Thursday, December 4, 2008

ဆာဝါဒီခပ်















အင်ထရို

ထိုင်းရေးရာ ကျွမ်းကျင်သူတော့ မဟုတ်ပါ။ ဒါပေမဲ့ ထိုင်းလူမျိုးတွေအကြောင်း ထင်တာမြင်တာလေးတွေတော့ ပြောပါရစေ။ လောလောဆယ် ထိုင်းမှာရောက်
နေတုန်း ထိတွေ့မိရသမျှလေးတွေပေါ့။ တိုင်းပြည်တခု၊ လူမျိုးတမျိုးအကြောင်းကို
ရက်ပိုင်း လပိုင်း နေထိုင်ယုံနဲ့ အကဲဖြတ်တာက မှန်ဖို့ နည်းပါလိမ့်မယ်။ ဒါကြောင့်
ထိုင်းနိုင်ငံမှာ အနေကြာပြီး ထိုင်းဝါးဝနေသူအချို့ရဲ့  အမြင်တွေကိုလည်း ကိုးကား
ပါ့မယ်။ တချို့ဆို ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျနေသူတွေပါ။

ပုံကြမ်း

ထိုင်းတွေက အစွန်းနှစ်ဘက်မှာ နေကြသူတွေ ဖြစ်မယ်ထင်တယ်။ နုညံ့တယ်။
သိမ်မွေ့တယ်။ ဒေါသထွက်လွယ်သူတွေ မဟုတ်။ တဘက်သားကို ကူညီလိုတယ်။
ဖေါ်ရွေတယ်။ အေးဆေးတယ်။ အပူအပင် နည်းတယ်။ စိတ်ရှည်တယ်။ ဒီအချက်
တွေကြောင့်လည်း ထိုင်းလူမျိုးတွေကို လူကြိုက်များတာပါ။ တဘက်မှာကလည်း
ဆန့်ကျင်ဘက်လို့ ပြောရမယ့်အရာတွေ သူတို့ဆီမှာ ရှိနေတယ်။ ဒေါသထွက်ရင်
အပြတ် ရှင်းတတ်တယ်။ ငွေ အနဲအကျဉ်းနဲ့လည်း လူသတ်ဖို့ ၀င်မလေးဘူး။ အမျိုး
သမီးပေမယ့် ဒေါသထွက်ရင် မလွယ်ဘူး။ အပြတ်ရှင်းတတ်ကြသတဲ့။ သွေးအေးကြ
သတဲ့။ ရုပ်ရှင်တွေဆိုရင်လည်း သူတို့က အထိတ်တလန့်နဲ့ ခြောက်ချားစရာတွေကို
ကြိုက်ကြတယ်။ ပန်းချီသမားတွေမှာ သူတို့ စိတ်ရဲ့ အတွင်းပိုင်းကို တွေ့ရတတ်တယ်။
ခြောက်ချားမှုကို ကြိုက်တဲ့သဘော။

တိုက်ပွဲ

ကျွန်တော်ထိုင်းမှာ ရောက်နေတုန်း သူဝဏဘူမိလေဆိပ်ကြီးကို အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသမားတွေက ၀င်သိမ်းကြပါလေရော။ အရင်က အစိုးရရုံးကို စသိမ်းတယ်။
အစိုးရက ဒွန်မောင်းလေဆိပ်ကို ပြောင်းပြီး ယာယီရုံး ထိုင်တယ်။ ဒီတော့ ၀န်ကြီးချုပ်
မရှိတုန်း အဲဒီယာယီရုံးကို ၀င်သိမ်းပြန်တယ်။ ၀န်ကြီးချုပ်က ပီရူးနိုင်ငံကို အစည်းအဝေး
သွားတက်နေတာ။ သူပြန်လာမယ့်နေ့။ သူဝဏဘူမိလေဆိပ်က ပြန်လာမှာကို ဆန္ဒပြတဲ့
အနေနဲ့ လေဆိပ်ထဲကို အစိုးရ ဆန့်ကျင်ရေးသမားတွေ ၀င်ပြီး ဆန္ဒပြကြပါလေရော။ ၀န်
ကြီးချုပ်ကလည်း ထိပ်တိုက်မတွေ့ပါဘူး။ ရှောင်ပါတယ်။ အဲဒီလေဆိပ်ကိုမလာတော့ဘူး။
ချင်းမိုင်မြို့ ကို ပြေးပါလေရော။

ချင်းမိုင်ကို မြန်မာတွေက ဇင်းမယ်လို့လည်း ခေါ်ကြတယ်။ အစိုးရရုံးက ဟိုပြောင်းဒီရွှေ့ နဲ့
မြို့ တော် ဘန်ကောက်နဲ့ ဝေးသည်ထက် ဝေးသွားတယ်။ အစိုးရဆန့်ကျင်ရေးသမားတွေက မလျှော့တော့ဘူး။ “နောက်ဆုံးတိုက်ပွဲ”လို့ ကြေညာတယ်။ လေဆိပ်ကြီးကို သိမ်းလိုက်ကြ
ပါလေရော။ ခရီးသည်တွေလည်း ပိတ်မိကုန်တာပေါ့။ ကမ္ဘာ့ထိပ်တန်းသတင်းကြီး ဖြစ်သွား
ပါလေရော။ ရှစ်ရက်ကြာ သိမ်းပိုက်ခဲ့တာပါ။ အစိုးရလည်း ကျပ်သည်ထက် ကျပ်လာတယ်။
ကိုင်ရတွယ်ရ ခက်လာတယ်။ ဖြစ်ချင်တော့ နိုင်ငံတော် တရားရုံးရဲ့  အစိုးရနဲ့ဆိုင်တဲ့ စီရင်
ချက်ကလည်း နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ချလိုက်တယ်။ ၀န်ကြီးချုပ်
လည်း ပြုတ်။ သူ့ပါတီလည်း ပျက်။ အစိုးရဆန့်ကျင်သူတွေ အနိုင်ရ။ အောင်ပွဲခံ။ အိမ်ပြန်ကြ။

အရောင်တော်လှန်ရေးကာလ

အစိုးရကိုဆန့်ကျင်သူတွေက ဘန်ကောက်မြို့ မှာ ခြောက်လကျော် ဆန္ဒပြနေခဲ့ကြတာ။
သူတို့ရဲ့ အထိမ်းအမှတ်အရောင်က အ၀ါရောင်။ ဘုရင်ကိုထောက်ခံတဲ့ သဘောဆောင်
သတဲ့။ မြို့နေလူတန်းစား၊ ပညာတတ်လူတန်းစားနဲ့ စီးပွါးရေးအသိုင်းအ၀ိုင်းက ထောက်ခံ
ပံ့ပိုးကြသတဲ့။ အင်အားမနည်းဘူး။ ဆန္ဒပြပွဲတွေမှာ လူတွေသောင်းနဲ့ချီရှိတယ်။ လနဲ့ချီ ချ
နေကြတာ။ အလုပ်ပြုတ်ခံပြီး ဆော်နေကြတာ။

အစိုးရကိုထောက်ခံသူတွေလည်း ရှိပါ့ဗျား။ သူတို့ကလည်း မနည်းမနောပါပဲ။ အနီရောင်ကို
ဆင်မြန်းကြပါတယ်။ အရောင်တိုက်ပွဲ ပြင်းထန်နေတဲ့ ကာလကြီးပေါ့။ အ၀တ်အစား ၀တ်တာ
က အစ သတိထားနေရတဲ့ ကာလ။ အနီနဲ့အ၀ါ တိုက်ပွဲကာလအတွင်း ဘန်ကောက်မြို့ မှာ
နေတိုင်းဆိုသလို ဗုံးကွဲမှုဖြစ်တယ်။ သေနတ်ပစ်ခပ်မှုတွေ ဖြစ်တယ်။ အ၀ါရောင်ဘက်ကပဲ ခံ
ရတယ်။ ခြောက်လကျော်အတွင်း အ၀ါလေးယောက် သေတယ်။ ဒဏ်ရာရတာလည်း မနည်း
ဘူး။ လွှတ်တော်ကို ၀ိုင်းတဲ့နေ့ကရယ်။ မြို့ တွင်းဆန္ဒပြပွဲ တခုမှာရယ်။ အနီနဲ့အ၀ါနဲ့ ထိပ်တိုက်
ရင်ဆိုင်ပွဲတွေ တော်တော်ကြမ်းခဲ့ကြတယ်။

ကြမ်းလည်းကြမ်းတယ်။ ဆန်းလည်းဆန်းတယ်

တိုက်ပွဲတွေကသာ ဘန်ကောက်မြို့ မှာ နေ့လားညလားနဲ့ အထွဋ်ထိပ်ကို ရောက်နေတာ၊ မြို့ 
နေလူထုကတော့ ဘာမှဖြစ်မနေသလိုပါဗျား။ သွားစရာရှိတာ သွား။ စားစရာရှိတာ စား။ ပျော်
လို့ ရွှင်လို့။ အပြုံးတချက် မပျက်ကြပါဘူး။ မြို့ လည်ခေါင်လမ်းတွေဆို ပုံမှန်အတိုင်း စည်လို့
ကားလို့။ အံ့သြစရာ။

တညသား ကပွဲတခုကို ရောက်သွားပါသေးတယ်။ ထိုင်းလူငယ်တွေပဲ သွားတတ်တဲ့ပွဲပါ။
အောင်မယ်လေး။ လောကကြီး သာယာနေလိုက်ကြတာ။ အသောက် မပျက်။ အစား မပျက်။
အက မပျက်။ အမူး မပျက်။ သူတို့တိုင်းပြည်ကိုတကမ္ဘာလုံးက မျက်တောင်မခပ်ပဲ ကြည့်နေ
တယ်ဆိုတာ တစက်မှ သိပုံမရကြဘူး။ သူတို့နဲ့ ဘာမှမဆိုင်သလို နေနေလိုက်ကြတာများ
ကျွန်တော့မှာ အံ့ကိုသြလို့။

မေးကြည့်တာပေါ့။ မင်းတို့ ဘယ်လိုဖြစ်လို့ ဒီလို နေနေကြသလဲဆိုတာ။ ဒါက နိုင်ငံရေးအုပ်စု
ချင်း ချနေကြတာတဲ့။ ငါတို့ ၀င်ပါလည်း အလကားပဲတဲ့။ သိပ်ဆိုးလာရင် ဘုရင်ကြီးက ကြည့်
နေမှာ မဟုတ်ဘူးတဲ့။ ဘာမှမပူနဲ့တဲ့။ ကျွန်တော့ကိုတောင် ဖျောင်းဖျနေကြသေးတယ်။ လေ
ဆိပ်ကို သိမ်းတာကိုတော့ သိပ်မကြိုက်ကြဘူး။ စီးပွါးရေးထိခိုက်လို့။ စီးပွါးရေးသာ မထိလို့က
တော့ ဂရုကိုစိုက်ကြမှာ မဟုတ်ဘူး။ အစိုးရက နေ့ပြုတ်မလား၊ ညပြုတ်မလား။ လေဆိပ်ထဲက အ၀ါရောင်တွေကို ရဲတွေက နေ့ဝင်ရှင်းမလား၊ ည၀င်ရှင်းမလား။ စစ်တပ်ကလည်း အာဏာကို နေ့သိမ်းမလား၊ ညသိမ်းမလားဖြစ်နေတဲ့အချိန်ကြီးပါ။ ဘန်ကောက်မြို့  သူမြို့ သားတွေက အပြုံး
တောင် မပျက်ကြဘူးဆိုတော့ တခြားမြို့ တွေ၊နယ်တွေများ ထည့်ကိုမစဉ်း စားကြပါနဲ့။ သူတို့နဲ့က
တော့ တိုင်းရေးပြည်ရေး ဝေလာဝေးပါပဲ။ ထိုင်းတွေ သွေးအေးပုံများ ပြောပါတယ်။

ဘာလဲ ထိုင်း

သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ထိုင်းဆိုတာ ရှမ်းပါပဲလို့ပြောခဲ့ပါတယ်။ ထိုင်းမှာ
ရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း ထိုင်းတွေကို ရှမ်းလို့ခေါ်သဗျ။ မြန်မာပြည်က ရှမ်းတွေလည်း
ထိုင်းမှာမနည်းဘူး။ မွန်တွေလည်း မနည်းဘူး။ ကရင်တွေလည်း မနည်းဘူး။ သမိုင်းနဲ့ချီပြီး ရော
နှောနေတာ။ အခု ထိုင်းဘုရင်ကြီးတောင်မှ မွန်စပ်တယ်ဆိုပဲ။ သိကြတဲ့အတိုင်း မြန်မာနိုင်ငံသား
တွေက ထိုင်းမှာ သန်းနဲ့ချီပြီးရှိနေတာ။ ဒုက္ခသည်စခန်း ရှိသမျှအကုန်လုံး မြန်မာနိုင်ငံသားတွေ
ချည်းပဲ။ ကြာလေရောလေ ဖြစ်မှာပဲ။ တရုတ်တွေလည်း မနည်းဘူး။ ၀န်ကြီးချုပ်ဟောင်းသတ်ဆင်
ဆိုရင် တရုတ်ပဲ။ မူဆလင်တွေလည်း မနည်းဘူး။ မြန်မာပြည်နဲ့ ကပ်လျှက် မဲဆောက်မြို့ ဆို မူဆ
လင်မြို့ ပဲ။ ထိုင်းနိုင်ငံတောင်ပိုင်းဟာ မူဆလင်ဒေသ။ ကမ္ဘာလှည့်တွေလည်း တသောသောဝင်
နေတဲ့ တိုင်းပြည်။ အနောက်တိုင်းသားတွေ၊ အရှေ့အလည်ပိုင်းဒေသကလူတွေ၊ အာဖရီကန်တွေ
လည်း အများကြီးရှိတယ်။ အားလုံးကတော့ ထိုင်းမှာနေပျော်တယ်လို့ ပြောကြတာပဲ။ ဟုတ်မှာပါ။
ပျော်အောင် နေတတ်ကြတာကိုး။

နားဦးမယ်

ခေါင်းစဉ်ပေးထားတဲ့ ဆာဝါဒီခပ်ဆိုတာက ထိုင်းလို မင်္ဂလာပါလို့ အဓိပ္ပါယ်ရတယ်။ ရိုက်ထားတဲ့
ဓါတ်ပုံက ကျွန်တော်တည်းတဲ့ ဟိုတယ်က ဆေးလိပ်ပြာခွက်။ နောက်မှ ဆက်ပြောပါဦးမယ်။
ကိုရွှေထိုင်းတို့ရဲ့  အကြောင်း။

Saturday, November 15, 2008

စားရင် စားတယ် မှတ်













တညသား ။ မိတ်ဆွေတချို့ နဲ့ဆုံပြီး ညစာစားကြပါလေရော။ ဘနှ်ကောက်ဆိုတဲ့
ခပ်ညှော်ညှော်မြို့ မှာပေါ့။ လူစုံတော့ စကားလည်းစုံကြသပေါ့။ တောအကြောင်း၊
တောင်အကြောင်း၊ ကမ္ဘာကြီးအကြောင်း၊ NGOတွေရဲ့ အကြောင်း၊ မြန်မာနိုင်ငံ
တော်ကြီးရဲ့ အကြောင်း။ စားလိုက်၊ သောက်လိုက်နဲ့ပြောကြရာက ဘယ်သူက
စလိုက်တယ် မသိ။ မိန်းမလျှာတွေအကြောင်း ကို ရောက်သွားပါလေရော။

ထိုင်းနိုင်ငံမှာ မိန်းမလျှာတွေ ဘာကြောင့်များရတယ်ထင်သတုံးလို့ ကျွန်တော်
ကပဲ စမေးမိတယ်ထင်ပါတယ်။ ဒီအကြောင်း စကားစလိုက်တယ်ဆိုရုံနဲ့ မိတ်ဆွေ
တယောက်က ခိုင်မာလှတဲ့သူ့ရဲ့ အဆိုကို ရဲရဲတင်းတင်း ပြောလာပါတော့တယ်။ 
မိန်းမလျှာတွေ ကမ္ဘာပေါ်မှာတနေ့တခြားများလာရတာဟာ အစားအသောက်
ကြောင့် ဆိုပဲ။

အားလုံးကနားမလည်နိုင်တာကိုသိတော့ သူကပဲဆက်ရှင်းပါတယ်။ သဘာဝ တရားကိုလူတွေကအတင်းပြောင်းနေလို့ အခုလိုဖြစ်ရတာတဲ့။ ဘန်ကောက်
လမ်းမတွေကို ကြည့်ပါတဲ့။ လမ်းဘေး စားသောက်ဆိုင်တွေက အပြည့်။ စားစရာ
တွေကလည်း မျိုးစုံ။ အသီးအနှံ၊ အသားငါး။ တနှစ်ပတ်လုံးရှိနေတယ်တဲ့။ သရက်
သီး၊ သြဇာသီး၊ ကြက်ကင်၊ ငှက်ကင် အစုံပဲ။ တနှစ်လုံး ရနေတယ်တဲ့။ ဒါဟာ 
သဘာဝ မဟုတ်ဘူးတဲ့။

အသီးအနှံတွေမှာ သီးချိန်ပွင့်ချိန် သူ့ရာသီနဲ့သူ ရှိနေတဲ့သဘာဝ အခုပျောက်သွား
ပြီတဲ့။ သတ္တ၀ါတွေ လည်း သူ့ရာသီနဲ့သူပေါတာ အခု မဟုတ်တော့ဘူးတဲ့။ နည်း 
ပညာတွေနဲ့ လူတွေက ပြောင်းလိုက်ကြလို့ ရာသီမရွေး စားလို့ရနေပြီတဲ့။ ဟုတ်ပေ
သားကလား။ ဓါတုဆေးတွေ အသုံးပြု၊ မျိုးရိုးဗီဇတွေကို ပြောင်းပစ်။ ရောနှောပစ်။
ပြုပြင်ပစ်လိုက်တော့ ကြိုက်တဲ့အသီး၊ ကြိုက်တဲ့အသား။ ကြိုက်တဲ့အချိန်မှာ စားပေ
ရော့။

