Tuesday, March 15, 2011
အိုကေ အေးဆေး
( မြန်မာစာ စတိုင်သစ် )
ဒီအတိုင်း ဆက်သွားရင် နောက်အနှစ်၂၀လောက်ကြာတဲ့အခါ မြန်မာစာ
အရေးသား၊ အပြောအဆိုတွေ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့
ရလိမ့်မယ်။ ဒီအတိုင်း ဆက်သွားရင်။
(စာကိုး )
မဂ္ဂဇင်းတအုပ်မှာပါတဲ့ ဆောင်းပါးတပုဒ်ကို ဖတ်မိလို့ ဒီစာကိုရေးပါတယ်။
ရေးသူ ။ ကျော်ဦး။ ဆောင်းပါးအမည်။ မြန်မာစာကို ချောင်ထဲပို့နေကြပါ
တယ်ဆရာ။ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း။ ၂၀၁၁။ ဇန်န၀ါရီလ။
ဆောင်းပါး အကျဉ်းကို ဖေါ်ပြလိုက်ပါတယ်။
အခုမြန်မာ့စာနယ်ဇင်းလောကမှာ မဂ္ဂဇင်း၊ဂျာနယ်..(အင်း...အဲဒါတွေ
တောင် မြန်မာလို ခေါ်စရာမရှိ) စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေက အစ
ဘိုနာမည်တွေ ဖြစ်လာပါပြီ။ ဘိုနာမည်တွေဆိုပေမဲ့ သူတို့ရေးသားထုတ်
ဝေနေတာက ဘိုလိုမဟုတ်။ မြန်မာလို။ မြန်မာလိုရေးထားတာကို ဘိုလို
ဘာသာပြန်ပြီး နိုင်ငံတကာအထိ ဖြန့်ချိဖို့လည်း အစီအစဉ်မရှိ။ စာအုပ်နာ
မည်ကိုလည်း မြန်မာလိုတင်မက ဘိုလိုပါရေးသတဲ့။ စာအုပ်ထဲမှာတော့
မြန်မာလိုပဲ ပါသတဲ့။
မြန်မာ့ဂီတနယ်ပယ်မှာ တီးဝိုင်းနာမည်တွေ ဘိုလိုဖြစ်နေတာကြာပြီ။ အခု
နောက်ပိုင်း မြန်မာရုပ်ရှင်တွေမှာ ဇတ်ကားနာမည်ကို ဘိုလိုပါ ရေးသတဲ့။
ဘိုစာတမ်းထိုး ဇတ်ကားလည်း မဟုတ်ဘူးတဲ့။ လွန်ခဲ့တဲ့ အနှစ်၃၀လောက်
က ပြင်သစ်မှာ Drug store ဆိုတာကို ဆေးဆိုင်တွေမှာရေးထားလို့ တနိုင်
ငံလုံးက ကိုယ့်စကားရှိရဲ့နဲ့ ဘိုလိုသုံးရမလားဆိုပြီး ကန့်ကွက်ကြပါသတဲ့။
အိမ်နီးချင်း ထိုင်းမှာတောင် ကိုယ်ပိုင်ဘာသာစကားက အားကောင်းနေ
တာမို့ မလိုအပ်ပဲ ဘိုလိုမရေးကြဖို့ ဆောင်းပါးမှာ တိုက်တွန်းထားတယ်။
( ကြာပြီ )
မြန်မာတွေ ဘိုစော်နံနေတာ ကြာပါပြီ။ အင်္ဂလိပ် ကျွန်တွေကိုး။ အိန္ဒိယ
လည်း မထူးဘူး။ ဒါပေမဲ့ အိန္ဒိယ စာပေနဲ့ယဉ်ကျေးမှုက အားကောင်းလွန်း
တယ်။ ဒို့မြန်မာလို လွယ်လွယ်နဲ့ ယိုင်ထွက်မသွားဘူး။ ခါထွက်မသွားဘူး။
အိန္ဒိယန်းတွေက ကိုယ့်စာပေနဲ့ယဉ်ကျေးမှုကို တကယ်မြတ်နိုးတယ်။
ထိမ်းသိမ်းရကောင်းမှန်း သိတယ်။ ဒို့မြန်မာတွေက အဲသလိုမဟုတ်ဘူး။
