Friday, July 1, 2011

ဖေါင်းချွတ်ပြဇတ်












မြန်မာပြည်နိုင်ငံရေးက အရင်ကထက်စာရင် စိတ်ဝင်စားဖို့ကောင်းလာပါပြီ။
ဟုတ်တာ မဟုတ်တာ အပထား။ လွှတ်တော်ကြီးလည်း ရှိလာပြီ။ သတင်းစာ
တွေမှာ သေနပ်တကားကားနဲ့ စစ်ဗိုလ်တွေ လမ်းသလားနေတာတွေ ပျောက်
သလောက်ရှိသွားပြီ။ ခေါင်းပေါင်းတထောင်ထောင်၊ လုံချည်တကားကား၊
တိုက်ပုံတလွှားလွားတွေ မြင်လာနေရပြီ။

ယူနီဖေါင်းချွတ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်တွေက အတည်
ပေါက်နဲ့ လာပြီးနှုတ်ဆက်နေကြပြီ။ ဖေါင်းချွတ်အစိုးရကလည်း အတည်ပေါက်
နဲ့ပြန်ပြီး နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကြီး တကယ်ပြောင်းပြီပေါ့လေ။
အမှောင်ခေတ် ကုန်ပြီ။ အလင်းခေတ် ရောက်ပြီပေါ့။ ကျုပ်တို့ကို ယုံယုံကြည်
ကြည်နဲ့သာ ဆက်ဆံကြပါပေါ့။ အားလုံးက သရုပ်ဆောင်ကောင်းကြပါတယ်။

လတ်တလော ခေတ်စားနေတဲ့မေးခွန်းကတော့ မြန်မာပြည်ရဲ့နိုင်ငံရေးဇတ်
လမ်းက တကယ်ပဲပြောင်းနေပြီလား။ စစ်အာဏာရှင်ဇတ်က တကယ်ပဲသိမ်း
ပြီလား ဆိုတာပဲ။ အများစုက မသိမ်းသေးဘူး၊ မျက်နှာဖုံးပြောင်းတာ၊ အပေါ်
ယံ သက်သက်ပြောင်းတာ၊ မင်းသားခေါင်းစွပ်နဲ့ ဘီလူးပဲလို့ ဆိုနေကြတယ်။

ဖေါင်းချွတ်တွေတက်လာပြီး ထူးတူးတူးလေးတွေ ဖြစ်လာတဲ့အထဲမှာ
အမေရိကန်က လေသံပျော့လာတယ်။ အီးယူက လေသံပျော့လာတယ်။
အာစီယံက မျှော်လင့်ချက် ပိုလာတယ်။ တရုတ်နဲ့ ပိုအစေးကပ်လာတယ်။
ကချင်တွေနဲ့ စစ်..စစ်..စစ်ဖြစ်တယ်။ ဗုံး..ဗုံး..ဗုံးကွဲတယ်။ ဒေါ်စု ခရီးထွက်
ဦးမယ်။

ဖေါင်းချွတ်တွေက ရေးပြီးသားဇတ်လမ်းကို ကနေကြတဲ့သူတွေလို့ အားလုံး
က နားလည်ထားပါတယ်။ ကချင်ကို တိုက်မယ်ဆိုတာက ဖေါင်းချွတ်တွေ
မတက်ခင်ကတည်းက အသံထွက်နေတာပါ။ ဒေါ်စုလွတ်လာရင် ခရီးထွက်
မယ်ဆိုတာကလည်း ပြောစရာမလိုတဲ့ကိစ္စပါ။ ဖေါင်းချွတ်ကတဲ့ ဇတ်လမ်းထဲ
မှာ ဒီကကွက်တွေက ပါပြီးသားနေမှာပေါ့။ ဒါဆိုရင် ကချင်နဲ့ဒေါ်စုက ဖေါင်း
ချွတ်ဇတ်မှာ ပါဝင်ကပြနေရတာလား။

တချို့ပညာရှိများက မတူကွဲပြားတဲ့ချဉ်းကပ်မှုတွေနဲ့ အသုံးတော်ခံနေကြပါ
တယ်။ စစ်အာဏာရှင်အုပ်စုနဲ့ ဖေါင်းချွတ်နဲ့က အဆက်အစပ်မဲ့သွားပြီ။
ဇတ်လမ်းအသစ်ကို ဖေါင်းချွတ်တို့ “က”နေကြပြီ။ မြန်မာ့နိုင်ငံရေး သမိုင်း
သစ်ကို ရေးနေကြပြီ။ သူတို့နဲ့အတူ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်
ကြပါစို့တဲ့။ တချို့ဆရာသမားများကလည်း လူထုလှုပ်ရှားမှု၊ လူထုအုံကြွမှုကို
တခုချိန်ထိ တပြားမှ မလျှော့သေးပါဘူး။ တော်လှန်ရေးသာ အမိ၊ တော်လှန်
ရေးသာ အဖပဲ။ ဖြုတ်ချကြ။ အပြုတ်တိုက်ကြ။ အပြတ်ရှင်းကြ။ ရရင်ရ မရရင်
ချလို့ အော်နေကြတုန်းပါပဲ။