ဒီလိုသဘာဝကို ဆန့်ကျင်ပြုပြင်ထားတဲ့ အစားအစာတွေကို ကြာကြာစားလာကြတဲ့
လူတွေရဲ့  သဘာဝဟာလည်း ဖုန်းကညှာတပါး လုံးရာက ပြားလာရတာပါတဲ့။ ပြားရာ
ကနေလည်း လုံးလာကြတော့တာပါပဲတဲ့။ လူ့သဘာဝတွေ ပြောင်းကုန်ကြပါရောတဲ့။ 
သူပြောတာ ရှင်းတော့အရှင်းသား။ ဒါပေတဲ့။ သိပ်တော့ ဘ၀င်မကျ ချင်သေးဘူး။

ကျွန်တော်တို့ စကားဝိုင်းမှာက အင်္ဂလန်မှာ လူမှုဗေဒကို လေ့လာနေတဲ့ ခေတ်လူငယ် အမျိုးသမီးလေးလည်းပါရဲ့ ။ ထိုင်းစကားကို ထိုင်းတွေအံ့သြလောက်အောင် ပြောနိုင်
သူ သတင်းထောက်ကြီး တဦးလည်း ပါရဲ့ ။ ထိုင်းအကြောင်းလည်းသိ၊ ကမ္ဘာအကြောင်း
လည်းသိတဲ့ နိုင်ငံရေးပါတီက ပညာတတ်အရာရှိကြီး တဦးလည်းပါရဲ့ ။ မိန်းမလျှာတွေ
အကြောင်း သိကောင်းစရာကို မိန့်ကြားတဲ့ပုဂ္ဂိုလ်ကတော့ မြန်မာ့နိုင်ငံရေးအကျဉ်းသား
များရေးရာ ကျွမ်းကျင်သူ ပုဂ္ဂုလ်ကြီးပါ။ ကျွန်တော်ကတော့ မျက်လုံး ပေကလပ် ပေက
လပ်နဲ့ မေးခွန်းထုတ်သူ သက်သက်ပေါ့။ သိချင်ရှာတာကိုး။

အနှီပုဂ္ဂိုလ်က ဆက်ပြောပါတယ်။ အခုထိုင်းနိုင်ငံက ကြက်တွေကို ကြည့်လိုက်တဲ့။ 
(တကယ့်ကြက်ကို ပြောတာပါ) ၄၅ရက်နဲ့ စားသောက်ဆိုင်ထဲကို ရောက်လာပြီတဲ့။ အကောင်ကသာကြီးနေတာ အော်တဲ့အသံက ပိညှက် ပိညှက်တဲ့။ စားပွဲပေါ်က 
ကြက်တောင်ပံကြော်ကို စားမလို့ လှမ်းနေတဲ့ ကျွန်တော့လက်က လမ်းတ၀က်မှာတင် နောက်ပြန်ဆုတ်သွားပါတယ်။

ငါးတွေလည်း ဒီအတိုင်းပဲတဲ့။ ဒါဟာ ဈေးကွက်ပြဿနာတဲ့။ ဘန်ကောက်က လူသိပ်များ
လွန်းတဲ့မြို့ ။ ကမ္ဘာလှည့်တွေ များလွန်းတဲ့မြို့ ။ စားသုံးသူတွေ ပေါပေါနဲ့ များများစားလို့
သောက်လို့ရတဲ့မြို့ ။ စားမယ့်သူများသလောက် အစားခံရမယ့်ပစ္စည်းတွေက ရှိမှဖြစ်မယ်။ 
ဒါမှ စီးပွါးဖြစ်မယ်။ ဈေးကွက်နောက်ကို လိုက်ကြရင်း ပိညှက်ပိညှက်နဲ့ ကြက်ပေါက်စ 
ဂေါ်ဇီလာတွေ ကျွန်တော်တို့ထမင်းပန်းကန်ထဲ ရောက်လာကြတော့တာပါပဲတဲ့။ သူ့ရဲ့  
အဆိုကို ပိုပြီးခိုင်မာအောင်၊ အများက တညီတညွတ်တည်း လက်ခံအောင် နောက်ထပ်
ဥပမာတခု ထပ်ပေးပြန်ပါတယ်။

မကြာခင်က ပလောင်လူမျိုးတို့ရဲ့ ဒေသကို သူရောက်သွားပါသတဲ့။ အဖွါးအိုတယောက်နဲ့
ရင်းနှီးခဲ့ပါသတဲ့။ အဲဒီအဖွါးအိုမှာ အိမ်ဘေးမှာလွှတ်ပြီးမွေးထားတဲ့ ကြက်တအုပ်ရှိပါသတဲ့။ 
ကြက်မကြီးက တလုံးဥရင် ရွာလည်က ကုန်စုံဆိုင်ကို သွားသွင်းပါသတဲ့။အပြန်မှာ ကြက်ဥ 
လေးလုံး ပါလာပါသတဲ့။ အဖွါးအိုက အိမ်မှာစားရင် ဆိုင်ကဥကိုပဲ မြေးလေးတွေနဲ့ စားကြ
သတဲ့။ ဆိုင်ဥက ဥစားကြက်ဥ။ ကြီးတယ်။ ဈေးပေါတယ်။ အလွတ်မွေးအိမ်ကြက်ဥက 
သေးတယ်။ ဈေးကြီးတယ်တဲ့။

အနှီပုဂ္ဂိုလ်ရဲ့ အဆိုကို ထောက်ခံသူတယောက် တိုးလာပါတယ်။ ပါတီလူကြီးပါ။ သူ့အမျိုး
သမီးက အနောက်တိုင်းသူ။ တရက်။ သူတို့ဇနီးမောင်နှံကို ထိုင်းမှာနေတဲ့ မြန်မာအမျိုး
သမီးပါမေက္ခကြီးတဦးက အိမ်မှာခေါ်ပြီး ညစာကြွေးပါသတဲ့။ မြန်မာထမင်းဟင်းနဲ့ပေါ့။ 
အချိန်စောပြီး ရောက်သွားကြတော့ ဇနီးလုပ်သူက မီးဖိုချောင်ထဲ ၀င်ကူပါသတဲ့။ အဲဒီမှာ 
ပါမောက္ခကြီးက ညီးညူတာလိုလို၊ သင်ခန်းစာပို့ချတာလိုလို လုပ်ပါရောတဲ့။

ထိုင်းနိုင်ငံမှာ နံနံပင်တွေက ကြီးသာကြီးနေတာ အနံ့ကသိပ်မရှိဘူးတို့။ ခရမ်းသီးနဲ့ 
ဝက်သားနဲ့ချက်ရင် ဘာအနံ့မှမရဘူးတို့။ ပုဇွန်ထုပ်တွေကလည်း အရသာပေါ့လွန်း
တယ်တို့။ ဒို့မြန်မာပြည်မှာဆို နံနံပင်တွေက သေးသာသေးတယ် မွှေးသရှင့်။ ခရမ်းသီးနဲ့ 
ဝက်သား ရောချက်လို့ကတော့ မွှေးကြိုင်နေ ဆိုပဲ။ ခရမ်းသီးချင်းယှဉ်ရင် မြန်မာပြည်က 
တော့ သေးသပေါ့လေတဲ့။ တကယ်တော့ မီးဖိုချောင်မှာ ၀င်ကူညီတဲ့ အနောက်တိုင်းသူ
အမျိုးသမီးက ဒီလိုအပြောမျိုး ခံရပေါင်းများလှပါပြီ။ သူ့အမျိုးသားကလည်းဒီလိုဝေဖန်ချက် 
တွေ မကြာခဏ ပေးနေတတ်တာကိုး။ နားကြားပြင်းကပ်လှပြီ။

ဖြစ်မှဖြစ်ရလေတော်။ သူတို့တွေရဲ့ တိုင်းပြည်ချစ်စိတ်ကလည်း လွန်း လွန်လွန်း..လို့ 
နှုတ်ခမ်းထော်မိပါသတဲ့။ အသီးအရွက်ချင်း အတူတူ ဒို့ဟာကမှ ပိုကောင်းတယ်။ ငံပြာ
ရည်ချင်းအတူတူ ဒို့ဆီကမှ ပိုချိုတယ်ဆိုတာမျိုး လုပ်လွန်းအားကြီးတော့ သူ့ခမျာမခံနိုင် 
တော့ပါဘူးတဲ့။ ဒါနဲ့ ညစာစားပြီး အိမ်အပြန်လမ်းမှာ လင်တော်မောင်ကို ချဲပါလေရောတဲ့။ ပေါက်ကွဲတယ်ပေါ့ဗျာ။ မြန်မာတွေများ ကဲလှချည့်လားပေါ့။ ပထမတော့ လင်တော်မောင်
ကလည်း နားလည်စွာပေါက်ကွဲခွင့် ပေးထားပါသတဲ့။

အရှိန်လေးနဲနဲသေတော့မှ ဖြေးဖြေးချင်း ရှင်းပြပါတယ်။ ဒို့ဆီမှာက ခေတ်မမှီဘူးကွ။ 
ခေတ်က တော်တော်ကို နောက်ကျနေတာ။ ကမ္ဘာကြီးအကြောင်း သိပ်သိကြတာ
မဟုတ်ဘူး။ တိုးလည်း မတိုးတက်ဘူး။ အဲဒီတော့ အစားအသောက်တွေကလည်း 
ခေတ်ပေါ်နည်းတွေနဲ့ ဘာမှ မပြုပြင်ထားဘူး။ သဘာဝအတိုင်းပဲ။ မြေသြဇာလည်း 
အားလုံးမှာသုံးကြတာ မဟုတ်ဘူး။ ရာသီအလိုက် သီးမှ၊ ပွင့်မှ စားရ၊ သုံးရတာ။ ကြက်
တွေ ငါးတွေလည်း ဒီအတိုင်းပဲ သဘာဝအတိုင်း ကြီးပြင်းကြတာများတယ်။ အပေါကြီး
လည်း မဟုတ်၊ အရှားကြီးလည်း မဟုတ်။ ရှိတဲ့ဟာလေးတွေက ရိုးရိုးလေးနဲ့ကောင်းနေ
ရရှာတာလို့ ရှင်းပြတော့။ ဇနီးသည်လည်း သက်ပြင်းချပြီး သဘောတူလာရပါသတဲ့။ အနောက်နိုင်ငံတွေမှာဈေးပိုပေးပြီး စားသောက်ရတဲ့ အော် ဂဲန်းနစ် အစားအသောက်ဆို
တာ မြန်မာပြည်ကလိုပါလားဆိုတာ ကောင်းကောင်းကြီးသဘောပေါက်သွားပုံရပါတယ်။

ဒါပေမယ့် မိန်းမလျှာတွေက မြန်မာပြည်မှာ အရင်ကထက်ပိုများလာတာကရော ဘယ့်နဲ့
ကြောင့်တုံးလို့ ကျွန်တော်ကမေးတော့။ တရုတ်ပစ္စည်းတွေ သိပ်သုံးလာလို့ဆိုပဲ။ တရုတ်ပြည်
မှာ မိန်းမလျှာပေါ မပေါတော့ ကောင်းကောင်းမသိပါ။ အဲဒီနေ့ ဘန်ကောက်ည စာစားပွဲမှာ 
အင်္ဂလန်က လူမှုဗေဒကျောင်းသူလေးလည်း အဖြေကောင်းကောင်း မပေးနိုင်ခဲ့ပါ။ ကျွန်တော် 
တို့ ပြန်ကြတော့ စားပွဲပေါ်မှာ အရက်သာ ကုန်သွားတယ် အမြည်းက အများကြီးကျန်နေရစ်ခဲ့
ပါတယ်။ ချက်ပြုတ်ကြွေးမွေးပြီး သဘောကောင်းကောင်းနဲ့ ဧည့်ခံတဲ့ အိမ်ရှင် ပါတီလူကြီးကို အားနာပေမဲ့လည်း ကျန်ခဲ့တဲ့အမြည်းတွေအတွက်တော့ သူခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါ
တယ်။

မိတ်ဆွေများလည်း သင့်တော်မယ့် အစားအသောက်တွေရှိရင် ပြောကြပါဦး။ တချက်တချက် 
မြိုမကျပဲ ဖြစ်နေလို့ပါ။ ကျန်းမာကြပါစေ။

Sunday, November 9, 2008

ဘန်ကောက် (၀၀:၀၁)














ညှော်နံ့တွေ တထောင်းထောင်း
ဈေးသည်အော်သံ တညံညံ
ကားမီးခိုးငွေ့ တအူအူ
ဆိုင်ကယ်သံတွေ တဗြူးဗြူး
ကားသံတွေက တ၀ူးဝူး
သုံးဘီးတုတ်တုတ် တဖုတ်ဖုတ်
တနှစ်ပါတ်လုံး အိုက်စပ်စပ်
လမ်းတွေမှာ ကားတွေကျပ်
ကားတွေထဲမှာ လူတွေကျပ်
အသက်ရှုရတာလည်းမွန်းကျပ်
အလကားနေရင်းချွေးပြန်
ဒါ ဘန်ကောက်ပဲ မိတ်ဆွေတို့ ။

လူချင်းတွေ့ ရင် လက်အုပ်ချီ
စကားပြောရင် ခပ်ချွဲချွဲ
ပြုံးပြုံး ပြုံးပြုံးနဲ့
အေးအေးဆေးဆေး နေတတ်သူတွေ
အလုပ်တွေရှုပ်နေကြရတဲ့မြို့

ဆင်းရဲသားရပ်ကွက်တွေကို
မလုံမခြုံနဲ့ ၀ှက်ထားတဲ့မြို့ 

ဖေါ်ရွေမှုကို ရောင်းစားတဲ့မြို့ 

ကမ္ဘာသူကမ္ဘာသားတို့
လာရောက်ပျော်ပါးကြတဲ့မြို့ 

ဘုရားလို အကိုးကွယ်ခံရတဲ့
ဘုရင်အိုကြီးတပါး စံပါယ်ရာမြို့ 

တရားမ၀င်မြန်မာအလုပ်သမားတွေ
သိန်းနဲ့ချီပြီးရှိတဲ့မြို့ 

မြန်မာအိမ်ဖေါ်မလေးတွေ
သောင်းနဲ့ချီပြီးရှိတဲ့မြို့ 

အစည်းအဝေးမျိုးစုံ
တချိမ်းချိမ်းနဲ့ကျင်းပကြတဲ့မြို့ 

လူချမ်းသာတွေ ပျော်ပါးဖို့
လူဆင်းရဲတွေ လာဖျော်ဖြေတဲ့မြို့ 

စည်ကားမှုနဲ့ပျက်စီးမှု အပြိုင်ကျဲရာမြို့ 

ဘန်ကောက်ဟာ
အမောလွန်နေပေမဲ့လည်း
ဟန်ဆောင်ကောင်းလွန်းလှတဲ့မြို့ 

အညောင်းမိကမ္ဘာသားတွေ
အနှိပ်လာခံကြတဲ့
အနှိပ်သည်မြို့ တော်ကြီးပေါ့ ။

Friday, November 7, 2008

မိုးကောင်းကင်ခရီးတထောက်










ကိုရီးယားက ပူချွန်းဆိုတဲ့ ကမ်းခြေမြို့ ကို လေယာဉ်ဆိုက်တော့ ဒေသစံတော်ချိန် ကြာသာပတေးနေ့ ညနေလေးနာရီ။ ဗာဂျီးနီးယားကထွက်လာတာက အင်္ဂါနေ့မနက်ပိုင်း။ ဗုဒ္ဓဟူးနေ့က လမ်းမှာကျပျောက် သွားခဲ့ပြီ။ ပူချွန်းလေဆိပ်မှာ လေးနာရီလောက်နားပြီး ထိုင်းနိုင်ငံဘန်ကောက်ကိုခရီးဆက်ရမယ်။ ရောက်ရောက်ချင်း အဓိကအကျဆုံးက ပြောင်းစီးမယ့်လေယာဉ်သေချာအောင်ကြည့်ဖို့၊ မေးဖို့ပဲ။ ဒါပြီးမှ သမ္မတဘယ်သူဖြစ်လဲဆိုတာအရေးကြီးတာ။ စိတ်ထဲမှာတော့သိချင်လှပြီ။

