Saturday, July 9, 2011

ပိုက်ဆံပျောက်တဲ့သီချင်း















ဒို့လောကမှာ အမည်မသိစာဆိုတွေ သိပ်များတယ်။ အထူးသဖြင့် ငယ်ငယ်က
ကြားဖူးတဲ့ သီချင်းတွေ၊ ကဗျာတွေက အမည်မသိတွေရဲ့လက်ချက်တွေ ဖြစ်
နေတတ်တယ်။ ဆိုပါတော့ လူကလေးရဲ့ အိပ်ချိန်တန် ၊ ဗျိုင်းရှေ့ကပျံ ဆို
တာမျိုး။ ကြောင်ကြီးရဲ့ မြီးတံတို ဆိုတာမျိုး။ ဘယ်သူတွေဖန်တီးခဲ့မှန်း မသိဘူး။

သူတို့တွေဟာ မဂ္ဂဇင်း၊ဂျာနယ်တွေမှာပါဖို့ စာမူပို့ပြီးရေးခဲ့ကြတာ မဟုတ်။ စာအုပ်
စာပေနဲ့ မှတ်တမ်းတင်ခဲ့တာမျိုး မဟုတ်။ အလိုလိုထွက်ကျလာတဲ့ ခံစားချက်တွေ
ကို ပါးစပ်ဆင့်ကမ်းပြီး တည်တန့်လာခဲ့ကြတဲ့ ဖန်တီးမှုတွေ။ အများကလက်ခံလို့
အခုချိန်ထိ အသုံးတည့်နေတဲ့ အနုပညာတွေပေါ့။ ထားပါတော့။ ဆရာကြီးလေသံ
ပေါက်သွားပြီ။ (ဆရာက မကြီးသေးဘူး။ ငယ်ငယ်ပဲရှိသေးတာ)

ချိုမိုင်မိုင်အဆင့်ကနေ လူ့စကား သူမသိ၊ သူ့စကား လူမသိ ဆိုတဲ့အဆင့်ကို ရောက်
လာတော့လည်း အမည်မသိတွေနဲ့ ထပ်ပြီးတိုးနေသေးတာပဲ။ အဲဒီအထဲမှာ “အဘိုး
ကြီအို ခါးကုန်းကုန်း” လည်းပါတာပေါ့။ တန်ဆောင်မုန်းလကျရင် ကျင်းပမယ့်ပွဲ
တွေကို နောက်နှစ်မှာ ထပ်ကြည့်ဖို့ အသက်ရှည်ကျန်းမာအောင် နေပါဦးတဲ့။ အဘိုး
အိုတဦးကို အကျင်နာ၊ မေတ္တာ၊ စေတနာနဲ့ မှာတဲ့စကားလေးပေါ့။ ကဗျာလေးက
ချစ်စရာ။ နိုင်ငံတော်သီချင်းလို မကျက်ခိုင်းပဲ လူတိုင်းရတဲ့ ကဗျာလေးပါဗျား။

အဲဒီကဗျာက လူတိုင်းကြိုက်တဲ့ကဗျာ ဖြစ်လာရုံတင်မက ဒီကဗျာရဲ့ အချိုးအတိုင်း
မူကွဲတွေပါ ပေါ်ပေါက်လာခဲ့တယ်။ မူလကဗျာနဲ့ ဇတ်လမ်းအဆက်အစပ်ရှိတဲ့ ဖန်
တီးမှုတွေလည်း ပေါ်ပေါက်ခဲ့တယ်။ ကြားဖူးကြမှာပေါ့။

အဘိုးကြီးအို ခါးကုန်းကုန်း
မသေပါနဲ့ဦး
နောက်နှစ်ခါ တန်ဆောင်မုန်း
ပွဲကြည့်ပါဦး။ (မူလ)

မကြည့်နိုင်ဘူး မြေးလေးရယ်
ဘိုးဘိုး သေတော့မယ်
ဘိုးဘိုးသေတာ ဘယ်လိုလဲ
ဒူးထောက်လို့ လဲ။ (မူကွဲ)

အဘိုးကြီးအိုဇတ်လမ်းနဲ့ လုံးဝ မဆက်စပ်ပေမဲ့ စာချိုးအလိုက် တထေရာထဲ ဖန်
တီးထားတဲ့ အထဲမှာ နာမည်အကြီးဆုံးကတော့ ပိုက်ဆံပျောက်တဲ့ အကြောင်းပဲ။
ဒီကဗျာကိုလည်း လူတိုင်းသိကြတယ်။ (ဒါကိုတော့ လိုက်မဆိုကြနဲ့နော်။ ဆိုရင်
လည်း အသံမထွက်စေနဲ့။ ကလေးတွေကြားရင် မေးနေဦးမယ်)