အဲဒါကြောင့် ဒီကနေ့မြန်မာတွေ ဘိုယိမ်းကတာ မဆန်းဘူးလို့ဆိုရမယ်။
ဒီလိုသာဆက်သွားရင် မြန်မာဘာသာစကားက နောက်မကြာခင်နှစ်တွေ
မှာ အခုထက်ပိုပြီး အူကြောင်ကျားဖြစ်လိမ့်မယ်။ ရယ်စရာ ပိုကောင်းမယ်။
(ရည်ရွယ်ချက်က အရေးကြီးတယ်)
မြန်မာစစ်တပ်က နယ်ချဲ့စော်နံလို့ဆိုပြီး ဘားမားကနေ မြန်မာ။ ရန်ဂွန်း
ကနေ ရန်ကုန်။ မော်လမိန်းကနေ မော်လမြိုင်။ ပြောင်းပစ်တယ်။ သူ့
ရည်ရွယ်ချက်က နယ်ချဲ့ဆန့်ကျင်ရေး။ ဒီရည်ရွယ်ချက်က အဟောင်းကြီး
သခင်ဘသောင်းတို့ခေတ် မတိုင်ခင်ကတည်းက လုပ်လာခဲ့တဲ့ကိစ္စ။ နာ
ကျည်းချက်နဲ့၊ မခံလိုစိတ်နဲ့ တုန့်ပြန်တာ။ အနောက် ဆန့်ကျင်ရေးလုပ်တာ။
တိုင်းပြည်မှာ လုပ်ဖို့လိုနေတာက လမ်းနာမည်၊မြို့နာမည်တွေလိုက်ပြီး ပြောင်း
နေတာမျိုးထက် ကိုယ့်စကားကို ပိုပြီးအားကောင်း၊ ခိုင်မာလာအောင် လုပ်ဖို့။
မလိုအပ်တာတွေကို သန့်စင်ဖို့။ ခေတ်နဲ့အညီ ဘာသာစကားပြုပြင်ပြောင်းလဲ
ရေးလုပ်ဖို့။ နိုင်ငံသားတွေက ကိုယ့်ဘာသာစကားကို အားကိုးလာနိုင်ဖို့။ မလို
အပ်ပဲ ဘိုလိုတွေမလုပ်ကြဖို့။ ဒီလိုရည်ရွယ်ချက်မျိုးက နိုင်ငံရဲ့အနာဂါတ်
အတွက် ပိုပြီး အရေးကြီးတယ်။ ပညာရေးမှာ ပြောင်းရမှာ။
( ၀ဋ်လည်ပြီ )
တိုင်းရင်းသားများတဲ့နိုင်ငံမှာ ဘာသာစကားက သူများတိုင်းပြည်တွေထက်
ပိုပြီးအရေးကြီးတယ်။ မြန်မာစာကို နိုင်ငံတော်ဘာသာ လုပ်ယုံတင်မက တိုင်း
ရင်းသား စာပေနဲ့ဘာသာစကားကိုပါ နှိမ်လာတယ်။ ရိုက်ချိုးလာတယ်။ ပိတ်
ပင်လာတယ်။ အချိန်ကြာလာတော့ တိုင်းရင်းသားတွေဘက်ကလည်း ခံစစ်
သိပ်မကောင်းနိုင်တော့ဘူး။ လျှော့လာတယ်။ သူတို့ရဲ့အသုံးအနှုန်းတွေထဲမှာ
မြန်မာလိုတွေ များလာတယ်။
အလွယ်တကူ ဥပမာပေးရရင် မြန်မာတွေ ၀ဋ်လည်ကြတာပဲ။ အခု သူတို့
မြန်မာစကားက ဗုံမဟုတ်၊ ပတ်မဟုတ်နဲ့ အုတ်ရောရော၊ ကျောက်ရောရော
ဖြစ်နေပြီ။ မြန်မာသတင်းစာကိုပဲ ကြည့်လိုက်။ ဘိုလိုတွေ အတုံးလိုက် အတစ်
လိုက်။ မြန်မာမဂ္ဂဇင်းဂျာနယ်တွေကိုပဲ ကြည့်လိုက်။ မြန်မာစာ ဘိုရူးပြန်နေပြီ။
တောင်းပန်ပါတယ်နော်။ စိတ်မကောင်းပါဘူးဆိုတာ ရှိရဲ့နဲ့ “ဆောရီး” တဲ့။
ဟုတ်ပါပြီဆိုတာရှိရဲ့နဲ့ “အိုကေ”တဲ့။ “ရယ်ဒီပဲ”တဲ့။ “စီးယူ”တဲ့။ အများကြီးပဲ။
ဒီစကားတွေက မြန်မာစကားနဲ့မြန်မာစာမှာ ရောနှောနေကြတော့ တိုင်းရင်း