နိုင်ပြီ

လေယာဉ်အခြေအနေပုံမှန်ပဲ။ အနီးတ၀ိုက်မှာ ရုပ်မြင်သံကြားမတွေ့ရ။ လမ်းမှာတွေ့ ခဲ့တဲ့ အင်တာနက် ကော်နာကိုသွားဦးမှ။ အင်တာနက်အလကားတဲ့ဗျ။ ဆိုဖါခုံအကောင်းစားတွေနဲ့ ကွန်ပြူတာများက လည်းကောင်းပါပေ့။ အမေရိကန်က ဒါတွေကိုအတုယူသင့်ပြီ။ စကားကြုံလို့။ လေဆိပ်မှာခရီးသည် တွေအတွက်အသုံးပြုတဲ့လက်တွန်းလှည်း။ အမေရီကားမှာ အလကားမရဘူးဗျ။ တခြားနိုင်ငံက လေ ဆိပ်တွေမှာ အလကားသုံးခွင့်ရှိသပ။ အင်တာနက်လည်းဖွင့်ရောတွေ့ ပါပြီဗျား။ အိုဘားမားနိုင်တဲ့ အကြောင်း။ သတင်းသာဖတ်နေရတာ ယုံတ၀က်မယုံတ၀က်။ နိုင်လိမ့်မယ်ဆိုတာ ကြိုပြီးတွက်လို့ ရနေပေမယ့်လည်း နိုင်ငံရေးဆိုတာ သိတယ်မဟုတ်လား။ ခပ်ရှုပ်ရှုပ်။ ပုံမှန်သိပ်ရှိတာမဟုတ်ဘူး။ အိုဘားမားကိုထောက်ခံသူတိုင်း ဒီလိုပဲ မယုံတ၀က်၊ ယုံတ၀က်ဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်။
အကြောင်းကတော့ အိမ်ဖြူတော်မှာ လူဖြူသမ္မတပဲတောက်လျှောက်ကြီးစိုးလာတဲ့ အစဉ်အလာ။ အရင်ရွေးကောက်ပွဲတချို့ မှာ မဲပြဿနာတက်လို့လွဲခဲ့ရတယ်ဆိုတဲ့အစဉ်အလာ။ ဥပမာ ဘုရှ်၊ အလ်ဂိုး ပြဿနာ။ အစဉ်အလာတွေကို တကယ်ပဲပြောင်းလဲတော့မှာလားဆိုတဲ့ကိစ္စ။ လူမည်းသမ္မတ ကိုတ ကယ်ပဲလက်ခံတော့မှာလားဆိုတဲ့ကိစ္စ။ အဖေမူဆလင်၊ အိုဘားမားရဲ့  နာမည်မှာ ဟူစိန်ပါနေတဲ့ ကိစ္စ။ သမ္မတကတော်လုပ်မယ့်သူကလည်း အမည်းအမျိုးသမီး။ ဒုသမ္မတလုပ်မယ့်သူက ကက်သလစ်ခရစ် ယန်။ ဒါတွေကိုအလွယ်တကူကျော်လွှားနိုင်ကြမလား။ အခုတော့သေချာသွားပြီ။ အပြောင်းအလဲ တော့စဖြစ်ပြီ။ အမေရီကန်ရဲ့ သမိုင်းဝင်ခြေလှမ်း သစ်စပြီ။ တကမ္ဘာလုံးအံ့သြရပြီ။ အိုဘားမားရဲ့  အောင်ပွဲဝင်မိန့်ခွန်းတပိုင်းတစထဲမှာ မတူကွဲပြားတာတွေကြားမှာ ညီညီညွတ်ညွတ်နဲ့နေကြမယ့်အမေ ရီကန်ဆိုတဲ့ ပြည်တွင်းစစ်နှောင်းပိုင်းအသံကပြန်ထွက်လာခဲ့ပြီ။ ဘာပဲပြောပြော ပိုက်ဆံမပေးရတဲ့အတူ တူ အကောင်းကိုသာမျှော်လင့်ကြပါစို့။ ဂေါ့ဒ်ဘလက်စ် အမေရီကားပေါ့။

လေဆိပ်ကြော်ညာ

ကိုရီးယားအကြောင်းဆက်ပါဦးမယ်။ အင်ချွန်းလေဆိပ်က တော်တော်ကောင်းပါတယ်။ သန့်ရှင်းတယ်။ ခရီးသည်တွေအတွက် ရှုပ်ထွေးမှု၊နားလည်ရခက်မှုတွေမရှိဘူး။ ၀န်ဆောင်မှုကောင်းတယ်။ ထူးခြား တာက ကမ္ဘာကျော်ဖက်ရှင်ပစ္စည်းဆိုင်တွေသိသိသာသာများတာပါပဲ။ အထူးသဖြင့်အမျိုးသမီးအသုံး အဆောင်အလှအပပစ္စည်းဆိုင်တွေပါ။ လေဆိပ်မှာအနားယူခန်း၊ အနှိပ်ခန်း၊ရေချိုးခန်းတွေအပြင် ကိုရီး ယားရိုးရာယဉ်ကျေးမှုကိုပါ မြည်းစမ်းလိုသူများအတွက်နေရာတွေလည်းရှိပါတယ်။ သူတို့ရဲ့ စာကိုဘယ် လိုရေးသလဲ။ ဘယ်လိုကခုန်သလဲ။ ရိုးရာပန်းချီဘယ်လိုဆွဲသလဲပေါ့။ သူတို့ရဲ့ တိုင်းရင်းဆေးကလည်း အစွမ်းထက်ပုံရပါတယ်။ ရိုးရာဆေးဆိုင်တွေကိုလည်းသီးသန့်ဖွင့်ထားကြပြီး အားလုံးလိုလိုမှာဝယ်သူ တွေနဲ့စည်ကားနေပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်တွေတော့ ထင်ထားသလောက်မများတာကိုသတိထား မိပါတယ်။ ရှိတဲ့ဆိုင်ကလည်း ဂျပန်ပစ္စည်းအများစုပါ။ ဂျပန်ဆိုလို့ လေဆိပ်ထဲမှာ ဂျပန်လူငယ်တွေအ တော်များများတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်နဲ့ကိုရီးယားက ကပ်နေတာမို့ခရီးစရိတ် သက်သာတာက တကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု ချင်းကလည်း အခုကာလမှာအရင်ကထက်ပိုပြီးကူး လူးဆက်ဆံမှုတွေပိုရှိလာတာကတကြောင်း အ၀င်အထွက်များကြတာပါ။ ကိုရီးယားရုပ်ရှင်နဲ့ရုပ်သံ ဇတ်လမ်းတွဲတွေဟာ ရုပ်ရှင်ပညာအရှိန်အ၀ါကြီးတဲ့ဂျပန်နိုင်ငံကိုပါကောင်းကောင်းထိုးဖေါက်ထားနိုင် ပါတယ်။ ဂျပန်ပျိုမေတို့အသည်းကျော် ကိုရီးယားမင်းသားလေးများရှိကြသလိုပဲ ဂျပန်သီချင်းနဲ့ဂျပန်လူ ငယ်တွေရဲ့ အနေအထိုင်နဲ့အာရုံခံစားမှုတွေအတိုင်း လိုက်လံကျင့်ကြံအားထုတ်ကြတဲ့ ကိုရီးယားလူငယ် တွေကလည်းအခိုင်အမာရှိကြပါတယ်။ အခမဲ့အင်တာနက်ကော်နာများအကြောင်းတော့ရှေ့ မှာပြောခဲ့ ပြီးပါပြီ။
စကားမစပ် ပထမပိုင်းရေးတုန်းက ကိုလိုနီခေတ်နှောင်းပိုင်းစကားပြေအရေးအသားဆန်ဆန်ရေးခဲ့ပြီး အခုတပိုင်းမှာ ဘာကြောင့်စကား ပြောပုံစံနဲ့ရေးရသတုန်းလို့မေးလာရင်တော့ အကြောင်းထူးမရှိပါ ကြောင်း၊ ဖတ်ရသူရောရေးသူပါအပြောင်းအလဲဖြစ်အောင်လုပ်တာဖြစ်ကြောင်းပါခင်ဗျား။ မကြာခင် ပြီးပါတော့မယ်။ ဆက်လက်သီးခံအားပေးတော်မူကြပါကုန်။

ညကောင်းကင်ကိုရီးယား

ဒီလိုနဲ့။ လေယာဉ်ထွက်ချိန်နီးလာခဲ့ပါတယ်။ ကိုရီးယားမှထိုင်းနိုင်ငံဘန်ကောက်သို့ပေါ့။ ဒီတခါလေ ယာဉ်ခရီးကတိုပါတယ်။ ငါးနာရီသာသာစီးရမှာပါ။ လေယာဉ်လည်းသေးပါတယ်။ ဒီမှာလည်းကံ ကောင်းတာက နံဘေးခုံမှာလူမပါတာပါပဲ။ ခြေဆန့်လက်ဆန့်ရှိသပေါ့။ ကံဆိုးတာကတော့ လေ ယာဉ်ထဲမှာ ကိုရီးယားမုန်ညှင်းချဉ်နံ့ထွက်နေတာပါပဲ။ ကိုရီးယားများကတော့ ဒီအနံ့ရှိတယ်လို့တောင် ထင်ကြပုံမရ။ အနံ့ရရင်လည်း မွှေးတယ်လို့ထင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ငါးပိကြော်နံ့ကိုမွှေးတယ် လို့ထင်သလိုနေမှာပေါ့။ လေယာဉ်စထွက်တော့ ညရှစ်နာရီထိုးပါပြီ။ ပြုတင်းပေါက်ကငေးကြည့်တော့ ချမ်းသာတဲ့တိုင်းပြည်မှန်းသိရမြင်ရပါပြီဗျား။ လျှပ်စစ်မီးတွေများ တမြို့ လုံးတနယ်လုံး လင်းလို့ထိန်လို့၊ ပြိုးလို့ပြက်လို့။ အဝေးပြေးလမ်းမကြီးတွေကလည်း ဖြူးလို့လင်းလို့။ ဘေ့စ်ဘောကစားကွင်းစိမ်းစိမ်း တွေမှာလည်း လင်းလို့လက်လို့။ မုဒိတာများပွါးမိပါရဲ့ ။ သူတို့လည်း စစ်အာဏာရှင်နိုင်ငံဘ၀ကပြောင်း လဲလာသူတွေ။ ဂျပန်တွေရဲ့ ကိုလိုနီအလုပ်ခံခဲ့ရသူတွေ။ လူမျိုးတူ ချင်းတောင်နဲ့မြောက်ခွဲခွါနေကြရသူ တွေ။ ကိုယ်ချင်းလည်းစာမိပါရဲ့ ။ အောင်မြင်ပါစေ၊ငြိမ်းချမ်းပါစေ ကိုရီးယားခင်ဗျား။

တော်ပြီ

ဒီလိုနဲ့ထိုင်းကိုရောက်လာတယ်ဆိုပါတော့ဗျာ။ တော်လောက်ပြီထင်ပါတယ်။ ကျွန်တော့ရဲ့ အမြင့်စာ သို့မဟုတ် ဝေဟင်ပေါ်တွင်တင်သောကဗျည်း သို့မဟုတ် တောင်တောင်အီအီခရီးသွားစာစုအပေါ် ခင်မင်မှုများနဲ့ ထင်မြင်ချက်လေးများပေးသနားတော်မူကြပါဦး ဘလော့ဂါရောင်းရင်းအပေါင်း မဟာ သူတော်ကောင်းတို့။ ကျန်းမာကြပါစေ။



(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)

Wednesday, November 5, 2008

ဝေဟင်ယံပေါ်ဝယ်








မယုံမရှိကြလေနှင့် မိတ်ဆွေတို့။
မိတ်ဆွေတို့ အခုဖတ်နေရသောစာသည်ကား ဝေဟင်ယံ၌ရေးသောစာဖြစ်ကြောင်းပါခင်ဗျား။ ရှင်းအံ့။ အမေရိကန်ပြည်မှအာရှသို့အသွား လေယာဉ်ပေါ်မှာပျင်းလေသမို့ ကွန်ပြူတာကိုထုတ်၊ စာရေးခြင်းအ လုပ်ကို တကုတ်ကုတ်လုပ်လေတော့သတည်း။ မြင့်မားသောစာကိုရေးလေအံ့။ မြေပြင်နှင့်အတော် ကွာလေပြီ။ အမြင့်စာဟုခေါ်လျှင်မှားအံ့မထင်။
ဘာရေးရမည်နည်း။ ခရီးသွားဆောင်းပါးရေးမည်။ ဘာကြောင့်ပါနည်း။ ကျွန်ုပ်တို့မြန်မာ့စာပေလောက ၌ ခရီးသွားစာပေနည်းလွန်းသောကြောင့်တည်း။ ဘာကြောင့်နည်းပါးရပါသနည်း။ ခရီးထွက်နည်းခြင်း ကြောင့်လော။ ခရီးထွက်သူများက စာပြန်မရေးခြင်းကြောင့်လော။ စာပြန်ရေးသော်ငြား ဖတ်ကောင်း အောင်မရေးကြ၍လော။ သမိုင်းကြောင်းပြန်လှန်၍ မသုံးသတ်လိုတော့။ ခရီးသွားစာပေနည်းပါးသည်။ ရေးအံ့။
လေယာဉ်ပေါ်တွင်ထိုင်ရသောနေရာက ပြုတင်းပေါက်နှင့်မနီး။ လှမ်း၏။ အပြင်သို့လှမ်းငေးသော် တိမ် တချို့ မှလွဲ၍ ဘာသော်မျှမမြင်။ လမ်းခရီးရှုခင်းရေးမပြနိုင်။ ကိစ္စမရှိ။ လေယာဉ်အတွင်းဖြစ်ပျက်သမျှကို ရေးလတ္တံ့ ။ ခုံရှေ့ ဖန်သားပြင်အငယ်ကိုဖွင့်လျှင်ကား ယခုဘယ်ကိုရောက်နေသည်ကိုပြသောဗွီဒီယိုရှိ သတတ်။ထိုမှကြည့်သော် ကနေဒါနိုင်ငံပေါ်သို့ရောက်နေပြီတည်း။ ထိုဖန်သားပြင်၌ပင် တခြားအပျင်း ဖြေစရာများလည်းရှိသတတ်။ ကလေးများအတွက်ပင်ကစားစရာ၊ ကြည့်စရာများရှိလေသည်။ သတင်း လည်းပြ၏။ သို့သော်သတင်းဟောင်းများသာ။ မှတ်တမ်းတင်ရုပ်ရှင်လည်းပါ၏။ ၄င်းတို့အထဲမှ မာမာမီ ယာခေါ် သီချင်းရုပ်ရှင်ထုတ်လုပ်ပုံ။ ABBA တေးဂီတအဖွဲ့ နောက်ကြောင်း။ ၄င်းတို့၏သီချင်း များကို စင်တင်ကဇတ်ကလေသော် အောင်မြင်ပုံ။ အစုံပင်။ ကောင်းလေစွ။ မရိုးနိုင်သော ABBA အဖွဲ့ ၏ဖန် တီးမှုသမိုင်းပင်။ မျက်လုံးညောင်းသော် ခဏမှေး၏။ အိပ်၍မပျော်။ ဖန်သားပြင်ငယ်၌ ဂိမ်းဝင်ဆော့ လေသည်။ ဂေါက်သီးရိုက်သောဂိမ်းတည်း။ လေယာဉ်ကိစ္စဆက်ရေးအံ့။

လေယာဉ်မယ်လေးများ


လေကြောင်းလိုင်းမှာ ကိုရီးယားလေကြောင်းတည်း။ ခရီးသည်အများစုမှာလည်း ကိုရီးယားတို့ပင်။ လေယာဉ်မယ်တို့ကား အစိမ်းနုလည်းမကျ၊ အပြာနုလည်းမကျသည့်ကြည့်ကောင်းသော အရောင်နု တမျိုးကိုဝတ်ဆင်ကြကုန်၏။ ဦးခေါင်း၌ကား အမှားလက္ခဏာဆန်ဆန်သင်္ကေတ ဖဲကြိုးအမာကိုဆံ ထုံးနှင့်ကပ်လျက် ထိုးထိုးထောင်ထောင်ဆင်မြန်းထားကြသည်မှာ တမျိုးကြည့်၍ကောင်းလေသည်။ စကတ်ကား ကာကီရောင်၊ ဒူးဖုံးအောင်ဝတ်ကြသတည်း။ လည်ပင်း၌ ပုဝါအဖြူကိုပါတ်ကြ၏။ ၄င်းတို့ သည် ပြုံးကြ၏။ သွက်ကြ၏။ အလုပ်ရှုပ်ကြ၏။ ကြည့်၍ကောင်းကြလေသည်။ အရပ်ပုသူရှား၏။ လှရှာ ပါပေသည်။
လေယာဉ်အတွင်း အလျှားလိုက် ထိုင်ခုံအုပ်စုသုံးခုရှိ၏။ အနံလည်း ထိုနည်း၎င်း။ ကျွန်ုပ်မှာကား အလည်ကြော အုပ်စု၏ နံဘေးခုံကိုရလေသည်။ လေယာဉ်အတောင်ပံနှင့်လည်းနီး၏။ ကံကောင်း သည်မှာ ကျွန်ုပ်တို့အတန်း၌အလယ်ခုံလွတ်ခြင်းပင်။ ကံဆိုးသည်မှာ ကျွန်ုပ်၏အရှေ့ တန်း၌ ကလေး နှစ်ယောက် ပါသောမိသားစုဖြစ်ခြင်းပင်။ တယောက်ကား သုံးလေးနှစ်အရွယ် ကောင်ကလေးတည်း။ အလွန်ဆော့လေသည်။ ၄င်းသည်ကျွန်ုပ်၏ ရှေ့ တည့်တည့်၌ရှိပြီး ထိုင်ခုံကိုမကြာခဏလှုပ်လေသည်။ ကျွန်ုပ်၏ကွန်ပြူ တာသည်လည်း ထိုပုဂ္ဂိုလ်လေးလှုပ်သရွှေ့ လိုက်ခါလှုပ်ရပေတော့သည်။ နောက်တ ယောက်ကား လသားအရွယ်ချာတိတ်တည်း။ တအီအီနှင့်ဖြစ်၍နေရှာသည်။ လေယာဉ်ကိုမကြိုက်၍ လော၊ဆူသံပူသံ ကိုမကြိုက်၍လော။ မိခင်သည်ကား စိတ်တိုတတ်ပုံရလေသည်။ မကြာမကြာငေါက် ငမ်း၍နေလေသည်။ ၄င်းတို့ရုပ်ရည်မှာ ကိုရီးယားပုံထွက်သော်လည်း အင်္ဂလိပ်လိုသာပြောကြလေ သည်။ အမေရီကန်ပေါက် ကိုရီးယားများဖြစ်လိမ့်မည်။ ဖခင်ကား ခပ်အေးအေးပုဂ္ဂိုလ်တည်း။ မိသားစု လိုက်ခရီးထွက်ခြင်းပင်။ ဆော့သောချာတိတ်ကား အငေါက်အခံရဆုံးပင်။ တော်သေး၏ ၄င်းက ပြန်မ ပြောနားမထောင်ပုဂ္ဂိုလ်ဖြစ်၍ သူ့အသံသိပ်မထွက်။ နားညည်းသက်သာ၏။
ကျွန်ုပ်၏နံဘေးက ပုဂ္ဂိုလ်သည်လည်း ကိုရီးယားလူငယ်တဦးပင်။ ဆံပင်ခပ်ရှည်ရှည်။ သိုးမွှေးခေါင်းစွပ် ခပ်ရှည်ရှည်။ ပါဝါမျက်မှန်တတ်။ နားတွင်လည်းရွှေရောင်နားကွင်းဝိုင်းနှင့် နားကျပ်အမြဲတတ်ထားသူ တည်း။ အနှီလူငယ်ကား လေယာဉ်မယ်များနှင့်ပြောဆိုသောအခါ ကိုရီးယားလိုပြောသော်လည်း စာဖတ်သောအခါ၌ အင်္ဂလိပ်စာအုပ်တည်း။ ခေတ်လူငယ်ပုံစံနှင့် ခပ်အေးအေးသမားဟု မှတ်ရလေ သည်။