မယ်သီလရင် သေးပေါက်ချင်
နန်းတော်အောက်ကို ၀င်
နန်းတော်အောက်က တစ္ဆေချောက်
ပိုက်ဆံငါးပြား ပျောက်..။ (မူတော်တော်ကွဲ)

ဒီမူကွဲကဗျာက ပို့စ်မော်ဒန်ဆန်တယ်လို့ပဲ ပျော်စရာကောင်းအောင် ပြောလိုက်
ကြပါစို့။ ကဗျာလေးက ရှင်းပြစရာမလိုအောင်ကို ထင်းကနဲ၊ လင်းကနဲ ရှိလှတယ်။
တခေတ်တခါက ပိုက်ဆံငါးပြားဆိုတာလည်း သူ့တန်ဘိုးနဲ့သူ အသုံးကျတယ်။
ဆရာလေးတပါး မနိုင်ဝန်ကို မထိမ်းနိုင်လို့ အပေါ့သွားရာက ကံမကောင်းချင်
တော့ တစ္ဆေအချောက်ခံရတဲ့ အဖြစ်က သနားစရာ။ ဒီကြားထဲ ကမန်းကတန်းနဲ့
ပြန်ပြေးလာရလို့ ထင်ပါရဲ့ အလှူခံလို့ ရလာတဲ့ ပိုက်ဆံတွေထဲက ငါးပြားစေ့
တစေ့ ကျပျောက်ခဲ့ရ ရှာပါသတဲ့။

နောက်တီးနောက်တောက် လူတယောက်က ပေါက်ပေါက်ရှာရှာ ကဗျာကိုဖန်
တီးထားခဲ့တော့လည်း မျိုးဆက်သစ်နောက်တီးနောက်တောက်များက လိုက်ပြီး
ဆိုနေကြတော့တာပေါ့။ အဖြစ်အပျက်က သနားစရာဆိုပေမဲ့ ကဗျာလေးအနေ
နဲ့က တကယ့် ပျော်စရာပါ။ ( ကန့်တော့ပါရဲ့ ဆရာလေးတို့ရယ်)

အဲဒီ အဖိုးကြီးအိုကဗျာဟာ ကဗျာအဆင့်မှာတင် ရပ်မနေဘူး။ သီချင်းအဆင့်ထိ
ရောက်ခဲ့တယ်။ ကဗျာကို ဂီတနဲ့ရောပြီးတင်ဆက်ခဲ့ကြတယ်။ ဆိုရှယ်လစ်ခေတ်မှာ
နာမည်ကြီးတဲ့ စတီရီယိုတေးဂီတ။ အဲဒီစတီရီယိုဂီတခေတ်မှာ နာမည်ကြီးတဲ့
ပလေးဘွိုင်တီးဝိုင်း။ သူတို့ကတော့ မြန်မာလို တူရိယာလုလင်တဲ့။ အဲဒီအဖွဲ့ရဲ့ 
သီချင်းတပုဒ်မှာ အဖိုးကြီးအိုခါးကုန်းကုန်းကဗျာဟာ ဒစ္စကိုတေးသွားနဲ့အတူ
လူကြိုက်များခဲ့ ပြန်ပါရော။

ပလေးဘွိုင်အဖွဲ့က ကော်ပီတွေ အဆိုများတာပါ။ မူလဖန်တီးရှင် Boney M ရဲ့
နာမည်ကျော် ဒစ္စကိုသီချင်းကို မြန်မာလို လုပ်ချလိုက်တဲ့ သီချင်းတပုဒ်ပေါ့။ မြန်
မာစာသား သွတ်သွင်းသူကတော့ မည်သူရယ်မသိ။ ကိုလေးလွင်လို့ ထင်တာပဲ။
ထားပါတော့။ သောတရှင်များခင်ဗျား။ Boney M ရဲ့သီချင်းကို နားဆင်တော်မူ
ကြပါ။ သီလရင်တွေနဲ့ ခါးကုန်းတဲ့အဘိုးကြီးတွေကိုလည်း ကျင်နာကြပါ။



(ပန်းချီ၊ အောင်ကျော်ထက်)

3 comments:

Anonymous said...

ကိုတောအုပ်ရဲ့ မူပိုင် မော်ဒန်ကဗျာလေးတစ်ပုဒ်လောက်လဲ ဖတ်ချင်ပါသေးတယ်ဗျာ..

blueskyforest said...

လာမယ်...ကြာမယ်..း)

kay said...

မရောက်တာ ကြာလို့.. လာဖတ်တုန်း.. ဒါတွေ့လို့
ဟောသမှာ..ကြော်ငြာ ၀င်သွားတယ်..း)

http://kthwe.blogspot.com/2009/07/blog-post_26.html