ဒီကြားထဲမှာ ဖေါင်းချွတ်သမ္မတသစ်ကြီးရဲ့ မိန့်ခွန်းကလည်း တမှောင့်။
ကောင်းတောင်းတောင်းကြီး။ စာသားအရ ပြောပါတယ်။ မစားရ ၀ခမန်း။
ဒီမိန့်ခွန်းကပဲ မြန်မာပြည်ရဲ့အလင်းရောင် လိုလို။ သူ့ကိုပဲ အဖေခေါ်ရ
တော့ မလိုလို။ သူသာလျှင် သမိုင်းကို မောင်းနှင်သူ အစစ်ဖြစ်တော့ မလို
လို။ သူ့ကိုပဲ နိုဘလ်ဆုပေးရတော့မလိုလို။

ပရိတ်သတ်ကြီး ခင်ဗျား။ ဟိုတလောက “အီးတီ” ဆိုတဲ့ အမျိုးသမီးတဦး
အကြားအမြင်ရလို့ဆိုပြီး နာမည် အတော်ထွက်လိုက်ပါသေးတယ်။ အခု
တော့ ဘယ်ရောက်နေရှာတယ် မသိ။ ကာလသုံးပါးကို ပြောနိုင်၊ ဟောနိုင်၊
မြင်နိုင်၊ ကြားနိုင်သူတွေက မြန်မာပြည်မှာ အတော်များကြတာ ကလား။

ဗေဒင်ဆရာ။ နတ်ကတော်။ မနောယမ။ အတတ်ဟော။ ဒက်ကနဲ။ မမှန်
ရင် ငွေပြန်အမ်းမယ်။ ဆရာကြီးဘယ်သူ နိုင်ငံခြားက ပြန်လာပြီ။ ဘုန်းဘုန်း
ပြောတဲ့အတိုင်းသာလုပ် ဆိုတာမျိုးတွေက လက်ညိုးထိုးမလွဲ ရှိနေတယ်
မဟုတ်လား။ ဒီပုဂ္ဂိုလ်တွေက ဖေါင်းချွတ်ပြဇတ် ရှေ့မှာ ဘယ်လိုဆက် က
မလဲ ဆိုတာ သိနိုင်လောက်ပေရဲ့။

အီစကိုတို့ကတော့ ပါရမီနည်းလွန်းလို့လား မသိ။ မြန်မာ့နိုင်ငံရေး ဘာ
ဆက်ဖြစ်မယ်ဆိုတာ လုံးဝမသိနိုင်ရှာ။ ပြည်ပကနေ ပြည်တွင်းကို ထိုင်
သနားခြင်း အတတ်ပညာကတော့ ကျွမ်းကျင်လွန်းလို့ ပျင်းတောင်ပျင်း
လာပြီ။ ခက်တာက ပြဇတ်ဆိုတာကို စိတ်ဝင်စားနေတုန်းပဲ။

ဖေါင်းချွတ်ပြဇတ်ကို လက်မှတ်ဖြတ်ထားမိလို့ ဆက်ပြီး ကြည့်နေရပါဦးမယ်။
လက်ခုတ်တီးစရာလာရင် တီး။ပြောင်းဖူးရိုးနဲ့ ထုစရာပေါ်လာရင် ထု။ အုတ်ခဲ
ကျိုးနဲ့ ပေါက်စရာကြုံလာရင်ပေါက်။ လက်ခေါက်မှုတ်စရာပေါ်လာရင် မှုတ်
ပေါ့လေ။ ပွဲပျက်အောင်တော့ဖျက်နိုင်စွမ်း မရှိရှာပါဘူး။

ပွဲပျက်တယ်ဆိုတာက သဘာဝတရားကြောင့် မီးပျက်လို့၊ မိုးကြီးလေကြီးလို့
ပျက်ရင် ပျက်။ သရုပ်ဆောင်အချင်းချင်း ဇတ်တိုက်ထားပါရဲ့ မညီညွတ်လို့
ပျက်ရင် ပျက်။ ဒါမှမဟုတ်ရင်တော့ ပရိတ်သတ်ကြီးက မကြိုက်လို့ ပွဲပျက်
အောင် ဖျက်မှပဲ ပျက်လိမ့်မယ်။ ပွဲကိုမကြိုက်လို့ တဦးတယောက်က ထလုပ်
လို့ ပျက်တဲ့ပွဲကတော့ မရှိသလောက်ပဲ။

ပရိတ်သတ်ကြီးရော ဖေါင်းချွတ်ဇတ်ကို စိတ်ဝင်စားသလား။ ကြည့်နေကြ
လား။ လက်မှတ်ဝယ်ထားသလား။ ဘာဆက်ဖြစ်မယ် ထင်သလဲ။ အားလုံး
ကျန်းမာကြစေဗျား။

(ရုပ်ပုံ၊ ဂူဂလ်)

2 comments:

Hmoo said...

ချပြစ်တာဖြစ်ဖြစ်၊ပြစ်ချတာဖြစ်ဖြစ်၊လက်ငင်း
တခုခုလုပ်တော့မယ်
(အိပ်ချပြီးတောတ်မလို့ပါ)

blueskyforest said...

တောက်..တောက်..ဆရာမှုး..တောက်။ ရေရောပြီးမှ တောက်။း)