊ အာခံရေး ၊ တက်ကြွ ရဲရင့်
ရေးကို ဖွဲ့ဆိုသော တေးသီချင်းသံများ လမ်းမတွေပေါ်သို့ ဖိတ်လျှံကျနေလေသည်။

(အလုပ်သွားခါနီးမို့ နောက်မှ ဆက်ရေးမယ်)

(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

ပန်ဒိုရာ said...

မိုက်တယ်ဗျ.. ဆက်ဖတ်ရမယ့်စာ ပဲ။
တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေ ဆိုလား.. အဲဒါလည်း ထည့်ပြောဦးနော်.. (ကြားဖူးနားဝ ပြောသည်)

Hmoo said...

ဟိုတယောက်နောက်သလိုပြောင်သလိုလုပ်နေတယ်၊
ကိုဘီလူးကတော်လှန်ရေးက၊ကလေးတွေ
ဘယ်လိုကစားတယ်သေချာမသိဘူး
သူတို့ကကြိုးတုပ်တမ်းကစားကြတယ်၊
ကိုဘီလူး၊မြန်မာပြည်ထဲကတော်တော်ကြွေးကြော်သံ
၊မသိသေးဘူးထင်ရဲ့
"ပြည်သူနဲ့အတူတိုက်ပွဲဝင်ပြည်သူနဲ့အတူအောင်ပွဲဆင်" :)

Anonymous said...

သဘောကျတယ်..။
ဆက်လက်အားပေးနေပါတယ်..။

ပေါက်

ပန်ဒိုရာ said...

မူး.. ပြောတာမှားတယ်
အနော်ကြားဖူးတာက "အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့" တဲ့။

Hmoo said...

ကောင်းသားဘဲဝင်ကြည့်ပါလားပန်ပန်ရယ်.. :)

အိုးဝေအောင် said...

တော်လှန်လှန် မလှန်လှန် ဆိုသော တော်လှန်သူများသာ နယ်စပ်တကြောမှာ မှီတင်းနေထိုင် တော်လှန်နေကြလေသတည်း။တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ။စစ်အာဏာစနစ်လည်း အမြစ်ပြတ်ပါစေ။