ကြွေးပြီ


စားသောက်ဖွယ်ရာများလာလေပြီ။ နေ့လည်စာတည်း။ နှစ်မျိုးရွေးနိုင်၏။ အီတလီပုံစံ မဲသားနှပ်နှင့် ခေါက်ဆွဲပြား သို့မဟုတ်ပါက ကိုရီးယားထမင်းသုတ်။ ကြိုက်ရာအုပ်ပေရော့။ ကျွန်ုပ်ကား ကိုရီးယား ထမင်းသုတ်ကိုရွေးလေ၏။ လင်ပန်းပေါ်ပါသမျှရှင်းပြရလျှင်။ ထမင်းပူပူတပွဲ။ ရေမှော်ဟင်းချို တခွက်။ သခွါးသီးအချဉ်စိမ်တပွဲ။ မှို၊မုန်လာဥပြုတ်ပါးပါးလှီး၊ စပင်းနစ်ခ်ျ အရွက်စိမ်းပြုတ်၊သခွါးသီပြုတ် ပါးပါး လှီး၊ အမဲသားထောင်း၊ ပဲပင်ပေါက်ပြုတ်တို့စုပေါင်း၍တပွဲ။ နှမ်းဆီတထုပ်။ ကိုရီးယားငြုပ်ဆီတဗူး။ သွားတိုက်ဆေးဗူးလို ညှစ်ထုတ်ရသည်။ ၄င်းတို့ကိုအားလုံးပေါင်း၍နယ်လေသော် ဘီဘင်ပါ့ပ် ခေါ် စားကောင်းသော ကိုရီးယားထမင်းသုတ်တပွဲရလေ၏။ ရေနွေချမ်းနှင့်မြည်းလေ၏။ ကောင်းစွ။

အိမ်သာကား လူဝင်လူထွက်များသတည်း။ မလှမ်းမကမ်းမို့ မြင်နေရသည်။ တချို့ ကား ညောင်း၍လမ်း သလားကြလေသည်။ ရှေ့ က ဆော့သောကိုယ်တော် မော၍ထင်သည် စက်တော်ခေါ်နေပြီတည်း။ နံဘေးက ခေတ်လူငယ်ကား နားကျပ်တတ်လျှက် ဂိမ်းကစား၍နေလေသည်။ ကလေးအီသံ လေယာဉ် သံမှလွဲ၍တခြားအသံများသိပ်မထွက်တော့။ ထမင်းစားပြီ၍အိပ်ကြလေပြီ။ ကျွန်ုပ်မှာက စာတဖျောက် ဖျောက်ရိုက်မပျက်၊ ရှေ့ ကိုခရီးဆက်နေ၏။ လေယာဉ်လှုပ်သဖြင့် စာကိုနားနားပြီးရိုက်နေရသည်။ ကလေးငယ်ကား အီရုံမက အော်၍ပင်ငိုပေပြီ။ လေယာဉ်ကလည်း အတော်ကြာကြာတုန်လှုပ်နေသ ကိုး။ ခါးပါတ်များပါတ်ကြဖို့ သတိပေးသံများထွက်လာ၏။ ခရီးသွားစာပေဟူသည်ကား အခြေအနေ ကြည့်၍ ရေးရသောစာပေပါတကား။ ကွန်ပြူတာဓါတ်ခဲကိုလည်းကြည့်နေရ၏။ ဒီကြားထဲအက္ခရာဤ ကိုရှာမရ၍ အလုပ်ရှုပ်ရသေးသည်။

မြန်မာ့ခရီးသွားစာပေအခြေအနေ


စာရေးဆရာညီပုလေး၏ ခရီးသွားဆောင်းပါးပေါင်းချုပ်စာအုပ်မကြာခင်က အသစ်ထွက်ကြောင်းသိရ သည်။ စာအုပ်ဖွင့်ပွဲ အနေဖြင့်မန္တလေးမြို့ ၌ဟောပြောပွဲတခုလုပ်သည်တဲ့။ စာရေးခွင့်အပိတ်ခံထားရ သော အင်းဝမြို့ နေကဗျာဆရာကြည်အောင်က ခရီးသွားစာပေအကြောင်းပြောတာ သိပ်ကောင်းဟုဆို ၏။ ညီပုလေးကား ခရီးအလွန်သွားသူတည်း။ သွားသောခရီးကိုစာတင်သူလည်းဖြစ်၏။ ယခုလည်း အုပ်စုလိုက်စက်ဘီးစီး၍ မန္တလေးမှ တောင်ကြီးမြို့ သို့ ရှစ်ရက်ခရီးနှင်ပြီဆိုပဲ။ ၄င်းသည်ကား စာရေးဆ ရာမဖြစ်ခင်ကတည်းက ဘောလုံးသမား၊ စက်ဘီးသမားတည်း။ ပန်းချီလည်းဆွဲ၊ ဓါတ်ပုံလည်းရိုက်လေ ၏။ စုံပေစွ။ နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့ရသူပေ။
မြန်မမာပြည်၌ခရီးသွားစာပေတွေအခုအခါသိပ်ရေးဖို့မလွယ်လှကြောင်း။ ခရီးထွက်ဖို့ ငွေကုန်ကြေးကျ များကြောင်း။ ယခင်ကရေးကြသောခရီးသွားစာပေအများစုမှာ စာရေးဆရာများ စာပေဟောပြောပွဲ ရာသီ နယ်သို့ ခရီးထွက်ကြရာကရေးကြခြင်းဖြစ်ကြောင်း။ ယခုအခါ နယ်ခံများကလည်း အကုန်အကျ များ၍သော်၎င်း၊ ဟောပြောခွင့်ကျဖို့ခက်၍သော်၎င်း အဖိတ်အခေါ် နည်းကြရှာ၍ စာရေးဆရာများ လည်း ခရီးနည်းသွားကြကြောင်း ဆရာညီပုလေးကရှင်းပြ၏။ ကျွန်ုပ်တို့ မြန်မာဘလော့ဂါလောက၌ွ လည်း ခရီးသွားစာပေထွန်းကားသော်ကောင်းလေစွ။ ဆောင်းပါးကောင်းများတွေ့ လျှင် အချင်းချင်း လက်တို့ကြပါကုန်။

ဈေးကောင်းကင်


လေယာဉ်မယ်များ တစခန်းထကြပြန်လေပြီ။ ကောင်းကင်ဈေးခင်းဖွင့်ကြတာပါတဲ့။ အခွန်လွတ်ဈေး လည်းဖြစ်ပါသတဲ့။ ရောင်းသောပစ္စည်းများကားစုံလှ၏။ မိတ်ကပ်၊ ရေမွှေး၊ ၀ီစကီ၊လက်ပတ်နာရီမှ သည် ဆွဲကြိုး၊ မျက်မှန်၊ ကွန်ပြူတာအဆုံး ရောင်းကြ၀ယ်ကြလေသည်။ ရှေ့ တတန်းကျော်ကပုဂ္ဂိုလ် ကား သူအိပ်ပျော်နေကြောင်း တခူးခူးမှုတ်၍အချက်ပေးနေ၏။ ကွန်ပြူတာ ဓါတ်ခဲကုန်တော့မည်။ နားအုံးမှ။ ခရီးကဝေးသည်။ ကိုရီယားတွင်တထောက်နား ထိုင်းနိုင်ငံအထိသွားရမည်။ လမ်းခရီးတွင် အချိန်တ ရက်ပျောက်ဆုံးလေမည်။

ယားနှစ်ယားနှင့်ရွေးကောက်ပွဲ


အမေရီကန်သမ္မတရွေးကောက်ပွဲလုပ်သည့်နံနက်၌ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ဗာဂျီးနီးယားပြည်နယ်မှ ကိုရီးယားသို့။ သမ္မတပြိုင်ပွဲ ဘယ်သူနိုင်မည်လဲဆိုသည်ကို ကိုရီးယားတွင်တထောက်နားမှသိရမည်။ အိုဘား မားကိုနိုင်စေချင်သည်။ သူကလူငယ်၊ လူဖြူမဟုတ်။ အမေရီကန်သမိုင်းတွင် လူဖြူခေါင်း ဆောင်လွှမ်း မိုးမှုသမိုင်းတဆစ်ချိုးသင့်ပြီ။ အပြောနှင့်အလုပ်ညီအောင် အမေရီ ကန်တို့ရဲ့ ဒီမိုကရေစီ နှင့်လွတ်လပ်မှုသဘာဝ ကမ္ဘာကိုပြသင့်ပြီ။ လတ်တလော တိုင်းပြည်စီးပွါးရေး ကလည်း သိသိသာသာ ကျဆင်းနေ၏။ တိုက်လိုက်သောစစ်ပွဲများလည်းမအောင်မြင်။ နောက်တက် မည့်သမ္မတအဖို့ခေါင်းခဲ စရာများက အဆင်သင့်။
ပညာကောင်းသူ၊ ငြိမ်းချမ်းလိုသူ၊ စစ်ရေးကိုအားမပြုသူ၊ ညှိနှိုင်းဖြေရှင်းရေးကိုအားပြုသူ သမ္မတဖြစ်စေ ချင်သည်။ အိုဘားမားနိုင်၍လူမည်းများခေါင်းထောင်လာပြီး ယခုထက်ပိုရမ်းရမ်းကားကားလုပ်လာမှာ ကိုတော့ အစိုးရိမ်သား။ ကိုယ့်တိုင်းပြည်မဟုတ်သော်လည်း အမေရီကန်ရွေးကောက်ပွဲကတော့ရင်ခုန် စရာ။ တကမ္ဘာလုံးကစောင့်ကြည့်နေရသောပွဲပင်မဟုတ်လား။ ကိုရီးယားရောက်လျှင်ဆက်ရေးလတ္တံ့ ။

(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)

Monday, October 27, 2008

ဟာသ








ဒို့ဆီမှာက လူတွေကို ရယ်အောင်လုပ်တာလည်း ပြစ်မှုကြီးကြီးတခုပဲ ။

ဇာဂနာ။ သူဟာ လူရွှင်တော် ပြည်သူတွေကို ပျော်တော်ဆက်မိလို့ အခု

ထောင်နန်းစံရပေါ့ ။

ဒို့ဆီမှာက လူတွေကို ကြောက်အောင်လုပ်ရင်တော့ တိုင်းပြည်အုပ်ချုပ်

အစိုးရတက်လုပ်ပေါ့ ။

ဗိုလ်ချုပ်မှုးကြီးတဲ့ သူက အာဏာရှင် ပြည်သူတွေကို ဒုက္ခပေးလွန်းတော့
နေပြည်တော်မှာ စံရတယ် ။

ဟာသပဲ ဒို့ဆီမှာ ။

ပျော်ချင်သူများ ထောင်ထဲသွား ဆိုတဲ့သဘော။ မျက်ရည်ကျအောင် ရယ်ရတယ် ။


(ရုပ်ပုံ ၊ ဂူဂလ်)

ဦးကြီးပု နောက်ဆက်တွဲ










ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ချက်နည်းပြုတ်နည်း ၅၀၀ ဆိုတဲ့ နိုင်ငံကျော်စာအုပ်ကိုရေးသားခဲ့သူ ဦးကြီးပုအကြောင်း အစပျိုးခဲ့ပြီး တို့လို့တန်းလန်းနဲ့ ဆက်မရေးဖြစ်ခဲ့ပါ။ အခုပြန်စပါ့မယ်။ မဖတ်ရသေးသူများ ပို့စ်အဟောင်းကိုသာ ပြန်ကြည့်ကြပေရော့။

ဦးကြီးပုအကြောင်းကိုဘာကြောင့်ရေးရသလဲဆိုတာကိုရှင်းပါ့မယ်။ နိုင်ငံခြားရောက်လာတော့ မြန်မာ အစားအသောက်ကို ချက်နည်းပြုတ်နည်းမှန်မှန်ကန်ကန်နဲ့ ချက်ဖို့ကြိုးစားတဲ့အခါ အဆင်တပြေဖြစ် စေတဲ့စာအုပ်ရှားပါးလွန်းတဲ့အတွက် စိတ်မကောင်းဖြစ်ရတာက တချက်။ ကျွန်တော့ဆီမှာရှိတဲ့၁၉၉၄ ခုနှစ်က ပြန်ြပီး ပုံနှိပ်တဲ့ ဦးကြီးပုရဲ့ စာအုပ်မှာက ဒဿမအကြိမ်လို့ရေးထားပါတယ်။ ပထမဆုံးအကြိမ် ထုတ်ဝေတာဘယ်တုန်းကလည်းဆိုတာ မသိရပါ။ နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ရဲ့ အကြောင်းကို ကျွန်တော်တို့ ဒီထက်ပိုပြီးသိသင့်တယ်လို့ယူဆတာကတချက်။ နောက်တချက်က မြန်မာ့ဟင်းလျှာ ချက်ပြုတ်နည်းတွေကို နိုင်ငံတကာအဆင့်မှီမှတ်တမ်းတင် ထုတ်ဝေတာမျိုးရှိသင့်ပြီလို့ယူဆပြီးရေးရ တာပါပဲ။ ဒီစာအုပ်ရေးပြီးနိုင်ငံတကာကိုတင်ပို့ရောင်းချဖို့ မဟုတ်ပါဘူး။ နိုင်ငံတကာက ချက်နည်းပြုတ် နည်းစာအုပ်တွေ ကိုလေ့လာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခေတ်မှီမှီဖန်တီး ဖို့ပြောတာပါ။

ဟိုတလောကပဲ ဘလော့ဂါလောရှည်က ငါးထမင်းနယ်လုပ်နည်းကိုဓါတ်ပုံနဲ့တကွ စံနစ်တကျဖေါ်ပြ ပေးထားတာကို တွေ့ရလို့ဝမ်းသာရပါတယ်။ တချို့ ဘလော့ဂ်တွေမှာလည်း ချက်နည်းပြုတ်နည်းလေး တွေတွေ့ ရတတ်ပါတယ်။ မြန်မာ့အစားအစာချက်နည်းပြုတ်နည်း ဘလော့ဂ်တခုသီးသန့်ရှိရင်ကောင်း မှာပဲလို့လည်း ထင်မိပါတယ်။ ကြုံတုန်း ကြော်ညာကပ်ရရင် လုလုရဲ့ မေတ္တာရပ်ဝန်း မီးဖိုဆောင် ဆိုတဲ့ ဘလော့ဂ်ကတော့ ကျွန်တော်တွေ့ မိသမျှအကောင်းဆုံး မြန်မာအချက်အပြုတ်ဘလော့ဂ်တခုပါပဲ။ လိပ်စာက lulucooking.blogspot.com ပါ။ အရသာအရှိဆုံး မြန်မာဘလော့ဂ် ဆိုပါတော့။

ကျွန်တော့ဆီမှာ ဦးကြီးပုစာအုပ်အပါအ၀င် မြန်မာပြည်ထုတ်ချက်နည်း ပြုတ်နည်းစာအုပ်သုံးအုပ်ရှိပါ တယ်။ ဦးကြီးပုစာအုပ်က အကောင်းဆုံးပါ။ တခြားစာအုပ်တွေထက် လက်တွေ့ ပိုကျပါတယ်။ အသေး ပိုစိတ်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးချက်ပြုတ်သူအတွက် အလွယ်တကူဖြစ်အောင် ရှင်းလင်းပြလို့ရပါ သေးတယ်။ ချက်နည်းပြုတ်နည်း စာအုပ် ဆိုတာ အမြဲတမ်း ထပ်မံဖြည့်စွက်ချက်တွေနဲ့ အကြိမ်ကြိမ်ထုတ်ဝေ နေရမယ့်စာအုပ်မျိုးပါ။ ဒါပေမယ့် ဦးကြီးပုစာအုပ်က တော့ တကြိမ်ထဲနဲ့တင် ကိစ္စပြတ်နေပါတယ်။ ဦးကြီး ပုကိုအပြစ်တင်နေတာမဟုတ်ပါ။ သူ့ရဲ့ မိသားစုဝင်များကဖြစ်စေ၊ ဦးကြီးပု စာအုပ်နဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ် များကဖြစ်စေ အားနဲချက်တွေကိုထပ်ဖြည့်ပြီးထုတ်ဝေမယ်ဆိုရင် ပိုကောင်းပါလိမ့် မယ်။

တချို့ က စောတက တက်ကြတာရှိပါတယ်။ ချက်နည်းပြုတ်နည်းမှာ သင့်ရုံထည့်ပါတို့၊ အနည်းငယ် ထည့်ပါတို့ဆိုတဲ့ အရေးအသားမျိုးကိုမကြိုက်ကြပါဘူး။ အတိုင်းအဆကိုအနီးစပ်ဆုံးသိချင်ကြပါတယ်။ ဘယ်လောက်က သင့်မှန်းမသိလို့ ချက်နည်းပြုတ်နည်းဝယ်ဖတ်ပါတယ်။သင့်ရုံတို့၊အနည်းငယ်တို့ဆို တော့ဘယ်လိုဆက်စခန်းသွားရမှန်းမသိဖြစ်တတ်ကြ လို့ပါ။ ဟုတ်သင့်သလောက်တော့ဟုတ်ပါတယ်။ဒါတွေကိုပြုပြင်ပြီးပိုကောင်းအောင်လုပ်ရင်လူတွေပိုကြိုက်ကြပါလိမ့်မယ်။