သား စကားတွေမှာပါ လိုက်ရောကုန်ကြပြီ။ အစိုးရပိုင် သတင်းမီဒီယာတွေက
အစ ဘာသာစကား ရေစီးကမ်းပြိုလိုက်နေတာ ကြာပြီ။ မြန်မာအဆိုတော်
တွေကလည်း သူတို့သီချင်းဆိုပြီးရင် “သိုင်းခယူး” တဲ့။ ဘာဖြစ်လို့ “ရှဲ့ ရှဲ့ ”
လို့ မပြောကြသလဲမသိ။
(အချိန်မီ လုပ်ရင်လုပ် )
ဘာသာစကား ပျောက်သွားတာက ရှင်းတယ်။ ကိုယ့်စကားမရှိရင် သူ့စကား
ကို ကိုယ့်စကားလုပ်ယုံပဲ။ ကိုယ့်စကားရှိရဲ့နဲ့ သူ့စကားကို ရောသုံးနေရတာက
ကိုယ့်ရဲ့ အားနည်းချက်။ ဒါက ပြဿနာ။ ဒို့မြန်မာတွေ ဘာသာစကား ဓါတ်ခံ
အားနည်းရတဲ့အထဲ နိုင်ငံခြားတိုင်းပြည်တွေမှာ အနေများလာတော့ ကိုယ်ပိုင်
ဘာသာစကား ပိုပြီးထိခိုက်လာတယ်။ ဒီနေ့ခေတ်မှာ ဘာသာစကားတွေ
ပျောက်တာ ပိုမြန်လာနေပြီ။ မခိုင်တဲ့ကောင် ခံပဲ။ ဘာသာစကား မရှိတဲ့လူမျိုး
က အာပလာပဲ။
ကိုယ်ခံအားနည်းရင် ကျန်းမာရေး ထိခိုက်တာပဲ။ ဒို့မြန်မာတွေကတော့ အခု
ချိန်ထိ သူ့ကိုယ်သူ အဟုတ်ကြီးထင်နေကြတုန်း။ စကားပြောရင်တော့ အိုကေ
လိုက်၊ ဆောရီးလိုက်နဲ့။ ဒို့မြန်မာတွေ ရုပ်ရော၊စိတ်ရော၊ စဉ်းစားတွေးခေါ်မှုရော
ကိုယ်ခံအားနည်းနေတာ ကြာပြီ။ ဒီအတိုင်းဆက်သွားရင် ရှေ့ လျှောက် ခံရဖို့ပဲ
ရှိတယ်။
ဒို့မြန်မာတွေကတော့ ခံရလည်း အိုကေပါတယ်။ မှုတ်ဖူးလား။ အေးဆေးပေါ့။
ဘာသာစကားတွေ ရောပြီးပြောတာကိုက ဒို့မြန်မာစကားပုံစံအသစ်ပဲ ။ ဒီစာကို
ဖတ်ကြတဲ့အတွက် သိုင်းခယူးပါဗျား။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
1 comment:
http://www.burmastrangenews.com/2011/03/blog-post_5691.html ဖတ်ပြီးပလား အဲဒီစာ ;)
ဘိုနာမည်ပေးတာနဲ့  ပါဠိနာမည် ပေးတာ ဘယ်ဟာ ပိုဆိုးသလဲ။
တချို့ စာစောင်တွေက ပါဠိလို ပေးကြတယ်။
ခုတော့ ဘိုနာမည် စာစောင်တွေ မြင်ရတာ ရိုးသလိုတောင် ဖြစ်သွားပြီ။
စာထဲမှာ ဘိုလို ထည့်ရေးတာမျိုးတော့ ဖတ်ရတာ တကယ် ဂွကျလှတယ်။
ဟောသမှာ ကြည့်ပါအုံး။
မြန်မာပို့ စ် ဂျာနယ်က။
ဂျာနယ် နာမည်ကို ကပြားနာမည် ပေးထားတော့ အရေးအသားတွေပါ ကပြား ဖြစ်ကုန်ပြီ။
http://1.bp.blogspot.com/-CUDzjH-XG8s/TX_qWKWb3CI/AAAAAAAAJMY/q1ewHdG6_iw/s1600/myanmar%2Bpost%2BTrekking.jpg
Post a Comment