မြန်မာ့စာအုပ်ထုတ်ဝေရေးလောကမှာ ချက်နည်းပြုတ်နည်းစာအုပ်တွေက ဘာလို့ရှားပါးရတာပါလဲ။ ကျွန်တော်သတိထားမိသလောက် အုပ်၂၀လောက်တောင်မရှိဘူးလို့ထင်ပါတယ်။ ဈေးကွက်မရှိလို့ လား။ မြန်မာတွေက အားလုံးချက်တတ်ပြုတ်တတ်တွေဖြစ်နေလို့ ဒီစာအုပ်တွေမလိုတာလား။ မြန်မာ တွေကဟင်းချက်နည်းကောင်းကောင်းကို လေ့လာပြီးမချက်ချင်ကြတာလား။ သေသေချာချာရေးသား ထုတ်ဝေမယ့်သူတွေရှားပါးလွန်းတာလား။ မြန်မာပြည်မှာ ချက်နည်းပြုတ်နည်းစာအုပ်တင် ရှားပါးတာ မဟုတ်ပါဘူး။ ချက်ပြုတ်နည်းသင်တန်းတွေပါ ရှားလွန်းတယ်လို့ထင်ပါ တယ်။ တချို့ တိုင်းပြည်တွေဆို ချက်ပြုတ်နည်းရုပ်သံလိုင်းက သီးသန့်တောင်ထုတ်လွှင့်ရတာပါ။ အာရှထဲကပဲ ဂျပန်ဆိုရင် အချက်အပြုတ်ရုပ်သံ လိုင်းကလူကြည့်အများဆုံးပါ။ ချက်တာပြုတ်တာဟာစည်းစိမ် တမျိုး၊ အနားယူအပမ်းဖြေမှုတမျိုး လို့သဘောထားကြတာပါ။ ကျွန်တော်တို့ဆီမှာကတော့ ချက်တာ ပြုတ်တာက အလုပ်ကြီးတခုပါ။ဈေးကိုလည်း နေ့စဉ်သွားရတာ အလုပ်တခုပါ။ အိမ်ရှင်မများနဲ့ ချက် ပြုတ်သူ အိမ်ရှင်ထီးများညီးညူကြ တဲ့ကိစ္စပါ။ ဘာပဲပြောပြော ဟင်းတခွက်ကောင်းလို့ကတော့ လူတိုင်း သဘောကျမှာမလွဲ။ ဟင်းကောင်းကြွေးကောင်းစားနိုင်ဖို့ ချက်နည်းပြုတ်နည်း လုပ်ကြစို့ဆိုတဲ့ အမျိုး သားရေးဦး တည်ချက်နဲ့အညီ ရှေ့ ဆက်ချီတက်ကြမယ်ဆိုရင်ဖြင့် သာယာဝပြောတဲ့လောကသစ် ကြီးဆီ ရောက်ရမည်မှာဧကန်ပင်ဆိုပြီး အဆုံးသတ်လိုက်ပါတော့မယ်။ ဦးကြီးပု ကျန်းမာပါစေ။

(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)

Friday, October 24, 2008

မောင်လူမှိန်နောက်ဆက်တွဲ










ကိုလူမှိန်အကြောင်းအစပျိုးပြီး စာတော်တော်နဲ့ဆက်မရေးဖြစ်ပါ။
အခု ပြန်ဆက်ပါ့မယ်။ မဆက်ခင် ကိုလူမှိန်ရဲ့  အကြောင်းကို ဘာလို့ရေးရ သလဲ ဆိုတာကို ရှင်းပါဦးမယ်။ သူ့ရဲ့ စရိုက် သဘာဝ တချို့ နဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက် တချို့ ကို စာဖတ်သူတွေဆီမျှ ဝေပေးချင်တာက တကြောင်း။ မြန်မာ့ ကဗျာလောကမှာ မှတ်လောက်သားလောက်အောင်၊နောင်လာ နောက်သားတွေ အပေါ် သြဇာညောင်းလောက်အောင် ကိုလူမှိန်ရဲ့ ဖန်တီး မှုတွေက အကြီးအကျယ် မရှိခဲ့ပေမဲ့လည်း သူ့ခေတ်သူ့အခါက ဘယ်လို အနေအထိုင်တွေနဲ့ မြန်မာ အနုပညာသမား တယောက်၊ ကဗျာသမားတယောက် ရှင်သန်ဖြတ်သန်းခဲ့သလဲဆိုတာ ပုံကြမ်း လောက်ပြန်မြင်ရရင်ပဲမဆိုးဘူးလို့ ထင်မိတာကတကြောင်း။ ကိုလူမှိန်ကိုသတိရနေမိလို့က တကြောင်းပေါ့။

ကဗျာဆရာမောင်လူမှိန်ဟာ မြင်းခြံမြို့ကပါ။ မြင်းခြံသား ဟုတ်မ ဟုတ်တော့မသိ။ သူကွယ်လွန်တော့လည်း မြင်းခြံမှာပါပဲ။ ဗီယက်နမ် စစ်ပွဲကာလ။ အမေရိကန်ရဲ့  ကျူး ကျော်မှုကို မကျေနပ်ကြောင်း ရေး ကြတဲ့အထဲ မောင်လူမှိန်တို့လည်း ထင်ထင်ရှားရှားပါပါတယ်။ မောင်လူမှိန်တို့ မောင်ချောနွယ်တို့ဟာ ခေတ်ပြိုင် ကဗျာဆရာတွေ။ “တော်လှန်ကဗျာ”ဆိုတဲ့ စာအုပ်ကို ပေါင်းပြီးရေးခဲ့၊ ထုတ်ခဲ့ကြသူတွေ ပေါ့။ မြန်မာ့ခေတ်ပေါ်ကဗျာလမ်းမှာ သတိပြုမိအောင်မှတ်တိုင်ထူနိုင်ခဲ့ တဲ့စာအုပ်တအုပ်ပါ။
မောင်လူမှိန်နဲ့ ကျွန်တော် ဆုံတဲ့ အချိန်က ၁၉၉၀ပါတ်ဝန်းကျင်။ မန္တလေးမှာ။ စာရေးဆရာ ဇော်မျိုးသက်နဲ့အတူ ရန်ကုန်ကနေ မန္တလေးကို မောင်လူမှိန် တက်လာပါတယ်။ ဇော်မျိုးသက်က အချစ်ဝတ္ထုရေးတဲ့သူဆို ပေတဲ့ ကဗျာသမားတွေ အပေါ်သံယောစဉ် သိပ်ကြီးတယ်။ သူ့ဝတ္ထု တပုဒ်ကို ရုပ်ရှင်ဒါရိုက်တာ မောင်သက်ခိုင်ကမန္တလေးတက်ပြီး ဗီဒီယို ရိုက်တယ်။ ဇော်မျိုးသက်ပဲ ဇတ်ညွှန်းခွဲတယ်။ အဲဒီဗီဒီယိုအဖွဲ့နဲ့ လူမှိန် ကိုခေါ်ခဲ့တာ။ နန်းရှေ့ ၊အောင်တော်မူအရပ်က ဘုန်းကြီးကျောင်း တခုမှာ တည်းကြတယ်။ တမနက်။ လက်ဘက်ရည်ဆိုင်မှာ ထိုင်ငေးနေတဲ့ ကိုလူ မှိန်ကို ကိုဇော်မျိုးသက်ကပဲမိတ်ဆက်ပေးတယ်။
အသားခပ်ညိုညို၊ အဖြူတ၀က်အမဲတ၀က်ဆံပင်တွေက ခွေခွေလျှော့ လျှော့။နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ဖန် ကောင်းကောင်းဆိုပေမယ့်သူ့ မျက်လုံးတွေကရီဝေေ၀။ မျက်နှာမှာ အမြဲလိုလိုပြုံးရောင်သန်းနေ တတ်တယ်။ ဆေးပေါ့လိပ် ကြိုက်တယ်။ လက်ဘက်ရည်ကြိုက်တယ်။ အရက်ကြိုက်တယ်။ စကားပြောရင် ခပ်အေးအေး။ လေသံကလည်း ခပ်ဖြေးဖြေး။ နူးညံ့တဲ့သူ။ သဘောကောင်းတဲ့သူ။ခင်ဖို့ကောင်းတဲ့သူ တဦးပါ။ လွယ်အိတ်။ ဘောပင်။ ဆေးပေါ့လိပ်စတဲ့မြန်မာကဗျာဆရာတွေ ရဲ့ အဆောင်အယောင်တွေအားလုံးလိုလိုသူ့မှာရှိပါတယ်။
စကားဝိုင်းတွေမှာ တက်တက်ကြွကြွနဲ့ခေါင်းဆောင်ဆွေးနွေးတတ်သူ မဟုတ်။ လွဲချော်နေပြီထင်မှ ၀င်ထောက် ပေးတတ်တဲ့သူ။ ကောင်းတဲ့အ ချက်ကို အသိမှတ်ပြုထောက်ခံတတ်တဲ့သူ။ လူယဉ်ကျေးတွေရဲ့ စရိုက် အပြည့်ရှိတဲ့သူပါ။
ကဗျာဆရာဆိုပေမယ့် ကဗျာပဲရေးတာမဟုတ်ပါဘူး။ ပန်းချီလည်းဆွဲပါ တယ်။ ဒါပေမယ့်ပန်းချီဆွဲစားသူမဟုတ်ပါဘူး။ သူ့ရဲ့ ပုံတူခဲခြစ်ကောက် ကြောင်းတချို့ တွေ့ ဖူးပါတယ်။ အဆင့်ရှိသူတဦးပါ။ သူ့နယ်။ မြင်းခြံ ဘက်မှာ ပြဇတ်တွေ၊ သီချင်းတွေလည်းရေးပါသတဲ့။ နိုင်ငံရေးလည်း စိတ်ဝင်စားသူပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေးသမား။ ဒီမိုကရေစီရေး လှုပ်ရှားသူ တဦးလည်းဖြစ်ပါတယ်။ ကျွန်တော်နဲ့တွေ့စဉ်အခါကသူ ရှောင်တိမ်းနေတဲ့ကာလပါ။
သိရသလောက် အိမ်ထောင်မရှိပါ။ ကိုယ်ရေးကိုယ်တာသိပ်ပြောသူ မဟုတ်။ မောင်လူမှိန်ချီးမွှန်းခန်းလိုဖြစ်နေပါပြီ။ အဆင်မပြေတာတချို့  ဆက်ပါမယ်။ တနေကုန်တနေကမ်းအရက်မူးနေတဲ့ ရာနှုန်းပြည့်အရက် သမားမဟုတ်ပေမယ့် ကိုလူမှိန်က နေ့စဉ်လိုလိုအရက်သောက်ပါတယ်။ ကျွန်တော်နဲ့တွေ့စဉ်က နေ့တိုင်းချပါတယ်။အရက်စွဲနေသူလို့ပြောရင် ရပါတယ်။ အရက်မူးရင် ပျော်ပျော်ရွှင်ရွှင်ဖြစ်လာတာကလွဲပြီး အော်လား ဟစ်လားလုပ်သူမဟုတ်။ ပေါက်ကွဲတတ်သူမဟုတ်။ငြိမ်းချမ်းသူပါ။
အတည်တကျနေထိုင်တတ်သူမဟုတ်။လွင့်ပါးနေတတ်သူ။ အဖေါ်ရှိရင်နယ်စုံလိုက်တဲ့သူ။ အနုပညာထုတ်လုပ်မှုနည်းပါးတဲ့သူ။ လူအေး။ဒီလိုလူတယောက်ကို ကျွန်တော်သိပ်ခင်ပါတယ်။ အရက်နေ့ တိုင်းသောက်၊ ကြုံတဲ့အရက်သောက်၊ကြုံတဲ့နေရာသောက်။ နှစ်ရှည်လ များကြုံသလိုလေလွင့် နေတတ်တဲ့သဘာဝနဲ့ အနုပညာထုတ်လုပ်မှု နည်းပါးတာကိုတော့ကျွန်တော်မကြိုက်ပါ။ ကဗျာသမား၊စာသမားမှာ ဘောပင်နဲ့စာရွက်ရှိရင်အနုပညာခင်းကျင်းလို့ရနေပါပြီ။ ၀င်ငွေရတဲ့ တခြား အလုပ်အကိုင် မရှိတဲ့အခါမှာ စာတွေကဗျာတွေကိုအာရုံစိုက်ဖန် တီးနေစေချင်ပါတယ်။ ဒီလိုမဟုတ်တော့ ဘ၀ကနွမ်းပါးလှပါတယ်။ အမှီအခိုအမြဲလိုအပ်နေသူလိုဖြစ်နေပါတယ်။ လူပြင်းတယောက်တော့ မဟုတ်ပါ။ ဘ၀ကိုရေစုန်မျှောနေသူလို ဖြစ်နေတာ ကျွန်တော်မကြိုက် ပါ။ ကိုလူမှိန်က ကျွန်တော့ထက် အများကြီး ကြီးပါတယ်။ သူ့ကို ဆုံးမ သလို လေသံနဲ့ ကျွန်တော် ပြောရင်လည်း သူက စောတကမတက်ပါဘူး။ ခပ်အေးအေးပါပဲ။ခပ်ပြုံးပြုံးပါပဲ။ သူ့အကြည့်ကတော့ ဘ၀ကမင်းထင် သလိုမဟုတ်ဘူး လို့ပြောနေသလိုပါပဲ။ နောက်ဆုံးတော့ ပြောတဲ့သူပဲ ပြန်ပြီးအားနာရလောက်အောင် သဘောကောင်းတဲ့သူပါ။
တရက်။ မန္တလေးက လူထုစာအုပ်တိုက်ကို ကျွန်တော်နဲ့ကိုလူမှိန်သွား ကြပါတယ်။ အဲဒီမှာဘယ်လိုရောက်လာမှန်းမသိရတဲ့ မောင်ချောနွယ်က ပလက်ဖေါင်းပေါ်ကနေ ဟဲ့ကောင်မကြီးလို့လှမ်းအော်ပါတယ်။ ကိုလူမှိန်လည်းဝမ်း သာသွားပါတယ်။ မဆုံဖြစ်ကြတာကြာပြီဆိုပဲ။ ချက်ချင်းပဲ အရက်ဆိုင်သွားဖို့ဆုံးဖြတ်ကြပါတယ်။ ကိုချောနွယ်က လည်း အသောက်သမားပဲ။ အရက်ကောင်းကောင်းတိုက်မယ်ဆိုပြီး အနီဆိုင်ကိုခေါ်သွားပါတယ်။အနီဆိုတာအရက်ဖြူမဟုတ်၊အစိုးရ ထုတ် ဘီအီးဒီစီမဟုတ်၊ တောအရက်မဟုတ်။ (ဒီကနေ့ကလေးများ မသိမှာဆိုးလို့ရှင်းပြတာပါ)
မောင်လူမှိန်၊ မောင်ချောနွယ်၊ ကျွန်တော်။ ပူလောင်လှတဲ့မန္တလေး နေ့လည်ခင်းကြီးမှာ အရက်သောက်ကြပါပြီဗျား။ အဲဒီအခါက ကိုချော နွယ်က ရေလျှံနေတဲ့ကာလ။ မှတ်တမ်းတင် ဗွီဒီယိုထုတ်လုပ်ရေးတခုမှာ အနုပညာညွှန်ကြားသူ။ ပုံမှန်ဝင်ငွေရှိသူ။ ကိုလူမှိန်က လေလွင့်သူ။ ကျွန်တော်ကရက်အကန့်အသတ်မဲ့ ကျောင်းပိတ်ခံထားရသူ။ အခိုက် အတန့်လေလွင့်နေသူ။ အဲ့ဒီနေ့က အရမ်းမူးအောင်မသောက်ကြပါ။ တွေ့ဆုံကြလို့အပျော်သဘော။ မူးရုံ၊ အမြည်းစားကောင်းရုံသောက် ကြတာပါ။ စကားပြောကောင်းရုံဆိုပါတော့။
ကျွန်တော်က မောင်ချောနွယ်ရဲ့ ကဗျာတွေကို ခံတွင်းတွေ့ တဲ့သူပါ။ ကိုလူမှိန်ကိုတော့ လူပုဂ္ဂိုလ်အရ ကိုချောနွယ်ထက် ပိုကြိုက်ပါတယ်။ ထားပါတော့။ ပြီးခဲ့တဲ့လထုတ် စာပေဂျာနယ်မှာပါလာတဲ့ ကိုချောနွယ်ရဲ့  ဆတ်သွားဆိုတဲ့ကဗျာ ကျွန်တော် အရမ်းကြိုက်တယ်ဗျာလို့ ကျွန်တော်ကပြောပါတယ်။ ကျွန်တော်ဖတ်မိသမျှ ဒီတပုဒ်ကတော့ ခေတ်ပေါ်ကဗျာတွေထဲမှာ၊ မော်ဒန်ကဗျာတွေထဲမှာ ဂန္တ၀င်ပဲလို့ပြော လိုက်ပါတယ်။ ကိုချောနွယ်က ထုံးစံအတိုင်း သူ့အပေါ်နှုတ်ခမ်းကို တွန့်ပြီး ပြုံးပါတယ်။ ငါလုပ်တာပဲ၊ ကောင်းမှာပေါ့ဆိုတဲ့ အပြုံးမျိုးပါ။ အရက်ဆိုင်ကအထွက်။ မောင်ရင်က စာပေဂျာနယ်က ကဗျာတွေ ကို အကုန်မဖတ်ဘူး ထင်တယ်လို့ ကိုလူမှိန်က ကျွန်တော့ကို လှမ်း ပြောပါတယ်။ ဖတ်တာပေါ့လို့ဆိုတော့။ မောင်ချောနွယ်ကဗျာက ကောင်းပါတယ်တဲ့။ ဒါပေမယ့် သူ့ထက်ကောင်းတာကို အဖွင့်ကဗျာ တင် ထားတယ်လေတဲ့။ ဟာ ။ဟုတ်သားပဲ။ကိုလူမှိန်ရဲ့ သဘာဝသင်းကွဲ ဆိုတဲ့ကဗျာက ထိပ်ဆုံးကပါ။ ကိုချောနွယ်ကိုအစွဲလွန်သွားလို့သူ့ကဗျာကို ချီးမွန်းရမှန်းမသိခဲ့ဘူး။ သူ့ကဗျာလေးကလည်းရှားရှားပါးပါး သိပ်ကောင်း ပါတယ်။ သူ့ကဗျာပြီးမှ ကိုချောနွယ်ရဲ့ ဆတ်သွားလာတာပါ။ စာပေဂျာနယ် ဟာ အဲဒီအခါက တကယ်ပဲအဆင့်ရှိတဲ့စာပေအနုပညာတွေကိုရွေးပြီးတင် ဆက်ခဲ့တာပါ။ ကိုလူမှိန်ကို ကျွန်တော် အရမ်းအားနာ သွားပါတယ်။ ကိုလူမှိန်ကတော့ ကျွန်တော်တို့ပျော်အောင် စလိုက်တာပါ။ ကိုချောနွယ်ရော ကျွန်တော်ရော အားလုံးဝိုင်းရယ်ဖြစ်လိုက်တဲ့စကားပါပဲ။ ကျွန်တော်တို့ ရယ်တယ်ဆိုတာက ကိုလူမှိန်ပြောတာမှန်တယ်လို့ဝင်ခံ လိုက်တာပါ။ မန္တလေးနေ့လည်ခင်းကို ပူတယ်မထင်ကြတော့ပါဘူး။
အခုတော့ ကိုချောနွယ်ရော၊ ကိုလူမှိန်ရော လောကမှာ မရှိကြတော့ပါဘူး။ မြန်မာပြည်က ကဗျာသမားတွေရဲ့  ဘ၀ကို ပြန်တွေးကြည့်ရတာ ရင်တော့အမောသား။ ထပ်ပြီးဖတ်ကြည့်ပါဦး ကိုလူမှိန်ရဲ့ ကဗျာ။

“သဘာဝသင်းကွဲ”
စာ၊ခို၊ကျီးကန်း ပျံကျသမား။
ရေအိုင်ဘဲဖြူ လှေထိုးသား။
တီကောင် လယ်ထွန်စား။
(မောင်လူမှိန်)

ကျွန်တော့ရဲ့ ဘလော့ဂ်မှာ ကျွန်တော်ခင်တဲ့ ကိုလူမှိန်ရဲ့ ဓါတ်ပုံ မဖေါ်ပြပေးနိုင်တာ စိတ်မကောင်းပါ။သူ့ဓါတ်ပုံကလည်းစာနယ် ဇင်းတွေမှာခပ်ရှားရှား။ သူနဲ့ကျွန်တော်တွဲရိုက်ထားတဲ့ ဓါတ်ပုံ အရင်ကရှိခဲ့ဖူးပါတယ်။ ထောက်လှမ်းရေးက သိမ်းတဲ့အထဲပါသွား လို့ပါ။ ခြင်္သေ့တကောင်ရဲ့ ခြေထောက်ဘေးမှာ လွယ်အိတ်တလုံး နဲ့ ဆေးလိပ်ခဲနေတဲ့ ကိုလူမှိန်။ ကျွန်တော့ရဲ့ နေကာ မျက်မှန်ကို တတ်ပြီးဓါတ်ပုံရိုက်တယ်။ သူက လူချောဗျ။

(ကိုလူမှိန်နေကောင်းပါစေ)

Tuesday, October 21, 2008

မော်စကိုနဲ့နယူးယောက်










ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စကားစပ်ရင်းပြောမိကြတဲ့အကြောင်းပါ။ မြန်မာပြည်က ပညာရှင်တဦး အမေရိကန်ပြည်ကိုခဏတဖြုတ် ရောက်နေပါတယ်။ မြန်မာပြည်အကြောင်းဟောဖို့ ပြောဖို့ပါ။ သူကစီးပွါးရေးပညာရှင်ဆိုတော့ မြန်မာ့စီးပွါးရေးအကြောင်း ဟောတာပေါ့။ အမေရီကန် အလည်ပိုင်းတက္ကသိုလ်တခုမှာ ဟောခဲ့ပြောခဲ့ပါတယ်။ အဲဒီတက္ကသိုလ်မှာ နိုင်ငံတကာကလာ တဲ့ကျောင်းသူ ကျောင်းသားတွေများပါတယ်။ မြန်မာပြည်အကြောင်းအထူးလေ့လာနေကြတဲ့
နိုင်ငံတကာကျောင်းသားတွေလည်း ရှိသပေါ့။
မြန်မာပြည်ကရောက်လာတာ ပူပူနွေးနွေးကြီး
ရှိနေတဲ့ဘောဂဆရာကို ကျောင်းသူကျောင်းသားတွေက စိတ်ဝင်တစားရှိလှပါသတဲ့။

တရက်။ အဲဒီဆရာနဲ့ကျောင်းသူကျောင်းသားတွေစားကြသောက်ကြရင်း မြန်မာပြည်အကြောင်း
ရောက်တတ်ရာရာပြောကြပါ သတဲ့။ အဲဒီမှာ ရုရှားပြည်ကလာတဲ့ကျောင်းသားတယောက်က
အမှတ်မထင် ဆရာ့ကိုလှမ်းမေးလိုက်သတဲ့။ ဘယ့်နဲ့ကြောင့်ဒီလောက်အဖြစ်ဆိုးတဲ့ အင်းစိန် အကျဉ်းထောင်ကို မော်စကိုလို့ခေါ်ကြတာလဲဆရာတဲ့။ မြန်မာပြည်အကြောင်း စကားတဖောင်
ဖောင်နဲ့ပြောတတ်တဲ့ အညာသားဘောဂဆရာ ရုရှားကျောင်း သားရဲ့ အမေးကို မဖြေနိုင်ခဲ့ပါဘူးတဲ့။

အဲဒီဆရာကဟောပြောပွဲပြီးလို့ ကျွန်တော်တို့နေတဲ့မြို့ ကို လှည့်ဝင်လာတုန်း ဒီမေးခွန်းကိုပဲ ကျွန်တော်တို့ကိုပြန်မေးပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ရဲ့  စကားဝိုင်းမှာ မော်စကိုမြို့  တော်မှာနှစ်အတော်ကြာ အလုပ်သွားလုပ်ဖူးတဲ့ပုဂ္ဂိုလ်ကြီးတဦးလည်းရှိနေတယ်။ တိုက်ဆိုင် ချင်ပြန်တော့ စကားဝိုင်းမှာ အများစုက အင်းစိန်ထောင်ထွက်တွေ။ ရုရှားကျောင်းသားရဲ့  မေးခွန်းကို မဖြေနိုင်ကြပြန်ဘူး။ သူ့အနေနဲ့ကလည်း တကယ်ပဲမေးသင့်တဲ့မေးခွန်းပါ။ တိုင်းပြည်မှာအထွဋ်အမြတ် ထားတဲ့မြို့ တော်ရဲ့ အမည်က နာမည်ဆိုးလှတဲ့ကမ္ဘာကျော်အကျဉ်းထောင်ဖြစ် နေရသလဲပေါ့။

ကျွန်တော်က ထောင်မကျဖူးပေမယ့် ကြားဖူးတာကိုဝင်ပြောပါတယ်။ တကယ်ဟုတ်၊ မဟုတ်တော့ မသိဘူးဆရာ။ ကြားဖူးတာပြောရရင် မြန်မာ့ဆိုရှယ် လစ်ခေတ်မတိုင်ခင်ကအင်းစိန်ထောင်ကို မော်စကိုလို့မခေါ်သေးဘူး။ ဆိုရှယ်လစ်ခေတ်အလည်ပိုင်းလောက်မှမော်စကိုဖြစ်လာတာ။ ဘာကြောင့်တုံး ဆိုတော့ ဆိုရှယ်လစ်ခေတ်မှာ ကွန်မြူနစ်၊ ဗကပတွေကိုအကြီးအကျယ်ဖမ်းတယ် မဟုတ်လား။ ဗကပလောကမှာက အရည်အချင်းရှိတဲ့သူဆို ရုရှားကိုပညာတော် သင်လွှတ်သတဲ့။မော်စကိုမြို့ ကိုလွှတ်သတဲ့။ ရုရှားကဂန္တ၀င်ကွန်မြူနစ်နိုင်ငံကြီး မဟုတ်လား။ ရုရှားပြန်၊ မော်စကိုပြန်ကွန်မြူနစ်ဆို ဗကပတွေထဲမှာခေါင်းတလုံး ပိုမြင့်ပါသတဲ့။ မော်စကိုဆိုတာ မြန်မာ့ကွန်မြူနစ်များရဲ့  မဟာအိပ်မက်ကြီး တခုပါတဲ့။ အဲဒီအခါကပေါ့။ ဒီနေ့မှာတော့မော်စကိုဆိုတာက မြန်မာစစ်ဗိုလ်များအတွက်အိမ်မက် ဖြစ်သွားပြီထင်ပါရဲ့ ။

အဲဒီဆိုရှယ်လစ်ခေတ်ကပဲပေါ်လာတဲ့စကားတခုရှိပါသေးတယ်။ ထောင်ဆိုတာ ဘ၀တက္ကသိုလ်တဲ့။ ဗကပတွေထောင်ကျတော့ အင်းစိန်ထောင်ကအဓိကပေါ့။ ဒီတော့အင်းစိန်ထောင်ကိုလည်း ဘ၀တက္ကသိုလ်လို့ခေါ်ကြပါသတဲ့။ ဒီလိုနဲ့ရုရှားကို မရောက်ပဲ အင်းစိန်ထောင်ရောက်လာကြတာကို သရော်တဲ့သဘောနဲ့ အင်းစိန် ထောင်ကိုမော်စကိုလို့ခေါ်ကြပါသတဲ့။ ဒါကကျွန်တော်ကြားဖူးတာပဲလို့ပြောတော့။ ဟုတ်လိမ့်မယ်ဗျလို့သုံးသတ်ကြပါတယ်။ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်။

ရန်ကုန်၃၃လမ်းထဲက ဓမ္မာရုံဘေးမှာကပ်ဖွင့်ထားတဲ့တဘက်ရပ် လက်ဘက်ရည်ဆိုင် ကလေးရှိပါရောလား။ စာရေးဆရာ၊ ကဗျာဆရာတွေ အမြဲလိုလိုရှိကြလို့ အဲဒီနေရာကိုလေထန်ကုန်းလို့ခေါ်ကြတယ်လေ။ လေထန်ကုန်းက အနောက်တိုင်း ဂန္တ၀င်စာ ပေတခုဖြစ်တဲ့ Wuthering Heights ကိုမြန်မာပြည်က အထက်တန်းအင်္ဂလိပ်စာမှာ စပြီးပြဌာန်းလိုက်တဲ့ကာလ။ အဲဒီစာအုပ်ကို မြန်မာလိုလေထန်ကုန်းလို့ခေါ်ကြတဲ့ကာလ။ ဘယ်ပုဂ္ဂိုလ်က စလိုက်တယ်မသိ။၃၃လမ်းကြားက လက်ဘက်ရည်ဆိုင်လည်း လေထန်ကုန်းဖြစ်သွားပါလေရော။ တော်တော်လည်းအပ်စပ်တဲ့အမည်လို့ ပြောကြပါတယ်။ စာပေသမားများ တယ်လည်းလေပမ်းကြသကိုး။ အဲဒီဆိုင်က လေထန်ကုန်း မဖြစ်ခင်နာမည်လုံးဝ တတ်မထားတဲ့ဆိုင်လေးပါ။ အခုတော့သမိုင်းဝင်ဆိုင်လေးတခုဖြစ်နေပါပေါ့။ ထားပါတော့ မော်စကိုကိစ္စ ဆက်ကြပါဦးစို့။

ဆိုရှယ်လစ်ခေတ်ကုန်လို့ စစ်အာဏာသိမ်းခေတ်လည်းရောက်လာရော အင်းစိန် ထောင်က နာမည်သစ်တမျိုးပြောင်းလာပါသတဲ့။ ဒီတခါလည်း ကမ္ဘာကျော်မြို့  ကြီးတခုရဲ့ နာမည်ပါပဲ။ နယူးယောက်တဲ့။ အဓိပ္ပါယ်ကတော့ လူသစ်တွေထပ်ပြီး ရောက်လာလို့ ၊နယူးတွေရောက်လာကြလို့၊ ဗကပကွန်မြူနစ်တွေနောက်ပိုင်း ရှစ်ဆယ့်ရှစ်ကျောင်းသားတွေ ထောင်ထဲရောက်လာကြလို့ဆိုပဲ။ အခုသံဃာတော် တွေထောင်ထဲရောက်လာတော့ အင်းစိန်ထောင်ရဲ့  နာမည်ဘယ်လိုတွင်နေ သလဲဆိုတာ တော့လက်လှမ်းမမှီလို့မသိနိုင်တော့ပါဘူး။ မိတ်ဆွေများရဲ့  အင်းစိန်ထောင်နဲ့ပါတ်သက်တဲ့ ဗဟုသုတများရှိရင်လည်း သိလိုပါသေးတယ်။ ဆွေးနွေးပေးကြပါဦး။ ရုရှားကျောင်းသားလေး ကျေနပ်သွားရအောင်ပေါ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, October 19, 2008

ဘလော့ဂ်သွေးကြွခြင်း







ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ဘလော့ဂ်ရေးဘလော့ဂ်ရာတွေ သိပ်မလုပ်ဖြစ်ပါ။ အာရုံမရလို့ ဆိုပါတော့။ အခုတော့ ပြန်ရေးနေပြန်ပါပြီ။ မိတ်ဆွေဘလောဂါတချို့ က တွန်းလားထိုးလား လုပ်လာလို့ ဘလော့ဂ်သွေးကြွလာတယ် ဆိုပါတော့။ အာရုံလာတယ် ဆိုပါတော့။

တခါတလေ အချိန်ရလို့ သူများဘလော့ဂ်တွေကို လျှပ်တပျက်သွားကြည့်မိတဲ့အခါ။ သူများ သားသမီးတွေ အတော်ရေးအားကောင်းကြသကိုးလို့ အံ့သြမိ။ ကဗျာသန်သူကလည်း ကဗျာ တွေရေးလိုက်တာမှ ဟောတပုဒ်၊ ဟောတပုဒ်။ စက်နဲ့ထုတ်နေသလား မှတ်ရ။ ၀တ္ထုသမားက လည်း လှစ်ကနဲ၊လှစ်ကနဲ ရေးလိုက်တာ တရုတ်ဓါးသမားလိုပ။ သီချင်းသန်သူကလည်းသီချင်း၊ ဓါတ်ပုံ သန်သူကလည်းဓါတ်ပုံ ဝေေ၀ဆာဆာ၊ ထွေထွေဖြာဖြာ။ ဟုတ်ပ။ ဘလော့ဂ်တခုလုပ် ထားမှတော့ ရေးမှပေါ့။ သားမှပေါ့။

တရက်က။ နာမည်ကျော် မြန်မာဘလော့ဂါ တဦးနဲ့စကားပြောဖြစ်တော့ သူ့ကိုမေးပါတယ်။ ကျွန်တော့မှာလည်း ဘလော့ဂ်ရှိတယ်သိလားဆိုတော့ မသိတဲ့။ လိပ်စာပေးလိုက်တော့ ရောက်ဖူးသလိုပဲတဲ့။ ခင်ဗျားက ပုံမှန်မှ မရေးတာတဲ့။ လူဘယ်သိလိမ့်မတုံးတဲ့။ ဟုတ်ပ။ ဘလောဂါဆိုတာ ပုံမှန်ရေးမှ လူသိမှာပေါ့။ လူသိအောင်လို့ ဘလော့ဂ်လုပ်ထားတာ မဟုတ် လား။ အချင်းချင်း သိသမျှ၊ ကြုံသမျှ ဝေငှချင်လို့ မဟုတ်လား။ အမြဲလိုလို ပိတ်ထားတဲ့နေရာကို ဘယ်သူက စိတ်ဝင်စားပါ့မလဲ။ ဘလော့ဂ်တခုလုပ်ထားမှတော့ စိတ်ဝင်စားအောင်လုပ်ရ တော့မှာပေါ့။ လုပ်သင့်တာပေါ့။

ဒါပေမဲ့ မိတ်ဆွေတို့။ လူအများစိတ်ဝင်တစားဖြစ်အောင် လုပ်ရတဲ့ကိစ္စက လွယ်မှတ်လို့။ နေ့စဉ်လိုလို ပုံမှန်ရေးနေပေမဲ့ စိတ်ဝင်စားဖို့ မကောင်းရင် ဘာထူးမှာလဲ။ အလေ့အကျင့်ရှိရင် လက်တက်လာလိမ့်မယ်။ ကောင်းကောင်းကန်းကန်းတွေ များများထွက်လာလိမ့်မယ်လို့လည်း ပြောကြပါတယ်။ သိပ်တော့ မသေချာပါ။ ထားပါတော့။ ဘလော့ဂ်သွေးကြွတဲ့အကြောင်း ဆက်ပါမယ်ခင်ဗျား။

လူဆိုတာ လှုံ့ဆော်မှုနဲ့ရှင်သန်နေတာလို့ ဆိုကြပါတယ်။ တကယ်တော့ လှုန့်ဆော်မှုက အများသား။ စားဝတ်နေရေးအပြင် တခြားလှုံ့ဆော်မှုတွေကလည်း မနဲမနော။ မက်လုံးရှိမှ ထထကြွကြွရှိမယ်လို့လည်း ဆိုကြပါသေးတယ်။ မက်လုံးဆိုတာ လှုံ့ဆော်မှုတမျိုးပေါ့။ လှုံ့ ဆော်မှုမှာလည်း အတွင်းလှုံ့ဆော်မှုနဲ့ အပြင်လှုံ့ဆော်မှုဆိုပြီး ရှိပြန်တယ်။ ကျွန်တော့ပြဿနာက အတွင်းရော အပြင်ရောလှုံ့ဆော်မှု ကျဆင်းတဲ့ရောဂါ ဆိုပါစို့။ အလားအလာမကောင်းတဲ့ ရောဂါပေါ့။ ဒီလိုအချိန်မှာ အသိမိတ်ဆွေတွေထဲက စာမရေးတာနဲ့ပါတ်သက်ပြီး မခံချင်အောင်ပြောလာတာတို့၊ ကိုယ့်ဘလော့ဂ်ထဲမှာ တခုခုလာပြီး ကလိသွားတာတို့၊ ရိသွားတာတို့၊ တခုခုနဲ့ မြူဆွယ်သွားတာတို့ လုပ်လာပြီဆိုပါတော့။ ဒီလိုလှုံ့ဆော်မှုတွေရှိလာတဲ့အခါ ဘလော့ဂ်သွေးများ ကြွလာရပါတယ်။ ဘလော့ဂ်သားများ လှုပ်လာရပါတယ်။

တကယ်လို့များ မြန်မာဘလော့ဂါအသင်းချုပ်ကြီး ထူထောင်ပြီး ပြိုင်ပွဲတွေလုပ်၊ ဆုတွေလာဘ်တွေ ပေး။ ဒီလအတွက် စိတ်ပျက်စရာအကောင်းဆုံး မြန်မာဘလော့ဂါ ကတော့ ဘယ်သူဆိုတာမျိုး။ သတ်ပုံအမှားဆုံးဘလော့ဂါက ဘယ်ဝါ ဆိုတာမျိုး။ အကောင်းဆုံး ကဗျာဆုတို့၊ အကောင်းဆုံး အက်ဆေးဆုတို့ ချီးမြှင့်မယ်ဆိုရင်။ ငွေသားလေးပါ မက်လုံးထည့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်လို ဘလော့ဂါငပျင်းတွေပါ ခေါင်းထောင်လာလိမ့်မယ်၊ နိုးကြားလာလိမ့်မယ်၊ ဘလော့သွေးများ ကြွရွလာ နိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ မိတ်ဆွေများခင်ဗျား။ ဆွေးနွေးကြပါဦး။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, October 16, 2008

အမည်မဖေါ်လိုသူတဦး







ကျွန်တော်ရဲ့ ဘလော့ဂ်စလုပ်ပြီးမကြာခင်မှာ မိတ်ဆွေတယောက်က ဒါကခင်ဗျားရဲ့ 
ဘလော့ဂ်လားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူးလို့ ညာပြောလိုက်ပါတယ်။ သူက
သိပ်ကျေနပ်ပုံ မရပါဘူး။ အခုတော့ သူ့ကိုအမှန်အတိုင်း ပြောလိုက်ပါပြီ။ သူကလည်း
ဘလော့ဂါတဦးပါ။ ကျွန်တော်က ကိုယ့်ဘလော့ဂ်မှာ ကိုယ်ဘယ်သူဆိုတာ ရှင်းမပြထားပါဘူး။
အခုသူ့ရဲ့ ဘလော့ဂ်မှာ ကျွန်တော့်ကိုလင့်ခ် လုပ်ထားပါတယ်။ တယောက်ကို တယောက် လင့်ခ်လုပ်ပေးတတ်ကြတဲ့ ဘလော့ဂါတွေရဲ့  ယဉ်ကျေးမှုက ချစ်ဖို့ကောင်းပါတယ်။

ပြောချင်တာက ကျွန်တော်တို့တွေ အမည်မဖေါ်လိုကြတဲ့အကြောင်းပါ။ လူတွေဟာ လျှို့ ဝှက် တတ်ကြပါတယ်။ လျှို့ ဝှက်တတ်တာဟာ လူ့သဘာဝတခုပါ။ မြန်မာလောကမှာ ကိုယ့်ကိုကိုယ် ဖေါ် မသူတော် ဆိုတဲ့စကားကလည်း ရှိနေပါတယ်။ ဘယ်သူ့လက်ချက်လည်း မသိပါ။ ကောင်းတာလုပ်ပေမဲ့လည်း ကိုယ်လုပ်တာကို လူတွေသိပ် မသိစေချင်တဲ့သဘော၊ မထင်ပေါ် ချင်ဘူး ဆိုသူတွေလည်း တော်တော်များများတွေ့ ဖူးပါတယ်။ ဒါပေမဲ့တချို့ ကတော့ အကောင်း လုပ်တာနည်းနည်း ထင်ပေါ်ချင်တာများများ ဆိုသူတွေလည်း တော်တော်များများ တွေ့ ဖူးပါတယ်။ ကျွန်တော့အတွေ့ အကြုံ အရ ထင်ပေါ်ချင်သူက ပိုများလိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန် တွေဟာ ထင်ပေါ်ရေးကို သိသိသာသာ ဦးစားပေးတတ်ကြပါတယ်။ ဒါ ငါလုပ်တာ။ ဒါ ငါသိတယ် ဆိုတာတွေကို မကြာခဏပြောလေ့ရှိပါတယ်။ တချို့ ကတော့ ကြွားတယ်လို့ ပြောပါလိမ့်မယ်။ ဟုတ်တာပြောတဲ့ကိစ္စ ကြွားတာမဟုတ်ဘူးလို့ တချို့ ကဆိုကြပါလိမ့်မယ်။ တကယ်ရှိတာထက် ပိုပြောရင်လည်း ကြွားတယ်လို့ပြောကြပါတယ်။ လုပ်တာနဲနဲပြောတာများများဆို လည်းကြွား တယ်လို့ ဆိုပါတယ်။ သိသာထင်ပေါ်ချင်တတ်ကြတာလည်း လူ့သဘာဝ တခုပါ။ လျှို့ ဝှက် တတ်ခြင်းနဲ့ ထင်ပေါ်သိသာအောင်နေခြင်း ဘယ်ဟာက ပိုပြီး ကောင်းပါသလဲ။

မြန်မာ့သမိုင်းမှာ စစ်သူကြီးမဟာဗန္ဓုလ မထင်မရှားဘ၀တုန်းက သူ့ကိုဘုရင်က သတိထားမိ အောင် ညီလာခံတခုမှာ သူ့ဘေးကပုဂ္ဂိုလ်ကို ဘာမပြောညာမပြော တံတောင်နဲ့ ထပြီး ထောင်း ပါသတဲ့။ ရုတ်ရုတ်သဲသဲဖြစ်တော့ ဘုရင်က အကြောင်းစုံစမ်းရင်း ဗန္ဓုလကိုသိပြီး နောက်ပိုင်းမှာ နေရာ ပေးပါသတဲ့။ ဒီအဖြစ်အပျက်က အမှန်ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့ ဒီကိစ္စမှာ ငြင်းခုန် စရာတွေ ရှိနေပါတယ်။ တချို့ က ဗန္ဓုလရဲ့ လုပ်ရပ်ကို ထောက်ခံကြပါတယ်။ သဘောကျကြပါတယ်။ တံတောင်နဲ့ ထထောင်းတာ ကောင်းတယ်ပေါ့။ မဟုတ်ရင် ဘုရင်ကသူ့ကို ဘယ်လိုလုပ်သိနိုင်မလဲ ပေါ့။ တချို့ ကတော့ ကိုယ်ထင်ပေါ်ဖို့အရေး မဆိုင်တဲ့ဘေးကလူကို နာကျင်အောင် အသားလွတ် ထတွယ်တာ မတရားဘူး။ မကောင်းဘူး။ မလုပ်သင့်တဲ့ကိစ္စလို့ မြင်ကြပါတယ်။

စာရေး ဆရာသိပ္ပံမောင်ဝမှာ ကလောင်ခွဲတွေ တော်တော်များပါတယ်။ သူ့နာမည်ရင်းက ဦးစိန်တင်ပါ။ စာရေးတဲ့အခါမှာ ကလောင်ခွဲတွေသုံးလွန်းတော့ သူကွယ်လွန်တဲ့နောက်ပိုင်း သူ့စာတွေ ပြန်စုဆောင်းတဲ့အခါ တော်တော်ခက်ပါသတဲ့။ ကလောင်ခွဲကို အရင်က ကလောင်ပုံး၊ ကလောင်ဝှက်လို့လည်း ပြောကြပါတယ်။ လျှို့ ဝှက်တယ်ပေါ့။ မြန်မာစာပေလောကမှာ ကိုယ့်အမည် ရင်းနဲ့ ရေးတဲ့သူထက် ကလောင်အမည်ပေးပြီးရေးတဲ့သူက ပိုများတယ်လို့ထင်ပါတယ်။ ကိုယ့်နာမည် ကို မသုံးရတာ အကြောင်းရှိပါလိမ့်မယ်။ အခြေခံသဘောကတော့ ကိုယ့်ကို လူမသိစေချင်တာပဲ လို့ထင်ပါတယ်။

ရုပ်ရှင်လောကမှာတော့ အဲသလို မဟုတ်ပါ။ ထွန်းအိန္ဒရာဗိုလ် ဆိုပါစို့(စာလုံးပေါင်း မှားတယ် ထင်ပါတယ်) သူ့နာမည်ရင်း မဟုတ်ပါ။ ဒါပေမယ့်ရုပ်ကို မြင်နေရတော့လျှို့ ဝှက်နေလို့ မရတော့ပါဘူး။ စာရေးဆရာ အီကြာကွေးကတော့ လူကြားထဲမသိမသာနေလို့ရပါတယ်။ ကိုယ့်ကိုလူသိပ်မသိတော့ တချို့ ကိစ္စတွေ လုပ်ရတာပိုပြီး လွတ်လပ်သလိုပါပဲ။ ခိုးလုပ်လို့ ကောင်းတယ် ဆိုပါတော့။ ဒါလည်း အရသာတမျိုးပါ။ ဒီလိုပြောလိုက်လို့ ကျွန်တော်က ရုပ်ရှင်မင်းသားလို ထင်ပေါ်ကျော်ကြားတယောက်များ ဖြစ်နေမလားလို့တော့ မထင်လိုက်ကြ ပါလေနဲ့။ သူလိုကိုယ်လို ထဲကပါ။

ထင်ပေါ်အောင်နေထိုင်ခြင်းနဲ့ မသိမသာနေထိုင်ခြင်း ဘယ်ဒင်းက ပိုကောင်းသလဲ အခုချိန်ထိ ကောင်းကောင်း မသိသေးပါခင်ဗျား။ ဆွေးနွေးကြပါဦး။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, June 18, 2008

တိုင်းပြည်ပျက်ညည်းချင်း








ကျွန်တော့ဘလော့ဂ်မှာ စာမရေးဖြစ်တာကြာပြီ။

အလုပ်ရှုပ်နေတော့ ကိုယ့်ဘလော့ဂ်ကိုတောင် မကြည့်ဖြစ်ပါ။

အခုရေးမယ်လုပ်တော့ ပါ့စ်ဝပ်ဒ်တောင် မမှတ်မိတော့။

ဆိုင်ကလုံးမုန်တိုင်းက ကျွန်တော့ဆီပါလာတိုက်သွားပါတယ်။

စိတ်ဓါတ်တော်တော် ယိုင်နဲ့သွားပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း စဉ်းစားရအတော်ကျပ်သွားပါတယ်။

မုန်တိုင်းကသိပ်ဆိုးတဲ့အကြောင်းကျွန်တော်ရေးပြရင်

မြစ်ဝကျွန်းပေါ်ကလူတွေ ၀ိုင်းရယ်ကြလိမ့်မယ်။

ပြည်တွင်းပြည်ပက မြန်မာတွေ တတ်နိုင်သမျှဝိုင်းကူကြတာတွေ့ ရကြားရတော့

ဝမ်းလည်းသာ၊ စိတ်မကောင်းလည်းဖြစ်။

ကျွန်တော်သာ မုန်တိုင်းဒုက္ခသည်တယောက်ဆိုရင် ဘာလုပ်မလဲ။

ကားလမ်းမကိုထွက် ကားတွေပေါ်ကပစ်ချမယ့် စားစရာတွေကိုလုကောက်ဖို့ပြင်။

မရှိတော့တဲ့ မိသားစု ဒါမှမဟုတ် မရှိတော့တဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းအတွက်ပူဆွေးသောကပွါး။

ညနေပိုင်းမှောင်လာပြီဆို စိတ်ညစ်ညစ်နဲ့အရက်သောက်ဖို့ကြိုးစား

အရက်ရဖို့ကလည်း မဖြစ်နိုင်။ ပိုစိတ်ညစ်။ ဆဲဆိုကြိမ်းမောင်း။

မုန်တိုင်းကိုလား။ ဘ၀ကိုလား။ လောကကိုလား။ တိုင်းပြည်ကိုလား။

အကုန်လုံးကို ဆဲဆိုအော်ဟစ်နေမိမှာပဲ။

မိုးရွာလာရင် ခိုနားစရာရှာ။ ဘုန်းကြီးကျောင်းပျက်လား။ တဲစုတ်လား။ သစ်ပင်အောက်လား။

အလောင်းတွေကထွက်လာတဲ့အနံ့တွေ ရှောင်လို့မလွတ်။ ပြေးလို့မလွတ်။

ရုပ်ရှင်မင်းသားတွေ၊ စစ်ဗိုလ်တွေနဲ့ နိုင်ငံခြားသားတွေရောက်လာတယ်ဆိုပေမယ့်။ ခဏပဲ ဟုတ်သလိုရှိတာပါ။

အရင်ကတော့ လယ်သမား။ အခုတော့ ဒုက္ခသည်။ နောက်တော့ ဘာဖြစ်အုံးမှာလဲ။ ဘယ်သူပြောနိုင်မလဲ။ ဘယ်သူမှမပြောနိုင်ဘူး။

ကိုယ်လိုသူလိုလူတွေအားလုံးကလည်း သနားစရာ။ လာကူညီတဲ့သူတွေကလည်း သနားစရာမျက်လုံးတွေနဲ့။

ဘယ်ကိုကြည့်ကြည့် စိတ်ညစ်စရာ။ ဘယ်ကိုသွားသွား စိတ်ညစ်စရာ။ ဘာတွေကြားကြား စိတ်ပျက်စရာ။

ဒီနေရာ။ ဒီဒေသ။ ဒီအရပ်မှာကို မနေချင်တော့ဘူး။ ဘယ်ကိုသွားရမလဲ။

ဒီအရပ်ဟာ လူတွေအတွက် ပျော်စရာကောင်းတဲ့အရပ်မဟုတ်တော့ဘူး။

ဒါဆိုရင် ဘယ်အရပ်ဟာပျော်စရာကောင်းတဲ့အရပ်လဲ။

ကမ္ဘာပျက်ခဲ့တဲ့ ဒီအရပ်။ ကမ္ဘာပျက်နေတဲ့ ဒီအရပ်ကလွဲရင် ကျန်တဲ့နေရာတွေက အသက်ရှုချောင်လိမ့်မယ်ထင်တယ်။

ဒီအရပ်မှာနေရတာ အသက်ရှုကျပ်လွန်းတယ်။ ကြာကြာဆက်နေရင် အသက်ရှုကျပ်ပြီးသေလိမ့်မယ်။

ကျွန်တော်ဘယ်ကိုသွားရမလဲ။ ကျွန်တော်ဘယ်ကိုသွားသင့်သလဲ။

(ရေးရတာလည်း စိတ်ညစ်လာလို့ ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်။ အသက်ရှုကျပ်လာပြီ။)


(ရုပ်ပုံ၊ ဂူဂလ်)

Tuesday, April 1, 2008

မောင်လူမှိန် အောက်မေ့ဘွယ်









“သဘာဝသင်းကွဲ”

စာ ၊ ခို ၊ ကျီးကန်း
ပျံကျသမား
ရေအိုင်ဘဲဖြူ
လှေထိုးသား
တီကောင် လယ်ထွန်စား ။

(မောင်လူမှိန်)

ကဗျာချစ်သူများခင်ဗျား..။
ကွယ်လွန်သူ ကဗျာဆရာမောင်လူမှိန်နဲ့ပါတ်သက်ပြီး အမှတ်တရ ပြောစရာတွေ။
အောက်မေ့ဘွယ်ရာလေးတွေ ကျွန်တော့မှာရှိပါတယ်။ လောလောဆယ် သူရေးခဲ့တဲ့ ကဗျာလေးကိုပဲ
ဖတ်ပြီး ခံစားဖြန့်ကျက်ထားကြပါဦးခင်ဗျား။ သဘာဝသင်းကွဲဟာ သူ့ရဲ့ နာမည်ကျော်ကဗျာတပုဒ်ပါပဲ။ ကျွန်တော့ဆီကို အလည်လာသူ “ညလေး”က ကျွန်တော့စာတွေရှည်လွန်းတယ်ဆိုတာကြောင့် ကိုယ်ပိုင်ကဗျာတိုမရေးနိုင်ခင် ကိုယ်သိတဲ့ မောင်လူမှိန်ရဲ့ ကဗျာနဲ့ချော့ ထားရတာပါ။ ကျွန်တော်သိပ်
ကြိုက်တဲ့ ကဗျာတိုလေးပါပဲ။ ဒီနေ့ဘလော့ဂါတွေ မောင်လူမှိန်ကိုမသိကြရင်တောင် သူ့ကဗျာလေးကို ပွတ်သပ်မိအောင် ဖုန်သုတ်ပြီး ကျွန်တော့်ဧည့်ခန်းမှာထုတ်ကြွားလိုက်တာပါခင်ဗျား။

ကဗျာ ဆရာမောင်လူမှိန်အကြောင်းနောက်မှဆက်ပါ့မယ်။
ကဗျာချစ်သူအပေါင်း ကျန်းမာညီညွတ်ကြပါစေ။

Sunday, March 2, 2008

နှင်းပိနေတဲ့မြို့တော်







နှင်းတွေကျတဲ့ ဆောင်းဥတု

နှင်းတွေက ဖွေးကနဲ၊ ဖွါးကနဲ

အဆုပ်လိုက်၊အဆုပ်လိုက် ဖွါ ကျဲ ကျ။


ကောင်းကင်လည်း ဖွေး...လို့

လေပြင်လည်း ဖွေး...လို့

မြေပြင်လည်း ဖွေး...လို့

မြို့တော်ကြီးလည်း ဖွေးဖွေးလှုပ်လို့

အိမ်ထဲမှာ ငါတယောက်ထဲ

ပျင်းဖို့ကောင်းတဲ့ နှင်းကျနေ့တွေ

အေးလည်းအေး၊ ပျင်းလည်းပျင်းပေါ့။


ပြုတင်းပေါက်မှာ ထွက်ငေး

နှင်းတွေဖွေးဖွေး အနှေးကျ

နှင်းကြွေသံတွေ တရှဲရှဲ

သစ်ပင်စိမ်းစိမ်း အဖြူဖုံး

လူတွေ လမ်းအနှေးလျှောက်

ပါးစပ်တွေက အငွေ့ထွက်

ငှက်တွေ ပျောက်ချက်သားကောင်း

မြို့တော်လမ်းပေါ် လူခြေတိတ်

ဘုရားကျောင်းတွေ ပိုတိတ်ဆိတ်။



ငါ

ပျင်းပျင်းနဲ့ အိပ်ဖို့ပြင်

နှင်းတွေကိုလည်း မခွဲရက်

ကလေးတသိုက် ဟစ်အော်

နှင်းတောထဲ ပြေးဆော့

နှင်းလုံးနဲ့ စစ်တိုက်

နှင်းလူရုပ် အပြိုင်လုပ်

ပျော်စရာနှင်းပွဲ

ငါဝင်နွှဲမယ်

နှင်းတောထဲကို ဆင်းခဲ့ပြီ။


မြို့ကိုဖုံးတဲ့နှင်း

ပျော်စရာလည်း ဒီနှင်း

ပျင်းစရာလည်း ဒီနှင်း

လက်ဝဲသုန္ဒရရဲ့နှင်း

ခင်ဝမ်းရဲ့နှင်း

အိန္ဒိမှာရက္ကန်းသွားခတ်တဲ့

ချင်းမလေးရဲ့နှင်း

အစောကြီးထပြီးဆိုင်ဖွင့်ရတဲ့ တောင်ကြီးက

ပအိုဝ်မောင်နှမရဲ့နှင်း။


မနောပွဲနှင်း

အာနန္ဒာပွဲဈေးနှင်း

ဂင်ဇာလမ်းကနှင်း

မာမာအေးရဲ့နှင်း

နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့နှင်း

ကလေးစစ်သားတယောက်ရဲ့နှင်း

မယားငယ်တယောက်ရဲ့နှင်း

ကရင်သူပုန်အိုကြီးရဲ့နှင်း

တရုတ်မြန်မာနယ်စပ်က

မသန်မစွမ်းမလေးရဲ့နှင်း

ရှမ်းတောင်ရိုးက မီးကင်းသမားရဲ့နှင်း

အဓိပ္ပါယ်ကွဲလွန်းလှတဲ့နှင်း

ဒီနှင်း....ဒီနှင်း...ဒီနှင်း ။


နှင်းဖုံးထားတဲ့မြို့တော်မှာ

ပျော်ရွှင်အောင်နေတတ်ဖို့

သီချင်းတပုဒ်ကို အော်ဆို

နှင်းတောထဲကို ငါလာပြီ

နှင်းရေ...ငါလာပြီ။

Friday, February 15, 2008

မြို့ရဲ့သတင်းစာ










မြို့ကသာ ခြောက်ကပ်တာ
သတင်းတွေကတော့ ဝေဆာသဗျာ။

ခြောက်ကပ်ကပ်မြို့တော်မှာ
သတင်းက လွတ်လပ်တယ်
သတင်းသမားတွေကများ
သတင်းစာတွေလည်းများ။

မိုးမလင်းခင်မှာ
သတင်းစာထူထူတွေ
အိမ်တွေထဲကို ရောက်နေမယ်
လမ်းဒေါင့်တိုင်းမှာရှိနေမယ်
ဘူတာရုံထိပ်မှာစောင့်နေမယ်
ကော်ဖီဆိုင်မှာရှိနေမယ်။

ကမ္ဘာကြီးအကြောင်း
မြို့တော်အကြောင်း
ကောင်းကြောင်း၊မကောင်းကြောင်းပေါ့။

စိတ္တဇလူသတ်သမားအကြောင်း (ရုပ်ရှင်ဆန်ဆန်)
ပြည့်တန်ဆာတို့ရဲ့ဝင်ငွေအကြောင်း (အံသြဘွယ်)
ကော်ဖီဆိုင်အသစ်နဲ့ဓါးပြတိုက်မှုတွေအကြောင်း (ကြော်ငြာဆန်ဆန်)
ထင်ပေါ်ကြော်ကြားတွေရဲ့အတင်းအဖျင်း (ပွင့်ပွင့်လင်းလင်း)
ဈေးအတက်အကျသတင်း (အလန့်တကြား)
ဆန္ဒပြပွဲသတင်း (ပုံမှန်)
နာရေးကြော်ငြာ (တဂုဏ်တယူ)

ရုပ်ရှင်အညွန်း (ပိုပိုသာသာ)
လူထုအော်သံ (နေရာကျဉ်းကျဉ်း၊အသံကျယ်ကျယ်)
နိုင်ငံရေးသုံးသတ်ချက် (ပွင့်ပွင့်လင်းလင်း)
ချက်နည်းပြုတ်နည်း (လက်တွေ့မကျ)
ပစ္စည်းအသစ်အဆန်း (အထိပ်တလန့်)
သူများတိုင်းပြည်ဝေဖန်ရေး (ဆရာကြီးလေသံ)
ပွဲကြီးပွဲကောင်း အားကစား (နေရာကျယ်ကျယ်၊ဓါတ်ပုံကြီးကြီး)

ပစ္စည်းဟောင်းရောင်းမယ့်ကြော်ငြာ (လေးငါးရွက်)
ရဲတွေညံ့တဲ့သတင်း (ခပ်ကျဉ်းကျဉ်း)
သူခိုးတွေဖမ်းတဲ့သတင်း (ခပ်ကျယ်ကျယ်)
ဘုရားလူကြီးလိင်ကိစ္စ (ဓါတ်ပုံနဲ့တကွ)
လွှတ်တော်ထဲက ရန်ပွဲ (ဓါတ်ပုံနဲ့တကွ)
သမ္မတရဲ့ခွေးသတင်း (အသေးစိတ်)
သမ္မတသမီးအရက်မူးလွန်တဲ့အကြောင်း (ဓါတ်ပုံနဲ့တကွ)
ဝိုင်အရက်နဲ့ဆေးကြော်ငြာ (လှလှပပ)
မိုးလေ၀သခန့်မှန်းချက် (တလွဲတချော်)

ရပ်ကွက်ထဲက လုယက်မှု (ရုပ်ရှင်ဆန်ဆန်)
စစ်ပွဲအရှုံးအနိုင် (တနေ့ရွှေ၊ တနေ့ငွေ)
ဘောလုံးပွဲအရှုံးအနိုင် (ဇတ်လမ်းပမာ)
ကျန်းမာရေး (ဟုတ်တုတ်တုတ်)
လူကြိုက်များတဲ့ ကာတွန်းနဲ့ပဟေဠိ
အစုံပဲ။

သတင်းစာဆိုတော့လည်း
နေ့လည်ခင်းမှာ အမှိုက်ဖြစ်သွားတာပေါ့
မြို့လူထုက အားပေးကြပါတယ်။

Wednesday, February 13, 2008

မြို့ဘေးကမြစ် သို့မဟုတ် မြစ်ဘေးကမြို့















မြို့တော်ရဲ့ ဘေးမှာ
သဘောကောင်းတဲ့ မြစ်တခုရှိတယ်
ဒီမြစ်က မြို့ကိုအန္တရာယ်မပေးဘူး။

မြို့နေလူထု ပျင်းတဲ့အခါ
မြစ်ဆီကို ထွက်လာကြ
မြစ်ဘေးမှာ ပျော်ပါး
မြစ်ထဲမှာ ဆော့ကစား
မြစ်ကမ်းတလျှောက် ပြေးလွှား
မြစ်ပြင်ကို ထိုင်ငေး
မြစ်တေးကို နားဆင်
မြစ်ငါးကို ဖမ်းစား
မြစ်ထဲမှာပဲ အမှိုက်ပြစ်
အချိန်တန်တော့လည်း ဒီမြစ်ကိုထားခဲ့ပြီး ပြန်ကြ။

မြစ်ကတော့ သဘောကောင်းတယ်
မြို့တော်ကို အန္တရာယ်မပေးဘူး။
ခြောက်ကပ်ကပ်မြို့ နဘေးမှာ
စီးဆင်းနေရတာ ပျင်းလွန်းလို့
ဖါသိဖါသာ နေတာလား
ရွှေမြို့တော်ဘေးမှာ ရှိခွင့်ရလို့
ဂုဏ်တင်ပြီး သဘောကောင်းပြနေတာလား
ဒီမြစ်ရဲ့ အတွင်းသဘော
ဘယ်သူမှ မသိနိုင်ကြဘူး။
(သိလည်းမသိချင်ကြပါဘူး)

ဒီမှာက
မြစ်ကိုစောင့်လျှောက်တာ နတ်တွေမဟုတ်ဘူး
သဘာဝကိုချစ်တဲ့ လူအုပ်စု
ဒီလူတွေက သူများတွေ ခွေးမွေးသလို
သူတို့က မြစ်ကိုမွေးကြတယ်။
မြစ်ကို ယုယတယ်
မြစ်ကို ကုသတယ်။
ဒီလူနဲ့ဒီမြစ် ချစ်ခန်းကြိုက်ခန်းတွေရှိလို့လည်း
ဒီခြောက်ကပ်ကပ်မြို့ အသက်ရှင်နေတာပေါ့။

ရာသီဥတုကောင်းပြီဆို
မြစ်ထဲမှာ
လွှတ်တော်အမတ်လည်းရှိမယ်
စုံထောက်မိသားစုလည်းရှိမယ်
ဟိုတယ်ပိုင်ရှင်လင်မယားလည်းရှိမယ်
သူတို့က
မြစ်ပေါ်က သင်္ဘော
သင်္ဘောပေါ်က ရောင်စုံထီး
ရောင်စုံထီးရဲ့အရိပ်အောက်မှာပေါ့။

မြစ်တကြော မျောနေကြတဲ့သူတွေထဲမှာတော့
ရေပေါ်ဂျွန်းပစ်ပြသူတွေ
ရေလွှာလျှောစီးပြသူတွေ
ကနူးလှေသမားတွေ
ကယ်ဆယ်ရေးသမားတွေနဲ့
တဟေးဟေး တဟားဟားပေါ့။

မြစ်ကမ်းဘေးတလျှောက်မှာတော့
ချစ်စခန်းလေးတွေဆောက်သူတွေ
ခွေးနဲ့အပြိုင်ပြေးသူတွေ
ဆေးလိပ် ခိုးသောက်တဲ့ ကလေးများ
ခန္တာကိုယ်အလှ ဖေါ်ပြကြတဲ့ အမျိုးသမီးများ
ဒီအမျိုးသမီးတွေကို လာကြည့်တဲ့အမျိုးသားတွေ
(ဒီမောင်တွေလည်း ခန္တာကိုယ်အလှပြကြတယ်)

အပျော်တန်း အားကစားသမား
အပျော်တန်း ငါးဖမ်းသမား
အပျော်တန်း ရည်းစားသမား
ဟန်ရေးပြ ရဲသားများ
ပျော်ပွဲစားအုပ်စု
ရေခဲမုန့်သည်
ကမ္ဘာလှည့်ခရီးသည်
အာလူကြော်နဲ့ဝက်အူချောင်းသည်
အားလုံးပျော်ကြပါးကြတယ်။

မြို့တော်ကလူတွေ
အခုလိုမြစ်ဘက်ကိုထွက်ကြတော့
မြို့တော်ကြီး ပိုခြောက်ကပ်ရှာပေါ့။

Monday, February 11, 2008

ခြောက်ကပ်ကပ်မြို့တော်















တကယ်ပဲ ခြောက်ကပ်တဲ့မြို့ပါ။
ဘုရားကျောင်းတွေလည်း ခြောက်ကပ်
လမ်းမတွေလည်း ခြောက်ကပ်
ပြတိုက်တွေမှာလည်း ခြောက်ကပ်
အရက်ဆိုင်တွေလည်း ခြောက်ကပ်
ဘူတာရုံတွေလည်း ခြောက်ကပ်။
ဒီခြောက်ကပ်ကပ် မြို့တော်မှာ
အသုံးမကျတဲ့ သမ္မတတယောက်ရှိတယ်။
(သူ့မိန်းမနဲ့ မိသားစုကလည်း အသုံးမကျဘူး။)


အဲဒီမြို့တော်အတွင်း
ငွေလိုနေတဲ့ နိုင်ငံရေးသမားတွေ
ရန်လိုနေတဲ့ လွှတ်တော်အမတ်တွေ
အပျင်းထူးလွန်းတဲ့ အစိုးရ၀န်ထမ်းတွေ
အမဲလိုက်သမားလို ရှေ့နေတွေ
ဆက်ဆံရခက်တဲ့ အမျိုးသမီးပဓါန၀ါဒီတွေ
အထိုင်အထနှေးတဲ့ လုံခြုံရေးရဲတွေ
လိင်တူချင်းပဲ ဆက်ဆံချင်သူတွေ
အထည်ကြီးပျက် နိုင်ငံရေးသမားတွေ
ဥာဏ်ထိုင်းတဲ့ စစ်သားတွေ
အိမ်ထောင်ရေးရှုပ်တဲ့ ဘုန်းကြီးတွေနဲ့
လူလိုနေထိုင်တဲ့ ခွေးမျိုးစုံတို့ရှိကြတယ်။
ဒါကြောင့်မို့ထင်ရဲ့
ဒီမြို့တော်ကြီးကို
လုံခြုံရေး အထူးတင်းကျပ်ထားရတယ်။


မြို့တော်မှာ
လှုပ်လှုပ်ရှားရှားဆိုလို့
အရေးပေါ်လူနာတင်ကားတွေ
ဆူဆူညံညံပြေးလွှားနေတတ်တာပဲ။

မြို့တော်အင်္ဂါရပ်နဲ့အညီပြောရရင်တော့
သူတို့တွေချည်းပဲ မဟုတ်ပါဘူး။

မြို့ပါတ်ပါတ်လည်မှာ
ဆင်းရဲသားရပ်ကွက်တွေရှိတယ်။
ဖေါ်ရွေမှုမရှိတဲ့ တရုတ်တန်းတခု
မူးယစ်ဆေးအရောင်းအ၀ယ်နဲ့
လူမိုက်ဂိုဏ်းတချို့လည်းရှိတယ်။
တက္ကသိုလ်၊ကောလိပ်တချို့နဲ့
အဖေါ်အချွတ် အရက်ဘားတွေလည်းရှိတယ်။
(သူတို့ကတော့ လူကြီးမင်းများဂေဟာလို့ခေါ်သပေါ့။)

ရန်ပွဲများတဲ့ ဂျက်ဇ်ကဖေး
ရေလျှံတဲ့ ကားသူခိုးအုပ်စု
လူတွင်ကျယ်လုပ်တဲ့ လူ့အခွင့်အရေးအုပ်စု
အချောင်ဘာရမလဲချောင်းနေတဲ့ သံတမန်အသိုင်းအ၀ိုင်း
အရက်အမြဲတန်းမူးနေတဲ့ အိုးမဲ့အိမ်မဲ့များ
စစ်ပြန်သူတောင်းစားများ
အကြွေးထူထူ ကားကောင်းကောင်းနဲ့မြို့သူမြို့သားများ
ပုံမှန်လုပ်နေကျ ပျင်းစရာ(တခါလေ ပျော်စရာ) ဆန္ဒပြပွဲများ
ဘယ်သူ့ကိုမှ လူလို့မထင်တဲ့ ဆရာဝန်များ
ကိုယ်ကျင့်တရားကောင်းပြီး အလုပ်မဖြစ်တဲ့ပညာတတ်များ
စေတနာကောင်းပေမယ့် ၀င်ငွေမကောင်းတဲ့ကျောင်းဆရာများ
မတိုးတက်နိုင်သေးတဲ့ ပြုပြင်ပြောင်းလဲရေးသမားများ
နိုင်ငံခြားကလာတဲ့ တရားမ၀င်အလုပ်သမားများ
ဘုရားသခင်ကို လုံးဝယုံကြည်သူများနဲ့
လုံးဝ မယုံသူများလည်းရှိတဲ့မြို့ပေါ့။
လက်ဝဲသမားတွေက ဘူဇွာမြို့လို့ခေါ်ကြပြီး
ထိပ်ပြောင်ပြောင်လူတယောက်ရဲ့နာမည်ကို တတ်ထားတဲ့မြို့ပေါ့။